← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း(၃၆၁)

ပြဇာတ်အပြီး လက်ပြနှုတ်ဆက်ချိန်အပြီးမှာတော့ ပရိသတ်တွေအတွက် မီးတွေ လင်းလာခဲ့တယ်။ ဒေသတွင်းပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပြီလေ။ မာရူးက ပျော်ရွှင်နေပုံရတဲ့ သူ့ ဂျူနီယာတွေကို လှမ်းကြည့်လိုက်တယ်။ သူတို့တွေ ပြဇာတ်ကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တယ်လေ။ သူတို့ပျော်နေတာ သိပ်တော့ အံ့သြစရာမဟုတ်ပါဘူး။

"စီနီယာ မာရူး"

"ဟင်"

"တစ်ခုခုဖြစ်လို့လား"

"မဖြစ်ပါဘူး၊ ဘာလို့မေးတာလဲ"

"အစ်ကို့ မျက်နှာကြီးက တင်းမာနေလို့"

အာရမ် ရဲ့စကားကြောင့် မာရူး ပြုံးယောင်သမ်းသွားတယ်။

"မီးရောင်အရမ်းစူးနေလို့ပါ"

"ဪ"

"လောလောဆယ် မြန်မြန်ရှင်းလိုက်ကြရအောင်။ နောက်အဖွဲ့ တက်လာတော့မယ်"

"ဟုတ်ကဲ့" လို့ အာရမ် က ပျော်ရွှင်စွာ အော်ပြောလိုက်တယ်။

မာရူးက ခုံတချို့ကို စင်အောက် သယ်သွားတယ်။ သူတို့ပြဇာတ်မှာ အမှားအယွင်းမရှိခဲ့တဲ့အတွက် သူ သက်သာရာရသွားသလို သူ့ဂျူနီယာတွေ ပိုတော်လာတာကို မြင်ရတဲ့အတွက်လည်း စီနီယာတစ်ယောက်အနေနဲ့ ဂုဏ်ယူမိတယ်။

"မင်းအတွက်တော့ နည်းနည်း လိုနေသလိုပဲ မဟုတ်လား"

အဲဒီအသံကို ကြားတော့ မာရူး လှည့်ကြည့်လိုက်တယ်။ ဒေးမြောင် က ပစ္စည်းတွေ အပြည့်သယ်ထားရင်း သူ့ကို လှမ်းပြောလိုက်တာလေ။ သူက တော်တော်လေး မျက်စိရှင်တာပဲ။ ပြဇာတ်အပြီး ပရိသတ်ကို နှုတ်ဆက်တဲ့အချိန်မှာ မာရူးက အိမ်စာလုပ်ပြီးသွားတဲ့ အချိန်မျိုးလောက်ပဲ အောင်မြင်မှုသေးသေးလေးတစ်ခုကို ခံစားခဲ့ရတယ်။ ဒါက သေးငယ်တဲ့ စင်မြင့်တစ်ခုတော့ မဟုတ်ပါဘူး။ လူရာပေါင်းများစွာ ကြည့်ရှုနေတဲ့ စင်မြင့်ကြီးတစ်ခုပါ။ ဒါပေမဲ့ ဒါက စိန်ခေါ်မှုတစ်ခုလားလို့ မေးလာရင်တော့ မာရူး သေသေချာချာ မဖြေနိုင်ဘူး။ သူ့ဂျူနီယာတွေအတွက်တော့ ဒီစင်မြင့်က အသက်ရှူမှားလောက်တဲ့ နေရာတစ်ခု ဖြစ်နေနိုင်သေးတယ်။ သူတို့အတွက်တော့ ဒါက အမှားအယွင်း လုံးဝလုပ်ခွင့်မရှိဘဲ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို စင်မြင့်မျိုး ဖြစ်နေမှာပေါ့။ ပထမနှစ်တွေရဲ့ စီနီယာတစ်ယောက်အနေနဲ့ ဒီပြဇာတ်က စိန်ခေါ်မှုမရှိဘူးလို့ သူ မပြောနိုင်ပါဘူး။

ဒါပေမဲ့ သူ့ကိုယ်ရေးကိုယ်တာအရ ပြောရရင်တော့ ခံစားချက်က တစ်မျိုးပဲ။ သူ့အပေါ်မှာ ဘာဖိအားမှ မရှိခဲ့ဘူး။ အဲဒါက ကောင်းတဲ့အချက်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ဒါမျိုးနဲ့ အသားကျနေပြီဆိုတဲ့ သဘောပဲလေ။ စီနီယာတစ်ယောက်အနေနဲ့ သူက ဂျူနီယာတွေကို အခက်အခဲမရှိ ဦးဆောင်နိုင်ခဲ့တယ်။

