← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉) သူ့ကို ဤနေရာတွင်သာ ထားချင်တော့သည်

ကောထျန်းရှန်သည် လျူအာကျူးတွင် ကျယ်ပြန့်သော အဆက်အသွယ်များရှိပြီး နောင်တစ်ချိန်တွင် သူ၏အကူအညီကို မလွဲမသွေ လိုအပ်မည်ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သူသည် လျူအာကျူး၏ လက်ဆောင်များကို လက်ခံရမည်ကို အတော်ကြာသည်အထိ အားနာနေခဲ့သည်။

သူတို့နှစ်ယောက် အပြန်အလှန် အားနာနေကြပြီးနောက် နောက်ဆုံးတွင် လျူအာကျူးက ထိုပစ္စည်းများကို ယူရန် သူ့ကို နားချနိုင်ခဲ့သည်။

ကောထျန်းရှန်သည် အချိန်မဖြုန်းတော့ဘဲ ထိုပစ္စည်းများကို ယူကာ စက်ရုံမှူးကို သွားတွေ့လေတော့သည်။ စက်ရုံမှူးကို စကားအလွတ်ဖြင့် ယုံကြည်စေရန်မှာ မဖြစ်နိုင်ပေ။ ဤဖရဲသီးနှင့် အသားတို့ကသာ စက်ရုံမှူးကို အမှန်တကယ် ယုံကြည်သွားစေမည် ဖြစ်သည်။

တကယ်ပင် စက်ရုံမှူးသည် သူ၏ရုံးခန်းထဲရှိ အိတ်ကြီးထဲမှ ပစ္စည်းများကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။

သူ၏အဆင့်အတန်းနှင့် ရာထူးအရ ပန်းသီးရရန်မှာ မခက်ခဲလှဘဲ အသားအနည်းငယ်ကိုလည်း ရအောင်ရှာနိုင်သည်။ သို့သော် ဤဖရဲသီးကြီးများကို ဆောင်းရာသီအလယ်တွင် ရရှိရန်မှာမူ အမှန်တကယ် မဖြစ်နိုင်ပေ။

သို့သော် လျူအာကျူး၏ ကျယ်ပြန့်သော အဆက်အသွယ်များအကြောင်းကို ကြားပြီးနောက် သူက မယုံကြည်နိုင်သေးဘဲ မေးလိုက်သည်။

"အဘိုးကြီးကော်... မင်း ငါ့ကို နောက်နေတာ မဟုတ်ဘူးမလား... အဲဒီကောင်လေးမှာ အဆက်အသွယ်တွေ အများကြီးရှိနေရင် ဘာလို့ သူ့အစ်ကိုကြီးကို ငါတို့ရဲ့ ပရိဘောဂစက်ရုံကို ခေါ်လာရတာလဲ... သူက ကုန်တိုက် ဒါမှမဟုတ် ခရိုင်ဆေးရုံမှာ အလုပ်ရှာမရလို့လား..."

ကောထျန်းရှန်သည်လည်း စောစောက လျူအာကျူးကို ထိုမေးခွန်းမျိုး မေးခဲ့သောကြောင့် ချက်ချင်း ရှင်းပြလိုက်သည်။

"ကျူးဇီက သူ့အစ်ကိုမှာ လက်သမားပညာ အရည်အချင်းရှိပေမဲ့ အတော်လေး ရိုးသားပြီး အနေအေးတယ်လို့ ပြောတယ်... သူက လူမှုရေးအရ ပါးနပ်တဲ့အမျိုးအစား မဟုတ်တော့ အလုပ်သမားလုပ်ရတာက သူ့အတွက် အသင့်တော်ဆုံးပဲတဲ့... တခြားဟာတွေက သူ့အတွက် အဆင်ပြေမှာ မဟုတ်ဘူးတဲ့လေ..."

"ရိုးသားတဲ့လူလား... ဒါဆို အရမ်းကောင်းတာပေါ့... သူ ပြဿနာရှာမှာ မဟုတ်ဘူး..."

