← Chapters

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း(၃၆၉)

သူ တဝက်လောက်သောက်ထားတဲ့ ဆေးလိပ်တိုကို ပြာခွက်ထဲ ပစ်ထည့်မလို့ လုပ်လိုက်ပေမယ့် မပစ်လိုက်နိုင်ဘူး။ ခရစ္စမတ်သစ်ပင်လို ထိုးထွက်နေတဲ့ ဆေးလိပ်တိုပုံကြီးက ပြိုကျတော့မလို ဖြစ်နေတယ်။ ပြာခွက်ကို မသွန်ဖြစ်တာ တော်တော်ကြာနေပြီဆိုတာကို သူ အခုမှ သတိရလိုက်တယ်။

"ငါ သွားရမယ့်အချိန် ရောက်ပြီလား"

ဒေါင်ဝုခ် ပြာခွက်ကို ကိုင်ပြီး မတ်တတ်ရပ်လိုက်တယ်။ ပြာခွက်ထဲကဟာတွေကို အမှိုက်ပုံးထဲ သွန်ချလိုက်ပြီးနောက် ဧည့်ခန်းပြတင်းပေါက်ကို ဟနေအောင် ဖွင့်ချလိုက်တယ်။ နေရောင်ကြောင့် သူ့မျက်စိတွေ ကျိန်းသွားတယ်။ ဝရန်တာမှာ သူ ခဏလောက် နေဆာလှုံနေမိတယ်။ လူတွေလည်း နေရောင်ခြည်နဲ့ အလင်းမှီစုဖွဲ့ဖို့ လိုအပ်တယ်လို့ TV ထဲက ဆရာဝန်တစ်ယောက် ပြောခဲ့ဖူးတာကို သူ သတိရသွားတယ်။

ရေချိုးခန်းထဲ မဝင်ခင် အိမ်ထဲကို အနံ့အသက်ပျောက်ဆေး နည်းနည်း ဖြန်းလိုက်တယ်။ မှန်ရှေ့မှာ ရပ်ပြီး သူ့မျက်နှာကို သူ ပြန်ကြည့်နေမိတယ်။ မုတ်ဆိတ်မရိတ်တာ တော်တော်ကြာပြီမို့လို့ မုတ်ဆိတ်မွေးကြမ်းကြမ်းတွေ ထွက်နေပြီ။ ဆပ်ပြာနဲ့ အမြှုပ်ထပြီးနောက် မုတ်ဆိတ်ရိတ်ဓားကို ကောက်ကိုင်လိုက်တယ်။ ဓားက ဟောင်းနေပြီဖြစ်လို့လားမသိ၊ နည်းနည်းတော့ စူးရှရှဖြစ်သွားတယ်။ မျက်နှာသစ်၊ ခေါင်းလျှော်ပြီးတဲ့နောက် ရေချိုးခန်းထဲက ထွက်လာခဲ့တယ်။ ဆံပင်ကို အခြောက်ခံပြီး wax နဲ့ spray သုံးကာ ပုံသွင်းလိုက်တယ်။

"ငါ ကြည့်ကောင်းနေတုန်းပဲ"

ဗီရိုထဲကနေ အဝတ်အစားတချို့ ထုတ်လိုက်တယ်။ အပြာနုရောင် ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်လိုက်တယ်။ ကင်မရာနဲ့ မှတ်စုစာအုပ်ပါတဲ့ သူ့အိတ်ကို ကောက်လွယ်လိုက်တယ်။ ဒါဆို စစ်ခင်းဖို့ အဆင်သင့်ဖြစ်ပြီလေ။

တိုက်ခန်းကားပါကင်ကနေ လမ်းမပေါ်ကို သူ ကားမောင်းထွက်လာခဲ့တယ်။

"ပထမဆုံးက 'Number 8' ပေါ့လေ"

ဆိုးလ် မြို့စွန်က အဆောက်အအုံတစ်ခုဆီ သူ ကားမောင်းသွားတယ်။ Number 8 ဆိုတာ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ နာမည်ပါ။ ဇာတ်ကားပေါင်းများစွာကို ပုံမှန်ထုတ်လုပ်နေပြီး စီမံခန့်ခွဲမှုပိုင်းမှာ ဘာပြဿနာမှမရှိတဲ့ ထုတ်လုပ်ရေးလို့ နာမည်ကြီးပေမယ့် လက်ရှိဇာတ်ကားကို ရိုက်ကူးနေရင်း ကုမ္ပဏီက ရုတ်တရက် ပြိုလဲသွားတယ်။ စီမံခန့်ခွဲသူအဆင့်ရှိတဲ့သူတွေက လေထဲပျောက်ကွယ်သွားသလို လုံးဝ ပျောက်ချင်းမလှ ပျောက်သွားကြတယ်။

