အခန်း ၃၆၆
Vol. 37 Ch. 366
အခန်း(၃၆၆)
"သမိုင်းဝင် ဇာတ်လမ်းတွဲတွေ ကြည့်ဖူးလား"
လက်ဖက်ရည်နံ့ကို ရှူရှိုက်နေတဲ့ ဂျွန်မင်း ကိုကြည့်ရင်း မာရူး က ပြန်ဖြေလိုက်တယ်။
"ဟုတ်ကဲ့"
"ဘယ်နှကားလောက်လဲ"
"လတ်တလော ပြသနေတဲ့ ကားတွေအကုန်လုံးကို ကြည့်နေပါတယ်"
သူကြည့်တဲ့ တီဗီအစီအစဉ်ဆိုလို့ သတင်းတွေနဲ့ အပိုင်းရှည် သမိုင်းဝင် ဇာတ်လမ်းတွဲတွေပဲ ရှိတာလေ။
"YBS က လာတဲ့ကားလား"
"ဟုတ်ကဲ့"
"တော်တော်လေး ကံကောင်းတာပဲ။ ဟုတ်တယ်မလား ဆရာ"
မွန်ဂျောင် က ခေါင်းညိတ်ပြတယ်။ ဂျွန်မင်း က ဘာလို့ ဒီအကြောင်းတွေကို ပြောနေတာလဲလို့ မာရူး တွေးနေမိတယ်။ ကျေနပ်နေတဲ့ အပြုံးတစ်ခုနဲ့ မွန်ဂျောင် ကို မာရူး လှမ်းကြည့်လိုက်တယ်။ ကြည့်ရတာ ဒီမေးခွန်းရဲ့ အဖြေက သူ့ဆီမှာ ရှိနေပုံပဲ။
"ကျွန်တော်နဲ့ အချိန်အတော်ကြာကတည်းက သိလာတဲ့ ဒါရိုက်တာတစ်ယောက်က မကြာခင် သမိုင်းဝင် ဇာတ်လမ်းတွဲတစ်ခု စရိုက်တော့မှာ။ အဲဒါ RBS မှာ ပြသမှာ"
"RBS က သမိုင်းဝင် ဇာတ်လမ်းတွဲလား"
YBS ရဲ့ သမိုင်းဝင် ဇာတ်လမ်းတွဲတွေကို 'ရိုးရာ' သမိုင်းဝင် ဇာတ်လမ်းတွဲတွေလို့ ခေါ်ကြတယ်။ အဓိကအားဖြင့် လူကြီးပိုင်းတွေကို ရည်ရွယ်ပြီး ဝါရင့်သရုပ်ဆောင်တွေကိုပဲ ရွေးချယ်လေ့ရှိတယ်။ RBS က သမိုင်းဝင် ဇာတ်လမ်းတွဲတွေကတော့ လူငယ်ပိုင်းကို အဓိကထားတယ်။ နိုင်ငံရေးသမားတွေကြားက ပြင်းထန်တဲ့ ပဋိပက္ခတွေအကြောင်းကို ပြောတာထက် အချစ်ဇာတ်လမ်း ဒါမှမဟုတ် သူရဲကောင်းဆန်ဆန် ဇာတ်အိမ်တွေကိုပဲ အဓိကထား တင်ဆက်လေ့ရှိတယ်။
"အေး၊ RBS က သမိုင်းဝင် ဇာတ်လမ်းတွဲလေ။ ငါက နည်းနည်းလောက် နားမလို့ စဉ်းစားထားပေမယ့် ဒီကောင်က ပါဝင်ပေးဖို့ တောင်းဆိုလာတာနဲ့။ ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တော့ ငါ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုးဖြစ်နေလို့ စိတ်ဝင်စားသွားတယ်။ အဲဒီမှာ မင်းပါလာတာပဲ။ မာရူး၊ သမိုင်းဝင် ဇာတ်လမ်းတွဲတစ်ခုမှာ ကလေးကာရိုက်တာကနေ သရုပ်ဆောင်ကြည့်ချင်လား" မွန်ဂျောင် က ထိုင်ခုံမှာ နောက်မှီချရင်း မေးလိုက်တယ်။
"သမိုင်းဝင် ဇာတ်လမ်းတွဲ ဟုတ်လား"
"အေး"
"ကျွန်တော့်အတွက်ကတော့ အခွင့်အရေးရရင် လုပ်ချင်တာပေါ့။ ဒါပေမယ့် လူရွေးပွဲ ဝင်ရဦးမယ် မဟုတ်ဘူးလား"
"လူရွေးပွဲ ဝင်စရာမလိုပါဘူး။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ငါ အာမခံတယ်လို့ ပြောထားပြီးပြီ။ ပြီးတော့ သိပ်အကြီးကြီးလည်း မဟုတ်ပါဘူး"
"ကျွန်တော် ဘယ်လို နေရာကနေ သရုပ်ဆောင်ရမလဲဆိုတာ မေးလို့ရမလား"
မွန်ဂျောင် က ပြုံးလိုက်ပြီးမှ ပြန်ဖြေတယ်။
"သူတောင်းစားလေ"
* * * * * * * * *
"ဆရာ ပြန်နားလို့ရပါပြီ"
