← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း(၃၆၇)

"ခင်ဗျားအပေါ် ကျေးဇူးကြွေးတင်နေတယ်ဆိုတာ ဘာသဘောလဲ"

"အော် အဲဒါလား၊ သတင်းထောက် ဒေါင်ဝုခ် ကို မင်း သိလား"

"သိတယ်လေ"

"လွန်ခဲ့တဲ့တစ်လောက ဥက္ကဋ္ဌ က ကျွန်တော့်ကို ရုတ်တရက်လှမ်းခေါ်ပြီး သရုပ်ဆောင်ခိုင်းတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်ကလည်း သေချာပေါက် လက်ခံလိုက်တာပေါ့။ ပြီးတော့ ပြဇာတ်အတွက်လားလို့ သူ့ကို မေးလိုက်တယ်။ ဒါပေမဲ့ ဥက္ကဋ္ဌက မဟုတ်ဘူးလို့ ပြောတယ်။ ရုပ်ရှင်အတွက်လည်း မဟုတ်သလို ဇာတ်လမ်းတွဲအတွက်လည်း မဟုတ်ဘူးလို့ သူက ဆိုတယ်။ ဒါဆို ကျွန်တော် ဘာလုပ်ရမလဲလို့ မေးလိုက်တော့ လူတစ်ယောက်ကို လှည့်စားရမယ်လို့ သူက ပြောတယ်။ ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက ကျွန်တော် နည်းနည်းတော့ လန့်သွားတယ်။ ဥက္ကဋ္ဌ ဆိုတာကလည်း ခန့်မှန်းရခက်တဲ့သူမျိုးကိုး။ ဘာပဲဖြစ်ဖြစ် အဲဒီလိုနဲ့ သတင်းထောက်နဲ့ တွေ့ဖြစ်သွားတာပါပဲ"

"သတင်းထောက် ဒေါင်ဝုခ် နဲ့ဆိုတဲ့ သဘောလား"

"အင်း။ သူက ကျွန်တော်တို့ ကုမ္ပဏီအကြောင်းကို စုံစမ်းနေပုံရတယ်။ အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ကျွန်တော် ခံစားရသလောက်ဆိုရင်တော့ စတော့ရှယ်ယာတွေနဲ့ ပတ်သက်နေမယ်ထင်တယ်။ မင်းလည်း သိတဲ့အတိုင်း ဖျော်ဖြေရေးလောကမှာက သူတို့ဆီမှာ ဘယ်လိုအနုပညာရှင်မျိုးတွေ ရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး စတော့ရှယ်ယာဈေးကွက်က သိသိသာသာ ပြောင်းလဲတတ်တာကိုး"

"ဒါနဲ့ သူ့ကို ဘာတွေများ လှည့်စားခဲ့တာလဲ"

"အခု ပြန်စဉ်းစားကြည့်မှပဲ ကျွန်တော်က မင်းဟန်ဆောင်ခဲ့တာဖြစ်မယ်"

"ကျွန်တော့်ဟန် ဆောင်ခဲ့တာ"

"အခြေအနေတွေကို ပြန်စဉ်းစားကြည့်ရင် ကျွန်တော်ပြောတာ မှန်မယ်ထင်တယ်။ မင်း စာချုပ်ချုပ်တုန်းက NL Company က ဥက္ကဋ္ဌ ပတ်နာရင် လည်း မင်းနဲ့အတူ ရှိနေတယ်မလား"

"ဟုတ်တယ်"

"ဒါဆို သေချာပြီ။ အဲဒီနေ့က ကျွန်တော် သတင်းထောက် ဒေါင်ဝုခ် နဲ့ တွေ့ခဲ့တဲ့နေ့ပဲ။ ဥက္ကဋ္ဌ ပြောခိုင်းတဲ့ ဇာတ်လမ်းတစ်ချို့ကို သူ့ဆီ သတင်းဖြတ်ပေးခဲ့တယ်။ ကျွန်တော့်အထင်တော့ အဲဒါက စမ်းသပ်မှုတစ်ခုပဲ။ သူက ကျွန်တော်တို့ ကုမ္ပဏီအတွက် သီးသန့်သတင်းထောက် ဖြစ်လာပုံထောက်ရင် သူ အဲဒီစမ်းသပ်မှုကို အောင်မြင်သွားတာ နေမှာပေါ့"

"ဥက္ကဋ္ဌက ဘာလို့ ခင်ဗျားကို အဲဒီလိုမျိုး လုပ်ခိုင်းရတာလဲ"

"အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ ဥက္ကဋ္ဌက အရာအားလုံးကို ကိုယ်တိုင် အစီအစဉ်ဆွဲပြီးမှ အမိန့်ပေးတတ်တဲ့ ပုံစံမျိုးလေ" လို့ ဆူအီ က သူ့ရှေ့မှာရှိတဲ့ ကိတ်မုန့်ကို ခက်ရင်းနဲ့ လှီးဖြတ်ရင်း ပြောလိုက်တယ်။

ဂျွန်မင်း ထွက်သွားပြီးတဲ့နောက် မာရူး နဲ့ ဆူအီ တို့ ပိုရင်းနှီးလာခဲ့တယ်။ သူတို့က ရွယ်တူတွေဖြစ်သလို နောင်မှာလည်း မကြာခဏ တွေ့ရလိမ့်မယ်လို့ ဂျွန်မင်း က ပြောခဲ့ဖူးတယ်။ သူတို့က အကြောင်းအရာတစ်ခုကို အသေးစိတ်ကျကျတော့ ဆွေးနွေးဖြစ်တာမျိုး မရှိလို့ မာရူး အနေနဲ့ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဆူအီ က အကြောင်းအကျိုးသင့်မြတ်တဲ့သူလို့ ထင်ရတယ်။ သူ့ရဲ့ စကားလုံးရွေးချယ်မှုတွေက ကလေးတစ်ယောက်လိုမျိုး မဟုတ်တဲ့အတွက် လူမှုရေးအတွေ့အကြုံလည်း အများကြီးရှိပုံရတယ်။ တခြားလူတွေကလည်း သူ့ကိုကြည့်ရင် အဲဒီလိုပဲ ထင်ကြမှာပဲလို့ မာရူး ရုတ်တရက် တွေးမိလိုက်တယ်။

"အချိုစားရတာ အကောင်းဆုံးပဲ"

ဆူအီ က ကိတ်မုန့်လေးကို မျက်စိတစ်မှိတ်အတွင်းမှာပဲ စားပစ်လိုက်တယ်။

"ဒါလေးပါ ယူလိုက်ပါ"

မာရူး က ခရင်မ်တွေပါတဲ့ ကိတ်မုန့်ကို ဆူအီ ဘက်ကို တွန်းပေးလိုက်တယ်။ ရိုးရိုးသားသားပြောရရင် အဲဒီကိတ်မုန့်က သူ့အကြိုက်မဟုတ်ဘူး။ အရမ်းချိုပြီး အီလွန်းတယ်။ သူက ရိုးရိုးရှင်းရှင်း သရေစာတွေကိုပဲ ပိုသဘောကျတယ်။

"တကယ်လား"

"ယူလိုက်ပါ"

"မင်းက ဘာလို့မစားတာလဲ"

"ကျွန်တော် သိပ်မကြိုက်လို့ပါ"

"မဖြစ်နိုင်တာ။ မင်းက ကိတ်မုန့်ကို မကြိုက်ဘူးပေါ့။ မယုံနိုင်စရာပဲ"

"ခင်ဗျား မလိုချင်ရင်လည်း ပြောလေ"

သူက ပန်းကန်ကို သူ့ဘက်ကို ပြန်ဆွဲယူဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဆူအီ က ကိတ်မုန့်ကို ခက်ရင်းနဲ့ ထိုးလိုက်တယ်။

"မင်းက နည်းနည်းတော့ လောတာပဲ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ"

ဆူအီ က ပျော်ရွှင်တဲ့ မျက်နှာထားနဲ့ ကိတ်မုန့်ကို လှီးပြီး စားလိုက်တယ်။ မာရူး လည်း သူစားနေတာကို ကြည့်ပြီး သဘောကျနေမိတယ်။ ရှေးခေတ်ကတည်းက ကံကောင်းခြင်းဆိုတာ စားသောက်ခြင်းကနေ လာတယ်လို့ ဆိုကြတယ်လေ။

"ဒါနဲ့ မင်းရဲ့ အဓိကဘာသာရပ်က ဘာလဲ" လို့ ဆူအီ က ကိတ်မုန့်တစ်ဝက်ကို မျက်စိတစ်မှိတ်အတွင်း စားပြီးသွားတဲ့အခါ မေးလိုက်တယ်။

ကျန်တဲ့အရာတွေကို သူ ချန်ထားဖို့ စီစဉ်နေပုံရတယ်။

"အဓိကဘာသာရပ်လား"

"ပြဇာတ်၊ ဇာတ်လမ်းတွဲ၊ ရုပ်ရှင်။ အဲဒီသုံးခုထဲက ဘယ်တစ်ခုလဲ"

"ကျွန်တော်က အသစ်ဆိုတော့ အဓိကဘာသာရပ်လို့ ခေါ်လို့ရတဲ့အရာမျိုး သိပ်မရှိသေးဘူး"