အဆောက်အအုံရဲ့ ကားပါကင်မှာ ကားရပ်ပြီးနောက် ဓာတ်လှေကားဆီ သူ ထွက်လာခဲ့တယ်။ အဆောက်အအုံထဲမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ဆိုင်တွေရဲ့ နာမည်ပြားတွေ ရှိနေတယ်။ Number 8 က စတုတ္ထထပ်မှာရှိပြီး တစ်ယောက်ယောက်က အဲဒီအပေါ်မှာ ဖျက်မရတဲ့ မင်နဲ့ ခပ်ကြီးကြီး X ခြစ်ထားပုံရတယ်။

ဓာတ်လှေကား ပွင့်သွားတယ်။

'ငါ ထင်သားပဲ'

ဓာတ်လှေကားရှေ့မှာ လူတစ်တန်းကြီးကို ဒေါင်ဝုခ် မြင်လိုက်ရတယ်။ သူတို့က ဓာတ်လှေကားရဲ့ ဘယ်ဘက်မှာရှိတဲ့ 'Number 8' ရုံးခန်းအဝင်ပေါက်ကို ပိတ်ဆို့ထားကြတယ်။ ကြမ်းပြင်ပေါ်မှာ လှဲနေတဲ့သူတချို့ကို မြင်လိုက်ရတာမို့ သူတို့ ရုန်းရင်းဆန်ခတ် ဖြစ်ထားပြီးပုံပဲ။

သူ့ကို လှမ်းကြည့်နေကြတဲ့ လူတွေကို ဒေါင်ဝုခ် ကင်မရာ ထုတ်ပြလိုက်တယ်။ သူတို့မျက်နှာပေါ်က မျှော်လင့်ချက်အနည်းငယ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။ သူတို့က တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပုံရတယ်။ အသက်ကြီးကြီး အဒေါ်ကြီးတွေ တော်တော်များများ ပါနေတယ်။ အားအင်ကုန်ခန်းစွာနဲ့ ကြမ်းပြင်ပေါ် လှဲနေကြသူတွေကို ကျော်ဖြတ်ပြီး Number 8 ရုံးခန်းတံခါးကို သူ ဖွင့်လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ တံခါးက သော့ခတ်မထားဘူး။

အထဲမှာလည်း လူတွေ ရှိနေတယ်။ သူတို့အားလုံးရဲ့ မျက်လုံးတွေက ကြမ်းကြုတ်နေကြတယ်။ သူ့ကို မသင်္ကာတဲ့ အကြည့်တွေနဲ့ ကြည့်လာကြတဲ့အခါ ကင်မရာကို သူ ထုတ်ပြလိုက်ပေမယ့် ဒီတစ်ခါတော့ အလုပ်မဖြစ်ဘူး။

"မင်းက ဘယ်ကကောင်လဲ"

"သတင်းထောက်ပါ"

"သတင်းထောက်" “သတင်းထောက်က ဘာလာလုပ်တာလဲ"

"ကျွန်တော် ဘာလို့ ဒီမှာရှိနေရမလဲဆိုတော့... ဒီမှာ ပြဿနာတစ်ခု ရှိနေလို့ပေါ့"

"ပြဿနာ….မင်း ငါ့ကို နောက်နေတာလား။ ဒီက လူတွေကို မင်း မမြင်ဘူးလား။ မင်းတို့ သတင်းထောက်တွေက သူတစ်ပါး ဒုက္ခရောက်တာကို လှောင်ရယ်ဖို့ အလုပ်လုပ်ကြတာလားဟမ်"

အသက်ငါးဆယ်အရွယ် တည်တည်ငြိမ်ငြိမ်ရုပ်သွင်နဲ့ လူကြီးတစ်ယောက်က သူ့ကို အော်ပြောလိုက်တယ်။ သူက ပုံမှန်ဆို ဒေါသထွက်တတ်တဲ့သူမျိုး မဟုတ်ပေမယ့် အခုချိန်မှာ ဓားတစ်ချောင်းသာ ပေးလိုက်ရင် လူတစ်ယောက်ကို တမလွန် ပို့ပစ်တော့မယ့် ပုံပေါက်နေတယ်။

"ဦးလေး၊ စိတ်အေးအေးထားပါဦး"

တခြားလူတွေက သူ့ကို တားကြတယ်။ အဲဒီလူတွေဆီမှာ အသိတရား နည်းနည်းကျန်သေးပုံရတယ်။

ဘေးကလူတွေရဲ့ လက်တွေကို ရုန်းဖယ်နေတဲ့ အဲဒီလူကြီးဆီကို ဒေါင်ဝုခ် တိုးသွားလိုက်တယ်။

"ခင်ဗျားတို့ ဒုက္ခရောက်နေတာကို ဝမ်းသာချင်လို့ ကျွန်တော် လာတာမဟုတ်ဘူး။ ပိုက်ဆံကြောင့်လည်း မဟုတ်ဘူး။ ဒီဇာတ်ကားကြောင့် ကျွန်တော်တို့ ကုမ္ပဏီလည်း နည်းနည်း ထိခိုက်နစ်နာသွားလို့ စုံစမ်းဖို့ လာခဲ့တာ။ နားလည်လား"

