အခန်း ၃၅၇
Vol. 36 Ch. 357
အခန်း(၃၅၇)
လာခဲ့ဖို့ သူ့ဆီ ဖုန်းဝင်လာတယ်။ ဘာရှင်းပြချက်မှ မပါဘူး။ သူတို့ ချိန်းထားတာမျိုးလည်း မဟုတ်သလို ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို ဘာမှပြောထားတာလည်း မရှိဘူး။ တကယ်လို့ သူတို့က သူငယ်ချင်းဟောင်းတွေသာဆိုရင် ဒီလိုမျိုး ရုတ်တရက် ဖုန်းဆက်ချင်ဆက်ကြမှာပေါ့။ ဒါပေမဲ့ ဖုန်းဆက်လာတဲ့သူရဲ့ စရိုက်ကို ထည့်တွက်ကြည့်ရင် အဲဒီလိုမျိုး ဖြစ်နိုင်ခြေမရှိဘူး။ သေချာတာပေါ့လေ၊ ဖုန်းဆက်လာတဲ့သူနဲ့ သူ မရင်းနှီးဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
ကားနဲ့ သူရောက်လာတဲ့နေရာက ဒယ်ဟတ်ရို အနီးနားက ကြက်ခြေထောက်ဆိုင်တစ်ဆိုင်ပဲ။ ဆိုင်က ခပ်ဟောင်းဟောင်းလမ်းလေးထဲမှာ ရှိနေပေမယ့် အချိန်တိုင်းလိုလို လူပြည့်နေတတ်တယ်။ သူ အထဲကိုဝင်သွားရင်း ဆိုင်ရှင်အန်တီကြီးကို နှုတ်ဆက်လိုက်တယ်။ ဆူညံနေတဲ့ ပထမထပ်ကို ဖြတ်ပြီး ဒုတိယထပ်ကို သူ တက်သွားတယ်။ ခပ်နိမ့်နိမ့် မျက်နှာကြက်အောက်မှာ လူတွေက ကြက်ခြေထောက်တွေကို မီးသွေးဖိုပေါ် တင်ကင်နေကြတယ်။ အဲဒီလူတွေကြားထဲကနေ သူ့ကို ဒီခေါ်လိုက်တဲ့သူကို ဂန်ဟွမ် ရှာတွေ့သွားတယ်။
"ဘာကိစ္စ ကြက်ခြေထောက်စားရင်း သောက်ချင်ရတာလဲ။ ကျန်းမာရေးကြောင့် သောက်တာကို ဖြတ်လိုက်ပြီ မဟုတ်ဘူးလား"
"တစ်ခါတလေ သောက်တာ အဆင်ပြေပါတယ်"
ဂန်ဟွမ် ပြုံးလိုက်ပြီး စားပွဲထိုးကို နောက်ထပ် ဆိုဂျူ ခွက်တစ်ခွက်နဲ့ ဆိုဂျူ တစ်ပုလင်း ယူလာပေးဖို့ လှမ်းပြောလိုက်တယ်။
"ရုတ်တရက်ကြီး လှမ်းခေါ်လိုက်လို့ တစ်ခုခုများ ဖြစ်သလားလို့ ထင်နေတာ"
သူ ညှပ်ကိုယူပြီး အစပ်နယ်ထားတဲ့ ကြက်ခြေထောက်တချို့ကို ကင်ဇကာပေါ် တင်လိုက်တယ်။ ရှဲခနဲ မြည်သံနဲ့အတူ မီးခိုးတွေ ထောင်းခနဲ ထွက်လာတယ်။ စားပွဲထိုးလာချပေးသွားတဲ့ ဆိုဂျူ ခွက်ကို ချလိုက်ပြီး ဆိုဂျူ ပုလင်းကို သူ လှုပ်လိုက်တယ်။
"ကျွန်တော့်ဆီက တစ်ခွက်လောက် ယူပါဦး"
တစ်ဖက်လူရဲ့ခွက်ထဲကို ဂန်ဟွမ် ဆိုဂျူ ငှဲ့ထည့်ပေးလိုက်တယ်။ ခွက်ပိုင်ရှင်ဖြစ်တဲ့ ဂျွန်မင်း ကတော့ ခွက်ထဲ ပြည့်သွားတာကို ဒီတိုင်းလေး ထိုင်ကြည့်နေတယ်။
"တစ်ခုခု ဖြစ်လို့လား"
"မဖြစ်ပါဘူး၊ စိတ်အိုက်စရာလေး နည်းနည်းရှိတာကလွဲရင် ဘာပြဿနာမှ မရှိပါဘူး"
"ဒါဆို ဘာလို့ အဲဒီလို ရုပ်ကြီး ပေါက်နေရတာလဲ။ နေလို့မကောင်းဘူးဆိုရင် ခင်ဗျားအစား ကျွန်တော်ပဲ သောက်လိုက်မယ်လေ"
"အဲဒီလိုမျိုး မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့"
ဂျွန်မင်း က တစ်ခွက်လုံးကို တစ်ကျိုက်တည်းနဲ့ မော့ချလိုက်တယ်။ ဂန်ဟွမ် က သူ့ခွက်နှုတ်ခမ်းဝမှာ လက်ညှိုးလေး တေ့လိုက်တယ်။ ဂျွန်မင်း က သူ့အတွက် တစ်ခွက် ငှဲ့ပေးတယ်။
"ဂန်ဟွမ်"
"ဗျာ"
"မင်း ကားနဲ့ လာတာလား"
"ဟုတ်တယ်"
"ဒါဆို မသောက်နဲ့"
ဂျွန်မင်း က သူ့ခွက်ကို လှမ်းယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်တယ်။
"အစ်ကိုကြီး၊ အမြည်းလေး ဘာလေး စားပါဦး။ အစာအိမ် ပျက်စီးသွားလိမ့်မယ်"