ညည်းညူစရာ ဘာမှမရှိပေမယ့်လည်း မာရူးအတွက်တော့ နှမြောစရာကောင်းနေတုန်းပဲ။ ဒီနေ့ လာကြည့်တဲ့ ပရိသတ်အများစုက ပြဇာတ်ကို စောင့်မျှော်နေခဲ့ကြတာ မဟုတ်ဘူး။ သူတို့က ပြဇာတ်ထဲမှာ သူတို့သိတဲ့သူ ပါနေလို့၊ ဒါမှမဟုတ် ကျောင်းက လာခိုင်းလို့၊ ဒါမှမဟုတ် အလကား ကြည့်ရလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရောက်လာကြတာလေ။

ပရိသတ်ခုံတန်းတွေကနေ လှမ်းကြည့်နေတဲ့ ပရိသတ်တွေရဲ့ အကြည့်တွေက အဲဒီက အထွေထွေအငွေ့အသက်ကို သူ့ကို ခံစားမိစေတယ်။ အရင်က သူ မခံစားခဲ့မိပေမယ့် အခုတော့ ရှင်းရှင်းလင်းလင်းကို ခံစားနေရပြီလေ။ ပရိသတ်အများစုက ပြဇာတ်တွေကို သိပ်စိတ်ဝင်စားမှု မရှိကြပါဘူး။

"ဟေ့၊ ငါတို့ကျောင်း အလှည့်က ဘယ်တော့လဲ"

"ငါလည်း မသိဘူး"

"ငါတို့ လစ်ကြမလား"

"ပြီးရင် နာမည်စာရင်း စစ်မယ်လို့ ကြားတယ်"

"အား၊ စိတ်ရှုပ်စရာကြီး" ကျောင်းပိတ်ရက်ကြီးကို ဘာလို့ ဒါတွေ လာလုပ်ခိုင်းနေတာလဲ"

"ဒါက အိမ်စာလေ။ ဘာလုပ်လို့ရမှာလဲ။ ဒါထက် ဒါပြီးရင် ဂိမ်းဆိုင် သွားကြမလား"

"သွားတာပေါ့။ ဒီမှာရှိတဲ့ကောင်တွေနဲ့ အဖွဲ့ခွဲပြီး ချကြမယ်။ ရှုံးတဲ့အဖွဲ့က ဂိမ်းဖိုးရှင်းကြေး"

ပရိသတ်တွေဆီက ကြားရတဲ့ စကားအများစုက အဲဒီလိုတွေချည်းပါပဲ။ ဒါက အထက်တန်းကျောင်း ပြဇာတ်ပွဲတော်တစ်ခုလေ။ စိတ်ဝင်စားတဲ့သူတွေဆိုလို့ ပါဝင်ယှဉ်ပြိုင်တဲ့ ကျောင်းတွေပဲ ရှိတယ်။ မဟုတ်ဘူး၊ အဲဒါကိုတောင် စိတ်ဝင်စားမှုလို့ သတ်မှတ်လို့ မရဘူး။ သူတို့ပြောနေကြသလိုပဲ ဒါက အိမ်စာတစ်ခုသက်သက်ပါပဲ။

စင်မြင့်၊ သရုပ်ဆောင်တွေနဲ့ ပရိသတ်။ ဒါတွေက ပြဇာတ်ရဲ့ အဓိက အစိတ်အပိုင်းသုံးခုပဲ။ ကြည့်မယ့်သူ မရှိရင် ပြဇာတ်ဆိုတာလည်း မရှိနိုင်ဘူး။ ကြည့်ရှုခြင်း။ အရင်က သရုပ်ဆောင်တွေနဲ့ ပရိသတ်ကြားက ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်လို့ မီဆို ပြောခဲ့ဖူးတယ်။ စင်မြင့်ဆိုတာ သရုပ်ဆောင်တွေ ဖန်တီးရတဲ့အရာ ဖြစ်ပေမယ့် စင်မြင့်အောင်မြင်မှု ရှိမရှိ ဆုံးဖြတ်ပေးတာက ပရိသတ်တွေပဲ။ ပရိသတ်က ပိုအာရုံစိုက်ပြီး တုံ့ပြန်လေလေ စင်မြင့်က ပိုပြီး အသက်ဝင်လေလေပဲ။ အဲဒီအခါမှာ သရုပ်ဆောင်တွေက သူတို့ရဲ့ အစွမ်းအစထက် ပိုကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို ပြသနိုင်လိမ့်မယ်။ အဲဒါက ပရိသတ်ရဲ့ စွမ်းအားပဲလေ။