ဒေါင်ဝုခ် သတင်းထောက်လုပ်လာတာ ၁၂ နှစ် ရှိပြီ။ TV စတေရှင်မှာ အလုပ်လုပ်တုန်းက ရုပ်ကြမ်းကြမ်း ရဲတွေကိုတောင် ပြုံးပြခဲ့ရတာ။ ဒေါသထွက်နေတဲ့ လူတစ်ယောက်ရဲ့ တွန်းထုတ်မှုကို နောက်ဆုတ်ပေးရလောက်တဲ့အထိ သူ မပျော့ညံ့ပါဘူး။

အဲဒီလူကြီး ပါးစပ်ပိတ်သွားပြီး နောက်တစ်လှမ်း ဆုတ်လိုက်တယ်။ ဒေါင်ဝုခ် သူ့ကို ကျော်ပြီး အထဲဝင်သွားတယ်။ အထဲမှာ ရုံးသုံးပစ္စည်း အမျိုးမျိုး ကျန်ခဲ့သေးတယ်။ ဒါပေမယ့် ကွန်ပျူတာတို့၊ တခြားစက်ပစ္စည်းတို့လို တန်ဖိုးကြီးတဲ့ဟာတွေကိုတော့ ရင်းနှီးမြှုပ်နှံသူတွေ ယူသွားကြပြီထင်တယ်။

ကြမ်းပြင်ပေါ်မှာကျနေတဲ့ A4 စာရွက်တစ်ရွက်ကို ဒေါင်ဝုခ် ကောက်ယူလိုက်တယ်။ အဲဒီစာရွက်ပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဘဏ်အကောင့်စာရင်းတွေ ပါနေတယ်။

"ကျစ်... တော်တော်လေး မျိုချသွားတာပဲ"

Number 8 ဟာ ဒါရိုက်တာ ဟန်ဂျောင်းဟို ဖန်တီးထားတဲ့ ဇာတ်ညွှန်းနဲ့ ဘလော့ဘတ်စတာ ဇာတ်ကားတစ်ကားကို ထုတ်လုပ်နေတာဖြစ်တယ်။ ထုတ်လုပ်မှုစရိတ်က ဝမ် ၁၅ ဘီလီယံတောင် ရှိတယ်။ ဒါဟာ တောင်ကိုရီးယား သမိုင်းမှာ မကြုံစဖူး ဘတ်ဂျက်ပါပဲ။

လုပ်ငန်းခွင်ထဲမှာ Number 8 က အတော်လေး အဆင်ပြေနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒါရိုက်တာ ဟန်ဂျောင်းဟို ဆိုတာကလည်း သူ့ရဲ့ ပထမဆုံး ဟာသဇာတ်ကားနဲ့တင် လက်မှတ်စောင်ရေ နှစ်သန်းအထိ ရောင်းချနိုင်ခဲ့တဲ့သူလေ။ သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေချည်းပဲ။ ဒါပေမယ့် ခန့်မှန်းထုတ်လုပ်မှုစရိတ် ဝမ် ၁၅ ဘီလီယံ ဆိုတာက အရမ်းများလွန်းတယ်။ ဒါကြောင့်ပဲ သူတို့ တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လက်ခံခဲ့တာ။ အနည်းဆုံး ရင်းနှီးမြှုပ်နှံငွေက ဝမ် ၁၀ သန်းဖြစ်ပြီး အမြတ်ငွေတွေအပြင် သွယ်ဝိုက်ရရှိမယ့် အကျိုးအမြတ်တွေကိုပါ ခွဲဝေပေးမယ်လို့ သူတို့ ကတိပေးထားတယ်။ ရုံးခန်းအပြင်နဲ့ အထဲမှာ လမ်းလျှောက်နေကြတဲ့ သူတွေက တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတွေပေါ့။ သူတို့က အနည်းဆုံး ဝမ် ၁၀ သန်း၊ တချို့ဆို သန်းရာနဲ့ချီပြီး သုံးစွဲခဲ့သူတွေမို့လို့ ထုတ်လုပ်ရေးကုမ္ပဏီ ဒေဝါလီခံသွားပြီဆိုတဲ့ သတင်းက သူတို့အတွက် တုန်လှုပ်စရာဖြစ်မှာ အသေအချာပဲ။

"အဲဒီပိုက်ဆံကို ဘာထင်နေကြတာလဲ... အဲဒါ ငါ့သမီးရဲ့ အိမ်စရန်ငွေလေးပါ..."

