← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) - ကျွန်ုပ် နာမည်မှာ ရှဟုန်၊ မဟာရှစခန်းရဲ့ ခေါင်းဆောင်

ဒုတိယနေ့ ညရောက်သည်နှင့် ရှီချင်းလည်း လော်မင်ကို သွားတွေ့ကာ နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

စခန်း ၅ ခု၏ ခေါင်းဆောင်များသည် ယန်နင်နှင့် လီဟူတို့ကို နောက်ဆုံးတစ်ကြိမ် ပူးပေါင်းကူညီရန် သဘောတူညီချက် ရရှိခဲ့ကြပြီး ရက်ဝုဒ်တောင်ကြောသို့ ထပ်မံဝင်ရောက်ကာ သစ်သားရုပ်သေးမိစ္ဆာကို ဆွဲထုတ်၍ အပြီးတိုင် သုတ်သင်နိုင်ရန် မျှော်လင့်နေခဲ့ကြသည်။

လော်မင်သည် မြေတူးသမားအဆင့် ၃ ယောက်နှင့် သစ်ခုတ်သမားအဆင့် ၂၅ ယောက်ကို ဦးဆောင်လာခဲ့ပြီး ကျန်စခန်း ၄ ခုကလည်း ထုတ်နိုင်သမျှ လူအင်အားအားလုံးကို ခေါ်ဆောင်လာခဲ့လေသည်။

ယခင် ၄ ကြိမ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ်တွင် လူတိုင်း၏ စိတ်ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာနေသည်ကို သိသာစွာ မြင်တွေ့နိုင်ပေသည်။

သို့သော် ထိုအရာများအားလုံးသည် ရှီချင်းနှင့် မသက်ဆိုင်တော့ပေ။

တာရှီစခန်းသည် ဆုံးရှုံးမှု ကြီးမားလွန်းခဲ့ပြီး သူ ကူညီချင်သည့်တိုင် လူအင်အား ထပ်မံထုတ်ပေးနိုင်တော့မည် မဟုတ်ပေ။

လူတိုင်း လှည့်ဖြားမိစ္ဆာကို အောင်မြင်စွာ သုတ်သင်နိုင်ပါစေ... ဟုသာ ဆုတောင်းပေးပြီးနောက် ရှီချင်းသည် ညီဖြစ်သူ ရှီတုန်းကို ခေါ်ဆောင်ကာ ရက်ဝုဒ်တောင်ကြောကို ဖြတ်၍ တာရှီစခန်းသို့ ပြန်လာခဲ့တော့သည်။

လမ်းတွင်လည်း လော်မင် လက်ဆောင်ပေးလိုက်သော ရေခဲသလင်းသီး အိတ်တစ်အိတ်ကို သယ်ဆောင်လာခဲ့လေသည်။

စခန်းများအချင်းချင်း ဆက်ဆံရေး များများစားစား မရှိကြသဖြင့် စခန်းများကြားတွင် လမ်းမကြီးများလည်း မရှိပေ။ လူများသည် အများအားဖြင့် ရက်ဝုဒ်တောင်ကြော အစွန်အဖျားတစ်လျှောက်မှသာ သွားလာလေ့ရှိကြသည်။

ရက်ဝုဒ်တောင်ကြောသည် အလွန်ကျယ်ဝန်းသဖြင့် ထိုစခန်းများသည် တောင်ကြောပတ်လည်တွင် တည်ရှိသည်ဟု ဆိုခြင်းမှာ အတိအကျတော့ မမှန်ကန်ပေ။

တကယ်တမ်းတွင် စခန်းများအားလုံးသည် ရက်ဝုဒ်တောင်ကြော၏ အရှေ့ဘက်ခြမ်းတွင်သာ စုစည်းတည်ရှိနေကြသည်။

ရိုဂယ်စခန်းသည် အရှေ့တည့်တည့်တွင် ရှိပြီး တာရှီစခန်းနှင့် မဟာရှစခန်းတို့မှာ အရှေ့တောင်ဘက်တွင် တည်ရှိကာ မဟာရှစခန်းက အနည်းငယ် ပို၍ တောင်ဘက်ကျပေသည်။

ရက်ဝုဒ်တောင်ကြော အစွန်အဖျားတစ်ဝိုက်ရှိ စခန်းတစ်ခုစီ၏ နယ်မြေကိုလည်း စခန်းတည်နေရာအလိုက် အကြမ်းဖျင်း ပိုင်းခြားထားကြသည်။