မုန်လာဥချဉ်ဖတ်ပြားလေးတွေပေါ် ကြက်ခြေထောက်တစ်တုံးတင်ပြီး ဂျွန်မင်း ရဲ့ ပန်းကန်ထဲ သူ ထည့်ပေးလိုက်တယ်။ ဂျွန်မင်း ကတော့ ဖန်ခွက်ကို ကြည့်ရင်း ငေးကြောင်နေတယ်။ ဒီနေ့ သူ့ပုံစံက တစ်မျိုးပဲ။ သူ မူးနေတာလား။ ဂန်ဟွမ် က ဂျွန်မင်း ကို သိလာတာ ဆယ်နှစ်ကျော်နေပြီဖြစ်ပေမယ့် တစ်ခါမှ သူ မူးနေတာကို မမြင်ဖူးဘူး။ အရင်က သူ အရက်ကြိုက်ခဲ့တုန်းကတောင် အရက်ရှိန်တက်လာပြီဆိုတာနဲ့ သောက်တာကို အမြဲရပ်လိုက်တတ်တယ်။
ဂျွန်မင်း က တူကို လက်သီးဆုပ်သလို ဆုပ်ကိုင်ပြီး ကြက်ခြေထောက်ကို ထိုးစိုက်လိုက်တယ်။ သူ မူးနေတာ သေချာပါတယ်။ အရင်က တစ်ခါမှ မမူးဖူးတော့ သူ မူးနေမှန်း သူ့ဘာသာတောင် သိပုံမရဘူး။
ဂန်ဟွမ် စားပွဲထိုးကို လှမ်းခေါ်လိုက်တယ်။ စားပွဲပေါ်မှာ ဘေလ်စာရွက်မရှိလို့ သူ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
"အာ.. တစ်ဆိတ်လောက်။ ဒီဝိုင်းက ဘယ်နှစ်ပုလင်း မှာထားလဲဆိုတာ သိလား"
"ခဏလေး စောင့်ပေးပါရှင့်"
စားပွဲထိုးက အောက်ထပ်ဆင်းသွားပြီး သူတို့ဆီမှာ ဆိုဂျူ လေးပုလင်း မှာထားတယ်လို့ ပြန်တက်လာပြောတယ်။ ဂန်ဟွမ် သက်ပြင်းချလိုက်မိတယ်။ အမြည်းပန်းကန်တွေ ပြောင်နေပေမယ့် ဘာလို့ ကြက်ခြေထောက်တွေ ကျန်နေသေးတာလဲလို့ သူ တွေးနေမိတာ။ တကယ်တော့ ဂျွန်မင်း က ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ကင်မ်ချီလေးလောက်နဲ့တင် ဆိုဂျူ သုံးပုလင်းကို ဖြုတ်ထားတာ ကိုး။ သူ လှမ်းပြီး မြေအိုးလေးကို စမ်းကြည့်လိုက်တယ်။ အထဲမှာ ကြက်ဥပေါင်း နည်းနည်းကျန်နေပြီး အေးစက်နေပြီ။
"ကြက်ဥပေါင်း နောက်တစ်ပွဲလောက် ထပ်မှာချင်ပါတယ်။ ဆား သိပ်မထည့်နဲ့နော်"
စားပွဲထိုးက ဟုတ်ကဲ့ပါလို့ ပြန်ဖြေပြီး အောက်ထပ်ဆင်းသွားတယ်။ အဲဒီခဏလေးအတွင်းမှာပဲ ဂျွန်မင်း က သူ့ခွက်ထဲကို ဆိုဂျူ ထပ်ငှဲ့နေပြန်တယ်။ ဂန်ဟွမ် မျက်မှောင်ကြုတ်သွားပြီး သူ့ဆီကနေ ခွက်ကို လုယူလိုက်တယ်။
"အစ်ကိုကြီး သုံးပုလင်းတောင် သောက်ထားပြီးပြီ။ အဲဒါ လုံလောက်တာထက်တောင် ပိုနေပြီ"
"ငါ သုံးပုလင်းတောင် သောက်ထားတာလား"
"ဟုတ်တယ်။ ဘာတွေဖြစ်နေတာလဲ။ အစ်ကိုကြီးက ပုံမှန်ဆို ဒီလိုမျိုး မနေတတ်တော့ ကျွန်တော် ကြောက်တောင်လာပြီ"
"ဘာမှမဖြစ်ပါဘူးဆိုနေ"
ဂျွန်မင်း က ခွက်ပြန်ပေးဖို့ လက်ကာပြတယ်။ ဂျွန်မင်း ဒီလိုဖြစ်နေတာကို ဂန်ဟွမ် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဂျွန်မင်း က မဏ္ဍိုင်ကြီးတစ်ခုလိုပါပဲ။ သူက ကုမ္ပဏီကြီးတစ်ခုရဲ့ CEO တစ်ယောက်ဖြစ်သလို ဘယ်တော့မှ ယိမ်းယိုင်မသွားဘဲ အားလုံးကို ထောက်ပံ့ပေးထားတဲ့အတွက် ဂျူနီယာတွေရဲ့ အပြည့်အဝယုံကြည်မှုကို ရထားတဲ့ စီနီယာတစ်ယောက်လည်း ဖြစ်တယ်။ သူ ကိုယ်တိုင်ယိမ်းယိုင်သွားရင် လူအများကြီးရဲ့ ဘဝတွေ ခက်ခဲသွားလိမ့်မယ်လို့ အမြဲပြောလေ့ရှိတဲ့အတွက် သူ့ကိုယ်သူ အမြဲတမ်း စေ့စေ့စပ်စပ် ထိန်းကျောင်းနေထိုင်တတ်သူလေ။
