ပိုင်ရှင်ကို ပြန်ပေးခြင်း
Vol. 15 Ch. 219
ထိုမိန်းကလေးမှ ချန်ရှောင်ယန်မှတစ်ပါး အခြားသူ မရှိပေ။
ယခုနှစ်တွင် နာမည်အကြီးဆုံး အမျိုးသမီး အဆိုတော် ဖြစ်သဖြင့် ဤပွဲမျိုး၌ သူမ ပါဝင်နိုင်ခွင့် ရှိသည်ကို မေးခွန်းထုတ်စရာပင် မလိုချေ။
သာမန် ဖက်ရှင်ရှိုးပွဲတစ်ခုဟု သူမ ထင်ထားသော်လည်း ဤမျှ ကွဲပြားလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားမိပါ။
ဖိတ်စာကို ရပြီးနောက် သူမ ပျော်ရွှင်သွားပြီး သူမ အဝတ်အစားများကို သေချာ ဂရုတစိုက် ရွေးချယ်ခဲ့သည်။ သူမ ဤနေရာသို့ ရောက်မှသာ ရှိုးပွဲ၌ လျှောက်မည့် အနုပညာရှင်များကို အဝတ်အထည် အမှတ်တံဆိပ်များက စပွန်ဆာ ပေးကြောင်း သိလိုက်ရသည်။
မော်ဒယ် ရှိုးပွဲ ဖြစ်သဖြင့် လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ပြသမည့် အဝတ်အစားပင်။
ဖက်ရှင်ရှိုးတွင် အဆိုတော်များက တန်ဖိုးကြီး အမှတ်တံဆိပ်များထံမှ စပွန်ဆာ ရရန် လိုအပ်ပြီး ဈေးကွက်သို့ ချမပြရသေးသည့် နောက်ဆုံးပေါ် အဝတ်အစားများ ဝတ်ဆင်ရပေမည်။ ဤနည်းအားဖြင့် အဆိုတော်များက ပိုထင်ပေါ်နိုင်ပြီး အဝတ်အထည်အသစ်များကိုလည်း ကြော်ငြာနိုင်သည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်လုံး အသာစီးရသည့် အခြေအနေမျိုးကို ဖန်တီးထားခြင်းပင်။
သို့ရာတွင် ချန်ရှောင်ယန်က အရေးကြီးသော သတင်းအချက်အလက်ကို သတိမမူမိပေ။
သူမ ဝတ်ထားသည့် ဝတ်စုံက မဆိုးသော်လည်း အသစ် မဟုတ်ပါ။
ပွဲကြည့်ပရိသတ်ထဲမှ လူတိုင်းက ဖက်ရှင်နှင့် ပတ်သက်၍ အလွန် ဇီဇာကြောင်ကြောင်း လူသိများသည်။ သူမ ဤသို့ ဝတ်ထားလျင် သူတို့ထဲမှ မကျေနပ်မှုများ ရမှာ အသေအချာပင်။ ဤသည်ကို အများပြည်သူသာ သိသွားပါက သူမပုံရိပ်သည်လည်း ကျဆင်းပေလိမ့်မည်။
ဖိတ်စာတွင် ထိုအကြောင်း မရေးထားချေ။
ချန်ရှောင်ယန်သည် ပွဲမစခင် စပွန်ဆာပေးမည့် ကုမ္ပဏီ ရှာရန် တွေးမိသော်လည်း ယင်းက မဖြစ်နိုင်ချေ။
ထို့အပြင် အမှတ်တံဆိပ်များသည် စပွန်ဆာပေးခြင်းနှင့် ပတ်သက်၍ အလွန် ဇီဇာကြောင်သည်။ အရေးအကြီးဆုံးမှာ သူမတို့က ဒီဇိုင်းအသစ်ကို ဝတ်ဆင်ထားရန် လိုအပ်ပေသည်။ အသစ် ရှိသည် ဆိုလျင် တောင်မှ သူတို့ ပို့ပေးရန် အလွန် နောက်ကျနေလေပြီ။
