အခန်း ၃၇၈
Vol. 38 Ch. 378
အခန်း(၃၇၈)
"ယောက်ျားတွေမှာ ကိုယ်ပိုင်တာဝန်တွေရှိတယ်လို့ အရှင်မင်းကြီးက တစ်ခါပြောဖူးတယ်။ ဒါပေမဲ့ ငါက ယောက်ျားမဟုတ်ဘူး၊ သားရဲတစ်ကောင်ပဲ။ ငါ့ရှေ့မှာ ယောက်ျားတွေရဲ့ တာဝန်အကြောင်း လာပြောလို့ရပေမဲ့ ငါကတော့ ဘာတစ်ခုမှ နားလည်မှာမဟုတ်ဘူး။ ဒါကြောင့် မင်စွန်းနေတဲ့ စကားလုံးတွေနဲ့ ငါ့ကို လာလှုပ်ခတ်ဖို့ မကြိုးစားနဲ့။ မင်းရဲ့ သုံးလက်မလောက်ပဲရှိတဲ့ လျှာထက် ဟိုဘက်က ခွေးဟောင်သံကို ငါက ပိုယုံတယ်"
ဖန်သားပြင်ထဲက ကာရိုက်တာက စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ အားရပါးရ ရယ်မောလိုက်တယ်။ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတွေရဲ့ ထူးခြားချက်ဖြစ်တဲ့ အဲဒီကာရိုက်တာရဲ့ အသံနေအသံထားနဲ့ စကားပြောဟန်က ဩရှရှနဲ့ ပဲ့တင်ထပ်နေတယ်။
"အရှင်မင်းကြီးက တစ်ခါပြောဖူးတယ်"
သူ အသံကိုနှိမ့်ပြီး အဲဒီအသံကို အတုခိုးကြည့်ပေမဲ့ နည်းနည်းလေးမှ မမိုက်ဘူး။ အာဏာစွန့်လွှတ်ပြီးနောက် လောကီအာရုံတွေကနေ ကင်းလွတ်သွားတဲ့ ဇာတ်လမ်းထဲကလူနဲ့ သူ့ကြားမှာ ကွာဟချက်တစ်ခု ရှိနေတယ်။ ဒါက ရိုးရှင်းတဲ့ စကားပြောဟန် ကွာခြားမှုလောက်တင် မဟုတ်ဘူး။ ခံစားချက် အတိမ်အနက် ကွာခြားမှု၊ နည်းစနစ် ကွာခြားမှုနဲ့ သရုပ်ဆောင်စွမ်းရည် အဆင့်အတန်းချင်း ကွာခြားမှုတွေပဲ။
မာရူး က ဇာတ်လမ်းကို ပြန်ဖွင့်ပြီး ဆက်ကြည့်လိုက်တယ်။ ခြေထောက်ကျိုးသွားမယ်မှန်း သိရက်နဲ့ ဗျိုင်းနောက်ကို ငှက်ကျားလေးတွေ လိုက်ရတဲ့အကြောင်းရင်းက အဲဒါဟာ သူတို့လျှောက်ရမယ့်လမ်း၊ အနည်းဆုံးတစ်ခါလောက်တော့ စိန်ခေါ်ရမယ့် ရည်မှန်းချက် ဖြစ်နေလို့ပဲ။ ခြေထောက်ကျိုးမှာကိုသာ ကြောက်နေမယ်ဆိုရင် သူတို့တွေ ငှက်ကျားအဆင့်ကနေ ဘယ်တော့မှ တက်လာမှာမဟုတ်ဘူး။
သူ မေးထောက်ပြီး ဖန်သားပြင်ပေါ်က ကာရိုက်တာကို အာရုံစိုက်လိုက်တယ်။ ဒါက RBS က ရိုက်ကူးထားတဲ့ ဗုဒ္ဓဟူး-ကြာသပတေး ဇာတ်လမ်းတွဲပဲ။ မှော်ပညာလိုမျိုး စိတ်ကူးယဉ်ဆန်ဆန် အငွေ့အသက်တွေပါတဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတစ်ခုပေါ့။ YBS က လွှင့်နေကျ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲရှည်ကြီးတွေနဲ့ မတူဘဲ လူငယ်သရုပ်ဆောင်တွေ အများကြီးပါဝင်ပြီး လူငယ်တွေအတွက် ရည်ရွယ်ထားတာဖြစ်တယ်။ အွန်လိုင်းပေါ်က တုံ့ပြန်မှုတွေက တော်တော်လေး ကောင်းမွန်သလို ကြည့်ရှုနှုန်းကလည်း 20% လောက်ရှိလို့ မဆိုးဘူးလို့ ပြောရမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်အထိ RBS က သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတွေ လွှင့်ပြီး YBS ကို အတုခိုးနေခဲ့ပေမဲ့ လူငယ်တွေကို ပစ်မှတ်ထားဖို့ လမ်းကြောင်းပြောင်းလိုက်တဲ့အချိန်ကစပြီး အခုဆိုရင် လုံးဝ ကွဲပြားတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားခဲ့ပြီ။
