← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

37

ယွမ်ရှန်းသည် စားပွဲပေါ်ရှိ နှင်းကဲ့သို့ ဖြူဖွယ်ပြီး စာရွက်ကဲ့သို့ ပါးလွှာသော မုန့်လုံးလေးများကိုကြည့်လိုက်သည်။ သူ့ စိတ်ခံစားမှုများမှာ ရုတ်ချည်းပင် တက်ကြွလာသည်။ အကယ်၍သာ ဤအရာရှိကြောင်း ကြိုသိခဲ့လျှင် မနက်စာအတွက် မည်သို့ပင် ပူပင်နေစရာလိုမည်နည်း။ သူ၏ ရှည်လျားလှပသော လက်ချောင်းများဖြင့် တစ်ခုကို ကောက်ကိုင်လိုက်သည်။

ယွမ်ရှန်း "ဒါက ဘာလဲ"

ဟွမ်ယမ်သည် သူ့ ဘေးတွင် ရိုသေစွာရပ်နေရင်း ပြန်လည်ဖြေကြားသည်။

ဟွမ်ယမ် "ဒါကို ဖူလင်မုန့်၊ သစ်ကြားသီး၊ နှမ်း၊ ပျားရည်နဲ့ တခြား ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာပါ၊ ဖူလင်က အဓိကပါဝင်ပစ္စည်း ဖြစ်တဲ့အတွက် မိန်းကလေးပိုင်က ဒါကို ဖူလင်မုန့်လို့ ခေါ်ပါတယ်"

ယွမ်ရှန်း တစ်ကိုက်မြည်းစမ်းကြည့်လိုက်သည်။ ချိုမြိန်ပြီး အရသာရှိကာ ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး လန်းဆန်းစေသည်။

ယွမ်ရှန်း "ဒီမိန်းကလေးပိုင်မှာ တကယ့်ကို အဆုံးမရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ရှိတာပဲ"

မနေ့ကမှစ၍ ယခုအချိန်အထိ ယွမ်ရှန်းသည် ချီးမွမ်းရာတွင် လက်မနှေးခဲ့ပေ။ ယခင်က မဖြစ်နိုင်သည့် အရာများပင်။

ဟွမ်ယမ် "တကယ်ပါ၊ သူမမှာ အကြံအစည်တွေက အဆုံးမရှိသလိုပါပဲ"

မုန့်တစ်ခု စားပြီးနောက် ယွမ်ရှန်း နောက်တစ်ခု ထပ်ယူလိုက်ပြီး စကားလမ်းကြောင်း ရုတ်တရက် ပြောင်းလဲလိုက်သည်။

ယွမ်ရှန်း "မနေ့က ဖြစ်ရပ် ဖြစ်ပျက်ခဲ့ချိန်မှာ သူမ ဘာလုပ်နေတာလဲ"

ဟွမ်ယမ် ခဏတာ တုံ့ဆိုင်းသွားသည်။ သခင်၏ရှေ့မှောက်တွင် ဉာဏ်ရည်ဉာဏ်သွေးပြခြင်းမှာ အကြီးမားဆုံးအပြစ်ဖြစ်သောကြောင့် သူမ ဤသို့ ဆိုသည်။

ဟွမ်ယမ် "သူမ အခန်းထဲမှာ မရှိခဲ့ပါဘူး။ တစ်ယောက်ယောက်က သူမ လုထို့ဝမ်ရဲ့ခြံဝင်းဘက်ကို ဦးတည်သွားတာ မြင်ခဲ့ကြတယ်၊ ဖြစ်နိုင်တာက မင်းသားဖုန်းရဲ့ နိုင်ငံရေးပြိုင်ဘက်တွေ လုပ်တာဖြစ်နိုင်ပါတယ်"

အဆုံးတွင် ၎င်းတို့သည် ကျူးကျော်ဝင်ရောက်သူအား ရှာမတွေ့ခဲ့ကြပေ။

ယွမ်ရှန်းသည် ဟွမ်ယမ်၏မေးခွန်းကို မဖြေဘဲ နံရံပေါ်ရှိ ရှုခင်းပန်းချီကားကို ငေးကြည့်နေလိုက်သည်။

