အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) - လော်ဖုန်း၏ အိပ်မက်ဆိုး
“သေကုန်ပြီ... အားလုံးသေကုန်ပြီ... အဖေ... လူ ၁၉ ယောက်... အားလုံး သေကုန်ပြီ..."
ရက်ဝုဒ်တောင်ကြော အစွန်အဖျားရှိ အေးစက်တိတ်ဆိတ်သော ဂူအတွင်းသို့ လော်ရှန့် ဝင်လာပြီး ဂူဝင်ပေါက်ကို လုံးဝ ပိတ်ဆို့လိုက်လေသည်။ ထို့နောက် မီးပုံအနီးသို့ လျှောက်လာကာ မြေပေါ်တွင် လဲကျနေသော ဖခင်ဖြစ်သူ လော်ဖုန်းကို ကြောက်ရွံ့တုန်လှုပ်နေသည့် အသံဖြင့် ပြောလိုက်သည်။
အပြင်လူများ၏ အမြင်တွင် လော်ဖုန်းသည် စိတ်ဓာတ်ခိုင်မာပြီး သတ္တိပြည့်ဝသူတစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏ ဘယ်ဘက်လက်တစ်ဖက် ပြတ်တောက်သွားခဲ့ပြီး ပြတ်တောက်နေသော ဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးကျနေသဖြင့် အသက်ရှူသံမှာပင် အလွန်အားနည်းနေခဲ့သည်။
လော်ရှန့်၏ စကားကို ကြားလိုက်ရသည့်အခါ လော်ဖုန်း၏ အားနည်းနေသော မျက်နှာပေါ်တွင် ထိတ်လန့်မှုတစ်စွန်းတစ်စ ပေါ်လာသော်လည်း နာကျင်မှုကို အတင်းအကျပ် သည်းခံကာ သွားကြိတ်ပြီး ပြောလိုက်လေသည်။
“မထိတ်လန့်နဲ့... ငါတို့ စခန်းနဲ့ သိပ်မဝေးတော့ဘူး... အဲဒီမိစ္ဆာက ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး... ခဏနေရင် ထွက်သွားလိမ့်မယ်...”
နှစ်ပေါင်းများစွာ အရာရာ အဆင်ပြေချောမွေ့ခဲ့သည့် လော်ဖုန်းလည်း ယနေ့ညကဲ့သို့ ကြီးမားသော ကပ်ဘေးမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်သောအခါမျှ မထင်ထားခဲ့ပေ။
သာမန် အမဲလိုက်ခရီးတစ်ခုသည် လှည့်ဖြားမိစ္ဆာတစ်ကောင်နှင့် တွေ့ဆုံလိုက်ရသောကြောင့် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
လှည့်ဖြားမိစ္ဆာသည် အမဲလိုက်အဖွဲ့ဝင်များကို တစ်ယောက်ပြီးတစ်ယောက် အစားထိုးကာ သူတို့၏ ရင်းနှီးကျွမ်းဝင်သော အသွင်အပြင်ကို ယူဆောင်ပြီး အနီးကပ် ချဉ်းကပ်တိုက်ခိုက်ကာ လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်သွားခဲ့လေသည်။
တစ်ည၏ တစ်ဝက်တောင် မကုန်သေးခင် အမဲလိုက်အဖွဲ့ဝင် ၂၀ ဦးအနက် အငယ်ဆုံးသား လော်ရှန့်မှအပ ကျန်သူအားလုံး သေဆုံးသွားခဲ့ရသည်။
သူကိုယ်တိုင်လည်း လှည့်ဖြားမိစ္ဆာ အသွင်ယူထားသော အမဲလိုက်အဖွဲ့ဝင်တစ်ယောက်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရသလို ကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာများစွာ ရရှိခဲ့သည်။
သူတစ်ယောက်တည်းသာ မဟုတ်ဘဲ အငယ်ဆုံးသား လော်ရှန့်၏ ညာဘက်လက်မောင်းကိုလည်း လှည့်ဖြားမိစ္ဆာက ဓားဖြင့် ခုတ်ဖြတ်ခဲ့သေးသည်။
လော်ဖုန်းလည်း သားငယ်၏ ဒဏ်ရာကို စစ်ဆေးရန် သူ၏ ညာဘက်လက်မောင်းကို အလိုလို လှမ်းကြည့်လိုက်လေသည်။
သို့သော် မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားပြီး မျက်နှာအမူအရာ တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။
ခုနကမှ ဓားဖြင့် ခုတ်ခံထားရသည့် သားငယ်၏ ညာဘက်လက်မောင်းမှာ ဒဏ်ရာတစ်စက်မျှ မရှိသည့်အပြင် ခြစ်ရာလေးတောင် မကျန်ခဲ့ပေ။
လော်ဖုန်းလည်း တစ်စုံတစ်ခုကို နားလည်သွားသလို မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး မျက်နှာတစ်ခုလုံး ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်သွားလေသည်။
ထိုအချိန်တွင် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော လော်ရှန့်လည်း လော်ဖုန်း၏ အကြည့်ကို သတိပြုမိသွားသည်မှာ ထင်ရှားပေသည်။
လော်ဖုန်း၏ မျက်နှာပေါ်ရှိ နာကျင်သော အမူအရာကို မြင်လိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းထောင့်များ ဖြည်းဖြည်းချင်း ကွေးတက်လာပြီး မျက်နှာအမူအရာမှာ အလွန်မှောင်မိုက်၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
“သတိထားမိသွားပြီပေါ့... ခင်ဗျားတို့ ၂၁ ယောက်က ငါ့ကို တကယ် ဒုက္ခပေးခဲ့တာပဲ... နည်းနည်းလေးဆို ခင်ဗျားတို့ ၂ ယောက် လွတ်သွားတော့မလို့...”