လွန်ခဲ့တဲ့ နှစ်နှစ်က လွှင့်ခဲ့တဲ့ RBS ရဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတစ်ခုကို အစကနေအဆုံး ထိုင်ကြည့်ပြီးနောက် မာရူး က သက်ပြင်းတိုးတိုးချရင်း မော်နီတာကို ပိတ်လိုက်တယ်။
"မနက်ဖြန်ပေါ့လေ"
မနေ့က မွန်ဂျောင် ဆီက ဖုန်းဝင်လာပြီး RBS မှာ လူရွေးပွဲရှိတယ်ဆိုတာ သူ သိလိုက်ရတယ်။ သူ့နေရာက အရေးကြီးတဲ့ ဇာတ်ကောင် မဟုတ်ပေမဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတွေရဲ့ သဘာဝအရ သရုပ်ဆောင်တစ်ယောက်က အံမဝင်ဘူးဆိုရင် အခန်းတစ်ခုလုံး ကြည့်ရဆိုးသွားတတ်တာကြောင့် ဒါရိုက်တာတွေနဲ့ ဇာတ်ညွှန်းရေးဆရာတွေက စကားပြောရတဲ့ သရုပ်ဆောင်အားလုံးကို တော်တော်လေး စိစစ်တယ်လို့ သူ့ကို ပြောပြထားတယ်။ ဆိုလိုတာက လူရွေးပွဲမှာ ဇာတ်ညွှန်းရေးဆရာ ဒါမှမဟုတ် ဒါရိုက်တာ ကိုယ်တိုင် ရှိနေနိုင်တယ်။
"အာ.. အာ.. "
သူ့နေရာက တောင်းစားသူ တစ်ယောက်ဖြစ်တာကြောင့် အဲဒီလောက် မိုက်တဲ့ အသံနေအသံထားမျိုး မလိုပေမဲ့ အဲဒီခေတ်ကာလနဲ့ ကိုက်ညီတဲ့ အသံမျိုးတော့ လိုအပ်မှာပဲ။ မာရူး က သူ့ရဲ့ ပုံမှန်အသံထက် ပိုမြင့်တဲ့အသံ၊ ပိုနိမ့်တဲ့အသံတွေနဲ့ အသံသွင်းလိုက်တယ်။ ခေါင်းထဲမှာ ပဲ့တင်ထပ်နေတဲ့ ကိုယ့်အသံကို တိုက်ရိုက်နားထောင်တာနဲ့ စက်ထဲကနေ သွင်းထားတဲ့အသံကို နားထောင်တာ လုံးဝကို ကွာခြားလှတယ်။ ကိုယ့်အသံကိုကိုယ် ဂုဏ်ယူနေတဲ့သူတွေတောင် ကိုယ်သွင်းထားတဲ့အသံကို ပြန်ကြားရတဲ့အခါ တော်တော်လေး ဇဝေဇဝါ ဖြစ်သွားတတ်ကြတယ်။ ဒါကြောင့် တခြားသူတွေရဲ့ ရှုထောင့်ကနေ သူ့အသံကို သေသေချာချာ နားလည်နိုင်တဲ့အထိ ကိုယ်သွင်းထားတဲ့အသံကို သူ အထပ်ထပ် ပြန်နားထောင်ရတာပေါ့။ အဲဒီလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ပြီးတဲ့နောက် သူ့အသံကိုပြန်ကြားရတာ မရင်းနှီးသလို ခံစားရတဲ့အဆင့်ကနေ ကျော်လွန်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှသာ သူ့ရဲ့ 'ကိုယ်ပိုင်အသံ' ကို ရှာတွေ့ပြီလို့ ပြောနိုင်မှာလေ။
ဒီလေ့ကျင့်ခန်းကို အချိန်အတော်ကြာ လုပ်လာခဲ့တဲ့ မာရူး တောင်မှ ခံစားချက်တွေပါနေတဲ့ သူ့အသံကို ပြန်ကြားရတဲ့အခါ တော်တော်လေး ဇဝေဇဝါဖြစ်ပြီး အနေရခက်သလို ခံစားရတယ်။ စလုပ်ခါစကထက်စာရင် သေချာပေါက် ပိုကောင်းလာပေမဲ့ စိတ်လှုပ်ရှားလာတဲ့အခါတိုင်း သူ့အသံထဲမှာ အက်ကွဲသံတစ်ခု ပါလာတတ်တာကြောင့် အဲဒါကို ဘယ်လိုထိန်းချုပ်ရမလဲလို့ သူ စဉ်းစားနေမိတယ်။