"ဒါဆို မင်း ဘာတွေစမ်းလုပ်ဖူးလဲ"

"အကုန်လုံး နည်းနည်းစီပေါ့"

"တကယ်လား။ ကျွန်တော်တော့ ပြဇာတ်တွေ မစမ်းရသေးဘူး။ တိုက်ရိုက်ဖျော်ဖြေရတာက တော်တော်လေး ရင်ခုန်စရာကောင်းတယ် မဟုတ်လား။ ဇာတ်လမ်းတွဲတွေမှာတော့ မင်း အမှားလုပ်မိရင် ပြန်ရိုက်လို့ရပေမယ့် ပြဇာတ်တွေမှာတော့ အဲဒီလို မရဘူးလေ"

"သိပ်ပြီးတော့ မကွာခြားပါဘူး။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်ရတာပဲလေ။ ဪ ကွာခြားတဲ့ အရာတစ်ခုတော့ ရှိတယ်"

"အဲဒါက ဘာလဲ"

"ပရိသတ်တွေဆီက တုံ့ပြန်မှုမရှိရင် ပြဇာတ်က ပျော်စရာမကောင်းဘူးလေ"

ဆူအီ က ခက်ရင်းအလွတ်ကို ကိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။

"အခြေအနေဘယ်လိုလဲဆိုတာ ကျွန်တော် နားလည်သွားပြီထင်တယ်။ ဒါဆို မင်းလည်း စီနီယာ ဂန်ဟွမ် ကို တွေ့ဖူးမှာပေါ့ ဟုတ်လား"

"သူ့ဆီကနေ ကျွန်တော် အများကြီး သင်ယူခဲ့ရတယ်"

"သူက နည်းနည်း ထူးဆန်းတယ် မဟုတ်လား။ လွန်ခဲ့တဲ့တစ်လောက ကိစ္စတစ်ခုအတွက် သူ့ကို လိုက်ရှာကြည့်သေးတယ်။ ဒါပေမဲ့ လေထဲ ပျောက်သွားသလိုပဲ။ သူ့ဖုန်းတွေကိုလည်း မကိုင်ဘူး။ နောက်တော့ ကျွန်တော့်ဆီ စာတစ်စောင် ရောက်လာတယ်။ ကျွန်တော်လည်း စကားမပြောနိုင်လောက်အောင် အံ့ဩသွားလို့ ရယ်ပဲရယ်နေလိုက်ရတယ်"

"သူ တကယ်ပဲ သုံးလလောက် အိမ်ခြေရာမဲ့လို နေခဲ့တဲ့အကြောင်းကို ပြောတာလား"

"မင်းလည်း အဲဒါကို သိတာလား။ သူ တော်တော် အံ့ဩစရာကောင်းတယ် မဟုတ်လား။ အိမ်ခြေရာမဲ့ ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ဘယ်သူက အပြင်ထွက်ပြီး အိမ်ခြေရာမဲ့လို တကယ်သွားနေမှာလဲ။ မဟုတ်ဘူးလေ။ ဒီလိုလုပ်တာကနေ တစ်ခုခုတော့ ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သုံးလဆိုတာက နည်းနည်းများမနေဘူးလား"

"လူတွေမှာ တန်ဖိုးထားမှုတွေ မတူကြဘူးလေ။ သူ့စကားကို ငှားပြောရရင် အဲဒါက သူ့ရဲ့ ဇာတ်ကောင်ထဲ စီးမျောဝင်ရောက်တဲ့ နည်းလမ်းပဲ"

"ကျွန်တော်ကတော့ သေရင်တောင် အဲဒီလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက အိမ်ခြေရာမဲ့လိုနေရင် ပုံမှန်တောင် စားရမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား။ တခြားဇာတ်ရုပ်တစ်ခုကိုပဲ သရုပ်ဆောင်လိုက်တော့မယ်"

စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာကောင်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆူအီ က ခေါင်းခါပြလိုက်တယ်။

"ဒါဆို ခင်ဗျားရဲ့ အဓိကဘာသာရပ်ကကော ဘာလဲ" လို့ ဒီတစ်ခါမှာတော့ မာရူး က မေးလိုက်တယ်။

"ကျွန်တော်လား။ လောလောဆယ်တော့ ရုပ်ရှင်ပေါ့။ ရုပ်ရှင်တွေဆိုတာက သရုပ်ဆောင်တွေရဲ့ နောက်ဆုံးပန်းတိုင်ပဲ မဟုတ်လား။ မဟုတ်ဘူး။ အခုချိန်မှာတော့ ကြော်ငြာတွေဖြစ်သွားပြီထင်တယ်"

