လူအုပ်အား မှင်တက်စေခြင်း
Vol. 15 Ch. 221
“မြတ်စွာဘုရား သူက လှလိုက်တာ၊ ငါ အသက်တောင် မရှူနိုင်ဘူး”
ခန်းမတစ်ခုလုံး ထိတ်လန့်သွားပြီး တိတ်ဆိတ်မှုက ချီးမွမ်းသော စကားတစ်ခွန်းက ဖြိုခွင်းလာ၏။
တစ်ခဏအတွင်း လူအများသည် မှင်တက်နေရာမှ အသိပြန်ဝင်လာကြသည်။
“ဟုတ်တယ် ငါတို့ကမ္ဘာထဲကို နတ်သမီးတစ်ပါး ဆင်းသက်လာသလိုပဲ”
“Vatti က ဒီဝတ်စုံက တကယ့်ကို နတ်ဘုရားလိုပဲ”
“အား … ဓာတ်ပုံရိုက်ကြ၊ မြန်မြန်လုပ်၊ ငါတို့ ဒါကို တခြား မီဒီယာ ပလက်ဖောင်းတွေ မတင်ခင် တင်ထားမှ ဖြစ်မယ်”
“ဒီနှုန်းအတိုင်းဆိုရင် ချန်ရှောင်ယန်က ဆိုရှယ် မီဒီယာပေါ်မှာ ရေပန်းစားပြီး ကျော်ကြားလာဦးမှာ သေချာတယ်”
“သူ ကျော်ကြားတော့မှာ၊ သေချာပေါက် ကျော်ကြားတော့မှာ၊ Vatti က အဝတ်အစားက သူ့အတွက် သီးသန့် ချုပ်ထားသလိုပဲ”
…
ထိုအခိုက်တွင် စင်အောက်မှ အံ့ဩသော စကားသံများသာ ထွက်ပေါ်နေ၏။
ပရိသတ် တစ်ချို့သည် မီဒီယာ ကုမ္ပဏီများမှ သတင်းထောက်များ ဖြစ်ကြသည်။ သူတို့အားလုံးက ကင်မရာကို မြှောက်၍ ချန်ရှောင်ယန်ကို အဓိကထား၍ သဲသဲမဲမဲ ဓာတ်ပုံရိုက်နေသည်။ သူတို့ ထောင့်ပေါင်းစုံမှ ရိုက်ကူးနေ ကြလေသည်။
ဤသို့သော သတင်းက ပေါက်မည်ဖြစ်ကြောင်း သူတို့အားလုံး သိနေကြသည်။
*ပြန်ခေတ်ထဦးမယ်၊ လက်ဖျားခါလောက်အောင် ခေတ်စားဦးမှာပဲ၊ မယုံနိုင်စရာကောင်းတဲ့ ကျော်ကြားမှုပဲ*
ဤသည်က မသိလျင် ဘဲရုပ်ဆိုးလေးက လှပသော ငန်းတစ်ကောင် ဖြစ်သွားသော ပုံပြင်လိုပင်။
စင်ပေါ်၌ ချန်ရှောင်ယန်သည်လည်း အိပ်မက်မက်နေသော အခြေအနေ၌ ရှိနေသေးသည်။
အစောပိုင်းက အရှက်ခွဲခံနေရရာမှ လက်ရှိအခြေအထိ အားလုံးကို တကယ် မဟုတ်ဟု သူမ ခံစားမိနေ၏။
ယခင်က ဟုန်နာနှင့် အခြားသူများ၏ နှုတ်အားဖြင့် အနိုင်ကျင့်မှုအောက်တွင် သူမ အရှက်ရကာ ဝမ်းနည်းခဲ့ရသည်။ သို့သော် လက်ရှိတွင် အကြည့်များက သူမထံသာ ကပ်ငြိနေပြီး အံ့ဩတကြီး ပြောဆိုသံများကို ကြားနေရသဖြင့် သူမအတွေးထဲ ဗလာဖြစ်နေလေသည်။
ထို့နောက် သူမကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ယုံကြည်မှုရှိသော အပြုံးကို ဆင်မြန်းကာ စင်မြင့် တောက်လျှောက် လျှောက်လှမ်းလိုက်သည်။
