← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) - တစ်ခုခု မှား…နေတယ်

ရှီချင်း၏ ယဉ်ကျေးစွာ နှုတ်ဆက်ထွက်ခွာခွင့် တောင်းဆိုသံကို ကြားလိုက်ရသောအခါ ရှဟုန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး စိတ်ထဲတွင် ပို၍ပင် သိချင်စိတ် ဖြစ်လာလေသည်။

အကြောင်းရင်းမှာ ယခုအချိန်တွင် သူတို့သည် တာရှီစခန်း၏ နယ်မြေအတွင်း၌ ရေခဲသလင်းသီးများကို ခူးဆွတ်နေကြခြင်း ဖြစ်သည်။

ရက်ဝုဒ်တောင်ကြောတွင် အခြားစခန်း၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ခြင်းသည် သေးငယ်သော ကိစ္စ မဟုတ်ပေ။

အနည်းဆုံး ရှီတုန်းကတော့ ထိုကိစ္စကို သွယ်ဝိုက်၍ ဖော်ပြခဲ့သေးပေသည်။

သို့သော် ရှီချင်းသည် တာရှီစခန်း၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ရေခဲသလင်းသီးများ ခူးဆွတ်နေသည့် ကိစ္စနှင့်ပတ်သက်၍ အစမှအဆုံး တစ်ခွန်းမျှ မပြောခဲ့ဘဲ မျက်ကွယ်ပြုထားသကဲ့သို့ပင် ဖြစ်နေသည်။

ရှဟုန်သည် ခဏမျှ စဉ်းစားလိုက်ပြီး ရှီချင်းကို ချက်ချင်း ထွက်ခွာခွင့် မပြုသေးဘဲ ရှီတုန်း ကျောပေါ်ရှိ ရေခဲသလင်းသီးများ အပြည့်ထည့်ထားသည်မှာ သိသာနေသော အိတ်ကို ကြည့်လိုက်လေသည်။

“ခေါင်းဆောင်ရှီ... ဒီည ဘာလို့ ခင်ဗျားတို့ ၂ ယောက်တည်း ထွက်လာတာလဲ..."

ရှီချင်း၏ မျက်နှာမှာ ခေတ္တမျှ တောင့်ခဲသွားသော်လည်း မကြာမီပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

“ရေခဲသလင်းသီး နည်းနည်းလာခူးတာပါ... လူအများကြီး မလိုပါဘူး...”

“ဘာလဲ... ခေါင်းဆောင်ရှ၊ ကျုပ်တို့ စခန်းရဲ့ သစ်ခုတ်သမားအဖွဲ့ဝင်တွေကို သိလို့လား..."

ရှဟုန်သည် စကားပြောနေစဉ် တစ်လျှောက်လုံး ရှီချင်းကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့လေသည်။

တစ်ဖက်လူသည် မျက်နှာအမူအရာကို ဖုံးကွယ်ရာတွင် အလွန်တော်သော်လည်း ထိုခဏလေးအတွင်း ဖြစ်ပေါ်သွားသော တောင့်ခဲမှုကိုတော့ သူ သတိပြုမိလိုက်သည်။

သို့သော် ရှဟုန်သည် အပြုံးဖျော့ဖျော့ဖြင့်သာ ခေါင်းညိတ်လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။

“ဒါဆိုရင် ခေါင်းဆောင်ရှီ... ခင်ဗျားတို့ အရင်ပြန်လိုက်ပါ... နောက်နေ့ကျရင် ထပ်တွေ့ကြတာပေါ့..."

“ကောင်းပြီ... ခေါင်းဆောင်ရှ... ကျုပ် အရင်သွားလိုက်ပါဦး... နောက်မှ ပြန်ဆုံကြတာပေါ့..."

