← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း(၃၅၄)

ဖုန်းမြည်လာတာကို မြင်တော့ သူ ခဏလောက် အပြင်ထွက်လာခဲ့တယ်။ ဆိုင်ထဲမှာတုန်းက မရခဲ့တဲ့ မီးသွေးတူးညှော်နံ့က အခုတော့ ပိုပြီး သိသာလာတယ်။ ဆိုင်အပြင်ဘက်က အအေးစက်ဘေးမှာ ရပ်ပြီး ဖုန်းကိုင်လိုက်တယ်။

“စီနီယာ”

"အော် မင်းကိုး ဘန်ဂျူး"

“ဟုတ်တယ်။ ကျွန်တော် မေးစရာလေးရှိလို့။ မနက်ဖြန် ဆိုးလ် ကို ၉ နာရီအရောက် သွားရမှာမလား”

"အေး ၉ နာရီ"

“အစ်ကို ရထားနဲ့ပဲ သွားမှာမလား”

"အင်း အဲ့လိုပဲနေမှာပါ"

“ကျွန်တော့်အစ်မက ကားနဲ့လိုက်ပို့မယ်လို့ ပြောလို့လေ။ အစ်ကိုရော ကျွန်တော်တို့နဲ့ လိုက်မလားလို့”

"စီနီယာ ဂျူဟယွန်း က အဲဒီလိုပြောတာလား"

“ဟုတ်တယ်။ သူက မနက်ဖြန် နားရက်ဖြစ်နေလို့တဲ့”

"ငါ့အတွက်တော့ အဆင်ပြေတာပေါ့"

“ဒါဆို ဆူဝမ် ဘူတာရုံမှာ မနက် ၇ နာရီလောက် တွေ့ကြမလား”

"အဆင်ပြေပါတယ်။ ဒါဆို မနက်ဖြန် ၇ နာရီ တွေ့မယ်"

“ဟုတ်ကဲ့”

ဘန်ဂျူး က တက်တက်ကြွကြွနဲ့ ပြန်ဖြေတယ်။ ဖုန်းချပြီးသွားတော့ မာရူး သက်ပြင်းချလိုက်မိတယ်။ တော်တော်လေး ပင်ပန်းတဲ့နေ့တစ်နေ့ပဲ။ သူ ခေါင်းလှည့်ပြီး ဆိုင်ထဲကို လှမ်းကြည့်လိုက်တယ်။ ဇာတ်ရံ တွေက ရယ်မောပြီး စကားတွေ ဖောင်ဖွဲ့နေကြတယ်။ ဆိုင်ကို စရောက်တုန်းကတော့ သူနဲ့ ဆူယွန်း နဲ့က ဘယ်လိုပတ်သက်လဲဆိုတာကို အကုန်လုံး ဝိုင်းမေးခဲ့ကြပေမယ့် အရင်က ရိုက်ကွင်းမှာ တစ်ခါလောက်ပဲ ဆုံဖူးတယ်လို့ ပြောပြလိုက်တော့ သိပ်စိတ်မဝင်စားကြတော့ဘူး။ အဲဒီနောက် စကားဝိုင်းကို ဦးဆောင်သွားတာကတော့ နံပါတ် လေးနေရာက မွန်ဂွမ်ဆော့ ပဲ။

သူ့ဖုန်းကိုကြည့်လိုက်တော့ ၆ နာရီထိုးနေပြီ။ ဆိုင်ကိုရောက်လာတာ တစ်နာရီတောင် ရှိသွားပြီပဲ။ စကားတွေလည်း တော်တော်များများ ပြောပြီးသွားပြီဆိုတော့ အားလုံး လမ်းခွဲရမယ့် အချိန်ရောက်နေပြီ။ သူ ဆိုင်ထဲကို ပြန်ဝင်သွားပြီး သူ့နေရာမှာ ဝင်ထိုင်လိုက်တယ်။ အသားတွေအကုန် စားပြီးသွားပြီဖြစ်လို့ ထမင်းကြော်နဲ့ ဒွန်းဂျန်းဟင်းချို ကို စားနေကြတယ်။

"ဒါကတော့ ငါတို့အချင်းချင်းမို့လို့ ပြောရတာနော်၊ ဒီနေ့ ရိုက်ကွင်းမှာ တွေ့ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်တာ တော်တော်ညံ့တယ်လို့ မထင်ဘူးလား" လို့ ဂွမ်ဆော့ က စားပွဲဝိုင်းကို ပတ်ကြည့်ရင်း ပြောလိုက်တယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလောက်ကတော့ ငါတို့လည်း လုပ်နိုင်တယ်လေ ဟုတ်တယ်မလား။ ဒါပေမဲ့ သူတို့က ငါတို့ကို တအားအထင်သေးလွန်းတယ်။ အထူးသဖြင့် ဟို လီမီယွန်း ပေါ့။ သူ ဘာတွေဖြစ်နေမှန်းကို မသိဘူး။ ငါဆို ဝင်ပြီးတောင် ရပ်လိုက်ဖို့ အော်ပြောလိုက်ချင်တာ"