ဟုန်နာသည် စင်၏ အခြားထောင့်၌ ရပ်နေပြီး ချန်ရှောင်ယန်ကို တိတ်ဆိတ်စွာ စောင့်နေသည်။
ချန်ရှောင်ယန် ပေါ်လာသည်နှင့် ဟုန်နာ၏ အမူအရာက အေးခဲသွားသည်။
ယခင်က သူမ၏ ရွှေအိုရောင် ဝတ်စုံက သူမကို ထင်ပေါ်အောင် လုပ်နိုင်ပြီး လူအများ၏ အာရုံကို ဆွဲယူနိုင် လိမ့်မည်ဟု ထင်ခဲ့မိသည်။
ချန်ရှောင်ယန် ပေါ်လာသည်နှင့် သူမအပေါ် ကျရောက်နေသော သတင်းထောက်များ၏ အကြည့်များက ချန်ရှောင်ယန်ပေါ် ကျရောက်သွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပေ။
ရွှေသည် မူလက တင့်တယ်ခြင်း၏ အရောင် ဖြစ်သည်။
သူမဝတ်စုံမှ ရွှေအိုရောင် ချည်မျှင်များက အလင်းရောင်အောက်၌ တလက်လက် တောက်ပနေသည်။
အစက လှပနေသော ဝတ်စုံသည် ချန်ရှောင်ယန်၏ အဝတ်အစားကြောင့် သိမ်ငယ်သွားရသည်။
ချန်ရှောင်ယန် အမူအရာကို မထိန်းနိုင်တော့ချေ။
စင်အောက်မှ အသံများကို ကြားနေရပြီး ပတ်ပတ်လည်က ချန်ရှောင်ယန်ကိုသာ အာရုံစိုက်နေသည်ကို တွေ့လိုက်ရသောအခါ ဟုန်နာ၏ မျက်နှာက စက္ကန့်ပိုင်းအတွင်း ပိုမည်းမှောင်လာ၏။
သူမ ချန်ရှောင်ယန်ကို အလွန်အမင်း အားကျမိသည်။
အစကတည်းက သူမက ချန်ရှောင်ယန်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သည်။
ချန်ရှောင်ယန်သည် ငယ်ရွယ်ပြီး ကျော်ကြားနေချန်တွင် ဟုန်နာက အသက် သုံးဆယ့်ငါးနှစ် ကျော်နေပြီ ဖြစ်ပြီး အတိတ်အခါကကဲ့သို့ မကျော်ကြားတော့ချေ။
သူမ မငယ်တော့သည်ကို သိနေသဖြင့် ဟုန်နာသည် လူမြင်ကွင်းသို့ မထွက်ခင် အမြဲ မိတ်ကပ် ထူထူ လိမ်းလေ့ ရှိသည်။
အနီရောင် တောက်တောက် နှုတ်ခမ်းနီက ရွှေအိုရောင်ဝတ်စုံနှင့် လိုက်ဖက်ပေသည်။
မူလက သူမသည် ဧကရီတစ်ပါးသဖွယ် လှပနေသော်လည်း ချန်ရှောင်ယန် စင်ပေါ် တက်လာသောအခါ … အရာအားလုံး ပြောင်းလဲသွားလေသည်။
ရွှံ့တောထဲမှ ထွက်လာသော်လည်း ပြစ်မျိုးမှဲ့မထင် ဖြစ်ကာ သန့်စင်၍ အပြစ်ကင်းစင်လှသည်။
ချန်ရှောင်ယန်၏ အသွင်အပြင်က လန်းဆန်းစေသော စမ်းချောင်းလေးသဖွယ် သူတို့၏ ရင်ထဲသို့ စိမ့်ဝင်လာပြီး လူတိုင်းကို ပျော်ရွှင်ကြည်နူးလာစေသည်။
