အခန်း ၃၆၀
Vol. 36 Ch. 360
အခန်း(၃၆၀)
"စိတ်မလှုပ်ရှားနဲ့နော်"
"အင်းပါ"
"မေးသမျှကို သေချာဖြေဖို့ မှတ်ထား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေ။ ဘယ်သူကမှ နင့်ကို ပြာယာခတ်နေတာမျိုး မမြင်ချင်ဘူး"
"အိုကေ"
"ပြီးတော့..."
ယိုဂျင် နောက်ထပ် စကားနည်းနည်း ထပ်ပြောဖို့ ပြင်လိုက်ချိန်မှာပဲ နောက်ထပ် အင်တာဗျူးဖြေမယ့်သူကို ခေါ်လိုက်တဲ့ အသံ ထွက်ပေါ်လာတယ်။
"ကံကောင်းပါစေ"
သူမ အင်တာဗျူးခန်းထဲ ဝင်သွားတာကို ကြည့်ရင်း ယိုဂျင် သက်ပြင်းချလိုက်တယ်။ ဘာကြောင့်ရယ်မသိ သူမကိုယ်တိုင် စိတ်လှုပ်ရှားနေမိတယ်။ တကယ်တမ်း လူရွေးပွဲဝင်နေတာက 'ဘန်ဘန်' ဖြစ်နေပေမယ့်ပေါ့။
"ဒါ ဒုတိယအကြိမ်ဆိုတော့ ပြဿနာတော့ သိပ်မရှိလောက်ဘူးလို့ သူ ပြောတာပဲ"
ပုံမှန်အားဖြင့်တော့ ပထမအကြိမ် လူရွေးပွဲပြီးရင် လုပ်တဲ့ အင်တာဗျူးဆိုတာ ဒါရိုက်တာ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာနဲ့ စကားပြောရုံသက်သက်ပါပဲ။ အများအားဖြင့်ကတော့ အောင်၊ မအောင်ဆိုတာ ပထမအကြိမ် လူရွေးပွဲပြီးကတည်းက ဆုံးဖြတ်ပြီးသား။ တခြားလိုပြောရရင် သူ အခုလို အင်တာဗျူးလာဖြေရတယ်ဆိုတာက ရွေးချယ်ခံရဖို့ ရာခိုင်နှုန်း တော်တော်များနေပြီလို့ ဆိုလိုတာပဲ။ အထဲရောက်မှ ဒါရိုက်တာနဲ့ ပြဿနာသွားမရှာဘူးဆိုရင် သူ သေချာပေါက် အောင်မှာပဲ။
ယိုဂျင် လွယ်အိတ်ထဲက ရေသန့်ဘူးကို ထုတ်ပြီး တစ်ငုံ သောက်လိုက်တယ်။ သူ အထဲဝင်သွားတာ ဆယ်မိနစ်တောင် ရှိသွားပြီ။ အထဲမှာ ဘာတွေများ ပြောနေကြလဲဆိုတာ သူ သိချင်နေမိတယ်။ သူ ရေဆာလာတယ်။ အပြင်ကို ငိုပြီး ပြန်ထွက်လာတာမျိုးတော့ မဖြစ်နိုင်ပါဘူးလေ၊ ဟုတ်တယ်မလား။
သူ စင်္ကြံလမ်းတစ်လျှောက် ဟိုဟိုဒီဒီ လမ်းလျှောက်နေလိုက်တယ်။ အင်တာဗျူးခန်း တံခါး ပွင့်လာတဲ့အချိန်မှာတော့ အင်တာဗျူးနေတဲ့သူတွေကို သူ အရိုအသေပေးနေတာကို မြင်လိုက်ရတယ်။
ပါးစပ်ပိတ်ပြီး သူ့ဆီ လျှောက်လာတဲ့ သူမကို ယိုဂျင် ကြည့်လိုက်တယ်။ ဘာကြောင့်ရယ်မသိ သူမရဲ့ မျက်နှာအမူအရာက သိပ်ကြည့်ကောင်းမနေဘူး။ သူမရဲ့ လက်နှစ်ဖက်ကို ဗိုက်ပေါ်မှာ ယဉ်ယဉ်ကျေးကျေး ယှက်ထားပြီး မျက်လုံးတွေကတော့ ကြမ်းပြင်ကို စိုက်ကြည့်နေတယ်။ သူများ ကျသွားတာလား။
"ဘာဖြစ်လို့လဲ။ အဆင်မပြေဘူးလား"
"ဟူး..."