'ငါ့အသံ ပြောင်းသွားတာ တော်တော်လေး ကံကောင်းတယ်လို့ ဆိုရမယ်။'
မာရူး က လည်ပင်းကိုကိုင်ပြီး အသံဖမ်းစက်ကို အောက်ချလိုက်တယ်။ လည်ပင်းကို နည်းနည်း ဆန့်ထုတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲဝင်ကာ ရေနွေးအိုး တည်လိုက်တယ်။ ဆူပွက်နေတဲ့ရေနွေးကို ခွက်တစ်ဝက်လောက် လောင်းထည့်ပြီး ရေအေးနဲ့ရောကာ ရေနွေးနွေးလေး ဖြစ်အောင်စပ်လိုက်တယ်။ လည်ချောင်းထဲက တင်းမာမှုတွေ နည်းနည်းပြေလျော့သွားအောင် အဲဒီရေကို သူ သောက်လိုက်တယ်။ အဆိုတော်တွေလိုပဲ သရုပ်ဆောင်တွေအတွက်လည်း လည်ချောင်းကို ဂရုစိုက်ဖို့က အရေးကြီးတယ်ဆိုတာ ကြားပြီးကတည်းက ရေအေးအစား ရေနွေးကိုပဲ သူ ပြောင်းသောက်ခဲ့တယ်။
ကိုယ်တွင်းကို နွေးထွေးမှုတွေ ပျံ့နှံ့သွားချိန်မှာတော့ ကြွက်သားတွေက အလိုလို ပြေလျော့သွားတယ်။ အသံလေ့ကျင့်ဖို့ အကောင်းဆုံးအခြေအနေကို ရောက်နေပြီလို့ တွေးရင်း သူ ဖြည်းဖြည်းချင်း အသံထွက်ကြည့်လိုက်တယ်။ တစ်ခါတည်း အော်ပစ်လိုက်ချင်စိတ် ပေါ်လာပေမဲ့ တိုက်ခန်းထဲမှာဖြစ်နေလို့ အဲဒီလိုလုပ်လို့ မရဘူး။ ဝမ်းဗိုက်ထဲကနေ ဆွဲတင်လိုက်တဲ့ အပူငွေ့တွေက ထွက်သက်နဲ့ ရောထွေးပြီး ပါးစပ်ထဲကနေ ထွက်ပေါ်လာတယ်။ အဓိကက အသံကို သိပ်မပေါ့သွားစေဘဲ တတ်နိုင်သမျှ ရှည်ရှည်ဆွဲနိုင်ဖို့ပဲ။ ခေါင်းပေါ်မှာ ဝဲနေတဲ့အသံက မကောင်းဘူး၊ အသံက ဒူးလောက်မှာ ရွေ့လျားနေတာ ပိုကောင်းတယ်လေ။ ဒါတွေက မီဆို ပြောဖူးတဲ့ စကားတွေပဲ။
သူက 'ဟား' လို့ အသံထွက်ပြီး လမ်းလျှောက်လိုက်တယ်။ ပါးစပ်ထဲက တုန်ခါမှုအသေးစားလေးတွေကို ဝမ်းဗိုက်ထဲအထိ ဖိချလိုက်တယ်လို့ စိတ်ကူးရင်း အိမ်ထဲမှာ လျှောက်သွားနေတယ်။ အသက်ရှူမဝလို့ ခြင်အသံလို မဖြစ်သွားခင်မှာ အသက်ပြန်ရှူသွင်းပြီး အသံဆက်ထုတ်လိုက်တယ်။ အသံထွက်ဖို့အတွက် အသံကြိုးတွေကို ကျဉ်းလိုက်တာက လည်ချောင်းကို ထိခိုက်စေနိုင်တယ်။ သရုပ်ဆောင်တစ်ယောက်က အသံထွက်နည်းပညာတွေကို ခဏခဏ သုံးဖို့မလိုဘဲ တည်ငြိမ်တဲ့ အသံတစ်ခုပဲ လိုအပ်တာလေ။ လည်ချောင်းအပြေလျော့ဆုံး အခြေအနေကို မှတ်ထားပြီး အဲဒီပုံစံ မပျက်စေဘဲ အသံထွက်နိုင်ရမယ်။
တံခါးသော့ဖွင့်သံကို သူ ကြားလိုက်ရတယ်။ ဘာဒါ ဈေးဝယ်ရာကနေ ပြန်ရောက်လာပြီ။ ဘာဒါ က မာရူး ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"ဘာလုပ်နေတာလဲ အစ်ကို"
"လေ့ကျင့်နေတာ"