ရှီချင်းမှာ အမှန်တကယ် အလျင်လိုနေသည်မှာ သိသာပေသည်။ ရှဟုန်က ထွက်ခွာခွင့် ပေးလိုက်သည်နှင့် ရှီတုန်းကို ခေါ်ကာ ပြေးလုနီးပါး အရှိန်ဖြင့် ချက်ချင်း ထွက်သွားတော့သည်။

ရှဟုန်လည်း ထိုညီအစ်ကို ၂ ယောက်၏ ကျောပြင်ကို ငေးကြည့်ရင်း မျက်နှာပေါ်တွင် အတွေးနက်နေသော အမူအရာ ပေါ်လာခဲ့သည်။

“ခေါင်းဆောင်... သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား... သင်ခန်းစာလေးတောင် မပေးတော့ဘူးလား..."

ယွမ်ချန်သည် တာရှီစခန်းကို အမြဲ အငြိုးထားခဲ့သူ ဖြစ်သည်။

ရှဟုန်က ထို ၂ ယောက်ကို တားလိုက်ချိန်၌ ဒီညတော့ သင်ခန်းစာတစ်ခုပေးနိုင်မည်ဟု သူ ထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် လွှတ်ပေးလိုက်ရလေသည်။

ရှဟုန်က ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။

“မလိုတော့ဘူး... ဒီတစ်ခါ ငါတို့ တာရှီစခန်းဘက်က ရေခဲသလင်းသီးတွေ အများကြီး ခူးခဲ့တာက အရင်ကိစ္စအတွက် ပြန်တုံ့ပြန်လိုက်တာပဲ...”

“ပြီးတော့... တာရှီစခန်းမှာ... တစ်ခုခု ဖြစ်နေတဲ့ပုံပဲ..."

ယွမ်ချန်လည်း နားမလည်သလို ကြည့်လိုက်ပြီး မျက်နှာတွင် မေးခွန်းများဖြင့် အပြည့် ပြည့်နေလေသည်။

ဘေးတွင် ရပ်နေသော ယွီဖုန်းက ရှေ့တိုးလာပြီး ခေါင်းညိတ်လိုက်သည်။

“သေချာတယ်... တစ်ခုခုတော့ မှားနေတယ်... တာရှီစခန်းမှာ သစ်ခုတ်သမားအဆင့် ၁၀ ယောက်ကျော် ရှိတယ်... ရေခဲသလင်းသီး ခူးတာလောက်အတွက်နဲ့ စခန်းခေါင်းဆောင် ကိုယ်တိုင် ထွက်လာစရာ မလိုဘူး....”

“အထူးသဖြင့် ငါတို့က ဒီနေရာက ရေခဲသလင်းသီးတွေကို အကုန်နီးပါး ရှင်းပြီးသား... သူတို့ ကျောပေါ်က ရေခဲသလင်းသီးတွေက သူတို့နယ်မြေက ခူးထားတာ မဟုတ်ဘူး..."

ရှဟုန်သည် ယွီဖုန်းကို ကျေနပ်စွာ ပြုံးပြလိုက်သည်။

စခန်းထဲရှိ သစ်ခုတ်သမားအဆင့်များအနက် အသက်အကြီးဆုံးဖြစ်သော ယွီဖုန်းသည် အခြားသူများထက် အခြေအနေကို ပို၍ ဂရုတစိုက် သုံးသပ်တတ်ပေသည်။

ရှီချင်းသည် မုသားပြောခဲ့သည်မှာ သေချာသော်လည်း တာရှီစခန်းတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကိုတော့ ရှဟုန် မသိနိုင်သေးပေ။

အစောပိုင်းက သူ မေးချင်ခဲ့သော်လည်း နှုတ်ခမ်းဖျားရောက်လာသော စကားကို ပြန်၍သာ မြိုချလိုက်ရသည်။

စခန်းများသည် တစ်ဖက်စခန်း၏ အခြေအနေကို စူးစမ်းမေးမြန်းခြင်းကို အလွန် သတိထားကြလေသည်။