"တတ်နိုင်ဘူးလေ" လို့ ပရိသတ်ခုံတန်းတွေကို ကြည့်ရင်း ဒေးမြောင် က ပြောလိုက်တယ်။

သူပြောတာ မှန်တယ်။ ဘာမှ တတ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ။ နည်းနည်းလေး နှမြောစရာကောင်းရုံပါပဲ။ သူတို့က ပြဇာတ်ကို အလေးအနက်မထားသလိုပဲ စင်မြင့်ကလည်း ပေါ့ပျက်ပျက် ဖြစ်သွားလိမ့်မယ်။ သူတို့ သရုပ်ဆောင်နေကြပေမယ့်လည်း သိပ်ပျော်စရာကောင်းပုံ မရဘူး။ စိတ်လှုပ်ရှားစရာမရှိတဲ့ စင်မြင့်တစ်ခုက ငြီးငွေ့စရာကောင်းရုံသက်သက်ပဲ။

"ပရော်ဖက်ရှင်နယ်တစ်ပိုင်းပီသပါပေတယ်"

ဒေးမြောင်က ပြုံးရင်း အပြင်ထွက်သွားတယ်။ မာရူးကတော့ သက်ပြင်းတစ်ချက်ချပြီးနောက် ပစ္စည်းတွေကို စရွှေ့လိုက်တော့တယ်။

* * * * * * * * *

စာသင်ခန်းက မှောင်မည်းနေတယ်။ ပရိုဂျက်တာ ကို အခုလေးတင် ပိတ်လိုက်လို့လေ။ မီဆို က မီးတွေ ဖွင့်လိုက်တယ်။ သူ့ရှေ့မှာ လူသုံးယောက် ရှိနေတယ်။ သူတို့အားလုံးက သရုပ်ဆောင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုချင်ကြတဲ့သူတွေချည်းပဲ။ ဂန်နမ် မှာရှိတဲ့ ရုပ်ရှင် သင်တန်းကျောင်း။ ဒီမှာ တက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတွေကို မတွေ့နိုင်ဘူး။ ဒီသင်တန်းကျောင်းက နယ်ပယ်ထဲမှာ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် သီးသန့် ဖွင့်ထားတာလေ။

"လက်ရာမြောက်တစ်ခုကို လက်ရာမြောက်ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်။ ဒါရိုက်တာ၊ ဂီတ၊ ဇာတ်ညွှန်း၊ မှီငြမ်းပြုခြင်း၊ ဝတ်စုံ၊ မိတ်ကပ်၊ တည်းဖြတ်။ အဲဒီအထဲမှာ သရုပ်ဆောင်တွေက တကယ်တော့ အများကြီး လုပ်ခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း လူတွေက သရုပ်ဆောင်ကောင်းတွေကို ရှာကြတုန်းပဲ။ အဲဒါက နည်းပညာနဲ့ အစားထိုးလို့ မရတဲ့ အစိတ်အပိုင်းတွေကို သရုပ်ဆောင်တွေက ဖြည့်ဆည်းပေးနိုင်လို့ပဲ"

မီဆိုက ညာဘက်မှာ ထိုင်နေတဲ့ အမျိုးသားကို ကြည့်လိုက်တယ်။ အန်ဆွန်းဂျဲ။ အသက်ဆယ်ကျော်သက်ကနေ သုံးဆယ်ဝန်းကျင် အရွယ် တောင်ကိုရီးယားလူမျိုးတိုင်း သူ့နာမည်ကို သိကြတယ်။ သူက TTO ရဲ့ အဖွဲ့ဝင်တစ်ယောက်လေ။ အစပိုင်းတုန်းက ဒီအတန်းထဲမှာ သူရှိနေတာကို သိလိုက်ရတော့ မီဆို လည်း အံ့သြသွားခဲ့တယ်။ သရုပ်ဆောင်လုပ်တဲ့ အိုင်ဒေါတွေက များသောအားဖြင့် အချိန်တိုလေးပဲ သရုပ်ဆောင်သင်လေ့ရှိကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က နာမည်ကြီးနေတုန်း အချိန်လေးမှာ လူကြိုက်များမှုကို အကောင်းဆုံး အသုံးချပြီးမှ ထွက်သွားချင်ကြလို့ပဲ။ ဒါပေမဲ့ သူ့လို အိုင်ဒေါတစ်ယောက်က အခြေခံကနေ ပြန်စတဲ့ ဒီအတန်းထဲမှာ ရှိနေတယ်။ ဒါကြောင့်ပဲ သူ စုံစမ်းကြည့်ခဲ့တာလေ။ သင်တန်းကျောင်းက တခြားဆရာတွေရဲ့ အပြောအရဆိုရင်တော့ ဒီကျောင်းကို လာလျှောက်တဲ့သူတွေထဲမှာ ဆွန်းဂျဲ လောက် သရုပ်ဆောင်အလုပ်ကို ရူးသွပ်တဲ့သူ မရှိဘူးတဲ့။