သူ သက်ပြင်းချလိုက်တယ်။ ယိုဂျင်လည်း ဘာပြောရမှန်း မသိတော့ဘူး။ သဘာဝကျကျပဲ သူ အောင်မြင်သွားလိမ့်မယ်လို့ တွေးထားခဲ့တာ။ ပထမအကြိမ် လူရွေးပွဲ အောင်တုန်းက သူ ပျော်လွန်းလို့ ခုန်ပေါက်နေခဲ့တာကိုတောင် မှတ်မိနေသေးတယ်။ အခုတော့ သူ တော်တော်လေး စိတ်ဓာတ်ကျနေလောက်ပြီ။
"သွားရအောင်။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူးလေ။ လောလောဆယ် ရေခဲခြစ် သွားစားရအောင်။ အေးအေးလေး တစ်ခုခု စားပြီးရင် ငါတို့... အင်း ဟုတ်တယ်။ ကာရာအိုကေခန်း ကို သွားပြီး အသံကုန် အော်ဆိုကြမယ်။ ဘယ်လိုလဲ" လို့ ယိုဂျင်က သူမရဲ့ လက်ကို ဆွဲကိုင်ရင်း ပြောလိုက်တယ်။
စိတ်ပျက်နေတဲ့ သူငယ်ချင်းအတွက် သူ တစ်ခုခုတော့ လုပ်ပေးချင်နေတယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ ပခုံးတွေ တုန်ယင်သွားတာကို သူ သတိထားလိုက်မိတယ်။ သူမက တစ်ချက်တောင် ရယ်လိုက်သေးတယ်။
"နင်... မပြောနဲ့နော်..."
"ယိုဂျင် ငါ အောင်သွားပြီဟေ့ ရက်တွေသတ်မှတ်ပြီးတာနဲ့ ငါ့ဆီ ဆက်သွယ်မယ်လို့ သူတို့ ပြောတယ်"
သူမက ယိုဂျင်ရဲ့ လက်နှစ်ဖက်ကို ဆွဲကိုင်ရင်း ယုန်လေးတစ်ကောင်လို ခုန်ပေါက်နေတော့တယ်။ ယိုဂျင် ပြန်ပြုံးပြပြီး ဂုဏ်ပြုစကားပြောတော့မလို့ လုပ်ပေမယ့် မျက်မှောင်ကြုတ်သွားပြီး သူမရဲ့ လက်တွေကို လွှတ်ချလိုက်တယ်။
"ငါကတော့ နင့်အတွက် စိတ်ပူနေလိုက်ရတာ။ နင်ကများ ငါ့ကို နောက်ရဲတယ်ပေါ့လေ"
"ယိုဂျင်... ဆောရီးပါ။ ငါ နင့်ကို ရေခဲခြစ် ဝယ်ကျွေးပါ့မယ်"
"ရေခဲခြစ် အဲဒါနဲ့တင် လုံလောက်မယ် မထင်ဘူးနော်"
"ဒါဆို ကာရာအိုကေခန်း အတွက်ပါ ငါ ရှင်းမယ်"
သူမ အသံစူးစူးလေးနဲ့ အော်ရင်း ပြေးသွားတယ်။ ပြေးသွားတဲ့ သူမကို ကြည့်ရင်း ယိုဂျင် ပြုံးလိုက်မိတယ်။ သူတို့ ဆူညံလိုက်လို့ စင်္ကြံထဲက တခြားလူတွေ ကွက်ကြည့်ကွက်ကြည့် လုပ်နေတာကို သတိထားမိသွားတဲ့အတွက် အမြန်တောင်းပန်လိုက်ပြီး သူမနောက်ကို လိုက်သွားတယ်။ ဓာတ်လှေကားရှေ့မှာ ပျော်လွန်းလို့ ခုန်ပေါက်နေတဲ့ သူမကို သူ တွေ့လိုက်တယ်။
"သူတို့ ဘာပြောလိုက်လဲ"
"ငါက ပေါ့ပေါ့ဆဆနေတတ်တဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ရမယ်တဲ့၊ အဲဒါက ငါ့ရဲ့ အထူးကျွမ်းကျင်မှုပဲလို့ သူတို့ကို ပြန်ပြောလိုက်တယ်။ ပြီးတော့ သူတို့ကို သရုပ်ဆောင်ပြခိုင်းတယ်"
"ပြီးတော့ရော"
"ပထမတော့ အံ့ဩသွားတာပေါ့၊ ဒါပေမယ့် အဲဒါကို အသုံးချလို့ရမယ် ထင်တာနဲ့ ငါ့ရှေ့က လူတွေကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေလိုက်တယ်။ အဲဒီလိုလုပ်လိုက်တော့ ဇာတ်ညွှန်းရေးဆရာက ပြုံးသွားတယ်။ ပရိုဂျူဆာလည်း ရယ်တယ်လေ။ မူလက ရည်ရွယ်ထားတဲ့ ကာရိုက်တာနဲ့ ငါက အတော်လေး ကိုက်ညီပုံရတယ်လို့ ဇာတ်ညွှန်းရေးဆရာက ပြောတယ်"