ယွမ်ရှန်း "သူမမှာ ဆေးဖက်ဝင် ဟင်းလျာချက်ပြုတ်နိုင်တဲ့ အရည်အချင်းရှိတယ်၊ သူမ ဆေးဘုရင်တောင်ကြားနဲ့ ရင်းနှီးမှု တစ်ခုခုရှိနေတယ်လို့ ခံစားမိပြီး လမ်းညွှန်မှု ရချင်နေတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဆေးဘုရင်ရဲ့တည်နေရာက မရေမရာလှဘူး၊ သူက တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံးထဲမှာ ဆေးပင် ရှာဖွေရင်း နှစ်ပေါင်းများစွာကုန်ဆုံးလေ့ရှိတာ၊ သူ့ရဲ့တပည့်ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ်လွယ်ကူနိုင်မှာလဲ"

သခင်မှာ ရှားရှားပါးပါး စကားပြောချင်နေသည့် အချိန်ဖြစ်သောကြောင့် ဟွမ်ယမ် ဆက်မေးလိုက်သည်။

ဟွမ်ယမ် "သခင်၊ သခင် ဆေးဘုရင်ရဲ့မျက်နှာကို တကယ်ပဲ မြင်ဖူးတာလား"

ယွမ်ရှန်း "လွန်ခဲ့တဲ့ အချိန်အနည်းငယ်က နန်းတော်မှာ သူ့နဲ့ ခဏတာ တွေ့ဆုံခဲ့ဖူးတယ်"

မုန့်စားပြီးနောက် ဆက်၍စားချင်နေသေးသော ယွမ်ရှန်းသည် ဆန်ပြုတ်ကိုကောက်ကိုင်လိုက်သည်။

ယွမ်ရှန်း "မင်းလည်း မြည်းကြည့်သင့်တယ်၊ အိမ်တော်မှာ နောက်ထပ် ကျွမ်းကျင်တဲ့ ထမင်းချက်တစ်ယောက်ရှိတာ မဆိုးပါဘူး"

ပိုင်ချောင်ရှီအနေဖြင့် အစားအစာကိုကြားခံအဖြစ် အသုံးပြုရင်း ချမ်းသာကြွယ်ဝသော သူဌေးကြီး ယွမ်ထောင်းကျူး၏အာရုံစိုက်မှုကို ရရှိသွားလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးထားခဲ့ပေ။

ဟွမ်ယမ် စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း အမူအရာတွင် မဖော်ပြလိုက်ပေ။

ဟွမ်ယမ် "မင်းသားဖုန်း ဘာတွေ စီစဉ်နေလဲဆိုတာ ကျွန်မ မသိဘူး၊ နောက်ပြီး မိန်းကလေးပိုင်က ဒီမှာ ဆက်နေချင်မှ နေမှာလို့ ကျွန်မ ထင်မိတယ်"

ဤသည်မှာ အလွန်ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်သည်။

ဟွမ်ယမ်၏ခွင့်ပြုချက်ကို ရရှိပြီးနောက် ပိုင်ချောင်ရှီသည် လုထို့ဝမ်ထံသို့ ပွင့်လင်းစွာသွားနိုင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် တောင်ပေါ်စံအိမ်မှ အစေခံများဖြစ်စေ၊ အနက်ရောင်ဝတ်ရုံနှင့် အစောင့်များဖြစ်စေ၊ သူမအား မြင်သည့်အခါတိုင်း ခေါင်းညိတ် နှုတ်ဆက်ကြသည်။ ဤအရာက ပိုင်ချောင်ရှီအား အနေရခက်စေသဖြင့် သူမ ခြေလှမ်းများကို အမြန်ဆုံးလျှောက်လှမ်းလိုက်သည်။

လုထို့ဝမ်သည် ဆံပင်ရှုပ်ပွကာ အိပ်ချင်မူးတူးမျက်လုံးများဖြင့် တံခါးကို ဖွင့်ပေးလိုက်သော်လည်း ဗန်းပေါ်ရှိ ဆန်ပြုတ်နှင့် မုန့်များကို မြင်လိုက်သည်နှင့် ချက်ချင်းလန်းဆန်းသွားသည်။

လုထို့ဝမ် "အထဲဝင်ခဲ့၊ သူ နိုးနေပြီ"

လုထို့ဝမ်၏အိမ်ကို ရှေ့ခန်းနှင့် အိပ်ခန်းဟူ၍ ခွဲထားသည်။ ပိုင်ချောင်ရှီသည် ဆန်ပြုတ်နှင့် မုန့်များကို ရှေ့ခန်းရှိ စားပွဲပေါ်တွင် တင်လိုက်သည်။

