အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) - ဇီဝဗေဒကန့်သတ်ချက်ကို စိန်ခေါ်ခြင်း
တာဝါတောင်၏ အရှေ့ဘက်တွင် ရှဟုန်လည်း တောင်နံရံတစ်လျှောက် အဆက်မပြတ် စမ်းသပ်ရှာဖွေနေရင်း တစ်ခါတစ်ရံ တောင်အလယ်ပိုင်းဘက်သို့ လှမ်းကြည့်လိုက်လေသည််။
သူ၏ မျက်လုံးထဲတွင် စိတ်မရှည်မှု အရိပ်အယောင်တစ်စ ထင်ဟပ်နေခဲ့သည်။
မကြာမီ ရှချွမ်နှင့် ယွမ်ချန်တို့သည် တစ်ဦးစီ လူ ၂ ဦးကို ဦးဆောင်လျက် တောင်ဘက်နှင့် မြောက်ဘက်တို့မှ အပြေးအလွှား ရောက်လာခဲ့ကြသည်။
“တောင်ဘက်မှာ ဝင်ပေါက် မတွေ့ဘူး..."
“မြောက်ဘက်မှာလည်း ရှာမတွေ့ဘူး...”
ရှဟုန်၏ မျက်နှာသည် မှောင်မိုက်သွားလေရာ သူကိုယ်တိုင်လည်း အရှေ့ဘက်ကို အသေးစိတ် ရှာဖွေခဲ့ပြီး ဖြစ်သော်လည်း တာရှီစခန်း၏ ဝင်ပေါက်ကို ရှာမတွေ့ခဲ့ပေ။
ယခု ကျန်ရှိနေသည်မှာ အနောက်ဘက်တစ်ဖက်သာ ဖြစ်သည်။
ခဏအကြာတွင် ယွီဖုန်းသည် လုယန်နှင့် ချူဖန်းတို့ကို ခေါ်လာပြီး အပြေးရောက်လာကြသည်။
“အနောက်ဘက်မှာလည်း မတွေ့ဘူး... ခြေရာလက်ရာလည်း မရှိဘူး... အဲဒီဘက်မှာတော့ မဖြစ်နိုင်ဘူး..."
ရှဟုန်လည်း မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်သည်။ အရှေ့၊ တောင်၊ အနောက်၊ မြောက် လေးမျက်နှာလုံးကို ရှာဖွေပြီးသည့်တိုင် တာရှီစခန်း၏ ဝင်ပေါက်ကို မတွေ့ရသည်မှာ အဓိပ္ပာယ်မရှိလှပေ။
“အဓိပ္ပာယ် မရှိဘူး... တာရှီစခန်းက တာဝါတောင်မှာပဲ ရှိရမှာ... ငါ့အဖေ ပြောဖူးတယ်... ဒါဆို ဘာလို့ ရှာမတွေ့ရတာလဲ..."
ရှချွမ်၏ စကားကို ကြားသည့်အခါ ယွမ်ချန်က ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
“ငါ့အဖေလည်း ဒီလိုပဲ ပြောဖူးတယ်... တာဝါတောင်မှာပဲ ရှိရမှာ... ငါတို့လည်း တောင်နံရံ လေးဖက်လုံးကို ရှာပြီးပြီ...”
“သူတို့က ကောင်းကင်ထဲများ ပျံတက်သွားတာလား..."
ပျံတက် ဟူသည့် စကားကို ကြားလိုက်ရသည့်အခါ ရှဟုန်သည် အစပိုင်းတွင် ခေတ္တ ကြောင်သွားပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်ရာ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့လေသည်။
“သဘောပေါက်ပြီ..."