အပြင်ဘက်ကနေ အဒေါ်ကြီးတစ်ယောက်ရဲ့ ငိုရှိုက်သံကို ကြားလိုက်ရတယ်။ ဒေါင်ဝုခ် စုပ်သပ်လိုက်မိတယ်။ ဒီလိုနေရာမျိုးတွေမှာ သူ့လိုလူတွေ အမြဲရှိတတ်တာပဲလေ။ ဘာမှမရှုံးဘဲ အမြတ်တွေရမယ်ဆိုတဲ့ စကားချိုချိုလေးတွေအောက်မှာ အရူးလုပ်ခံရပြီး မသုံးသင့်တဲ့ ပိုက်ဆံတွေကိုပါ ထုတ်သုံးမိကာ နောက်ဆုံးတော့ ဒေဝါလီခံသွားရတာမျိုးပေါ့။ ဒီလောကမှာ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးကများ အန္တရာယ်ကင်းလို့လဲ။

ဒေါင်ဝုခ် ရုံးခန်းထဲကို ဝေ့ကြည့်လိုက်တယ်။ ဒီနေ့ ရဲတွေ စစ်ဆေးမှု စတင်တော့မယ်လို့ သူ ကြားထားတယ်။ အဲဒီမတိုင်ခင် တစ်ခုခုများရမလားဆိုပြီး သူ လိုက်ရှာကြည့်ပေမယ့် သူခန့်မှန်းထားတဲ့အတိုင်း သိပ်ကို သန့်ရှင်းနေတယ်။ ဒါကိုကြည့်ရုံနဲ့ ဒါဟာ ကြိုတင်ကြံစည်ထားတဲ့ လိမ်လည်မှုတစ်ခုဆိုတာ သူ့အတွက် ရှင်းနေပါတယ်။

အဲဒီအချိန်မှာပဲ ဖုန်းဝင်လာတယ်။

"ဟုတ်ကဲ့ ကိုဂွန်ဆူ"

“သတင်းထောက်ကြီး၊ အခု Number 8 မှာလား”

"ဟုတ်တယ်ဗျ။ ဒါပေမယ့် ဘာမှတော့ မရသေးဘူး"

“အဲဒီလိုပဲ ထင်ပါတယ်။ ဪ ဒါနဲ့ လစာမရသေးတဲ့ ဝန်ထမ်းတွေ အခု ကျွန်တော်တို့ ကုမ္ပဏီမှာ ရောက်နေတယ်။ ခင်ဗျား အင်တာဗျူးချင်မယ် ထင်လို့”

"အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်အစား ခင်ဗျားပဲ လုပ်ပေးလို့ရမလား။ ခင်ဗျားအတွက် အဆင်မပြေဘူးဆိုရင်လည်း ဥက္ကဋ္ဌဆီ ဖုန်းဆက်လိုက်ပါမယ်။ ဒီနေ့ သွားစရာနေရာတွေ တော်တော်များနေလို့"

“ဒါဆို လောလောဆယ် ကျွန်တော်ရတဲ့အချက်တွေကို မှတ်တမ်းတင်ထားလိုက်မယ်လေ။ သီးသန့် မေးစေချင်တဲ့ မေးခွန်းများ ရှိသေးလား”

"ယေဘုယျအားဖြင့် သူတို့ဘဝတွေ အခု ဘယ်လောက်တောင် ခက်ခဲနေပြီလဲ ဆိုတာလောက်ပဲ မေးပေးစေချင်တာပါ။ သတင်းဆောင်းပါးရေးတဲ့အခါ အဲဒီလို ခံစားချက်ပိုင်းတွေကို သုံးဖို့ရှိလို့။ ဒါပေမယ့် ဂွန်ဆူ၊ ခင်ဗျားက ဘာလို့ အဲဒါတွေ လိုက်လုပ်နေတာလဲ။ ခင်ဗျားက သရုပ်ဆောင်လေ"

“ဇာတ်ကားက ရပ်သွားပြီဆိုတော့ အနည်းဆုံး တစ်ခုခုတော့ လုပ်သင့်တယ်လေ။ ဒီကိစ္စကြောင့် ကျွန်တော့်ရဲ့ အချိန်ဇယားတစ်ခုလုံးကို ရှင်းထုတ်ပစ်လိုက်တာဆိုတော့ တခြားဘာမှလည်း လုပ်စရာမရှိဘူး”

"ဟားဟား၊ ဒါဆို ခင်ဗျားကိုပဲ အပ်လိုက်ပြီဗျာ။ အရင်ဥက္ကဋ္ဌ သွားနေကျနေရာကို သိတဲ့သူရှိရင် ဖုန်းနံပါတ်လေး ချန်ထားပေးပါဦး"