စက်ရုံမှူးက ပြုံးကာ ပြောလိုက်သည်။

အလုပ်သမားများသည် ရိုးသားရန် လိုအပ်သည်။ ပါးနပ်လီဆယ်တတ်သူများမှာ စကားနားမထောင်ဘဲ ပြဿနာရှာရန်ပင် ဝန်မလေးကြပေ။

စက်ရုံမှူး သဘောတူလာစေရန် ကောထျန်းရှန်က မက်လုံးပိုပေးလိုက်သည်။

"စက်ရုံမှူး... ကျူးဇီက သူ စီးပွားရေးဗျူရိုက လူတွေကို သိတယ်လို့ ပြောတယ်... အပြင်မှာတောင် ဒီလက်လှည့်ကားလေးတွေကို မရောင်းဘူးလို့ သူတို့က ပြောကြတယ်... နိုင်ငံခြားမှာတောင် မရှိဘူးတဲ့လေ... ကျွန်တော်တို့သာ အဲဒါတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ရင် နိုင်ငံခြားငွေ အများကြီးရနိုင်တယ်..."

စက်ရုံမှူးသည် အမြော်အမြင်ရှိသူဖြစ်ရာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"အဲဒါအမှန်ပဲ... ရိုးရိုးလေးပြောရရင် ဒါက လောင်စာဆီမလိုတဲ့ အလိုအလျောက်မော်တော်ယာဉ်လိုပဲ... ငါတို့သာ အဲဒါကို လေ့လာနိုင်ရင် ခရီးတိုပို့ဆောင်ရေးအတွက် သုံးလို့ရနိုင်တယ်... ဒါ့အပြင် အဲဒီနိုင်ငံခြားက အရင်းရှင်များကလည်း ခုလိုဆန်းသစ်တဲ့အရာတွေကို သဘောကျကြတယ်... နိုင်ငံခြားငွေရှာဖို့က ပြဿနာမရှိဘူး..."

"ဒါဆို လျူတာ့လျန်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ကော..."

ကောထျန်းရှန်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"မင်းကောင်ကတော့ ငါ့ကို နိုင်ငံခြားငွေနဲ့ တောဝက်ကြီးသုံးပြီး မြှူဆွယ်နေမှတော့ ငါက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ..."

စက်ရုံမှူးက ပြုံးလျက် ကျိန်ဆဲလိုက်သည်။

"လောလောဆယ် သူ့ကို ထားလိုက်ပါ... မနက်ဖြန်ကျရင် ငါ စီစဉ်ပေးလိုက်မယ်..."

ကောထျန်းရှန်သည် ဝမ်းသာသွားပုံရပြီး စားပွဲပေါ်တွင် ဖရဲသီးကြီးတစ်လုံးနှင့် ပန်းသီးအချို့ကို အမြန်တင်လိုက်သည်။

"စက်ရုံမှူး... အရင်စားကြည့်ပါဦး... နောက်ကျရင် ကျူးဇီက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့အရာတွေ ယူလာပေးမှာ သေချာတယ်... ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုက ဒီနေရာမှာ အလုပ်လုပ်မှာဆိုတော့ ကျွန်တော်တို့ကို အစားအသောက်ကောင်းတွေ မကျွေးဘဲ နေပါ့မလား..."

"ဟားဟားဟား... ကောင်းပြီလေ... ဒါဆိုရင်လည်း ငါ ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်... အဲဒီလျူတာ့လျန်ကိုလည်း သေချာဂရုစိုက်ပေးလိုက်ဦး... ငါတို့က အကျိုးအမြတ်တွေယူပြီး အလုပ်မလုပ်ဘူးလို့ သူ့ကို အထင်မခံနဲ့..."

စက်ရုံမှူးက ပို၍ပင် ကျေနပ်သွားသည်။

ကောထျန်းရှန်က အထပ်ထပ် သဘောတူလိုက်ပြီး ရုံးခန်းထဲမှ ထွက်လာကာ လျူအာကျူးကို ရှာ၍ ကိစ္စပြတ်သွားပြီဖြစ်ကြောင်း ပြောပြလိုက်သည်။

လျူအာကျူးမှာ အလွန်ဝမ်းသာသွားပြီး စီးကရက်တစ်လိပ် ကမ်းပေးကာ ကောထျန်းရှန်နှင့် ကောမင်တို့ကို ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်... ကောမင်ရဲ့ မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ စက်ဘီးကို ကျွန်တော် တာဝန်ယူပါတယ်..."