ဥပမာ ယခင်က ရှတင်းနှင့် သစ်ခုတ်သမားအဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားချိန်တွင်ပင် ရှဟုန်သည် အခြားစခန်းမှ လူများနှင့် တွေ့မိမည်ကို စိုးရိမ်ခဲ့ဖူးကာ နောက်ပိုင်း ဝမ်ရွေ့တို့အဖွဲ့နှင့် ဆုံခဲ့စဉ်တွင်လည်း ရှတင်းတို့ အသက်ရှင်နေဆဲဖြစ်သလို ဟန်ဆောင်ခဲ့ရသည်။

ယခုလည်း သူသာ အတင်းမေးမြန်းလိုက်ပါက ရှီချင်းက အဖြေမပေးနိုင်သည့်အပြင် သူ့ကို ပို၍ပင် သတိထားလာပေလိမ့်မည်။

“ကဲ... သူတို့ကို အရေးမစိုက်တော့နဲ့.... ဒီည ဒီလောက် ခူးထားတာနဲ့ လုံလောက်ပြီ... ပြန်ကြမယ်... ရှုအန်၊ လျိုယွမ်၊ လီယွမ်ခွန်း မင်းတို့ ၃ ယောက် ဒီည သစ်ပင် ၁ ပင်စီ ခုတ်ကြ... ကျန်တဲ့သူတွေကတော့ ၂ ပင်စီ ခုတ်ရမယ်..."

ရှဟုန်လည်း နောက်ထပ် စဉ်းစားနေစရာ မရှိတော့သဖြင့် လူအုပ်ဘက်သို့ လှည့်လိုက်ပြီး အပြုံးဖြင့် ဒီည ကျန်ရှိသည့် အလုပ်တာဝန်များကို ပြောကြားလိုက်လေသည်။

ရွှေမျက်လုံးနတ်ဆိုးသိုးကို အမဲလိုက်နိုင်ခဲ့သည့်အချိန်မှ စ၍ နောက်ပိုင်း အမဲလိုက်မှုများလည်း အောင်မြင်လာသဖြင့် စခန်းတွင် ရေခဲသားရဲအသားမှာ အလျှံပယ် ဖြစ်လာခဲ့သည်။

ရှဟုန်ကို လှည့်ဖြားမိစ္ဆာ ဝင်တိုက်ခဲ့သည့် အန္တရာယ်ကြီးပြီးနောက် စခန်းရှိ လူငယ်များ၏ လေ့ကျင့်လိုစိတ်မှာ သိသိသာသာ မြင့်တက်လာလေသည်။

ရေခဲသားရဲအသားကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်သဖြင့် စခန်းတွင် သစ်ခုတ်သမားအဆင့် လူငယ် ၃ ယောက် ထပ်မံ ပေါ်ထွက်လာခဲ့ပေသည်။

မျှော်လင့်ထားသည့်အတိုင်း ထို ၃ ယောက်သည်လည်း ယခင် ၈ ယောက်ကဲ့သို့ပင် မူလသစ်ခုတ်သမားအဖွဲ့ဝင်များ၏ သားသမီးများ ဖြစ်ကြသည်။

ထူးခြားစွာ ပြောရလျှင် ရှုအန်သည် ရှုနင်၏ ညီအရင်း ဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က ရွှေမျက်လုံးနတ်ဆိုးသိုးနှင့် တိုက်ပွဲတွင် ရှုနင်သည် ညာဘက်မျက်လုံးကို ဆုံးရှုံးခဲ့ရလေသည်။

ထိုဒဏ်ရာသည် သူ၏ လေ့ကျင့်မှုကို မထိခိုက်ခဲ့သလို အနာလည်း သက်သာလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း လုံခြုံရေးအတွက် ရှဟုန်လည်း သူ့ကို အပြင်ထွက်ခွင့် နည်းနိုင်သမျှ နည်းစေပြီး စခန်းထဲတွင်သာ နေစေခဲ့သည်။

