အခန်း ၄၁
Vol. 5 Ch. 41
အခန်း (၄၁) - ရိုဂယ်စခန်း
ရိုဂယ်စခန်း၏ ရှေ့ကင်းစခန်းသည် ရက်ဝုဒ်တောင်ကြော၏ အရှေ့ဘက်တွင်ရှိသော တောင်နှစ်လုံးကြားရှိ ချိုင့်ဝှမ်းတစ်ခုအတွင်း၌ တည်ရှိနေလေသည်။
ထိုတောင်နှစ်လုံးစလုံးသည် အပေါ်သို့ ရှည်လျားစွာ ထိုးတက်နေပြီး အမြင့် ၂၀၀၀ မှ ၃၀၀၀ မီတာခန့်ရှိကာ တာရှီစခန်းတည်ရှိရာ တာဝါတောင်နှင့် ဆင်တူလှသည်။
နှစ်ပေါင်းများစွာ ပြင်းထန်သောအအေးဒဏ်ကို ခံခဲ့ရသဖြင့် ပတ်ဝန်းကျင်ရှိ ကျောက်နံရံများအားလုံးသည် အနက်ရေ11417301146175ာင်ရေခဲသလင်းလွှာတစ်ထပ်ဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။
ထိုတောင်များသည် တာဝါတောင်ထက် ပိုမိုမြင့်မားသောကြောင့် သဘာဝအတိုင်း အနက်ရောင်ရေခဲသလင်းများ၏ အထူမှာလည်း ပို၍ ကြီးမားနေခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ တောင်အောက်ဘက်သို့ ဆင်းလာလေလေ အနက်ရောင်ရေခဲသလင်းများသည် ပိုမိုပါးလွှာလာကာ အရောင်လည်း တဖြည်းဖြည်းဖျော့လာပြီး မြေပြင်အနီးဆုံးသို့ ရောက်သည့်အခါ သာမန်ကျောက်သားအရောင်သို့ပင် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။
သေချာကြည့်လိုက်လျှင် ကျောက်နံရံတစ်လျှောက်ကို အဖြူရောင်မြူခိုးများ အဆက်မပြတ် ဝန်းရံနေသည်ကို တွေ့ရမည်ဖြစ်ပြီး၊ ထိုမြူခိုးများ တက်လာသည်နှင့်အမျှ အနက်ရောင်ရေခဲသလင်းများသည် ဆက်တိုက် အရည်ပျော်ကာ ရေစီးငယ်များအဖြစ် ပြောင်းလဲပြီး ကျောက်နံရံတစ်လျှောက် စီးကျနေကြသည်။
“ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော အပူချိန်မြင့်က နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ ရေခဲသလင်းကိုတောင် အရည်ပျော်စေနိုင်တယ်... ရိုဂယ်စခန်းမှာတော့ လူတစ်ယောက်တောင် အအေးမိပြီး သေဆုံးရမယ့်အခြေအနေမျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး...”
ဟုန်ကန်းက ရိုဂယ်စခန်းတွင် တစ်ဝက်လခန့် နေထိုင်ခဲ့ဖူးသော်လည်း ပြန်ရောက်လာတိုင်း ထိုမြင်ကွင်းကို မြင်ရသည့်အခါ မအံ့ဩဘဲ မနေနိုင်တော့ပေ။
အခြားစခန်းခေါင်းဆောင် ၃ ဦးနှင့် ရှီချင်းအပြင် မိမိတို့စခန်းအသီးသီးမှ သစ်ခုတ်သမားအဆင့် အဖွဲ့ဝင်များသည်လည်း ဟုန်ကန်း၏စကားကို ကြားပြီး ကျောက်နံရံပေါ်မှ အဖြူရောင်မြူခိုးများကို မြင်လိုက်ကြသောအခါ မျက်နှာပေါ်တွင် အားကျသည့်အရိပ်အယောင်များ ပေါ်လာခဲ့ကြသည်။
“အအေးမိပြီး သေတယ်ဟုတ်လား... ရယ်စရာပဲ... ရိုဂယ်စခန်းမှာ လူတိုင်းမှာ သားရဲသားရေအဝတ်တစ်စုံစီ ရှိတာကို မပြောနဲ့ဦး... တစ်နှစ်ပတ်လုံး အပူပေးဖို့ ဒီကျောက်မီးသွေးတုံးတွေ ရှိနေတာမို့ အနှစ် ၂၀ နီးပါးအတွင်း အအေးမိပြီး သေဆုံးတဲ့သူ တစ်ယောက်တောင် မရှိခဲ့ဘူး...”
