← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း(၃၅၉)

သူ အိပ်မက်ဆိုးမမက်တာ တော်တော်ကြာနေပြီ။ ဆရာဝန်က တုန်ယင်နေပြီး သူ့မိသားစုက သတိလစ်သွားခဲ့တယ်။ သူကတော့ ဘာမှမလုပ်နိုင်ဘဲ အစွမ်းမဲ့နေခဲ့တယ်။ ဒီလိုမြင်ကွင်းမျိုးတွေချည်း ထပ်ခါတလဲလဲ ဖြစ်နေတယ်။ ကရီဆိုးလ် ဆေးနံ့တွေအပြင် မျက်နှာကြက်ဆီက အဖြူရောင်မီးရောင်တွေ၊ နားထဲကို ဝင်လာလိုက် ထွက်သွားလိုက်ဖြစ်နေတဲ့ ဆေးရုံက ဆူညံသံတွေနဲ့ အော်ဟစ်သံတွေက အဆိုးဆုံးပါပဲ။

ဂျွန်မင်း သူ့ဆံပင်တွေကို အပေါ်ကို သပ်တင်လိုက်တယ်။ သူ့လက်တွေမှာလည်း ချွေးတွေရွှဲနေတယ်။ မနေ့က အိမ်ကို ဘယ်လိုပြန်ရောက်လာလဲဆိုတာ သူ မမှတ်မိတော့ဘူး။ ဂန်ဟွမ် ဆီကို ဖုန်းဆက်တဲ့အချိန်အထိပဲ မှတ်မိပြီး အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာကိုတော့ လုံးဝမသိတော့ဘူး။

"ငါ့ကို စိတ်ပူနေတာလား"

သူ့ခြေသလုံးနား လျှောက်လာတဲ့ ပိုမရေးနီးယန်း ခွေးလေးကို သူ ကောက်ချီလိုက်တယ်။ ဖောင်းပွနေတဲ့ အမွေးတွေကြားက အမည်းရောင် မျက်လုံးလေးတွေကို ကြည့်လိုက်ရတော့မှ သူ့စိတ်ထဲ နည်းနည်း သက်သာသွားတယ်။ လူတွေ ခွေးမွေးကြတာ ဒီလိုအကြောင်းကြောင့်များလား။ နှစ်သိမ့်ပေးဖို့ ဘာစကားမှမလိုဘူးလေ။

သူ မတ်တတ်မရပ်ခင် ခွေးလေးကို အောက်ချပေးလိုက်တယ်။ သူ ဒီလိုမျိုး အမူးလွန်သွားတာ ဆယ့်ငါးနှစ်တောင် ရှိပြီ။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်၊ ဟဲဂျူ ကို ပြာချပြီးတဲ့အချိန်တုန်းက သူ အရက်ထဲမှာ နစ်မွန်းနေခဲ့တယ်။

ရေငတ်ပြေအောင် ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အချိန်မှာပဲ စားပွဲပေါ်က ပလတ်စတစ် ရေသန့်ဘူးကို သူ တွေ့လိုက်တယ်။ အဖုံးက ပွင့်နေတုန်းပဲ။ သူက အမြဲတမ်း နေရာတကျ ပြန်ထားတတ်တဲ့သူမို့လို့ ဒီရေသန့်ဘူးကို ဒီလိုမျိုး ထားခဲ့မှာ မဟုတ်ဘူး။ အရက်မူးနေလို့များ ဒီလိုလုပ်ခဲ့တာလားလို့ သူ တွေးနေမိတယ်။ ပုလင်းထဲက ခပ်နွေးနွေးဖြစ်နေတဲ့ ရေကို သောက်ပြီးနောက် ဧည့်ခန်းဆီကို သူ လျှောက်သွားလိုက်တယ်။ တံခါးကို ဖွင့်လိုက်တာနဲ့ ဆူညံသံကြီးတစ်ခုကို ကြားလိုက်ရတယ်။ တစ်ယောက်ယောက် ဟောက်နေတဲ့အသံပဲ။

"...အာ"

ဂန်ဟွမ် က အတွင်းခံလေးနဲ့ ကုတင်ပေါ်မှာ အိပ်နေတယ်။ အိပ်မက်လှလှလေး မက်နေတဲ့အတိုင်း ပြုံးတောင် ပြုံးနေသေးတယ်။ သူကပဲ အိမ်အထိ လိုက်ပို့ပေးပြီး ကုတင်ပေါ်မှာ အိပ်ပျော်သွားတဲ့ပုံပဲ။ ဂျွန်မင်း စိတ်ထဲ လွန်ခဲ့တဲ့ဆယ်နှစ်ကလို ပြန်ခံစားလိုက်ရတယ်။ ဂန်ဟွမ် ဒီမှာ နေခဲ့တုန်းက အချိန်တွေကို သူ ပြန်သတိရသွားတယ်။

မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး ရေခဲသေတ္တာကို သူ ဖွင့်လိုက်တယ်။ ဘူးထဲထည့်ထားတဲ့ ပဲပင်ပေါက်နဲ့ ကြက်သွန်မြိတ်တချို့ကို သူ ထုတ်လိုက်တယ်။ ပဲပင်ပေါက်တွေကို ဆေးကြောပြီး ကြက်သွန်မြိတ်တွေကို လှီးချွတ်ကာ အိုးထဲ ထည့်လိုက်တယ်။

"အို၊ နိုးပြီလား"

ဂန်ဟွမ် တင်ပါးကို ကုတ်ရင်း အခန်းထဲက ထွက်လာတယ်။

"မင်း ဟောက်တာက လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက အခုထိ မပြောင်းလဲသေးဘူးပဲ"

"ခင်ဗျားကိုလည်း အဲဒီလိုပဲ ပြောရမှာပဲ။ ဒီခေတ်ကြီးမှာ ဘယ်သူက ဘူးတွေပေါ်မှာ နာမည်ကပ်ထားသေးလို့လဲ။ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ အို.. ဒါက ဘာလဲ၊ ကြက်သွန်ဖြူ ခင်ဗျား အမြန်ဆုံး အိမ်ထောင်ပြုပြီး ရှုပ်ရှုပ်ယှက်ယှက် နေရတဲ့ အရသာကို ခံစားကြည့်သင့်တယ်။ ငါးဆယ့်တစ် ဆိုတာ များတယ်ဆိုပေမယ့် ခင်ဗျားအရွယ်နဲ့ အိမ်ထောင်ပြုဖို့က မဖြစ်နိုင်တာမှ မဟုတ်တာ။ အော် နေပါဦး၊ ခင်ဗျားအသက် ငါးဆယ့်သုံးလား"

"အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ့်အချိန်ရှိရင် အိမ်ရှင်းလိုက်"

"ခင်ဗျား လွန်လွန်းနေပြီ မဟုတ်ဘူးလား။ မနေ့ညက ခင်ဗျား သတိလစ်သွားလို့ ဒီအထိ သယ်လာရတာ ကျွန်တော်လေ။ ပခုံးတွေတောင် နာနေတုန်းပဲ"

ဂန်ဟွမ် ပခုံးတွေကို ဆန့်ထုတ်နေတာကို ဂျွန်မင်း ကြည့်နေလိုက်တယ်။ ဂန်ဟွမ် က နှုတ်ခမ်းဆူပြီး 'ကောင်းပါပြီဗျာ' လို့ ပြောလိုက်တယ်။ ဖုန်စုပ်စက်အသံကြောင့် ခွေးတွေက ဧည့်ခန်းထဲမှာ စဟောင်ကြတော့တယ်။ တော်တော်လေး ဆူညံတဲ့ မနက်ခင်းပါပဲ။ ပဲပင်ပေါက်ဟင်းချို၊ အရံဟင်းတချို့နဲ့ ထမင်းနှစ်ပွဲကို စားပွဲပေါ်တင်ပြီးနောက် ဂန်ဟွမ် ကို သူ လှမ်းခေါ်လိုက်တယ်။ အဲဒီအချိန်မှာ ဂန်ဟွမ် က ခြံထဲမှာ ခွေးတွေနဲ့ ဆော့ကစားနေပြီး ရယ်မောရင်း ပြန်ဝင်လာတယ်။

"အကောင်မည်းလေးကော ဘယ်ရောက်သွားလဲ"

"သူ သေသွားပြီ"

"တကယ်လား"

"လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက သူ့အသက် ဆယ်နှစ်ရှိနေပြီလေ။ ဆယ့်ခုနစ်နှစ်အရွယ်မှာ သေသွားတာဆိုတော့ သူ အသက်ရှည်ရှည် နေသွားရပါတယ်"

"သူ့ကလေးကော။ ခွေးပေါက်လေးတစ်ကောင် ရှိတယ်ထင်တယ်"

"အဲဒီမှာလေ၊ မင်းခြေရင်းမှာ"

"ဒါပေမယ့် ဒီတစ်ကောင်က အဝါရောင်ကြီးလေ"

"ခွေးက အမည်းရောင်ဖြစ်တိုင်း အမည်းရောင်လေးပဲ မွေးရမယ်လို့မှ မရှိတာ"

ဂန်ဟွမ် ခေါင်းညိတ်လိုက်ပြီး စားပွဲအောက်မှာ ပြေးလွှားနေတဲ့ ခွေးပေါက်လေးကို ပေါင်ပေါ် တင်လိုက်တယ်။ သူ ခွေးပေါက်လေးရဲ့ ခေါင်းကို ကလိထိုးရင်း ဂျွန်မင်း ကို ကြည့်လိုက်တယ်။ ဂျွန်မင်း လည်း အဲဒါကို သတိထားမိလိုက်တယ်။