"ဆွန်းဂျဲ၊ မင်းက ဘာလို့ သရုပ်ဆောင်လုပ်ချင်ရတာလဲ"

"ကျွန်တော် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာကို အကြောင်းပြချက်မရှိဘဲ သဘောကျခဲ့တာ။ အဲဒီအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ အဆင်သင့်ပဲ"

"အကြောင်းပြချက်မရှိဘဲပေါ့"

မီဆို ခေါင်းညိတ်လိုက်တယ်။

"နောက်တစ်ယောက်၊ မွန်ဂွမ်ဆော့။ မင်းကကော ဘာလို့ သရုပ်ဆောင်လုပ်ချင်ရတာလဲ"

"ကျွန်တော်လား။ အင်း၊ ကျွန်တော့်မှာ ပါရမီရှိလို့ပါ။ အဲဒီလိုပဲ ထင်တာပဲ"

"ဪ၊ ပါရမီရှိလို့ပေါ့။ ကောင်းပြီလေ"

အဲဒီနောက် မီဆိုက ဂွမ်ဆော့ ရဲ့ဘေးမှာ ထိုင်နေတဲ့ မိန်းကလေးဆီ လျှောက်သွားတယ်။

"ချွဲဂျောင်းလင် ကကော ဘယ်လိုလဲ။ ဘာလို့ သရုပ်ဆောင်တာလဲ"

"ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်လို့ သရုပ်ဆောင်ဖို့ စတင်ခဲ့တာပါ"

"ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်တာဆိုတာ ဘာကိုဆိုလိုတာလဲ"

"ကြားတဲ့အတိုင်းပါပဲ။ ကျွန်မက တခြားလူတစ်ယောက် ဖြစ်ချင်လို့ သရုပ်ဆောင်ဖို့ စခဲ့တာပါ"

"သဘောပေါက်ပြီ"

မီဆိုက သူတို့သုံးယောက်ကြားမှာ ရပ်လိုက်တယ်။

"ဒီ ရုပ်ရှင် သင်တန်းကျောင်းနဲ့ ပတ်သက်ပြီး ဘယ်လို ကောလာဟလတွေ ကြားဖူးလဲ"

"သရုပ်ဆောင်တာကိုပဲ အာရုံစိုက်နိုင်တဲ့သူတွေပဲ လာလို့ရတဲ့နေရာတဲ့"

အဲဒီအဖြေက ဆွန်းဂျဲ ဆီက ထွက်လာတာပါ။

"ဂန်နမ် မှာ သင်တန်းကြေး အကြီးဆုံးနေရာတဲ့"

အဲဒါက ဂွမ်ဆော့ ဆီကပါ။

"သရုပ်ဆောင်အဆက်အသွယ် အများဆုံးရှိတဲ့ နေရာတဲ့"

နောက်ဆုံးအဖြေကတော့ ဂျောင်းလင် ဆီကပါ။

"မင်းတို့ဖြေတာ အကုန်မှန်တယ်။ ရုပ်ရှင် သင်တန်းကျောင်းက ဂန်နမ် မှာရှိတဲ့ များပြားလှတဲ့ သရုပ်ဆောင်သင်တန်းကျောင်းတွေထဲမှာ ထိပ်ဆုံးသုံးကျောင်းစာရင်းဝင်တယ်။ ဂွမ်ဆော့ ပြောသလိုပဲ သင်တန်းကြေးကြီးတာနဲ့လည်း နာမည်ကြီးတယ်။ အဲဒီလို သင်တန်းကြေးကြီးပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ကြားက လူတွေက ဒီကိုလာဖို့ ယှဉ်ပြိုင်ကြတဲ့ အဓိကအကြောင်းရင်းတစ်ခုက ဂျောင်းလင် ပြောသလိုပဲ သရုပ်ဆောင်တွေရဲ့ အဆက်အသွယ် ကွန်ရက်ကြောင့်ပဲ"