"သူလုပ်တာ နည်းနည်းတော့ လွန်သွားတယ်"

"ဟုတ်တယ်"

ကျန်တဲ့သူတွေကလည်း သူ့ကို ထောက်ခံကြတယ်။

"ကြားရသလောက်တော့ သူက ဇာတ်ရံ တွေကို အနိုင်ကျင့်တဲ့နေရာမှာ နာမည်ကြီးပဲတဲ့။ ငါလည်း တခြားလူတစ်ယောက်ဆီက ကြားတာပါ၊ ဒါပေမဲ့ သူ့ကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်သွားရတဲ့သူတွေ အများကြီးရှိလောက်တယ်" လို့ မျက်မှန်ကိုင်းထူထူ တပ်ထားတဲ့ အမျိုးသမီးတစ်ဦးက ဝင်ပြောတယ်။

"ဪ တကယ်ကြီးလား"

"ဟုတ်တယ်။ သူက လူတစ်ယောက်ကို မျက်မည်းရာမပါဘူးဆိုရင် ဒီနေ့လိုမျိုး ပေါ်တင်ကို အပြစ်ရှာပြီး အဲဒီလူ ကိုယ့်ဘာသာ ထွက်သွားအောင်ကို လုပ်တာတဲ့။ နောက်ပြီး ဒါက ကောလာဟလပါ၊ သူက သူ့ထက် အသက်အများကြီးငယ်တဲ့ ယောကျာ်းလေးတွေနဲ့ အိပ်တယ်လို့လည်း ကြားတယ်"

"တော်တော် ယုတ်မာတာပဲ"

"ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလိုလူတွေ အများကြီးရှိတယ်။ လူ့အမှိုက်တွေကို ပြောတာပါ" မျက်မှန်နဲ့အမျိုးသမီးက သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။ လူတိုင်းက သူ့ကို အာရုံစိုက်သွားကြတယ်။

"ငါက ကူးသန်းရောင်းဝယ်ရေးအထက်တန်းကျောင်းကနေ ပြီးခဲ့တာဆိုတော့ တက္ကသိုလ်မတက်ခဲ့ရဘူး။ မင်းသမီးဖြစ်ချင်တယ်လို့ ဆုံးဖြတ်ချက်မချခင်က ကုမ္ပဏီအသေးလေးတစ်ခုမှာ စာရင်းကိုင် လုပ်ခဲ့သေးတယ်။ အဲဒီမှာ တစ်နှစ်လောက် အလုပ်လုပ်ခဲ့တယ်ထင်တယ်။ အဲဒီတစ်နှစ်အတွင်းမှာ အတွေ့အကြုံမျိုးစုံ ကြုံခဲ့ရတာပဲ။ 'အမှိုက်' လို့တောင် သုံးနှုန်းလို့မရတဲ့ လူတွေနဲ့လည်း ဆုံခဲ့ဖူးပြီး နောက်ဆုံး သူတို့ဖယ်ထုတ်တာ ခံလိုက်ရတဲ့အထိ တော်တော်လေးကို ဒုက္ခရောက်ခဲ့ရတယ်။ အဲဒီတုန်းကတော့ ဒီနေရာလေးမှာပဲ ထူးထူးဆန်းဆန်းလူတွေ ရှိနေတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါထင်တာ မှားမှန်း နောက်မှ သိလာရတယ်။ ဖျော်ဖြေရေးလောကမှာဆို ပိုဆိုးတဲ့လူတွေ အများကြီး ရှိနေသေးတယ်လေ"

"တခြားသူတွေဆီက အမြတ်ထုတ်တတ်တဲ့ လူယုတ်မာတွေဆိုတာ အမြဲတမ်းရှိနေတာပါပဲ"

ဂွမ်ဆော့ က အဲဒီအမျိုးသမီးကို နှစ်သိမ့်ပေးလိုက်တယ်။ သူက အမျိုးသမီးရဲ့ ပခုံးလေးကို ပုတ်ပေးပြီး လက်ကိုတောင် ကိုင်ထားလိုက်သေးတယ်။ ဒီလိုအချိန်မျိုးမှာတောင် သူက မိန်းကလေးကို ပရောပရည် လုပ်နေတုန်းပဲ။