ရိုဂယ်စခန်းသည် အင်အားအကြီးဆုံး ဖြစ်သောကြောင့် သဘာဝအတိုင်း နယ်မြေအကျယ်ဆုံးကို ပိုင်ဆိုင်ထားပြီး မြောက်မှတောင်သို့ မီတာ ၂၀၀၀ ကျော် ရှည်လျားပေသည်။

ကျန်စခန်း ၈ ခုမှာတော့ တစ်ခုလျှင် မီတာ ၅၀၀ ခန့်သာ ရရှိထားကြလေသည်။

ရိုဂယ်စခန်း၏ တောင်ဘက်တွင် ဟွမ်ကျောက်စခန်း၊ တာချွမ်စခန်း၊ တာရှီစခန်းနှင့် မဟာရှစခန်းတို့ အစဉ်လိုက် တည်ရှိနေကြသည်။

ထို့ကြောင့် ရိုဂယ်စခန်းမှ ရက်ဝုဒ်တောင်ကြောထဲသို့ ဝင်ပြီး တောင်ဘက်သို့ ဆက်သွားလျှင် ၃ ကီလိုမီတာခန့်သာ သွားရုံဖြင့် တာရှီစခန်း၏ နယ်မြေအတွင်းသို့ ရောက်ရှိနိုင်ပေမည်။

စခန်းထဲရှိ လူ ၃၀၀ ကျော်၏ လုံခြုံရေးကို စိတ်ပူနေသဖြင့် ရှီချင်းသည် ရှီတုန်းနှင့်အတူ အလျင်အမြန် သွားလာခဲ့ပြီး ၃ ကီလိုမီတာ ခရီးကို မကြာမီ ဖြတ်ကျော်ကာ မိမိတို့၏ နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့သည်။

“ဟူး... နောက်ဆုံးတော့ ရောက်လာပြီ... မြန်မြန် ပြန်ကြရအောင်..."

ရက်ဝုဒ်တောင်ကြောအတွင်း၌ပင် ရှိနေသေးသော်လည်း မိမိတို့၏ နယ်မြေအတွင်းသို့ ခြေချလိုက်ရသည်နှင့် ရှီချင်း၏ စိတ်ထဲတွင် အတော်အတန် သက်သာရာ ရသွားသည်။

သို့သော် စခန်းသို့ ပြန်ရောက်သည့်အခါ ညီအစ်ကို ၃ ယောက် ဆုံးရှုံးခဲ့ကြောင်း ပြောပြရမည်ကို တွေးမိလိုက်သည်နှင့် သူ၏ စိတ်မှာ တစ်ဖန် လေးလံသွားခဲ့ရပြန်သည်။

မဟာရှစခန်း၏ နယ်မြေအတွင်း၌ ညီအစ်ကို ၈ ယောက် ဆုံးရှုံးခဲ့ရသည်မှာ တစ်လခွဲကျော်သာ ရှိသေးပြီး ယခုတစ်ခါ ၃ ယောက် ထပ်မံ ဆုံးရှုံးရပြန်သည်။

လွန်ခဲ့သော ၃ လကျော်က တာရှီစခန်းတွင် သစ်ခုတ်သမားအဆင့် ၁၆ ယောက် အပြည့်အဝ ရှိခဲ့သေးပြီး ထိုအချိန်က သူကိုယ်တိုင်ပင် ရေခဲသားရဲကို အမဲလိုက်ရန် အဆိုပြုခဲ့ဖူးပေသည်။

လအနည်းငယ်အတွင်း အခြေအနေသည် ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားသွားခဲ့ရသည်။

လမ်းလျှောက်လာရင်း ရှီချင်းသည် ရုတ်တရက် ရှီတုန်း၏ ကျောပေါ်မှ အိတ်ကို လှည့်ကြည့်လိုက်သည်။

“ခဏနေဦး..."

ရှီတုန်း ရပ်တန့်လိုက်ပြီး နားမလည်သလိုဖြင့် သူ့ကို ကြည့်လိုက်သည်။

ရှီချင်းသည် အိတ်ကို ယူလိုက်ပြီး အလေးချိန်ကို ချိန်ဆကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

“အဲဒီကတည်းက တစ်လခွဲကျော်နေပြီဆိုတော့ စခန်းမှာ ကျန်တဲ့ ရေခဲသလင်းသီးတွေ ကုန်လောက်ပြီ... ဒီအိတ်ထဲမှာလည်း ပေါင် ၁၀၀၀ ကျော်လောက်ပဲ ရှိတယ်... ပြန်သယ်သွားရင် လုံလောက်မှာ မဟုတ်ဘူး... ရေခဲပင်ကြီးတွေဆီ သွားကြည့်ပြီး နည်းနည်းထပ်ခူးနိုင်မလား ကြည့်ရအောင်..."