"အခုချိန်မှာ ရိုက်နေတာရှိလား"

"မရှိဘူး၊ ပြဿနာတစ်ခုရှိလို့ လောလောဆယ်တော့ နားနေတယ်"

"ပြဿနာ"

မာရူး က သူ့ကော်ဖီခွက်ကို ကိုင်ရင်း မေးလိုက်တယ်။

"ရုပ်ရှင်က လုံးဝပျက်သွားတာ"

"ဘာသဘောလဲ"

"ကျွန်တော်လည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပြဿနာရှိတယ်လို့ ထင်ရတယ်။ ရိုက်ကူးရေးမစခင် ပေးရမယ့် စာချုပ်စရန်ငွေတောင် မပေးရသေးဘူးဆိုတဲ့ ကောလာဟလတွေတောင် ထွက်နေတယ်။ ဒီမှာကတော့ သာမန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ရိုက်ကူးနေချိန်မှာ ရုပ်ရှင်ဆိုတာက ငွေစားတဲ့ ဘီလူးတစ်ကောင်လိုပဲလေ။ ရုပ်ရှင်ရုံတင်တဲ့အချိန်ကျမှ ကျန်တဲ့ငွေကို ရှင်းပေးတဲ့ကိစ္စတွေ အများကြီးရှိပေမယ့် အဲဒီလိုဖြစ်နေတော့ ပြဿနာတွေ အများကြီးရှိတာပေါ့"

"ငွေထပ်မရတော့ဘူးဆိုရင် အခုချိန်ထိ သူတို့ရိုက်ထားသမျှက ဘာဖြစ်သွားမလဲ"

"အကန့်အသတ်မရှိ ရပ်ဆိုင်းထားမှာပေါ့။ နောက်ထပ် ရင်းနှီးမြှုပ်နှံသူတစ်ယောက် ပေါ်လာရင်တော့ သူတို့ ပြန်ရိုက်မှာပါ။ သူတို့က လက်မစုပ်ပြီးတော့ ရုပ်ရှင်ရိုက်လို့မှ မရတာ။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့ရဲ့ အလုပ်ပဲလေ"

သူက ကိတ်မုန့်စားနေပေမယ့် သူ့စကားတွေက တော်တော်လေးကို အဆိုးမြင်ဆန်နေတယ်။

"ဒါပေမဲ့ ကျွန်တော်က အဲဒီလောက် အခြေအနေမဆိုးပါဘူး။ ကျွန်တော့်ဇာတ်ကောင်မှာ ဇာတ်ဝင်ခန်းသိပ်မများဘူးလေ။ ဒုက္ခရောက်နေတာက အဓိက ဇာတ်ဆောင်တွေပဲ။ ပိုက်ဆံများတဲ့ သရုပ်ဆောင်တွေကတော့ အဆင်ပြေပေမယ့် အဲဒီလိုမဟုတ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေလည်း အများကြီးရှိတာပဲလေ။ သူတို့မှာ တခြား အချိန်ဇယားတွေရှိရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ မရှိဘူးဆိုရင်တော့ ပြဿနာက ပိုဆိုးသွားတာပဲ"

"သူတို့ ဆက်ပြီး ရပ်တည်ချင်ရင်တော့ တခြားတစ်ခုခုကို လုပ်ရလိမ့်မယ်ထင်တယ်"

အဲဒါကို ကြားတော့ ဆူအီ က ပြုံးလိုက်တယ်။

"မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ တချို့လူတွေက သရုပ်ဆောင်တွေဆိုတဲ့ ဂုဏ်သိက္ခာကြောင့် တခြားအလုပ်တွေကို မလုပ်ကြဘူး။ ဪ ကျွန်တော့်ကို အထင်မလွဲနဲ့နော်။ ဖြစ်နိုင်တာက သူတို့ တခြားအလုပ်တွေကို မလုပ်နိုင်တာလည်း ဖြစ်နိုင်တယ်။ အရင်က ဇာတ်ပို့နေရာမှာ မကြာခဏ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်က အလုပ်မရှိတာနဲ့ တခြားအလုပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က လူတွေက အဲဒါကို သဘောမကျကြဘူး။ အဲဒီလိုနဲ့ အဲဒီလူက နောက်ထပ် အလုပ်မရမချင်း နားလိုက်ရတယ်"

"လူတွေက တခြားသူတွေအတွက် သိပ်ပြီး 'စိုးရိမ်' ပေးလွန်းကြတယ်။ သူတို့ကိုယ်သူတို့သာ ဂရုစိုက်ဖို့ လိုတာပါ"