သူမအလှက သေမျိုးလောကထဲသို့ နတ်မိမယ်တစ်ပါး မတော်တဆ ကျလာသကဲ့သို့ တောက်ပ၍ လှပလွန်း ပေသည်။
သူမ ပေါ်လာသည်နှင့် ဟုန်နာ၏ အရောင်အဝါက ချက်ချင်း မှေးမှိန်သွားသည်။
လူတိုင်းသည် ဟုန်နာကို ကြည့်လိုက်သောအခါ ဘာကြောင့်မှန်းမသိ အဆင်အပြင် လွန်ကဲလွန်းသည်ဟု ထင်လာကြသည်။
အဆင်အပြင် လွန်ကဲလွန်းပြီး အာကျယ်လွန်းသည်။
ချန်ရှောင်ယန်၏ ဖြူစင်၍ လန်းဆန်းစေသော ပုံစံနှင့် ယှဉ်လိုက်လျင် ဟုန်နာ၏ မိတ်ကပ်နှင့် ဝတ်စုံက သူမကို ပိုပို၍ လူလေလူလွင့်နှင့် တူလာစေသည်။
ထို့အပြင် မနာလိုစိတ်ကြောင့် ဟုန်နာ၏ မျက်နှာက ရှုံ့မဲ့ကာ ကြည့်ရဆိုးလာသည်။
စင်ပေါ်မှ အခြေအနေက အထိမခံနိုင်အောင် နူးညံ့သည့် အနေအထားသို့ ရောက်နေ၏။
စင်အောက်မှ သတင်းထောက်များကလည်း အမြင်စူးရှကြသည်။ ဤမြင်ကွင်းကို ကြည့်ပြီး သူတို့က သတင်းခေါင်းစဉ်ပင် စဉ်းစားပြီး သွားလေသည်။ ယင်းမှာ စနိုးဝှိုက်လေးနှင့် မိစ္ဆာမိထွေးပင်တည်း။
အဝတ်အစား လဲလိုက်ပြီးနောက် မိုးနှင့်မြေလို ကွာခြားသွားသည်။ ချန်ရှောင်ယန်သည် ပရိသတ်အားလုံးကို ဖမ်းစား သွားနိုင်လေသည်။
ကျားတိ ပင့်သက်ရှိုက်မိသွားပြီး ချန်ရှောင်ယန်အား စိတ်အားထက်သန်စွာ ကြည့်နေမိသည်။
အစက သူသည် ရဲ့လင်းချန်ကြောင့်သာ ချန်ရှောင်ယန်ကို ကူညီလိုက်ခြင်း ဖြစ်သည်။ သို့သော် ရလဒ်က သူ ထင်ထားသည်ထက် သာနေ၏။
*လှလိုက်တာ၊ လုံးဝကို အံ့ဩဖို့ ကောင်းလွန်းတယ်*
*ရဲ့လင်းချန်က အမှန်ကို ပြောခဲ့တဲ့ပုံပဲ၊ ဒီဝတ်စုံက ချန်ရှောင်ယန်အတွက် သီးသန့် ကွက်တိ ချုပ်ထားသလိုပဲ*
ဒီဇိုင်းဖြစ်ဖြစ်၊ အဝတ်အစား အရောင်ဖြစ်ဖြစ် အားလုံးက ချန်ရှောင်ယန်၏ အသားအရေနှင့် ခန္ဓာကိုယ် အချိုးအစားတို့နှင့် ကွက်တိ လိုက်ဖက်နေပြီး အနုပညာ လက်ရာတစ်ခုလိုပင်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ထိတ်လန့် တုန်လှုပ်နေ၏။
ရဲ့လင်းချန်၏ ဒီဇိုင်းပညာ အဆင့်က သူ့ထက်ပင် သာလွန်နေပါတကား။