လော်ဖုန်းလည်း မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး မျက်နှာပေါ်ရှိ ဝမ်းနည်းမှုသည် တဖြည်းဖြည်း ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
သစ်သားစများ အချင်းချင်း ပွတ်တိုက်သံကဲ့သို့ အသံမှာ ခြောက်ကပ်စူးရှပြီး ထူးဆန်းလှကာ သူ၏ အငယ်ဆုံးသား လော်ရှန့်၏ အသံနှင့် လုံးဝ မတူတော့ပေ။
လော်ရှန့်သည် အိတ်ကပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး လော်ဖုန်း၏ ပြတ်တောက်နေသော လက်ဒဏ်ရာကို ဓားဦးဖြင့် တေ့ကာ ဖြည်းဖြည်းချင်း ထိုးသွင်းလိုက်လေသည်။
ဒဏ်ရာ ပိုမိုကျယ်လာသဖြင့် သွေးများ ပို၍ စီးထွက်လာသည်ကို ကြည့်ရင်း သူ၏ အပြုံးမှာလည်း ပို၍ ကောက်ကျစ် ရွံရှာဖွယ်ကောင်းလာခဲ့သည်။
ပြင်းထန်လှသော နာကျင်မှုသည် အာရုံကြောများမှတစ်ဆင့် ဦးနှောက်အထိ တိုက်ရိုက် ပျံ့နှံ့သွားသည်။ တစ်ချိန်က ရဲရင့်တည်ကြည်ခဲ့သော လော်ဖုန်းသည် ယခုအခါတွင်မူ နာကျင်စွာ အော်ဟစ်ငိုကြွေးရုံမှအပ နာကျင်မှု မည်မျှပင် ကြီးမားစေကာမူ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။
မိမိ၏ အသားများ တစ်စစီ လှီးဖြတ်ခံရပြီး ပခုံးရိုးနှင့် ရင်ဘတ်ရိုးများပင် ပေါ်လာသည်အထိ မြင်တွေ့နေရသည့်အခါ သူ၏ စိတ်အင်အားသည် တဖြည်းဖြည်း ပြိုကွဲသွားပြီး မျက်လုံးထဲတွင် ကျန်ရှိနေသည်မှာ အသက်ရှင်လိုသည့် ဆန္ဒတစ်ခုတည်းသာ ဖြစ်သည်။
“ချမ်းသာ...
ချမ်းသာပေးပါ...
ငါ့ကို... သတ်လိုက်ပါတော့...”
“ငါ...
မသေချင်ဘူး...
တောင်းပန်ပါတယ်...
ငါ့အသက်ကို ချမ်းသာပေးပါ...”
လော်ဖုန်း၏ စူးရှနာကျင်သော အော်ဟစ်သံများသည် လော်ရှန့်ကို ပို၍ပင် စိတ်လှုပ်ရှားစေသည့်ပုံ ပေါ်နေခဲ့သည်။
သူ၏ ဓားကိုင်လှုပ်ရှားမှုသည် ပို၍ ပို၍ မြန်ဆန်လာပြီး လော်ဖုန်း၏ တောင်းပန်သံများကို လုံးဝ ဂရုမစိုက်တော့ပေ။
ပြင်းထန်သော နာကျင်မှုနှင့် ကြောက်ရွံ့မှုအောက်တွင် လော်ဖုန်း၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်သည် နောက်ဆုံးတွင် လုံးဝ ပြိုကွဲသွားတော့သည်။
“ငါ...