မီဆိုက လက်ပိုက်ရင်း ဆက်ပြောတယ်။

"သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အတွေ့အကြုံ အများကြီးလိုတယ်။ အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းတို့ရဲ့ စီနီယာတချို့ကို ကြည့်လိုက်ရင် သူတို့အားလုံး ဘဝမှာ အခက်အခဲတချို့ကို ကြုံတွေ့ခဲ့ဖူးကြတာချည်းပဲ။ အဲဒါက တိုက်ဆိုင်မှုမဟုတ်ဘူး။ ဘဝရဲ့ အခက်အခဲတွေလောက် မျိုးစုံသောအရာတွေကို တွေ့ကြုံခံစားရစေမယ့်အရာ မရှိဘူးလေ။ သက်တောင့်သက်သာ နေခဲ့ရတဲ့လူတွေကို 'အပူအပင်ကင်းသူ' လို့ သုံးနှုန်းကြတယ် မဟုတ်လား။ အဲဒီလိုလူမျိုးတွေက သရုပ်ဆောင် မဖြစ်နိုင်ဘူး"

သူက ခုံတစ်လုံးယူပြီး ထိုင်လိုက်တယ်။ သူ့ရှေ့က လူသုံးယောက်ရဲ့ မျက်လုံးတွေက တောက်ပြောင်နေတယ်။ သူတို့အားလုံး သင်ယူချင်စိတ်တွေ ပြည့်ဝနေကြတာလေ။

"လက်ရာမြောက်တွေကို ဘာလို့ အဲဒီလိုခေါ်ကြတာလဲဆိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား။ သရုပ်ဆောင်တွေလည်း ဒီအတိုင်းပဲ။ တန်ဖိုးရှိဖို့ဆိုရင် အစိတ်အပိုင်းတွေ အများကြီးလိုတယ်။ ဒီအတန်းမှာ မင်းတို့ကို ကွဲပြားတဲ့ အတွေ့အကြုံများစွာ ရအောင် အတင်းလုပ်ခိုင်းမယ်။ တချို့ကိစ္စတွေက အရမ်းကို ကျပန်းဖြစ်နေနိုင်သလို၊ ဘာလို့ လုပ်နေရမှန်းလည်း မင်းတို့ နားလည်မှာမဟုတ်ဘူး။ ငါ ကြိုပြောထားမယ်။ ဘာပဲဖြစ်ဖြစ် လုပ်သာလုပ်ပါ။ လုပ်ပြီးမှ ဘာလို့လဲဆိုတာကို ငါ့ကိုမေးပါ။ မလုပ်ခင် ကြိုပြီး ညည်းညူတာကိုတော့ ငါ သည်းခံမှာ မဟုတ်ဘူး"

မီဆို နေရာကနေ ထရပ်လိုက်တယ်။ ဒါက နှုတ်ဆက်တာနဲ့ သတိပေးတာအတွက် လုံလောက်သွားပြီလေ။

"အတန်းထဲမှာ ငါ တတ်နိုင်သလောက် ယဉ်ယဉ်ကျေးကျေး ပြောဖို့ ကြိုးစားမယ်။ ဒါပေမဲ့ အာမတော့ မခံနိုင်ဘူး။ မင်းတို့ကို ဆဲကောင်းဆဲမိမယ်။ တကယ်လို့ တစ်ယောက်ယောက်က ဆဲတာကို ကြားရင် တုန်ယင်တတ်တဲ့ လူစားမျိုးဆိုရင်တော့ အတန်းကို အခုချက်ချင်း ပြောင်းဖို့ အကြံပေးချင်တယ်"

သူက ရှေ့မှာထိုင်နေတဲ့ သုံးယောက်ကို ကြည့်လိုက်တယ်။

"ကျွန်တော် မပြောင်းဘူး"

"ဆရာမ မီဆို ပြန်ရောက်လာပြီလို့ ကြားလို့ ဒီအတန်းကို တမင်ရွေးလျှောက်ခဲ့တာပါ။ ထွက်စရာအကြောင်း လုံးဝမရှိပါဘူး"

"ကျွန်မလည်း မထွက်ဘူး"

သုံးယောက်စလုံးက တော်တော်လေး စိတ်အားထက်သန်နေကြတယ်။ အနည်းဆုံးတော့ သူတို့အဖြေတွေက ကောင်းပါတယ်။

"ကောင်းပြီ။ ငါလည်း သင်တန်းကျောင်းကို မလာတာ ကြာပြီဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေတယ်။ မင်းတို့ အချင်းချင်း ရင်းနှီးသွားကြပြီလား"

အဲဒါကို ကြားတော့ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် အနေရခက်စွာ ကြည့်လိုက်ကြတယ်။ ဂွမ်ဆော့ နဲ့ ဂျောင်းလင် က ဆွန်းဂျဲ နဲ့ အသိသာကြီးကို ခပ်ခွာခွာ နေနေကြတယ်။ သူက အိုင်ဒေါတစ်ယောက်ဖြစ်နေတော့လည်း နားလည်ပေးလို့ ရပါတယ်။ တစ်ဖက်မှာလည်း ဂွမ်ဆော့ နဲ့ ဂျောင်းလင် က တစ်ယောက်ကိုတစ်ယောက် အနေရခက်စွာ ကြည့်လိုက်ပြီးနောက် လစ်လျူရှုလိုက်ကြတယ်။

