← Chapters

ရင်သက်ရှုမောဖွယ် မိန်းမလှလေး

Vol. 15 Ch. 220

ရင်သက်ရှုမောဖွယ် မိန်းမလှလေး

Vol. 15 Ch. 220

ချန်ရှောင်ယန်၏ ခြေထောက်များက နေရာတွင် ရပ်တန့်နေပြီး ဘယ်လို တုံ့ပြန်ရမလဲမသိ ဖြစ်နေသည်။

သူမ အကျိုးဆက်များကို တွေးခဲ့သော်လည်း ဤမျှ ပြင်းထန်လိမ့်မည်ဟု ထင်မထားမိပါ။

စင်ပေါ်တွင် တစ်ဝက်တစ်ပျက်နှင့် ဆွဲချခံရခြင်းက သူမနာမည်ကို ရွှံတောထဲ ဆွဲနှစ်လိုက်သည်နှင့် အတူတူပင်။ နောက်တွင် သူမ အခြားသူများရှေ့၌ အဘယ်သို့ ရပ်တည်ရမည်နည်း။

စင်အောက်မှ ပုဂ္ဂိုလ်များသည် သူဌေးကြီးများ သို့မဟုတ် လူချမ်းသာ သခင်လေးများ ဖြစ်ကြသည်။ သူတို့သည် အနုပညာရှင် များစွာကို မြင်ဖူးပြီး ဖြစ်သဖြင့် သူမတို့က သူတို့မျက်လုံးထဲတါင် ဘာမှမဟုတ်ချေ။ ထို့ကြောင့် သူတို့က ချန်ရှောင်ယန်အပေါ် ဖော်ရွေပျူငှာခြင်း မရှိပေ။ သူတို့၏ အရှိန်အဝါကြောင့် သူတို့က သူမကို စင်ပေါ်မှ ချက်ချင်း ဆွဲထုတ်နိုင်ပေ၏။

ချန်ရှောင်ယန်၏ ဆောက်တည်ရာမရသော အခြေအနေကို ကြည့်ပြီး ဟုန်နာက ချက်ချင်း ထရယ်လေသည်။ ယခုတစ်ခေါက်တွင် သူမ ချန်ရှောင်ယန်ကို လုံးဝ နင်းချေနိုင်လေပြီ။ ထို့အပြင် ဤအဖြစ်အပြီးတွင် မီဒီယာ ပလက်ဖောင်းမျိုးစုံကို သုံး၍ ချန်ရှောင်ယန် ဘယ်တော့မှ နလန်မထူလာနိုင်အောင် သူမ လုပ်နိုင်မည်ဟု ယုံကြည်နေ၏။

“ကျွန်မ ချန်ရှောင်ယန်နဲ့ စင်မြင့်တစ်ခုကို အတူတူ မလျှောက်ချင်ဘူး”

ဟုန်နာက စင်ပေါ်၌ ပြတ်ပြတ်သားသား ကြေညာသည်။ သူမ မျက်နှာအမူအရာက မာကြောနေ၏။

“ဒါက ဖက်ရှင်ရှိုးပွဲနဲ့ အဝတ်အစားကို စော်ကားလိုက်တာပါပဲ”

စကားတစ်ခွန်းတည်းဖြင့် သူမသည် ချန်ရှောင်ယန်ကို နင်းချေ၍ သူမကိုယ်သူမ ပိုသာအောင် စီမံလိုက်သည်။

ရဲ့လင်းချန်က အရှေ့တည့်တည့်၌ ထိုင်နေသည်။ သူက ချန်ရှောင်ယန်ကို ကြည့်နေသည်။ သူမက ခေါင်းငုံ့ထားပြီး သူမ၏ ဆံနွယ်ရှည်များက သူမအမူအရာကို ဖုံးကွယ်ထားလေသည်။ သူမပခုံးလေးက ရံဖန်ရံခါ တုန်တက် လာသည်ကို သေချာကြည့်လျင် မြင်နိုင်ပေသည်။

“ဆရာကျား၊ ကျွန်တော် ခင်ဗျားဆီကနေ အကူအညီတစ်ခုလောက် တောင်းချင်တယ်”

ရဲ့လင်းချန်က ရုတ်တရက် ကျားတိကို ပြောလိုက်သည်။

“သခင်လေးရဲ့၊ ခင်ဗျား ဘာလိုအပ်တာပါလဲ ကျုပ်ကို ပြောသာပြောပါ”

ကျားတိက ပြန်ပြောသည်။

“ကျွန်တော် ခင်ဗျားကို ပုံစံထုတ်ခိုင်းထားတဲ့ ဒီဇိုင်းအသစ်က စင်ပေါ်က အဲ့မိန်းကလေးအတွက် သီးသန့် ချုပ်ခိုင်းထားတာပါ”