ဘာဒါ့ အကြည့်ကို လျစ်လျူရှုပြီး ညီညာတဲ့အသံတစ်သံရဖို့ သူ ဆက်ပြီး လေ့ကျင့်နေလိုက်တယ်။ သူမအခန်းထဲကနေ 'ဘုရားရေ.. ရူးနေပြီလားပဲ' လို့ ဘာဒါ ပြောသံကို ကြားရပေမဲ့ သူ နားလည်ပေးနိုင်အောင် ကြိုးစားခဲ့တယ်။ သူမသာ သူ့ကို ထပ်ပြီး ရန်လုပ်လာရင် သူ့ရဲ့ အပိုင်ကိုင်ထားတဲ့အရာကို ထုတ်သုံးလိုက်လို့ရတယ်။ အဲဒါက ဆွန်းဂျဲ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံပါပဲ။ သူမကိုသာ အဲဒါပြလိုက်ရင် အနားကိုရောက်လာပြီး 'အစ်ကို' လို့ ချွဲနွဲ့တဲ့အသံလေးနဲ့ ပြောလာလောက်တယ်။
သူ နည်းနည်း မူးဝေသွားသလို ခံစားလိုက်ရတယ်။ အသံလေ့ကျင့်တာကို ရပ်လိုက်ပြီး အသက်ရှူနှုန်းကို ပြန်ထိန်းလိုက်တယ်။ အခြေခံတွေက အမြဲတမ်း ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မရှိသလို ထင်ရတယ်။ ဒါပေမဲ့ အချိန်အကြာကြီး စုဆောင်းလာတဲ့ အခြေခံတွေရဲ့ စွမ်းအားကိုတော့ မာရူး ကောင်းကောင်း သဘောပေါက်ထားတယ်။
"ဟန်ဘာဒါ.. ထမင်းစားရအောင်" လို့ မီးဖိုကိုဖွင့်ရင်း သူ ပြောလိုက်တယ်။
* * * * * * * * *
ဒါရိုက်တာ ဟန်ချန်ဆောင် က ဘေးမှာ ပုံနေတဲ့ ခွက်တွေကို စိုက်ကြည့်နေမိတယ်။ ဒီနေ့ သူ ကော်ဖီဘယ်နှစ်ခွက် သောက်ပြီးပြီလဲဆိုတာတောင် မမှတ်မိတော့ဘူး။ သွေးတွေအစား သူ့ခန္ဓာကိုယ်ထဲမှာ ကော်ဖီနဲ့ သကြားတွေပဲ စီးဆင်းနေသလို ခံစားရတယ်။
"ကော်ဖီ နည်းနည်းလောက် ယူပေးပါဦး"
ဒါရိုက်တာအသစ်လေးဆီကနေ ဟန်ချန်ဆောင် နောက်တစ်ခွက် ထပ်တောင်းလိုက်တယ်။ အဲဒီလိုမျိုးတွေ တွေးနေပေမဲ့လည်း ကော်ဖီမပါဘဲ သူ အလုပ်မလုပ်နိုင်ဘူးလေ။
"ဒါရိုက်တာ၊ ကော်ဖီ ထပ်သောက်ဦးမလို့လား"
"ဘာလဲ။ သောက်လို့မရဘူးလား"
"ခင်ဗျားဘေးက ခွက်တွေကို တစ်ချက်လောက်ကြည့်ပြီးမှ ပြန်ပြောကြည့်ပါလား"
"ငါတောင်းရင် ယူသာပေးစမ်းပါ။ မင်းက ဘာလို့ ဒီလောက်တောင် ပြောရခက်နေရတာလဲ။ မင်းက ငါ့မိန်းမလား"
"ဘာတွေများ လျှောက်တွေးနေတာလဲဗျာ"
ဘာပဲဖြစ်ဖြစ် ဒါရိုက်တာအသစ်လေး ကင်ဂျင်ဟျော့ က သူ့ကို ကော်ဖီ ယူလာပေးခဲ့တယ်။
"ကျေးဇူးပဲကွာ"
ကော်ဖီအတွက် ကျေးဇူးတင်စကားပြောတဲ့အခါ တတ်နိုင်သမျှ သပ်သပ်ရပ်ရပ်ဖြစ်အောင် သူ ကြိုးစားပြောလိုက်တယ်။ ကော်ဖီမပါတဲ့ ဘဝကို သူ တွေးတောင်မတွေးရဲဘူး။ အသင့်ဖျော် ကော်ဖီအချိုကို နည်းနည်းလောက် သောက်လိုက်ရတော့ သူ နေလို့ နည်းနည်းပိုကောင်းသွားတယ်။
"အော်.. ဒါနဲ့ မင်း ကြားပြီးပြီလား"
"ဘာကိုလဲ"
"တတိယ ဇာတ်လမ်းတွဲအဖွဲ့က ဒါရိုက်တာ ယွန်းမီဂျောင်း အလုပ်ထွက်သွားတယ် ကြားတယ်"
"ဒါက အံ့ဩစရာမှ မဟုတ်တာ။ သူ တော်တော်လေး အဆင်ပြေနေတာ မဟုတ်ဘူးလား"
"သူ အပြင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုခုကို ပြောင်းသွားတာ ဖြစ်မယ်နော်"