လော်မင်က နှုတ်ဆိတ်နေသော်လည်း သူ၏လက်အောက်ငယ်သားတစ်ယောက်ကတော့ မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။
သူ၏ အသံနေအသံထားထဲမှ ဂုဏ်ယူဝင့်ကြွားမှုကို ဖုံးကွယ်မထားနိုင်ဘဲ ရိုဂယ်စခန်းသားတစ်ယောက်ဖြစ်ရခြင်းကို သူ့စိတ်ထဲတွင် အလွန်ဂုဏ်ယူနေကြောင်း ထင်ရှားစွာ မြင်နိုင်ပေသည်။
အနှစ် ၂၀ အတွင်း အအေးမိပြီး သေဆုံးသူ မရှိခဲ့ကြောင်း ကြားလိုက်ရသည့်အခါ လူအုပ်၏ အားကျမှုမှာ ပိုမိုပြင်းထန်လာတော့သည်။
အထူးသဖြင့် စခန်းငယ် ၅ ခုမှ ခေါင်းဆောင်များအတွက် ထိုစကား၏ အလေးချိန်ကို အခြားသူများထက် ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ကြသည်။
တိတိကျကျ ပြောရလျှင် ရေခဲသားရဲနှင့် လှည့်ဖြားမိစ္ဆာတို့နှင့် နှိုင်းယှဉ်ပါက အအေးဒဏ်သည် လူသားများ ရင်ဆိုင်ရသည့် အသက်ရှင်သန်ရေး စိန်ခေါ်မှုများအနက် အရိုးရှင်းဆုံး ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် နှစ်စဉ်နှစ်တိုင်း စခန်းအသီးသီးတွင် အအေးဒဏ်ကြောင့် အသက်ဆုံးရှုံးရသူဦးရေမှာ နည်းပါးသည်ဟု မဆိုနိုင်ပေ။
စခန်းငယ်များအတွက်မူ နွေးထွေးမှုရရှိရန် သစ်ခုတ်ခြင်းကိုသာ အားထားနိုင်ပေသည်။
ပြဿနာမှာ သစ်ခုတ်တိုင်း အမြဲတမ်း အောင်မြင်မည်ဟု မဆိုနိုင်ခြင်းပင်ဖြစ်သည်။
ကံမကောင်းဘဲ ရေခဲသားရဲနှင့် တွေ့မိပါက လက်ဗလာဖြင့် ပြန်လာရုံသာမက အသက်ပင် ဆုံးရှုံးသွားနိုင်လေသည်။
ထို့အပြင် မကြာသေးသောနှစ်များအတွင်း ရက်ဝုဒ်တောင်ကြောရှိ သစ်ပင်များ၏ ကြီးထွားနှုန်းမှာ ပို၍ ပို၍ အလွန်အကျွံ မြန်ဆန်လာခဲ့သည်။
တစ်ခါတစ်ရံ တစ်ညလုံး ရှာဖွေသော်လည်း ခုတ်လှဲနိုင်သည့် သစ်ပင်တစ်ပင်ကိုပင် မတွေ့ရသည့် အခြေအနေမျိုး ရှိတတ်ပေသည်။
ထင်းရရှိရန် ခက်ခဲလာသည်သာမက စခန်းရှိ သာမန်လူများ၏ ခန္ဓာကိုယ်အခြေအနေမှာလည်း ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ကလေးများမှာ ပို၍ ဆိုးရွားနေခဲ့သည်။
အပူချိန် ရုတ်တရက် ကျဆင်းလာသည့်အခါ မီးပုံငယ်လေးဘေးရှိ ဂူထဲတွင် ပုန်းခိုနေသည့်တိုင် အအေးမိပြီး အသက်ဆုံးရှုံးရခြင်းကို မတားဆီးနိုင်ပေ။
ထို့ကြောင့် ရိုဂယ်စခန်းအတွက် အနှစ် ၂၀ အတွင်း အအေးမိပြီး သေဆုံးသူမရှိခြင်းသည် သာမန်ကိစ္စတစ်ခုသာဖြစ်သော်လည်း စခန်းငယ် ၅ ခုအတွက်မူ အလွန်အမင်း ဇိမ်ခံနိုင်သော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။
အားကျမှုရှိသည့်နေရာတွင် အထင်သေးမှုလည်း ရှိစမြဲပင်။
“တောသားတောင်သား အတွေ့အကြုံမရှိတဲ့ လူအုပ်ပဲ....ဒီလောက်အသေးအဖွဲကိစ္စကိုတောင် အံ့ဩတကြီးလုပ်ပြီး ဂုဏ်ယူနေကြသေးတယ်...”