အစက သူသည် ဤအဝတ်အစားက သိပ်ကောင်းသည်ဟုသာ တွေးမိသည်။ ဤအဝတ်အစားကို ချန်ရှောင်ယန် ဝတ်လိုက်သည်နှင့် အရည်အသွေးက ပိုပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားမိပေ။ အခြား ဘယ်သူ့တွင် ဤသို့သော ဒီဇိုင်းပညာ အဆင့်မျိုး ရှိနိုင်ဦးမည်နည်း။
သူသည်သာမက ဖက်ရှင်နယ်ပယ်မှ အခြားပုဂ္ဂိုလ်ကြီးများလည်း ထပ်တူ တုန်လှုပ်နေကြသည်။
Vatti က ဒီလို ကြော့ရှင်းပြီး ထည်ဝါတဲ့ အဝတ်အထည်မျိုး ထုတ်လုပ်နိုင်သည်တဲ့လား။ ထို့အပြင် ဝတ်စုံသည် ဘက်ပေါင်းစုံမှ သူတို့၏ အာရုံကို ဖမ်းစားသွားခဲ့ပြီး Vatti ၏ ပုံစံက တဖြည်းဖြည်း ပြောင်းလဲလာနေပြီဟု သိသိသာသာ ခံစားနေရစေသည်။ ဤပြောင်းလဲမှုက ကြောက်စရာ ကောင်းလှသည်။
Vatti က သတိထားရမည့် အရှိန်အဟုန်ဖြင့် တိုးတက်လာနေပြီး နိုင်ငံတကာ စင်မြင့်အထိ ဦးတည်နေကြောင်း သူတို့ သတိထားမိလာသည်။
*ဒါ ကျားတိရဲ့ ဒီဇိုင်းလား၊ ဒါမှမဟုတ် Vatti ရဲ့ နောက်ကွယ်မှာ အခြား ကျွမ်းကျင်သူ တစ်ယောက် ရှိနေတာလား*
စင်မြင့်ပေါ်မှ အကွာအဝေးက သိပ်မဝေးချေ။ သို့သော် ဟုန်နာသည် ဆယ်စုနှစ်တစ်စုစာ ကုန်သွားသည်ဟု ခံစားနေရပြီး စိုးရိမ်စိတ်ထဲ နစ်မြုပ်နေ၏။
ချန်ရှောင်ယန်ဘေး၌ လမ်းလျှောက်နေချိန်တွင် သူမစိတ်ထဲ၌ အရှက်ရသလို ခံစားနေရပြီး ချန်ရှောင်ယန်၏ ဘေးပတ်လည်၌ အရောင်အဝါများ စုဝေးနေသည်ဟု ထင်မှတ်ရသည်။
“ချန်မိန်းကလေး၊ ကျုပ် မင်းကို Vatti ရဲ့ ကိုယ်စားလှယ် လုပ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ မင်း သဘောတူ နိုင်မလား”
ကျားတိက စင်မြင့်အလယ်၌ ရပ်နေသော ချန်ရှောင်ယန်ကို ကြည့်၍ ရုတ်တရက် မေးလာသည်။
သူ ထိုသို့ ပြောလာသည်ကို ဘယ်သူကမှ မသင့်တော်ဟု မခံစားမိကြချေ။
ချန်ရှောင်ယန်သည် ထိုဝတ်စုံနှင့် Vatti ၏ ကိုယ်စားလှယ် ဖြစ်လာပြီး လူပေါင်းများစွာ၏ နှလုံးသားကို ဖမ်းစား သွားလေပြီ။
စင်နောက်တွင် မရေတွက်နိုင်သော အနုပညာရှင်များသည် အားကျစိတ်ကြောင့် မျက်နှာများ စိမ်းဖန့်လာ၏။ Vatti သည် နိုင်ငံတွင်း၌ နာမည်ကြီးသော တန်ဖိုးကြီး အမှတ်တံဆိပ် ဖြစ်သည်။ Vatti ၏ ကိုယ်စားလှယ် ဖြစ်ခြင်းက ချန်ရှောင်ယန်၏ အဆင့်အတန်းကို အတည်ပြုလိုက်ခြင်း တစ်မျိုးပင်။ ယင်းက ချန်ရှောင်ယန်သည် နိုင်ငံတကာ စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ဆိုလိုနေ၏။