အဲဒီအချိန်မှာပဲ ဂန်ဟွမ် မှာထားတဲ့ ကြက်ဥပေါင်း ရောက်လာတယ်။ သူက အငွေ့တထောင်းထောင်းထနေတဲ့ ကြက်ဥပေါင်းကို ခပ်ယူပြီး ဂျွန်မင်း ရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။
"အစ်ကိုကြီး တခြားတစ်ခုခု စားသင့်တယ်။ အစပ်တွေက အစာအိမ်ကို ပိုပြီး ထိခိုက်စေလိမ့်မယ်"
"ငါ အဆင်ပြေပါတယ်ဆိုနေ"
"ကျွန်တော် မြင်နေရတာတော့ အဆင်ပြေတဲ့ပုံစံနဲ့ ပြောင်းပြန်ပဲ။ ခေါင်းမာမနေဘဲ ဒါလေးအရင် စားလိုက်ပါ"
အဲဒီတော့မှ ဂျွန်မင်း ဇွန်းကို ကောက်ကိုင်လိုက်တယ်။ ကြက်ဥပေါင်း နည်းနည်းကို ခပ်ပြီး ပါးစပ်ထဲထည့်လိုက်ပေမယ့် ခေါင်းရမ်းလိုက်ပြီး ဇွန်းကို ပြန်ချထားလိုက်တယ်။
"ငါ နည်းနည်းလောက် လှဲနေမှဖြစ်မယ်"
ဂန်ဟွမ် က ဂျွန်မင်း ကို တွဲပြီး ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ ဂျွန်မင်း ကို ဘေးခုံမှာ ထိုင်ခိုင်းပြီးနောက် ခုံမှီကို အောက်လှဲချပေးလိုက်တယ်။ ဂျွန်မင်း မျက်လုံးတွေကို ပိတ်ထားပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်တယ်။
"ခဏလောက် နားလိုက်ပါဦး"
သူ ကြက်ခြေထောက်ဆိုင်ရှေ့က စတိုးဆိုင်ကို သွားပြီး အမူးပြေစေမယ့် အရည်တစ်ပုလင်း ဝယ်လာခဲ့တယ်။
"အစ်ကိုကြီး၊ ဒါလေး သောက်... ဪ အိပ်ပျော်သွားပြီပဲ"
ဂန်ဟွမ် ခေါင်းကုတ်လိုက်မိတယ်။ ဘေးဘက်ကားတံခါးကို ပိတ်လိုက်ပြီး ကားမောင်းသူနေရာကို ဝင်ထိုင်လိုက်တယ်။ ကားစက်နှိုးပြီး ထွက်လာခဲ့တယ်။ သူ ကားမောင်းလာတဲ့ တစ်လျှောက်လုံး ဂျွန်မင်း တစ်ရေးမှ နိုးမလာဘူး။
"အစ်ကိုကြီး၊ ထပါဦး"
ဂျွန်မင်းရဲ့အိမ်ကို ရောက်တဲ့အခါ သူနိုးလာအောင် လှုပ်နှိုးကြည့်ပေမယ့် ဂျွန်မင်း ရဲ့ မျက်ခွံတွေက နည်းနည်းလေးတောင် လှုပ်မလာဘူး။ ရွေးချယ်စရာမရှိတော့တဲ့အတွက် ဘေးဘက်တံခါးကို ဖွင့်ပြီး သူ့ကို တွဲထုတ်လာခဲ့တယ်။ ဂျွန်မင်း သတိနည်းနည်းရလာပြီး တစ်ခုခုကို ရေရွတ်နေပေမယ့် အသံတွေက ဗလုံးဗထွေးဖြစ်နေလို့ ဂန်ဟွမ် ဘာမှနားမလည်ဘူး။
ဂန်ဟွမ် တံခါးလော့ခ်ကုဒ်ကို နှိပ်ပြီး အထဲဝင်လိုက်တယ်။ ဂျွန်မင်း မွေးထားတဲ့ ခွေးတွေအကုန်လုံး ဟောင်ရင်း တံခါးဆီ ပြေးလာကြတယ်။
"မင်းတို့ရဲ့ အဖေကြီး တော်တော်မူးနေပြီ"
သူ ဂျွန်မင်း ကို ဆိုဖာပေါ် လှဲသိပ်လိုက်ပြီး မီးဖိုချောင်ထဲကို သွားလိုက်တယ်။ ရာသီဥတုက ပူအိုက်နေတဲ့အပြင် အားစိုက်ထုတ်ခဲ့ရတာကြောင့် သူ ချွေးတွေ ရွှဲရွှဲစိုနေပြီ။ ရေအေးအေးလေး နည်းနည်းသောက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲကို ဝင်သွားတယ်။ အရင်က ဒီအိမ်မှာ တစ်နှစ်လောက် အလကားလာနေဖူးတဲ့အတွက် ဒီနေရာက သူ့အတွက် သိပ်ပြီး သူစိမ်းမဆန်လှဘူး။ ဒီနေရာမှာ 'ကိုယ့်အိမ်ကိုယ့်ယာလို' သဘောထားပြီး နေနိုင်တဲ့လူ တော်တော်များများ ရှိကောင်းရှိနိုင်တယ်။ ဂွန်ဆူ လည်း အဲဒီအထဲက တစ်ယောက်အပါအဝင်ပဲ။
သူ့ခြေထောက်နားမှာ လည်ပတ်နေတဲ့ ချီဟွာဟွာလေးကို ဂန်ဟွမ် ပွေ့ချီလိုက်တယ်။
"မင်း အဆင်ပြေရဲ့လား"