"မင်း တစ်ခုခု မေးချင်နေတဲ့ပုံပဲ"

"ဒီလိုမေးလို့ အဆင်ပြေပါ့မလားလို့ တွေးနေတာပါ။ သိတော့သိချင်ပေမယ့် မမေးသင့်ဘူးလို့ ထင်လို့"

"အဲဒီတော့ မင်း အဲဒီလိုတွေးမိပြီးရင်ရော မမေးဘဲ နေဖူးလို့လား"

"မနေဖူးပါဘူး"

ဂန်ဟွမ် က ခွေးလေးကို အောက်ချလိုက်ပြီး စကားပြောလိုက်တယ်။

"အရက်မူးတာကို အပြစ်တစ်ခုလို ထင်ထားတဲ့ ခင်ဗျားကို ဘယ်အရာက ဒီလောက်အထိ သောက်ဖြစ်သွားစေတာလဲ"

"ဒါထက်ပိုတဲ့ အကြောင်းအရင်း ရှိမယ်ထင်တယ်"

"...ဂျောင်ဟဲဂျူ ဆိုတဲ့သူကြောင့်လား"

"မနေ့က ငါ အဲဒီနာမည်ကို ပြောမိသွားတဲ့ပုံပဲ"

"ဟုတ်တယ်၊ အိပ်မက်ယောင်ရင်းနဲ့"

"သြော်၊ အဲဒီလိုလား"

ဂျွန်မင်း ဇွန်းကို ချလိုက်တယ်။ သူ ဂနာမငြိမ် ဖြစ်လာတယ်။ စီးပွားရေး စလုပ်ကတည်းက ကြည့်ရဆိုးလို့ အဲဒီလို ဂနာမငြိမ်ဖြစ်တတ်တဲ့ အကျင့်ကို ဖျောက်ထားခဲ့ပေမယ့် အခုလို စိတ်ရှုပ်ထွေးလာတဲ့အချိန်မှာ အဲဒီအကျင့်က ပြန်ပေါ်လာတယ်။

"မနေ့က ပတ်ဂျုံဂျင် နဲ့ တွေ့ခဲ့တယ်"

"ပတ်ဂျုံဂျင် အဲဒါ ဘယ်သူလဲ"

"မင်း ရုပ်ရှင်ဘက်ကို သိပ်စိတ်မဝင်စားဘူး ထင်ပါတယ်။ သူက လွန်ခဲ့တဲ့ဆယ်နှစ်က နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာလေ။ Spring Calendar ဆိုရင်တော့ ကြားဖူးလောက်မှာပါ"

"အဲဒါကိုတော့ သိတယ်။ အဲဒီတုန်းက သတင်းတွေထဲမှာတောင် ပါသေးတယ်။ ကြည့်ရှုသူ တစ်သန်းကို အမြန်ဆုံးပြည့်တဲ့ စံချိန်တင်သွားတာ မဟုတ်ဘူးလား။ ကျွန်တော်တောင် မှတ်မိတယ်ဆိုတော့ တော်တော်လေး မိုက်လို့နေမှာပေါ့"

"တကယ်မိုက်တာပါ။ အဲဒါက ဘာမှနားမလည်တဲ့သူတစ်ယောက် မက်ဂါဖုန်းကို ပထမဆုံးအကြိမ် ကိုင်ပြီး ရိုက်ခဲ့တဲ့ ဇာတ်ကားလေ။ ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အလွန်အကျွံငိုယိုပြတာတွေထက် ထိန်းချုပ်ထားတဲ့ ဝမ်းနည်းမှုကို ဖော်ပြနိုင်ခဲ့လို့ အကြီးအကျယ် ချီးကျူးခံခဲ့ရတာ"

"ဘာမှ နားမလည်တဲ့သူ တစ်ယောက်လား"

"အသားကင်ဆိုင် ဖွင့်ထားတဲ့သူတစ်ယောက်က ဖန်တီးခဲ့တာ"

"ဝိုး၊ မိုက်လိုက်တာ။ သူက ပါရမီရှင်ပဲ ဖြစ်ရမယ်"

"ပါရမီရှင်။ ဟုတ်တယ်၊ လူအများစုက သူ့ကို အဲဒီလို ခေါ်ကြတယ်"