"ဟေ့... မင်းက ငါ့အဖေ လုပ်ချင်နေတာလား..."

ကောမင်က စိုက်ကြည့်ကာ ဆဲဆိုလိုက်သည်။

“ဘုန်း…”

ကောထျန်းရှန်သည် သူ၏သားကို ဘေးသို့ကန်ထုတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

"ခွေးကောင်လေး... မင်းကို ဘယ်သူက ကောင်းကောင်းဆက်ဆံနေလဲဆိုတာ မင်း မသိဘူးလား..."

ကောမင်သည် သူ၏တင်ပါးကို ဆုပ်ကိုင်ထားပြီး စကားမပြောရဲတော့ပေ။

ကောထျန်းရှန်က လျူအာကျူးကို ထပ်ကြည့်လိုက်သည်။

"ကျူးဇီ... အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... မင်းတို့နှစ်ယောက်က အတန်းဖော်တွေဆိုတော့ သူငယ်ချင်းကောင်းတွေ ဖြစ်တာ ပုံမှန်ပါပဲ... စက်ဘီးတစ်စီးက အရမ်းဈေးကြီးလွန်းပါတယ်... အဲဒါ မလိုပါဘူး..."

လျူအာကျူးက ခေါင်းခါလိုက်သည်။

"ဦးလေးလည်း ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေလို့ ပြောတယ်လေ... သူငယ်ချင်းတစ်ယောက်ကို တစ်ခုခုပေးရတာ ဘာမှမဟုတ်ပါဘူး..."

ကောထျန်းရှန်သည် စောစောက လျူအာကျူး စိတ်လှုပ်ရှားပြီး ကြွားလုံးထုတ်နေသည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။ ယခု သူ့ကို ဤကဲ့သို့ မြင်လိုက်ရသောအခါ ကောင်လေးက အမှန်တကယ်ပင် စက်ဘီးတစ်စီး ဖန်တီးပေးနိုင်သည်ကို သဘောပေါက်သွားပြီး အံ့သြမဆုံး ဖြစ်သွားရသည်။

ဤကောင်လေး၏ မိသားစုက ငွေအများကြီးရအောင် အတိအကျ ဘာတွေလုပ်နေကြသနည်း။

လျူအာကျူးက များများစားစား မရှင်းပြခဲ့ပေ။ သူ၏အစ်ကိုနှင့် မရီးတို့အတွက် အလုပ်အကိုင်တွေ စီစဉ်ပေးပြီးပြီဖြစ်သော်လည်း နေအိမ်ကိစ္စကို ဖြေရှင်းရန် လိုအပ်နေသေးသည်။

သို့သော် ပရိဘောဂစက်ရုံနှင့် ကုန်တိုက်နှစ်ခုစလုံးက နေအိမ်ကို စီစဉ်ပေးနိုင်သည်။ သူက မည်သည့်အိမ်က ပိုကောင်းသနည်းဆိုတာကို ကြည့်ချင်ပြီး တောဝက်ကြီးကို ပို့ပေးရန် အခွင့်အရေးကို ယူချင်ခဲ့သည်။

ကုန်တိုက်မှ ဌာနမှူးရာထူးကို ယခင်က လုနီးပါးဖြစ်ခဲ့သောကြောင့် မန်နေဂျာကျိုးမှာ အလွန်အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူသည် လျူအာကျူးကို နေအိမ်များကြည့်ရန် ကိုယ်တိုင်ခေါ်သွားနိုင်ရန် သူ၏အလုပ်များကိုပင် အထူးဖယ်ထားခဲ့သည်။

၎င်းမှာ အခန်းသုံးခန်းပါသော သင့်တင့်လျောက်ပတ်သည့် အရွယ်အစားရှိ ခြံဝင်းတစ်ခုဖြစ်ပြီး မူလက မိသားစုလေးစုအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် မန်နေဂျာကျိုးက ခြံဝင်းတစ်ခုလုံးကို လျူတာ့လျန်၏ မိသားစုအား ပေးရန် သူ၏သဘောဖြင့် စီစဉ်ခဲ့သည်။ အိမ်သုံးပစ္စည်းများအားလုံး ကုန်တိုက်မှရမည်ဟုလည်း သူက ပြောလေသည်။