အစ်ကိုဖြစ်သူ ဒဏ်ရာရခဲ့သည့် ကိစ္စက လှုံ့ဆော်လိုက်သကဲ့သို့ ရှုအန်သည် ထိုနောက်ပိုင်း အလွန်အမင်း ကြိုးစားလေ့ကျင့်ခဲ့ပြီး ထို ၃ ယောက်အနက် သစ်ခုတ်သမားအဆင့်သို့ အရင်ဆုံး ချိုးဖောက်နိုင်ခဲ့သူလည်း ဖြစ်သည်။

တစ်လအတွင်း သစ်ခုတ်သမားအဆင့် ၃ ယောက် တိုးလာခဲ့ခြင်းသည် မကြာသေးမီက အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော စခန်းအတွက် စိတ်ဓာတ်တက်ကြွစေသည့် သတင်းကောင်းတစ်ခု ဖြစ်ပေသည်။

ရှုနင်သည် မကြာခဏပင် ဟာသလုပ်၍ “မျက်လုံးတစ်လုံးနဲ့ သစ်ခုတ်သမားအဆင့် ၃ ယောက်ကို လဲလို့ရမှန်း သိရင် ဘယ်ဘက်မျက်လုံးကိုပါ ရေခဲသားရဲကို ပေးလိုက်မှာ...” ဟု ပြောတတ်သည်။

ဟာသစကားသာ ဖြစ်သော်လည်း တစ်ခုဆုံးရှုံးပြီးမှသာ တစ်ခုရရှိခြင်းဆိုသည်မှာတော့ အမှန်ပင် ဖြစ်သည်။

ယခုအခါ မဟာရှစခန်းတွင် သစ်ခုတ်သမားအဆင့် ၁၀ ယောက် ရှိနေပြီဖြစ်ပြီး မြေတူးသမားအဆင့် ဖြစ်သော ရှဟုန်ကိုပါ ထည့်တွက်လျှင် စခန်း၏ အင်အားသည် ရှတင်း ဦးဆောင်ခဲ့သည့် အချိန်ထက်ပင် ကျော်လွန်သွားခဲ့လေသည်။

သံမီးဖိုကြောင့် နွေးထွေးမှုနှင့် လှည့်ဖြားမိစ္ဆာအန္တရာယ်မှ ကာကွယ်မှု ရရှိထားသလို မီးရှူးငယ်များနှင့် လူတိုင်း၏ တိုးတက်လာသော စွမ်းအားတို့ကြောင့် စခန်း၏ အမဲလိုက်နိုင်စွမ်းလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

အရေးအကြီးဆုံးမှာ ရင့်ခဲမီးဆီ ရှိနေသောကြောင့် အပြင်ထွက်သည့်အခါ လှည့်ဖြားမိစ္ဆာကိုလည်း ရင်ဆိုင်နိုင်လာခြင်း ဖြစ်သည်။

ရှုထောင့်ပေါင်းစုံမှ ကြည့်လျှင် မဟာရှစခန်းသည် ယခင်ကထက် အလွန်များစွာ တိုးတက်လာခဲ့ပြီး ထိုအရာအားလုံးသည် စနစ်၏ ပထမဆုံး အဆောက်အအုံ တစ်ခုတည်းမှ ရရှိလာသော အကျိုးကျေးဇူးများသာ ဖြစ်ပေသည်။

ကျန်ရှိနေသည့် အဆောက်အအုံ ၈ ခုကို ရှဟုန်လည်း အလွန်လိုချင်နေမိခဲ့သော်လည်း ဆန်မရှိဘဲ ထမင်းချက်၍ မရပေ။

ကျန်အဆောက်အအုံများအနက် အနိမ့်ဆုံးသော အဆောက်အအုံကိုပင် ဖွင့်ရန် သံအရင်းအမြစ် လိုအပ်နေပြီး အချို့ဆိုလျှင် ရွှေနှင့် ငွေအရင်းအမြစ်များပင် လိုအပ်နေလေသည်။