မာရူး ကတော့ ဘာမှမပြောဘဲ ဇွန်းနဲ့ ဒယ်အိုးထဲက ထမင်းကြော်ကိုပဲ ခြစ်စားနေလိုက်တယ်။ လုပ်ငန်းခွင်ထဲကို အခုမှ စဝင်လာတဲ့သူတွေရဲ့ ညည်းညူသံတွေကို သူ နားမထောင်ချင်သလို အဲဒီအကြောင်းတွေကို ပြန်ပြောပြဖို့လည်း အစီအစဉ်မရှိဘူး။ နောက်ဆုံးတော့လည်း သူတို့ဘာသာသူတို့ ကြုံတွေ့ရမှာပါပဲ။ လူ့အဖွဲ့အစည်းရဲ့ ညစ်ပတ်မှုနဲ့ ရွံစရာကောင်းတဲ့ အပိုင်းတွေကို ကိုယ်တိုင် မြင်တွေ့ဖူးမှပဲ နားလည်နိုင်လိမ့်မယ်လေ။

ရင်းနှီးမှုရယူရမယ့် နေရာလေးကနေ ညည်းညူစရာ နေရာလေးတစ်ခု ဖြစ်သွားခဲ့တယ်။ သေချာတာပေါ့၊ သူတို့ရဲ့ ပစ်မှတ်က မီယွန်း ဖြစ်နေတာကိုး။ မဟုတ်ဘူး၊ မီယွန်း တစ်ယောက်တည်းတင် မဟုတ်ဘဲ အဲဒီနေရာမှာရှိတဲ့ လူတိုင်းဖြစ်နေတာ။ တစ်ယောက်က သရုပ်ဆောင်တာ ညံ့တယ်၊ တစ်ယောက်က အပြစ်ရှာလွန်းတယ်၊ ပြီးတော့ နောက်တစ်ယောက်က စကားများလွန်းတယ် ဆိုတာမျိုးပေါ့။

ပြောရင်းဆိုရင်းနဲ့ စိတ်တွေ ပိုပိုပြီး လှုပ်ရှားလာကြတာကို ကြည့်ရရင် ဒီအကြောင်းအရာကို နောက်ထပ် အတော်ကြာကြာ ဆက်ပြောကြဦးမယ့်ပုံပဲ။ သူကတော့ ခပ်တူးတူးဖြစ်နေတဲ့ ထမင်းကိုပဲ စားနေလိုက်တယ်။ ခဏလောက်ကြာတော့ လူတွေက သူ့ကို လှမ်းကြည့်လာကြပေမယ့် သူ ပြုံးပြလိုက်တဲ့အခါ ခေါင်းညိတ်ပြရုံသာ ညိတ်ပြပြီး သူတို့ပြောလက်စ စကားဝိုင်းကို ပြန်သွားကြတယ်။ သူတို့က သူ့ကို ဒီလိုအကြောင်းတွေ ပြောပြဖို့ အသက်ငယ်လွန်းသေးတယ်လို့ တွေးနေကြတာ ဖြစ်နိုင်တယ်။

"ထပ်မစားတော့ဘူးလား"

"မင်း ဗိုက်ဆာနေတာကိုး။ အများကြီးစားထား။ အခုတော့ မင်းအခြေအနေက ကောင်းနေသေးတာပေါ့။ အထက်တန်းကျောင်း ပြီးသွားပြီဆိုရင်တော့ ငရဲကျပြီပဲ" လို့ ဂွမ်ဆော့ က ပြောလိုက်တယ်။

"ဟုတ်တယ်။ ကျောင်းတက်နေတုန်းတော့ သေချာပျော်အောင်နေထားသင့်တယ်။ ငါတို့ အခု ဘာလို့ ဒီလောက် ဒေါသထွက်နေကြလဲဆိုတာ မင်း နားလည်မှာမဟုတ်ဘူး။ ကျောင်းပြီးလို့ တက္ကသိုလ်ရောက်သွားရင်တော့ လူကြီးတွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို နည်းနည်းလောက် နားလည်လာလိမ့်မယ်"

မျက်မှန်နဲ့အမျိုးသမီးရဲ့ဘေးမှာ ထိုင်နေတဲ့ ပန်းရောင်နှုတ်ခမ်းနီနဲ့ အမျိုးသမီးက ပြောလိုက်တယ်။ သူက ရေညှိဖတ်လေးတွေကို ဖြူးထည့်လိုက်တယ်။

"အသား ထပ်မှာပေးရမလား"

"ရပါတယ်။ ဒီလောက်ဆို တော်ပါပြီ"

"ဟေ့ကောင် အစ်ကိုကြီး ဝယ်ကျွေးတုန်း အများကြီးစားထား။ လူကြီးဖြစ်သွားရင် ဒီလိုအခွင့်အရေးမျိုး မရတော့ဘူးနော်"