"တကယ်လား။ တော်တော်မိုက်တာပဲ"
ဓာတ်လှေကားက ပဉ္စမထပ်ကို ရောက်လာပြီး ပွင့်သွားတယ်။ သူမက အရင်ကထက်ကို ပေါ့ပါးနေတဲ့ ခြေလှမ်းတွေနဲ့ အထဲကို ခုန်ဝင်သွားတယ်။ ဟီလီယမ် ပူဖောင်းတချို့သာ ပေးလိုက်ရင် သူမ ကောင်းကင်ပေါ်ကို ပျံတက်သွားမလားတောင် ယိုဂျင် တွေးလိုက်မိတယ်။
ပထမထပ်အတွက် ခလုတ်ကို နှိပ်လိုက်ပြီးနောက် သူမက စကားဆက်ပြောတယ်။
"အထဲမှာ သရုပ်ဆောင်တွေကော ရှိလား"
"မရှိပါဘူး၊ ပရိုဂျူဆာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ရုပ်သံလိုင်းက လူနှစ်ယောက်လောက်ကိုပဲ တွေ့ခဲ့တာ"
"တကယ်လား။ နင့်ရဲ့ စီနီယာကော။ လူရွေးပွဲအကြောင်း နင့်ကို ပြောပြခဲ့တဲ့ တစ်ယောက်လေ"
"အဲဒီမှာ သူမရှိဘူး။ အာ... အခုပဲ သူ့ဆီ ဖုန်းဆက်လိုက်ဦးမယ်"
"သူက နင့်ကျောင်းက ကျောင်းဆင်းဆို"
"အင်း။ သူက ဖျော်ဖြေရေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်တာ။ ခဏလေးနော်"
သူမက ဖုန်းစခေါ်ခေါ်ချင်းပဲ 'စီနီယာ' လို့ နှုတ်ဆက်ပြီး သူ အောင်မြင်သွားတဲ့အကြောင်း စီနီယာကို ပြောပြလိုက်တယ်။ ဒါဟာ မြောင်ဟွာ အထက်တန်းကျောင်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဂျောင်ဂီ ပြည်နယ်မှာ မြောင်ဟွာ အထက်တန်းကျောင်းလောက် ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ အခြေခံအဆောက်အအုံ ကောင်းကောင်းရှိတဲ့ ကျောင်းမျိုး မရှိဘူးလေ။ သရုပ်ဆောင်ကလပ်က တစ်ပိုင်းဆိုပေမယ့် မြောင်ဟွာ အထက်တန်းကျောင်းကို တက်နေတဲ့ နာမည်ကြီး အနုပညာရှင်တွေလည်း တော်တော်များများ ရှိတယ်။
"ဟုတ်ကဲ့ပါ စီနီယာ။ နောက်မှ တစ်ခေါက်လောက် လာလည်ပါ့မယ်"
သူမက ပြုံးလျက်နဲ့ ဖုန်းချလိုက်တယ်။
"ဟူး... အိပ်မက်တစ်ခုလိုပဲ"
"အိပ်မက်မဟုတ်ပါဘူးဟယ်။ ဝါး... ငါတောင် ဆစ်ကွန်း ကို တစ်ခါမှ မရိုက်ဖူးသေးဘူး"
(TR Note: ဆစ်ကွန်း Sitcom အခြေအနေအလိုက် ဟာသဖြစ်ပျက်မှုများကို အသားပေးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ အမျိုးအစား)
"ဒါပေမယ့် နင်က ဇာတ်လမ်းတွဲရော ရုပ်ရှင်ရော ရိုက်ဖူးတဲ့ အတွေ့အကြုံရှိတယ်လေ။ ငါ့အတွက်ကတော့ ဇာတ်ပို့အနေနဲ့ ဒါ ပထမဆုံးပဲ"
"ဘယ်လို ခံစားရလဲ"
"ပျံတောင် ပျံနိုင်တော့မလို ခံစားရတယ်။ အို... ဟုတ်သားပဲ"
သူ နောက်တစ်ယောက်ဆီ ဖုန်းထပ်ခေါ်ပြန်တယ်။ နီရဲနေတဲ့ သူမရဲ့ ပါးပြင်တွေကို ကြည့်တာနဲ့တင် ဘယ်သူ့ဆီ ဖုန်းခေါ်နေတယ်ဆိုတာ သိသာနေတယ်။ ဓာတ်လှေကားက ပထမထပ်ကို ရောက်လာပြီး ဧည့်ခန်းမထဲကို လျှောက်ထွက်လာတဲ့အချိန်အထိ သူမရဲ့ ဖုန်းကို နားကနေ မခွာသေးဘူး။