အခမဲ့ပေးနိုင်သမျှကို အခမဲ့ပေးမည်ဖြစ်ပြီး မပေးနိုင်သောအရာများကို ချို့ယွင်းချက်ရှိသော ပစ္စည်းများ၏ ဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်သည်။

လျူအာကျူးမှာ သဘာဝကျစွာပင် အလွန်ဝမ်းသာသွားတော့သည်။ မန်နေဂျာကျိုး အပြင်ထွက်၍ ဆေးလိပ်သောက်နေစဉ် သူ ကြိုတင်ပြင်ဆင်ထားသော ရေဒီယိုနှင့် စက်ဘီးတို့ကို အိမ်ထဲတွင်ထားခဲ့ပြီး သူ့အစ်ကိုနှင့် မရီးကို နောက်မှ အံ့သြသွားစေရန် စာတစ်စောင် ချန်ထားခဲ့သည်။

အရာအားလုံး ပြီးစီးသွားပြီးနောက် လျူအာကျူးသည် အခန်းထဲမှထွက်ကာ တံခါးကို သော့ခတ်လိုက်သည်။

"ဦးလေးကျိုး... ကျွန်တော် ဦးလေးကို အလုပ်ရှုပ်စေမိပြီ... အလုပ်ကိစ္စကို အပြီးသတ်ဖို့ အခု ပရိဘောဂစက်ရုံကို ပစ္စည်းတချို့ သွားပို့လိုက်ဦးမယ်..."

လျူအာကျူးက သူ့စက်ဘီးကို တွန်းရင်း ပြောလိုက်သည်။

မန်နေဂျာကျိုးက သူ့ကို မလွှတ်ချင်ပေ။

"ဘာလို့ အဲဒီလောက်လောနေတာလဲ... ဦးလေးအိမ်ကို ခဏလောက် လာခဲ့ပါဦး..."

သူက အစီအစဉ်များ ချထားပြီးဖြစ်လေသည်။ သူ၏တူမဖြစ်သူမှာ အိမ်တွင် စောင့်နေပြီး လျူအာကျူး ရောက်ရောက်ချင်း ကြင်ဖက်တွေ့ဆုံခြင်း ပြုလုပ်နိုင်သည်။

သို့သော် ညွှန်ကြားရေးမှူးလျူနှင့် ကြုံတွေ့ခဲ့ရသော အခက်အခဲများပြီးနောက် လျူအာကျူးသည် သတိထားလာခဲ့သည်။ သူသည် အခြားသူများ၏ အိမ်များသို့ အထူးသဖြင့် နေ့ခင်းကြောင်တောင် သွားလည်ရမည်ကို စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခု ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်လေသည်။

သူသည် အမြန်ငြင်းဆန်ကာ သူ၏စက်ဘီးဖြင့် အမြန်ထွက်ပြေးသွားရာ စိတ်ပျက်နေသော မန်နေဂျာကျိုးကို ချန်ထားခဲ့ပြီး မန်နေဂျာကျိုးက သူ့ကို ခွေးကောင်လေးဟု အဆက်မပြတ် ခေါ်နေခဲ့သည်။

လူသူကင်းမဲ့သော နေရာသို့ ရောက်သည်နှင့် လျူအာကျူးသည် တောဝက်ကြီးတစ်ကောင်ကို ရွက်ဖျင်အိတ်ကြီးထဲသို့ ထိုးထည့်ကာ ပရိဘောဂစက်ရုံသို့ အမြန်သွားလိုက်သည်။

ကုန်ပစ္စည်းများ ချရာတွင် ကူညီပေးရန် ကောထျန်းရှန်ကို အကူအညီတောင်းလိုက်သောအခါ တောဝက်ကြီးကို မြင်လိုက်ရသဖြင့် ကောထျန်းရှန်မှာ လုံးဝ ဆွံ့အသွားလေတော့သည်။

လျူအာကျူးက တောဝက်ကြီးတစ်ကောင် ရမည်ဟု ပြောခဲ့သော်လည်း ဤမျှမြန်မြန် လာပို့မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။

ပရိဘောဂစက်ရုံ၏ ကန်တင်းသည်လည်း ဆူညံပွက်လောရိုက်သွားလေသည်။ စားဖိုမှူးနှင့် သူ၏တပည့်တို့သည် ကြိတ်ဆုံနားရှိ မြည်းများကဲ့သို့ တောဝက်ကြီးကို ဝိုင်းပတ်ကြည့်နေကြပြီး မည်သည့်ဟင်းအတွက် မည်သည့်အသားကို သုံးရမည်ကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

