အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) - ဂန္ထဝင်ပုဂ္ဂိုလ် - လော်ဖုန်း
ရက်ဝုဒ်တောင်ကြောတစ်ဝိုက်တွင် အကျော်ကြားဆုံးသူကို ပြောရမည်ဆိုလျှင် သံသယရှိစရာမလိုဘဲ လော်ဖုန်းပင်ဖြစ်ပေမည်။
အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ သူမပေါ်ပေါက်မီ ရက်ဝုဒ်တောင်ကြောတစ်ဝိုက်တွင် မြေတူးသမားအဆင့် ကျင့်ကြံသူတစ်ယောက်မျှ မရှိခဲ့သလို အလယ်အလတ်စခန်းတစ်ခုတောင် မရှိခဲ့ပေ။
အစောပိုင်းကာလတွင် ရက်ဝုဒ်တောင်ကြောတစ်ဝိုက်၌ စခန်းငယ်စုစုပေါင်း ၁၆ ခု ရှိခဲ့၏။
လွန်ခဲ့သော အနှစ် ၂၀ က လော်ဖုန်းသည် မြေတူးသမားအဆင့်သို့ ထိုးဖောက်အောင်မြင်ခဲ့ပြီး ဒေသခံများအနက် အမဲလိုက်ရန် အရည်အချင်းပြည့်မီသော ပထမဆုံးကျင့်ကြံသူ ဖြစ်လာခဲ့လေသည်။
ထို့နောက် သူသည် ရိုဂယ်စခန်းကို ဦးဆောင်ကာ အဆက်မပြတ် တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပြီး ရုန်းကန်နေရသော စခန်း ၂ ခုကိုပင် မိမိတို့ဆန္ဒအလျောက် ပေါင်းစည်းခွင့် တောင်းခံလာစေခဲ့သည်။
သာမန်အတွေးအခေါ်အရ အခြားစခန်းများက လာရောက်ပေါင်းစည်းရန် တောင်းဆိုခြင်းသည် လူအင်အားများလေလေ အားကောင်းလေလေဖြစ်သောကြောင့် ကောင်းမွန်သည့်ကိစ္စတစ်ရပ်ဟု ထင်ရသော်လည်း လက်တွေ့အခြေအနေမှာ ထိုသို့မဟုတ်ပေ။
အရင်းအမြစ်များ ပေါများသည့်အခြေအနေတွင် စခန်းတစ်ခုလုံး၏ အင်အားမြင့်တက်စေရန် လူဦးရေတိုးချဲ့ရမည်ကို လူတိုင်းနားလည်ကြသော်လည်း ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ ရုန်းကန်နေရသော စခန်းငယ်များအတွက် အရင်းအမြစ်ပေါများမှုသည် အိပ်မက်တစ်ခုပင် ဖြစ်သည်။
ထိုအချိန်က လော်ဖုန်းသည် မြေတူးသမားအဆင့်သို့ ရောက်ရှိခါစဖြစ်ပြီး ရိုဂယ်စခန်းသားများသည် သူ ရေခဲသားရဲများကို သွားရောက်အမဲလိုက်ကာ သစ်ခုတ်သမားအဆင့်သို့ ထိုးဖောက်နိုင်သူများ ပိုမိုပေါ်ထွက်လာမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ထိုသို့သောအခြေအနေမျိုးတွင် အခြားစခန်းများကို မည်သို့လက်ခံပေါင်းစည်းနိုင်မည်နည်း....