အဲဒီစကားတွေက ဂွမ်ဆော့ ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အမျိုးသားတစ်ယောက်ဆီက ထွက်လာတာပဲ။

စကားဝိုင်းရဲ့ အခြေအနေက သူတို့ရဲ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းတုန်းက အကြောင်းတွေဆီကို အလိုလို ရောက်သွားတယ်။ မာရူး စိတ်ထဲကနေ ပြုံးလိုက်မိတယ်။ အဲဒီအချိန်တွေက ကောင်းခဲ့တာ - ဒီလိုစကားမျိုးတွေကို သူ အသက် လေးဆယ့်ငါးနှစ် ရောက်တဲ့အချိန်မှာတောင် ပြောခဲ့ဖူးတယ်လေ။ အသက် သုံးဆယ်အရွယ်တုန်းက အချိန်တွေကို ပြန်တွေးပြီး အဲဒီအရွယ်ကို ရွှေရောင်လွှမ်းတဲ့နှစ်တွေအဖြစ် သူ မှတ်ယူခဲ့တယ်။ ဒါပေမဲ့ အသက် သုံးဆယ်ရောက်တော့လည်း စစ်မှုထမ်းပြီးကာစ အချိန်လေးတွေကို ပြန်အမှတ်ရပြီး အဲဒီတုန်းက ဘယ်လောက်ကောင်းခဲ့လဲဆိုတာကို တွေးခဲ့ပြန်ရော။ စစ်ထဲမှာတုန်းကတော့ တက္ကသိုလ်အကြောင်း၊ တက္ကသိုလ်မှာကျတော့လည်း အထက်တန်းကျောင်းတုန်းက အကြောင်းတွေကိုပေါ့။

နောက်ဆုံးတော့လည်း လူတွေက လက်ရှိနေထိုင်နေရတဲ့ အခြေအနေကို မကျေနပ်နိုင်ဘူးဆိုရင် အနာဂတ်ကိုလည်း ကြည့်နိုင်မှာမဟုတ်ဘူးလေ။ အချိန်တွေက အတိတ်ကနေ လာပြီး အနာဂတ်ကို သွားနေပေမယ့် လူတွေရဲ့ စိတ်ကတော့ အတိတ်ကိုပဲ အမြဲတွေးပြီး အတိတ်ကိုပဲ တမ်းတနေကြတာ။ သူ့ကိုယ်တိုင်လည်း ဒီလိုကြုံဖူးတဲ့အတွက် ဒါကို ကောင်းကောင်းသိနေတယ်။

အတိတ်ကို ပြန်တွေးတာက ဆိုးတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျရင် ဒါက အသက်ရှင်နေထိုင်ဖို့အတွက် ခွန်အားတစ်မျိုး ဖြစ်လာနိုင်တယ်။ အရင်တုန်းက ဘယ်လောက်တောင် သတိလက်လွတ် နေခဲ့မိလဲ၊ အခုတော့ ဘယ်လောက်တောင် တည်ငြိမ်နေပြီလဲ ဆိုတာမျိုးကို တွေးတာပေါ့။ ဒါပေမဲ့ ဒီလိုအရက်သောက်ရင်း အဲဒီအကြောင်းတွေ ပြောနေတာကတော့ ဘာအဓိပ္ပာယ်မှ မရှိဘူး။ သူ့ရှေ့မှာရှိနေတဲ့ ထမင်းကြော်ထက်တောင် ပိုပြီး အဓိပ္ပာယ်မရှိသေးတယ်။ ထမင်းကြော်က အာဟာရတန်ဖိုး နည်းနည်းပါးပါး ရှိပေမယ့် အတိတ်ကို ပြန်တွေးနေတာကတော့ ဘာမှကို မရှိတာ။

ပါးစပ်ညောင်းရုံပဲ ရှိမှာလေ။

ဒါကြောင့်ပဲ သူက သူ့ဇွန်းကို ဆက်လှုပ်ရှားနေလိုက်တယ်။

"ဒါပေမဲ့ ငါတို့က ဒီအထိရောက်လာခဲ့ပြီလေ။ လူတော်တော်များများက ဇာတ်ရံ မဖြစ်ခင်ကတည်းက အလုပ်ထွက်သွားကြတာ။ ဒါပေမဲ့ ငါတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဇာတ်လမ်းထဲမှာ ပါခွင့်ရနေပြီ။ ဆိုလိုတာက ငါတို့ အဆင်ပြေနေတယ်ဆိုတဲ့ သဘောပဲ။ တခြားသူတွေရဲ့ လမ်းကြောင်းကို ပိတ်ပင်ရတာကို ပျော်ရွှင်နေတဲ့ ဟိုမိန်းမလို လူမျိုးတွေနဲ့ မကြုံရသရွေ့ ငါတို့က သရုပ်ဆောင်ကောင်းတွေ ဖြစ်လာမှာပဲ။ ကဲ... ခွက်တွေ မြှောက်လိုက်ကြ။ မာရူး၊ မင်းက ကိုကာကိုလာနဲ့ပဲ တိုက်လိုက်"