ခွေးလေးရဲ့မေးစေ့ကို သူကလိလိုက်တဲ့အခါ ခွေးလေးက လျှာလေးထုတ်ပြီး အမြီးနှံ့ပြတယ်။ ခွေးလေးတွေနဲ့ ခဏလောက် ဆော့ကစားနေလိုက်တယ်။ အဲဒီအချိန်မှာပဲ ဆိုဖာပေါ်မှာ လှဲနေတဲ့ ဂျွန်မင်း ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲ ပြုတ်ကျသွားတယ်။ အဲဒါကိုကြည့်ပြီး သူ ရယ်မောလိုက်မိတယ်။ မနက်ဖြန်များ ကမ္ဘာကြီး ပျက်တော့မလို့လား။ ဂျွန်မင်း ဒီလောက်တောင် ပျက်စီးနေတဲ့ပုံပေါက်တာ ဒါ ပထမဆုံးအကြိမ်ပဲလေ။
ဂန်ဟွမ် သူ့ဖုန်းကို ထုတ်ပြီး ဗီဒီယိုစရိုက်လိုက်တယ်။ ဂျွန်မင်း ဒီလိုဖြစ်နေတာကို တခြားသူတွေဆီ ပြလိုက်ရင် တော်တော်လေး ကြည့်ကောင်းမှာပဲ။
"...ဟဲဂျူ..." ကြမ်းပြင်ပေါ်က ကော်ဇောကို ဆုပ်ကိုင်ရင်း ဂျွန်မင်း စကားပြောလိုက်တယ်။
သူ့အသံက တော်တော်လေးကို ဝမ်းနည်းနေပုံရတယ်။ ဂန်ဟွမ် ဗီဒီယိုရိုက်တာကို ရပ်လိုက်တယ်။ ဟဲဂျူ။ သူ ဂျောင်ဟဲဂျူ ကို ရည်ညွှန်းနေတာ ဖြစ်နိုင်တယ်။ ဂန်ဟွမ် သူမကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူမနာမည်ကို သူ သိလာတဲ့အချိန်မှာတော့ သူမ ကွယ်လွန်သွားခဲ့ပြီလေ။ ဒါပေမဲ့ အဲဒီနာမည်က ဂျွန်မင်း ရဲ့ ရင်ထဲမှာ သေချာပေါက် ပေါ့ပေါ့ပါးပါးလေး မဟုတ်ဘူးဆိုတာကိုတော့ သူ သိထားတယ်။
ဂန်ဟွမ် အိပ်ခန်းထဲကနေ စောင်တချို့ကို ယူလာပြီး ဂျွန်မင်း ကို ခြုံပေးလိုက်တယ်။ ပြီးတော့ သူလည်း ဂျွန်မင်း ဘေးမှာ ဝင်လှဲလိုက်တယ်။ သူက ဘာပြဇာတ်မှ မကရလို့ အားနေတဲ့အတွက် အရင်ကလိုပဲ ဒီအိမ်မှာ ခဏတဖြုတ် အလကားလာနေဖို့ ဆုံးဖြတ်လိုက်တယ်။
ခွေးလေးတစ်ကောင်ကို ဖက်ထားရင်း ဂန်ဟွမ် မျက်လုံးမှိတ်လိုက်တယ်။
* * * * * * * * *
"ကျွန်တော် မီးတောင်နားကိုလည်း ရောက်ဖူးတယ်၊ အနံ့ကတော့ တော်တော်လေး ဆိုးတာပဲ။ ကျွန်တော်က ချော်ရည်တွေကို မြင်ရဖို့ အထဲကို ထပ်ဝင်ချင်သေးတာ၊ ဒါပေမဲ့ သူတို့က အန္တရာယ်ရှိတဲ့ ဇုန်ဆိုပြီး တားကြတယ်။ တော်တော်လေး နှမြောစရာကောင်းတယ်"
"ဒါရိုက်တာကြီးမှာ အသက်နှစ်ချောင်းများ ရှိနေလို့လား"
"တစ်ချောင်းတည်းပါဗျ"
ဇာတ်လမ်းတွေပြောပြရင်း တဟီဟီရယ်နေတဲ့ ဂျုံဂျင် ကို မာရူး ကြည့်နေမိတယ်။ ဆိုင်ကို မရောက်ခင်ကတည်းက သူ့ရဲ့ ဇာတ်လမ်းအိတ်ကြီး ပေါက်ထွက်နေခဲ့ပြီး ဇာတ်လမ်းသစ်တွေကို တစ်ခုပြီးတစ်ခု ပြောပြနေတာ။ အမျိုးအစားတွေကလည်း စုံလင်လှပြီး တစ်ခါမှ ထပ်သွားတာမျိုး မရှိဘူး။ အကြောင်းအရာတစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ ပြောနေတတ်တဲ့ အရက်မူးသမားတွေနဲ့ သူက မတူဘူးလေ။
"မွန်ဂိုလီးယားကလည်း ကောင်းပါတယ်"
ဒီတစ်ခါတော့ မွန်ဂိုလီးယား အကြောင်းပဲ။ ဂျုံဂျင် က ကျယ်ပြောလှတဲ့ လွင်ပြင်ကြီးတွေကို သူ့တစ်ကိုယ်လုံးနဲ့ သရုပ်ဖော်ပြနေတော့ ကျန်တဲ့သူတွေက ရယ်မောကြတယ်။ သူတို့ရဲ့ စကားဝိုင်းကို နားထောင်ရင်းနဲ့ သူတို့လေးယောက်က ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ တွေ့ခဲ့ကြတယ်ဆိုတာကို သူ သိလိုက်ရတယ်။ အဲဒီရုပ်ရှင်က တခြားကားတော့မဟုတ်ဘူး၊ ‘Spring Calendar’ ပဲဖြစ်တယ်။ ဂျူဟယွန်း က ဇာတ်ရံမင်းသမီး၊ ချွန်းဟို က အက်ရှင်အကြံပေး၊ ဂျန်ဆူ က အပိုင်း(ခ) အတွက် ကင်မရာတာဝန်ခံဖြစ်ပြီး ဂျုံဂျင် ကတော့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းတာဝန်ခံ ဖြစ်တယ်။