"ကမ်းလှမ်းခံရလို့သာ ဒီလိုလုပ်ရဲတာ နေမှာပါ"
သူ ကော်ဖီခွက်ကို ပါးစပ်ထဲ မော့ချလိုက်ပေမဲ့ ကော်ဖီအရသာကို မခံစားရဘူး။ ဘာဖြစ်သွားတာလဲဆိုပြီး ကော်ဖီခွက်ကို ပြောင်းပြန်လှန်ကြည့်လိုက်တော့ နောက်ဆုံးကျန်နေတဲ့ ကော်ဖီတစ်စက်က သနားစရာကောင်းလောက်အောင် ပြုတ်ကျလာတယ်။ ဟန်ချန်ဆောင် က မြန်မြန်ဆန်ဆန်ပဲ လျှာနဲ့လှမ်းခံလိုက်တယ်။ ပုံမှန်ထက်တောင် ပိုချိုနေသလိုပဲ။
"အပြင်ထုတ်လုပ်ရေးတဲ့လား။ အဲဒီမှာက အခွင့်အရေးတွေ ကောင်းတယ်လို့တော့ ကြားတာပဲ"
"ဘာလို့လဲ။ ခင်ဗျားရော အဲဒီကို သွားချင်လို့လား"
"ငါ့ရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲတောင် မရှိသေးတာ၊ ဘယ်ကိုသွားရမှာလဲ။ အပြင်မှာသာ ဒါရိုက်တာဖြစ်ချင်ဖြစ်မယ်၊ ဒီမှာကတော့ လက်ထောက်ဒါရိုက်တာပဲ ရှိသေးတာလေ။ ငါ အရင်ဆုံး ပွဲဦးထွက်ဇာတ်လမ်းကို ရိုက်မယ်၊ ပြီးရင် ကြည့်ရှုနှုန်း 40% ရတဲ့ ဇာတ်လမ်းတွဲကြီးတစ်ခုကို ရိုက်ပြီးတော့မှ ကုမ္ပဏီကနေ ခမ်းခမ်းနားနား ထွက်သွားမှာ။ ပြီးရင် ဥက္ကဋ္ဌရဲ့ မျက်နှာကို နုတ်ထွက်စာနဲ့ ပစ်ပေါက်လိုက်မယ်"
ကင်ဂျင်ဟျော့ က ခဏလောက် ရယ်မောလိုက်ပြီးနောက် သက်ပြင်းချလိုက်တယ်။
"အိပ်မက်ကနေ လက်တွေ့ဘဝကို ပြန်ရောက်လာတာ သိပ်မမြန်လွန်းဘူးလား။ နည်းနည်းလောက် ထပ်ပြီး စိတ်ကူးယဉ်ကြည့်ပါလား"
"ဘေလ်စာရွက်တွေနဲ့ လုံးပန်းနေရတဲ့ ငါ့ကိုယ်ငါ မြင်လိုက်ရတဲ့ လက်တွေ့ဘဝကြောင့်ပေါ့။ ကျစ်.. မျက်လုံးတွေတောင် ကျိန်းလာပြီ"
"ခင်ဗျားက ပထမနှစ်ပဲ ရှိသေးတာကို ဒီလိုခံစားနေရပြီ။ ကျွန်တော် ဘယ်လိုခံစားရမလဲဆိုတာရော စဉ်းစားမကြည့်တော့ဘူးလား"
ဟန်ချန်ဆောင် က သူသောက်ထားတဲ့ စက္ကူခွက်ကို တခြားစက္ကူခွက်တွေ ပုံနေတဲ့အပေါ်ကို တင်လိုက်တယ်။ တစ်နေ့ကျရင် အဲဒီခွက်ပုံကြီးက ၆၃ထပ် အဆောက်အအုံလောက်တောင် မြင့်လာနိုင်တယ်။
"စီနီယာရော အဲဒီလိုမျိုး တစ်ခုခုကို မသွားချင်ဘူးလား"
"အပြင်ထုတ်လုပ်ရေးကုမ္ပဏီကိုလား။ အင်း.. သိပ်တော့ မသွားချင်ပါဘူး"
"ဘာလို့လဲ။ အဲဒီမှာ တော်တော်ကောင်းတယ်လို့ ကြားတယ်။ အားလပ်ချိန်လည်း အများကြီးရသလို လစာလည်း ကောင်းတယ်တဲ့"
"မင်းမှာ အရည်အချင်းရှိရင် ဘယ်နေရာသွားသွား အားလပ်ချိန်လည်း အများကြီးရသလို လစာလည်း ကောင်းမှာပဲလေ"
"ခင်ဗျားက အဲဒီအဆင့်ကို ရောက်နေပြီ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ ၂ နှစ်က သမိုင်းနောက်ခံ ဇာတ်လမ်းတွဲကို အကြီးအကျယ် အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လေ"