"မင်းတို့နှစ်ယောက်က သိနေကြတာလား"

"ကျွန်တော်တို့ ရိုက်ကွင်းတစ်ခုမှာ ဇာတ်ရံတွေအနေနဲ့ တစ်ခါဆုံဖူးတယ်" လို့ ဂွမ်ဆော့ က ပြောလိုက်တယ်။

ဂျောင်းလင် က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

"မင်းတို့ အဆင်ပြေပုံ မရဘူးနော်"

"ကျွန်တော်တို့လား။ လုံးဝမဟုတ်ပါဘူး။ ဂျောင်းလင် က ရှက်တတ်လို့ပါ။ တကယ်တော့ ကျွန်တော်တို့က အဆင်ပြေပါတယ်။ ရိုက်ကူးရေး ပြီးတော့တောင် အတူတူ သွားသောက်ခဲ့ကြသေးတယ်။ ဟုတ်တယ်မလား ဂျောင်းလင်"

"အတူတူ သောက်ခဲ့တာ မှန်ပေမယ့် ကျွန်မတို့ အဆင်ပြေနေတာတော့ မဟုတ်ဘူး"

ခဏလောက် အေးစက်စက် တိတ်ဆိတ်သွားတယ်။ ဂွမ်ဆော့ က အနေရခက်စွာ ပြုံးလိုက်တယ်။

"ဂျောင်းလင်။ မင်းက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ဂုဏ်ယူနေပုံပဲ။ ပြီးတော့ စိတ်ထဲရှိတဲ့အတိုင်း လွှတ်ခနဲ ပြောတတ်တဲ့ လူစားမျိုးပဲ"

"အင်း၊ ဟုတ်တာပေါ့"

"ဒါဆို ဘာလို့ ယုံကြည်မှုမရှိသလို ဖြစ်နေရတာလဲ။ စကားပြောတဲ့အခါ တစ်ဖက်လူကို ကြည့်ပြောဖို့ လိုတယ်"

အဲဒီစကားကို ကြားတော့ ဂျောင်းလင် က ဂွမ်ဆော့ ကို ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမ အကြာကြီး မကြည့်နိုင်ခဲ့ပါဘူး။

"အဆင်ပြေအောင်နေဖို့ ငါ မပြောပါဘူး။ မင်းတို့ အားလုံးက လူကြီးတွေဖြစ်နေပြီဆိုတော့ ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ သိကြမှာပါ။ ကဲ ဒါဆို မိတ်ဆက်တာကို ဒီမှာတင် အဆုံးသတ်ပြီး မစခင် ခဏနားကြရအောင်"

* * * * * * * * *

ကော်ဖီခွက်ကိုင်ပြီး ထိုင်နေတဲ့ မီဆို ကို ဂျောင်းလင် လှမ်းကြည့်လိုက်တယ်။ မီဆို က ခေါင်းအစခြေအဆုံး ဂုဏ်သိက္ခာတွေနဲ့ ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မတောက်ပခဲ့ပေမယ့် သူမက အကောင်းဆုံး ဆရာတွေထဲက တစ်ယောက်လေ။ သင်တန်းကြေး ကြီးပေမယ့် လူတော်တော်များများက ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ ပြောကြတာကြောင့် ဂျောင်းလင် က သူမရဲ့ ငွေကြေးအခြေအနေကို အတင်းညှစ်ပြီး ဒီအတန်းကို လျှောက်ခဲ့တာပါ။

'ဒါထက် TTO ပေါ့လေ'

အတန်းစတဲ့ ပထမဆုံးရက်မှာ စာသင်ခန်းတံခါးကို ဖွင့်လိုက်တော့ ဆွန်းဂျဲ ထိုင်နေတာကို တွေ့လိုက်ရလို့ သူမ အံ့သြသွားခဲ့တယ်။ သူမက TTO ရဲ့ ပရိသတ်တစ်ယောက် မဟုတ်တော့ အရမ်းကြီးတော့ စိတ်လှုပ်ရှားမသွားပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ နာမည်အကြီးဆုံး အိုင်ဒေါတစ်ယောက်က သူမနဲ့ အတန်းတူ တက်နေတယ်ဆိုတာကို တွေးကြည့်လိုက်တော့ နည်းနည်းတော့ ထူးဆန်းသလို ခံစားလိုက်ရတယ်။