Vatti သည် ပြည်ပတွင်လည်း အတော်လေး ဈေးကွက် ရထားသည်။
“ဆရာကျားကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ Vatti ရဲ့ ကိုယ်စားလှယ် လုပ်ပါ့မယ်”
ချန်ရှောင်ယန်က ကျားတိကို ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။ သူမမျက်လုံးတွင် ကျေးဇူးတင်သော အရိပ်အယောင်တို့ ပြည့်နှက်နေ၏။ ယနေ့ ကျားတိ၏ ဝင်ပါခြင်းကြောင့်သာ မဟုတ်လျင် သူမ သေချာပေါက် လူရယ်စရာ ဖြစ်ပေလိမ့်မည်။ သေးငယ်သော အချိုးကွေ့လေး ဖြစ်သော်လည်း သူမအတွက် ကောင်းကင်ဘုံနှင့် တွေ့လိုက်ရသလိုပင်။
သို့သော် သူမ မျက်လုံးထောင့်မှနေ၍ ကျားတိ၏ ဘေး၌ ရပ်နေသော ရဲ့လင်းချန်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။
တစ်ခဏအတွင်း သူမ ခန္ဓာကိုယ်လေး တုန်တက်လာပြီး မျက်လုံး ပြူးသွားလေသည်။ သူမ ချက်ချင်း ကြည်နူးမိသွားသည်။
*အဲ့ဒါ သူများလား၊ ဝိုင်လား*
*သူ့ကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ် Vatti ရဲ့ ဆရာကျားက ရုတ်တရက် ငါ့ကို ကူညီလာမှာလဲ*
သူမစိတ်ထဲတွင် ထိုညက အဖြစ်အပျက်ကို အမြဲ မြင်ယောင်နေမိသည်။ သူမ အရက်မူးနေပြီး ခပ်ဝါးဝါး မှတ်ဉာဏ်သာ ရှိသော်လည်း ရဲ့လင်းချန်ကို မြင်လိုက်ရသောအခါ ဝေဝါးနေသော မှတ်ဉာဏ်က ရုတ်တရက် ကြည်လင် ပြတ်သားလာ၏။
ချန်ရှောင်ယန် စင်ပေါ်မှ ဆင်းသွားသည့်အခါမှသာလျင် ပရိသတ်များက စိတ်အေးသလို သက်ပြင်းချ လာကြသည်။
*နတ်သမီး၊ ငါတို့ဘေးက ဖြတ်သွားတာ နတ်သမီးလား*
ချန်ရှောင်ယန် ဆင်းသွားပြီးနောက် ကျန်ရှိနေသော ရှိုးပွဲက အသက်မဝင်တော့ချေ။ ကျန်အနုပညာရှင်များသည် ချန်ရှောင်ယန်၏ အဆင့်ကို မမီသလို ပရိသတ်များ၏ ရင်ထဲတွင် ချန်ရှောင်ယန်၏ အလှက နက်ရှိုင်းစွာ စွဲထင်သွား လေသည်။
တင်ဆက်သူတောင်မှ သတိလက်လွတ် ဖြစ်သွားသည်။ သူမ၏ မှင်တက်စရာ ကောင်းသော အလှက သာမန် မိန်းမလှလေးများပင် မယှဉ်နိုင်ချေ။