ပါရမီရှင် ဒါရိုက်တာတဲ့။ မီဒီယာတွေကတော့ သူ့ကို ကောင်းကင်ဘုံကပေးတဲ့ အရည်အချင်းရှိသူအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတာ မြင်ရတာ သိပ်တော့မဆန်းပါဘူး။ အသားကင်ဆိုင်ပိုင်ရှင် တစ်ယောက်က အေပရွန်ကို လွှင့်ပစ်ပြီး ချက်ချင်းပဲ အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနိုင်ခဲ့တာကိုး။

"ဒါပေမယ့် အဲဒီလူက ဂျောင်ဟဲဂျူ နဲ့ ဘာဆိုင်လို့လဲ" လို့ ဂန်ဟွမ် က ထမင်းတစ်ဇွန်းကို ပါးစပ်ထဲထည့်ရင်း မေးလိုက်တယ်။

ဂျွန်မင်း ခဏလောက် တိတ်ဆိတ်သွားတယ်။ အတိတ်က အဖြစ်အပျက်တစ်ခုဆိုပေမယ့် သူ့အတွက်တော့ နေ့အလင်းရောင်လို ရှင်းလင်းနေဆဲပါပဲ။ မနေ့ကမှ ဖြစ်ခဲ့သလို သူ မှတ်မိနေတယ်။ အဲဒီအချိန်က သူနဲ့အတူရှိနေခဲ့တဲ့သူတွေ အားလုံးလည်း ဒီလိုပဲ ခံစားရမှာပါ။

"လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က.. မဟုတ်ဘူး၊ အဲဒီထက်နည်းနည်းစောမယ်၊ ဒယ်ဟတ်ရို မှာ ပြဇာတ်အဖွဲ့ငယ်လေးတစ်ခု ရှိခဲ့တယ်။ အဖွဲ့ဝင် သိပ်မများပါဘူး။ သူတို့က နာမည်ကြီးတာမျိုးလည်း မဟုတ်တော့ လူစုကွဲသွားရင်တောင် ဆန်းတော့မဆန်းပါဘူး။ ဟဲဂျူ ၊ ဂျောင်ဟဲဂျူ က သူတို့ထဲက တစ်ယောက်ပဲ။ ဒါရိုက်တာ ပတ်ဂျုံဂျင် လည်း အဲဒီမှာ ရှိခဲ့တယ်"

"အဲဒီဒါရိုက်တာက ပြဇာတ်တွေမှာ သရုပ်ဆောင်ခဲ့ဖူးတာလား"

"မဟုတ်ဘူး၊ ငါသိသလောက်တော့ သူက စတော့ရှယ်ယာ အရောင်းအဝယ် လုပ်တဲ့သူပဲ"

"ပထမက စတော့ရှယ်ယာသမား၊ အဲဒီနောက်တော့ အသားကင်ဆိုင်ပေါ့။ ထူးဆန်းတဲ့ အလုပ်အကိုင်တွေပဲ။ အဲဒီလိုလူက ပြဇာတ်အဖွဲ့ထဲမှာ ဘာလုပ်နေတာလဲ"

"သူက အဖွဲ့ကို မပျက်သွားအောင် ငွေကြေးထောက်ပံ့ပေးခဲ့တဲ့သူလေ။ ပြီးတော့..."

ဂျွန်မင်း ခပ်ရေးရေးလေး ပြုံးလိုက်တယ်။

"ငါ့လိုပဲ၊ သူလည်း အဲဒီကောင်မလေးရဲ့ ညှို့ငင်ဖမ်းစားတာကို ခံခဲ့ရတဲ့သူပဲ"

* * * * * * * * *

"ဒီလောက်ဆို အဆင်ပြေပါတယ်"

ဒေးမြောင် က သူ့ဘက်ကို ကြည့်လာတဲ့အခါ မာရူး ခေါင်းညိတ်ပြလိုက်တယ်။ လေးရက်အကြာမှာ သရုပ်ဆောင်ကလပ်ရဲ့ လေ့ကျင့်ရေးအခန်းကို သူတို့ ပြန်ရောက်လာပြီး လေ့ကျင့်မှုက အမှားအယွင်းမရှိ ချောချောမွေ့မွေ့ ပြီးဆုံးသွားတယ်။

"ရက်နည်းနည်းလောက် လေ့ကျင့်ခန်းမဆင်းရလို့ အမှားတွေ လုပ်မိမလား စိတ်ပူနေတာ၊ ဒါပေမယ့် ပိုတောင် လွယ်လာသလို ခံစားရတယ်"

"အဲဒါ မင်း တော်တော်လေး ကျင့်သားရနေပြီဆိုတဲ့ သဘောပဲ။ ပြီးတော့ လုံးဝမကျင့်ဘဲ နေလိုက်တာမှ မဟုတ်တာ။ အိမ်မှာ အားလုံး ဇာတ်ညွှန်းကို အခေါက်ခေါက်အခါခါ ဖတ်ဖြစ်ကြမှာပါပဲ"