တာဝါတောင်သည် အခြားတောင်များကဲ့သို့ ပိရမစ်ပုံစံ မဟုတ်ဘဲ တည့်တည့်မတ်မတ် ထောင်တက်နေသော တောင်ငယ်တစ်လုံးသာဖြစ်ပြီး တောင်ထိပ်သည် တောင်ခြေထက် အနည်းငယ်သာ ကျဉ်းပေသည်။
ရှဟုန်၏ အကြည့်ကို မြင်လိုက်သည့်အခါ ကျန်သူများလည်း တစ်ပြိုင်နက် သဘောပေါက်သွားခဲ့ကြသည်။
အားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြပြီး မျက်စိအလွန်စူးရှသည့် ယွီဖုန်းက ပထမဆုံး တွေ့ရှိသွားလေသည်။
“ခေါင်းဆောင်… ဒီမှာ နွယ်ပင်တစ်ပင် ရှိတယ်... တောင်ထိပ်အထိ ဆက်ထားသလိုပဲ..."
ရှဟုန်လည်း အလျင်အမြန် လျှောက်သွားပြီး ယွီဖုန်း၏ လက်ထဲမှ နွယ်ပင်ကို ယူကာ အသာအယာ ဆွဲကြည့်လိုက်ရာ အပေါ်ဘက်ရှိ နှင်းအချို့ လျှောကျလာခဲ့သည်။
“ဒီနေရာပဲ... ငါ့နောက်က လိုက်တက်ကြ... အားလုံး သတိထားကြ..."
နွယ်ပင်၏ ကြံ့ခိုင်မှုကို စမ်းသပ်ပြီး ယုံကြည်စိတ်ချရကြောင်း အတည်ပြုပြီးနောက် ရှဟုန်သည် ချက်ချင်း တက်သွားခဲ့ပြီး ရှချွမ်၊ ယွမ်ချန်နှင့် အခြားသူများကလည်း အနီးကပ် လိုက်တက်ခဲ့ကြသည်။
နှင်းများ ဖုံးလွှမ်းနေသည့် တောင်ထိပ်ပေါ်ရှိ အကျယ် ၅ မီတာရှိသော သစ်သားပြားကြီးသည် အလွန် ထင်ရှားလှသည်။
ရှဟုန်လည်း ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် သစ်သားပြားကို သတိထားမိသွားပြီး အလျင်အမြန် လျှောက်သွားကာ ၎င်းအပေါ်တွင် ရပ်လိုက်လေသည်။
“အား......”
အနားရောက်လာသည်နှင့် သစ်သားပြားအောက်မှ ထွက်ပေါ်လာသည့် အော်ဟစ်ငိုကြွေးသံများကို သဲ့သဲ့ကြားလိုက်ရသဖြင့် ရှဟုန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
သူသည် ရင်ဘတ်အတွင်းမှ လက်သီးဆုပ်အရွယ် အနက်ရောင်အတုံးတစ်တုံးကို အလျင်အမြန် ထုတ်ယူလိုက်သည်။
“အားလုံး ဒီကိုလာပြီး ကျောက်ပုဆိန်တွေ ထုတ်ကြ..."
လူ ၉ ဦးက ကျောက်ပုဆိန်များကို ထုတ်လိုက်သည်ကို မြင်သည့်အခါ ရှဟုန်သည် အနက်ရောင်အတုံးကို ပုဆိန်သွားများပေါ် အမြန် ပွတ်လိမ်းလိုက်ကြသည်။
ထိုအနက်ရောင်အတုံးသည် အလွန်ထူးခြားပေသည်။ မာကျောလှသည့် အရာတစ်ခုလို ထင်ရသော်လည်း ပုဆိန်သွားနှင့် ထိတွေ့လိုက်သည်နှင့် အရည်ပျော်သွားသကဲ့သို့ အရည်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ပုဆိန် ၉ လက်လုံးကို လိမ်းပြီးသည့်အခါ အနက်ရောင်အတုံးသည် စကျင်ကျောက်လုံးတစ်လုံးအရွယ်သာ ကျန်ရှိတော့ပေသည်။
ထိုအရာမှာ လှည့်ဖြားမိစ္ဆာနှင့် ထိတွေ့သည်နှင့် ချက်ချင်း မီးလောင်ပေါက်ကွဲတတ်သော ရင့်ခဲမီးဆီပင် ဖြစ်သည်။
ရှဟုန်လည်း ခါးမှ ဓားမြှောင်ငယ်ကို ဆွဲထုတ်ပြီး ကျန်ရှိနေသည့် ရင့်ခဲမီးဆီကို ဓားပေါ်သို့ လိမ်းလိုက်ပြီးနောက် ကျန်သူများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
“ရှချွမ်၊ ယွမ်ချန်... မင်းတို့ ၂ ယောက် ငါနဲ့အတူ အရင်ဆင်းပြီး အခြေအနေကို ကြည့်မယ်...”