ငါ...
မင်းကို...
လူတွေ ခေါ်လာပေးနိုင်တယ်...
မင်း သတ်ဖို့...”
ဓားလှုပ်ရှားမှု ရပ်တန့်သွားကာ လော်ရှန့်၏ မျက်နှာပေါ်မှ အမူအရာလည်း ရုတ်တရက် ဗလာဖြစ်သွားလေသည်။
ထိုအချိန်တွင် ဂူ၏ အမှောင်ထုထဲမှ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူအိုတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။
လူအို၏ ဘယ်ဘက်လက်ထဲတွင် အဖြူရောင်ချည်လုံးတစ်လုံးကို ကိုင်ထားပြီး လော်ဖုန်း၏ အနားသို့ ရောက်လာကာ လော်ရှန့် ၏ လက်ထဲမှ ဓားမြှောင်ကို ယူလိုက်လေသည်။
ထို့နောက် မည်သည့်နေရာမှန်းမသိသော နေရာမှ အရှည် မီတာဝက်ခန့်ရှိ သစ်သားတုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး ဓားဖြင့် စတင်ထွင်းထုရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ဝင်နေသည့် လူ့လက်တစ်ဖက်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသော သစ်သားလက်တစ်ဖက် ဖြစ်ပေါ်လာသည်။
သက်ကြီးရွယ်အိုက အဖြူရောင်ချည်လုံးကို အသုံးပြု၍ သစ်သားလက်ကို လော်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ချုပ်ကာ ဆက်လိုက်လေသည်။
ထို့နောက် လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ ထိုသစ်သားလက်သည် ချက်ချင်း အရောင်ပြောင်းလဲသွားပြီး လော်ဖုန်း၏ ခန္ဓာကိုယ်နှင့် လုံးဝတစ်သားတည်း ဖြစ်သွားခဲ့သည်။
ယခင်က ပြတ်တောက်ခဲ့ဖူးသည်ဟုပင် မထင်ရလောက်အောင် သဘာဝကျလွန်းလှသည်။
“ထလိုက်... မင်းရဲ့ ခန္ဓာကိုယ်က အခု ကောင်းသွားပြီ... ၁၀ ရက်အတွင်း မင်းအသက်ကို ချမ်းသာပေးထားတဲ့ အဖိုးအခအနေနဲ့ လူ ၁၀၀ ကို ဒီခေါ်လာရမယ်... မင်းရဲ့သားကို ပြန်ခေါ်သွား... သူ့ကနေတစ်ဆင့် မင်းကို ငါ စောင့်ကြည့်နေမယ်...တခြား ဘာအကြံမှ မထုတ်နဲ့...”
အသက်ကို ကယ်တင်ပေးခဲ့သော်လည်း ထိုသက်ကြီးရွယ်အို၏ သတ်မှတ်ချက်များကြောင့် လော်ဖုန်း၏ ရင်ထဲတွင် ဝမ်းသာမှု အရိပ်အယောင် တစ်စက်မျှ မရှိခဲ့ပေ။ သူသည် မြေပေါ်တွင် ကြောင်အမ်းစွာ ဒူးထောက်လျက် ခေါင်းသာ ငြိမ့်နိုင်ခဲ့သည်။
သက်ကြီးရွယ်အို ထွက်ခွာသွားပြီးနောက် လော်ဖုန်းလည်း ဂူထဲမှ ထွက်လာခဲ့လေသည်။
သူနှင့်အတူ ထွက်လာသူမှာ မျက်နှာအမူအရာ ကင်းမဲ့နေပြီး လူသားဟုတ်၊ မဟုတ်ပင် မသေချာတော့သည့် သားငယ် လော်ရှန့်ပင် ဖြစ်သည်။
လော်ဖုန်းသည် စိတ်ဓာတ် လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီး လော်ရှန့် ကို ခေါ်ဆောင်ကာ စခန်းဆီသို့ ပြန်လာခဲ့လေသည်။
သို့သော် သူသည် စခန်းထဲသို့ တန်းမဝင်ရဲဘဲ စခန်းအပြင်ဘက်တစ်ဝိုက်တွင်သာ ရည်ရွယ်ချက်မဲ့ လှည့်လည်နေခဲ့သည်။
နောက်ဆုံးတွင် သားအကြီး လော်မင်က လူတစ်စုကို ဦးဆောင်၍ သူတို့ကို လိုက်ရှာနေသည်ကို မြင်လိုက်ရသည်။