အသေးဆုံးစခန်းတောင် လူဦးရေ ၁၀၀ ကျော်မှ ၂၀၀ ခန့်အထိ ရှိတတ်ကြသဖြင့် စခန်း ပေါင်းစည်းလိုက်သည်နှင့် လူ ၃၀၀ မှ ၄၀၀ အထိ ထပ်မံ ကျွေးမွေးရတော့ပေမည်။
လော်ဖုန်းသည် ထိုစခန်း ၂ ခုကို လက်ခံမည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။
သူကိုယ်တိုင် သဘောတူသည်ဆိုလျှင်ပင် ရိုဂယ်စခန်းသားများက လုံးဝ ခွင့်ပြုမည် မဟုတ်ဟု ယုံကြည်ထားခဲ့ကြသည်။
သို့သော် ရလဒ်မှာ လော်ဖုန်းက ကန့်ကွက်မှုအားလုံးကို ဆန့်ကျင်ကာ ထိုစခန်း ၂ ခုကို လက်ခံပေါင်းစည်းခဲ့လေသည်။
ထိုစခန်း ၂ ခုတွင် သစ်ခုတ်သမားအဆင့် တိုက်ခိုက်ရေးသမား စုစုပေါင်း ၆ ယောက်သာ ကျန်ရှိပြီး ကျန်လူဦးရေ ၃၀၀ ခန့်မှာ ကျင့်ကြံမှု လုံးဝမရှိကြပေ။
လော်ဖုန်းသည် မိမိစခန်း၏ အခြေအနေကိုပင် မငဲ့ကွက်ဘဲ သနားကြင်နာစိတ် လွန်ကဲနေသည်ဟု လူတိုင်းက ထင်မြင်ခဲ့ကြသည်။
လူဦးရေ ရုတ်တရက် များပြားလာခြင်းကြောင့် ရိုဂယ်စခန်းလည်း ကြာရှည်ခံနိုင်မည် မဟုတ်ဟု ယုံကြည်ထားကြပြန်သည်။
သို့သော် တစ်ဖန် သူတို့ မှားယွင်းခဲ့ရပြန်သည်။
ရိုဂယ်စခန်းသည် ရပ်တည်နိုင်ခဲ့ရုံသာမက သစ်ခုတ်သမားအဆင့် ကျင့်ကြံသူများမှာ မိုးဦးကျပြီးနောက် ဝါးပင်များ ပေါက်လာသကဲ့သို့ ဆက်တိုက် ပေါ်ထွက်လာပြီး နှစ်အနည်းငယ်အတွင်း ၁၀ ကျော်မှ ၃၀ အထိ တိုးပွားလာခဲ့သည်။
အင်အားတိုးတက်လာရုံသာမက ကျောက်မီးသွေးတူးဖော်မှု၊ သံရိုင်းတူးဖော်မှု၊ နေ့စဉ်ဘဝအခြေအနေတို့မှာလည်း အနီးပတ်ဝန်းကျင်ရှိ စခန်းများကို အလျင်အမြန် ကျော်ဖြတ်သွားခဲ့ပြီး မြေတူးသမားအဆင့် ကျင့်ကြံသူအသစ်များပင် ပေါ်ထွက်လာခဲ့သည်။
ရိုဂယ်စခန်း ကြီးထွားဖွံ့ဖြိုးလာပြီး လူနေမှုအခြေအနေများ ဆက်တိုက် တိုးတက်လာသည်ကို မြင်တွေ့ပြီးနောက် စခန်းခေါင်းဆောင်အားလုံးနီးပါးက မိမိတို့စခန်းကို ပေါင်းစည်းခွင့်ပြုရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းဆိုခဲ့ကြတော့သည်။
လော်ဖုန်း စခန်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း စခန်းစုစုပေါင်း ၅ ခု၊ လူဦးရေ ၁၀၀၀ နီးပါးကို လက်ခံပေါင်းစည်းခဲ့ပြီး သူ၏ ဦးဆောင်မှုအောက်တွင် ရိုဂယ်စခန်း၏ အင်အား မည်မျှ လျင်မြန်စွာ တိုးတက်လာခဲ့သည်ကို ထင်ရှားစွာ ပြသခဲ့လေသည်။
ထိုစဉ်က လူတိုင်းနီးပါးသည် လော်ဖုန်းက ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ လူသားအားလုံးကို ပေါင်းစည်းနိုင်ပြီး ရိုဂယ်စခန်းကို စခန်းကြီးတစ်ခု၊ သို့မဟုတ် ဧရာမစခန်းကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်ဆိုလျှင်လည်း လွန်မည်ဟု မဆိုနိုင်ပေ။
ကျန်ရှိနေသည့် စခန်း ၁၁ ခုစလုံးသည် ရိုဂယ်စခန်းတွင် အရင်းအမြစ်များ ပိုလျှံလာသည့်နေ့ကိုသာ စောင့်မျှော်နေကြပြီး ထိုအချိန်ရောက်လျှင် မိမိတို့ကိုလည်း ပေါင်းစည်းလက်ခံလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။
ကံမကောင်းစွာဖြင့် မမျှော်လင့်ထားသော မတော်တဆမှုတစ်ခုသည် လော်ဖုန်း၏ ဂန္ထဝင်ဘဝကို အဆုံးသတ်စေခဲ့ရုံသာမက ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ စခန်းများကို ပေါင်းစည်းနိုင်မည့် မျှော်လင့်ချက်ကိုလည်း အစိတ်စိတ်အမွှာမွှာ ချိုးဖျက်ပစ်ခဲ့လေသည်။