"20% ရတာက အကြီးအကျယ် အောင်မြင်တာလား။ အကြီးအကျယ် အောင်မြင်တယ်လို့ ခေါ်ဖို့ဆိုရင် အနည်းဆုံး 40% တော့ ရှိမှရမယ်။ ပြီးတော့ အဲဒီတုန်းက ငါ ကံကောင်းသွားတာပါ။ တစ်ချိန်တည်းမှာ လွှင့်နေတဲ့ တခြားဇာတ်လမ်းတွဲတွေ အကုန်လုံးက အသုံးမကျတာကိုး။ အဲဒီအချိန်တုန်းက 20% မကျော်တာကမှ ထူးဆန်းနေဦးမယ်"
"ဒီနေ့မှ ဘာလို့ ဒီလောက်တောင် နှိမ့်ချနေရတာလဲ"
"ငါ့အရွယ်ရောက်လာရင် မင်းဘာသာမင်း သိလာပါလိမ့်မယ်။ တိုးလာတဲ့ တစ်ခုတည်းသောအရာက နှိမ့်ချမှုပဲ။ ပြီးတော့ အပြင်ထုတ်လုပ်ရေး ကုမ္ပဏီတိုင်းကလည်း မကောင်းပါဘူး။ ငါတို့အထက်က ဒါရိုက်တာဆိုရင် ကုမ္ပဏီကနေ ထွက်ပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ထောင်လိုက်တာ၊ နောက်ဆုံးကျ အကြွေးတွေပဲ ပတ်လည်ဝိုင်းသွားတော့တယ်"
"အဲဒါကြောင့် သူများဆီမှာပဲ ဝင်လုပ်ရတာပေါ့။ ကိုယ်ပိုင်ထောင်တာက အန္တရာယ်များလွန်းတယ်"
"ဝိုး.. မင်းက တကယ့်ကို အလုပ်ကြိုးစားတဲ့ အလုပ်သမားလေးပဲ"
"ငါလည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပေါ့"
သူ လက်ဆန့်တန်းလိုက်ပြီး မတ်မတ် ထိုင်လိုက်တယ်။ မနက်ဖြန်က ဇာတ်ရံတွေအတွက် လူရွေးပွဲလုပ်မယ့်နေ့ပဲ။ ကလေးလေးတွေ သရုပ်ဆောင်တာကို တစ်နေ့လုံး ထိုင်ကြည့်ရမယ်လို့ တွေးလိုက်တာနဲ့ ခေါင်းကိုက်ချင်လာတယ်။
"အဲဒါထက်၊ ကိုယ်ပိုင်ထုတ်လုပ်ရေး ဇာတ်လမ်းတွဲဆိုပါလား။ ဘာတွေများ ဖြစ်ခဲ့တာလဲ မသိဘူး"
ကင်ဂျင်ဟျော့ က သခွားမွှေးပေါင်မုန့်တစ်ပိုင်း ကမ်းပေးရင်း ပြောလိုက်တယ်။ ဟန်ချန်ဆောင် က ပေါင်မုန့်ကို ပါးစပ်ထဲ ပလုတ်ပလောင်း ထည့်ဝါးရင်း ပြန်ပြောလိုက်တယ်။
"ငါက ဘယ်လိုလုပ်သိမှာလဲ။ သူတို့ သေသေချာချာလေး တစ်ခုလုပ်ချင်တာ ဒါမှမဟုတ် ပိုက်ဆံတွေ ပိုနေလို့ ဖြစ်မှာပေါ့"
"ဘာပဲဖြစ်ဖြစ် ကောင်းတာပဲ မဟုတ်ဘူးလား။ အခုနောက်ပိုင်း အကုန်လုံးကို အပြင်အပ်နေကြတော့ ငါတို့အတွက် အလုပ်မရှိတော့ဘူးဆိုတဲ့ ကောလာဟလတွေ အများကြီး ထွက်နေတာလေ"
"နိုင်ငံတော်က တိုက်ရိုက်အုပ်ချုပ်တဲ့ KBS ကလွဲရင် ကျန်တာတွေကတော့ အပြင်အပ်ရမှာချည်းပဲလေ။ သူတို့က ကြည့်ရှုနှုန်းကို ဂရုစိုက်စရာမှ မလိုတာ။ ပြီးတော့ သူတို့မှာ ငါတို့ထက် ဘတ်ဂျက် အများကြီး ပိုရှိသင့်တယ်လေ"
"ငါတို့ အရာအားလုံးကို အပြင်ထုတ်လုပ်ရေးတွေဆီအပ်လိုက်ရင် ငါတို့က ဘာဖြစ်သွားမှာလဲ"
"မင်းအလုပ်ပြုတ်မှာကို စိုးရိမ်နေတာလား"
"စိုးရိမ်တာပေါ့။ အကုန်လုံးကို အပြင်ထုတ်လုပ်ရေးကုမ္ပဏီတွေဆီ ပေးလိုက်ရင် ကျွန်တော့်မှာ လုပ်စရာအလုပ်မှ မရှိတော့တာ"
