အခန်း ၃၇၃
Vol. 38 Ch. 373
အခန်း(၃၇၃)
"တစ်ခုခု သွားစားရအောင်" ဂျောင်းလင် က မာရူး ရဲ့ လက်မောင်းကို ချိတ်လိုက်ရင်း ပြောလိုက်တယ်။
မာရူး က သူမမျက်နှာကို ကြည့်ပြီး လက်မောင်းကို ပြန်ရုတ်လိုက်တယ်။
"ငါ အိမ်မှာပဲ စားမလို့ စဉ်းစားထားတာ"
"နင့်ကို ကျွေးခိုင်းမှာ မဟုတ်ပါဘူး၊ သွားရအောင်ပါ"
သူ့လက်ကို ဆွဲနေတဲ့ ဂျောင်းလင် ကို မာရူး စိုက်ကြည့်လိုက်တယ်။
"ငါက အရာရာကို ရှင်းရှင်းလင်းလင်းဖြစ်တာပဲ သဘောကျတယ်။ အထူးသဖြင့် ပတ်သက်မှုတွေမှာပေါ့"
ဂျောင်းလင် က သူ့လက်ကို လွှတ်ပေးလိုက်ပြီး ခေါင်းလေးစောင်းလိုက်တယ်။
"အဲဒီတော့"
"အတူတူ စားလို့ရပါတယ်၊ ကိစ္စမရှိပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် တွေးကြည့်ရင် ငါတို့က အတူတွဲအလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲလေ။ ဒါပေမဲ့ နင် အရင်က ပြောခဲ့တာတွေကို ကြားပြီးတဲ့နောက်မှာတော့ နင့်ရည်ရွယ်ချက်က 'လုပ်ဖော်ကိုင်ဖက်' အနေနဲ့ အတူတူ ထမင်းစားချင်တာ မဟုတ်ဘူးဆိုတာ ရှင်းနေတယ်။ ငါထင်တာ မှားနေလား"
ဂျောင်းလင် က သူမရဲ့ ဘေးဘက်ဆံပင်တွေကို နားနောက်ကို သပ်တင်လိုက်ပြီး ပြုံးလိုက်တယ်။
"ဒါဆို နင် ငါ့ကို တကယ်ပဲ စိတ်မဝင်စားဘူးပေါ့"
"အင်း။ တကယ်ပဲ"
"ဒါဆို အရင်က ဘာလို့ ငါ့အပေါ် အဲဒီလို ဆက်ဆံခဲ့တာလဲ။ ဘာလို့ ငါ့ကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တာလဲ"
"ဘယ်သူမဆို သနားကြင်နာစိတ်နဲ့ အဲဒီလို ဆက်ဆံနိုင်တာပါပဲ။ ကိုယ့်ဘေးနားက လူတစ်ယောက် အဆင်မပြေဖြစ်နေတာကို မြင်ရင် စကားနဲ့ပဲဖြစ်ဖြစ် စိုးရိမ်ပေးတာက ယဉ်ကျေးမှုတစ်ခု မဟုတ်ဘူးလား"
"ဒါဆို သနားလို့ ဆက်ဆံပေးခဲ့တာပေါ့"
မာရူး ခေါင်းညိတ်ပြလိုက်တယ်။ ဒါကို ဘယ်လိုခေါ်ပါလိမ့်၊ မင်းသမီးရောဂါ လို့များ ခေါ်လား။ သူမကိုယ်သူမ ယုံကြည်မှုရှိတာက ကောင်းပေမယ့် ဘေးနားကလူတွေကို အဲဒါနဲ့ပတ်သက်ပြီး ပြသတဲ့ပုံစံကတော့ တော်တော်လေး ပြဿနာရှိတယ်။
"တ-တကယ်လား"