လွန်ခဲ့သော ၁၅ နှစ်က လော်ဖုန်း၏ အမဲလိုက်အဖွဲ့သည် လှည့်ဖြားမိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်တွေ့ခဲ့ရပြီး အဖွဲ့ဝင်အားလုံး သေဆုံးခဲ့ကြရသည်။
သူတစ်ယောက်တည်းသာ အသက်မသေဘဲ လွတ်မြောက်လာနိုင်ခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ မိမိ၏ အငယ်ဆုံးသားကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး စိတ်ဖောက်ပြန်သွားခဲ့ရသည်။
ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦး ကျဆုံးသွားခဲ့ပြီး ထိုအချိန်က ဝမ်းနည်းသက်ပြင်းမချခဲ့သူ တစ်ယောက်မျှ မရှိခဲ့ပေ။
ထိုသက်ပြင်းများသည် လော်ဖုန်း၏ ကျဆုံးမှုအတွက်သာ မဟုတ်ဘဲ ရိုဂယ်စခန်းသို့ ပေါင်းစည်းနိုင်မည့် မျှော်လင့်ချက် ပျောက်ကွယ်သွားသည့်အတွက်လည်း ပါဝင်နေခဲ့သည်။
လူတိုင်း မျှော်လင့်ထားခဲ့သည့်အတိုင်း လော်မင်သည် စခန်းခေါင်းဆောင်အဖြစ် ဆက်ခံပြီးနောက် တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း လော်ဖုန်းနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျနေဆဲ ဖြစ်သည်။
လွန်ခဲ့သော ၁၅ နှစ်အတွင်း လူဦးရေ ၁၀၀ ကျော်သာ ကျန်ရှိပြီး အနိုင်နိုင်ရပ်တည်နေရသော စခန်း ၂ ခုသာ ရိုဂယ်စခန်းနှင့် အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့လေသည်။
လော်မင်က ပေါင်းစည်းလိုသော အခြားစခန်းများကိုမူ အားလုံးကို ငြင်းပယ်ခဲ့သည်။
ငြင်းပယ်ရုံသာမက လွန်ခဲ့သော နှစ်အနည်းငယ်ကပင် စခန်း ၈ ခု၏ ခေါင်းဆောင်များကို အထူးခေါ်ယူကာ ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ နယ်မြေများကို သတ်မှတ်ပိုင်းခြားပေးခဲ့ပြီး စခန်းများအနေဖြင့် နယ်နိမိတ်ကို မကျော်ဖြတ်ဘဲ မိမိတို့နယ်မြေအတွင်း၌သာ အရင်းအမြစ်များကို ရှာဖွေရန် ညွှန်ကြားခဲ့လေသည်။
လော်မင်၏ ထိုအစီအမံသည် အားနည်းသောစခန်းများကို အသက်ရှင်ရပ်တည်နိုင်မည့် အခွင့်အရေးပေးရန် တစ်စိတ်တစ်ပိုင်းဖြစ်သလို ရိုဂယ်စခန်းနှင့် ပေါင်းစည်းလိုသည့် အတွေးအမြင်ကိုလည်း အမြစ်ဖြတ်ပစ်ရန် ရည်ရွယ်ထားခြင်းပင်။
စခန်း၏ လူဦးရေကို ဆက်လက်တိုးချဲ့နိုင်မည်ဆိုလျှင် မည်သူမျှ ထိုအခွင့်အရေးကို ငြင်းပယ်မည့် မိုက်မဲသူ မဟုတ်ပေ။
လော်မင် ထိုသို့ လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ ရိုဂယ်စခန်း၏ ဖွံ့ဖြိုးတိုးတက်နှုန်းသည် လူဦးရေကို ဆက်လက်တိုးချဲ့ရန် မထောက်ပံ့နိုင်တော့သောကြောင့်ဖြစ်သည်ကို လူတိုင်း နားလည်ကြလေသည်။
လော်မင်သည် ကိုယ်ကျင့်တရားပိုင်းဖြစ်စေ၊ လုပ်ရပ်ပိုင်းဖြစ်စေ ဂုဏ်သတင်းကောင်း ရှိသူတစ်ယောက်ဖြစ်သည်။
ရိုဂယ်စခန်း၏ ခေါင်းဆောင်အဖြစ် သူချမှတ်ခဲ့သည့် အစီအမံအမျိုးမျိုးသည် နှစ်များတစ်လျှောက် အနီးပတ်ဝန်းကျင်ရှိ စခန်းအားလုံးနီးပါး၏ ထောက်ခံမှုကို ရရှိခဲ့သည်။
သို့သော် နှိုင်းယှဉ်ခြင်းဆိုသည်မှာ ကြောက်စရာကောင်းသော အရာတစ်ခုပင် ဖြစ်သည်။