သူမ ခုံမှာ ငေးမောနေတုန်း ဂွမ်ဆော့ ဝင်လာတယ်။ ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်နေတဲ့ အရူးကောင်။ အဲဒါက ဂွမ်ဆော့ အပေါ် သူမရဲ့ အမြင်ပဲ။ သူမက သူ့ကို နှုတ်တောင် မဆက်ချင်ပေမယ့် လုံးဝကြီး လစ်လျူရှုထားလို့လည်း မရတာကြောင့် မျက်လုံးနဲ့ပဲ နှုတ်ဆက်လိုက်တယ်။ ဂွမ်ဆော့ ကလည်း သူမကို မြင်တော့ သိပ်သဘောကျပုံ မပေါ်ပါဘူး။

"ငါတို့တွေ အဆင်ပြေပြေ နေနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆွန်းဂျဲ က ပြောလိုက်တယ်။

သူက အိုင်ဒေါတစ်ယောက်ဖြစ်နေလို့ တော်တော်လေး မာနကြီးမယ်လို့ သူမ ထင်ထားခဲ့ပေမယ့် သူ့မှာ အဲဒီလို အမူအကျင့်မျိုး လုံးဝမရှိဘူး။

"ဒါပေါ့။ ဪ၊ အသက် ဘယ်လောက်ရှိပြီလဲ။ ကျွန်တော်က ဒီနှစ် နှစ်ဆယ့်တစ်နှစ်ပြည့်ပြီ" လို့ ဂွမ်ဆော့ က မေးလိုက်တယ်။

"ကျွန်တော်လား။ နှစ်ဆယ့်ခြောက်နှစ်ပါ"

"ဒါဆို အစ်ကိုဆွန်းဂျဲ ဖြစ်ရမယ်။ ကျွန်တော် အစ်ကို့သီချင်းတွေကို အမြဲနားထောင်တယ်။ ကျွန်တော်သိတဲ့ ကောင်မလေးတွေ အကုန်လုံးက အစ်ကို့ပရိသတ်တွေချည်းပဲ။ ဪ၊ ကျွန်တော် အစ်ကိုလို့ပဲ ခေါ်လို့ရမလား"

"ရပါတယ်"

"ဒါဆို အစ်ကိုကြီးလည်း ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေး ပြောနေစရာ မလိုတော့ဘူးနော်။ ကျွန်တော်က အိုင်ဒေါတစ်ယောက်နဲ့ ညီအစ်ကိုတွေ ဖြစ်ချင်နေတာ ကြာပြီ။ အခု အတန်းထဲမှာလည်း အတူတူဆိုတော့ ရင်းရင်းနှီးနှီး နေကြတာပေါ့။ ဘယ်လိုလဲ"

"ဟားဟား၊ ကောင်းပြီလေ။ အဲဒီလိုပဲ လုပ်ကြတာပေါ့။ ဪ၊ ဂျောင်းလင် ဆိုလား"

ဂျောင်းလင် က ဆွန်းဂျဲ ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဒီနေရာမှာ သူမအသက်ကို ပြောပြသင့်တယ်လို့ ခံစားလိုက်ရတယ်။ သူမ စကားပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ဂွမ်ဆော့ က ဖြတ်ပြောလိုက်တယ်။

"သူက ချွဲဂျောင်းလင် တဲ့။ အသက်က နှစ်ဆယ်။ ကျွန်တော့်အတွက်တော့ ညီမလေးတစ်ယောက်လိုပါပဲ။ ဒါဆို အသက်အကြီးအငယ် ရှင်းသွားပြီ ထင်တယ်"

ဂျောင်းလင် က ဂွမ်ဆော့ ကို ခပ်စူးစူးလေး ကြည့်လိုက်တယ်။ သူ့ကိုကြည့်နေတာကို သိသွားတော့ ဂွမ်ဆော့ က ခေါင်းလှည့်လာပြီး ပြုံးပြတယ်။ အရာအားလုံးကို သူ့စိတ်ကြိုက် တွေးချင်သလို တွေးတတ်တဲ့ သူ့အကျင့်က မပြောင်းသေးပါဘူး။ သူက တကယ်ကို အမြင်ကတ်စရာ ကောင်းတာပဲ။

"ဒါပေမဲ့ အစ်ကိုဆွန်းဂျဲ။ အစ်ကိုက ဆည်းဆာအချိန် ရုန်းကန်မှုများ ထဲမှာ ပါတယ်မလား"

"ဪ၊ မင်းသိတယ်ပေါ့"