လော်ဖုန်းလည်း တုံ့ဆိုင်းခြင်း တစ်စက်မျှ မရှိဘဲ မိမိဘေးတွင် ရှိနေသော လော်ရှန့်ကို လက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားအောင် ထိုးချလိုက်ပြီး ချက်ချင်းပင် မိမိ၏ သစ်သားလက်ကိုလည်း အတင်း ဆွဲဖြုတ်ပစ်လိုက်သည်။
မှန်ပါသည်။ လော်ဖုန်းသည် သေခြင်းကို ကြောက်သောသူ ဖြစ်သည်။
သို့သော် မိမိအသက်ရှင်နိုင်ရန်အတွက် စခန်းထဲရှိ အပြစ်မဲ့ လူများ၏ အသက်ကို လဲလှယ်ပေးရမည်ဆိုလျှင် မည်သည့်အခြေအနေမျိုးတွင်မဆို သူ လက်မခံနိုင်ပေ။
ထို့အပြင် ထိုလမ်းကို တစ်ကြိမ်သာ ရွေးချယ်လိုက်သည်နှင့် အဆုံးမရှိသော ချောက်နက်ကြီးထဲ ကျဆင်းသွားခြင်းနှင့် မခြားပေ။
လှည့်ဖြားမိစ္ဆာက သူ့ကို ထပ်မံရှာတွေ့သည့်အခါတိုင်း လူများကို အဆက်မပြတ် ပေးအပ်နေရမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ရိုဂယ်စခန်းသာမက ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ လူသားအားလုံးပါ အသက်ရှင်ကျန်ရစ်မည် မဟုတ်တော့ပေ။
လှည့်ဖြားမိစ္ဆာနှင့် အပေးအယူ စလုပ်လိုက်သည့် အချိန်ကတည်းက လော်ဖုန်းလည်း ဆုံးဖြတ်ချက်ကို ချထားပြီးသား ဖြစ်သည်။
သို့သော် သားငယ်သည် လှည့်ဖြားမိစ္ဆာ၏ ထိန်းချုပ်မှုအောက် ရောက်နေပြီဖြစ်ကြောင်း သိနေသည့်တိုင် မိမိလက်ဖြင့် ကိုယ်တိုင် အစိတ်စိတ်အမြွှာမြွှာ ရိုက်ချိုးပစ်ရခြင်းကြောင့် ဖြစ်ပေါ်လာသော အဆုံးမဲ့ ဝမ်းနည်းမှုနှင့် လှည့်ဖြားမိစ္ဆာ၏ ညှဉ်းပန်းမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုတို့ ပေါင်းစပ်ကာ လော်ဖုန်း၏ စိတ်သည် လုံးဝ ပြိုလဲသွားခဲ့ရသည်။
သူသည် သားအကြီး လော်မင်ကို စကားအနည်းငယ် မှာကြားခဲ့ပြီးနောက် တစ်ပိုင်းရူးသွပ်နေသော အခြေအနေထဲသို့ ကျရောက်သွားခဲ့လေသည်။
သူသည် လှည့်ဖြားမိစ္ဆာက စခန်းအပြင်ဘက်တွင် မိမိကို စောင့်နေသည်ဟု အမြဲခံစားနေခဲ့ပြီး တစ်ခါတစ်ရံ ရိုဂယ်စခန်းထဲသို့ပင် ခိုးဝင်လာကာ မိမိ၏ အသားနှင့် သွေးကို အချိန်မရွေး လှီးဖြတ်သွားနိုင်သည်ဟု ထင်မြင်နေတတ်သည်။
ထို့အပြင် မိမိလက်ဖြင့် ကိုယ်တိုင် အစိတ်စိတ်အမြွှာမြွှာ ချိုးဖျက်ပစ်ခဲ့သော သားငယ်သည် မြေကြီးအောက်မှ တွားထွက်လာပြီး “ဘာကြောင့် သားကို သတ်ခဲ့တာလဲ...” ဟု ငိုယိုမေးမြန်းနေသည်ကိုလည်း မကြာခဏ မြင်ယောင်နေတတ်သည်။
ကြောက်ရွံ့မှုနှင့် အပြစ်ရှိစိတ်တို့၏ ဖိစီးမှုအောက်တွင် လော်ဖုန်း၏ စိတ်အခြေအနေသည် နှစ်ပေါင်းများစွာ အစဉ်တစိုက် တင်းမာနေခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ အပေါ့အလေးသွားခြင်းတို့ကိုပင် သစ်သားအိမ်ငယ်လေးထဲတွင်သာ ပြုလုပ်ခဲ့ပြီး အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်သလို မည်သူနှင့်မျှလည်း စကားမပြောတော့ပေ။