ဟုန်ကန်းတို့၏ မျက်နှာပေါ်တွင် အားကျမှုများ ပြည့်နှက်နေသော်လည်း လီဟူ၏ မျက်နှာပေါ်တွင်မူ အထင်သေးမှုသာ အပြည့်ရှိနေသည်။
အစောပိုင်းက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကြောင့် လီဟူသည် ထိုလူအုပ်အပေါ် အငြိုးအတေး အလွန်နက်ရှိုင်းနေသည်မှာ သိသာထင်ရှားပြီး
တောသားတောင်သား အတွေ့အကြုံမရှိတဲ့ လူအုပ် ဟူသော စကားလုံးကို တိုက်ရိုက်အသုံးပြုကာ လူတိုင်းကို လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
ယန်နင်ကတော့ ဘာမှ မပြောသော်လည်း သူ၏မျက်နှာပေါ်ရှိ အမူအရာမှာလည်း လီဟူနှင့် များစွာ မကွာခြားပေ။
“ပေရှိုးမြို့ကို မပြောနဲ့ဦး... နည်းနည်းအားကောင်းတဲ့ အလယ်အလတ်စခန်းတွေတောင် ကျောက်မီးသွေးကျောက်တွေ ခင်းပြီး မြေသားကို ပျော့အောင်လုပ်၊ သီးနှံတွေ စိုက်ပျိုးတတ်ကြတယ်...”
“ဒါပေမဲ့ မင်းတို့ကတော့ အပူပေးဖို့ပဲ သိကြတယ်... ရတနာတစ်ခုကို လက်ထဲကိုင်ထားပြီး ဘယ်လိုအသုံးချရမှန်းတောင် မသိဘဲ အဲဒါကိုပဲ ကျေနပ်ဂုဏ်ယူနေကြတာ... တကယ်ကို မိုက်မဲလွန်းတာပဲ...”
ထိုစကားကို ကြားပြီးနောက် အခြားသူများမှာ မည်သည့်တုံ့ပြန်မှုမျှ မပြကြပေ။
လော်မင်တစ်ယောက်သာ ခဏတာ မှင်တက်သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်နှာပေါ်တွင် ချက်ချင်း ဝမ်းသာအားရဖြစ်သော အမူအရာ ပေါ်လာခဲ့သည်။
“လမ်းညွှန်သွန်သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်… ကျောက်မီးသွေးကျောက်တွေမှာ ဒီလိုအသုံးဝင်တဲ့ နည်းလမ်းရှိတာ ဒီနေ့မှ သိရတာပါ...”
လီဟူ၏ မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားလေသည်။
သူ၏ ရည်ရွယ်ချက်မှာ လှောင်ပြောင်သရော်ရန်သာဖြစ်ပြီး လော်မင်ကို လမ်းညွှန်ပေးရန် လုံးဝမဟုတ်ပေ။ သို့သော် ထိုစကားက မိမိကိုယ်တိုင်ထံ ပြန်ထိမှန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် တစ်စုံတစ်ခုကို သတိရသွားသလို ချက်ချင်း စကားပြန်လှည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
“ဝမ်းသာတာ စောလွန်းမနေပါနဲ့... အဲဒီသီးနှံတွေ စိုက်ဖို့လိုတဲ့ မြေက မသေးဘူး... မင်းတို့ မြေတူးသမားအဆင့် ၅ ယောက်လောက်နဲ့ဆို လိုအပ်တဲ့ ကျောက်မီးသွေးကျောက်တွေ တူးထုတ်ဖို့ ၁၀ နှစ်၊ ၈ နှစ်လောက်တော့ အနည်းဆုံး ကြာဦးမှာပဲ..."
စောစောကမှ ဝမ်းသာအားရ ဖြစ်နေသည့် လော်မင်လည်း ထိုစကားကြောင့် ရေအေးတစ်ပုံး လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
သူကတော့ ဘာမှမပြောသော်လည်း ဟုန်ကန်း၊ ရှီချင်းတို့ အပါအဝင် စခန်းငယ် ၅ ခုမှ ခေါင်းဆောင်များ၏ မျက်လုံးထဲတွင် လီဟူအပေါ် ဒေါသအရိပ်အယောင်များ ထင်ရှားစွာ ပေါ်လာပြီး လော်မင်ကို ထပ်ခါထပ်ခါ လှောင်ပြောင်နေခြင်းအပေါ် မကျေနပ်ကြောင်း သိသာနေလေသည်။
“တော်တော့၊ မလိုအပ်တာတွေ ဆက်မပြောနဲ့... အထဲကို မြန်မြန်ဝင်ကြ..."