ဂွမ်ဆော့ က အားလုံးအတွက် ဆိုဂျူ ငှဲ့ပေးတယ်။ မာရူး လည်း ကိုကာကိုလာ ထည့်ထားတဲ့ သူ့ခွက်ကို မြှောက်ပြီး တိုက်လိုက်တယ်။ ချလွမ်... သူ့ခွက်လေးက ဆိုဂျူခွက်တွေနဲ့ သွားထိလိုက်တယ်။ အားလုံးက ဆိုဂျူကို စသောက်လိုက်ကြပေမယ့် တစ်ယောက်ကတော့ တစ်ဝက်မှာတင် ရပ်သွားတယ်။ အဲဒါကတော့ နားကြပ်တပ်ထားတဲ့ ကောင်မလေး ချွဲဂျောင်းလင် ပဲ။ သူက စကားဝိုင်းထဲမှာ တစ်ခါတလေမှ ဝင်ပါတတ်ပေမယ့် အချိန်အများစုကတော့ ငြိမ်နေတတ်တယ်။ သူ့ဖုန်းထဲက စာတွေကို စစ်ကြည့်တဲ့အချိန်မှာတော့ ပြုံးနေတတ်ပေမယ့် တခြား ဇာတ်ရံ တွေနဲ့ စကားပြောတဲ့အခါမှာတော့ မျက်နှာသေလေးနဲ့ပဲ။ လူတွေက သူ့အမူအရာကို သတိထားမိပုံရပြီး သူ့ကို ဘာစကားမှ သိပ်မပြောကြဘူး။ စကားဝိုင်းကို သီးခြားလမ်းကြောင်းတစ်ခုဆီ ဦးတည်သွားဖို့ လိုအပ်တဲ့အချိန်လောက်မှသာ 'နင်ကော အဲဒီလို မထင်ဘူးလား' ဆိုတာမျိုး တစ်ခါတလေ လှမ်းမေးတတ်ကြတယ်။

အယ်လ်ကိုဟော အရှိန်နည်းနည်း ရလာတာနဲ့အမျှ မီယွန်း နဲ့ တခြားသရုပ်ဆောင်တွေအကြောင်းကို ပိုပြီး ပြင်းပြင်းထန်ထန် အတင်းပြောလာကြတယ်။ စကားတွေကလည်း ခေါက်ရိုးကျိုးနေတာပဲ။ ဆိုလိုတာက သူတို့ ထပြန်ရမယ့်အချိန် ရောက်နေပြီဆိုတဲ့ သဘောပေါ့။ တချို့တွေက မူးနေတဲ့ပုံပေါ်နေပြီဖြစ်လို့ အခုက အားလုံးကို အဆုံးသတ်ဖို့ အကောင်းဆုံးအချိန်ပဲ။

"တကယ်တော့ ငါ အဲဒီမိန်းမကို တစ်ခုခုပြောလိုက်မလို့ စဉ်းစားထားတာကွ" လို့ ဂွမ်ဆော့ က လေထဲကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

"သူ့မှာ အရည်အချင်းမှ မရှိတာ၊ တခြားလူကို အနိုင်ကျင့်ရအောင် သူက ဘာမို့လို့လဲ။ အဲဒီအကြောင်း ငါ တကယ် သွားပြောမလို့ပဲ၊ ဒါပေမဲ့ ငါ လှမ်းကြည့်လိုက်တာကို တွေ့တော့ သူ ချက်ချင်း ရပ်သွားတယ်မလား။ မင်းတို့လည်း သိတဲ့အတိုင်း ငါက နည်းနည်း ရုပ်တည်တယ်လေ"