"ဟားဟား၊ အဲဒီကိစ္စမှာတော့ မင်းပြောတာ မှန်တယ်"

ဆူအီ က ပန်းကန်အလွတ်ကို ခက်ရင်းနဲ့ ခြစ်နေတယ်။ ကိတ်မုန့် နှစ်ခုက မလောက်သေးတဲ့ပုံပဲ။

"နောက်ထပ်တစ်ခု လိုချင်သေးလား"

"မင်းက ဒကာခံမှာလား"

"ခင်ဗျားက ကျွန်တော် ကျေးဇူးကြွေးတင်နေတယ်ဆိုလို့လေ။ ကျေးဇူးကြွေးတွေကို အမြန်ဆုံး ဆပ်သင့်တာပေါ့"

"ဝိုး... ဟန်မာရူး၊ မင်းရဲ့ အဲဒီအချက်ကို ကျွန်တော် သဘောကျတယ်"

ဆူအီ က ကောင်တာဘက်ကို မပြေးသွားခင် သူ့လက်မကို ထောင်ပြလိုက်တယ်။ ဗိုက်နည်းနည်းဆာလာတဲ့ မာရူး လည်း မတ်တတ်ရပ်လိုက်တယ်။ ကွတ်ကီးအချို ဒါမှမဟုတ် တခြားတစ်ခုခုရှိရင် ကောင်းမှာပဲ။ သူ့ပိုက်ဆံအိတ်ကို ထုတ်ရင်း ကောင်တာဘက်ကို လျှောက်သွားနေတုန်းမှာပဲ။

"ဟေး၊ ငါက ဘေဂယ်ကို မှာတာလေ။ ဘာလို့ ဆန်းဒဝစ်ရလာတာလဲ"

အမျိုးသမီးတစ်ယောက်က ကောင်တာရှေ့မှာ အော်ဟစ်နေတယ်။ ကောင်တာနောက်က အချိန်ပိုင်းအလုပ်သမားလေးကတော့ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး နောက်ကို ဆုတ်သွားတယ်။

"ဘာလဲ"

"ဘာလဲ ဟုတ်လား။ နင်က ရယ်ရတာပဲ။ ဖောက်သည်ရဲ့ စကားတွေကို အရာမဝင်ဘူးလို့ ထင်နေတာလား။ ငါက ဘေဂယ်မှာတာကို ဘာလို့ ဆန်းဒဝစ် ပေးတာလဲလို့ မေးနေတာ"

"ခုနက အ-အစ်မက ပါဆယ်အတွက် ဆန်းဒဝစ်နဲ့ ဆင်နမွန်မိုခါကို မှာသွားတာပါ"

"ငါကလား"

"ဟုတ်ကဲ့။ အစ်မ ဖုန်းပြောနေတုန်းက အဲဒီလို ပြောခဲ့တာပါ"

"ငါ ဖုန်းပြောနေတုန်းက ဟုတ်လား"

အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်တယ်။ ဘေးကနေ စောင့်ကြည့်နေတဲ့ မာရူး က စုပ်သပ်လိုက်တယ်။ သူမက အမှားလုပ်မိမှန်း သိသာပေမယ့် ဝန်မခံချင်ဘူးလေ။ အများစုကတော့ သူမလို လူမျိုးတွေက အသံကို ပိုပြီး ကျယ်ကျယ်လောင်လောင် အော်တတ်ကြတယ်။

"ငါ အဲဒီလိုပြောပြီးရင်တောင် ပြောင်းပေးဖို့ နင့်ကို ပြောသင့်တာပေါ့"

"မ-မဟုတ်ဘူး၊ အစ်မ ဘာမှမပြောခဲ့ဘူး..."

"ဟေး"

အမျိုးသမီးက ဆိုင်တစ်ဆိုင်လုံး ကြားနိုင်လောက်တဲ့အထိ အကျယ်ကြီး အော်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ဖုန်းက မြည်လာတယ်။ အမျိုးသမီးက အမြန်ကိုင်လိုက်တယ်။

"ဟ-ဟုတ်ကဲ့ အဖွဲ့ခေါင်းဆောင်။ အကြောင်းရင်းက ဒီက အချိန်ပိုင်းအလုပ်သမားက အရူးလို အမှားလုပ်မိလို့ပါ။ ဟုတ်ကဲ့။ မဟုတ်ဘူး ကျွန်မ တကယ်ပြောတာပါ။ ဟုတ်ကဲ့။ အဲဒါကြောင့် ကျွန်မ နည်းနည်းတော့ နောက်ကျမယ်ထင်တယ်... တောင်းပန်ပါတယ်။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ခြေအိတ်တစ်စုံလား။ တခြားဘာများ လိုသေးလ... အိုကေ ကျွန်မ သေချာလေး လုပ်လိုက်ပါ့မယ်။ ဟုတ်ကဲ့ တောင်းပန်ပါတယ်။ ကျွန်မ ချက်ချင်းဝယ်ပြီး တက်ခဲ့ပါ့မယ်"