ထိုအခိုက်တွင် စင်ပေါ်မှ အဆိုတော်များက ချန်ရှောင်ယန်ကို မကြာခဏ လှမ်းကြည့်ကြသည်။ သူတို့က သူမကို လက်ညှိုးထိုး၍ သူမကံဆိုးမှုအပေါ် သဘောတွေ့နေကြသည်။
သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် သူမ၏ ရန်သူများသာ။
ချန်ရှောင်ယန်သည် ဒုံးကျည်သဖွယ် တစ်ဟုန်ထိုး ကျော်ကြားလာခဲ့သဖြင့် သူမနှင့် သက်တူရွယ်တူများ မနာလိုကြသည်က သဘာဝပင်။ ဤသို့သော ပွဲကြီးအတွင်း၌ သူမကိုယ်သူမ အရူးလုပ်ခံလိုက်ရသည်ကို ကြည့်ပြီး အခြားသူများက ပျော်ရွှင်နေကြသည်။
“ဟင်းဟင်း ချန်ရှောင်ယန် ငါတို့ ထပ်တွေ့ပြန်ပြီနော်”
ခပ်မာမာ လေသံနှင့်အတူ ဟုန်နာက ချန်ရှောင်ယန်ရှေ့၌ ပေါ်လာသည်။ ဟုန်နာက သူမကို ရန်စသော အကြည့်ဖြင့် ကြည့်လေသည်။
“ဒါ ဘာအဝတ်အစားမျိုးလဲ၊ နင် ဒီကို စားပွဲထိုးဖို့ မဟုတ်ဘဲ ရှိုးလျှောက်ဖို့ လာတာ သေချာရဲ့လား”
ချန်ရှောင်ယန်က ဟုန်နာကို ကြည့်ပြီး တိတ်ဆိတ်မြဲ တိတ်ဆိတ်နေကာ အဝေးသို့ လျှောက်သွားရန် ပြင်လေသည်။
“အလျင်မလိုစမ်းပါနဲ့၊ နင့်ကို သတင်းကောင်းလေး ပြောရဦးမယ်၊ စင်ပေါ်တက်မယ့် အချိန်ကျရင် ငါတို့ နှစ်ယောက်က တစ်ဖွဲ့ထဲ အတူတူ တက်ရမှာတဲ့၊ တိုက်ဆိုင်လိုက်တာနော်”
ဟုန်နာက အပြုံးကြီးပြုံး၍ ချန်ရှောင်ယန်ကို ကြည့်နေသည်။
အပြင်အဆင်ကို နှိုင်းယှဉ်ကြည့်ရုံဖြင့် ဘယ်သူက အနိုင်ရသူလဲ သိသာပေသည်။ သို့သော် ရှိုးအတူတူ လျှောက်ခြင်းက မတူတော့သည့် အရာတစ်ခု ဖြစ်သည်။ အဝတ်အစားက အမျိုးသမီးတစ်ယောက်ကို ပြောင်းလဲနိုင်ပြီး အဝတ်အထည်၏ အရေးပါမှုက အကျယ်တဝင့် ပြောဆိုကြသည့် စကား မဟုတ်ပေ။
ယနေ့တွင် ချန်ရှောင်ယန်က အနက်ရောင် ဝါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ သာမန်မျှသာ ဖြစ်သော်လည်း ထည်ဝါ၍ ကြော့မော့လှသည်။
ဟုန်နာကမူ သူမနှင့် မတူပေ။ သူမက ရွှေအိုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သရဖူနှင့် ဆင်တူသော မကိုဋ်တစ်ခုကို ဆောင်းထားသည်။ ၎င်းက လွန်စွာ တောက်ပနေ၏။ သူမသာ စင်ပေါ် တက်သွားလျင် အလင်းရောင်အောက်၌ ထင်းနေမည်မှာ အသေအချာပင်။ လျှောက်လှမ်း၌ လျှောက်နေချိန်တွင် သူမက ချန်ရှောင်ယန်ကို လွှမ်းမိုးသွားပေလိမ့်မည်။
ချန်ရှောင်ယန်က ဟုန်နာကို အေးစက်စက် စိုက်ကြည့်၍ မကျေနပ်သံပြုကာ တစ်ဖက်လှည့်သွားသည်။