"အိမ်အထိ လိုက်ပို့ပေးပါ့မယ်"
ဂျွန်မင်း က အဲဒီလိုပြောပေမယ့် မွန်ဂျောင် က လက်ခါပြပြီး ငြင်းလိုက်တယ်။
"ရပါတယ်။ တခြားသူတွေ တွဲပို့ပေးရလောက်အောင် ငါ မအိုသေးပါဘူး။ ဒါဆို ဂျွန်မင်း၊ နောက်မှပဲ တွေ့ကြတာပေါ့။ ပြီးတော့ မာရူး၊ ခဏနေမှ တွေ့မယ်"
နည်းနည်းပါးပါး လျှောက်ကြည့်ပြီးမှ အိမ်ပြန်မယ်လို့ ပြောပြီး မွန်ဂျောင် ထွက်သွားတယ်။ အဆောက်အအုံထဲကနေ မွန်ဂျောင် ထွက်သွားတာကို ခဏလောက် ကြည့်နေပြီးနောက် ဂျွန်မင်း စကားစလိုက်တယ်။
"ငါ ပြောစရာလေးတွေ ကျန်သေးတယ်။ အထဲဝင်ရအောင်"
"ဟုတ်ကဲ့"
မြေညီထပ်က ကော်ဖီဆိုင်ဆီကို ဂျွန်မင်း နောက်ကနေ သူ လိုက်သွားတယ်။ ကောင်တာဘေးမှာ စိတ်အားထက်သန်စွာ စောင့်နေကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို သူ မြင်နေရတယ်။ ကြည့်ရတာ သူတို့ သက်ဆိုင်ရာ ကုမ္ပဏီတွေက အလုပ်သင် အသစ်လေးတွေ ဖြစ်ပုံရတယ်။
သူတို့ ထောင့်ဘက်က စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်ကြတယ်။ ဂျွန်မင်း က သူ့ရဲ့ ဦးထုပ်ပြားကို ချွတ်လိုက်ပြီး စကားစပြောတယ်။
"ဆူယွန်း က မင်းကို အကူအညီတောင်းထားတယ်လို့ ကြားတယ်"
"ဇာတ်ရံနေရာကနေ ပါဝင်ပေးဖို့ ပြောတာနဲ့ ကျွန်တော် သွားလိုက်တာပါ"
"အဆင်ရော ပြေရဲ့လား"
"ဓားနဲ့လှီးရင်း စကားနည်းနည်းလောက် ပြောရုံပဲဆိုတော့ သိပ်တော့ မခက်ပါဘူး"
"ဒီလိုလား။ မင်း အခု တော်တော်လေး အသားကျနေပြီပဲ"
"ဆက်တိုက် လုပ်လာတော့လည်း အလုပ်သဘောကို နားလည်လာတာပေါ့"
"ရုပ်ရှင်ရိုက်တာနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"
"ရုပ်ရှင်ကား တစ်ကားပဲ ရိုက်ဖူးသေးတာဆိုတော့ သေချာတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော့်ခံစားချက်အရတော့ ရုပ်ရှင်ရိုက်ရတာက အများကြီး ပိုခက်တယ်"
"ပထမဆုံးအကြိမ်ဆိုတော့ ပိုခက်တာလည်း ပါမှာပေါ့။ ဒါဆို စိတ်ဝင်စားမှုအပိုင်းကနေ ကြည့်ရင်ကော ဘယ်လိုနေလဲ" ဂျွန်မင်း က သူ့အိတ်ကပ်ထဲက မှတ်စုစာအုပ်ငယ်လေးကို ထုတ်ရင်း မေးလိုက်တယ်။
မာရူး ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေတယ်။
"ခက်တော့ခက်ပေမယ့် ရုပ်ရှင်ရိုက်တုန်းက ပိုပျော်ဖို့ကောင်းပြီး အောင်မြင်မှုရသွားတဲ့ ခံစားချက်မျိုး ပိုရတယ်"
"နှစ်ခုလုံးမှာ ဇာတ်ရံအနေနဲ့ သရုပ်ဆောင်တာချင်း အတူတူကို ဘာလို့ အဲဒီလောက် ကွာခြားသွားရတာလဲ"
"အာရုံစူးစိုက်မှု အပိုင်းကြောင့်လို့ ထင်တယ်"
"ဒါဆို မင်းက ဇာတ်လမ်းတွဲတွေမှာ အာရုံစူးစိုက်မှု နည်းသွားတာပေါ့"