အမျိုးသမီးက သူမရဲ့ ဖုန်းကို အရမ်းကြောက်ရွံ့ရိုသေပုံရပြီး ဖုန်းပြောပြီးတဲ့နောက်မှာတော့ သက်ပြင်းချကာ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်တယ်။ မာရူး က သူ့လက်ကိုမြှောက်ပြီး နားကို ပိတ်ထားလိုက်တယ်။ သူ့မျက်စိရှေ့မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေက အတော်လေးကို သိသာနေတယ်။

"ဟေး။ နင်က ဘယ်ကကောင်မလဲ။ ဒီနေရာမှာ တာဝန်ရှိတဲ့သူကို ခေါ်ခဲ့စမ်း။ နင့်မန်နေဂျာကို ခေါ်ခဲ့"

အချိန်ပိုင်းအလုပ်သမားလေးက အကြိမ်ကြိမ် တောင်းပန်ပေမယ့် အမျိုးသမီးက ဘယ်လိုရပ်ရမလဲဆိုတာ မသိဘူး။ သူမက ဦးစားပေးရမယ့်အရာကို မသိတဲ့ သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။ နောက်ကျရင် ပိုပြီး ဆူပူခံရမှာကိုတောင် သူမက ဒီမှာ ဒီလိုလုပ်နေတယ်။ အချိန်ပိုင်းအလုပ်သမားလေးကတော့ တော်တော်လေးကို သနားစရာကောင်းနေတယ်။

အချိန်ပိုင်းအလုပ်သမားလေးကို မန်နေဂျာသွားခေါ်ဖို့ မာရူး က ပြောတော့မယ့်အချိန်မှာပဲ။

"ခွင့်လွှတ်ပါ။ ဒါပေမဲ့ အဲဒီလောက်နဲ့ ရပ်လိုက်လို့ရပြီ"

ဆူအီ က အမျိုးသမီးရှေ့မှာ မတ်တတ်ရပ်နေတယ်။ သူမက အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်းမရှိလို့ ဒီအမျိုးသမီးကို ရင်ဆိုင်ရတာကနေ ဘာမှအကျိုးရှိမှာမဟုတ်ဘူးဆိုတာသိလို့ မာရူး က သူ့ကို တားဖို့လုပ်လိုက်ပေမယ့် နည်းနည်းတော့ နောက်ကျသွားတယ်။ အမျိုးသမီးက သူ့ကို စိုက်ကြည့်လိုက်တယ်။

"နင်ကကော ဘယ်ကကောင်မို့လို့လဲ"

"ဒါဆို အာဂျိမားကကော ဒီလိုလုပ်ရအောင် ဘယ်သူမို့လို့လဲ"

"အ-အာဂျိမား"

"ဒီမှာ လူတွေမရှိလို့ အဲဒီလောက်တောင် ရဲတင်းနေတာလား"

"နင့်အရွယ်လေးနဲ့များ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ"

"ကျွန်တော် သိပ်အရပ်မရှည်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် အဲဒါကို ခင်ဗျားပြောဖို့မလိုဘူး။ ဒါထက် ခင်ဗျား တကယ်အဆင်ပြေရဲ့လား"

"ဘာကိုလဲ"

"ဟာ တကယ်ကို ယုတ္တိမရှိတာပဲ။ ဒီရက်ပိုင်း ကုမ္ပဏီမှာ ပညာပေးတာတွေ မရှိတော့ဘူးထင်တယ် ဟုတ်လား။ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင် ကျွန်တော့်အဖေက အဲဒီလောက်ထိ လျော့ရဲမနေသင့်ဘူး"

"...ဘာ"

"ကြည့်ရတာ အဆင်ပြေမှာမဟုတ်ဘူး။ အပြင်ပန်းကြည့်ရတာ ခင်ဗျားက တရားဝင် ဝန်ထမ်းတောင် ဖြစ်ပုံမရဘူး။ ဒီလိုမျိုး အလုပ်လုပ်နေရတာ ခင်ဗျား တကယ်အဆင်ပြေရဲ့လား။ ကျွန်တော့်ကို အရူးလို့ ထင်နေတာလား။ ကျွန်တော့်အဖေကို ဖုန်းဆက်လိုက်ရမလား"