ထို့ကြောင့် သစ်ခုတ်ခြင်းနှင့် ရေခဲသလင်းသီးခူးခြင်းကဲ့သို့ ပုံမှန်အလုပ်များကို အခြားသူများထံ တာဝန်ပေးထားပြီး ရှဟုန်ကိုယ်တိုင်ကတော့ အမဲလိုက်ခြင်းအပြင် ရက်ဝုဒ်တောင်ကြောနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် ကျောက်မီးသွေးနှင့် သံတွင်းများကို အဆက်မပြတ် ရှာဖွေနေခဲ့ရသည်။

ကံမကောင်းစွာဖြင့် တစ်ယောက်တည်း ရှာဖွေခဲ့သည်မှာ တစ်လခွဲကျော် ကြာခဲ့သော်လည်း ဘာမျှ မတွေ့ရသေးပေ။

ရှချွမ်တို့ကိုလည်း ရှာခိုင်းရန် စဉ်းစားခဲ့ဖူးသော်လည်း သူတို့သည် မြေတူးသမားအဆင့် မရောက်သေးသဖြင့် မြေမျက်နှာပြင်ကိုပင် မတူးဖောက်နိုင်ကြသေးရာ တောင်ကျောက်များကို တူးဖော်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် နောက်ထပ် မြေတူးသမားအဆင့်တစ်ယောက် မပေါ်မချင်း ရှာဖွေခြင်းနှင့် တူးဖော်ခြင်း အလုပ်များကို သူတစ်ယောက်တည်းသာ တာဝန်ယူရဦးပေမည်။

“သစ်သားနဲ့ ရေခဲသလင်းသီးတော့ လုံလောက်နေပြီ... လိုနေတာက ရေခဲသားရဲအသားပဲ... ကျောက်မီးသွေးနဲ့ သံတွင်းရှာတာကိုတော့ အလောတကြီး လုပ်လို့မရဘူး... နောက်ထပ် မြေတူးသမားအဆင့် တစ်ယောက် ပေါ်လာတာနဲ့ ရှာဖွေတဲ့ နယ်ပယ်ကို ချဲ့နိုင်မယ်... အဲဒီအချိန်ကျရင် တစ်နေ့တော့ ရှာတွေ့မှာပါ...”

ရှဟုန်လည်း စိတ်ထဲတွင် ထိုသို့ တွေးနေစဉ် အခြားသူများလည်း ပစ္စည်းများ သိမ်းဆည်းပြီးသွားကြသည်ကို တွေ့သဖြင့် သူလည်း အမြန် လျှောက်သွားလိုက်လေသည်။

လူအုပ်အနားသို့ ရောက်သည့်အခါ ရှဟုန်သည် ရှချွမ်တစ်ယောက် အတွေးနက်နေပြီး စိတ်မကပ်သလို ဖြစ်နေသည်ကို သတိထားခဲ့မိလိုက်သည်။

ရှချွမ်သည် ယွမ်ချန်ကဲ့သို့ပင် အစောပိုင်းက တာရှီစခန်း နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ဖြစ်သည့်အပြင် ရှီချင်း ရှိနေစဉ် တစ်လျှောက်လုံး သူ စကားမပြောခဲ့သည်ကိုလည်း ရှဟုန် သတိထားမိခဲ့လေသည်။

ရှဟုန်က သူသည် အစောပိုင်းက ကိစ္စကို တွေးနေသည်ဟု ထင်သဖြင့် သူ၏ ပခုံးကို အသာပုတ်လိုက်ပြီး မေးလိုက်လေသည်။

“ငါ ရှီချင်းတို့ ၂ ယောက်ကို လွှတ်ပေးလိုက်လို့ မကျေနပ်ဘူးလား..."

