← Chapters

အခန်း ၃၆၄

Vol. 37 Ch. 364

အခန်း ၃၆၄

Vol. 37 Ch. 364

အခန်း(၃၆၄)

"စီနီယာတွေနဲ့ ဆရာတွေ တော်တော်များများက သဘာဝကျကျ သရုပ်ဆောင်ဖို့ အမြဲပြောတတ်ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရေးအကြီးဆုံး အရည်အချင်းမို့လို့ပဲ။ သရုပ်ဆောင်တာ ဘယ်လောက်တောင် အကြည့်ရဆိုးလဲဆိုတာ မင်းတို့ သိလောက်မှာပါ။ မင်းတို့ရဲ့ သရုပ်ဆောင်မှုက ဟန်ဆောင်နေတာမှန်း သိသာသွားတဲ့အခါ ပရိသတ်တွေက အပြင်လက်တွေ့ဘဝကို ပြန်ရောက်သွားတတ်တယ်။ ဪ သူတို့ သရုပ်ဆောင်နေတာပါလား ဆိုပြီးတော့ပေါ့။ ဒါကြောင့်မို့လို့ ငါတို့က အမြဲ တွေးနေရမယ်။ 'သဘာဝကျကျ သရုပ်ဆောင်မှု' ဆိုတာ ဘာလဲဆိုတာကိုပေါ့"

မီဆို က သူမရှေ့မှာ ထိုင်နေတဲ့ လူသုံးယောက်ကို ကြည့်ပြီးနောက် အတန်းရဲ့ အနောက်ဘက်ကို လှမ်းကြည့်လိုက်တယ်။ ဒါရိုက်တာ ပတ်ဂျုံဂျင် က သူမနဲ့ ပြောစရာရှိတယ်လို့ ဆိုပေမယ့် အတန်းပြီးမှပဲ ပြောကြတာပေါ့လို့ ပြောထားတယ်။ အပြင်မှာ စောင့်ရတာ ပျင်းစရာကောင်းလို့ အတန်းထဲ ဝင်ကြည့်လို့ရမလားလို့ သူက ခွင့်တောင်းခဲ့တာလေ။ မီဆို လည်း ခွင့်ပြုပေးလိုက်တယ်။ သူ့နာမည် ပတ်ဂျုံဂျင် ဆိုတာ ကြားတော့ သူမကိုယ်တိုင်လည်း စိတ်ဝင်စားသွားတာကိုး။

"ဂျောင်းလင်၊ ဒေါသထွက်နေတဲ့ပုံစံ သရုပ်ဆောင်ပြလို့ရမလား"

"ဒေါသထွက်နေတဲ့ သရုပ်ဆောင်မှုလား"

"အင်း။ ဇာတ်လမ်းနောက်ခံလေး ပေးရမလား"

"ဟုတ်ကဲ့၊ အဲဒါဆို ပိုလွယ်မယ်ထင်တယ်"

"ဒါဆို ဒီလိုလုပ်ကြစို့။ မင်းတို့နှစ်ယောက်လည်း အတူတူ စဉ်းစားကြည့်ကြ။ အကုန်လုံးကို အခြေအနေတစ်ခုတည်း ပေးမယ်"

မီဆို က ဂျောင်းလင် ကို ကြည့်ပြီး ပြောလိုက်တယ်။

"ငါ အခြေအနေတစ်ခု ပေးမယ်။ လွန်ခဲ့တဲ့ နှစ်ရက်က မင်း အလုပ်ပြုတ်သွားတယ်။ ဒါ့အပြင် ဒီမနက်ပဲ အခန်းကနေ ဖယ်ပေးရတော့မယ်ဆိုတာ ကြားလိုက်ရတယ်။ အဲဒီအချိန်မှာပဲ မိဘတွေကလည်း စားဝတ်နေရေးအတွက် ပိုက်ဆံတောင်းနေတယ်။ ဒီထက်ဆိုးတဲ့ အခြေအနေ မရှိနိုင်တော့ဘူးလေ။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်၊ အင်း မဟုတ်ဘူး၊ မင်းသိတဲ့ လူတစ်ယောက်က မင်းရှေ့ကို ရောက်လာပြီး မင်းအခြေအနေကဆိုးတာလှချည်လား ကိုယ့်အကြောင်းကိုယ်သိမှာပဲလေ ဆိုပြီး လာရန်စတယ်။ ကဲ၊ အဲဒီအခါကျရင် မင်း ဘယ်လို ဒေါသထွက်ပြမလဲ"

မီဆို က သူမရဲ့ အရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။ ထိုင်နေတဲ့ ဂျောင်းလင် လည်း ထရပ်ပြီး အဲဒီနေရာကို လျှောက်သွားတယ်။

"အဲဒီအခြေအနေမျိုးဆိုရင် ဘယ်လို ခံစားရမလဲ"

"ပတ်ဝန်းကျင်က အရာအားလုံးကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်နေမှာပဲ"