"အာရုံစူးစိုက်မှု နည်းသွားတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော့်အပေါ် သိပ်ပြီး မျှော်လင့်ချက်မထားကြတော့ အဲဒီလောက်ကြီး အာရုံစိုက်နေစရာ မလိုတာပါ။ ရုပ်ရှင်ရိုက်တုန်းကတော့ ဇာတ်ကွက်တိုင်းက ကျွန်တော့်အပိုင်လို့ ခံစားရတယ်။ ဖိအားတွေလည်း အများကြီးရှိခဲ့တယ်။ ဒါပေမယ့် ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေကတော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်တော် ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပေမယ့် ဇာတ်လမ်းတွဲရိုက်တဲ့ ထုတ်လုပ်သူတွေကတော့ ကတ်ဆိုပြီး အော်လိုက်တာနဲ့ နောက်တစ်ခန်းကို တန်းသွားတာပဲ။ အဲဒါကြောင့် တကယ်တမ်းကျတော့ သိပ်မပျော်ရဘူး။ ဇာတ်ရံတစ်ယောက်အနေနဲ့ ထုတ်လုပ်သူတွေကို ပြန်ရိုက်ပေးဖို့ တောင်းဆိုလို့မှ မရတာလေ"
ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံအနေနဲ့ ပါဝင်ရင်း သူတွေ့ရှိခဲ့တာက ဇာတ်လမ်းတွဲ ရိုက်ကူးရေးဆိုတာ အချိန်နဲ့ အပြိုင်တိုက်ရတဲ့ စစ်ပွဲတစ်ခုလိုပဲ။ တောင်ကိုရီးယားမှာ ဇာတ်ညွှန်းအပြီးအစီးနဲ့ ရိုက်ကူးရေးစပြီး ပထမဆုံးအပိုင်း မပြခင် အကုန်လုံးကို အပြီးရိုက်ထားတဲ့ ဇာတ်လမ်းတွဲဆိုတာ ခပ်ရှားရှားရယ်။ ပထမဆုံးအနေနဲ့ အဓိကဇာတ်ညွှန်းရေးဆရာနဲ့ ဇာတ်ညွှန်းရေးဆရာအကူတွေက အပိုင်းတစ်ပိုင်းပြီးတိုင်း သူတို့ရဲ့ ဇာတ်ညွှန်းတွေကို ရေးရတယ်။ အဲဒီနောက်မှာ ရိုက်ကူးရေးအဖွဲ့က အလုပ်များများနဲ့ ပြင်ဆင်ကြရတယ်။ သရုပ်ဆောင်တွေကလည်း အမြန်စား အစားအစာတစ်ခွက်လိုပဲ အချိန်တိုအတွင်း ပြင်ဆင်ရတယ်၊ ဒါမှမဟုတ် သရုပ်ဆောင်ရတယ်။ ဘယ်ထုတ်လုပ်သူကမှ ဇာတ်ရံတစ်ယောက်ဆီကနေ အသေးစိတ်ကျတဲ့ သရုပ်ဆောင်မှုကို မလိုချင်ကြဘူး။ သူတို့က ဒီအတိုင်းကို အလုပ်များနေကြပြီလေ။ ဇာတ်ရံတွေက နောက်ခံမှာ အဆင်ပြေနေသရွေ့ အားလုံးက အိုကေတာပါပဲ။
"ဒီလိုနဲ့ပဲ ကျွန်တော့်အခန်းတွေက မြန်မြန်ဆန်ဆန် ပြီးသွားတော့ အဲဒီအခြေအနေနဲ့ အသားကျသွားတယ်။ အမှားမဖြစ်အောင် တတ်နိုင်သမျှ အာရုံစိုက်ထားရတော့ နည်းနည်းတော့ ထုံထိုင်းသွားသလို ခံစားရတယ်။ အဲဒီလိုမျိုး နှစ်ခါ သုံးခါလောက် ကြုံပြီးသွားတဲ့အခါ အခု ကျွန်တော်လုပ်နေတာက အလုပ်သက်သက်ပဲဆိုတာ သဘောပေါက်လာတယ်"
"ဒါက ကောင်းတဲ့ သိမြင်မှုပဲ။ သရုပ်ဆောင်တော်တော်များများက သူတို့လုပ်နေတာ အလုပ်တစ်ခုသက်သက်ဆိုတာကို သဘောမပေါက်ဘဲ မျှော်လင့်ချက်တွေ အများကြီး ထားတတ်ကြတယ်။ အဲဒီသရုပ်ဆောင်တွေက လဲကျသွားပြီး ပြန်ထဖို့ မလွယ်ကြတော့ဘူး"
"ဒါ ကောင်းတဲ့အရာပဲလား"
"ကောင်းတာပေါ့။ မင်းက ပြဇာတ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမှာမှ မဟုတ်တာ"
"ကျွန်တော် ပြဇာတ်တွေတော့ ကချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မျှော်လင့်ထားသလို..."