ယနေ့ သူမ ဟုန်နာထံမှ ပြေးမလွတ်နိုင်မှန်း သိလိုက်သည်။ ဟုန်နာက ပြီးခဲ့သည့် အဖြစ်အပျက်အတွက် လက်တုံ့ပြန်သည့် အနေဖြင့် သူမကို စင်ပေါ်၌ နင်းချေချင်နေခြင်းပင်တည်း။
စင်ပေါ်တွင် တင်ဆက်သူ၏ အဖွင့်စကား ပြောဆိုခြင်းက ပြီးဆုံးသွားပြီးနောက် သူ့မျက်နှာအမူအရာက လေးနက်ဟန်သို့ ပြောင်းလဲသွားသည်။
“အားလုံးပဲ ပထမဆုံးအဖွဲ့ကို ကြိုဆိုလိုက်ရအောင်ဗျာ၊ သူတို့သီချင်းတွေက လမ်းမထက်တွေနဲ့ တစ်ကမ္ဘာလုံးမှာ ကျော်ကြားတဲ့ အဖွဲ့ပါ၊ သူတို့ကတော့ … ဖီးနစ်ဒဏ္ဍာရီပါပဲ”
တင်ဆက်သူ ပြောပြီးသည်နှင့် ခမ်းနားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က ဖြည်းဖြည်းချင်း ဟန်ပါပါ တက်သွားကြသည်။
ပွဲကြည့်ပရိသတ်များက အသာခေါင်းညိတ်၍ ရံဖန်ရံခါတွင် မှတ်ချက်များ ပြုကြလေသည်။
“သူတို့က Tory အမှတ်တံဆိပ်ကို ဝတ်ဆင်ထားတာပါ၊ ဒီအမှတ်တံဆိပ်ရဲ့ အဝတ်အစား အရောင်တွေက အမြဲ ရိုးရှင်းလွန်းပင်မယ့် ဒီတစ်ခါတော့ တိုးတက်လာပါတယ်”
“ဖီးနစ်ဒဏ္ဍာရီ ဟုတ်လား၊ သူတို့သီချင်းတွေက တော်တော်လေး ကောင်းတယ်၊ သူတို့က ဒီတံဆိပ်ကို ကြော်ငြာတယ်ဆိုတော့ ငါ ဒီအမှတ်တံဆိပ်က အဝတ်အစား နည်းနည်းပါးပါး ဝယ်ပြီး စမ်းဝတ်ကြည့်ဦးမယ်”
“သူတို့ ပြင်သစ်လူမျိုး ဒီဇိုင်နာကို ငှားထားတယ်လို့ ငါ ကြားတယ်၊ သူတို့က နောက်ဆို တော်တော်လေး ပြိုင်ဆိုင် လာတော့မယ့်ပုံပဲ”
ရှိုးလျှောက်ပြီးနောက် ဖီးနစ်ဒဏ္ဍာရီက စင်ပေါ်မှ ဆင်းသွားလေသည်။
နောက်တစ်ဖွဲ့ကတော့ အဆိုတော် လီဟောင်နဲ့ ဝမ့်စုန့်ပါ”
ထိုသူနှစ်ယောက်မှာ အမျိုးသားများ ဖြစ်ကြပြီး မတူညီသော အဝတ်အထည် အမှတ်တံဆိပ်များမှ ဝတ်စုံများကို ဝတ်ထားကြသည်။ အရောင်က အနည်းငယ်သာ ကွဲပြားပြီး အလွန် ကောင်းမွန်သော အမြင်များ ရရှိကြသည်။
“နောက်တစ်ဖွဲ့ကတော့ …”
အဖွဲ့များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရှိုးလျှောက်သွားကြသည်။
VIP များက စင်အောက်မှနေ၍ သေသေချာချာ လေ့လာနေသည်။ အထူးသဖြင့် အဝတ်အထည်လုပ်ငန်း၌ ဦးဆောင်နေသော ပုဂ္ဂိုလ်များပင်။ သူတို့သည် ပြိုင်ဘက်၏ အဝတ်အထည်မှ ထူးခြားမှုများကို သူတို့ အဝတ်အထည်နှင့် နှိုင်းယှဉ်နေကြပြီး အနာဂတ်၌ တိုးတက်လာစေရန် အကောင်းအဆိုးများကို မှတ်နေကြသည်။