"ဒါဆို အဲဒီခံစားချက်ကို ဖော်ပြကြည့်။ ငါ့ကို အဲဒီ ရင်းနှီးတဲ့သူလို့ သဘောထားလိုက်"

ဂျောင်းလင် ခံစားချက်တွေ ဝင်လာမယ့်အချိန်ကို မီဆို စောင့်နေတယ်။ သိပ်မကြာခင်မှာပဲ ဂျောင်းလင် ခေါင်းညိတ်ပြလာတယ်။ ကြည့်ရတာ အဆင်သင့်ဖြစ်သွားတဲ့ပုံပဲ။ မီဆို က သူမကို 'ဟဲ့ နင့်အခြေအနေကဆိုးတာလှချည်လား ကိုယ့်အကြောင်းကိုယ်သိမှာပဲလေ ' လို့ပဲ ပြောလိုက်တယ်။

"ကိုယ်အကြောင်းကိုယ်သိ ဟုတ်လား။ နင်က ဘာကောင်မမို့လို့လဲ။ ငါ့ရှေ့ကို ရောက်လာပြီး ဒီလိုစကားမျိုး လာပြောရအောင် နင်က ဘာကောင်မမို့လို့လဲ။ ငါ့အကြောင်း နင် ဘာသိလို့လဲ။ ငါ့ကိစ္စကို နင်က ဘာလို့ လာဝင်စွက်ဖက်နေရတာလဲ။ ဟမ်။ နင်ကရော အခြေအနေဘယ်လောက်ကောင်းနေလို့လဲ။ ဟမ်"

ဂျောင်းလင် က အသံကုန်ခြစ်အော်လိုက်တယ်။

မီဆို က ဂျောင်းလင် ရဲ့ ဘေးဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ ဂျောင်းလင် က သူမကို ကြည့်ပြီး ဘေးကို လျှောက်သွားတယ်။

"နောက်တစ်ယောက်။ ဂွမ်ဆော့"

"ဟုတ်ကဲ့"

"မင်းလည်း အတူတူပဲ။ အဆင်သင့်ဖြစ်ရင် စလို့ရပြီ"

ဂွမ်ဆော့ လည်း သရုပ်မဆောင်ခင် ခံစားချက်အဝင်ခံဖို့ အချိန်နည်းနည်း ယူလိုက်တယ်။ စကားအသုံးအနှုန်းတွေ ကွဲပြားသွားပေမယ့် သူလည်း အသံကုန်ခြစ်အော်တာပါပဲ။

"ဆွန်းဂျဲ"

"ဟုတ်ကဲ့။ ချက်ချင်းပဲ စလိုက်ပါ့မယ်"

"ကောင်းပြီ"

ဆွန်းဂျဲ ကတော့ ဒေါသကို တစ်မျိုးတစ်ဘာသာ ဖော်ပြတယ်။ အရှေ့က နှစ်ယောက်က ခံစားချက်တွေကို ပေါက်ကွဲပစ်လိုက်ပေမယ့် ဆွန်းဂျဲ ကတော့ ဒေါသကို မျိုသိပ်ထားတယ်။ အဆုံးသတ်ကျမှ အသံကို ခဏလောက် မြှင့်ပြီး အဆုံးသတ်လိုက်တယ်။

"ကဲ၊ တစ်ယောက်နဲ့တစ်ယောက် သရုပ်ဆောင်သွားတဲ့အပေါ် ဘယ်လိုထင်ကြလဲ"

"ကျွန်တော် မသိဘူး" လို့ ဆွန်းဂျဲ က ပြန်ဖြေတယ်။

ဂွမ်ဆော့ က 'အားလုံး ကောင်းကောင်းလုပ်နိုင်ပါတယ်' လို့ ဖြေပေမယ့် ဂျောင်းလင် ကတော့ 'မကောင်းလို့ မေးတာမလား' လို့ ပြန်မေးတယ်။

မီဆို က အကုန်လုံးကို ထိုင်ခိုင်းလိုက်တယ်။

"အကုန်လုံး သင်ထားတဲ့အတိုင်း သရုပ်ဆောင်သွားကြတယ် မလား"

သုံးယောက်လုံး ခေါင်းညိတ်ပြကြတယ်။

"အင်း ကောင်းပြီ။ ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာ သင်္ချာပုံသေနည်းလို အဖြေမှန်ဆိုတာ မရှိဘူး။ ဒါပေမယ့် ခံစားချက်ကို ဖော်ပြတဲ့အခါ အပေါ်ယံ ဟန်ဆောင်ရုံနဲ့ မလုံလောက်ဘူး။ အနှစ်သာရ လိုအပ်တယ်။ အနှစ်သာရမပါတဲ့ ဖော်ပြမှုက အပေါ်ယံဆန်လွန်းတယ်"