"ကဲ ဒါဆိုလည်း သောက်ကြစို့" ဂျန်ဆူ က စကားပြောရင်း သူ့ခွက်ကို မြှောက်လိုက်တယ်။
မာရူး လည်း စပရိုက် ထည့်ထားတဲ့ သူ့ခွက်ကို မြှောက်လိုက်တယ်။ သူတို့က မီးဖိုချောင်ကို မျက်စိရှေ့မှာတင် မြင်နေရတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ရောက်နေကြတာ။ စတီးဒယ်ပြားပေါ်မှာ အမဲသားကင်တစ်တုံးကို ကင်နေတယ်။ ဂျူဟယွန်း က ဒီနေရာကို ဘွတ်ကင်လုပ်ထားတာဖြစ်ပြီး တော်တော်လေး ဈေးကြီးမယ့်ပုံပဲ။
"ကျွန်တော့်အကြောင်းတွေချည်း အရမ်းပြောမိသွားသလိုပဲ။ အစ်ကိုကြီးဂျန်ဆူ၊ ခင်ဗျားအကြောင်းလည်း ပြောပြပါဦး။ အခုတလော ဘယ်လိုတွေ နေနေရလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပါ"
"အင်း၊ ငါကတော့ အတူတူပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်နဲ့စာရင် ပြောင်းလဲသွားတာဆိုလို့ ငါ့ကလေးတွေကို ကောလိပ်ပို့ရတော့မှာမို့ ငွေရေးကြေးရေး ပိုကြပ်တည်းလာတာပဲ ရှိတယ်။ အရင်ခေတ်ကဆို လူတွေက ကလေးတွေကို ကောလိပ်ထားနိုင်ဖို့ နွားတွေကို ရောင်းကြရတယ်လေ။ ဒါပေမဲ့ အခုတော့ နွားတွေက လုံးဝမလောက်တော့ဘူး"
သူ့ခွက်ကို အကုန်မော့သောက်လိုက်ပြီးနောက် ဂျန်ဆူ က မာရူး ကို ကြည့်လိုက်တယ်။
"မာရူး"
"ဗျာ"
"ပိုက်ဆံအများကြီးရှာပြီး မင်းရဲ့မိဘတွေကို ဒုက္ခမရောက်စေနဲ့။ အခုခေတ်ကလေးတွေက ပိုက်ဆံဆိုတာ မြေကြီးထဲက ထွက်လာတယ်လို့ ထင်နေကြတာ။ ငါ့ကလေးတွေ ငယ်ငယ်တုန်းကဆို တော်တော်လေးကို ရိုးသားကြတာ၊ ဒါပေမဲ့ ကောလိပ်ရောက်ကတည်းက သူတို့က ထူးဆန်းတဲ့အရာတွေမှာ ပိုက်ဆံတွေ အလဟဿသုံးလာကြတယ်။ တခြားလူတွေလည်း အဲဒီလိုပဲ လုပ်ကြတာပဲလို့ သူတို့က ငါ့ကို ပြောကြတယ်လေ"
"သူတို့ မကြာခင် ရင့်ကျက်လာကြမှာပါ"
"ငါ အဲဒီလောက်ထိ မမျှော်လင့်ပါဘူး။ သူတို့ကို ပိုက်ဆံဆိုတာ ဘာလဲဆိုတာကိုပဲ သိစေချင်တာ။ အဲဒီကလေးက အချိန်ပိုင်းအလုပ် လုပ်ဖို့လည်း ရည်ရွယ်ချက်မရှိသလို သေချာလေ့လာသင်ယူဖို့လည်း မရှိဘူး"
"ဒါဆိုလည်း သူတို့ကို မုန့်ဖိုးပေးတာ ရပ်လိုက်တော့ပေါ့။ ယောကျာ်းလေးဆိုရင် သူ့ဘာသာ ရပ်တည်ခိုင်းလိုက်လေ။ ဈေးပေါတဲ့ တစ်ခန်းတည်းပါတဲ့ အိမ်လေးတစ်လုံး ငှားပေးပြီး ခြောက်လလောက်ပဲ ထောက်ပံ့ပေးပြီး ငွေကြေးထောက်ပံ့မှု အကုန်လုံး ဖြတ်ပစ်လိုက်။ သူ တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ အဆင်ပြေသွားလိမ့်မယ်"
"ဒါပေမဲ့ ပြဿနာက သူက မိန်းကလေးဖြစ်နေတာပဲ။ လောကကြီးက ကြောက်စရာကောင်းတဲ့ နေရာဆိုတော့ သူမကို အိမ်ကနေ ထွက်သွားခိုင်းလို့တော့ အဆင်မပြေဘူးလေ"
"ဒါဆိုလည်း ခင်ဗျားရဲ့ ဝဋ်ကြွေးလို့ပဲ သဘောထားပြီး သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်ပါတော့" မာရူး က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်တယ်။