"မင်းက ပိုက်ဆံရနိုင်မယ့် အရာတစ်ခုခုကို လိုချင်တာမလား"
"ဟုတ်ပါတယ်"
"ဒါဆို မင်း တီဗီမီဒီယာနဲ့ ပိုပြီး အသားကျဖို့ လိုလာပြီ။ မင်း ဇာတ်ရံတစ်ယောက် ဖြစ်နေတုန်းမှာတော့ ကိုယ့်အလုပ်က ပျင်းစရာကောင်းတယ်လို့ တွေးဖို့ အချိန်ရနိုင်ပေမယ့် ဇာတ်ပို့တွေ၊ ခေါင်းဆောင်မင်းသားတွေ နေရာကို ရောက်သွားတဲ့အခါ အဲဒီလိုတွေးဖို့တောင် အချိန်ရမှာ မဟုတ်ဘူး။ ဇာတ်ညွှန်းတွေက တစ်ခုပြီးတစ်ခု လာနေမှာပဲ။ အဆိုးဆုံးက ရိုက်ကူးရေးစမယ့်အချိန်ကျမှ ဇာတ်ညွှန်းရတာမျိုးတွေဆိုတော့ ပျင်းနေဖို့တောင် အချိန်မရှိဘူး။ အပိုင်းတို ဇာတ်လမ်းတွဲတွေနဲ့ ကြိုတင်စီစဉ်ထားတဲ့ ဇာတ်လမ်းတွဲတွေက နည်းနည်းတော့ သက်သာပေမယ့် မနက်ခင်းဇာတ်လမ်းတွဲတွေနဲ့ နေ့စဉ် ဇာတ်လမ်းတွဲတွေမှာတော့ ကြော်ငြာပြဿနာတွေကြောင့် ဇာတ်ကွက်တွေ ပြောင်းသွားတာမျိုး အများကြီးရှိတယ်။ ဒါကြောင့်ပဲ နေ့စဉ် ဇာတ်လမ်းတွဲတွေရဲ့ အမြန်နှုန်းနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ သရုပ်ဆောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပိန်လာကြတာပေါ့"
"ကျွန်တော့်အမေလည်း အဲဒီအကြောင်းတွေ ပြောဖူးတယ်။ တချို့သရုပ်ဆောင်တွေ တော်တော်လေး ပင်ပန်းနေပုံရတယ် ဆိုတာမျိုးပေါ့"
"ပင်ပန်းစရာကောင်းတဲ့ ကိစ္စပါပဲ။ အရာရာတိုင်းက ဒီလိုပါပဲ။ စည်းတစ်ခု ရှိတယ်။ အဲဒီစည်းကို ကျော်သွားတာနဲ့ မင်းကို ဆက်ဆံတဲ့ပုံစံ ကွာခြားသွားလိမ့်မယ်။ ရိုက်ကူးရေး အချိန်ဇယားဆွဲတဲ့အခါ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွက် ရိုက်ကွင်းငှားထားတာမျိုး မဟုတ်ရင် အကုန်လုံးက အဓိက သရုပ်ဆောင်တွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးကြတာချည်းပဲ။ အထက်ကို မတက်လှမ်းနိုင်တဲ့ သရုပ်ဆောင်တွေက တစ်ခါတလေ မြို့နဲ့ဝေးတဲ့နေရာတွေမှာ အကြိမ်ကြိမ် သွားရိုက်ရတယ်။ ပင်ပန်းလို့ ခဏလောက် နားလိုက်တာနဲ့ ပိုသက်သာပြီး ပိုတော်တဲ့ သရုပ်ဆောင်တွေက သူတို့နေရာကို ယူသွားကြလိမ့်မယ်။ ဒီထက်ဆိုးတဲ့ အပြိုင်အဆိုင်ပြင်းထန်တဲ့လောက ဆိုတာ မရှိသလောက်ပဲ"
"ဒီလောကထဲကို ခြေလှမ်းစချင်နေတဲ့ လူငယ်တစ်ယောက်အတွက် ခင်ဗျား နည်းနည်းများ ရက်စက်လွန်းမနေဘူးလား"
"မင်းက ဒီကိစ္စကို အလေးအနက်ထားလို့ ငါ ပြောပြတာပါ။ အလေးအနက်ထားနေတဲ့ လူတစ်ယောက်ကို စိတ်ကူးယဉ်အိပ်မက်တွေ ပေးနေစရာမှ မလိုတာ"
"အင်း၊ အဲဒါလည်း ဟုတ်တာပါပဲ"
သူတို့ စကားပြောကောင်းနေတုန်းမှာပဲ ဒီမှာ အလုပ်လုပ်ပုံရတဲ့ အမျိုးသမီးတစ်ယောက်က သူတို့ဆီကို သတိထားပြီး ချဉ်းကပ်လာတယ်။