"မာရူး ဖုန်းမကိုင်ဘူးလား" လို့ ယိုဂျင်က မေးလိုက်တယ်။
သူမ တွန့်ခနဲဖြစ်သွားပြီး ယိုဂျင်ကို ကြည့်ကာ ခေါင်းခါပြတယ်။
"သူလည်း အလုပ်များနေတယ်"
"ဒါလည်း ဟုတ်တာပါပဲ"
"ဒါပေမယ့်လည်း သူ့ကို ခွင့်မလွှတ်နိုင်ဘူး။ ချစ်စရာကောင်းတဲ့ ဘန်ဘန်ရဲ့ ဖုန်းကိုများ မကိုင်ရဲတယ်လို့"
"သူ အလုပ်များနေတာကို ငါလည်း ဘာမှမတတ်နိုင်ဘူးလေ"
သူမ တခစ်ခစ် ရယ်နေတာကို မြင်တော့ ယိုဂျင်က ခါးကို လိမ်ဆွဲလိုက်တယ်။
"အ့... နာတယ်ဟ"
"ကောင်းတယ်။ အဲဒါ ငါ့ရည်ရွယ်ချက်ပဲ"
သူမက မက်ဆေ့ခ်ျပို့ရင်းနဲ့ ခါးကို ပွတ်နေတယ်။ စာပို့တာကိုပဲ အာရုံရောက်နေတဲ့ သူမကို ရုပ်သံလိုင်းထဲကနေ ခေါ်ထုတ်ဖို့ ယိုဂျင်က နောက်ကျောကို တွန်းပေးလိုက်တယ်။ သူတို့ လည်ပတ်နေတဲ့ တံခါးဆီကို လျှောက်သွားကြတယ်။ လူရွေးပွဲလည်း အောင်သွားပြီဆိုတော့ ကျန်တာက စိတ်ကြိုက် လျှောက်လည်ဖို့ပဲ ရှိတော့တယ်။
"ဒီကနေ ထွက်ရအောင်"
သူမက စကားပြောရင်း လည်ပတ်နေတဲ့ တံခါးကို လက်ညှိုးထိုးပြလိုက်တယ်။ ယိုဂျင် ခေါင်းညိတ်လိုက်တယ်။ သူတို့ လည်ပတ်တံခါးထဲ ဝင်ပြီး အဆောက်အအုံထဲကနေ အပြင်ကို ထွက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ။
"ဟင်"
ရင်းနှီးနေတဲ့ မျက်နှာတစ်ခု တံခါးရဲ့ တစ်ဖက်မှာ ပေါ်လာတယ်။ ဂျီဆော့ ဖြစ်နေတယ်။
"အို... လီယိုဂျင်"
ဂျီဆော့က သူ့ခေါင်းပေါ်ကနေ လက်ကို တက်တက်ကြွကြွ ဝှေ့ယမ်းပြတယ်။ သူက အမြဲတမ်းလိုလို စိတ်လှုပ်ရှား တက်ကြွနေတတ်တယ်။
"ယူးဂျီဆော့... ဒီကို ဘာကိစ္စရှိလို့လဲ"
"အင်း။ အင်တာဗျူးလာဖြေတာ"
"အင်တာဗျူး"
"အင်း။ ဒါထက် နင့်ဘေးက ချစ်စရာကောင်မလေးက ဘယ်သူလဲ"
ယိုဂျင်က သူမကို သူ့အနောက်မှာ အမြန်ကွယ်ထားလိုက်တယ်။ ဒီ ဖော်ရွေလွန်းတဲ့ ကောင်ရှေ့မှာ ဘန်ဘန်ကို မပြချင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဂျီဆော့က သူမအနားကို ချဉ်းကပ်လာတယ်။
"ဟိုင်း"
"...ဟိုင်း"
နည်းနည်းလေး ပြာယာခတ်သွားပေမယ့် ဂျီဆော့ရဲ့ နှုတ်ဆက်တာကို သူမ ပြန်တုံ့ပြန်လိုက်တယ်။ ယိုဂျင်က ဂျီဆော့ရဲ့ ဂုတ်ကနေ ဆွဲကိုင်ပြီး အားကုန်သုံးကာ အနောက်ကို ဆွဲချလိုက်တယ်။
"အ့... ငါ့လည်ပင်း ကျိုးတော့မှာပဲ"
"ဒီလောက်နဲ့တော့ မကျိုးပါဘူး သိလား"
"ငါ ဘာများ အမှားလုပ်မိလို့လဲ။ ရင်းနှီးချင်လို့ နှုတ်ဆက်ရုံလေး နှုတ်ဆက်လိုက်တာပဲလေ။ ဟုတ်တယ်မလား"
ဂျီဆော့က သူမကို ကြည့်ရင်း ပြောလိုက်တယ်။ ယိုဂျင် သက်ပြင်းချလိုက်တယ်။ ဂျီဆော့ရဲ့ မျက်လုံးတွေက ဒီကောင်မလေး ဘယ်သူလဲဆိုတာကို မပြောပြမချင်း သူ ထွက်သွားမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းကို ပြောနေတယ်။
"ဒီကောင်က ယူးဂျီဆော့လို့ ခေါ်တယ်။ တော်တော်လေး စိတ်ညစ်ဖို့ကောင်းတဲ့ကောင်"