ကျန်တဲ့သူတွေ အပေါ်မှာပဲ နေကြ... ငါ အကူအညီတောင်းရင် အပေါ်ကို ဘာပဲ တက်လာလာ.... ဘယ်သူပဲ ဖြစ်နေပါစေ...”
“ပုဆိန်နဲ့ ခုတ်ချလိုက်ကြ...."
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ရှဟုန်လည်း အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ကာ အောက်တွင် ဘာရှိနေသည်ကို သူ မသိသဖြင့် ယခုအချိန်တွင် ဤသည်မှာ အကောင်းဆုံး စီစဉ်နိုင်သည့် အစီအစဉ်သာ ဖြစ်ပေသည်။
သူသည် ရှေ့တစ်လှမ်း တိုးလိုက်ပြီး သစ်သားပြားကို မလိုက်လေသည်။
“အား…… ရှီတုန်း... မင်း ရူးသွားပြီလား... ငါ့ကို မသတ်နဲ့...”
“အသက်ချမ်းသာပေးပါ... ရှီတုန်း... ထပ်မသတ်ပါနဲ့... တောင်းပန်ပါတယ်... ရပ်လိုက်ပါတော့...”
……
အကျယ် ၃ မီတာရှိသော အပေါက်ကြီး ပေါ်လာသည်နှင့် မဆုံးနိုင်သော အော်ဟစ်ငိုကြွေးသံများမှာ ပို၍ ရှင်းလင်းစွာ ကြားလာရလေသည်။
ထင်ထားသည့်အတိုင်းပင်...
ရှီတုန်းသည် လှည့်ဖြားမိစ္ဆာ၏ ထိန်းချုပ်မှုကို ခံထားရပြီး ဖြစ်သည်။
ရှဟုန်လည်း အပေါက်ထဲသို့ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး ရှချွမ်နှင့် ယွမ်ချန်တို့ကလည်း ချက်ချင်း နောက်မှ လိုက်ဆင်းသွားကြလေသည်။
ဂူထဲသို့ ဝင်လိုက်သည်နှင့် သွေးညှီနံ့ပြင်းပြင်းက နှာခေါင်းထဲသို့ တိုးဝင်လာပြီး လူ ၃ ဦးလုံးကို ရုတ်တရက် အန်ချင်စိတ်ပင် ဖြစ်စေခဲ့သည်။
“အွန်း... အွန်း... အွန်း...” ညည်းညူသံများက နားထဲသို့ ဝင်လာလေသည်။
ရှဟုန်လည်း မအီမသာဖြစ်နေသည့် ခံစားချက်ကို အတင်းဖိနှိပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲကျနေသည့် ရှီချင်းကို တွေ့လိုက်ရသည်။
ရှီချင်းသည် အသည်းအသန် ရုန်းကန်နေရင်း မီးပုံဘက်သို့ မျက်လုံးဖြင့် အဆက်မပြတ် အချက်ပြနေပြီး လူများကို အမြန်သွားကယ်ရန် အရေးတကြီး သတိပေးနေသည်မှာ ထင်ရှားလှပေသည်။
သူ၏ ပါးစပ်ကို မည်သည့်အရာဖြင့် ချုပ်ပိတ်ထားသည် မသိရသလို၊ တစ်ကိုယ်လုံးမှာလည်း အဖြူရောင်ချည်မျှင် မရေမတွက်နိုင်အောင် ရစ်ပတ်ထားခဲ့သည်။
ထိုချည်မျှင်များသည် အပြင်ဘက်မှ ရစ်ပတ်ထားခြင်း မဟုတ်ဘဲ အသားထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူ၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားခြင်း ဖြစ်လေသည်။
“မင်းတို့ ၂ ယောက် ခေါင်းဆောင်ရှီကို အရင် ဖြေပေးလိုက်... ငါ လူတွေကို သွားကယ်မယ်..."