ရုံးခန်းထဲက မထွက်ခင် ဒေါင်ဝုခ် ဖုန်းချလိုက်တယ်။ Number 8 ရိုက်ကူးနေတဲ့ ဇာတ်ကားမှာ JA ကလည်း ပါဝင်နေတာပဲ။ ဂွန်ဆူနဲ့ ဆူအီတို့က အဓိကဇာတ်ဆောင်နဲ့ ဇာတ်ပို့နေရာကနေ အသီးသီး ပါဝင်နေကြပြီး သူသိထားသလောက်ကတော့ JA အနေနဲ့လည်း သူ့နာမည်နဲ့ ရင်းနှီးမြှုပ်နှံငွေ တော်တော်များများ ထည့်ထားတာပဲ။

“သူတို့ အဖမ်းခံရရင်တောင်မှ တခြားလိမ်လည်မှုတွေလိုပဲ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံငွေကို ပြန်ရဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒါပေမယ့် အဲဒီလိုဖြစ်လို့ဆိုပြီး ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ထိုင်နေလို့မရဘူးလေ။ အရှုံးနဲ့ ဒီအတိုင်း အဆုံးသတ်လိုက်လို့မရတဲ့အတွက် ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ဖို့လိုတယ်”

ဂျွန်မင်းနဲ့ ပြောခဲ့တဲ့ စကားဝိုင်းကို ဒေါင်ဝုခ် ပြန်အမှတ်ရသွားတယ်။ ဂျွန်မင်းက ပိုက်ဆံတချို့ ဆုံးရှုံးသွားတာကို ဂရုစိုက်ပုံမပေါ်ဘူး။ မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ဒီအခြေအနေကိုတောင် ကြိုဆိုနေသလို ခံစားရတယ်။ အရင်တုန်းက စီနီယာ သတင်းထောက်တစ်ယောက် ပြောဖူးတဲ့စကားကို သူ သတိရသွားတယ်။ စီးပွားရေးသမားတွေက ငြိမ်းချမ်းရေးထက် ပရမ်းပတာဖြစ်နေတာကို ပိုသဘောကျတတ်ကြတယ်တဲ့။

အဆောက်အအုံကနေ ထွက်လာပြီးနောက် ဒေါင်ဝုခ် နာရီကို ကြည့်လိုက်တယ်။ အနီးနားက ကော်ဖီဆိုင်မှာ သူ ချိန်းဆိုထားတာရှိတယ်။ ၁၀ မိနစ်လောက် ဝေးတဲ့ ကော်ဖီဆိုင်ဆီကို သူ ကားမောင်းသွားလိုက်တယ်။ စားပွဲတစ်လုံးယူပြီး ကော်ဖီ တစ်ဝက်လောက် သောက်ပြီးတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ယောက် ကော်ဖီဆိုင်တံခါးကို ဖွင့်ပြီး ဝင်လာတယ်။ ဂဏာမငြိမ်ဘဲ ဟိုကြည့်ဒီကြည့် လုပ်နေတဲ့ သူမကို မြင်လိုက်တော့ သူ စောင့်နေတဲ့သူမှန်း ဒေါင်ဝုခ် သိလိုက်တယ်။

"ဒီမှာဗျ"

ဒေါင်ဝုခ် လက်ပြလိုက်တယ်။ အဲဒီအမျိုးသမီးက ခေါင်းလေးနည်းနည်းညိတ်ပြပြီး သူ့ရှေ့မှာ လာထိုင်တယ်။

"ရှင်က သတင်းထောက် ကင်ဒေါင်ဝုခ် လားဟင်"

"ဟုတ်ပါတယ်။ ခင်ဗျားက Number 8 မှာ အလုပ်လုပ်ခဲ့တဲ့သူ မလား"

"ဟုတ်တယ်။ ဒါပေမယ့် ကျွန်မနာမည် တကယ်မပါဘူးမလားဟင်။ ကျွန်မ နေတဲ့နေရာတို့ ဘာတို့လည်း ရှင် မထုတ်ဖော်ဘူးမလား"

"သေချာတာပေါ့။ သတင်းပေးတဲ့သူရဲ့ အချက်အလက်ကို ဖုံးကွယ်ထားရတာက ကျွန်တော်တို့ အလုပ်ရဲ့ စည်းမျဉ်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ဘာမှစိတ်မပူဘဲ ကျွန်တော့်ကိုသာ ပြောပြပါ။ ဒါထက်၊ ခင်ဗျား တော်တော်လေး ပင်ပန်းနေတဲ့ပုံပဲ။ စကားမပြောခင် တစ်ခုခု အရင်သောက်ရအောင်"