ဒေးမြောင် ရဲ့ စကားကို ကြားတော့ အဖွဲ့ဝင်တွေ ခေါင်းညိတ်လိုက်ကြတယ်။ ဆုကြီး ဒါမှမဟုတ် ရွှေတံဆိပ်ဆု ရရင် ဆိုးလ် မှာ ပြဇာတ် သွားကရမယ်လို့ ကြားရကတည်းက သူတို့အားလုံး တက်ကြွနေခဲ့တာ။ လေ့ကျင့်ချိန်မရှိတာနဲ့ပဲ အဲဒါကို လုံးဝမေ့သွားကြမှာ မဟုတ်ဘူးလေ။

"တစ်ခုခု သွားစားပြီးမှ အကုန်သိမ်းလိုက်ကြမလား"

"ဟုတ်ကဲ့"

မာရူး က ပထမနှစ်တွေကို သူ့ခရက်ဒစ်ကတ် လှမ်းပစ်ပေးလိုက်တယ်။ ပထမနှစ်တွေလည်း ချက်ချင်း ထွက်သွားကြတယ်။

"ဒါဆို ငါ ခဏလောက် လှဲလိုက်ဦးမယ်"

ဒိုဝူး က စောင်တစ်ထည်ကို ဖြန့်ပြီး လှဲချလိုက်တယ်။ မနေ့ညက ဓာတ်ဆီဆိုင်က အချိန်ပိုင်းဝန်ထမ်း အကြောင်းမကြားဘဲ ပျက်သွားလို့ မနက်ကတည်းက ပင်ပန်းနေတယ်လို့ သူ ပြောတယ်။ သူနဲ့ သူ့အဖေနဲ့ ပိုပြီး နီးကပ်လာတဲ့ပုံပဲ။

ချက်ချင်း အိပ်ပျော်သွားတဲ့ ဒိုဝူး ကို မာရူး က မေးငေါ့ပြပြီးနောက် ဒေးမြောင် နဲ့အတူ အတန်းထဲကနေ ထွက်လာခဲ့တယ်။

"ဘန်ဂျူး နဲ့ လေ့ကျင့်ရတာ အခြေအနေ ဘယ်လိုလဲ" လို့ စင်္ကြံက ပြတင်းပေါက်ဘောင်မှာ မေးတင်ထားရင်း ဒေးမြောင် က မေးလိုက်တယ်။

ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ လေအေးတွေ တိုက်ခတ်လာတယ်။ နွေရာသီဖြစ်ပေမယ့် တော်တော်လေး အေးစိမ့်နေတယ်။

"သူ တော်ပါတယ်။ အားကစားလုပ်ထားတယ်ဆိုတာ သိသာတယ်။ ခန္ဓာကိုယ်ကို သုံးတဲ့နေရာမှာ သူ တော်တော်လေး ကျွမ်းကျင်တယ်။ နည်းပြတွေကတောင် သူ့ကို လက်ထောက်အဖြစ် သုံးနေတာ"

"ကောင်းတာပေါ့။ အဲဒါဆို သူ သေချာလုပ်နိုင်ရင် ဇာတ်ရုပ်ကောင်းကောင်း ရနိုင်တာပေါ့"

"ဒါရိုက်တာက ငါတို့ကို ဘာလုပ်ခိုင်းမလဲဆိုတာ သေချာမသိလို့ တပ်အပ်တော့ မပြောနိုင်ဘူး။ ဒါပေမယ့် သူက အက်ရှင်အခန်းတွေကို ပိုဦးစားပေးနေတယ် ထင်တယ်။ ဒါကြောင့် ဘန်ဂျူး က အရေးပါတဲ့ နေရာက ပါရလိမ့်မယ်။ ဇာတ်လိုက်ရဲ့ ငယ်ဘဝအခန်းတွေ မကြာခဏ ပါလာမယ်လို့တော့ သူ ပြောသွားတယ်"

"အဓိကဇာတ်ဆောင်တွေကိုရော မင်း တွေ့ပြီးပြီလား"

"အင်း၊ လောလောဆယ် နှစ်ယောက်တော့ တွေ့ပြီးပြီ။ ပတ်ဂွမ်ဆူ နဲ့ ချာထယ်ဟွန်း ထင်တယ်။ ငါတို့နဲ့ ရွယ်တူတွေပဲ"

"ပတ်ဂွမ်ဆူ ချာထယ်ဟွန်း ဟင်း၊ ငါတော့ သူတို့ကို မသိသလိုပဲ"

"မျက်နှာကို မြင်ရင်တော့ မင်း သိမှာပါ။ ဇာတ်လမ်းတွဲတွေမှာ ကလေးသရုပ်ဆောင်အနေနဲ့ တော်တော်လေး ပါဖူးတယ်လေ"