ရဲ့လင်းချန်က ညင်သာစွာ ပြောလိုက်သည်။

“အခု ပိုင်ရှင်ကို ပြန်ပေးလိုက်ဖို့ အချိန်တန်ပြီ”

ကျားတိ တစ်ခဏမျှ အံ့ဩသွားပြီးမှ စင်ပေါ်မှ ချန်ရှောင်ယန်ကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ချန်ရှောင်ယန်က ပြိုလဲလုဆဲဆဲ ဖြစ်နေသည်။ သူမက စင်ပေါ်မှ တိတ်တဆိတ် ဆင်းသွားရန် ပြင်နေ၏။

“မိန်းကလေး ချန်ရှောင်ယန် ခဏလေး နေပါဦး”

ရုတ်တရက် ထွက်ပေါ်လာသောအသံက လူတိုင်းကို အံ့ဩသွားစေသည်။ ထို့နောက် ကျားတိက ပြုံး၍ ထရပ်လာသည်ကို တွေ့လိုက်ရသည်။

ကျားတိသည် VVIP များထဲမှ တစ်ယောက် ဖြစ်သည်။

*သူကိုယ်တိုင် မတ်တပ်ထရပ်လာတယ်ဆိုတော့ … ဧကန္တ ချန်ရှောင်ယန်ရဲ့ အပြုအမူက သူ့ကို ဒေါသထွက် သွားစေတာလား*

*အဲ့လိုပဲ ဖြစ်လိမ့်မယ်*

ကျားတိသည် Vatti ၏ ခေါင်းဆောင် ဒီဇိုင်နာတစ်ယောက် ဖြစ်ပြီး အဝတ်အစားနှင့် ပတ်သက်၍ အလွန် ဇီဇာကြောင်သည်။ ချန်ရှောင်ယန်၏ စင်ပေါ်၌ မသိနားမလည်ပြုမှုက ဤနေရာ၌ ရှိနေသော VIP များ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ ကျားတိ ဒေါသထွက်လာသည်က ဖြစ်သင့်ပေသည်။

စင်နောက်၌ ပွဲတွင် ပါဝင်သည့် အနုပညာရှင်များကလည်း စင်ပေါ်ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ချန်ရှောင်ယန် ဘာဖြစ်မလဲ သိချင်စိတ် ထက်သန်နေ၏။

“ဝိုး … အဲ့ဒါ ကျားတိပဲ၊ သူက တော်တော် အမြင်ရှိတာ”

“ကျားတိသာ ငါ့ကို ရွေးလို့ကတော့ ငါ့ကိုယ်ငါ သူ့ဆီ ပေးလိုက်ပြီ”

“သူက Vatti ရဲ့ ခေါင်းဆောင် ဒီဇီုင်နာဆိုတော့ ပုဂ္ဂိုလ်ကြီးဆိုတာ အသေအချာပဲ၊ သူ့လက်က နည်းနည်း သုံးလိုက်တဲ့ ပမာဏက ငါတို့ တစ်သက်လုံး ရှာနိုင်တာနဲ့ ညီမျှတယ်”

“ချန်ရှောင်ယန်တော့ သွားပြီ၊ ဆရာကျားက သူ့ကို ဘာလုပ်မယ်လို့ ထင်လဲ”

သို့သော် ကျားတိက စင်ပေါ်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။

ကျားတိ လျှောက်နေသည်ကိုမြင်ပြီး ချန်ရှောင်ယန်၏ မျက်လုံးတွင် ကြောက်စိတ် တိုးလာပြီး ဟုန်နာက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီနေသည်။

ဟုန်နာက ခါးကိုမတ်ထားပြီး သူမခန္ဓာကိုယ်နှင့် အမူအရာကို အစွမ်းကုန် ထင်ပေါ်နေရန် ကြိုးစားလေသည်။ သူမမျက်လုံးများက ကျားတိထံတွင်သာ ကပ်ညိနေပြီး သူမစိတ်ထဲ၌ ဖြစ်နိုင်ချေများစွာကို တွေးတောနေ၏။

သူမစိတ်ထဲတွင် ကျားတိက သူမထံ လျှောက်လာနေသည်ဟု ထင်မှတ်နေသည်။

ဆရာကျားက သူမ၏ လှပသော ခန္ဓာကိုယ်နှင့် အထက်တန်းဆန်သော အသွင်အပြင်တို့ကို စိတ်ဝင်စားနေခြင်း ဖြစ်ပြီး သူမအား Vatti ၏ ကိုယ်စားလှယ် ဖြစ်ပေးရန် လာပြောသည်ဟု မျှော်လင့်နေ၏။ ထိုသို့ဖြစ်လာပါက သူမ ကျော်ကြားမှုက တစ်ဟုန်ထိုး မြင့်တက်လာပေမည်။ ကိုယ်စားလှယ်ကြေးနှင့်အတူ သူမ၏ အလုပ်အကိုင်တွင် ဒုတိယအကြိမ် အမြင့်ဆုံးသို့ ရောက်နိုင်လောက်သည်။