ဆူအီ က သူ့ဖုန်းကို ထုတ်ပြီး ခလုတ်တချို့ကို စနှိပ်လိုက်တယ်။ ဒီကိစ္စအတွက် သူမကို ပြန်လက်စားချေဖို့ သူရည်ရွယ်ထားတာ သေချာတယ်။

"Hansung IT ရဲ့ အမှုဆောင်အရာရှိချုပ် နာမည်ကို သိတယ်မလား"

ဆူအီ က သူ့ဖုန်းကို နားမှာကပ်ရင်း ပြောလိုက်တယ်။ အော်ဟစ်နေတဲ့ အမျိုးသမီးက စိုးရိမ်တကြီးနဲ့ လက်နှစ်ဖက်ကို ယှက်ပြီး ပြန်ဖြေလိုက်တယ်။

"ဥက္ကဋ္ဌ ကင်ဂျယ်ချော လေ..."

"ဟုတ်တယ်၊ ဥက္ကဋ္ဌ ကင်ဂျယ်ချော။ ကောင်းတယ်။ ဒါဆို ကျွန်တော့်နာမည်က ဘယ်သူလဲ ဟင်။ ခင်ဗျားရဲ့ ဉာဏ်ကောင်းတဲ့ ဦးနှောက်လေးနဲ့ သေချာစဉ်းစားကြည့်စမ်းပါ။ လည်ပင်းမှာ ဝန်ထမ်းကတ်ကို ဆွဲထားပြီးတော့ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ။ ကုမ္ပဏီရဲ့ ပုံရိပ်ကို ဘယ်လိုလုပ်မလို့လဲ။ မဟုတ်ဘူး ခဏနေဦး။ အစကတည်းက ကုမ္ပဏီကို နောက်ဆုံးမှာ ကျွန်တော်က လွှဲပြောင်းယူရမှာဆိုတော့ ကုမ္ပဏီကို ဖျက်ဆီးဖို့ ခင်ဗျားက ဘယ်သူမို့လို့လဲ။ ကျွန်တော်က အဖေ့ဆီကို ခဏလာလည်တာ။ ဒါပေမဲ့ အခုတော့ ဒီကိစ္စနဲ့ ကြုံလိုက်ရပြီ"

"အ-အ-အမ်း၊ ကျေးဇူးပြုပြီး ခဏလေးစောင့်ပါဦး"

"ဘာလဲ"

"ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျွန်မကို သွားခွင့်ပြုပါ။ အားလုံးက ကျွန်မအမှားပါ"

သူမက တော်တော်လေးကို အကြပ်ရိုက်သွားပုံရတယ်။ သူမက အရမ်းကို ယဉ်ကျေးသွားတယ်။ ဖုန်းချမလိုက်ခင် ဆူအီ က အမျိုးသမီးကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။

"နောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အဲဒီဆန်းဒဝစ်ကိုယူပြီး အဲဒီခြေအိတ်တွေကို သွားဝယ်လိုက်။ ပြီးတော့ ကျေးဇူးပြုပြီး သွားလိုက်ပါတော့"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်မ သွားပါ့မယ်"

"ပိုက်ဆံရှင်းပြီးပြီလား"

"ကျွန်မ ရှင်းလိုက်ပါ့မယ်"

"ရှင်းရင်းနဲ့ သူမကိုပါ တောင်းပန်လိုက်ဦး။ ကုမ္ပဏီရဲ့ ပုံရိပ်အတွက်လေ"

အမျိုးသမီးက ကောင်တာနောက်က အချိန်ပိုင်းအလုပ်သမားလေးကို တောင်းပန်ပြီး ဆန်းဒဝစ်ကိုယူကာ ကော်ဖီဆိုင်ထဲကနေ ကမန်းကတန်း ထွက်သွားတယ်။ မာရူး က သူ့ခေါင်းကိုကုတ်ပြီး ဆူအီ အနားကို ချဉ်းကပ်သွားတယ်။

"ခင်ဗျားရဲ့ မျိုးရိုးနာမည်က ယူ လို့ ထင်ထားတာ"

"ဟုတ်တယ်လေ"

"ဒါဆို မစ္စတာကင် က ဘယ်သူလဲ"

"ကျွန်တော်လည်း မသိဘူး။ အဲဒါထက် အခု ကျွန်တော် ဘာလုပ်ရမလဲ"

"ဘာသဘောလဲ"

"ကျွန်တော် ပြဿနာရှာလိုက်မိပြီထင်တယ်"

"အခုမှ သိတာလား"

"ကျွန်တော်က ဘာလုပ်ရမှာလဲ။ ဟိုက နူးနာ ဆဲဆိုခံနေရတာကို ကြည့်ပြီး ကျွန်တော် စိတ်တိုသွားတာ"