"တစ်ဆိတ်လောက်ပါ ဧည့်သည်တို့။ ဒီလိုပြောရတာ တကယ်ကို အားနာပေမယ့် ဆိုင်ရဲ့ စည်းကမ်းချက်တွေ ပြောင်းသွားတဲ့အတွက် ဘာသောက်စရာမှ မမှာဘဲနဲ့ ဆိုင်ထဲမှာ ထိုင်နေလို့ မရတော့ပါဘူးရှင်"
အဲဒီလိုပြောနေတဲ့ အမျိုးသမီးလေးက တော်တော်လေး စိုးရိမ်နေပုံရတယ်။ ပြဿနာတစ်ခုခု တက်သွားမှာကို သူမ စိုးရိမ်နေပုံပဲ။ မာရူး က သူမကို အနေခက်စွာနဲ့ ပြန်ပြုံးပြလိုက်တယ်။
"တောင်းပန်ပါတယ်။ ကျွန်တော် မသိလိုက်လို့ပါ။ ဒါဆို ရေနွေးကြမ်း တစ်ခွက်ပေးပါ။ မာရူး၊ မင်း ဘာသောက်မလဲ"
"ကျွန်တော် လတ်တေး တစ်ခွက် သောက်ပါ့မယ်"
အမျိုးသမီးက အမှာစာကို အတည်မပြုခင် နောက်တစ်ကြိမ် ထပ်ပြီး တောင်းပန်စကား ဆိုပြန်တယ်။
"အမ်း၊ ရေနွေးကြမ်းအစား ဂရင်းတီးလတ်တေး တစ်ခွက် ယူလာပေးရမလားရှင့်။ ကျွန်မတို့ မီနူးမှာ ရေနွေးကြမ်း မရှိလို့ပါ"
"ရပါတယ်"
"ဟုတ်ကဲ့ပါရှင့်"
အမျိုးသမီးက အပြုံးတစ်ခုနဲ့ လှည့်ထွက်သွားတယ်။
"ခင်ဗျားက ဇာတ်လမ်းတွဲတွေထဲကလို 'ဒီအဆောက်အအုံက ငါပိုင်တာကွ' ဆိုတာမျိုးတွေ မပြောဘူးနော်"
"ပုံမှန်တွေးခေါ်နိုင်တဲ့ လူတစ်ယောက်က အဲဒီလို ရှက်စရာကောင်းတဲ့ စကားမျိုးကို ပြောပါ့မလားလို့ မင်းထင်သလဲ"
ဂျွန်မင်း ပြုံးလိုက်ပြီး လူတစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။ သောက်စရာတွေ ရောက်လာတဲ့အချိန်အထိ ဂျွန်မင်း ဖုန်းပြောလို့ မပြီးသေးဘူး။ မာရူး က လတ်တေးကို သောက်ရင်း ဂျွန်မင်း ဖုန်းပြောပြီးတဲ့အထိ စောင့်နေလိုက်တယ်။
"ဆောရီးကွာ"
"ရပါတယ်။ ဒါပေမယ့် စကားပြောစရာရှိတယ်ဆိုတာ အဲဒီအကြောင်းတွေ ပြောဖို့ပဲလား"
"မဟုတ်ပါဘူး၊ အနာဂတ်မှာ မင်းကို အလုပ်ပေးမယ့်သူတစ်ယောက်အနေနဲ့ ငါ မေးကြည့်ရုံပါ"
ဂျွန်မင်း က ဂရင်းတီးလတ်တေးကို တစ်ငုံ သောက်လိုက်ပြီးမှ စကားဆက်ပြောတယ်။
"အခု ကိုယ်ရေးကိုယ်တာ ကိစ္စလေးတချို့ မေးမယ်"
"ဘာကိုဆိုလိုမှန်း ကျွန်တော် သေချာနားမလည်ဘူး"
"မင်း ရိုက်တော့မယ့် ရုပ်ရှင်အတွက် အက်ရှင်တွေ လေ့ကျင့်နေတယ်ဆို"
"ဟုတ်ကဲ့"
"ဒါရိုက်တာနဲ့ တွေ့ပြီးပြီလား"
"လွန်ခဲ့တဲ့ အချိန်ခဏလောက်က အတူတူ ညစာစားဖြစ်ခဲ့တယ်"
"ဒါရိုက်တာ ပတ်ဂျုံဂျင် နဲ့လား"
"ဟုတ်တယ်၊ သူနဲ့ပါ"
"ဒီလိုလား၊ သူက ဘယ်လိုလူမျိုးလဲ"
ဂျွန်မင်း က လက်ပိုက်လိုက်တယ်။ သူက တော်တော်လေးကို အလေးအနက်ထားနေတဲ့ပုံ ပေါက်နေတယ်။
"သူက ထူးခြားတယ်"
"ထူးခြားတယ်"