ယန်နင်သည် ခေါင်းဆောင် ၅ ယောက်၏ မဖုံးကွယ်နိုင်သော ဒေါသကို သတိပြုမိသဖြင့် မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင် ပေါ်လာသော်လည်း ဘာမှမပြောဘဲ လီဟူကို တစ်ချက်ကြည့်လိုက်ကာ အရင်ဆုံး အထဲဝင်ကြရန် အချက်ပြလိုက်လေသည်။
“အားလုံး အထဲဝင်ပြီးမှ ဆက်ပြောကြတာပေါ့..."
လော်မင်သည် မူလကတည်းက ဒေါသမထွက်တတ်ဘဲ စိတ်ထားပြည့်ဝသူဖြစ်၍လား၊ သို့မဟုတ် ကိုယ်ကျင့်တရား ထိန်းချုပ်မှု ကောင်းမွန်၍လား မသိပေ။ လီဟူ၏ လှောင်ပြောင်မှုကို ခံခဲ့ရပြီးသည့်တိုင် ဘာမှမဖြစ်ခဲ့သကဲ့သို့ အားလုံးကို အထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
စကားပြောနေကြစဉ်လည်း လမ်းလျှောက်နေကြသဖြင့် လူအုပ်သည် ချိုင့်ဝှမ်း၏ အလယ်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။
ရိုဂယ်စခန်းသည် မဟာရှစခန်း၊ တာရှီစခန်းတို့ကဲ့သို့ အလယ်အလတ်အရွယ် စခန်းဖြစ်သော်လည်း ၎င်း၏ တပ်စွဲရာနေရာမှာ အလွန်လျှို့ဝှက်လှပေသည်။
ချိုင့်ဝှမ်း၏ ဝင်ပေါက်တစ်လျှောက်ကို ကျောက်တုံးကြီးများနှင့် သစ်ပင်များက အပြည့်အဝ ပိတ်ဆို့ထားခဲ့သည်။
သာမန်လူတစ်ယောက်အနေဖြင့် ထိုအရာများ၏ နောက်ကွယ်တွင် လူဦးရေ ၁၀၀၀ ကျော် နေထိုင်သည့် စခန်းတစ်ခု ရှိနေမည်ဟု လုံးဝ ထင်မှတ်နိုင်မည်မဟုတ်ပေ။
လော်မင်လည်း လူအုပ်ကို ကျောက်တုံးကြီးများ၏ ဘယ်ဘက်ခြမ်းမှ ဦးဆောင်ခေါ်သွားပြီး လမ်းကို ကျွမ်းကျင်နေသည့် လက်အောက်ငယ်သားအချို့က ရှေ့တက်ကာ ဆွေးမြေ့နေသော သစ်သားပုံတစ်ပုံအနီးသို့ သွားပြီး အချင်း ၅ မီတာကျော်၊ အလျား ၅၀ မီတာရှိသော သစ်လုံးကြီးတစ်လုံးကို ဆွဲထုတ်လိုက်ကြသည်။
ထိုသစ်လုံးကြီးကို ဆွဲထုတ်လိုက်သည်နှင့် အပေါ်တွင် တင်ထားသော ကျောက်တုံးများနှင့် သစ်ပင်များ ပြိုကျသင့်သော်လည်း တစ်ခုမျှ မလှုပ်ရှားခဲ့ပေ။
ထိုအစား ကျောက်တုံးများနှင့် သစ်ပင်များအကြားတွင် အရှည် ၃၀ မီတာခန့်ရှိသော လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ယခင်က မြင်ဖူးထားပြီး ဖြစ်သောကြောင့် မည်သူမျှ မအံ့ဩကြသလို မျက်နှာအမူအရာ မပြောင်းလဲဘဲ လော်မင်၏နောက်မှ လိုက်ဝင်သွားကြလေသည်။
ထိုလမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ချိုင့်ဝှမ်းအတွင်းပိုင်း တစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။
ချိုင့်ဝှမ်း၏ အနက်ကို မခန့်မှန်းနိုင်သော်လည်း ဘယ်ညာ အကျယ်ချင်းသာ ၃၀၀ မှ ၄၀၀ မီတာခန့် ရှိလေသည်။