စက်ရုံမှူးပင်လျှင် အလွန်အံ့သြသွားသဖြင့် သူ့အလုပ်များကို လျစ်လျူရှုကာ ကန်တင်းသို့ အမြန်ပြေးလာခဲ့သည်။

တောဝက်ကြီးကို မြင်လိုက်ရသောအခါ သတို့သမီးအသစ်စက်စက်ကို မြင်လိုက်ရသကဲ့သို့ သူ ဝမ်းသာသွားသည်။ သူသည် အပြုံးကို မတားဆီးနိုင်တော့ဘဲ လျူအာကျူးဆီသို့ အလျင်အမြန် သွားကာ သူ၏လက်ကို ဆုပ်ကိုင်၍ အားတက်သရော လှုပ်ရမ်းလိုက်သည်။

"ရဲဘော်ကျူးဇီ... မင်းကို ဘယ်လိုများ ကျေးဇူးဆပ်ရပါ့မလဲ..."

"ဘာလို့ ကျွန်တော့်ကို ကျေးဇူးတင်နေရတာလဲ စက်ရုံမှူးရယ်... ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ..."

လျူအာကျူးက ယဉ်ကျေးစွာ ပြောလိုက်သည်။

"ငါ ကျေးဇူးတင်ရမှာပေါ့... ကျေးဇူးတင်ရမှာပေါ့... ခုလိုလုပ်ရင်ကော... ဒီနေ့လယ် မပြန်ပါနဲ့ဦး... ဒီနေရာမှာပဲ ထမင်းစားသွားပါ... ဒ္ဝက်သားနဲ့ ဟင်းတချို့ချက်ပြီး ငါတို့ သေချာလေး သောက်ကြတာပေါ့..."

စက်ရုံမှူးက သူ့ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

"ဦးလေး... ကျွန်တော် မျက်နှာမသာလို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော့်အစ်ကိုနဲ့ မရီးက ပြောင်းရွှေ့ရဦးမှာမို့လို့ပါ... သူတို့ နေရာတကျဖြစ်သွားရင် နိုင်ငံချစ်စားသောက်ဆိုင်မှာ ဦးလေးကို ကျွန်တော် ထမင်းဝယ်ကျွေးပါ့မယ်..."

လျူအာကျူးက အမြန်ပြောလိုက်သည်။ (နိုင်ငံချစ်စားသောက်ဆိုင်က နာမည်ပါနော်)

စက်ရုံမှူးက သူ့နဖူးကို ရိုက်လိုက်၏။

"ငါ မှားသွားတယ်... အိမ်ပြောင်းဖို့က ပိုအရေးကြီးတာပေါ့... မင်းရဲ့အစ်ကိုနဲ့ မရီးက မနက်ဖြန် အလုပ်စဆင်းလို့ရပြီ... မင်းကို ကူညီဖို့ လူတချို့ လွှတ်ပေးလိုက်မယ်... စက်ရုံမှာ အရာအားလုံးကို တစ်ခေါက်တည်းနဲ့ သယ်နိုင်တဲ့ ထရပ်ကားတစ်စီး ရှိတယ်..."

လျူအာကျူး၏ မျက်လုံးများက အရောင်လက်သွားလေသည်။

"ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့... ကားတစ်စီး ငှားဖို့ အထည်အလိပ်စက်ရုံကို သွားရမလားလို့ ကျွန်တော် တွေးနေတာ..."

စက်ရုံမှူးမှာ အလွန်အမင်း အံ့သြသွားလေသည်။

*ဘုရားရေ... ဒီကောင်လေးက အထည်အလိပ်စက်ရုံမှာလည်း အဆက်အသွယ်တွေ ရှိနေတာလား…*

ယခုတော့ သူသည် ဤကောင်လေးကို ဤနေရာတွင်ပင် ထားချင်နေပြီး သူ၏စက်ရုံတွင် မည်သည့်အလုပ်မျိုးကိုမဆို စီစဉ်ပေးချင်စိတ် ပေါ်လာတော့သည်။

All Chapters