"ဟုတ်တယ်။ လူရွေးပွဲ လုပ်တဲ့ဖြစ်စဉ်ကကို ထူးဆန်းတာ။ ပထမဆုံးအကြိမ် တွေ့တုန်းက သူက လူတွေကို ရွေးချယ်သွားတယ်။ ဘာစကားမှတောင် မပြောခိုင်းဘဲ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ကြည့်ပြီး လူရွေးသွားတာ။ အာ၊ နောက်ထပ် စံနှုန်းတစ်ခုလည်း ရှိသေးတယ်။ သူ့ရဲ့ အလိုလိုသိစိတ်တဲ့"
"အလိုလိုသိစိတ် ဟုတ်လား"
"ဟုတ်ကဲ့။ သူ့ရဲ့ အလိုလိုသိစိတ်ကို အယုံကြည်ဆုံးပဲလို့ ကျွန်တော့်ကို ပြောတယ်။ အလိုလိုသိစိတ်က အရာအားလုံးပဲလို့ သူက ပြောတယ်။ သူက တကယ်ကို တစ်မူထူးခြားတဲ့လူပဲ"
"တစ်မူထူးခြားတယ်လို့ မင်းပြောတာလား။ အဲဒါက သူ့ကို ဖော်ပြဖို့ အသင့်တော်ဆုံး စကားလုံးလို့ ထင်တာပဲ"
"ခင်ဗျားက ဒါရိုက်တာ ပတ်ဂျုံဂျင် ကို သိတာလား"
"သိတာပေါ့။ ငါ သူနဲ့ သိခဲ့တာ အချိန်တော်တော် ကြာနေပြီ။ နေပါဦး၊ 'သိတယ်' လို့တော့ မသုံးသင့်ဘူးထင်တယ်။ ငါတို့ အဆင်မပြေကြဘူးလေ"
ဂျွန်မင်း က ပြတင်းပေါက်အပြင်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။ ဂျွန်မင်း က အတွေးတွေထဲ နစ်မျောနေပုံရလို့ မာရူး က စောင့်နေလိုက်တယ်။
"ဒါရိုက်တာ ပတ်ဂျုံဂျင် ကို လူတွေက ဘယ်လိုနာမည်တပ်ခေါ်ကြလဲ မင်း ကြားဖူးလား"
"ဟုတ်ကဲ့။ သူ့ကို ပါရမီရှင်လို့ ခေါ်ကြတယ်"
"အေး၊ ပါရမီရှင်ပေါ့။ ဒီအလုပ်ထဲကို ဝင်လာတုန်းက ငါ လူတော်တော်များများနဲ့ ဆုံဖူးပေမယ့် ငါ့ရဲ့စံနှုန်းတွေအရ ပါရမီရှင်လို့ ခေါ်လို့ရတာ ငါးယောက်ပဲ ရှိတယ်။ ဒါရိုက်တာ ပတ်ဂျုံဂျင် က အဲဒီအထဲက တစ်ယောက်ပဲ။ မင်းပြောသလိုပဲ သူက တစ်မူထူးခြားတယ်။ သူက ကမ္ဘာကြီးကို တခြားလူတွေနဲ့မတူတဲ့ ရှုထောင့်ကနေ ကြည့်တတ်တယ်"
မာရူး ခေါင်းညိတ်လိုက်တယ်။ ဂျုံဂျင် နဲ့ ပြောခဲ့တဲ့ စကားတွေ၊ သူ့ရဲ့လုပ်ရပ်တွေက မာရူး ရဲ့ ခေါင်းထဲမှာ ရှင်းလင်းနေတုန်းပဲ။ အသားကင်တစ်တုံးရဲ့ ခံစားမှုအထိအတွေ့ကို တိတိကျကျ သိရဖို့အတွက် အသားကင်ရဲ့ ဘေးဘက်တွေကို လက်ချောင်းတွေနဲ့ လိုက်ဖိကြည့်တဲ့လူဆိုတာ အဲဒီလောက် အများကြီး မရှိနိုင်ဘူးလေ။
"လွန်ခဲ့တဲ့ အချိန်နည်းနည်းလောက်က ငါ သူနဲ့ တွေ့ခဲ့တယ်။ သူက မင်းကို သဘောကျနေတယ်လို့ ပြောတယ်"
"ကျွန်တော် ဝမ်းသာရမှာလား" မာရူး က အပြုံးတစ်ခုနဲ့ မေးလိုက်တယ်။
"ဝမ်းသာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပါရမီရှင်တစ်ယောက်က မင်းကို သဘောကျနေတာလေ။ သူ့ဆီကနေ အတတ်နိုင်ဆုံး အရာအားလုံးကို ခိုးယူလိုက်။ အဲဒါက သိပ်တော့ လွယ်မှာမဟုတ်ဘူး။ သူ့မှာ ငါတို့နဲ့ လုံးဝမတူညီတဲ့ စဉ်းစားတွေးခေါ်မှုပုံစံ ရှိတယ်။ ဒါပေမယ့် သူ တွေးနေတဲ့ အရာတွေကိုပဲ လိုက်တွေးကြည့်ပြီး သရုပ်ဆောင်တွေကို သူပေးတဲ့ လမ်းညွှန်ချက်တွေကို စဉ်းစားကြည့်ပါ။ မင်း သေချာပေါက် အများကြီး ရလိမ့်မယ်"