ဆူအီ က ကောင်တာဆီကို မလျှောက်သွားခင် ကောင်တာကို ကြည့်လိုက်တယ်။ အချိန်ပိုင်းအလုပ်သမားလေးက သူ့ကို ကျေးဇူးတင်စကား ပြောတယ်။ မာရူး က ခေါင်းခါလိုက်တယ်။ သူက တကယ့်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ။ ချက်ချင်းလက်ငင်း အကွက်ဆင်နိုင်စွမ်းက အံ့ဩစရာကောင်းတယ်။ မသိတဲ့လူတစ်ယောက်ကတော့ သူ့ကို သူဌေးသားတစ်ယောက်လို့ ထင်သွားမှာပဲ။ သူ့ရဲ့ မောက်မာမှုနဲ့ ရဲတင်းမှုတွေကို ကြည့်ရရင် အခွင့်ထူးခံအမျိုးသမီး လုံးဝအရူးအမူးဖြစ်သွားတာကို နားလည်နိုင်ပါတယ်။ သူတို့သာ ပုံမှန်အခြေအနေမှာဆိုရင်တော့ သူမက သံသယနဲ့ ပြန်မေးမှာဖြစ်ပေမယ့် အဲဒီအချိန်တုန်းက သူမကိုယ်တိုင်လည်း စိတ်က သိပ်မှန်နေတာမဟုတ်ဘူးလေ။

"မာရူး၊ မြန်မြန်လာ"

"ဘာလို့လဲ"

"ဒါလေး ဝယ်ပေး"

အဲဒီအချိန်တိုလေးအတွင်းမှာ ဆူအီ က ပါဆယ်ယူဖို့ ကိတ်မုန့်တစ်ခုကို ဝယ်လိုက်တယ်။ ထုပ်ပိုးထားတဲ့ ကိတ်မုန့်ထွက်လာတာနဲ့ ဆူအီ က ကော်ဖီဆိုင်ထဲကနေ ပြေးထွက်သွားတယ်။ မာရူး လည်း သူနဲ့အတူ ပြေးလိုက်ရတယ်။

သူတို့ အဆောက်အအုံထဲကနေ ထွက်လာပြီးမှပဲ ရပ်လိုက်ကြတယ်။

"ကျွန်တော် သူနဲ့ နောက်ထပ် မဆုံလောက်တော့ဘူး မဟုတ်လား" လို့ ဆူအီ က စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။

"ခင်ဗျား ဖြစ်ချင်တာကိုသာ တွေးနေလိုက်တော့"

"သေချာတာပေါ့၊ ကျွန်တော် သူနဲ့ ထပ်ဆုံစရာ အကြောင်းမရှိတော့ပါဘူး။ ဓာတ်လှေကားထဲမှာ သတိထားနေသရွေ့တော့ အဆင်ပြေမှာပါ။ မဟုတ်ဘူး၊ ကျွန်တော် ဒီကို ထပ်မလာတော့ဘူး။ ဒါဆိုရင် သူနဲ့ ထပ်တွေ့စရာ မလိုတော့ဘူး။ ဟုတ်တယ်၊ အဲဒါ မှန်တယ်"

သူပြောနေတာကို ကြားတော့ မာရူး က ရယ်လိုက်တယ်။

"ဘာဖြစ်လို့လဲ။ သူဌေးသားလေးတစ်ယောက်လို ဆက်ပြီး ဟန်ဆောင်နေလေ"

"ကျွန်တော် မလုပ်ချင်တော့ပါဘူး"

"ခင်ဗျားက အဲဒီလိုလုပ်ရတာ တော်တော်ကျွမ်းကျင်နေတာပဲ"

"တကယ်လား။ အဲဒါက တကယ်တော့ ကျွန်တော်က သူဌေးသားဖြစ်နေလို့လေ"

"ဟုတ်ပါ့ဗျာ"

"အဲဒါက အလုပ်မဖြစ်ဘူးပဲ..."

ဆူအီ က အဆောက်အအုံကို ပြန်ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ အကြောင်းတစ်ခုခုကြောင့် ဂျွန်မင်း ရဲ့ ပတ်ဝန်းကျင်မှာ သာမန်လူတွေ ရှိပုံမရဘူး။

"နေပါဦး၊ အခုဒါကို ဘယ်မှာ စားရမလဲ"

လောလောဆယ် သူ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို မေ့ထားတာက ပိုကောင်းမယ်လို့ သူ ဆုံးဖြတ်လိုက်ပုံရတယ်။ မာရူး က ပခုံးတွန့်ပြလိုက်ပြီး အိမ်ကို ယူသွားဖို့ ပြောလိုက်တယ်။

* * * * * * * * *

All Chapters