အံ့ဩစရာအကောင်းဆုံးမှာ တောင်နှစ်လုံး၏ ထိပ်ပိုင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို အလင်းရောင် မဝင်နိုင်အောင် ပိတ်ကာထားခြင်းပင် ဖြစ်သည်။
သို့သော် ထိုသို့သာဆိုရုံဖြင့် ပြင်းထန်လှသော အအေးဒဏ်ကို ကာကွယ်နိုင်မည်တော့ မဟုတ်ပေ။
မဟာရှစခန်းနှင့် တာရှီစခန်းတို့ကဲ့သို့ ပိတ်ထားသောနေရာအတွင်း မီးပုံများကို လောင်ကျွမ်းစေကာ အပူယူခြင်းမဟုတ်ဘဲ ရိုဂယ်စခန်းသည် ချိုင့်ဝှမ်းအတွင်း၌ ဧရာမ သစ်သားအိမ်ကြီး ၅ လုံးကို တည်ဆောက်ထားလေသည်။
အိမ်ဟု ခေါ်ဆိုရမည်ထက် သစ်သားဧရာမသေတ္တာကြီးများဟု ခေါ်ဆိုလျှင် ပို၍ သင့်တော်ပေလိမ့်မည်။
သစ်သားအိမ်ကြီး ၅ လုံးစလုံးသည် စတုရန်းပုံစံဖြစ်ပြီး တစ်လုံးလျှင် အကျယ် ၅၀ မီတာခန့်ရှိကာ လူရာပေါင်းများစွာ ဆံ့နိုင်မည်ဟု ခန့်မှန်းရပေသည်။
အိမ်ကြီး ၅ လုံးစလုံးအတွင်း၌ မီးများ လောင်ကျွမ်းနေပြီး ခေါင်မိုးပေါ်ရှိ လေထွက်ပေါက်များမှ အဖြူရောင်မီးခိုးများ အဆက်မပြတ် ထွက်ပေါ်နေကာ အတွင်းမှ စကားပြောသံများလည်း ကြားနေရသည်။
မီးအလင်းရောင်ကြောင့် သစ်သားအိမ်များသည် ဖျော့တော့သော ရွှေရောင်တောက်ပမှုကို ထင်ဟပ်နေပြီး အားလုံးကို ရွှေကြေးခွံနှင်းပင်ဖြင့် တည်ဆောက်ထားကြောင်း ထင်ရှားလှပေသည်။
“ချိုင့်ဝှမ်းထဲ ဝင်လိုက်တာနဲ့ နွေးလာတာပဲ... ကျောက်မီးသွေးနဲ့ အပူပေးတာက တကယ်ကောင်းတာပဲ..."
ဟုန်ကန်းလည်း လက်ကိုဆန့်၍ ချိုင့်ဝှမ်းအတွင်းရှိ အပူချိန်ကို ခံစားကြည့်ပြီး မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
စခန်းသားများကလည်း ကြိုဆိုရန် ထွက်လာကြပြီး လော်မင်က အနည်းငယ် နှုတ်ဆက်စကား ပြောဆိုပြီးနောက် လူအုပ်ကို အတွင်းဆုံးရှိ သစ်သားအိမ်ကြီးဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သစ်သားအိမ်ကြီးအနီးသို့ ရောက်လာချိန်တွင် ရှီချင်း၏နောက်မှ လိုက်လာနေသော ရှီတုန်းသည် ရုတ်တရက် သတိထားမိသလို ဖြစ်သွားပြီး သစ်သားအိမ်ကြီး၏ ဘယ်ဘက်ခြမ်းသို့ လှည့်ကြည့်လိုက်လေသည်။
“အစ်ကိုကြီး၊ အဲဒီနေရာက ဘာနေရာလဲ..."
ရှီချင်းလည်း သူကြည့်နေသောဘက်သို့ လိုက်ကြည့်လိုက်မှ အတွင်းဆုံးရှိ သစ်သားအိမ်ကြီး၏ ဘေးတွင် အကျယ် ၁၀ မီတာတောင် မပြည့်သည့် သစ်သားအိမ်ငယ်တစ်လုံး ရှိနေသည်ကို သတိပြုမိခဲ့လိုက်သည်။
လော်မင်က ထိုအရာကို သတိထားမိသဖြင့် အနားသို့ လျှောက်လာကာ ရှင်းပြလိုက်သည်။
“အဲဒါ ကျွန်တော့်အဖေရဲ့ နေအိမ်ပါ..."
ထိုစကားကို ကြားလိုက်သည်နှင့် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
လော်မင်၏ ဖခင်၊ ရိုဂယ်စခန်း၏ ယခင်စခန်းခေါင်းဆောင်... လော်ဖုန်းလား...