ဂူထဲသို့ ဝင်ဝင်ချင်းမှာပင် ရှဟုန်သည် မီးပုံအနီး၌ ဖြစ်ပျက်နေသည့် သတ်ဖြတ်မှုကို မြင်တွေ့ထားပြီး ဖြစ်သည်။
ရှီချင်း၏ အချက်ပြမှုကို တွေ့လိုက်ရသည့်အခါ သူသည် တုံ့ဆိုင်းမနေတော့ဘဲ သတ်ဖြတ်မှုတွင် နစ်မြုပ်နေသော လှည့်ဖြားမိစ္ဆာထံသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။
လှည့်ဖြားမိစ္ဆာသည် သတ်ဖြတ်ရသည့် စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်နေသည့်အလား ရှဟုန် ရောက်လာသည်ကိုပင် သတိမထားမိဘဲ သာမန်လူများကို ဆက်လက် သတ်ဖြတ်နေလေသည်။
ရှဟုန်သည် သူ၏ အနားသို့ ရောက်လာမှသာ သူက လက်ထဲတွင် ကိုင်ထားသော ဖြုတ်ထားသည့် ခေါင်းကို ပစ်ချလိုက်ပြီး ခေါင်းကို ရုတ်တရက် လှည့်ကာ ရှဟုန်ကို မလိုမုန်းထားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလေသည်။
“ထပ်ပြီး မင်းပဲလား... ခွေးကောင်လေး... ငါ့အစီအစဉ်ကို တစ်ခါပြီးတစ်ခါ ဖျက်ဆီးနေတာ မင်းပဲ..."
ရှဟုန်လည်း ပတ်ဝန်းကျင်ကို အမြန် ဝေ့ကြည့်လိုက်ရာ မျက်မှောင်များ ချက်ချင်း ကြုတ်သွားခဲ့ပြီး ဒေါသများ ရင်ထဲတွင် အပြင်းအထန် ပေါက်ကွဲလာတော့သည်။
သူ့ဒေါသကို နှိုးဆွပေးခဲ့သည်မှာ လှည့်ဖြားမိစ္ဆာ၏ ဆဲဆိုသံကြောင့် မဟုတ်ပေ။
မီးပုံပတ်လည်တွင် ပြန့်ကျဲနေသော အလောင်းများ၊ ပြတ်တောက်နေသော ခြေလက်များနှင့် မြေပြင်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရကာ နာကျင်မှုဖြင့် လူးလိမ့်နေကြသော သာမန်လူများကို မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် သေဆုံးသူမှာ ၁၀၀ နီးပါး ရှိနေပြီဟု ရှဟုန် ခန့်မှန်းလိုက်လေသည်။
သေဆုံးသူများထဲတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေး အားလုံး ပါဝင်နေခဲ့သည်။
နို့စို့အရွယ် ကလေးငယ်များပင် ချမ်းသာရာ မရခဲ့ပေ။
အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သည့် ဒဏ်ရာပြင်းပြင်းရသူ အများအပြားသည် မြေပြင်ပေါ်တွင် နာကျင်စွာ ငိုကြွေးနေကြပြီး၊ အချို့မှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသည့်တိုင် မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် နာကျင်မှုများ ကျန်ရှိနေဆဲဖြင့် အသည်းအသန် ရုန်းကန်နေခဲ့ကြသည်။
ထိုသူများနှင့် ယှဉ်လိုက်လျှင် ချက်ချင်း သေဆုံးသွားသူများကပင် ကံကောင်းသည်ဟု ဆိုနိုင်ပေဦးမည်။
ရှဟုန်၏ လက်သီးများ တင်းတင်းဆုပ်သွားပြီး ရင်ထဲရှိ ဒေါသသည်လည်း အထိန်းအကွပ်မဲ့စွာ မြင့်တက်လာတော့သည်။
ဤသည်မှာ လှည့်ဖြားမိစ္ဆာ၏ သတ်ဖြတ်မှုကို သူ ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း ယခုမြင်ကွင်းသည် မဟာရှစခန်းတွင် မြင်ခဲ့ရသည့် မြင်ကွင်းထက် အဆပေါင်းများစွာ သွေးသံရဲရဲ၊ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လွန်းလှပေသည်။
လူသားများကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်နေသည့် ထိုလှည့်ဖြားမိစ္ဆာများတွင် စိတ်ခံစားချက်ဟူ၍ မရှိသလို၊ ကိုယ်ချင်းစာတရားဆိုသည်မှာလည်း မရှိပေ။
သူတို့၏ တည်ရှိမှုသည် ဇီဝသတ္တဝါများ၏ အခြေခံကျင့်ဝတ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေခြင်းပင် ဖြစ်သည်။
ရှတင်းနှင့် သစ်ခုတ်အဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်း...