မီဆို က လူသုံးယောက်လုံးရဲ့ မျက်နှာကို အသေအချာ လိုက်ကြည့်လိုက်တယ်။ သူတို့ရဲ့ မျက်နှာတွေကို ကြည့်ရုံနဲ့တင် သူမ စကားကို ဘယ်လောက် နားထောင်နေလဲ ဆိုတာ အများကြီး သိနိုင်တယ်။ ဆွန်းဂျဲ ကတော့ သူမပြောတဲ့ စကားတွေထဲက တစ်ခုခုကို နားလည်သွားတဲ့ပုံနဲ့ သူမကို ပိုပြီး အာရုံစိုက်လာတယ်။ ဒီလိုလူမျိုးတွေကို သင်ပေးရတာ တော်တော် ပျော်စရာကောင်းတယ်။

တစ်ဖက်မှာတော့ ဂွမ်ဆော့ နဲ့ ဂျောင်းလင် က နားလည်သလိုလို ရှိပေမယ့် သူတို့ရဲ့ သရုပ်ဆောင်မှုတွေကို ပြန်သုံးသပ်နေတဲ့ပုံ မပေါ်ဘူး။ ကိုယ့်အမှားကိုယ် ပြန်မသုံးသပ်နိုင်တဲ့ အနေအထားကို ကြည့်ရင် သူတို့ သရုပ်ဆောင်တွေအနေနဲ့ အဝေးကြီး သွားရဦးမယ် ထင်တယ်။

"မင်းတို့ သုံးယောက်လုံး ဒေါသထွက်ပြကြတယ်။ ဒါပေမယ့် အဲဒါပါပဲ။ မင်းတို့ကို အော်တာပဲ မြင်ချင်ရင် ငါက ဒေါသထွက်ပြဖို့ မပြောဘဲ အော်ခိုင်းလိုက်မှာပေါ့။ ပြီးတော့ ငါက ဇာတ်လမ်းနောက်ခံလည်း ပေးထားတယ်လေ။ ခံစားချက်တွေကို စုစည်းတယ်ဆိုတာ မျက်မှောင်ကြုတ်ဖို့ ပြင်ဆင်တာမဟုတ်ဘဲ စဉ်းစားတွေးတောတာကို ပြောတာ။ အကြောင်းပြချက်မရှိတဲ့ ဒေါသက အဓိပ္ပာယ်မရှိဘူး။ အဓိပ္ပာယ်တစ်ခု၊ တစ်နည်းအားဖြင့် အနှစ်သာရတစ်ခု ထည့်ပေးမှသာ ဒေါသက အသက်ဝင်လာတာ။ ငါတို့က သရုပ်ဆောင်တွေလေ၊ အရူးတွေမှ မဟုတ်တာ။ အရူးတွေမှသာ အကြောင်းပြချက်မရှိဘဲ ဒေါသထွက်ကြတာပေါ့။ သရုပ်ဆောင်တွေဆိုတာ ကိုယ် ဒေါသထွက်ရတဲ့ အကြောင်းရင်းကို ဒေါသထွက်တဲ့ ပုံစံကနေတစ်ဆင့် ပြသနိုင်ရမယ်။ နားလည်လား။ သုံးနှစ်အရွယ် ကလေးကို ဒေါသထွက်ပြဆိုရင်တောင် သူ လုပ်တတ်တယ်။ အခု ငါပြောတဲ့ အဓိပ္ပာယ်ကို သေချာစဉ်းစားပြီး ပြန်လုပ်ပြကြ"

မီဆို က ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်လိုက်တယ်။ သူမ အခုလေးတင် ပြောလိုက်တဲ့ စကားတွေကို သေချာတွေးတဲ့သူမှသာ ဒီအတန်းကနေ တစ်ခုခု သင်ယူသွားနိုင်မှာလေ။

"စာသင်တဲ့နေရာမှာ တော်တော် ပြတ်သားတာပဲ" အနောက်ဘက်မှာ ထိုင်နေတဲ့ ဂျုံဂျင် က အနားကို လျှောက်လာပြီး ပြောလိုက်တယ်။

"အတန်းက မပြီးသေးဘူး၊ အဆင်ပြေရဲ့လား"

"ရပါတယ်။ လိုအပ်တယ်လို့ ထင်ရတဲ့သူတွေအပေါ် အချိန်ပေးရတာကို အချိန်ဖြုန်းတယ်လို့ မသတ်မှတ်ပါဘူး"

"အခု အချိန်နည်းနည်း ရနေတုန်း အရင်က ရပ်ထားတဲ့ ကိစ္စလေး ဆက်ပြောရအောင်။ ကျွန်တော့်ကို လိုအပ်တယ်ဆိုတာ ဟုတ်တယ်မလား"

"ဟုတ်တယ်။ လိုအပ်တယ်"

"သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပြောတာလား၊ နည်းပြတစ်ယောက်အနေနဲ့လား"

"ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်ပိုင်းဆိုင်ရာ အကြံပေးမယ့်သူတစ်ယောက် လိုအပ်နေတာ။ ပြီးတော့ မင်းရဲ့ အတန်းကို ကြည့်ပြီးနောက်မှာ ငါ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါ့ရိုက်ကွင်းကို မင်း လာနိုင်မယ်လို့ တကယ်ပဲ မျှော်လင့်ပါတယ်"