ပိုင်ချောင်ရှီ "စီနီယာ၊ ကျွန်မ ချက်ထားတဲ့ ရှန်းယောင်းနဲ့ စွန်ပလွံနီ ဆန်ပြုတ်နဲ့ ဖူလင်မုန့်ကို မြည်းစမ်းကြည့်ပေးပါဦး၊ ကျွန်မရဲ့ကျွမ်းကျင်မှုကို တိုးတက်အောင် ကူညီဖို့အတွက် တန်ဖိုးရှိတဲ့ အကြံပြုချက်တွေကို လွတ်လွတ်လပ်လပ်ပေးနိုင်ပါတယ်"

သူမ၏ပါးစပ်ကလေးမှာ အတော်လေးချိုမြိန်လှသည်။ လူငယ်စုံတွဲလေး၏ကောင်းမွန်သော အချိန်ကို အနှောင့်အယှက်မပေးစေရန် အစားအစာဖြင့် သူ့ပါးစပ်ကိုပိတ်ထားဖို့ ကြိုးစားနေခြင်း မဟုတ်ပါလား။ လုထို့ဝမ် အရာအားလုံးကို နားလည်ကြောင်းပြသလိုက်သည်။

လုထို့ဝမ် "ကောင်းပြီ၊ အထဲကို သွားတော့"

ပိုင်ချောင်ရှီ "ဟုတ်ကဲ့"

ပိုင်ချောင်ရှီသည် အတွင်းခန်းသို့ ပျော်ရွှင်စွာဝင်သွားလိုက်သည်။ ကျစ်ရှုသည် အဖြူရောင်အတွင်းဝတ်ကို ဝတ်ဆင်ထားပြီး ကုတင်ဘေးတွင် မှီနေသည်။ သူသည် ရေချိုးသန့်စင်ပြီးဖြစ်နေပြီး ၎င်းမှာ လုထို့ဝမ်၏ လက်ချက်ဖြစ်ရမည်။

သူ၏ပိန်လှီသော အသွင်အပြင်ကိုမြင်လိုက်ရသောအခါ ပိုင်ချောင်ရှီမှာ ဝမ်းနည်းစိတ်ဖြစ်ပေါ်လာရသည်။

ပိုင်ချောင်ရှီ "သက်သာရဲ့လား"

ကျစ်ရှု ခေါင်းညိတ်ကာ “အင်း” ဟု ပြန်ဖြေလိုက်သည်။

ပိုင်ချောင်ရှီ "ဒါဆိုရင် မနက်စာ စားတော့လေ"

ကျစ်ရှု "ငါ့ကို မေးချင်တဲ့ဟာ မရှိဘူးလား"

ကျစ်ရှု အသံမှာ နက်ရှိုင်းနေသည်။

မနေ့က တောင်ပေါ်စံအိမ်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားအောင် ကြီးမားသည့် ကိစ္စ ဖြစ်ပွားခဲ့သည်။ သူ သွေးအလိမ်းလိမ်းဖြင့် ရောက်လာခဲ့သည်ဖြစ်ရာ သူမ သိချင်စိတ်တောင်မဖြစ်မိဘူးလား။

ပိုင်ချောင်ရှီသည် သူမ ပါးစပ်ကို အုပ်ကာ တခစ်ခစ်ရယ်မောလိုက်ပြီး သူမ အပြုံးတွင် ရှက်ရွံ့မှုများရောယှက်နေသည်။

ပိုင်ချောင်ရှီ "ရှင် ကျွန်မကို စိုးရိမ်လို့လိုက်ရှာတာ မဟုတ်လား၊ ရှင် ကျွန်မကို ဘယ်လိုရှာတွေ့တာလဲ၊ ရှင် တကယ်တော်တာပဲ၊ နောက်တစ်ခါ ဒီလိုမျိုး မလုပ်ပါနဲ့တော့၊ ရှင့် ကျန်းမာရေးက အရေးကြီးဆုံးပဲ"

သူသည် ခပ်တန်းတန်းနေတတ်သော ဇာတ်လိုက်အမျိုးသားဖြစ်သည်။ သူသည် သူမအတွက် ဤမျှအထိ လုပ်ဆောင်ပေးခြင်းမှာ သူမ၏ ကျောထောက် နောက်ခံမှာ လုံခြုံသွားပြီဟု ဆိုလိုခြင်းမဟုတ်ပါလား။ သူမသည် ဖူလင်မုန့်အား ပျော်ရွှင်စွာဖြင့် သူ့ထံသို့ကမ်းပေးလိုက်သည်။

ကျစ်ရှု "..."