"တကယ်တော့ ကျွန်တော် အဲဒီကားအတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့သေးတယ်။ နည်းနည်းလေးနဲ့ ကျသွားတာ။ တော်တော် နှမြောစရာကောင်းတယ်။ အဲဒီတုန်းက ကျွန်တော် အခြေအနေသိပ်မကောင်းလို့ အစွမ်းအစအကုန် မထုတ်ပြနိုင်ခဲ့ဘူး။ အဲဒီတုန်းကသာ အောင်သွားရင် ရိုက်ကွင်းမှာ အစ်ကိုနဲ့ တွေ့ရမှာ"

"တကယ်လား။ နှမြောစရာပဲနော်"

"ဟေး၊ အစ်ကိုနဲ့ ကျွန်တော်က ရေစက်ပါသားပဲ။ ဟားဟားဟား"

ဂွမ်ဆော့ အဲဒီလိုရယ်နေတာကို မြင်တော့ ဂျောင်းလင် ဆွံ့အသွားတယ်။

"ရေစက်ပါတာများ ဝေးသေး" လို့ သူမ ပြောလိုက်တယ်။

သူတို့နှစ်ယောက်စလုံး သူမကို ချက်ချင်း လှည့်ကြည့်လာတယ်။ သူမ အမှားလုပ်မိသွားမှန်း သိပေမယ့် မတတ်နိုင်တော့ဘူးလေ။ ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းလို့မှ မရတာ။ ဒါ့အပြင် မီဆို ကလည်း ရင်းရင်းနှီးနှီး နေစရာမလိုဘူးလို့ ပြောထားတယ် မဟုတ်လား။

"မြင်တဲ့အတိုင်းပဲ သူက တော်တော်လေး ဂျီးများတဲ့ ကောင်မလေးပါ။ နားလည်ပေးလိုက်ပါ"

"ဒီလိုမျိုး နောက်ပြောင်နေကြတာဆိုတော့ မင်းတို့နှစ်ယောက်က တော်တော်လေး အဆင်ပြေပုံရတယ်နော်"

"ဒါပေါ့။ ကျွန်တော့်ရဲ့ ပေါင်းသင်းဆက်ဆံရေးက အဆင့်မြင့်တယ်လေ။ အခုချိန်ထိ ကျွန်တော့်ကို မုန်းတဲ့သူဆိုတာ မတွေ့ဖူးသေးဘူး။ ဂျောင်းလင် လို ဂျီးများတဲ့ ကောင်မလေးနဲ့တောင် ခဏလေးအတွင်းမှာ ရင်းနှီးသွားတာပဲ။ ဒါထက် အစ်ကိုဆွန်းဂျဲ၊ အိုင်ဒေါတစ်ယောက်အနေနဲ့ အစ်ကိုက မင်းသမီးတွေ အများကြီးနဲ့ ဆုံဖူးမှာပဲနော်"

ဂျောင်းလင် က ဂွမ်ဆော့ ကို ခဏလောက်ကြည့်ပြီးနောက် နှုတ်ဆိတ်သွားတယ်။ သူမက သူ့ကို မျက်နှာတောင် မပြချင်တော့ဘူး။ အဲဒီစကားများတဲ့ကောင် မရှိတဲ့အချိန်ကျမှ ဆွန်းဂျဲ နဲ့ စကားပြောမယ်လို့ သူမ ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ ဂျောင်းလင် က ဆွန်းဂျဲ ရဲ့ အကြည့်တွေကို ခံစားနေရတာ ခဏလောက်ရှိနေပြီ။ သူမကို ကြည့်တဲ့ပုံစံက သာမန်မဟုတ်ဘူး။ သူများ သူမကို စိတ်ဝင်စားနေတာလား။ သူမ ပြုံးယောင်သမ်းသွားတယ်။ ယောကျာ်းလေးတွေက အဲဒီလို အချက်ပြတတ်ကြပြီး သူမကလည်း အဲဒီလို အချက်ပြတာတွေကို အမြဲတမ်း မြန်မြန်ဆန်ဆန် သတိထားမိတတ်တယ်လေ။

'ငါက တော်တော်လေး ဆွဲဆောင်မှုရှိတာပဲ ဖြစ်ရမယ်'

သူမက ဘေးဘက်က ဆံပင်တွေကို နားရွက်နောက်ကို သပ်တင်ရင်း ပြုံးယောင်သမ်းလိုက်တယ်။ ဒါက သူ့ကို နည်းနည်းလေး စိတ်လှုပ်ရှားသွားစေမလား။ အခုချိန်မှာ ဆွန်းဂျဲ က သူမကို ဘယ်လိုကြည့်နေမလဲဆိုတာ တွေးရင်း သူမက တည်တည်ငြိမ်ငြိမ်နေဖို့ ကြိုးစားလိုက်တယ်။

* * * * * * * * *

All Chapters