စခန်းကို ပထမအကြိမ် တိုက်ခိုက်စဉ် အသက် ၇၂ ချောင်း ဆုံးရှုံးခဲ့ရခြင်း...
ထို့အပြင် ယခုမျက်စိရှေ့က သွေးသံရဲရဲ မြင်ကွင်း...
အမုန်းဟောင်းနှင့် အမုန်းသစ်တို့ ပေါင်းစည်းလာပြီး ရှဟုန်၏ ဒေါသသည် အဆုံးစွန်သို့ ရောက်ရှိသွားခဲ့သည်။
ရှီတုန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော လှည့်ဖြားမိစ္ဆာကို စူးစိုက်ကြည့်ရင်း သွားကြိတ်ကာ ပြောလိုက်လေသည်။
“ယုတ်မာလိုက်တဲ့ အကောင်... မင်းက နောက်ကွယ်မှာ ပုန်းနေရတာကို သဘောကျတာ ငါ သိတယ်... ငါ့လက်ထဲ မကျဖို့သာ ဆုတောင်းနေလိုက်....
တစ်နေ့ မင်းကို ဖမ်းမိရင် နေ့ရောညပါ မီးပေါ်တင်ပြီး ပြာကျတဲ့အထိ မီးရှို့ပစ်မယ်..."
ရှဟုန်လည်း မျက်နှာချင်းဆိုင်ရှိ ရှီတုန်းမှာ လှည့်ဖြားမိစ္ဆာ၏ ကိုယ်အစစ် မဟုတ်ကြောင်း သိထားခဲ့သည်။
ထို့ကြောင့် ထိုစကားများကို ပြောပြီးသည်နှင့် အချိန်မဖြုန်းတော့ပေ။
သူသည် ဓားမြှောင်ငယ်ကို ဆွဲထုတ်လိုက်ပြီး အရိပ်တစ်ခုကဲ့သို့ လှည့်ဖြားမိစ္ဆာထံသို့ အလျင်အမြန် ပြေးဝင်သွားလေသည်။
ရှဟုန်၏ စကားများကို ကြားလိုက်ရသည့်အခါ လှည့်ဖြားမိစ္ဆာ၏ မျက်နှာမှာ အလွန် ယုတ်မာအေးစက်သွားပြီး၊ ရှဟုန် တိုက်ခိုက်လာသည်ကို မြင်လိုက်ရသည်နှင့် ပို၍ပင် ဒေါသထွက်သွားလေသည်။
သူသည် လက်နှစ်ဖက်မှ ကြည်လင်နေသော အဖြူရောင်ချည်မျှင် အများအပြားကို ရှဟုန်ထံ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
ထိုအဖြူရောင်ချည်မျှင်များကို မြင်လိုက်သည်နှင့် ရှဟုန်သည် ရှီချင်း ချုပ်နှောင်ခံထားရသည့် မြင်ကွင်းကို ချက်ချင်း သတိရသွားပြီး ပေါ့ဆ၍ မရကြောင်း နားလည်လိုက်လေသည်။
သူသည် ချည်မျှင်အချို့ကို ရှောင်လွှဲလိုက်ပြီး အနီးဆုံး ချည်မျှင်တစ်ချောင်းကို ဓားမြှောင်ဖြင့် လျင်မြန်စွာ ခုတ်ချလိုက်လေသည်။
ရှစ်...