"ကျွန်တော်က အရည်အချင်းအများကြီးရှိတဲ့သူတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် တခြားသူတွေဆီက သင်ယူတဲ့နေရာမှာတော့ နည်းနည်း တော်တယ်"
"အေး၊ အဲဒီလို စိတ်ဓာတ်မျိုး ရှိရမယ်။ ဒါရိုက်တာတစ်ယောက်ရဲ့ စိတ်နေသဘောထားက သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ တော်တော်လေး ကွာခြားတယ်။ အများကြီး ပိုပြီး လွှမ်းခြုံနိုင်တယ်။ အဲဒီစိတ်နေသဘောထားကို သူ့ဆီကနေ သင်ယူနိုင်ရင် မင်းရဲ့ သရုပ်ဆောင်သက်တမ်း တစ်လျှောက်လုံးမှာ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"
"နားလည်ပါပြီ"
"နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခု"
"ဟုတ်ကဲ့"
"...ဂျောင်ဟဲဂျူ ဆိုတဲ့ နာမည်ကို သူ ပြောတာ ကြားဖူးလား"
"ဂျောင်ဟဲဂျူ လား။ ဟင့်အင်း၊ ဒီနာမည်ကို ကျွန်တော် အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာ"
"ဒီလိုလား၊ အေးအေး။ ရပါပြီ"
"သူက ခင်ဗျား သိတဲ့လူလား"
ဂျွန်မင်း က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်တယ်။
"သူက ငါသိခဲ့ဖူးတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပဲ"
အဲဒီလိုပြောလိုက်တဲ့အချိန်မှာ ဂျွန်မင်း က ခဏတာလောက် တော်တော်လေး အားနည်းသွားပုံရတယ်။ မာရူး က သူ အမြင်မှားတာပဲ ဖြစ်မယ်လို့ တွေးလိုက်ပြီး ခေါင်းခါလိုက်ကာ ဂျွန်မင်း ကို ပြန်ကြည့်လိုက်တယ်။ သူ မျှော်လင့်ထားတဲ့အတိုင်းပဲ အပြစ်ကင်းစင်အောင် နေတတ်တဲ့ ဂျွန်မင်း ကိုပဲ သူ့ရှေ့မှာ မြင်တွေ့နေရတယ်။ အဲဒီအချိန်မှာပဲ ဂျောင်ဟဲဂျူ ဆိုတဲ့ နာမည်က သူ့အတွက် သိပ်စိမ်းမနေဘူးလို့ မာရူး တွေးလိုက်မိတယ်။ အဲဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလို သူ ထင်နေမိတယ်။ ဒါပေမယ့် သူ မမှတ်မိဘူး။ သူ မှားနေတာလည်း ဖြစ်နိုင်တာမို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်နေဖို့ပဲ သူ ဆုံးဖြတ်လိုက်တယ်။
"အာ၊ ပြီးတော့ ဒီနေ့ မင်းနဲ့ မိတ်ဆက်ပေးချင်တဲ့ လူတစ်ယောက် ရှိသေးတယ်။ သူက မင်းကို ဒီကိုခေါ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ"
ဂျွန်မင်း က သူ့နာရီကို ကြည့်လိုက်ပြီး အချိန်ကျပြီလို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ အဆောက်အအုံရဲ့ အလိုအလျောက် တံခါးပွင့်လာပြီး ကောင်လေးတစ်ယောက် ဝင်လာတယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ကောင်လေးက ကော်ဖီဆိုင်ဘက်ကို ကြည့်လိုက်ပြီး ခပ်သွက်သွက် လျှောက်လာတယ်။