မီဆို က လက်ပိုက်လိုက်တယ်။ ဒါရိုက်တာ ပတ်ဂျုံဂျင် နဲ့ အလုပ်တွဲလုပ်ရမယ် ဟုတ်လား။ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ ကမ်းလှမ်းမှုပဲ။ 'Spring Calendar' ဆိုတဲ့ ရုပ်ရှင်က လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရုပ်ရှင်ရုံမှာ အခါခါပြန်ကြည့်ရလောက်အောင် သူမ သဘောကျခဲ့တဲ့ ကားလေ။ ဒီဒါရိုက်တာက ဇာတ်လမ်းတွဲတွေကို ရှောင်ပြီး လုပ်ငန်းခွင်ထဲကို အခုမှ ရောက်လာတဲ့ သရုပ်ဆောင်သစ်တွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကိုး။

"အဓိကဇာတ်ဆောင်က ဘယ်သူလဲ"

"လောလောဆယ်တော့ လီဟျော့ ကို အတည်ပြုထားတယ်"

"လီဟျော့ လား။ ကျွန်မသိတဲ့ လီဟျော့ ပဲလား"

"ဟုတ်လောက်ပါတယ်။ ပြီးတော့ အိုင်ဒေါကနေ သရုပ်ဆောင်ဖြစ်လာတဲ့ ကောင်မလေး တစ်ယောက်လည်း ပါသေးတယ်။ ကွန်းဒါယွန်း တဲ့"

"အိုင်ဒေါ လား"

ဒါက သတင်းကောင်းတော့ မဟုတ်ဘူး။ မကြာသေးခင်ကမှ အိုင်ဒေါတွေရဲ့ ယေဘုယျအဆင့်အတန်း မြင့်တက်လာတယ်ဆိုပေမယ့် အဲဒါက အရင်တုန်းကနဲ့ ယှဉ်ရင်သာ ပြောလို့ရတာလေ။ ဝါရင့်သရုပ်ဆောင်တွေကြားထဲ ရောက်သွားရင်တော့ သူတို့က တစ်ကားလုံးရဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်တတ်ကြတယ်။

"မင်း စိတ်ပူသွားတဲ့ပုံပဲ၊ ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။ ငါ သူမကို သေချာကိုင်တွယ်မှာပါ။ သူမကို စိတ်ကြိုက် သရုပ်ဆောင်ခွင့်ပေးဖို့ အစီအစဉ်မရှိဘူး"

"သူက အဓိကဇာတ်ဆောင်လေ၊ သူ့ကို သရုပ်မဆောင်ခိုင်းဘူးလား"

"အင်း။ ငါ ညွှန်ကြားတဲ့အတိုင်းပဲ သူ လှုပ်ရှားရမှာ။ တခြားသရုပ်ဆောင်တွေအတွက် အနှောင့်အယှက်ဖြစ်လာမှာ မဟုတ်ပါဘူး"

"အဲဒါက တစ်ခုခု ပြောင်းလဲသွားစေမှာမို့လို့လား"

"ပြောင်းလဲတာပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာလေ။ ငါက အရည်အချင်းရှိတဲ့သူတွေကိုပဲ အလုပ်ပေးတာ။ မလုပ်နိုင်တဲ့သူတွေကိုတော့ ကိုယ်တိုင် သင်ပေးတယ်။ ဒါကြောင့် ရိုက်ကွင်းပေါ်က အခြေအနေအတွက် မင်း စိတ်ပူစရာ မလိုပါဘူး" လို့ ဂျုံဂျင် က ပြုံးလျက် ပြောလိုက်တယ်။

ဘာကြောင့်မှန်းမသိပေမယ့် သူ စကားပြောပုံက သူမကို လူတစ်ယောက်အား သတိရသွားစေတယ်။ ခဏလောက် စဉ်းစားကြည့်ပြီးနောက်မှာတော့ အဖြေတစ်ခု ထွက်လာတယ်။

"ရှင် စကားပြောပုံက စီနီယာ ဂျွန်မင်း၊ အဲ ဥက္ကဋ္ဌ ပြောတဲ့ပုံစံနဲ့ တော်တော်တူတာပဲ"

"သူနဲ့ ငါနဲ့လား" ဂျုံဂျင် က မှေးမှိန်တဲ့ အပြုံးလေးနဲ့ ပြန်ဖြေတယ်။

တူတယ်လို့ ခံစားရလို့ပါဆိုပြီး မီဆို က ပြန်ဖြေလိုက်တယ်။ ဂျုံဂျင် ရဲ့ မျက်နှာထား ရုတ်တရက် အေးစက်သွားတာကို သူမ ခဏလေး မြင်လိုက်ရတယ်။ ကြည့်ရတာ သူနဲ့ ဂျွန်မင်း နဲ့ သိပ်အဆင်မပြေတဲ့ပုံပဲ။ မဟုတ်ဘူး၊ အဲဒီလို တုံ့ပြန်ပုံကို ကြည့်ရင် သူက ဂျွန်မင်း ကို သဘောမကျတာ သေချာတယ်။