"ဟိုင်း... ငါက ယူးဂျီဆော့ပါ။ တွေ့ရတာ ဝမ်းသာပါတယ်"
သူက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို ကမ်းပေးလိုက်တယ်။ သူမက သူ့လက်ကို ခဏလောက် စိုက်ကြည့်နေပြီးမှ လက်ဆွဲနှုတ်ဆက်လိုက်တယ်။
"ဟယ်လို"
သူတို့နှစ်ယောက် နှုတ်ဆက်နေကြတာကိုပဲ ယိုဂျင် စောင့်ကြည့်နေလိုက်တယ်။ ဂျီဆော့က သူမရဲ့ နာမည်ကို ကြားလိုက်တဲ့အခါ မျက်လုံးပြူးသွားပြီး မေးလိုက်တယ်။
"မင်းက မာရူးရဲ့ ကောင်မလေးလား"
"ဟင် အင်း ဟုတ်တယ်"
"မင်းကိုး။ ဝါး... မင်းကို တွေ့ရတာ တကယ်ဝမ်းသာပါတယ်။ ငါက မာရူးရဲ့ နံပါတ်သုံး အချစ်ဆုံးသူငယ်ချင်းပဲ၊ ဒါကြောင့် နောက်ပိုင်းလည်း မင်းနဲ့ ပိုတွေ့ရဖို့ မျှော်လင့်ပါတယ်"
"နင်က မာရူးနဲ့ သူငယ်ချင်းလား"
"ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေလို့ ပြောသားပဲ။ ဖြစ်နိုင်တာပေါ့လေ"
"ဖြစ်နိုင်တာ"
ယိုဂျင်က သူမရဲ့ နားနားကို ကပ်ပြီး တီးတိုးပြောလိုက်တယ်။
"သူက တည်ငြိမ်မှုမရှိတဲ့ကောင်မို့လို့ သူပြောတာတွေကို အတည်မယူနဲ့"
"ဟေး... ငါ ကြားရတယ်နော်"
ဂျီဆော့က သူမကို သူ့ဖုန်းပေးရင်း ပြောလိုက်တယ်။
"ဖုန်းနံပါတ် ပေးပါဦး"
"ငါ့ ဖုန်းနံပါတ်"
"အင်း"
သူမက သိပ်ပြီး တုံ့ဆိုင်းမနေဘဲ ဂျီဆော့ရဲ့ ဖုန်းထဲကို ဖုန်းနံပါတ် ရိုက်ထည့်ပေးလိုက်တယ်။ ဂျီဆော့က ဖုန်းခေါ်လိုက်တော့ သူမရဲ့ ဖုန်း မြည်လာတယ်။
"အဲဒါ ငါ့နံပါတ်ပဲ။ မာရူးက ငါ့ဖုန်းတွေကို အမြဲတမ်း ရှောင်လေ့ရှိတယ်။ အပြင်သွားရအောင်လို့ ခေါ်ရင် သူက အနှောင့်အယှက်မခံနိုင်ဘူးဆိုပြီး အမြဲ ထွက်ပြေးတာပဲ။ အဲဒါကြောင့် နောက်ပိုင်း ငါ့ကို နည်းနည်းလောက် ကူညီပါဦး။ သူက သူ့ကောင်မလေးဆို တအားကို အလိုလိုက်တာ ငါ သိတယ်"
သူ့စကားတွေ ကြားတော့ သူမ မျက်နှာ ရဲတက်သွားတယ်။ သူမကို ဖတ်ရတာ တကယ်ကို လွယ်ကူလွန်းတယ်။ ယိုဂျင်က သူတို့နှစ်ယောက်ကြားကို ဖြတ်ပြောလိုက်တယ်။
"ကဲ... ငါတို့က သွားလည်ကြတော့မှာမို့လို့ နင်လည်း နင့်ကိစ္စ နင်သွားလုပ်ပါတော့လား"
"ငါ့ကိုရော ခေါ်သွားလို့မရဘူးလား"
"နင် ဒီမှာ ကိစ္စရှိတယ်ဆို။ သွားစရာရှိတာ သွားပါတော့"
ယိုဂျင်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ ဂျီဆော့က စိတ်ပျက်သွားတဲ့ မျက်နှာထား လုပ်ပြတယ်။
"ကောင်းပြီလေ၊ ငါ သွားပါ့မယ်။ ဒါနဲ့ နင်တို့နှစ်ယောက်က ဘာလို့ ဒီရောက်နေတာလဲ။ အစီအစဉ်တစ်ခုခုကို လာကြည့်တဲ့ ပရိသတ်အနေနဲ့လား။ ဒါမှမဟုတ် တခြားကိစ္စလား"
"ဒီကောင်မလေးရဲ့ အင်တာဗျူးကြောင့်လေ"
ပြန်တွေးကြည့်တော့ ဂျီဆော့ကလည်း အင်တာဗျူးအတွက် ဒီကိုရောက်နေတာလို့ ပြောခဲ့တယ်။ ရုပ်သံလိုင်းလည်း အတူတူ၊ အင်တာဗျူးရက်ကလည်း အတူတူပဲ။ သူ့အင်တာဗျူးကကော ဆစ်ကွန်း အတွက်ပဲလား။