ရှီတုန်းလည်း ခေါင်းညိတ်လိုက်ပြီး နေရာတွင်ပင် ရပ်နေခဲ့ကာ ရှီချင်းက ရေခဲပင်ကြီးများ ရှိရာသို့ စတင်လျှောက်သွားမှသာ သူလည်း နောက်မှ လိုက်သွားလေသည်။

ရှီချင်းသည် စခန်းခေါင်းဆောင် ဖြစ်သဖြင့် မိမိတို့ နယ်မြေအတွင်းရှိ ရေခဲပင်ကြီး ၆ ပင်၏ တည်နေရာကို အလွန်ရင်းနှီးနေပြီး မကြာမီ အနီးဆုံးတစ်ပင်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ရေခဲပင်ကြီးနှင့် မီတာ ၃၀ ခန့် အကွာသို့ ရောက်သည့်အခါ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ရှီတုန်းကို အနီးရှိ သစ်ပင်တစ်ပင်၏ နောက်သို့ ဆွဲခေါ်လိုက်လေသည်။

“ငါတို့နယ်မြေထဲ တစ်ယောက်ယောက် ဝင်လာတယ်..."

ဘေးတွင် ရပ်နေသော ရှီတုန်းလည်း ထိုအခြေအနေကို သတိထားမိနေပြီဖြစ်ပြီး ညီအစ်ကိုနှစ်ယောက်လုံး တစ်ပြိုင်နက် ရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။

ရေခဲပင်ကြီးပေါ်တွင် အိတ်လွယ်ထားသော လူငယ် ၂ ယောက်သည် ရေခဲသလင်းသီးများကို အလုပ်ရှုပ်စွာ ခူးဆွတ်နေကြပြီး အောက်ဘက်တွင် လူ ၃ ယောက်က ကင်းစောင့်နေသည်ကို တွေ့လိုက်ရလေသည်။

စုစုပေါင်း လူ ၅ ယောက် ဖြစ်သည်။

သူတို့၏ ရုပ်သွင်ကို သေချာစူးစမ်းကြည့်ပြီးနောက် ရှီချင်း၏ မျက်နှာပေါ်တွင် အစပိုင်း၌ အံ့ဩမှု ပေါ်လာပြီး မကြာမီပင် သံသယအဖြစ် ပြောင်းလဲသွားတော့သည်။

“ဒီလောက်ငယ်သေးတာ... ဘယ်စခန်းကလဲ..."

ညဘက်တွင် အပြင်ထွက်နိုင်သည်ဆိုကတည်းက အနည်းဆုံး သစ်ခုတ်သမားအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုပေသည်။

ပြဿနာမှာ ထိုလူငယ် ၅ ယောက်စလုံးသည် အများဆုံး အသက် ၂၀ ဝန်းကျင်သာ ရှိပုံရသည်။

ရိုဂယ်စခန်းတွင်ပင် ထိုမျှငယ်ရွယ်သော သစ်ခုတ်သမားအဆင့် ၅ ယောက်ကို တစ်ပြိုင်နက် ရှိနိုင်မည် မဟုတ်ပေ။

‘တခြား အလတ်စားစခန်းကြီးများ သို့မဟုတ် ဧရာမစခန်းများက လာကြတာများလား....’

‘မဟုတ်သေးဘူး....’

ရှီချင်းလည်း ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်တော့သည်။

အကြောင်းရင်းမှာ ထို ၅ ယောက်စလုံးသည် သာမန်သားရဲသားရေစကတ်များကိုသာ ဝတ်ဆင်ထားကြသောကြောင့် ဖြစ်လေသည်။

“အဲဒီ ၅ ယောက်က မဟာရှစခန်းကပဲ..."

ထိုအချိန်တွင် ဘေးမှ ရှီတုန်းက ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှီချင်းလည်း တုန်လှုပ်သွားပြီး သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်စ ချက်ချင်း တိုးဝင်လာကာ ထိုလူငယ်များကို ကြည့်နေသော အကြည့်မှာလည်း ပြောင်းလဲသွားခဲ့သည်။

“မင်းဆိုလိုတာက... အဲဒီ ၅ ယောက်က...”