ဂျန်ဆူ က ခေါင်းကိုက်နေတဲ့ပုံစံနဲ့ ခေါင်းရမ်းလိုက်တယ်။ ဂျန်ဆူ ရဲ့ ညည်းတွားသံတွေက ခဏကြာတဲ့အထိ ဆက်ဖြစ်နေတယ်။ တတ်နိုင်သလောက် နောက်ကျမှ အိမ်ထောင်ပြုတာက ပိုကောင်းကြောင်း၊ အိမ်ထောင်မပြုတာက ပိုကောင်းကြောင်း သူက တရားချနေတယ်။ သူ စကားပြောနေရင်း ရုတ်တရက် ဖုန်းဝင်လာလို့ ကိုင်လိုက်တဲ့အခါ သူ့မျက်နှာက စိုးရိမ်တကြီးဖြစ်သွားပြီး အားလုံးကို တိတ်တိတ်နေကြဖို့ တီးတိုးလှမ်းပြောတယ်။
"အေး၊ မိန်းမ။ ကိုယ်က စက်ပစ္စည်းချေးငွေကိစ္စကြောင့် စီးပွားရေးပါတနာတွေနဲ့ စကားပြောနေတာပါ။ သောက်နေတာလား။ သေချာပေါက် ကိုယ် မသောက်ပါဘူး။ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီည ကိုယ် နည်းနည်းနောက်ကျလိမ့်မယ်၊ ဒါကြောင့် ကိုယ့်ကိုမစောင့်ဘဲ အိပ်နှင့်လိုက်တော့နော်။ ဘာ။ ကိုယ် အရက်သောက်ပြီး ပြန်လာရင် တံခါးမဖွင့်ပေးဘူးဟုတ်လား။ ဒါပေမဲ့ မိန်းမရယ်။ အလုပ်ကိစ္စနဲ့ဆိုတော့ သောက်လို့ အဆင်ပြေတယ်မဟုတ်ဘူးလား။ ကိုယ် ဆိုလိုတာက နည်းနည်းလေးပါကွာ။ ကောင်းပါပြီ၊ ကောင်းပါပြီ။ ကလေးတွေကကော။ သူတို့ အိမ်ပြန်မလာကြသေးဘူးလား။ သူတို့ တစ်နေရာရာမှာ သောက်နေကြတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။ ဘာ။ ကိုယ့်အကြောင်းပဲ ကိုယ်စဉ်းစားပါဟုတ်လား"
ဖုန်းချလိုက်ရင်း ဂျန်ဆူ ခါးသက်သက် ပြုံးလိုက်တယ်။ စကားဝိုင်းကို နားထောင်နေတဲ့ ဂျူဟယွန်း က ရယ်မောလိုက်သလို ချွန်းဟို ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဖခင်တစ်ယောက်ဖြစ်ရတဲ့ ဝမ်းနည်းမှုတွေကို သူတို့တွေ နားမလည်ကြဘူးလို့ ညည်းညူရင်း ဂျန်ဆူ ဆက်သောက်နေတယ်။
မာရူး လည်း ပြုံးလိုက်ပြီး ဒီလေထုကို သဘောကျနေမိတယ်။ အဲဒီအချိန်မှာပဲ သူ့ပခုံးကို လက်ညှိုးတစ်ချောင်း လာပုတ်တယ်။ သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ သူ့ကို ပြုံးပြနေတဲ့ ဂျုံဂျင် ကို တွေ့လိုက်ရတယ်။
"နေရာပြောင်းပြီး စကားလေးဘာလေး ပြောကြမလား"
"ဪ၊ ဒီမှာ ထိုင်ပါ"
"မဟုတ်ဘူး၊ ငါက အဲဒီမှာ ထိုင်ချင်တယ်လို့ ပြောတာမဟုတ်ဘူး၊ မင်းနဲ့ စကားပြောချင်လို့ပါ၊ မာရူး"
မာရူး ရဲ့ ဘေးမှာထိုင်နေတဲ့ ဂျန်ဆူ ရဲ့ ဂျိုင်းအောက်ကို ဂျုံဂျင် လက်လျှိုသွင်းပြီး သူ့ကို မ,ထူလိုက်တယ်။ ဂျုံဂျင် ထိုင်ခဲ့တဲ့နေရာကို လျှောက်သွားရင်း ဂျန်ဆူ တစ်ခုခုကို ဗလုံးဗထွေး ရေရွတ်နေတယ်။
"ဟူး.. ဒီပျင်းစရာကောင်းတဲ့ လူကြီးတွေကြားထဲမှာ မင်းအတွက် တော်တော်ပျင်းစရာကောင်းနေမှာပဲ နော်"
"မဟုတ်ပါဘူး။ တကယ်တော့ တော်တော်ပျော်စရာကောင်းပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တော်တော်များများကို ကိုယ်ချင်းစာမိပါတယ်"
"မင်းက ကိုယ်ချင်းစာတယ်"
"ဟုတ်ကဲ့"
"ဒါပေမဲ့ မင်းက ငယ်သေးတယ်လေ"
"ငယ်နေလို့ လူကြီးတွေကို ကိုယ်ချင်းမစာနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ"
"အင်း၊ အဲဒါလည်း ဟုတ်တာပါပဲ။ မင်း သောက်တတ်လား"
"လောလောဆယ်တော့ ကျွန်တော်က အရွယ်မရောက်သေးသူပါ"
"အရွယ်မရောက်သေးသူတွေလည်း သောက်လို့ရပါတယ်"