"နင်လည်း ဆစ်ကွန်း အင်တာဗျူးကြောင့် ဒီရောက်နေတာလား"
ယိုဂျင်က သေချာအောင် မေးကြည့်လိုက်တယ်။ ဂျီဆော့က ပြုံးပြီး ခေါင်းညိတ်ပြတယ်။
"နေပါဦး။ ဒါဆို နင်တို့နှစ်ယောက်က ဆစ်ကွန်း တစ်ခုတည်းမှာ အတူတူ ပါဝင်ရမှာပေါ့"
ယိုဂျင်က သူမကို ကြည့်လိုက်တယ်။ သူမက ဂျီဆော့ကို အံ့ဩတကြီးနဲ့ ကြည့်နေတယ်။
"နောက်ပိုင်းလည်း ငါ့ကို ကူညီပါဦးနော်။ အို... ငါ ဟိုလူ့ဆီကိုလည်း စာပို့လိုက်ဦးမှ"
ဂျီဆော့က စိတ်ဝင်စားစရာ အရုပ်တစ်ခုကို တွေ့သွားတဲ့ ကလေးတစ်ယောက်လို ရယ်မောရင်း ဓာတ်လှေကားဆီကို လျှောက်သွားတယ်။
"ငါ့ရဲ့ ဘန်ဘန်လေး... နင့်အတွက်တော့ ဘယ်လိုလုပ်ရပါ့မလဲ။ ရိုက်ကူးရေး တစ်လျှောက်လုံး နင် အတော်လေး ဒုက္ခရောက်တော့မှာပဲ"
"ဘာလို့လဲ။ သူက ဆိုးမယ့်ပုံစံမျိုး မပေါ်ပါဘူး"
"အဲဒါ နင် သူနဲ့ အချိန်အကြာကြီး မနေရသေးလို့လေ။ အဲဒီကောင်က တကယ်ကို ထူးဆန်းတာ။ သူ့မှာ ရှက်ရွံ့တယ်ဆိုတာ နည်းနည်းလေးတောင် မရှိဘူး။ နောက်ပိုင်း သူ နင့်နား ကပ်လာရင် မသိချင်ယောင်သာ ဆောင်နေလိုက်။ မဟုတ်ရင် ရိုက်ကူးရေး တစ်လျှောက်လုံး သူ ပြောသမျှ နင် ထိုင်နားထောင်နေရလိမ့်မယ်"
ယိုဂျင်က ခေါင်းခါရင်း သူမကို ရုပ်သံလိုင်းထဲကနေ ဆွဲထုတ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ ဖုန်း မြည်လာတယ်။
"ခဏလေး။ အင်း မာရူး။ ဘာဖြစ်လို့လဲ"
မာရူးဆီကနေ ဖုန်းဝင်လာတာ ဖြစ်ပုံရတယ်။ ယိုဂျင်က သူမကို ဘေးကနေ စောင့်ကြည့်နေတယ်။ အစပိုင်းမှာတော့ မျက်နှာပေါ်က အပြုံးနဲ့ စကားပြောနေပေမယ့် ဖုန်းချသွားတဲ့အချိန်မှာတော့ အဲဒီအပြုံးက နောက်ပြောင်ချင်တဲ့ အမူအရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
"ဘာဖြစ်လို့လဲ"
"မာရူးလည်း နင်ပြောသလိုပဲ ပြောတယ်။ ဂျီဆော့က အရမ်း စိတ်အနှောင့်အယှက်ပေးတတ်တဲ့ကောင်မို့လို့ သူနဲ့ မပတ်သက်ဖို့ ငါ့ကို ပြောတယ်"
"သူ့အကြံပေးချက်ကို လျစ်လျူမရှုနဲ့။ နင့်ကောင်လေး ပြောတာ ဒီတစ်ခါတော့ မှန်တယ်"
"တကယ်လား။ ငါ့အတွက်တော့ သူက ပုံမှန်ပါပဲ"
"အဲဒါ ပုံမှန်လို့ မြင်တာလား"
မဖြစ်တော့ဘူး။ ယိုဂျင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ဂျီဆော့က ဘယ်လောက်တောင် စကားများပြီး တခြားလူတွေရဲ့ ကိစ္စတွေမှာ ဝင်ပါရတာကို ဘယ်လောက်နှစ်သက်တယ်ဆိုတဲ့အကြောင်း သူမကို ပြောပြလိုက်ရတော့တယ်။ လောလောဆယ်တော့ ယိုဂျင်က သူမရဲ့ လက်မောင်းကို ဆွဲကိုင်ပြီး ရုပ်သံလိုင်းထဲကနေ အတင်းဆွဲခေါ်သွားတော့တယ်။
* * * * * * * * *
"ဘာလို့ မထသေးတာလဲ"
မီဆိုက ကုတင်ပေါ်မှာ လှဲနေတဲ့ တေးဆစ်ရဲ့ ကျောကို ရိုက်လိုက်တယ်။ တေးဆစ်က ညည်းညူလိုက်ပြီး စောင်ထဲ ဝင်ပုန်းနေတယ်။