ရှီတုန်းက စကားမပြောဘဲ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ရှီချင်းလည်း တံတွေးကို မျိုချလိုက်ပြီး နှလုံးခုန်နှုန်းပင် ခေတ္တ ရပ်တန့်သွားသလို ခံစားလိုက်ရလေသည်။ သူသည် အသံမထွက်စေရန် အလွန်သတိထား၍ လှုပ်ရှားလိုက်ပြီး ဟိုဘက်မှ ၅ ယောက်ကို သတိမပေးမိစေရန် ကြိုးစားနေလေသည်။

ရှဟုန်၏ ဖခင် ရှတင်းတို့အဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားခဲ့ကြောင်းကို သူ မေ့မထားနိုင်သေးပေ။

မည်သည့်စခန်းမဆို သစ်ခုတ်သမားအဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားသည်နှင့် ကျန်လူများအတွက် မျှော်လင့်ချက်လည်း မရှိတော့ပေ။

ထို့ကြောင့် ရိုဂယ်စခန်းသို့ မသွားခင်ကတည်းက ရှီချင်းသည် မဟာရှစခန်းမှ လူများသည် ငတ်သေသွားကြပြီ သို့မဟုတ် လှည့်ဖြားမိစ္ဆာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဟု အခိုင်အမာ ယုံကြည်ထားခဲ့လေသည်။

ယခုမြင်နေရသော မြင်ကွင်းက သူ့ကို အဖြေတစ်ခုပေးခဲ့လိုက်သည်။

လှည့်ဖြားမိစ္ဆာ...

ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ်....

မဟုတ်ရင် ဒီလောက်ငယ်တဲ့ သစ်ခုတ်သမားအဆင့် ၅ ယောက် တစ်ပြိုင်နက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ...

“အသံမထွက်နဲ့... သူတို့ကို သတိမပေးမိစေနဲ့... သွားကြစို့..."

ရှီချင်း၏ အချက်ပြသံကို ကြားလိုက်ရသည့်အခါ ရှီတုန်းလည်း ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင်လည်း လေးနက်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ညီအစ်ကို ၂ ယောက်လည်း တိတ်တဆိတ် နောက်ဆုတ်လိုက်ကြပြီး မီတာ ၂၀ မှ ၃၀ ခန့် အကွာသို့ လျင်မြန်စွာ ရောက်သွားကြလေသည်။

ထိုအချိန်မှသာ ရှီချင်း သက်ပြင်းချလိုက်ပြီး တာဝါတောင်ဘက်သို့ လှည့်ထွက်ရန် ပြင်လိုက်သည့်အချိန်တွင်...

“ခေါင်းဆောင်ရှီ၊ ခင်ဗျားတို့ ညီအစ်ကို ၂ ယောက် ဘယ်ကို သွားမလို့လဲ..."

သို့သော် ရှေ့ဘက်မှ လှောင်ပြောင်သံ အနည်းငယ် ရောနှောနေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ရှီချင်းနှင့် ရှီတုန်းတို့ ၂ ယောက်စလုံး ချက်ချင်း တောင့်တင်းသွားကြလေသည်။

ခေါင်းမော့ကြည့်လိုက်ရာ သူတို့ရှေ့ မီတာ ၅ ခန့် အကွာရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ကျောက်ပုဆိန်ကို ကိုင်ထားသော ခန္ဓာကိုယ်တောင့်တင်းသည့် လူငယ်တစ်ယောက်က ရပ်နေပြီး သူတို့ကို ငုံ့ကြည့်နေခဲ့သည်။

ထိုလူငယ်၏ အသံမှာ မတိုးလှပေ။

ရေခဲသလင်းသီး ခူးနေသော ၅ ယောက်သည်လည်း ကြားသွားပြီး အလုပ်ရပ်ကာ ချက်ချင်း ပြေးလာကြသည်။

ထိုမျှသာ မဟုတ်သေးပေ။

ဘယ်ဘက်နှင့် ညာဘက်မှလည်း လူ ၂ ယောက်စီ ထပ်မံ ချဉ်းကပ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်း လူ ၁၀ ယောက်၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည့်အခါ ရှီချင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုသာ ကျန်တော့လေသည်။

လှည့်ဖြားမိစ္ဆာ ၁၀ ကောင်ကို ရင်ဆိုင်ရမည်ဆိုလျှင် သူနှင့် ရှီတုန်းတို့ ၂ ယောက်မှာ လုံးဝ ရှင်သန်နိုင်မည့် အခွင့်အရေး မရှိပေ။

“ခေါင်းဆောင်ရှ... ရေခဲသလင်းသီး လာခူးတာက တစ်ပိုင်း… ငါတို့ကိုပါ သတ်ဖို့ စဉ်းစားထားတာလား..."