အဝတ်အထည်အပြင် သူတို့က ထိုအဝတ်အစားများကို ဝတ်ဆင်ထားသည့် ကြယ်ပွင့်များကိုပါ မှတ်ထား ကြသည်။ အကယ်၍ သူတို့က မော်ဒယ်လ်လုပ်ပေးရန် သင့်တော်ပါက ထိုကြယ်ပွင့်များကို သူတို့၏ ကိုယ်စားလှယ် လုပ်ပေးရန် သူတို့ကိုယ်တိုင် တောင်းဆိုမည် ဖြစ်သည်။ ထိုအခါ အောင်မြင်မှုနှင့် ကြွယ်ဝမှုတို့ ထပ်ဆောင်း ရရှိလာပေမည်။
တင်ဆက်သူက ဆက်လက်၍ ပြောကြားနေသည်။
“နောက်အဖွဲ့ကတော့ လက်ရှိနဲ့ အရင်က ကျော်ကြားတဲ့ အဆိုတော်တွေ ပါဝင်တဲ့ အဖွဲ့ပါ၊ တစ်ယောက်က အွန်လိုင်း ဆယ်လီ အဆိုတော်ကနေ အောင်မြင်စွာ တေးသံရှင် ကြယ်ပွင့်အဖြစ် ကူးပြောင်းလာနိုင်တဲ့သူပါ၊ သူ့သီချင်းတွေက QQ ရဲ့ အပေါက်ဆုံးစာရင်းက ထိပ်ဆုံး သုံးနေရာမှာ ရှိနေတာ ကြာပါပြီ၊ သူကတော့ ချန်ရှောင်ယန်ပါပဲ ခင်ဗျာ၊ နောက်တစ်ယောက်ကတော့ ဂန္ထဝင်သီချင်းတွေ ရေးခဲ့တဲ့ ဝါရင့်အဆိုတော် ဟုန်နာပါ၊ သူတို့ကို စင်မြင့်ပေါ် ဖိတ်ခေါ်လိုက်ရကြအောင်”
ချန်ရှောင်ယန် အသက်ပြင်းပြင်းရှူ၍ နှုတ်ခမ်းကိုက်လိုက်ပြီး ခေါင်းမာသော မျက်နှာနှင့် စင်ပေါ် လျှောက်သွား လိုက်သည်။ ထိုအခိုက်တွင် ဟုန်နာက အပြုံးနှင့် စင်ပေါ်သို့ တက်လာသည်။
ချန်ရှောင်ယန်နှင့် ဟုန်နာကြားမှ ပဋိပက္ခကို လူတိုင်း သတိထားမိသည်။ သူတို့အဖြစ်က အတော်လေး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သဖြင့် သူတို့က အတူတူ ထွက်လာမည်ကို ကြာားလိုက်ရသောအခါ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ လူတော်တော်များများက စင်မြင့်ပေါ်သို့ အာရုံစိုက်နေကြသည်။
လူအုပ်ကြီးသည် လှမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။
“ဘာတွေဖြစ်နေတာလဲ၊ ချန်ရှောင်ယန်ရဲ့ အဝတ်အစားက မနှစ်က ဒီဇိုင်း မဟုတ်လား”
“မဟုတ်မှလွဲရော ဘယ်အဝတ်အစား ကုမ္ပဏီကမှ ချန်ရှောင်ယန်ကို စပွန်ဆာ မပေးချင်တာများလား”
“ဒါ တော်ရိလျော်ရိ နိုင်မနေလွန်းဘူးလား၊ သူ ဝင်ပါမယ့်ကိစ္စကနေ ရှောင်လိုက်သင့်တာ၊ သူက အရေးပါတဲ့ပုံ ပေါက်အောင် ကြိုးစားနေတာလား”
“ချန်ရှောင်ယန်က ဟုန်နာကို မယှဉ်နိုင်ဘူး၊ သူတို့က ကွာခြားလွန်းတယ်၊ အတွေးအခေါ် မရှိရင် ဒီလို ဖြစ်လာမှာပဲ”
“ချန်ရှောင်ယန်တော့ မကြာခင် ကျရှုံးတော့မှာပဲ၊ VIP တော်တော်များများ မပျော်မရွှင် ဖြစ်နေတာ အသိသာကြီးပဲ၊ ဘယ်လိုလုပ် သူက ဒီလို ရူးမိုက်တဲ့ အမှားမျိုး လုပ်ရတာလဲ”