"လောလောဆယ်တော့ ကျွန်မ အတန်းဆက်သင်လိုက်ဦးမယ်"

"ဒါဆို ငါလည်း ဆက်ကြည့်နေလိုက်မယ်လေ"

"ရှင် အလုပ်များရင် ပြန်လို့ရပါတယ်။ ကျွန်မ စဉ်းစားပြီးမှ ပြန်ဆက်သွယ်လိုက်ပါ့မယ်"

"မဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းလို့ နေခဲ့တာပါ။ ဪ၊ ငါက အနှောင့်အယှက် ဖြစ်နေလို့လား"

"မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး"

"ဒါဆိုလည်း ဆက်ကြည့်နေမယ်လေ။ အတန်းပြီးရင် ထမင်းစားရင်းဖြစ်ဖြစ် ဆက်ပြောကြတာပေါ့"

"ကောင်းပါပြီ"

မီဆို က သူတို့ဘက်ကို လှမ်းကြည့်နေတဲ့ လူသုံးယောက်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။

"သူများအကြောင်း တွေးဖို့ အချိန်ရနေသေးတယ်ဆိုတော့ တော်တော် အံ့သြဖို့ကောင်းတာပဲ။ ကြည့်ရတာ ငါပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်သွားကြပြီထင်တယ်။ ကောင်းပြီလေ။ ငါ့ရှေ့မှာ တစ်ယောက်ချင်းစီ ပြန်သရုပ်ဆောင်ပြကြ။ ကိုယ့်အကြောင်းကိုယ် တွေးဖို့တောင် အချိန်မလောက်တဲ့ကြားထဲကနေ တခြားဆီ အာရုံလွင့်နေရအောင် မင်းတို့က ဘယ်လောက်တောင် တော်နေလို့လဲ။ ကြည့်ကြသေးတာပေါ့။ အာ၊ ကြိုပြောထားရရင် မင်းတို့က ထိုင်နေရတာထက် ခန္ဓာကိုယ်ကို လှုပ်ရှားရတဲ့ အချိန် ပိုများလိမ့်မယ်။ အခြေခံအနေနဲ့ ခြေကားတာလောက်တော့ အကုန် လုပ်နိုင်ကြတယ် မလား"

မီဆို က သူတို့သုံးယောက်ရှေ့မှာ ခြေထောက်ချိတ်ထိုင်လိုက်တယ်။

"ကဲ စလိုက်ကြတော့။ အရင်တစ်ခေါက်ကထက် ဘာမှ တိုးတက်မလာဘူးဆိုရင်တော့ မင်းတို့ကို ဆူရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"

* * * * * * * * *

"ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့"

အဲဒီစကားကို ကြားကြားချင်းပဲ ဆွန်းဂျဲ နောက်ကို ပစ်လဲကျသွားတယ်။ ခြေထောက်တွေ ကြွက်တက်တော့မလိုတောင် ခံစားနေရပြီ။ နံရံကို မှီနေတဲ့ အခြားနှစ်ယောက်ကို သူ လှည့်ကြည့်လိုက်တယ်။ သူတို့က သူ့ကို တစ်ခုခု ထူးထူးခြားခြား လုပ်နိုင်တဲ့လူတစ်ယောက်လိုမျိုး ကြည့်နေကြတယ်။

"ဆွန်းဂျဲ။ မင်းက လေ့ကျင့်ခန်း လုပ်ထားတဲ့ပုံပဲ"

"ဟုတ်ကဲ့။ ကျွန်တော်က အိုင်ဒေါတစ်ယောက်လေ။ ဟူး ဟူး"

"မင်းရဲ့ ခံနိုင်ရည်ကို သဘောကျတယ်။ တော်တော်လေးလည်း ပျော့ပြောင်းတယ်။ ခန္ဓာကိုယ်ကို ဘယ်လိုအသုံးချရမလဲ ဆိုတာ သိပုံရလို့ မင်းအတွက် ခံနိုင်ရည်ပိုင်းကို အဓိကထားတဲ့ လေ့ကျင့်ရေးတွေကို လျှော့ပေးမယ်။ ဒါပေမယ့် မင်းတို့ နှစ်ယောက်ကတော့ ဒီနေ့လိုမျိုး ပြေးဖို့ ပြင်ထားကြ။ သရုပ်ဆောင်တွေ ဖြစ်နေလျက်နဲ့ ဘာလို့ ခန္ဓာကိုယ်တွေက ဒီလောက်တောင် ဆိုးရွားနေရတာလဲ။ ဒါကို မှတ်ထားကြ။ မျက်လုံးနဲ့တင် စကားပြောနိုင်တဲ့ သရုပ်ဆောင် မဟုတ်ဘူးဆိုရင် လက်ဖျားကနေ ခြေဖျားအထိ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ကိုယ်လိုသလို လှုပ်ရှားနိုင်အောင် လေ့ကျင့်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက် ကျေးဇူးပဲ"