"ကျွန်တော် ရောက်ပါပြီ ဥက္ကဋ္ဌကြီး"
ကောင်လေးက အရိုအသေပေးလိုက်တယ်။ သူက အရပ် ၁၇၀ စင်တီမီတာထက် နည်းနည်း ပိုပုပုံရတယ်။ သူ့ခန္ဓာကိုယ်က တော်တော်လေး ပိန်ပါးတယ်။ သူက ရင့်ကျက်ပုံပေါ်ပေမယ့် မျက်နှာလေးကတော့ တော်တော်လေး နုနယ်နေသေးတယ်။ မာရူး က သူ့အရွယ်လောက်ရှိမယ့် ကောင်လေးကို ခေါင်းလေးနည်းနည်းညိတ်ပြပြီး နှုတ်ဆက်လိုက်တယ်။
"မိတ်ဆက်လိုက်ကြလေ။ ဒါက ယူဆူအီ၊ ပြီးတော့ ဒါက ဟန်မာရူး"
"မင်္ဂလာပါ။ ကျွန်တော့်နာမည် ယူဆူအီ လို့ခေါ်ပါတယ်"
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ဟန်မာရူး ပါ"
သူတို့ မတ်တတ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
"ဝါး၊ မင်းလက်တွေက တော်တော်ထူတာပဲ"
"အင်း၊ ဟုတ်ပါတယ်"
"မင်း အသက်ဘယ်လောက်လဲ"
"ဒီနှစ်ဆို ဆယ့်ရှစ်နှစ် ပြည့်ပြီ"
"အို၊ ငါလည်း ဆယ့်ရှစ်နှစ်ပဲ။ ငါတို့က ရွယ်တူတွေပဲကိုး"
ဆူအီ က ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။
"လက်ဆွဲနှုတ်ဆက်နေတာ တော်တော့၊ ထိုင်ကြ"
ဆူအီ က ဘေးစားပွဲကနေ ကုလားထိုင်တစ်လုံး ယူလာပြီး ဝင်ထိုင်လိုက်တယ်။ ဒီကောင်လေး ဘယ်သူဖြစ်မလဲလို့ မာရူး တွေးနေမိတယ်။ သူက JA က အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ဖို့ များတယ်။ သူက လှုပ်ရှားမှုတွေ လုပ်နေတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်နိုင်တယ်။ မာရူးက သူ့ကို မမှတ်မိလို့ သူ နည်းနည်း အံ့ဩသွားတယ်။
"ဟိုတစ်ခေါက်က ဥက္ကဋ္ဌကြီး ပြောတဲ့ ဝမ်သန်းသုံးရာ ဆိုတာ ဒီကောင်လေးလား"
"အေး၊ ဟုတ်တယ်"
"ဝါး။ အဲဒီအကြောင်း ကြားပြီးကတည်းက ဘယ်သူလဲဆိုတာ ကျွန်တော် သိချင်နေခဲ့တာ။ အို၊ သတင်းထောက် ဒေါင်ဝုခ် ကို လှည့်စားခိုင်းတုန်းကရော သူနဲ့ သက်ဆိုင်နေလို့လား"
ဂျွန်မင်း က ခေါင်းညိတ်ပြလိုက်တယ်။ မာရူး က စကားဝိုင်းကို လိုက်မမီတော့ဘူး။ ကြည့်ရတာ သူတို့နှစ်ယောက်တည်း သိတဲ့အကြောင်းအရာ တစ်ခုခုကို ပြောနေကြပုံပဲ။
"မင်းနဲ့ တွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်။ မင်း ငါ့ကို မသိလောက်ပေမယ့် ငါကတော့ မင်းအကြောင်းတွေ ကြားဖူးတယ်။ အို၊ ငါ့ဆီမှာ မင်း အကြွေးလေး နည်းနည်းတင်နေတယ် ဆိုတာလည်း သိထားဖို့ကောင်းတယ်"
"အကြွေး"
"ဟုတ်တယ်"
ဆူအီ ပြုံးနေတယ်။
"မင်းတို့ နောက်ပိုင်း အများကြီး တွေ့ရလိမ့်ဦးမယ်။ မင်းတို့နှစ်ယောက်က ငါ မြေတောင်မြှောက်ပေးဖို့ စီစဉ်ထားတဲ့ လူတွေပဲ" ဂျွန်မင်း က သူ့ခွက်ကို မြှောက်ရင်း ပြောလိုက်တယ်။
* * * * * * * * *