"ဘာလို့ အလုပ်မရှိရမှာလဲ။ မင်းရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲအတွက် မင်း အပြင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုခုနဲ့ အလုပ်လုပ်ရလိမ့်မယ်။ ထုတ်လုပ်ရေးကို အပြင်ကုမ္ပဏီက လုပ်တယ်ဆိုပေမဲ့ ထိန်းချုပ်တဲ့သူအနေနဲ့ ငါတို့လူတစ်ယောက်ကို လွှတ်ရမှာပဲလေ"
"ဒါပေမဲ့ ဒါရိုက်တာ နှစ်ယောက်ဖြစ်နေတာမျိုးတော့ မလိုချင်ဘူး။ အဲဒါက သိပ်မမိုက်ဘူး"
"ဘာလို့ နှစ်ယောက်ဖြစ်ရမှာလဲ။ ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကွင်းပတ်ဝန်းကျင်ကိုပဲ စီစဉ်ပေးမှာလေ၊ ဒါရိုက်တာနေရာမှာတော့ မင်းနာမည်ပဲ ပါမှာပေါ့"
"ဪ.. တကယ်လား"
ဟန်ချန်ဆောင် က သက်ပြင်းချရင်း မတ်တပ်ရပ်လိုက်တယ်။ ကင်ဂျင်ဟျော့ လည်း သူ့နောက်ကနေ လိုက်သွားတယ်။ သူတို့ ပထမ အစည်းအဝေးခန်းထဲကနေ ထွက်လာပြီး ရုံးခန်းထဲမှာ လျှောက်သွားနေကြတယ်။ ည ၈ နာရီ ကျော်နေပြီဖြစ်ပေမဲ့ ဇာတ်လမ်းတွဲဌာနကတော့ မနက် ၁၀ နာရီလိုပဲ အလုပ်တွေ ရှုပ်နေတုန်းပဲ။ ဗုဒ္ဓဟူး-ကြာသပတေး ဇာတ်လမ်းတွဲရဲ့ ရလဒ်တွေက သိပ်မကောင်းတာကြောင့် အဖွဲ့ ၁ က ဒါရိုက်တာနဲ့ ဒါရိုက်တာချုပ်တို့ကတော့ သူတို့စားပွဲမှာ အလုပ်တွေနဲ့ နပန်းလုံးနေကြတယ်။
"သူတို့ကို သေသေချာချာ ကြည့်ထား။ သူတို့ထွက်သွားပြီး ငါတို့ ဝင်သွားတာနဲ့ ငါတို့လည်း အဲဒီလိုပဲ ဖြစ်သွားမှာ"
တစ်နှစ်ရှိပြီ။ ပြီးခဲ့တဲ့တစ်နှစ်လုံးလုံး သူ အစီအစဉ်တွေဆွဲပြီး ဥက္ကဋ္ဌဆီ သွားပြပေမဲ့ ပယ်ချခံရတယ်၊ ဒါရိုက်တာချုပ်တစ်ယောက်ကို သွားစည်းရုံးပြီး ဥက္ကဋ္ဌဆီ နောက်တစ်ခေါက် ထပ်သွားပြန်တော့လည်း ပယ်ချခံရပြန်တယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှ အတည်ပြုချက်ရတဲ့ အစီအစဉ်တစ်ခုကို ဆွဲနိုင်ခဲ့ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့နိုင်ခဲ့တာ။ အဲဒီနောက် ဇာတ်လမ်းတွဲကောင်းတစ်ခု ဖန်တီးမယ်လို့ ဆုံးဖြတ်ပြီး အတူတူ သောက်ခဲ့ကြပေမဲ့ ထွက်လာတဲ့ ဇာတ်ညွှန်းက သူတို့စိတ်တိုင်းမကျလို့ နောက်ထပ် အချိန်အကြာကြီး ထပ်စောင့်ခဲ့ရပြန်တယ်။ သူတို့က ဝန်ထမ်းတွေဖြစ်တာကြောင့် စားပွဲမှာ ဘာမှမလုပ်ဘဲ ထိုင်နေရင်တောင် လစာရပေမဲ့ ဒီလုပ်ငန်းက အတွေ့အကြုံမရှိရင် အထုတ်ခံရမယ့် လုပ်ငန်းမျိုးဖြစ်တာကြောင့် တစ်ခါတလေ တခြားအဖွဲ့တွေကို သွားကူညီရတယ်။ တစ်ခါတရံ ယဉ်ကျေးမှုပညာပေးဌာနရဲ့ တည်းဖြတ်ခန်းကို အခေါ်ခံရတတ်ပြီး အဲဒါက သူ့ကို ရူးသွပ်သွားစေလောက်တယ်။
အချိန်အကြာကြီး စောင့်ပြီးတဲ့နောက် ဇာတ်ညွှန်းရဲ့ အစပိုင်းလေးကို ခက်ခက်ခဲခဲ ဖန်တီးနိုင်ခဲ့တယ်။ အပိုင်းအနေနဲ့ဆိုရင် ၅ ပိုင်းစာလောက်ပဲ ရှိသေးတယ်။ နောက်ဆုံးတော့ သူတို့မှာ အပိုင်း ၂၀ ပါတဲ့ ရာသီအလိုက် သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ အခြေခံအုတ်မြစ် ရသွားပြီပေါ့။