"ဒီနေ့ကစပြီး ငါ သင်တန်းကျောင်းကို ပြန်သွားရတော့မယ်"
"သင်တန်းကျောင်း" တေးဆစ်က ထိုင်လိုက်ပြီး မေးတယ်။ မီဆိုက တေးဆစ်ရဲ့ ပြည့်ဖောင်းနေတဲ့ ဗိုက်ကို ကြည့်ရင်း ပြုံးလိုက်တယ်။
"အင်း။ ဂန်ဟွမ်ရဲ့ ပြဇာတ် ပြီးသွားပြီလေ၊ အဲဒါကြောင့် ငါတို့ရဲ့ ဥက္ကဋ္ဌကြီးဆီကနေ အလုပ်ပြန်ဆင်းဖို့ ညွှန်ကြားချက်ရထားတယ်"
"အာ... ဟို မစ္စတာ လီဂျွန်မင်းလား"
"ဟုတ်တယ်။ အဲဒီ မစ္စတာ လီဂျွန်မင်းပဲ"
မီဆိုက ညဝတ်အင်္ကျီကို ချွတ်ပြီး ထိုင်ခုံပေါ်မှာ ချိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ တေးဆစ်က မျက်နှာလွှဲသွားတာကို သူ မြင်လိုက်တယ်။ သူက တအား ချစ်ဖို့ကောင်းတာပဲ။
"ဘာဖြစ်လို့လဲ။ အိုပါး မမြင်ဖူးတာကျနေတာပဲ"
"ဟင့်အင်း... အဲ... သိပ်တော့ မရင်းနှီးသေးလို့ပါ"
"မနေ့က အိပ်ရာဝင်တုန်းကတော့ ငါ့ကို စိုက်ကြည့်နေခဲ့သေးတယ်လေ"
"အဟမ်း"
မီဆိုက ခပ်ရေးရေး ပြုံးလိုက်ပြီး အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်လိုက်တယ်။
"အိုပါး"
"အင်း"
"ဒီအပတ် ငါ့မိဘတွေကို သွားနှုတ်ဆက်ကြရင် ဘယ်လိုလဲ"
"ဒီအပတ်"
ခဏလောက် စဉ်းစားပြီးတဲ့နောက် တေးဆစ်က အိုကေလို့ ပြောလိုက်တယ်။ သူ့ကို ကျောပေးထားတဲ့ မီဆိုက သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။ သူ ငြင်းလိုက်မှာကို စိုးရိမ်နေခဲ့တာ။
"ဒါပေမယ့် ငါတို့ အသက်ကွာဟလွန်းလို့ ယောက္ခထီးက ငါ့ကို မုန်းနေရင် ဘယ်လိုလုပ်မလဲ"
"ဆယ်နှစ်ဆိုတာ သိပ်ပြီး ကွာတာမဟုတ်ပါဘူး"
"တိတိကျကျ ပြောရရင် ဆယ်နှစ်တော့ မဟုတ်ဘူး ဒါပေမယ့်..."
"အတူတူပါပဲ။ အိုပါး... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ။ ရှင်က ကျွန်မကို လက်ထပ်မှာလေ၊ ကျွန်မရဲ့ မိဘတွေကို လက်ထပ်မှာမှ မဟုတ်တာ" လို့ မီဆိုက ကုတင်ပေါ်မှာ ထိုင်ရင်း ပြောလိုက်တယ်။
ဆရာတစ်ယောက်အနေနဲ့ဆိုရင် သူက သူ့အလုပ်အပေါ် ယုံကြည်မှုရှိပြီး ကျောင်းသားတွေအပေါ် ကြင်နာတတ်တဲ့ တကယ့်ကို အထာကျတဲ့သူတစ်ယောက် ဖြစ်ပေမယ့် ဒီလိုအချိန်မျိုးမှာတော့ သူက တော်တော်လေးကို အနေခက်တတ်တယ်။ ကဲ... အဲဒါကလည်း တေးဆစ်ရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုဆိုတော့လည်း သူ ဘာမှမတတ်နိုင်ပါဘူးလေ။
"ဒါပေမယ့် မသွားခင် ရှင့်အတွက် ဝတ်စုံပြည့်တစ်စုံ သွားဝယ်ကြမယ်"
"ဝတ်စုံပြည့်... ငါ့မှာ ရှိပြီးသားပဲလေ..."
"အိုပါး... သေသေချာချာ ဝတ်စားထားရင် ဆယ်နှစ်လောက် ပိုနုသွားတယ်လို့ ကျွန်မ ပြောဖူးတယ်လေ၊ ဟုတ်တယ်မလား"
"ဒါ-ဒါပေမယ့် ဝတ်လို့ရနေသေးတဲ့ အဝတ်အစားတွေကိုတော့ လွှင့်ပစ်လို့ မဖြစ်ဘူးလေ..."