"ဟုတ်တယ် ဟုတ်တယ်" လို့ မျက်မှန်နဲ့အမျိုးသမီးက ဝင်ပြောတယ်။

သူတို့နှစ်ယောက်က တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ။ အခုသာ အားလုံး ပြီးသွားပြီဆိုရင် သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး မိုတယ် တစ်ခုခုထဲကို တန်းသွားလောက်တယ်။ ဂွမ်ဆော့ က ရဲရင့်တဲ့ပုံပေါက်ပြီး ရုပ်ရည်ကလည်း အသင့်အတင့်ရှိတဲ့အတွက် တော်တော်လေး သဘောကျစရာကောင်းပုံပေါ်တယ်။ ဆိုလိုတာက သူက သဘောကျစရာကောင်းတဲ့ ရုပ်မျိုးပေါ့။ သူစကားပြောပုံကို သေချာဂရုစိုက်ကြည့်လိုက်မယ့် ဘယ်သူမဆို သူ့အပေါ်ထားတဲ့ သဘောကျမှုဂရပ်ဖ်က စီးပွားရေးပျက်ကပ်အချိန်က စတော့ဈေးကွက်ဂရပ်ဖ်လိုပဲ အရှိန်အဟုန်နဲ့ ထိုးကျသွားမှာ အသေအချာပဲ။ မျက်မှန်နဲ့အမျိုးသမီးက မူးနေပုံရပြီး အဲဒါကို သတိထားမိလောက်တဲ့ အသိအာရုံမျိုး ရှိပုံမပေါ်ဘူး။ တခြားသူတွေကလည်း ဒီလို သည်းခံနေလိုက်တာ ကောင်းတယ်လို့ ဂွမ်ဆော့ ကို ဝိုင်းပြောကြတယ်။

အခုအချိန်မှာတော့ ဒါက ရယ်စရာကောင်းနေတယ်။ ဖြစ်ပျက်နေတာတွေ အားလုံးကို ကင်မရာနဲ့ ရိုက်ထားပြီး နောက်နေ့ကျရင် သူတို့ကို ပြန်ပြလိုက်ချင်စိတ်တောင် မာရူး ဖြစ်သွားတယ်။ ဒီအချိန်မှာတော့ ဒါက ဟာသတစ်ပုဒ်လိုပဲ။

"တကယ်တမ်း သူ့ရှေ့ရောက်ရင်လည်း ဘာမှတောင် ပြောရဲမှာမဟုတ်ဘဲနဲ့"

အသံတိုးတိုးလေးတစ်ခု ထွက်လာတယ်။ ကံကောင်းတာက ဂွမ်ဆော့ ရဲ့ ဆူညံနေတဲ့ စကားသံတွေကြောင့် တခြားသူတွေ ကြားလိုက်ပုံမရဘူး။ မာရူး က သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဂျောင်းလင် ကို လှမ်းကြည့်လိုက်တယ်။ ကောင်မလေးရဲ့မျက်နှာက နီရဲနေတယ်။ ကြည့်ရတာ အရက်နဲ့ တော်တော်လေး မတည့်တဲ့ပုံပဲ။

"လေလုံးကလည်း ကြီးလိုက်တာ" လို့ သူက ထပ်ပြောလိုက်တယ်။

သူ့အသံကို တခြားအသံတွေက ဖုံးသွားပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ မာရူး က ဒယ်အိုးကို ဇွန်းနဲ့ ခြစ်လိုက်တယ်။ ကျေးဇူးပြုပြီး အေးအေးဆေးဆေးပဲ လမ်းခွဲကြရအောင်ပါ။ သူ့ရဲ့ဆန္ဒက ပြည့်ဝတော့မယ့်ပုံပေါ်ပေမယ့် ဂွမ်ဆော့ ခေါင်းလှည့်လာတာကြောင့် အကုန်ပျက်စီးသွားခဲ့တယ်။

"ဘာပြောလိုက်တာလဲ"

ဂျောင်းလင် ကို ကြည့်နေတဲ့ ဂွမ်ဆော့ ရဲ့ မျက်နှာကြီးက တင်းမာသွားတယ်။ အစိုက်ကြည့်ခံလိုက်ရလို့ ဂျောင်းလင် ဘာမှမပြောနိုင်တော့ဘူး။ သူ တော်တော်လေးကို ပြာယာခတ်နေပုံပေါ်တယ်။ အရက်အရှိန်ကြောင့်သာ အဲဒီလိုတွေ ပြောလိုက်မိတာဖြစ်ပြီး အခု တကယ်ကြီး ကြားသွားတယ်ဆိုတော့ သူ နည်းနည်း ကြောက်သွားတဲ့ပုံပဲ။

"ဟေ့ နင်က ရယ်စရာကောင်းတာပဲ။ ငါက လေလုံးကြီးနေတာလား။ ငါက အမှန်တရားကို ပြောနေတာပါ"

"ဟေ့ ဂျောင်းလင် ။ နင့်အကျင့်စရိုက်က တော်တော်ဆိုးတာပဲ။ နင် ငါတို့ကို သဘောမကျဘူးမလား" မျက်မှန်နဲ့အမျိုးသမီးက သူ့မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်တယ်။

အားလုံးရဲ့ အာရုံက ဂျောင်းလင် ဆီကို ရောက်သွားတယ်။ သူ့သဘောက အဲဒီလိုမဟုတ်ပါဘူးလို့ ဂျောင်းလင် က မနည်းကို ပြောလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူက မာရူး ကို လှမ်းကြည့်လာတယ်။