ဒေါင်ဝုခ် တမင်သက်သက်ပဲ အနွေးအသောက်တစ်ခု မှာလိုက်တယ်။ လူဆိုတဲ့ သတ္တဝါတွေက တော်တော်လေး ရိုးရှင်းပြီး များသောအားဖြင့် သူတို့ရဲ့ ခံစားချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချတတ်ကြတယ်။ နွေးထွေးတဲ့ လက်ဖက်ရည်တစ်ခွက်က လူတစ်ယောက်ရဲ့ ကာကွယ်လိုစိတ်ကို လျော့ကျစေပြီး စကားတွေလည်း ပိုပြောလာစေနိုင်တယ်လေ။

လက်ဖက်ရည် တစ်ဝက်လောက် ကုန်သွားတော့ အဲဒီအမျိုးသမီးက သက်ပြင်းချလိုက်တယ်။

"ကျွန်မ အလုပ်လာပြီး ပုံမှန်အတိုင်း အလုပ်လုပ်နေပေမယ့် ဥက္ကဋ္ဌက မလာဘူး။ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ အပြင်မှာ အစည်းအဝေးလုပ်ရတာက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာဆိုတော့ ကျွန်မ သိပ်မတွေးမိပါဘူး။ ဒါပေမယ့် နှစ်ရက်နေတဲ့အထိ သူ ရောက်မလာဘူး။ အဲဒီအချိန်လောက်မှာ ငွေပေးချေဖို့ ဖုန်းတွေ ဝင်လာတာကြောင့် ဝန်ထမ်းတွေအားလုံး ဥက္ကဋ္ဌကို လိုက်ရှာကြပေမယ့် ဘယ်သူမှ သူ့ကို ဆက်သွယ်လို့ မရခဲ့ဘူး"

"အဲဒါ လွန်ခဲ့တဲ့ တစ်ပတ်က ဖြစ်ခဲ့တာမလား"

"ဟုတ်ပါတယ်"

"ဒါဆို အဲဒီလူတွေက ဘယ်အချိန် ကုမ္ပဏီကို ရောက်လာကြတာလဲ"

"ဥက္ကဋ္ဌ ပျောက်သွားပြီး သုံးရက်အကြာမှာပါ။ အဲဒီအချိန်ရောက်တော့ ကျွန်မတို့ ဝန်ထမ်းတွေလည်း စိတ်မသက်မသာ ဖြစ်နေကြပြီမို့ တချို့လူတွေဆို အလုပ်မလာကြတော့ဘူး။ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်းမှာပဲ သူတို့ ရောက်လာကြတာ"

"ခင်ဗျား တော်တော်လေး အခက်တွေ့ခဲ့မှာပဲ"

"ပြောမနေပါနဲ့တော့။ ထူးထူးဆန်းဆန်း အမျိုးသမီးတစ်ယောက်က 'ငါ့ပိုက်ဆံ ပြန်ပေး' ဆိုပြီး ကျွန်မဆံပင်တွေကို စဆွဲပါလေရော။ အဲဒီတုန်းက ကျွန်မဆို သေမလောက် လန့်သွားတာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် လူတွေက ကြမ်းတမ်းလာတတ်ကြတာပါပဲ"

"ဟုတ်ပါ့ရှင်"

"အဲဒီနောက် ဘာဖြစ်သွားသေးလဲ"

"ကျွန်မ ရုံးထဲကနေ မထွက်ဘဲ ဥက္ကဋ္ဌဆီကို ဆက်တိုက် ဖုန်းခေါ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဖုန်းစက်ပိတ်ထားတယ် ဆိုတာပဲ ပြန်ကြားရတယ်"

"လစာပေးချေမှု အခြေအနေကကော ဘယ်လိုရှိလဲ"

"တကယ်တော့ ကျွန်မလည်း လစာမရတာ လေးလရှိပြီ။ စုစုပေါင်း ဝမ် ၇ သန်းလောက် ရှိမယ်။ လိမ်ခံရတဲ့လူတွေနဲ့ ယှဉ်ရင်တော့ သိပ်မများပါဘူး။ ဒါပေမယ့် အခုအချိန်မှာ အဲဒီပိုက်ဆံကြောင့် ကျွန်မ လမ်းဘေးရောက်တော့မယ့် အခြေအနေပဲ"

အဲဒီအမျိုးသမီးက တစ်ကိုယ်လုံး တုန်ယင်နေရင်း သက်ပြင်းချလိုက်ပြီး နောက်ဆုံးမှာတော့ ငိုချလိုက်တယ်။ ဒေါင်ဝုခ် တစ်သျှူးတချို့ ဆွဲထုတ်ပြီး ကမ်းပေးလိုက်တယ်။ အတန်ကြာမှ သူမ ပြန်လည်တည်ငြိမ်သွားပြီး စကားဆက်ပြောတယ်။