သူမ ချန်ရှောင်ယန်အပေါ် အငြိုးထားပါသည်။ အကြောင်းမှာ ချန်ရှောင်ယန်၏ ငယ်ရွယ်မှု၊ ကျော်ကြားမှုနှင့် အလားအလာတို့က သူမထက် သာနေသောကြောင့်ပင်။ ထိုအရာတို့ကို သူမ အားကျသလို မုန်းတီးမိသည်။

*ဘာလို့ ချန်ရှောင်ယန်က ဒါတွေအားလုံး ရဖို့ ထိုက်တန်နေတာလဲ၊ ဒါတွေက ငါ့ဟာတွေ ဖြစ်သင့်တာ*

မကြာခင်မှာပင် ကျားတိက အတွေးထဲ ပြောစရာစကားများ စီရီလေ့ကျင့်နေသော ဟုန်နာရှေ့သို့ ရောက်လာသည်။ သူမက ပြုံး၍ သူ့အား နှုတ်ဆက်ရန် ပြင်လိုက်သည်။

သို့ရာတွင် ကျားတိက သူမကို ကြည့်ပင်မကြည့်ဘဲ သူမကို ကျော်၍ ချန်ရှောင်ယန် အရှေ့သို့ ရောက်သွား လေသည်။

ချက်ချင်းဆိုသလိုပင် သူက ချန်ရှောင်ယန်အား ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး အပြုံးနှင့် ပြောလိုက်သည်။

“ချန်မိန်းကလေး ကျုပ် တောင်းပန်ပါတယ်၊ ဒါ ကျုပ်တို့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တာပါ၊ မင်းရဲ့ အဝတ်အစားတွေ ရောက်လာပါပြီ”

*ဟမ်*

လူတိုင်း အံ့ဩသွားသည်။

ဟုန်နာက ချန်ရှောင်ယန်ကို စိုက်ကြည့်နေပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေသည်။ သူမစိတ်က ဗလောင်ဆူနေပြီး ကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်နေလေသည်။

*ထင်ယောင်ထင်မှား ဖြစ်တာ၊ ဒါ ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*

သူမအမူအရာက သုန်မှုန်နေပြီး သွားများ ကြေမွလုမတတ် အံကြိတ်လာသည်။

ထို့နောက် ကျားတိက လက်ဝှေ့ယမ်းပြလာသည်။ တင်ဆက်သူသည် အချိန်မဆွဲရဲဘဲ ချက်ချင်း မိုက်ကို လှမ်းပေးသည်။

“တကယ်တော့ မိန်းကလေးချန်က Vatti ရဲ့ ကိုယ်စားလှယ်ပါ၊ ကျုပ်တို့ရဲ့ ပေါ့ဆမှုကြောင့် အဝတ်အစားက နောက်ကျမှ ရောက်လာခဲ့တာပါ၊ အခု ကျုပ် မိန်းကလေးချန်ကို အဝတ်လဲဖို့ စင်နောက်ကို ခဏသွား စေချင်ပါတယ်၊ ပြီးမှ သူ စင်ပေါ် ပြန်တက်လာပါလိမ့်မယ်”

ကျားတိက အားလုံးကို ကြေညာလေသည်။

သူ့လေသံမှနေ၍ ချန်ရှောင်ယန်ကို ကာကွယ်နေကြောင်း အားလုံး ရိပ်မိလိုက်ကြသည်။

“ဟားဟား ဘာလို့ Vatti ရဲ့ အဝတ်အစားကို စင်ပေါ်မှာ မတွေ့ရတာပါလိမ့်လို့ ကျုပ် တွေးနေတာ၊ လတ်စသတ်တော့ ဒီလို ဖြစ်နေတာကိုး၊ ကျုပ် ဆရာကျားရဲ့ ဆုံးဖြတ်ချက်ကို သဘောတူပါတယ်”

တစ်စုံတစ်ယောက်က ထရပ်၍ ပြောလာသည်။

“ဒါဆို ကျုပ်တို့ မိန်းကလေးချန်ကို အထင်လွဲခဲ့မိတာပဲ”

“ဟားဟားဟား ကျုပ် ဆရာကျားရဲ့ ဒီဇိုင်းကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး၊ မျက်စိဖမ်းစားနိုင်မယ်လို့ ကျုပ် ယုံကြည်တယ်”

“မြန်မြန် သွားလဲပါဗျ၊ မိန်းကလေးချန်ရဲ့ ရုပ်ရည်နဲ့ ကျက်သရေက ထိပ်တန်းအဆင့်ပဲ၊ လှမှာ သေချာတယ်”