"တကယ်လား"

ဒေးမြောင် ခေါင်းညိတ်လိုက်တယ်။

"မင်းကော ဘယ်လိုလဲ။ လွန်ခဲ့တဲ့ ရက်နည်းနည်းက မင်း ဆိုးလ် ကို သွားခဲ့တယ် မဟုတ်လား"

"အင်း... လောလောဆယ်တော့ တစ်ခုခု သင်ယူနေရသလိုပါပဲ"

"တစ်ခုခု"

"ပြဿနာက အဲဒီတစ်ခုခုဆိုတာ ဘာလဲဆိုတာ ငါကိုယ်တိုင် သေချာမသိတာပဲ"

ဒေးမြောင် က ရယ်ရင်းနဲ့ ခေါင်းကို ကုတ်လိုက်တယ်။ အဲဒါ ဘာအကြောင်းလဲဆိုတာကို မာရူး စဉ်းစားနေမိပြီး အသေးစိတ် ရှင်းပြဖို့ သူ့ကို မေးလိုက်တယ်။

"အဲဒီတုန်းက အစ်ကိုဂွတ်ဂျွန် ငါ့ကို ခေါ်လိုက်တယ်ဆိုတာ မင်း သိတယ်မလား"

"သူက ငါ့ကို အရင်ခေါ်တာကိုး"

"အဲဒီနောက် သူ့နောက်ကို ဆိုးလ် က တိုက်ခန်းတစ်ခုဆီ ငါ လိုက်သွားတယ်။ ပထမတော့ သူ့အိမ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ဘူး"

"ဒါဆို ဘယ်သူ့အိမ်လဲ"

"ဦးလေးအိမ်"

"ဦးလေး"

"အော်၊ ငါ့ဦးလေးအရင်းကို ပြောတာမဟုတ်ဘူး။ စာရေးဆရာ အန်ဖီဟျွန်း ဆိုတာကို မင်း သိလား"

"အင်း၊ နာမည်တော့ သိပ်မရင်းနှီးဘူး"

"သူက ရုပ်ရှင်တွေ၊ ဇာတ်ညွှန်းတွေ၊ စာအုပ်တွေ၊ ပြဇာတ်တွေ၊ အဲဒီလိုမျိုးတွေ ရေးတယ်။ သူ့အိမ်မှာ ငါ အများကြီး သင်ယူနေရတယ်။ အင်း၊ ဒါပေမယ့် ဘာတွေ သင်နေရလဲဆိုတာကိုတော့ ငါ အတိအကျ မပြောပြတတ်ဘူး။ များသောအားဖြင့်တော့ ငါတို့ အမြဲတမ်း စကားတွေ ပြောဖြစ်ကြတယ်လေ။ ကမ္ဘာကြီးအကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ အဲဒီလိုမျိုးတွေပေါ့။ တစ်ခါတလေကျရင် ရုပ်ရှင်အကြောင်း ပြောနေရင်းကနေ ဘယ်လိုဖြစ်ပြီး အရက်သောက်တဲ့အကြောင်း ရောက်သွားမှန်းမသိဘူး။ သေချာတာကတော့ စာဖတ်ရတာပဲ၊ ဘယ်အမျိုးအစားဖြစ်ဖြစ် ဖတ်ရတာ။ လောလောဆယ်တော့ သိပ္ပံစာအုပ်တစ်အုပ် ဖတ်နေတယ်"

"တကယ်လား။ အစ်ကိုဂွတ်ဂျွန် ရော အဲဒီမှာ ရှိနေတာလား"

"အင်း။ သူက တကယ်တော့ ဦးလေးအိမ်မှာ နေတာ။ သူ့ရဲ့ နောက်ထပ်ဖန်တီးမှုကို ရေးနေတယ်"

"စာရေးဆရာ နှစ်ယောက်ပေါ့။ အဲဒါ တော်တော်၊ မဟုတ်ဘူး၊ မယုံနိုင်လောက်အောင် ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု မဟုတ်ဘူးလား။ ဒါရိုက်တာလုပ်ဖို့ အခြေခံက စာရေးတာပဲ မဟုတ်ဘူးလား"

"အင်း။ ဦးလေးကလည်း အဲဒီလိုပဲ ပြောတယ်။ တစ်ခုခုကို ဖန်တီးချင်တဲ့သူတွေက စာရေးနိုင်ဖို့ လိုတယ်တဲ့"

"သေချာသင်ယူပါ။ သူက မင်းကို အခြေခံကနေစပြီး သင်ပေးနေတာ ထင်တယ်။ နားမလည်တာရှိရင် မေးဖို့ ဝန်မလေးနဲ့။ အစ်ကိုဂွတ်ဂျွန် က ဘယ်တော့မှ အရင်စပြီး မပြောတတ်ဘူးဆိုတာ မင်း သိတယ်မလား"