သစ်သားအိမ်ငယ်လေးအတွင်းတွင် ဆံပင်ဖြူစပြုနေသော လော်ဖုန်းသည် ကုတင်ပေါ်တွင် လှဲလျောင်းလျက် ညာဘက်လက်ကို ကုတင်အစွန်းမှ တွဲလောင်းချထားပြီး မျက်လုံးမှိတ်ကာ ငြိမ်းချမ်းစွာ အိပ်ပျော်နေသည်။
ရုတ်တရက် သွေးများစိုရွှဲနေသော လက်တစ်ဖက်သည် ကုတင်အောက်မှ ထွက်လာပြီး သူ၏ ညာဘက်လက်ကို ဆုပ်ကိုင်လိုက်လေသည်။
လော်ဖုန်းလည်း မျက်လုံးဖွင့်ကာ ကုတင်အစွန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် ကြောက်လန့်တုန်လှုပ်သွားသည်။
သွေးများဖြင့် စိုရွှဲနေသော ခေါင်းတစ်ခြမ်းသာ ကျန်တော့သည့် လော်ရှန့်သည် မြေကြီးအောက်မှ တစ်ဝက်ခန့် ထွက်လာကာ အမုန်းတရားနှင့် ရက်စက်မှုတို့ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
“အဖေ… အဖေ…
ဘာလို့ သားကို သတ်ခဲ့တာလဲ...
သားကို ကြည့်ပါဦး... သားမှာ ကောင်းတဲ့ အသားတစ်စတောင် မကျန်တော့ဘူး...
သားရဲ့ ခန္ဓာကိုယ်ကို ပြန်ဆက်ပေးပါ...
အဖေ...”
“အားးးးး..."
…………
လော်ဖုန်းသည် အော်ဟစ်လိုက်ပြီး ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်လေသည်။ ကုတင်အောက်ကိုပင် ငုံ့ကြည့်လိုက်သေးသည်။
ယခင်အတိုင်း အိပ်မက်တစ်ခုပင် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယခင်ကဲ့သို့ ထုံထိုင်းသော အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
“အိပ်မက်ပဲ... ဟီးဟီး...
အိပ်မက်ပဲ... ဟားဟား...”
စိတ်မတည်ငြိမ်သူတစ်ယောက်၏ အတွေးအခေါ်ကို သာမန်လူတစ်ယောက် နားလည်နိုင်ရန်မှာ အလွန်ခက်ခဲလှသည်။
လော်ဖုန်းသည် ကုတင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့ကာ စိတ်အခြေအနေ လုံးဝ ငြိမ်သက်သွားပြီးနောက် သူသည် တစ်ဖန် ရယ်မောစပြုလာသည်။
ထို့နောက် ရယ်မောရင်း နံရံတစ်ဖက်ကို လက်ညှိုးထိုးကာ တစ်ယောက်တည်း ရေရွတ်ပြောဆိုနေတော့သည်။
“မင်း ရှာမတွေ့ဘူး... ငါ့ခန္ဓာကိုယ်က သစ်သားတွေ အကုန် မရှိတော့ဘူး... ဟီးဟီး...”
“မင်း ငါ့ကို ရှာမတွေ့ဘူး... လုံးဝ ရှာမတွေ့ဘူး...”
“ဟားဟားဟား... ငါ မင်းကို လူတစ်ယောက်မှ မပေးဘူး... လာရှာကြည့်စမ်း...”
…………
သို့သော် ပျော်ရွှင်ဟန် အနည်းငယ် ရောနှောနေသော အသံတိုးတိုး ၂ သံသည် ရုတ်တရက် အခန်းအတွင်းမှ ထွက်ပေါ်လာပြီး လော်ဖုန်း၏ တစ်ယောက်တည်း ရေရွတ်ပြောဆိုမှုကို ဖြတ်တောက်လိုက်လေသည်။
“ရှာမတွေ့ဘူး... ဟုတ်လား..."
“ဒီနှစ်တွေအတွင်း မင်းအသက်ကို ချမ်းသာပေးထားတဲ့ အကြွေးလည်း ပြန်ဆပ်ရမယ့် အချိန် ရောက်ပြီလေ...”
ကုတင်ပေါ်တွင် ထိုင်နေသော လော်ဖုန်းလည်း ထိုအသံကို ကြားလိုက်သည်နှင့် မိုးကြိုးထိမှန်လိုက်သလို တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။