"လွန်ခဲ့တဲ့ သုံးရက်ကစပြီး ဥက္ကဋ္ဌ ရှိနိုင်မယ့်နေရာတွေကို ကျွန်မတို့ တိတ်တဆိတ် လိုက်ရှာခဲ့ပေမယ့် သူ့အရိပ်အယောင်လေးတောင် မတွေ့ခဲ့ရဘူး။ ဥက္ကဋ္ဌ အမြဲသွားစားနေကျ စားသောက်ဆိုင်ပိုင်ရှင်ကိုတောင် သွားမေးခဲ့သေးတယ်။ ဆိုင်ရှင်က ပြန်တောင် ဆဲလွှတ်လိုက်သေးတယ်။ ဝန်ထမ်းအများစုက လစာမရကြသေးတော့ ကျွန်မတို့ တော်တော်လေး ဒုက္ခရောက်နေကြတယ်"

"ဇာတ်ကားရိုက်ကူးရေး ပြီးသွားရင် ဘောနပ်စ်ရမယ်လို့ ဥက္ကဋ္ဌက ပြောထားတယ်မလား"

"ဟုတ်တယ်။ ဝမ် ၁၀ ဘီလီယံထက်မက ရင်းနှီးမြှုပ်နှံထားတဲ့ ဇာတ်ကားလေ။ မကြာခင် လစာရတော့မယ်လို့ ကျွန်မတို့ ထင်ခဲ့တာ။ ပြီးတော့မှ ဒီလိုဖြစ်သွားတာပဲ"

ဒေါင်ဝုခ် အမျိုးသမီးကို နှစ်သိမ့်ပေးပြီးနောက် အင်တာဗျူးကို အဆုံးသတ်လိုက်တယ်။

"ဒီမှာ ဥက္ကဋ္ဌ ခဏခဏသွားလေ့ရှိတဲ့ ဆိုင်တွေရဲ့ စာရင်းပါ"

"ကျေးဇူးပါပဲ"

"အို...."

ဒေါင်ဝုခ် သူမကို အင်တာဗျူးကြေး ပေးလိုက်တယ်။ ဝမ် ငါးသောင်းတည်းသာ ဖြစ်ပေမယ့် အဲဒီအမျိုးသမီးက ကျေးဇူးတင်လွန်းလို့ ဒူးတောင်ထောက်တော့မယ့်ပုံ ပေါက်နေတယ်။

"ဒါဆို နောက်မှပဲ ပြန်ဆက်သွယ်လိုက်ပါမယ်"

အမျိုးသမီးကို နှုတ်ဆက်ပြီးနောက် နောက်ထပ်ဝန်ထမ်းတစ်ယောက်ဆီကို ဒေါင်ဝုခ် ကားမောင်းသွားခဲ့တယ်။ ဒီတစ်ခါလည်း အမျိုးသမီးတစ်ယောက်ပါပဲ။ သူမက ကျောင်းတစ်ပိုင်းနားထားတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဒါဟာ သူမရဲ့ ပထမဆုံးအလုပ်လို့ ပြောတယ်။ သူမရဲ့ အခြေအနေကလည်း အရင်အမျိုးသမီးနဲ့ အတူတူပါပဲ။ ဥက္ကဋ္ဌ ရုတ်တရက် အလုပ်မလာတော့ဘဲ ရက်အနည်းငယ်အကြာမှာ လူတွေ ရုတ်ရုတ်သဲသဲ ဝင်လာကြတာတဲ့။ သူမဆီကနေ အများကြီး မျှော်လင့်မထားတာမို့ အင်တာဗျူးကို မြန်မြန်အဆုံးသတ်ပြီး သူ ထွက်လာခဲ့တယ်။ သူမရဲ့ နောက်ကျနေတဲ့ လစာကို ပြန်ရနိုင်မလားလို့ မေးလာတဲ့အခါမှာတော့ ဒေါင်ဝုခ် ခါးသက်သက်ပြုံးရင်း ခေါင်းရမ်းပြလိုက်တယ်။

"ရဲတွေ ပါဝင်လာပြီဆိုရင် ပြဿနာဖြစ်သွားနိုင်တယ်"

ရုပ်ရှင်လောကမှာ ဒါထက်ကြီးတဲ့ ဖြစ်ရပ်မျိုး မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဝမ် ၁၅ ဘီလီယံဆိုတဲ့ ငွေက လေထဲကို အလဟဿ ပျောက်ကွယ်သွားတာပဲလေ။ ပေးချေပြီးသား ငွေတွေကို ထည့်တွက်ရင် အဲဒီလောက်ထိ မများသင့်ပေမယ့် ခန့်မှန်းခြေအရဆိုရင်တော့ ဥက္ကဋ္ဌက အနည်းဆုံး ဝမ် ၆ ဘီလီယံလောက် ဒါမှမဟုတ် အဲဒီထက်ပိုပြီး ယူပြေးသွားလောက်တယ်။ လောလောဆယ်တော့ သူက စီးပွားရေးလုပ်ငန်းကြီးတွေ၊ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကို စကားပြောရဦးမယ်။