မာရူး က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကျန်နေတဲ့ ထမင်းကြော်တွေကို သူ့ပန်းကန်ထဲ ထည့်ဖို့သာ အာရုံစိုက်နေလိုက်တယ်။ ဇာတ်ရံ တွေ အကုန်လုံးက သူ့ကို ဝိုင်းပြောကြတယ်။

"ဟေ့ ငါတို့အချင်းချင်း ညီညီညွတ်ညွတ် နေရမယ့်အချိန်မှာ နင်က ဘာလို့ ဒီလောက်တောင် ဖီလာဆန့်ကျင် လုပ်နေရတာလဲ။ နင်က တကယ်ကို အချိုးမပြေတာပဲ"

"ငါတို့ပြောခဲ့တာတွေကို ဟိုမိန်းမဆီ သွားပြောဖို့တော့ စဉ်းစားမထားဘူးမလား"

"မဖြစ်နိုင်တာ၊ အဲဒါကတော့ ရက်စက်လွန်းတယ်။ ငါတို့ အားလုံးပေါင်းပြီး သူ့အကြောင်း အတင်းပြောခဲ့ကြတာလေ၊ ဟိုမိန်းမဆီ သွားတိုင်မယ်ဆိုရင်တော့ သူ လူမဟုတ်တော့ဘူး"

သူ စကားမှားသွားတာပါလို့ ဂျောင်းလင် က ဆက်ပြီး ကာကွယ်ပြောဆိုနေတယ်။ ဒါပေမဲ့ သူက အစကတည်းက စကားဝိုင်းမှာ ပါဝင်လေ့မရှိတာကြောင့် တခြားသူတွေက သူ့ကို အမြင်ကြည်မယ့်ပုံ မပေါ်တော့ဘူး။

"ဒုတိယအချီ ဆက်သွားကြရအောင်။ ဂျောင်းလင် ၊ နင်က အိမ်ပြန်တော့မှာမလား။ နင့်မျက်နှာကို ကြည့်ရတာ ဆက်မသောက်သင့်တော့ဘူး"

"ဟုတ်တယ်၊ နင် အိမ်ပြန်ပြီး နားလိုက်တော့"

"မာရူး ရော"

"ကျွန်တော်က အရက်မသောက်တတ်တော့ လိုက်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်လည်း အိမ်ပဲ ပြန်တော့မယ်။ ဆူဝမ် မှာ နေတာဆိုတော့ အခုပြန်ရင်တောင် အိမ်ရောက်တာ နောက်ကျလောက်ပြီ"

"ဒါဆိုရင်လည်း မြန်မြန်ပြန်တော့"

ဂွမ်ဆော့ က ကတ်နဲ့ ပိုက်ဆံရှင်းနေတုန်း ကျန်တဲ့သူတွေက ရေအိမ်ဘက်ကို သွားကြတယ်။ အုပ်စုကွဲသွားပြီဆိုတာ သိသာတယ်။ မျက်မှန်နဲ့အမျိုးသမီးနဲ့ ပန်းရောင်နှုတ်ခမ်းနီနဲ့အမျိုးသမီးက လက်ချင်းချိတ်ထားပြီး မထခင်လေးမှာ ဂျောင်းလင် ကို စွေကြည့်သွားသေးတယ်။ စားပွဲမှာ ကျန်ခဲ့တာဆိုလို့ မာရူး နဲ့ ဂျောင်းလင် နှစ်ယောက်တည်းပဲ။

"နင် ငါ့ကို နည်းနည်းပါးပါး ကူပြောပေးလို့ ရသားနဲ့" လို့ ဂျောင်းလင် က မကျေမနပ်နဲ့ ပြောလိုက်တယ်။

အကူအညီတောင်းချင်လို့ လှမ်းကြည့်တာကို သူက လျစ်လျူရှုထားလိုက်တဲ့အတွက် မကျေနပ်တဲ့ပုံပဲ။

"ငါက ဘာလို့ ကူပြောပေးရမှာလဲ"

သူ ပြန်မေးလိုက်တော့ ကောင်မလေးက နှုတ်ခမ်းကိုကိုက်ထားပြီး ပြန်ပြောစရာ စကားမရှိဖြစ်သွားတယ်။ နေ့လယ်က ဖြစ်ခဲ့တဲ့ကိစ္စလိုပါပဲ၊ သူက ဘာမှမစဉ်းစားဘဲ နေတတ်တာကိုး။ သူ့စရိုက်က သင့်တင့်လျောက်ပတ်ပြီး နောက်ပြောင်ရယ်မောနိုင်လောက်အောင် တက်ကြွပေမယ့် ပါးစပ် ဖွာလွန်းတယ်။ မလိုအပ်တဲ့စကားတွေ လွှတ်ခနဲ ပြောမိတတ်တဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်တတ်တဲ့ လူစားမျိုးပဲ။