ထိုအချိန်တွင် ရှီတုန်းက ရုတ်တရက် ပြောလိုက်လေသည်။

ရှီချင်းလည်း အံ့အားသင့်သွားပြီး သစ်ပင်ပေါ်ရှိ ခန္ဓာကိုယ်တောင့်တင်းသော လူငယ်ကို မော့ကြည့်လိုက်ရာ ရင်းနှီးနေသော အရိပ်အယောင်တစ်ခုကို တွေ့လိုက်ရသဖြင့် မသေချာသေးသော လေသံဖြင့် မေးလိုက်သည်။

“မင်းက... ရှတင်းရဲ့ သားလား..."

ရှဟုန်လည်း ပျင်းရိသလို ကိုယ်ဆန့်လိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့လေသည်။

အံ့ဩစရာကောင်းသည်မှာ နှင်းထုသည် အနည်းငယ်မျှပင် မနစ်သွားခဲ့ပေ။

သူသည် ရှီချင်းထံသို့ အေးအေးဆေးဆေး လျှောက်လာလိုက်သည်။

“ဟုတ်တယ်... ကျွန်ုပ် နမည် ရှဟုန်... လက်ရှိ မဟာရှစခန်းရဲ့ ခေါင်းဆောင်ပဲ..."

လှည့်ဖြားမိစ္ဆာ မဟုတ်ဘူးလား.....

ရှီချင်းသည် ချက်ချင်း နားလည်သွားပြီး သေဘေးမှ လွတ်မြောက်သွားသည့် ဝမ်းသာမှုကြောင့် မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်သွားခဲ့သည်။

သို့သော် ထိုအပြုံးသည် ခဏသာ ခံလိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်အံ့ဩမှုအဖြစ် ပြောင်းလဲသွားပြန်သည်။

“မင်းတို့အားလုံး... သစ်ခုတ်သမားအဆင့် ရောက်နေကြပြီလား..."

ရှဟုန်က မဖြေသေးဘဲ ယွမ်ချန်၊ ရှချွမ်နှင့် ယွီဖုန်း၊ လင်ခိုင်တို့ အပါအဝင် ကျန် ၇ ယောက်ကမူ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

ဒီလောက်ငယ်တဲ့ လူတစ်စုအတွက် ရှီချင်း၏ အံ့အားသင့်နေသော လေသံကို ကြားလိုက်ရသည်မှာ အနည်းငယ် ကြွားချင်စိတ် ဖြစ်လာစေသည်။

အထူးသဖြင့် ရှချွမ်နှင့် ယွမ်ချန်တို့မှာ ယခင်က တာရှီစခန်းသည် မဟာရှစခန်း၏ နယ်မြေကို ၂ ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့သည့်ကိစ္စကို စိတ်ထဲတွင် မှတ်ထားဆဲ ဖြစ်သည်။

ရှဟုန်ကတော့ ထိုကိစ္စလေးကြောင့် မောက်မာနေမည့်သူ မဟုတ်ပေ။

သူ၏ အာရုံမှာ ရှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲမှုအပေါ်သာ ရောက်နေလေသည်။

အစပိုင်း၌ သူ့ကို မြင်လိုက်ချိန်က စိတ်ပျက်အားငယ်နေရာမှ ရှီတုန်းက သူ၏ အမည်ကို ဖော်ထုတ်လိုက်သည့်နောက် ဝမ်းသာအားရ ဖြစ်သွားသည့် အပြောင်းအလဲက သူ့ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။

ထိုသိလိုစိတ်ကြောင့်ပင် တာရှီစခန်းနှင့် ယခင်က အကြွေးဟောင်းများကို ရှင်းရန် လမ်းပိတ်စောင့်ခဲ့သည့် မူလရည်ရွယ်ချက်ကိုပင် မေ့သွားခဲ့လေသည်။

“ခေါင်းဆောင်ရှ.... ကျုပ် စခန်းမပြန်တာ အတော်ကြာနေပြီ... အရင်ပြန်ရဦးမယ်... အချိန်ရရင် ရက်ဝုဒ်တောင်ကြောမှာ ထပ်တွေ့ကြတာပေါ့... ဘယ်လိုလဲ..."

သို့သော် ရှီချင်းမှာ သူ့ကို ရှင်းပြပေးရန် စိတ်ကူး လုံးဝ မရှိပေ။

All Chapters