အကြောင်းအရာမှာ လမ်းလွဲသွားပုံရသည်။ အမျိုးသမီးတစ်ယောက်၏စဉ်းစားတွေးခေါ်ပုံမှာ တကယ်ပင် အဆုံးမရှိသော လှည့်ပတ်မှုများရှိသည်။ သို့သော် သူမ မေးခွန်းမထုတ်သည့်အတွက် သူ ရှင်းပြချက် ထုတ်ပေးစရာမလိုတော့ပေ။

ကျစ်ရှု မုန့်ကို အမူအရာမဲ့စွာဖြင့် ဝါးစားလိုက်သည်။

ကျစ်ရှု "မင်း ဘယ်တော့ ပြန်နိုင်မှာလဲ၊ မင်း အမေနဲ့ မောင်က မင်းအတွက် အရမ်းစိုးရိမ်နေကြတာ"

ပိုင်ချောင်ရှီ "ဒီနေ့ သူတို့နဲ့ စကားပြောလိုက်ပါ့မယ်"

ပိုင်ချောင်ရှီသည် ဆန်ပြုတ်ပန်းကန်ကိုကိုင်ကာ တစ်ဇွန်းခပ်ပြီး ပြောလိုက်သည်။

ပိုင်ချောင်ရှီ "ကဲ၊ ပါးစပ်ဟ"

သုံးရာခြောက်ဆယ် ဒီဂရီ ပိုင်စတိုင် ဂရုစိုက်ဝန်ဆောင်မှု…

ကျစ်ရှု ချောင်းဆိုးလိုက်သည်။

ကျစ်ရှု "ငါ အဆင်ပြေပါတယ်၊ ကိုယ့်ဘာသာ ကိုယ် စားနိုင်တယ်၊ တောင်ပေါ်စံအိမ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ငါ့ကို ပြောပြ"

၎င်းမှာ သူ၏နောက်တစ်ဆင့်ကို စီစဉ်ရန် ဖြစ်သည်။

ပိုင်ချောင်ရှီသည် သူမ မြင်တွေ့ခဲ့ရပြီး ကြားခဲ့ရသမျှ အရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။

သူမသည် တောင်ပေါ်စံအိမ်၏သခင် သို့မဟုတ် ဂုဏ်သရေရှိပုဂ္ဂိုလ်နှင့်ပင် မတွေ့ဆုံခဲ့ရကြောင်း ကြားလိုက်ရသောအခါ ကျစ်ရှုမှာ သူ့ နဖူးကို ပွတ်သပ်လိုက်ရတော့သည်။ ခဏတာ စဉ်းစားပြီးနောက် သူ ပြောလာသည်။

ကျစ်ရှု "တောင်ပေါ်စံအိမ်မှာ ခိုတွေ မွေးထားတဲ့သူ ရှိ၊ မရှိ သတိထားကြည့်၊ တမင်တကာ မရှာပါနဲ့၊ ဒီတိုင်းပဲ စောင့်ကြည့်နေ"

ပိုင်ချောင်ရှီ၏နားရွက်လေးများမှာ စူးစမ်းလိုစိတ်ဖြင့် ထောင်သွားသည်။ ခိုတွေ ဟုတ်လား၊ ဒဏ္ဍာရီလာ သတင်းပေး စာပို့ခိုတွေများလား၊ ကျစ်ရှုသည် ကြီးမားသော လှုပ်ရှားမှုတစ်ခုကို စတင်တော့မည်လော။

သူမသည် သူမ၏ ဦးခေါင်းလေးကို ကြက်သွန်ဖြူထောင်းသကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် လုထို့ဝမ် တံခါးတွန်းဖွင့်လိုက်ပြီး ပိုင်ချောင်ရှီအား ပြောလာသည်။

လုထို့ဝမ် "ဂုဏ်သရေရှိပုဂ္ဂိုလ်က မင်းကိုရှာဖို့ လူတစ်ယောက် လွှတ်လိုက်တယ်"

All Chapters