အဲဒီနောက် ပြီးစီးသွားတဲ့ ဇာတ်ညွှန်းရယ်၊ သေသေချာချာ ပြင်ဆင်ထားတဲ့ အစီအစဉ်တွေရယ်နဲ့ ဥက္ကဋ္ဌဆီမှာ ရက်သတ္တပတ် အတော်ကြာအောင် နပန်းလုံးခဲ့ရတယ်။ နောက်ဆုံးတော့ စတင်ဖို့ ခွင့်ပြုချက်ရခဲ့တယ်။ ဒါ့အပြင် အဲဒါက ကိုယ်ပိုင်ထုတ်လုပ်ရေး ဖြစ်တယ်။ ရှေ့ဆက်တွဲအနေနဲ့ 'အထူးအစီအစဉ်' တဲ့။ အဲဒီအပြင် အပိုင်း ၂၀ မဟုတ်ဘဲ အပိုင်း ၅၀ တောင် ဖြစ်သွားတယ်။ အစကတည်းက ဆွဲထားတဲ့ အစီအစဉ်တွေနဲ့ ဇာတ်ညွှန်းအများစုကို သူတို့ ပြန်ပြင်ခဲ့ရတယ်။ ကံကောင်းတာက သိပ်တော့ မခက်ခဲခဲ့ဘူး။ အကြောင်းအရာတွေကို ဖြုတ်ပစ်ဖို့က ခက်ပေမဲ့ ထပ်ဖြည့်ဖို့ကတော့ လွယ်တယ်လေ။ ဇာတ်ညွှန်းရေးဆရာကလည်း စိတ်အားထက်သန်လာတယ်။
ဒါကြောင့် အခု ကလေးသရုပ်ဆောင်တွေအတွက် အခန်းတွေ ပိုများလာတာပေါ့။ အဓိက ဇာတ်ကောင်ရဲ့ ငယ်ဘဝကို အသားပေးချင်တာကြောင့် သူ့ရဲ့ ကလေးဘဝကနေ လူငယ်ဘဝအထိ ဇာတ်လမ်းရဲ့ အလေးချိန်က ပိုများလာတယ်။ ပထမပိုင်းမှာ ကာရိုက်တာတွေရဲ့ ကြီးလာတဲ့ပုံစံတွေကို အရင်ပြပြီး အတိတ်ကို ပြန်အမှတ်ရတဲ့ ပုံစံမျိုး ရိုက်မှာဖြစ်တယ်။ နောက်ပိုင်းတွေမှာ ပါဝင်လာမယ့် သရုပ်ဆောင်ကောင်းတွေ အများကြီးရှိတာကြောင့် ပရိသတ်တွေ လိုင်းမပြောင်းသွားအောင် ဆွဲထားဖို့ သူ့ခေါင်းထဲမှာ ပုံဖော်ထားပြီးသား။
"အဲဒီအတွက် ကလေးတွေက ကောင်းကောင်း သရုပ်ဆောင်နိုင်မှ ရမယ်"
"ဘာလဲ။ ရုတ်တရက်ကြီး ဘာတွေပြောနေတာလဲ"
"မနက်ဖြန်ကို ပြောတာပါ။ အစပိုင်းတွေမှာ ဦးဆောင်မယ့် ကလေးသရုပ်ဆောင်တွေကို ငါတို့ ရွေးရမှာ မဟုတ်ဘူးလား။ အခြေအနေကောင်းတဲ့ ကလေးတချို့ကို ရဖို့ မျှော်လင့်ပါတယ်"
"စဉ်းစားကြည့်မယ်ဆိုရင် တတ်နိုင်သမျှ ကျော်သွားတာ ပိုကောင်းမယ်ထင်တယ်။ ကလေးတွေ ပါလာလို့ ကြည့်ရှုနှုန်း တက်သွားတာမျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး"
ညည်းတွားနေတဲ့ ကင်ဂျင်ဟျော့ ရဲ့ နဖူးကို ဟန်ချန်ဆောင် က ခပ်နာနာလေး ရိုက်လိုက်တယ်။
"မင်းက လက်ထောက်ဒါရိုက်တာဖြစ်ပြီးတော့ ကျရှုံးဖို့ ဆုတောင်းနေတာလား"
"ကျွန်တော် ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး"
"ပါးစပ်ပိတ်ထားစမ်း။ မနက်ဖြန် လာမယ့်ကလေးတွေက သရုပ်ဆောင်တာ အဆင်မပြေရင် မင်းကိုပဲ အပြစ်တင်မှာနော်"
"ကျွန်တော် ဘာပြောချင်လဲဆိုတာ စီနီယာ သိသားနဲ့~"
ဖားယားနေတဲ့ ကင်ဂျင်ဟျော့ ကို လျစ်လျူရှုပြီး ဟန်ချန်ဆောင် က အိမ်သာဘက်ကို လျှောက်သွားလိုက်တယ်။
* * * * * * * * *