ရှဟုန် အလွန်ဝမ်းသာသွားခဲ့ရသည်။
ဓားမြှောင်သည် အဖြူရောင်ချည်မျှင်ကို ထိလိုက်သည်နှင့် မီးပွားများ ချက်ချင်း လွင့်စင်လာလေသည်။
ရှဟုန်လည်း ထိုချည်မျှင်များတွင်လည်း လှည့်ဖြားမိစ္ဆာ၏ ဂုဏ်သတ္တိများ ပါဝင်နေကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သူသည် ဘာကိုမှ စိုးရိမ်စရာ မလိုတော့ပေ။
ဓားမြှောင်ကို မြှောက်လိုက်ပြီး ထပ်မံ ရှောင်လွှဲမနေတော့ဘဲ မိမိထံ တိုးဝင်လာသော ချည်မျှင်များကို ဆက်တိုက် ခုတ်ဖြတ်ရင်း ၃ စက္ကန့်၊ ၄ စက္ကန့်အတွင်း လှည့်ဖြားမိစ္ဆာ၏ အနားသို့ ရောက်ရှိသွားသည်။
“ယုတ်မာတဲ့ အကောင်... အတိုးလေး အရင်ကောက်လိုက်ဦးမယ်... စောင့်နေလိုက်... မင်းကို ငါ့လက်နဲ့ သတ်မယ့်နေ့ မကြာတော့ဘူးကွ..."
ရှဟုန်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေပြီး ဓားမြှောင်သည် လေကို ခွင်းကာ ခုတ်ဆင်းသွားခဲ့သည်။
သူသည် ယခုမှ မြေတူးသမားအဆင့်သို့ တက်လှမ်းထားပြီး အခြေခံခွန်အားမှာ ပေါင် ၁၀,၀၀၀ ကျော်သာ ရှိသေးသော်လည်း၊ မဟာဘိုးဘေး လက်သီးရှည်သိုင်း ကို လက်နက်နှင့် တွဲဖက်အသုံးပြုလိုက်သည့်အခါ အခြေခံခွန်အားထက် ၂၀ ရာခိုင်နှုန်း ပိုမိုပြင်းထန်သော ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။
ထိုတစ်ချက် ခုတ်ချလိုက်ခြင်းသည် အရာရာကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားပြင်းလှသည်။
လှည့်ဖြားမိစ္ဆာသည် အလောတကြီး လက်နှစ်ဖက်ကို မြှောက်ကာ တားဆီးလိုက်သော်လည်း လက်နှစ်ဖက်နှင့် ဦးခေါင်းတို့ တစ်ပြိုင်နက် ခုတ်ဖြတ်ခံလိုက်ရလေသည်။ အားပြင်းလွန်းသဖြင့် ဦးခေါင်း လွင့်ထွက်သွားပြီးသည့်တိုင် ခန္ဓာကိုယ်မှာ ချက်ချင်း မလဲကျသေးပေ။
၄ စက္ကန့်၊ ၅ စက္ကန့်ခန့် ကြာမှသာ ရင့်ခဲမီးဆီ လိမ်းထားသည့် ဓားဒဏ်ရာရှိ လည်ပင်းနေရာ၌ မီးတောက်ငယ်လေးတစ်ခု တဖြည်းဖြည်း ထတောက်လာခဲ့သည်။
ထိုမီးတောက်ငယ်သည် တဖြည်းဖြည်း ပျံ့နှံ့လာပြီး ပို၍တောက်လောင်လာလေသည်။
ထိုအချိန် ရှဟုန်၏ ရင်ထဲတွင် လောင်ကျွမ်းနေသည့် ဒေါသမီးတောက်ကဲ့သို့ပင် အရှိန်အဟုန်ဖြင့် ကြီးထွားလာတော့သည်။