သို့သော် ရှချွမ်က ခေါင်းခါလိုက်ပြီး အနည်းငယ် တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် စဉ်းစားနေတာက အစောပိုင်းတုန်းက ရှီတုန်းက ခေါင်းဆောင်ကို ဘယ်လိုလုပ် တစ်ချက်တည်း မှတ်မိသွားတာလဲ ဆိုတာပါ... အရင်က ဆက်သွယ်ဖူးတာဆိုလို့ ဝမ်ရွေ့တို့ ၄ ယောက်ပဲ ရှိတယ်...”

“နှုတ်နဲ့ပဲ ဖော်ပြထားတာကို အခြေခံပြီး ပထမဆုံး တွေ့တာနဲ့ ချက်ချင်း မှတ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး... အထူးသဖြင့် ငါတို့ ၁၀ ယောက်ကြားထဲမှာ ရှီတုန်းက ခေါင်းဆောင်ကို တစ်ချက်တည်း သိသွားခဲ့တာ... တစ်ခုခုတော့ မမှန်ဘူးလို့ ခံစားနေရတယ်..."

ထိုစကားကို ကြားလိုက်သည်နှင့် ရှဟုန်၏ ကိုယ်တစ်ခုလုံး တောင့်ခဲသွားပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် ရိုက်နှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ဟုတ်ပေသည်.....

သစ်ခုတ်သမားအဆင့်သို့ ချိုးဖောက်ပြီးနောက် ပထမဆုံးအကြိမ် အပြင်ထွက်စဉ်က ရှဟုန်သည် အမှောင်ထဲတွင်သာ ပုန်းနေခဲ့သောကြောင့် ရှီချင်းနှင့် ရှီတုန်းကို သူကသာ မြင်ခဲ့ပြီး သူတို့က ရှဟုန်ကို မမြင်ခဲ့ကြပေ။

ဒုတိယအကြိမ် ရှချွမ်၊ ယွမ်ချန်တို့နှင့်အတူ ထွက်လာစဉ်တွင်လည်း တွေ့ခဲ့သည်မှာ ဝမ်ရွေ့တို့ ရေခဲသလင်းသီး ခိုးခူးသည့် အဖွဲ့သာ ဖြစ်သည်။

ရှီချင်းနှင့် ရှီတုန်းတို့သည် သူ့ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ရုတ်တရက် အချက်အလက်များစွာသည် ရှဟုန်၏ စိတ်ထဲတွင် အဆက်အစပ်တစ်ခုအဖြစ် ပေါ်လာတော့သည်။

မဟာရှစခန်း နယ်မြေအတွင်း တွေ့ခဲ့ရသော ဝမ်ရွေ့တို့အဖွဲ့၏ အလောင်းများ...

ရှီချင်း သန့်ရှင်းရေး မလုပ်နိုင်သေးသည့် ဓား...

တာရှီစခန်း နယ်မြေတွင် သစ်ခုတ်သမားအဖွဲ့ကို မတွေ့ရသည်မှာ အချိန်အတော်ကြာနေခြင်း...

ရှီချင်းနှင့် ရှီတုန်းတို့က မြောက်ဘက်မှ သယ်လာသော ရေခဲသလင်းသီးများ...

သို့သော် အခြား တာရှီစခန်း သစ်ခုတ်သမားအဆင့် တစ်ယောက်မှ မတွေ့ရခြင်း...

အစောပိုင်းက ရှီချင်း၏ မျက်နှာအမူအရာ အပြောင်းအလဲများ...

ထိုသဲလွန်စအားလုံးကို ဆက်စပ်လိုက်သည့်အခါ ရှဟုန်၏ မျက်နှာအရောင် ချက်ချင်း ပြောင်းလဲသွားပြီး ရုတ်တရက် ခေါင်းမော့လိုက်ကာ

“မဟုတ်ဘူး... တစ်ခုခု ဖြစ်နေတယ်....”

“အမြန်လိုက်ကြ...”

“ရှီတုန်းမှာ ပြဿနာရှိတယ်..."

All Chapters