သူ့ရှေ့တွင် လော်ဖုန်း၏ ထွန်းလင်းတောက်ပမှု ရှိနေသဖြင့် လော်မင် မည်မျှပင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်စေကာမူ လူတိုင်းက သူသည် လော်ဖုန်းထက် များစွာ နိမ့်ကျနေဆဲဟုသာ ခံစားနေခဲ့ကြသည်။
……
ခဏအတွင်းမှာပင် လော်ဖုန်းနှင့် ပတ်သက်သည့် အတွေးပေါင်းများစွာ ရှီချင်း၏ စိတ်ထဲတွင် တရစပ် ပေါ်လာခဲ့လေသည်။
အမှန်အတိုင်းဆိုရလျှင် ယနေ့အချိန်ထိပင် လော်ဖုန်းကို သူ၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။
အစောပိုင်းကတည်းက ရိုဂယ်စခန်းနှင့် ပေါင်းစည်းနိုင်ပြီး မိမိ၏ စံပြပုဂ္ဂိုလ်နှင့်အတူ ပခုံးချင်းယှဉ်ကာ တိုက်ပွဲဝင်နိုင်မည့်နေ့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးပေသည်။
မသင့်လျော်သည့် အခြေအနေသာ မဟုတ်ခဲ့လျှင် လော်ဖုန်း အမှန်တကယ် စိတ်ဖောက်ပြန်သွားခဲ့ခြင်း ဟုတ်မဟုတ်၊ သူ့ကို သွားရောက်တွေ့ဆုံနိုင်မလားဆိုသည်ကို ရှီချင်း မေးချင်မိလှသည်။
လော်မင်သည် လူအုပ်ကို သစ်သားအိမ်ထဲသို့ ဦးဆောင်ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ရှီချင်းလည်း အတွေးများကို ဆက်မတွေးတော့ဘဲ ရှီတုန်းနှင့်အတူ အမြန်လိုက်ဝင်သွားသည်။
သို့သော် သစ်သားအိမ်ထဲသို့ မဝင်မီ ရှီတုန်းသည် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ထိုသစ်သားအိမ်ငယ်လေးကို မခွာနိုင်သည့် မျက်ဝန်းများဖြင့် နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်လေသည်။
အပြင်ဘက်မှ ကြည့်လျှင် စတုရန်းပုံ သစ်သားသေတ္တာတစ်လုံးနှင့်သာ တူသော်လည်း သစ်သားအိမ်၏ အတွင်းပိုင်းမှာမူ လုံးဝ ကွဲပြားနေခဲ့သည်။
လူတိုင်း အထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းပင် နွေးထွေးသော အပူဓာတ်က ကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အတွင်းပိုင်းသည် နွေဦးရာသီရောက်နေသကဲ့သို့ ခံစားရစေကာ အပြင်ဘက်ရှိ ပြင်းထန်သော အအေးဒဏ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
အကျယ် ၅၀ မှ ၆၀ မီတာခန့်ရှိသော နေရာအလယ်တွင် အချင်း ၅ မီတာမှ ၆ မီတာခန့်ရှိသည့် ဧရာမကျောက်မီးဖိုတစ်လုံး တည်ရှိနေပြီး အတွင်း၌ ကျောက်မီးသွေးကျောက်များ တောက်လောင်နေကာ အပေါ်ဘက်တွင် မီးခိုးထွက်ခေါင်းတိုင်တစ်ခုလည်း တပ်ဆင်ထားလေသည်။
ဘေးနှစ်ဖက်တွင် သစ်သားကန့်လန့်များဖြင့် အခန်းများ ပိုင်းခြားထားပြီး အချို့အခန်းများတွင် လူများနေထိုင်နေကာ စကားပြောသံများလည်း ကြားနေရသည်။
မီးဖို၏ နောက်ဘက်တွင် ခန်းမဆောင်တစ်ခုရှိပြီး သားရဲသားရေများ ဖုံးအုပ်ထားသော သစ်သားထိုင်ခုံ ဒါဇင်ပေါင်းများစွာကို စီတန်းထားလေသည်။
ထိုမြင်ကွင်းတစ်ခုတည်းနှင့်ပင် ရိုဂယ်စခန်းသည် ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ အခြားစခန်းအားလုံးကို မည်မျှ သာလွန်နေသည်ကို ပြသနေပေသည်။
ထိုင်ခုံပြုလုပ်ရန် ခက်ခဲသောကြောင့် မဟုတ်ဘဲ ထိုအရာက ရိုဂယ်စခန်းတွင် သစ်သားနှင့် သားရဲသားရေများ မည်မျှ ပေါများကြောင်းကို ကိုယ်စားပြုနေခြင်းဖြစ်ပြီး အခြားစခန်းများအတွက်မူ ထိုအခြေအနေသည် လက်လှမ်းမမီသော အရာတစ်ခုပင် ဖြစ်သည်။