“ဟုန်နာက စင်ပေါ်မှာ ချန်ရှောင်ယန်ထက် လုံးဝ ထင်ပေါ်နေတာ”
…
ဝေဖန်သံများက ချန်ရှောင်ယန်၏ နားထဲ တိုးဝင်လာပြီး သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက မသိမသာ တုန်ယင်လာသည်။ သို့သော် သူမ အံကြိတ်၍ ဆက်လျှောက်လေသည်။
ဟုန်နာ၏ နှုတ်ခမ်းများက မာန်တက်စွာဖြင့် ကော့တက်လာသည်။
*ငါ့ကို အာခံရင် နင် ဒီလိုမျိုး ဖြစ်မှာပဲ၊ ငါ နင့်ကို အမြဲ နင်းချေနေမှာ၊ နင်က ဘာလို့ ငါနဲ့ တိုက်ခိုက်ဖို့ ကြိုးစား ခဲ့သေးလဲ*
အနုပညာရှင်များသည် လှပသော်လည်း သူတို့ကို ထောက်ပံ့ကူညီမည့် အကူအညီများ လိုအပ်ပါသေးသည်။ သူတို့သည် လူအများအမြင်၌ ပို၍ ထင်ပေါ်ကာ သတိထားမိစေရန် အကူအညီနှင့် ငွေကြေးတို့ လိုအပ်သည်။
စင်အောက်မှ VIP များသည် ထိုအရင်းအနှီး၏ အဓိက အရင်းအမြစ်ပင်။
သူတို့ထံမှ အမြင်ကောင်းရသူများသည် ဆိုးရွားသော အမြင်များ ရရှိသူများထက် လုံးဝ ခြားနားစွာ ဆက်ဆံခံရမည်မှာ သေချာလှသည်။
ငွေကြေး သို့မဟုတ် ထောက်ပံ့မှု ကောင်းကောင်း မရသော အနုပညာရှင်များသည် နာမည်ကြီးလာရန် မဆိုထားနှင့် အသက်မွေးဝမ်းကြောင်းဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြသည်။
ချန်ရှောင်ယန်ကို ထွက်လာသည်ကို မြင်သောအခါ ရဲ့လင်းချန်သည်လည်း အံ့ဩသွားသည်။ ချန်ရှောင်ယန်နှင့် ဟုန်နာတို့ အတူတူ ထွက်လာသည့်အခိုက်တွင် သူ မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မှားနေပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
ယခုကဲ့သို့ အခြေအနေ၌ ချန်ရှောင်ယန် ရှိုးပွဲကို ဆက်လျှောက်ရဲသည့် သတ္တိကို ထိန်းထားနိုင်သည်ကပင် အတော်လေး လုံလောက်နေလေပြီ။
“ရပ်လိုက်”
ထိုစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် ထအော်လာသည်။
“ဒီရှိုးပွဲမှာ ခေတ်မမီတော့တဲ့ ဝတ်စုံတွေကို ငါတို့ လက်မခံနိုင်ဘူး၊ အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့တစ်ယောက် ကျေးဇူးပြုပြီး ဆင်းသွားပေးပါ”
ရှိုးပွဲက တစ်ဝက်တစ်ပျက်သာ ပြီးသေးသဖြင့် လူတိုင်း အံ့ဩသွားကြသည်။ သို့သော် မကြာခင်မှာပင် လူတော်တော်များများက ပြောဆိုလာကြသည်။
“အဲ့ဒါ မှန်တယ်၊ ကျေးဇူးပြုပြီး စင်ပေါ်က ဆင်းသွားပါ …”