"ကိုယ် တာဝန်မယူနိုင်တဲ့စကားမျိုး မပြောသင့်ဘူးလို့ ငါ ပြောထားတယ်မလား။ အရက်ကြောင့် အဲဒီလိုတွေ ပြောမိတာဆိုရင်တော့ နောင်ဆို အရက်ကို လုံးဝ မသောက်သင့်တော့ဘူး။ လူကြီးတစ်ယောက်ဆိုတာ တာဝန်ယူမှု ရှိရတယ်"

"ဒါပေမဲ့ သူက ကြီးကျယ်လုပ်နေတာကိုး၊ ကြည့်ရတာ မျက်စိနောက်လို့ပါ"

"တော်တော် ပြောတတ်တာပဲ။ ဂွမ်ဆော့ ကိုကျတော့ ဟိုမိန်းမရှေ့မှာ ဘာမှပြောရဲမှာမဟုတ်ဘူးလို့ နင်က ပြောခဲ့ပြီး အခု နင်လည်း အဲဒီအတိုင်းပဲ လုပ်နေတာ ငါ မြင်နေရတယ်လေ"

"အဲဒါက...."

ဂျောင်းလင် စကားထစ်သွားတယ်။ မာရူး က စုပ်သပ်လိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။ ဂွမ်ဆော့ က စိတ်နောက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ဒီမိန်းမကတော့ ပိုဆိုးနေသေးတယ်။

"ငါ သွားတော့မယ်။ အခွင့်အရေးရှိရင် နောက်မှ ပြန်တွေ့ကြတာပေါ့။ ဒီနေ့ ဆုံခဲ့တဲ့သူတွေနဲ့ နင် ဆက်ပြီး သရုပ်ဆောင်အလုပ် လုပ်နေမယ်ဆိုရင် နောက်ထပ် ဆုံရနိုင်ခြေရှိတဲ့အတွက် သူတို့နဲ့ ရင်းရင်းနှီးနှီး နေတာကောင်းမယ်"

"...အိုကေ"

တခြားတစ်နေရာကို ကြည့်ရင်း ဂျောင်းလင် က ပြောလိုက်တယ်။ သူက ကောင်မလေးရဲ့ မျက်လုံးကို သေချာကြည့်ဖို့ ကြိုးစားပေမယ့် ကောင်မလေးကတော့ တခြားတစ်နေရာကိုပဲ အနေခက်စွာနဲ့ ဆက်ကြည့်နေတယ်။ သူက မလိုအပ်တဲ့အချိန်တွေမှာ မာနကို ထုတ်သုံးတတ်ပေမယ့် တကယ် အရေးကြီးတဲ့အချိန်ကျရင်တော့ ဘာမှမပြောနိုင်တဲ့သူမျိုးပဲ။ သူက ဉာဏ်လည်း မကောင်းသလို အရည်အချင်းလည်း မရှိဘူး။ သူသာ သဘောထားကောင်းမယ်ဆိုရင်တောင် ဒါက သူ့အတွက် ကောင်းတဲ့အချက်တစ်ခု ဖြစ်လာနိုင်ပေမယ့် အဲဒါမျိုးလည်း မဟုတ်ပြန်ဘူး။

ရုတ်တရက်ပဲ ဂျောင်းလင် က သူ့နားကြပ်ကို တပ်လိုက်တယ်။ ပြီးတော့ မတ်တတ်ရပ်ပြီး သူ့အိတ်ကို ယူကာ ထွက်သွားတယ်။ အပြင်မှာ စကားပြောနေကြတဲ့ တခြား ဇာတ်ရံ တွေက ဂျောင်းလင် ဖြတ်လျှောက်သွားတာကို မြင်တော့ အလကားနေရင်း လှောင်ရယ် ရယ်လိုက်ကြတယ်။ မာရူး က ခေါင်းခါလိုက်ပြီး ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။

"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်"

"အေးအေး၊ အိမ်အပြန်လမ်း သတိထားသွားဦး။ နောက်မှ ပြန်တွေ့ကြတာပေါ့"

"ဟုတ်ကဲ့ပါ"

ကျန်တဲ့ ဇာတ်ရံ တွေနဲ့ လမ်းခွဲပြီးတဲ့နောက် မာရူး လည်း ဘူတာရုံရှိရာဆီကို လျှောက်လာခဲ့တော့တယ်။

* * * * * * * * *

All Chapters