လူအုပ်မှာ ပထမဆုံးအကြိမ် ရောက်ဖူးကြခြင်း မဟုတ်သဖြင့် လော်မင်၏နောက်မှ ခန်းမဆောင်သို့ လိုက်သွားကာ မိမိတို့နေရာများတွင် အသီးသီး ဝင်ထိုင်လိုက်ကြသည်။
ယန်နင်နှင့် လီဟူတို့ကမူ ထိပ်ဆုံးရှိ ထိုင်ခုံများဆီသို့ တန်းသွားလိုက်ကြသည်။
စခန်းခေါင်းဆောင်ဖြစ်သော လော်မင်ကမူ အံ့ဩစရာကောင်းစွာ တတိယနေရာတွင်သာ ဝင်ထိုင်လိုက်လေသည်။
ယန်နင်နှင့် လီဟူတို့သည် အင်အားအကောင်းဆုံးဖြစ်ကြပြီး လှည့်ဖြားမိစ္ဆာများကို တိုက်ခိုက်သည့် စစ်ဆင်ရေးကိုလည်း ဦးဆောင်နေကြသဖြင့် လွန်ခဲ့သော တစ်ဝက်လခန့်အတွင်း ထိုထိုင်ခုံအစီအစဉ်ကို မည်သူမျှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။
လူတိုင်း ထိုင်ခုံယူပြီးသော်လည်း မည်သူမျှ စကားမစသေးသည်ကို မြင်လိုက်ရသဖြင့် လော်မင်သည် ယန်နင်နှင့် လီဟူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အရင်ဆုံး ထရပ်လိုက်သည်။
“ခေါင်းဆောင်ရှီက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးသားပါ... လက်ရှိ တာရှီစခန်းရဲ့ အခြေအနေကလည်း နောက်ထပ် ပြဿနာတစ်ခုကိုတောင် မခံနိုင်တော့ဘူး... သူတို့နှစ်ယောက် တစ်ခုခုဖြစ်သွားရင် စခန်းထဲက လူရာချီလည်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး...”
“ကျွန်တော်လည်း သူတို့ကို ဆက်မတားနိုင်တော့ပါဘူး..."
ထိုစကားကို ကြားပြီးနောက် ရှီချင်းသည် လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
လော်မင်က ခေါင်းညိတ်ပြပြီးနောက် ဟုန်ကန်းတို့ ၄ ယောက်ကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။
“ခေါင်းဆောင် ၄ ယောက်ကိုတော့ ကျွန်တော် အများကြီး မတိုက်တွန်းတော့ပါဘူး... အဲဒီ သစ်သားရုပ်သေးမိစ္ဆာကို ကျွန်တော်တို့နဲ့တင်တော့ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး... အကယ်၍ အရှင်နှစ်ယောက် ထွက်သွားမယ်ဆိုရင် ကျွန်တော်တို့ စခန်းအားလုံးလည်း ထိခိုက်သွားမှာပဲ... ဆုံးဖြတ်ချက်ကို သေချာစဉ်းစားကြပါ... ကျွန်တော်ကတော့ ဘယ်သူကိုမှ မတားဘူး...”
“ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောချင်တယ်... ခင်ဗျားတို့ ၄ ယောက်လည်း ထွက်ဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ အရှင်နှစ်ယောက်ကို ကျွန်တော် နှုတ်ဆက်ရုံပဲ တတ်နိုင်တော့မယ်... ရိုဂယ်စခန်းတစ်ခုတည်းနဲ့ အဲဒီ လှည့်ဖြားမိစ္ဆာကို ဖြေရှင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပါ..."
လော်မင်သည် ရှည်လျားစွာ ပြောဆိုပြီးနောက် ခဏရပ်ကာ ဆက်ပြောလိုက်သည်။
“အဆိုးဆုံးအခြေအနေ ရောက်လာရင်တော့ ကျွန်တော်လည်း စခန်းသားတွေကို ခေါ်ပြီး တခြားနေရာကို ပြောင်းရွှေ့ကာ ဘဝသစ်တစ်ခုကို ရှာဖွေရုံပဲ ရှိတော့တယ်..."
လော်မင်၏ စကားဆုံးသွားသည်နှင့် ဟုန်ကန်းနှင့် ကျန်ခေါင်းဆောင် ၄ ယောက်၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြလေသည်။