ကျားတိ၏ ဩဇာအောက်၌ လူတိုင်း သဘောတူလာကြသည်။

ထိုစဉ် မိန်းမပျိုလေးများက ချန်ရှောင်ယန်အား တလေးတစားဖြင့် အရှေ့မှ လမ်းပြ၍ စင်အနောက်သို့ ဆင်းကာ အဝတ်အစားလဲစေသည်။

စင်ပေါ်၌ ဟုန်နာ တစ်ယောက်တည်းသာ ကျန်ခဲ့လေ၏။

ထိုအခိုက်တွင် အရာအားလုံး ရပ်တန့်နေပြီး ဘယ်သူကမှ ဟုန်နာကို စကားမပြောသလို သူမ စင်ပေါ်မှ မဆင်းရဲချေ။ သူမ စင်ပေါ်၌ အနေရခက်စွာ ရပ်နေရပြီး ချန်ရှောင်ယန်ကို စောင့်နေရသည်။

သူမမျက်နှာတွင် သုန်မှုန်ကာ ဖြူဖပ်ဖြူရော်ဖြစ်ကာ မျက်နှာ ရှုံ့မဲ့နေသောကြောင့် ကြည့်ရဆိုးနေသည်။

*ဘာလို့လဲ၊ ဘာလို့ ဒီလို ဖြစ်ရတာလဲ*

ရုတ်တရက်ဆန်ဆန် ပြောင်းလဲသွားခြင်းက သူမကို ရူးမတတ် ဖြစ်သွားစေသည်။ သူမကိုယ်သူမ ထိန်းချုပ်နေရခြင်းကြောင့်သာ မဟုတ်လျင် ကျားတိထံ သွားပြီး သူ့အား အဘယ်ကြောင့် ချန်ရှောင်ယန်တွင် ဤသို့ ဦးစားပေးသော ဆက်ဆံရေး ရရသနည်းဟု မေးမိလောက်သည်။

ဆယ်မိနစ်နစ် ပြည့်သွားသော်လည်း ဟုန်နာ မလှုပ်ရဲပါ။ သူမ တစ်ချိန်လုံး အတင်း ပြုံးနေရသည်။

“ကဲ အခု ချန်ရှောင်ယန် စင်ပေါ် နောက်တစ်ခါ ပြန်တက်လာပါပြီခင်ဗျာ”

တင်ဆက်သူက ကြေညာလိုက်သည်နှင့် တစ်ခါမှ မကြားခဲ့သော လက်ခုပ်သံ ထွက်ပေါ်လာသည်။

ထိုသူဌေးကြီးများက အနုပညာရှင်တစ်ယောက်အတွက် လက်ခုပ်တီးပေးနေသည်တဲ့လား။

သို့သော် တစ်ခဏအတွင်း လက်ခုပ်သံများ ချက်ချင်း ပျောက်ကွယ်သွားသည်။ အချိန်သည်လည်း ရပ်တန့်သွားပုံ ပေါ်သည်။

လူတိုင်း ချန်ရှောင်ယန် လျှောက်လာနေသော အရပ်သို့ လှမ်းကြည့်ရင် မှင်တက်သွားကြသည်။

ချန်ရှောင်ယန်က ပင်လယ်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဝတ်စုံက ကြမ်းပြင်ထိပင် ရောက်နေပြီး လိုက်ဖက်ညီသော ပင်လယ်ပြာရောင် ဒေါက်ဖိနပ်ကို စီးထားသဖြင့် သူမပုံစံက အပြစ်အနာအဆာ ကင်းသည့် ဒက်ဖိုလ်ပန်းလေးနှင့် တူနေ၏။

ဝတ်စုံကို ချုပ်လုပ်ထားပုံက တစ်မူထူးခြားလှသည်။

အလွန် နူးညံ့သော ဇာထည်စလေးကို ပိုးသားအထည်၌ လွှမ်းခြုံထားသည်။

သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဇာထည်လေးက အသာအယာ တဖျပ်ဖျပ် လှုပ်ခါလာ၏။

သူမအသွင်အပြင်ကို အဝေးမှ သေချာ မမြင်ရသော်လည်း သူမ၏ သေးသွယ်သော ခါးနှင့် ရင်သက်ရှုမောဖွယ် ကောင်းသော သူမပခုံးတို့ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထိုသို့သောအချိန်၌ ချန်ရှောင်ယန်၏ ညှို့ဓာတ်က အပြည့်အဝ ထွက်ပေါ်နေပြီး အထင်းသား ပေါ်လွင်နေ၏။

ပရိသတ်များ၏ အာရုံစိုက်ခြင်းကို ရရှိရန် ကြိုးစားနေသော လူများကြား၌ ချန်ရှောင်ယန်က လူတိုင်းကို အသက်ရှူ မှားသွားအောင် ပြုလုပ်လာလေသည်။

All Chapters