"ငါ့ဥက္ကဋ္ဌက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်ဖို့ စီစဉ်နေတာပါလိမ့်"

သတင်းထောက်တစ်ယောက်က အမှုတစ်ခုကို အသေးစိတ် စတင်တူးဆွပြီဆိုရင် သူတို့အလုပ်က စုံထောက်တစ်ယောက်ရဲ့ အလုပ်နဲ့ ဆင်တူလာတတ်တယ်။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ ရာဇဝင်တွေကို စတင်တူးဆွကြတော့တာပဲ။ ဒီအချက်အလက်တွေနဲ့ ဂျွန်မင်း ဘာလုပ်မလဲဆိုတာကို ဒေါင်ဝုခ် တွေးနေမိတယ်။

ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်ပြီး သူ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

"ရာသီဥတုက သာယာလိုက်တာ"

ဆေးလိပ်သောက်ပြီးလို့ ကားထဲပြန်ဝင်တော့မယ့်အချိန်မှာပဲ ဖုန်းဝင်လာတယ်။ ဖုန်းခေါ်တဲ့သူရဲ့ နာမည်က ချွဲမီယွန်း ပါ။ သူမက ရှာရွန် လို့ခေါ်တဲ့ အမျိုးသမီးမဂ္ဂဇင်းမှာ လက်ရှိအလုပ်လုပ်နေတဲ့ သူ့ရဲ့ သတင်းထောက် ဂျူနီယာလေးဖြစ်ပြီး၊ အနံ့အသက်မကောင်းတဲ့ အန္တရာယ်များတဲ့ အမှုတစ်ခုကို တူးဆွနေသူလည်း ဖြစ်တယ်။

"အေး ပြော၊ ဘာကိစ္စလဲ"

“စီနီယာ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မပြောခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်ခုခု သိရပြီလား”

"မသိရသေးပါဘူး။ ငါ အဲဒီကိစ္စကို ဝင်မပါဘူးလို့ မင်းကို ပြောထားတယ်လေ။ အဲဒီတုန်းက မင်းပြောတာကို နားထောင်ပေးရုံ သက်သက်ပဲ"

“စီနီယာ အဲဒီလိုပြောမယ်ဆိုတာ ထင်သားပဲ။ ဒါဆို မနက်ဖြန် အချိန်နည်းနည်းလောက် ပေးပါ။ စီနီယာ့ကို ပြောစရာလေးတွေ ရှိလို့”

"ဟေး၊ မင်း အဲဒါကို ဆက်တူးဆွနေတုန်းပဲလို့တော့ မပြောနဲ့နော်။ မင်း တကယ် ရပ်တန်းက ရပ်သင့်ပြီ။ မဂ္ဂဇင်းကုမ္ပဏီတစ်ခုက ဖျော်ဖြေရေးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဆက်ပြီး တူးဆွနေမယ်ဆိုရင် ကြော်ငြာတွေ ထပ်ရတော့မှာ မဟုတ်ဘူး"

“ကျွန်မ စီနီယာ့ကို ပြောခဲ့တယ်မလား။ အလုပ်ထွက်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အလိုတူအလိုပါတွေပဲဆိုတော့ အချိန်နည်းနည်းလောက်တော့ ပေးပါ။ ဖျော်ဖြေရေးလောကမှာ 'မဒမ်' လို့ နာမည်ကြီးတဲ့ အမျိုးသမီးအကြောင်း တစ်ခုခုတော့ ကျွန်မ သိထားတယ်”

"ငါတို့က အလိုတူအလိုပါတွေ မဟုတ်ဘူးလေ။ ဒါပေမယ့် နေပါဦး... မဒမ် လို့ မင်းပြောလိုက်တာလား"

သူ့အမေးမဆုံးခင်မှာပဲ ဂျူနီယာလေးက ဖုန်းချသွားတယ်။ သူမရဲ့ စရိုက်က အခုထိ မပြောင်းလဲသေးဘူးပဲ။ ဒေါင်ဝုခ် စုပ်သပ်လိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်တယ်။ ဒီကိစ္စထဲ ဝင်ပါလို့ ဘာအကျိုးမှ မရှိဘူးဆိုတာ သိနေရက်နဲ့ စိတ်ဝင်စားသွားတဲ့ မိမိကိုယ်ကိုယ် သူ မုန်းတီးသွားတယ်။

သူ ကားမောင်းထွက်လာခဲ့တယ်။ သူ သွားစရာနေရာတွေ အများကြီး ကျန်သေးတယ်လေ။

* * * * * * * * *

All Chapters