ဆွန်းဂျဲ က ကြမ်းပြင်ပေါ်မှာ လှဲနေရင်း မီဆို အတန်းထဲက ထွက်သွားတာကို ကြည့်နေတယ်။ အလုပ်သင်ဘဝကို ပြန်ရောက်သွားသလိုပဲ ခံစားရတယ်။ ဒီလောက် ပြင်းထန်တဲ့ လေ့ကျင့်ရေးဆင်းရတာ တော်တော်ကြာနေပြီလေ။

"ဝါး အစ်ကိုကြီး။ ဒါတွေအကုန်လုံးကို ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ"

"အဆင်ပြေရဲ့လား"

အနားကို ရောက်လာတဲ့ ဂွမ်ဆော့ နဲ့ ဂျောင်းလင် ကို အဆင်ပြေပါတယ်လို့ ပြောပြီး သူ ထရပ်လိုက်တယ်။ ခဏလောက် နားလိုက်တော့ ခြေထောက်တွေ နည်းနည်း သက်သာသွားတယ်။ ကျောင်းသားဘဝတုန်းက သရုပ်ဆောင်သင်တန်းကျောင်းတွေ သွားတုန်းက ဒီလိုပဲ လေ့ကျင့်ခဲ့ရတာကို သူ ပြန်သတိရသွားတယ်။ သေချာ သင်ယူနေရတယ်လို့ ခံစားရတဲ့အတွက် ခန္ဓာကိုယ်က ပင်ပန်းနေပေမယ့် စိတ်ထဲမှာတော့ ကျေနပ်နေမိတယ်။

သူ့ချွေးတွေကို အင်္ကျီလက်နဲ့ သုတ်လိုက်ချိန်မှာပဲ အတန်းတစ်ဝက်လောက်မှာ ဝင်လာတဲ့ လူက သူတို့ဆီ လျှောက်လာတယ်။

"မင်းတို့ သုံးယောက်လုံး တော်တော် စိတ်အားထက်သန်ပုံရတယ်"

ဆွန်းဂျဲ က အဲဒီလူကို ကြည့်လိုက်တယ်။ ပေါ့ပေါ့ပါးပါး ဝတ်စုံနဲ့ ဖီဒိုရာဦးထုပ်ကို ဆောင်းထားတယ်။ အသက် လေးဆယ်ကျော်လောက် ရှိပြီလို့ ထင်ရပေမယ့် သူ့ရဲ့ နောက်ပြောင်ချင်တဲ့ အပြုံးကြောင့် ပိုနုသွားသလိုပဲ။

"မင်းတို့အားလုံးက သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်မက်နေကြတာလား"

"သေချာတာပေါ့။ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲဗျ" လို့ ဂွမ်ဆော့ က မေးလိုက်တယ်။

"အာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတာပဲ။ ငါ့နာမည်က ပတ်ဂျုံဂျင် ပါ။ နာမည်မကြီးတဲ့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါပဲ"

ပတ်ဂျုံဂျင် ဟုတ်လား။ ဆွန်းဂျဲ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ အသက်ရှူမှန်အောင် ပြန်ထိန်းလိုက်ပြီး သူ မေးလိုက်တယ်။

"ကျွန်တော်တို့နဲ့ ဘာကိစ္စရှိလို့လဲ"

"ရှိလို့ပေါ့။ အခု ရုပ်ရှင်တစ်ကား ရိုက်ဖို့ ပြင်ဆင်နေတာ၊ အဆင်ပြေရင် မင်းတို့ ပါဝင်ချင်ကြလားလို့"

"ရုပ်ရှင်ထဲမှာလား"

တော်တော်လေးကို ရုတ်တရက်ဆန်တဲ့ ကမ်းလှမ်းမှုပဲ။ ဆွန်းဂျဲ ရဲ့ ပထမဆုံး ခံစားချက်က ငြင်းပယ်ချင်စိတ်ပဲ။ အိုင်ဒေါဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး လူတွေကို လိမ်လည်ပိုက်ဆံတောင်းတဲ့ ဇာတ်လမ်းတွေကို သူ သတိရသွားတယ်။ အနုပညာလောကမှာ ဒီလို လိမ်လည်မှုတွေက နေရာတိုင်းမှာ ရှိနေတာလေ။ သူက အဲဒီလူကို သတိထားပြီး ပြန်ကြည့်လိုက်တော့ ဂျုံဂျင် က ရယ်လိုက်တယ်။

"အခုက ကမ်းလှမ်းကြည့်ရုံသက်သက်ပါ။ တကယ်တော့ ငါ့ရဲ့ အဓိကကိစ္စက နည်းပြ ယန်မီဆို နဲ့ပါ။ အသေးစိတ်ကို နောက်မှ ဆက်ပြောကြတာပေါ့။ ဒါနဲ့ ငါ့ကားထဲမှာ ပါဝင်ဖို့ ဘယ်လိုထင်လဲ။ သေချာတာပေါ့လေ၊ မင်းတို့ကို အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါရမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး"