"အင်း"

မာရူး လည်း ပြတင်းပေါက်ဘောင်ပေါ် လက်တင်လိုက်တယ်။ အပြင်ဘက်က ချယ်ရီပင်တွေက လေပြင်းနဲ့အတူ ယိမ်းနွဲ့နေတယ်။

"ဒါဆို မင်းရေးနေတဲ့ ပြဇာတ်ကို ခဏရပ်ထားလိုက်ပြီပေါ့"

"လောလောဆယ်တော့ ရပ်ထားဖို့ သူ ပြောတယ်။ စာရေးတာ ကောင်းမကောင်းဆိုတာ အံဆွဲထဲမှာ အချိန်အတန်ကြာ သိမ်းထားပြီးမှပဲ သိနိုင်တာလို့ သူ ပြောတယ်။ တကယ်ကောင်းတဲ့ စာဆိုတာ နောက်မှ ပြန်ဖတ်ရင်တောင် ကောင်းနေတာပဲတဲ့"

"ဟုတ်သလိုပဲ။ ဒါပေမယ့် အဲဒီလူတွေကို အရမ်းကြီးလည်း မယုံနဲ့။ နောက်ဆုံးတော့ မင်းနဲ့ကိုက်ညီမယ့် နည်းလမ်းက တခြားတစ်နေရာမှာ ရှိနေနိုင်တယ်"

"ငါ သိပါတယ်" လို့ ဒေးမြောင် က ရယ်ကျဲကျဲနဲ့ ပြန်ဖြေတယ်။

"အာ၊ ဟုတ်သားပဲ။ စီနီယာမီဆို ဆီက စာဝင်ထားတယ်။ ဒေသအဆင့် ပြိုင်ပွဲတွေ ပြီးသွားရင် ဒယ်ဟတ်ရို ကို လာခဲ့ဖို့ ပြောထားတယ်"

"ဒယ်ဟတ်ရို မိုးပြာရောင် ကိုလား"

"အင်း။ ပထမနှစ်တွေ အဲဒီကို မရောက်ဖူးကြသေးဘူးလေ"

"ဟုတ်သားပဲ။ ငါတို့ တစ်ခေါက်လောက် သွားသင့်တယ်"

"မနှစ်ကတော့ စီနီယာတွေ ငါတို့နဲ့အတူ ရှိနေခဲ့တယ်၊ ဒါပေမယ့် ဒီနှစ်တော့ ငါတို့အထက်မှာ ဘယ်သူမှ မရှိတော့သလိုပဲ။ အားလုံးပဲ အလုပ်ရှုပ်နေကြသလား မသိဘူး"

"သူတို့အားလုံးက စာမေးပွဲဖြေရမယ့် ကျောင်းသားတွေလေ။ တစ်ခါတလေ မုန့်တွေဝယ်လာပေးပြီး ဇာတ်ခုံတည်ဆောက်တဲ့နေရာမှာ ကူညီပေးကြတာကိုပဲ ငါတို့ ကျေးဇူးတင်ရမှာ"

"ဟုတ်တော့လည်း ဟုတ်ပါတယ်။ CSATs ဖြေဖို့ အချိန်သိပ်မကျန်တော့ဘူးလေ"

(TR Note: ကိုရီးယားတက္ကသိုလ်ဝင်စာမေးပွဲ)

"ငါတို့လည်း နောက်နှစ်ဆို ဖြေရတော့မှာပဲ"

"မင်း အဲဒီလိုပြောလိုက်တော့ တော်တော်နီးနေပြီလို့ ခံစားရတယ်"

ဒေးမြောင် က လက်ပိုက်လိုက်ပြီး စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာပေး လုပ်လိုက်တယ်။

"မာရူး ၊ ကောလိပ်နဲ့ပတ်သက်ပြီး မင်း ဘယ်လိုလုပ်မလဲ"

"ငါလား။ ငါလည်း မသိဘူး။ အခုအခြေအနေတွေအရ ကြည့်ရရင်တော့ ငါ သွားဖို့ မလိုဘူးလို့ ထင်တယ်။ ပြဇာတ်မေဂျာယူမယ်လို့ ကတိပေးထားပေမယ့် စာချုပ်ထဲက သတ်မှတ်ချက်တွေကလည်း ပြောင်းသွားပြီလေ။ ငါသာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆက်အလုပ်လုပ်နေနိုင်ရင် ဘွဲ့တစ်ခု ရဖို့ မလိုတော့ဘူး ထင်တယ်"

"ငါ မြင်ဖူးသလောက်တော့ နာမည်ကြီးတွေက ကောလိပ်ကို အထူးဝင်ခွင့်နဲ့ ရကြတာပဲ"