အဲဒီစကားကို ကြားတော့ ပြီးခဲ့တဲ့အကြိမ်က သူ့ကို ပြောခဲ့တာကို သူ သတိရသွားတယ်။ သူ သူ့ရဲ့ ကျောင်းသူဖြစ်နေတုန်းက တေးဆစ် ဝတ်ခဲ့တဲ့ အကွက်အင်္ကျီကို ပြီးခဲ့တဲ့အကြိမ်က ဗီရိုထဲမှာ သူ တွေ့လိုက်ရလို့ အတော်လေး အံ့ဩသွားခဲ့ရတယ်။ အလုပ်သွားရင် အဲဒီအင်္ကျီကို ဝတ်သေးသလားလို့ သူ မေးကြည့်တော့ တေးဆစ်က သဘာဝကျသလိုမျိုးပဲ ဝတ်သေးတယ်လို့ ဖြေခဲ့တယ်။ အဲဒီအင်္ကျီက ဆယ်နှစ်ကျော်နေပြီ ဖြစ်ပေမယ့် သူက အခုထိ မကြာခဏ ဝတ်နေတုန်းပဲ။ အဟောင်းတွေကို ရှင်းပစ်သင့်ပြီလို့ သူ့ကို ပြောခဲ့ပေမယ့် ရက်သေချာရွေးပြီးမှ သေချာရှင်းမယ်လို့ တေးဆစ်က ပြောတာကြောင့် ချက်ချင်းတော့ မရှင်းဖြစ်ခဲ့ဘူး။
"ရှင့်ရဲ့ ဟောင်းနွမ်းနေတဲ့ အကွက်အင်္ကျီကို အခုထိ မလွှင့်ပစ်ရသေးဘူးလို့တော့ မပြောနဲ့နော်"
"ငါ-ငါ လွှင့်ပစ်လိုက်ပါပြီ"
သူ့မျက်လုံးတွေ တခြားဆီကို ရောက်နေပုံထောက်ရင် သူ လိမ်နေတာ သေချာတယ်။ အဲဒါကလည်း လွှင့်ပစ်ဖို့ သူ့ကို အကြိမ်ကြိမ် ပြောပြီးတဲ့နောက်မှာတောင်မှနော်။
"ကျွန်မ မျက်လုံးကို သေချာကြည့်ပြီး ပြော။ တကယ် လွှင့်ပစ်လိုက်ပြီလား"
"အင်းပါ"
"အိုပါး... ရှင်က ဆရာတစ်ယောက်လေ ဟုတ်တယ်မလား။ ဆရာတစ်ယောက်က ကျောင်းသားတွေကို လိမ်လို့ရလို့လား"
"...ကောင်းပါပြီ၊ ငါ လွှင့်ပစ်လိုက်ပါ့မယ်။ ကတိပေးပါတယ်"
အဲဒီလို ပြောလိုက်တဲ့အချိန်မှာ တေးဆစ်ရဲ့ မျက်လုံးတွေက တကယ့်ကို အပြစ်ကင်းစင်နေတဲ့ပုံပဲ။ မီဆိုက သူ့မျက်နှာကို ကြည့်ပြီး ပြင်းပြင်းထန်ထန် မပြောရက်တော့ဘူး။ ဒီနေ့လည်း သူ ရှုံးပေးလိုက်ရပြန်ပြီ။
"ဒါဆို ကျွန်မ အလုပ်သွားတော့မယ်၊ ကျွန်မ ပြန်မလာခင် အဲဒါကို လွှင့်ပစ်ထားလိုက်။ ပြီးတော့ ပိတ်ရက်ဖြစ်နေပေမယ့် အိမ်မှာချည်းပဲ မနေဘဲ လေ့ကျင့်ခန်းလေး ဘာလေးလည်း လုပ်ဦး။ ရှင် ဝလာပြီ"
"ငါ အလကားနေနေတာ မဟုတ်ပါဘူး။ ငါ ပြင်ဆင်နေတာ..."
"ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှင် ကုတင်ပေါ်မှာပဲ အချိန်ဖြုန်းနေခဲ့တာ မဟုတ်ဘူးလား"
"...လေ့ကျင့်ခန်း လုပ်ပါ့မယ်"
"တော်တယ်"
ဖိနပ်မစီးခင် မီဆိုက တေးဆစ်ရဲ့ နဖူးကို နမ်းလိုက်တယ်။
"သွားပြီနော်"
သူ ဓာတ်လှေကားနဲ့ အောက်ဆင်းလာပြီး ကားပေါ်ကို တက်လိုက်တယ်။ ဒီနေ့မှာတော့ အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင် ဆိုတဲ့ သင်တန်းကျောင်းကို သူ သွားရတော့မယ်။ သူက ကျောင်းသားတွေကို မဟုတ်ဘဲ သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့သူတွေကို သင်ပေးရမှာ ဖြစ်တယ်။
'သူက တစ်ယောက်ပြီးတစ်ယောက် ဆွဲသွင်းဖို့ ပြင်ဆင်နေတာလား'
စတီယာရင်ကို ကိုင်လိုက်ရင်း မီဆိုက ဂျွန်မင်းရဲ့ မျက်နှာကို တွေးလိုက်မိတယ်။
* * * * * * * * *