ဂျုံဂျင် ဆက်ပြောဖို့ လုပ်နေတုန်း မီဆို ပြန်ဝင်လာတယ်။

"ဒါရိုက်တာ၊ သွားကြစို့"

"အာ ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် မင်းတို့သုံးယောက် စဉ်းစားပေးကြပါ။ သွားလိုက်ဦးမယ်"

ဂျုံဂျင် က ပြုံးလျက်နဲ့ စာသင်ခန်းထဲကနေ ထွက်သွားတယ်။ မီဆို က သူ ထွက်သွားတာကို ကြည့်ပြီးနောက် သူတို့ သုံးယောက်ဆီ ဖြည်းဖြည်းချင်း လျှောက်လာတယ်။

"သူ မင်းတို့ကို ဘာပြောသွားလဲ"

"သူ့ရုပ်ရှင်ထဲမှာ ပါချင်လားလို့ မေးသွားတယ်"

"သူ့ရုပ်ရှင်ထဲမှာ ဟုတ်လား"

ဆွန်းဂျဲ က ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်တယ်။

"ဒါပေမယ့် သူက တကယ်ပဲ ရုပ်ရှင်ဒါရိုက်တာလား"

"အင်း သူက ဒါရိုက်တာပါ။ တော်တော်လည်း နာမည်ကြီးတယ်"

"ဪ"

"သူက တော်တော် ထူးဆန်းတဲ့လူဆိုတော့ ဘာရည်ရွယ်ချက်နဲ့ အဲဒီလိုပြောသွားလဲ ငါလည်း မသိဘူး။ လောလောဆယ် သူ့ကို သိပ်ဂရုစိုက်မနေနဲ့"

"ဟုတ်ကဲ့ပါ"

"ဒါဆို မနက်ဖြန်မှ တွေ့ကြမယ်။ ကြွက်သားတွေကို အကြောလျှော့ဖို့ မမေ့နဲ့ဦး"

ထွက်သွားတဲ့ မီဆို ကို ဆွန်းဂျဲ နှုတ်ဆက်လိုက်တယ်။

"အစ်ကိုကြီး၊ သူ နောက်ပြီး ပြောသွားတာ နေမှာပါနော်"

"ငါလည်း မသိဘူး"

အိတ်ထည့်ရင်း နားထောင်နေတဲ့ ဂျောင်းလင် က ဝင်ပြောတယ်။

"နောက်တာ နေမှာပါ။ ပထမဆုံး အကြိမ် တွေ့တဲ့သူကို ရုပ်ရှင်ထဲမှာ ပါဖို့ ခေါ်တဲ့ ဒါရိုက်တာမျိုး ဘယ်မှာ ရှိမှာလဲ"

"အဲဒါလည်း ဟုတ်တာပဲ"

ဆွန်းဂျဲ လည်း သူ့အိတ်ကို သိမ်းလိုက်တယ်။

"အစ်ကိုကြီး၊ ကျွန်တော်တို့ ညစာ အတူတူ သွားစားကြမလား"

"ညစာလား။ စားကြမလား"

"ဟုတ်တယ်။ ပြီးတော့ ကျွန်တော့်ကို အနုပညာလောကအကြောင်းလေး ပြောပြပေးဦးလေ။ အနီးအနားမှာ ဝက်သားကင်ဆိုင် တစ်ဆိုင်ရှိတယ်၊ အဲဒီကို သွားကြတာပေါ့။ အာ နေဦး။ အစ်ကို့ကို မှတ်မိသွားရင် လူတွေ ဝိုင်းအုံလာလိမ့်မယ်"

"ဦးထုပ်ဆောင်းထားရင် သိပ်မမှတ်မိကြပါဘူး"

"တကယ်လား။ ဒါဆိုလည်း ကောင်းတာပေါ့။ သွားကြစို့"

"ငါတို့ နှစ်ယောက်တည်းလား"

"ဟုတ်တယ်။ ဪ ဂျောင်းလင် လည်း ရှိတာပဲ"

ဂွမ်ဆော့ က ပခုံးတွန့်လိုက်ပြီး ဂျောင်းလင် ကို ခေါ်လိုက်တယ်။ နောက်ဆုံးတော့ သူတို့ သုံးယောက် အတူတူ သွားစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဂွမ်ဆော့ က ရေချိုးခန်းသွားဦးမယ်ဆိုပြီး ရှေ့က ထွက်သွားတော့ သူလည်း ညောင်းနေတဲ့ ဇက်ကို လှည့်ရင်း စင်္ကြံတစ်လျှောက် လမ်းလျှောက်လာခဲ့တယ်။

"ဟိုလေ၊ ဆွန်းဂျဲ အိုပါး"

"အင်း ပြောလေ"

"ညစာကို နှစ်ယောက်တည်း စားလို့ရမလားဟင်"