"အဲဒါက နာမည်ကြီးတဲ့သူတွေအတွက်ပဲ အကျုံးဝင်တာ။ မင်းကော ဘယ်လိုလဲ။ ဥက္ကဋ္ဌ က တစ်ခုခု ပြောသေးလား"

"ငါ ပြဇာတ်မေဂျာ ယူမယ်ဆိုရင် ကျောင်းလခအကုန်လုံးကို သူက ရှင်းပေးမယ်ဆိုတဲ့အချက်ကတော့ ဘာမှမပြောင်းလဲသေးဘူး။ ဒါပေမယ့် ငါက သရုပ်ဆောင်ဘက်ထက် ဒါရိုက်တာလုပ်တဲ့ဘက်ကို ပိုသွားချင်တာ။ ပြဇာတ်မေဂျာကိုပဲ ဆက်ယူသင့်တယ်လို့ မင်း ထင်လား"

"မင်း စိတ်ကူးထားတဲ့ ဌာန ရှိလို့လား"

"ငါလား။ ရှိတယ်လို့ ထင်တာပဲ"

"ဘာလဲ"

"ဒဿနိကဗေဒ"

"...အို၊ ဒဿနိကဗေဒ"

မာရူး သူ့မျက်ခုံးကို ကုတ်လိုက်တယ်။ ဒဿနိကဗေဒ တဲ့။ သူသာ ဘာမှမသိဘူးဆိုရင် ဒေးမြောင် ကို အားပေးမိမှာပဲ၊ ဒါပေမယ့် အဲဒီဌာနနဲ့ပတ်သက်ပြီး လူတွေရဲ့ အထင်အမြင်လွဲမှားမှုတွေက ဒေးမြောင် ကို အားမပေးနိုင်အောင် တားဆီးနေတယ်။

"မင်းမှာ ခိုင်မာတဲ့ ရည်ရွယ်ချက်ရှိရင်တော့ သွားသင့်တယ် ထင်တာပဲ"

"နောက်မှ သူ့ကို ပြောပြဖို့ စိတ်ကူးထားတယ်"

"အေးပါ။ သူက အလားအလာကို မြင်ရင် တုံ့ဆိုင်းမနေဘဲ ရင်းနှီးမြှုပ်နှံမယ့် လူစားမျိုးဆိုတော့ သူ့ကို သေချာနားချကြည့်ပါ။ ဟင်း... ဒါနဲ့ ဒီအကြောင်းကို မင်းမိဘတွေကိုရော ပြောပြပြီးပြီလား"

"ဟင့်အင်း၊ ဘာဖြစ်လို့လဲ"

"အင်း၊ မင်းမိဘတွေ စိတ်ကြည်နေတဲ့အချိန်ကျမှ အဲဒီအကြောင်းကို သတိထားပြီး ခပ်ဖြည်းဖြည်း စပြောကြည့်"

"မင်း ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ"

"ဒီတစ်ခါတော့ ငါ့ကိုသာ ယုံလိုက်စမ်းပါ။ အခြေအနေမကောင်းဘူးဆိုရင် လုံးဝမပြောနဲ့။ ပြီးတော့ ဖြစ်နိုင်ရင် ဥက္ကဋ္ဌ နဲ့ ကျောင်းလခကိစ္စ ပြောပြီးမှ သူတို့ကို ပြောပြ။ ဒဿနိကဗေဒ ဌာနကို သွားရင် ကျောင်းလခ အခမဲ့ရမယ်ဆိုတဲ့အကြောင်း သူတို့ကို ပြောလိုက်ရင်... အဆင်ပြေသွားမှာပါ။ ပြေလောက်မှာပါ"

မာရူး က စိတ်ရှုပ်ထွေးနေတဲ့ ဒေးမြောင် ရဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။

အဲဒီအချိန်မှာပဲ အလယ်လှေကားဆီကနေ ဆူညံသံတချို့ ကြားလိုက်ရတယ်။ ပထမနှစ်တွေ အစားအသောက် ဝယ်ပြီး ပြန်လာကြပြီထင်တယ်။

"လောလောဆယ်တော့ သွားစားကြရအောင်"

အဲဒီစကားကို ကြားလိုက်တာနဲ့ ဒေးမြောင် ရဲ့ မျက်နှာက လင်းလက်သွားတယ်။ ဒီအပြစ်ကင်းစင်တဲ့ ကောင်လေး အခက်အခဲတွေနဲ့ မကြုံပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။

"ဒိုဝူး ၊ ထတော့။ သွားစားကြမယ်"

မာရူး က အိပ်နေတဲ့ ဒိုဝူး ကို ခြေထောက်နဲ့ ပုတ်ရင်း အော်ပြောလိုက်တယ်။

* * * * * * * * *

All Chapters