ဂျုံဂျင် က သူ့မေးခွန်းကို သူကိုယ်တိုင် ပြန်ဖြေလိုက်တယ်။ သူ့ဆီကနေ မာရူး ဖန်ခွက်တစ်ခွက်ကို ယူလိုက်တယ်။ ချွန်းဟို က သူ့ခွက်ထဲကို ဆိုဂျူ ငှဲ့ထည့်ပေးတယ်။
"အဲဒါထက် မင်းက လီဂျွန်မင်း ဆီမှာ အလုပ်လုပ်နေတာဆို။ ကြည့်ရတာ မင်းက အောင်မြင်လာမယ့်ပုံပဲ"
"ကျွန်တော်က သင်တန်းသားလိုမျိုးပဲ ရှိသေးတာဆိုတော့ အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလား ဆိုတာကိုတော့ မသိသေးပါဘူး"
"မဟုတ်ဘူး၊ သူက အစကနေအဆုံး အရာရာကို အစီအစဉ်ဆွဲတတ်တဲ့ လူစားမျိုးဆိုတော့ မင်းက သူ့ရဲ့ အတောင်ပံအောက်မှာ ရှိနေတယ်ဆိုတဲ့ အချက်က မင်းရဲ့ အလားအလာ အရမ်းကောင်းတယ်ဆိုတဲ့ သဘောပဲ။ မင်းသာ သူနဲ့ တရားဝင်စာချုပ် ချုပ်ထားတယ်ဆိုရင် သေချာပေါက် အောင်မြင်မှာပဲ"
"အဲဒီလိုလား"
သူ့ကို သောက်ဖို့ လက်ဟန်ခြေဟန်ပြနေတဲ့ ဂျုံဂျင် ကို ကြည့်ပြီး မာရူး ခေါင်းကိုမော့ကာ ဆိုဂျူ ကို တစ်ကျိုက်တည်း သောက်ချလိုက်တယ်။
"ငါ လူတွေအများကြီးနဲ့ တွေ့ဖူးပေမယ့် သူလောက် ကြောက်စရာကောင်းတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။ သူက လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အရမ်းကို ကောင်းကောင်းသိတယ်။ အဲဒီအပြင် သူက ရက်စက်ရမယ်ဆိုရင်လည်း အတိုင်းထက်အလွန် ရက်စက်တတ်တယ်။ သတိထား။ မင်းကို ဘာတွေဖြစ်လာမလဲဆိုတာ မင်း သိမှာမဟုတ်ဘူး"
နောက်ပြောင်နေတဲ့ပုံမပေါ်တဲ့ အေးစက်စက် အကြည့်တစ်ခုနဲ့ ဂျုံဂျင် ပြောလိုက်တယ်။ မာရူး သူ့မျက်လုံးတွေကို ခဏလောက် ကြည့်နေပြီးမှ စကားပြန်ပြောလိုက်တယ်။
"အဲဒီလိုဆိုရင်တော့ ကျွန်တော် သိထားပါတယ်။ တကယ်တော့ အဲဒါကပဲ ကျွန်တော့်ကို စိတ်အေးစေတာပါ"
"မင်းကို စိတ်အေးစေတယ်"
"ဟုတ်ကဲ့။ သံယောဇဉ်တွေ ခံစားချက်တွေနဲ့ ယိမ်းယိုင်နေတတ်တဲ့ လူတွေထက် တွက်ကပ်တတ်တဲ့ လူတွေက တကယ်တော့ ပိုပြီး ဘေးကင်းပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ တန်ဖိုးကို သက်သေပြနိုင်သရွေ့တော့ နောက်ကျော ဓားအထိုးခံရမှာ မဟုတ်ဘူးဆိုတာကို ပြနေတာပဲလေ"
"အိုဟို.. မင်းက အဲဒီလိုတောင် တွေးတတ်တာပဲ"
"ဒါရိုက်တာကြီးက ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကို သိပ်သဘောကျပုံမရဘူးနော်"
ဂျုံဂျင် က ခေါင်းရမ်းလိုက်ပြီး ထူးဆန်းတဲ့ အပြုံးတစ်ခုကို ပြုံးပြတယ်။ သူ့ရဲ့ အတွင်းစိတ်က ဘာတွေတွေးနေလဲဆိုတာကို သူ့မျက်နှာအမူအရာကနေ ခန့်မှန်းလို့မရဘူး။ မာရူး က သူ့နှလုံးသားထဲကို ကြည့်ချင်နေရင်တောင်မှ စကားပြောပူဖောင်းလေးတွေ ထွက်မလာဘူး။ သူက သူ့အကြောင်းကိုပဲ သီးသန့်တွေးတတ်တဲ့ လူစားမျိုးလေ။
"ငါနဲ့ ဥက္ကဋ္ဌ လီဂျွန်မင်း ကြားက ဆက်ဆံရေးကို ကောင်းတယ် ဆိုးတယ်လို့ သတ်မှတ်လို့မရဘူး။ ဒါပေမဲ့ မင်းကို သေချာပေါက် ပြောနိုင်တာတစ်ခုရှိတယ်။ ငါက တော်တော်လေး ကလေးဆန်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး ဆိုးရွားတဲ့ အမှတ်တရတွေကို ငါ မေ့မပစ်တတ်ဘူး"
"သဘောပေါက်ပါပြီ"