"ဘာလို့လဲ။ ချိန်းထားတာ ရှိလို့လား"

သူမ အလုပ်များနေတာလားလို့ ဆွန်းဂျဲ တွေးလိုက်မိတယ်။

"မ မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်ယောက်တည်းကို ပြောတာပါ"

အဲဒီစကားကို ပြောပြီးတော့ ဂျောင်းလင် ပြာယာခတ်သွားတယ်။ ကြည့်ရတာ ဂွမ်ဆော့ နဲ့ သူမ တကယ်ပဲ အဆင်မပြေဘူး ထင်တယ်။ အစတုန်းက ဂွမ်ဆော့ က သူမကို ချန်ခဲ့ဖို့ ကြိုးစားခဲ့ပြီး အခုတော့ ဂျောင်းလင် က ဒီလို ပြောလာပြန်တယ်။

အဲဒီအချိန်မှာပဲ ဂွမ်ဆော့ ပြန်ရောက်လာတယ်။ ဂျောင်းလင် ငြိမ်သွားပြီး ပြန်လျှောက်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ သူ့ကိုပဲ စကားလာပြောနေကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဆွန်းဂျဲ သက်ပြင်းချရင်း ခါးသက်သက် ပြုံးလိုက်မိတယ်။

* * * * * * * * *

မီဆို ဆီကနေ စာတစ်စောင် ဝင်လာတယ်။ အချိန်အခါလည်း ကိုက်ညီနေတာမို့လို့ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်လို့ ဆိုတယ်။ ဂျွန်မင်း က ကောင်းတယ်လို့ မပြောဘဲ သူ့ဆီကနေ ပိုက်ဆံအများကြီး တောင်းဖို့ပဲ ပြောလိုက်တယ်။ မီဆို ကလည်း အဲဒီလိုပဲ ရည်ရွယ်ထားပါတယ်လို့ ပြန်စာပို့တယ်။

"ငြင်းဆန်တာနဲ့ အလျှော့ပေးတာက မိုက်မဲတဲ့ လုပ်ရပ်ပဲ"

ဂျုံဂျင် က တမင်သက်သက် လုပ်တာလား၊ တိုက်ဆိုင်တာလားတော့ သူ မသိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက ပတ်ဝန်းကျင်က လူတွေနဲ့ ရင်းနှီးအောင် ကြိုးစားနေတယ်။ အတိတ်ကို စွဲလမ်းနေတဲ့သူဆိုရင်တော့ အသေးအဖွဲ ကလဲ့စားချေဖို့ စီစဉ်နေတာလည်း ဖြစ်နိုင်တယ်။

"သူ့ဆီကနေ ငါက ယူထားခဲ့တော့ အခု သူက ငါ့ဆီကနေ ပြန်ယူဖို့ ရည်ရွယ်ထားတာ ဖြစ်မယ်"

ဂျွန်မင်း က မော်နီတာကို ကြည့်ရင်း အငွေ့ထနေတဲ့ လက်ဖက်ရည်ကြမ်းကို သောက်လိုက်တယ်။ ပတ်ဂျုံဂျင်။ ဘာတွေပဲပြောပြော သူက ပါရမီရှင်တစ်ယောက်ပဲ။ သူတို့အနေနဲ့ သူ့ဆီကနေ အများကြီး သင်ယူနိုင်လောက်တယ်။ တိုးတက်ဖို့ အခွင့်အရေး ရသွားပြီဖြစ်လို့ သူတို့ကို ဒီအတိုင်းပဲ လွှတ်ထားဖို့ သူ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့များ သူတို့ကို ခိုးယူသွားခဲ့ရင်တော့ အဲဒီအချိန်ကျမှပဲ စဉ်းစားရမှာပေါ့။ ဒါပေမယ့် လီဂျွန်မင်း ဆိုတဲ့လူက တခြားသူတွေကို စီမံခန့်ခွဲရင်းနဲ့ပဲ ဒီနေရာအထိ ရောက်လာတာဖြစ်လို့ သူ့မှာ ယုံကြည်မှုတော့ အပြည့်ရှိတယ်။

ဂျွန်မင်း က ကီးဘုတ်ကို ခပ်မြန်မြန် ခေါက်လိုက်တယ်။ သူ့မှာ လုပ်စရာအလုပ်တွေက တောင်ပုံယာပုံပဲ။ ဈေးကွက်က အလျင်အမြန် ပြောင်းလဲနေပြီး အလိုက်သင့် မပြောင်းလဲနိုင်တဲ့သူတွေက လှိုင်းပုတ်ရာနောက် မျောပါသွားကြမှာပဲ။

"အစစ်အမှန် သရုပ်ဆောင်တစ်ယောက်"

သူ ကီးဘုတ်ပေါ်က Enter ခလုတ်ကို မနှိပ်ခင် အကျင့်ပါနေတဲ့အတိုင်း အဲဒီစကားကို ရေရွတ်လိုက်တယ်။

* * * * * * * * *

All Chapters