ဂျုံဂျင် က သူ့ရဲ့ ခွက်အလွတ်ကို ကမ်းပေးလိုက်တယ်။ မာရူး က သူ့အတွက် တစ်ခွက် ငှဲ့ပေးလိုက်တယ်။
"ဘာလို့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ရတာလဲ၊ မာရူး"
"အင်း၊ ကျွန်တော့်မှာ အကြောင်းပြချက်တွေ အများကြီးရှိခဲ့မယ်ထင်တယ်၊ ဒါပေမဲ့ အခုချိန်မှာတော့ သိပ်မသေချာတော့ဘူး။ လောလောဆယ်တော့ ကျွန်တော် ဖြစ်ချင်နေတာပဲ သိတယ်။ ဒါနဲ့ စကားမစပ်၊ ဒါရိုက်တာကြီးကကော ဘာလို့ ဒါရိုက်တာ ဖြစ်လာရတာလဲ"
"ငါလား။ ငါ ပျင်းလို့လေ။ တစ်နေ့ကျတော့ ငါ လုပ်နေတဲ့အလုပ်က တော်တော်လေး ပျင်းစရာကောင်းလာတယ်။ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ အရာအားလုံးပေါ့လေ။ အဲဒီအချိန်မှာ ငါ တွေးလိုက်မိတာပဲ။ ပျော်စရာကောင်းအောင် ငါ ဘာလုပ်ရမလဲဆိုပြီးတော့လေ။ အဲဒီအခိုက်အတန့်မှာပဲ တီဗွီထဲမှာ ရုပ်ရှင်ကားတစ်ကား လာနေတယ်။ အဲဒီအချိန်မှာပဲ အဲဒါက ငါ့အတွက်ပဲလို့ ငါ ဆုံးဖြတ်လိုက်တာ"
"အဲဒီလိုပုံစံနဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်လာနိုင်တယ်လို့ တွေးကြည့်ရတာ မယုံနိုင်စရာပဲ။ ကျွန်တော် ကြားဖူးသလောက်ဆိုရင် ခင်ဗျားက တော်တော်လေး နာမည်ကြီးတဲ့ စားသောက်ဆိုင်အမှတ်တံဆိပ်တစ်ခုရဲ့ ပိုင်ရှင်လို့ ပြောကြတယ်"
"မင်းက ငါ့အကြောင်း တော်တော်လေး သိတာပဲ"
"ဟိုနည်းနည်း ဒီနည်းနည်း ကြားဖူးရုံပါပဲ။ ဪ၊ ဥက္ကဋ္ဌဆိုတဲ့ ရာထူးကို ချထားခဲ့ပြီး ဒါရိုက်တာဘဝကို ကူးပြောင်းလာတုန်းက ခင်ဗျား နည်းနည်းလေးတောင် မကြောက်ခဲ့ဘူးလား။ ခင်ဗျားကိုယ်တိုင်က အောင်မြင်မှုတွေ အများကြီး ရရှိထားပြီး အဲဒီလိုမျိုး ဆက်နေသွားမယ်ဆိုရင်တောင် ဘာတစ်ခုမှ လိုအပ်နေမှာမဟုတ်ဘူး။ ခင်ဗျားက ပျင်းလို့ဆိုတဲ့ အကြောင်းပြချက်သက်သက်နဲ့ ဘာလို့ ဒါရိုက်တာ ဖြစ်လာခဲ့ရတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး"
အဲဒီမေးခွန်းကို ကြားတော့ ဂျုံဂျင် ပြုံးစိစိလုပ်လိုက်ပြီး သူ့ခွက်ကို မြှောက်လိုက်တယ်။ ပြီးတော့ သူ ပြောလိုက်တယ်။
"သင်္ဘောက ဆိပ်ကမ်းမှာ အတည်ငြိမ်ဆုံးပါပဲ။ ဒါပေမဲ့ သင်္ဘောတွေ တည်ရှိနေတာက အဲဒီအတွက်မှ မဟုတ်တာ။ ဆိပ်ကမ်းမှာ ကြိုးချည်ခံထားရပြီး မိုးကုတ်စက်ဝိုင်းကို ကြည့်နေရတဲ့ အပျော်စီးသင်္ဘောကြီးဖြစ်ရတာထက်စာရင် လှိုင်းလုံးတွေရဲ့ ရိုက်ခတ်တာကို ခံရတဲ့ ပီကွော့ဒ် ဖြစ်ရတာကို ငါ ပိုသဘောကျတယ်"
(TR Note: ပီကွော့ဒ်ဆိုတာ မိုဘီဒစ် ဝတ္ထုတွင် ပါဝင်သည့် ဝေလငါးဖမ်းသင်္ဘောအမည် )
စွန့်စားချင်စိတ်တွေ ပြည့်နှက်နေတဲ့ အဲဒီလူက အဲဒီစကားတွေကို ချန်ရစ်ခဲ့ပြီးနောက် မတ်တပ်ထပ်ရပ်လိုက်တယ်။ ပြီးတော့ သူက သူ့ဇွန်းကို ပြောင်းပြန်ကိုင်ပြီး တော်တော်လေး ဟောင်းနေပြီဖြစ်တဲ့ ထရော့ သီချင်းတစ်ပုဒ်ကို စတင်သီဆိုလိုက်တယ်။ ကျန်တဲ့သုံးယောက်နဲ့ သူတို့ရှေ့မှာ အသားကင်နေတဲ့ စားဖိုမှူးကပါ ပြုံးလာကြတယ်။
မာရူး သူ့မေးစေ့ကို လက်နဲ့ထောက်ပြီး ဂျုံဂျင် ကို ကြည့်နေတယ်။ သူ့အကြောင်းကို သူ နည်းနည်းပိုပြီး သိလာသလို ခံစားလိုက်ရတယ်။
* * * * * * * * *