ဂျောင်းလင် က နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ရင်း သူမမျက်နှာထားက အဆင်မပြေဖြစ်သွားတယ်။ သူမက တကယ့်ကို အကဲခတ်ရလွယ်တဲ့သူပဲ။ ပြီးခဲ့တဲ့ရိုက်ကူးရေးတုန်းကလည်း ဒီလိုပါပဲ။ သူမက စိတ်ထဲရှိတာကို ချက်ချင်းပြောချလိုက်ပြီးမှ ချက်ချင်း နောင်တရတတ်တဲ့ အမျိုးအစားပဲလေ။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ရဲရင့်တယ်လို့ ဆိုနိုင်ပေမယ့် ဆိုးတဲ့ဘက်က ကြည့်ရင်တော့ သိပ်မစဉ်းစားတတ်ဘူး။ သူမပတ်ဝန်းကျင်က လူတိုင်းက သူမကို သဘောကျတယ်လို့ ထင်လောက်တဲ့အထိ သူမရဲ့ အတ္တက ကြီးမားနေပုံရပေမယ့် နားလည်သွားအောင် ဘယ်လိုပြောပြရမလဲဆိုတာကိုတော့ မာရူး မသိတော့ဘူး။
"ခေါင်းထဲရှိတာကို အကုန်ပြောချတတ်တဲ့ နင့်အကျင့်ကို ပြင်သင့်တယ်။ မပြင်ရင် လူတော်တော်များများရဲ့ အထင်လွဲတာကို ခံရလိမ့်မယ်။ ပြီးတော့ နင် အခြေအနေမကောင်းဘူးဆိုတာ သိလို့ ပါးစပ်ပိတ်သွားပြီးရင်လည်း လျှောက်စိတ်ကူးယဉ်နေတာတွေကို ရပ်လိုက်တော့။ အဲဒီလိုမျိုးလုပ်ရင် အထင်လွဲမှုတွေက ပိုကြီးလာတတ်တယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် ငါက အိမ်ထောင်သည် တစ်ယောက်ပဲ"
"အိမ်-အိမ်-အိမ်ထောင်သည်"
ဂျောင်းလင် က သူ့ကို အကဲခတ်သလို ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတယ်။
မာရူး ပခုံးတွန့်ပြလိုက်တယ်။ ခဏအကြာမှာတော့ အဲဒါက နောက်ပြောင်လိုက်တာမှန်း သိသွားပြီး ဂျောင်းလင် မျက်နှာက ဒေါသထွက်သွားပေမယ့် ချက်ချင်းပဲ ပြန်လျှော့ချလိုက်တယ်။
"...ဒါဆို အတူတူပဲ စားရအောင်။ ငါ တစ်ယောက်တည်း မစားချင်လို့ပါ"
"နင့်မှာ သူငယ်ချင်းတွေ မရှိဘူးလား"
"မရှိဘူး။ အဲ... ငါပြောချင်တာက မရှိတာတော့ မဟုတ်ဘူး..."
စိတ်ထဲရှိတာကို ပြောချလိုက်ပြီးနောက် ဂျောင်းလင် က နှုတ်ခမ်းကို စကိုက်နေပြန်တယ်။ အခု သူမကို ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။ သူမက စိတ်ထားဆိုးတဲ့ မိန်းကလေးတော့ မဟုတ်ပါဘူး။ သူမကိုယ်သူမ ဖော်ပြတဲ့နေရာမှာ အဆင်မပြေဖြစ်နေပြီး စိတ်ကူးယဉ်လွန်းတဲ့အတွက် လူချစ်လူခင် နည်းရတာပဲ။
"နင် ငါ့ကို ကျွေးမှာလား"
"ငါကလား"
"ငါ နင့်စကားတွေကို နားထောင်ပေးခဲ့သလို အကြံဉာဏ်တွေတောင် ပေးခဲ့သေးတယ်လေ။ ဒါက ထမင်းတစ်နပ်နဲ့တော့ တန်တယ်လို့ ထင်တယ်"
"...အင်း နှမြောစရာတော့ ကောင်းပေမယ့်၊ ရပါတယ်"
"အဲဒါ ထပ်ဖြစ်ပြန်ပြီ"
"ဘာကိုလဲ"
"အနောက်က စကားကို ပြောစရာ မလိုပါဘူး"
"လူတွေကို လှည့်စားတာက မကောင်းဘူး မဟုတ်လား။ ရိုးသားတာက ပိုကောင်းပါတယ်"
ဖတ်စာအုပ်ထဲက အဖြေလိုမျိုး ကြားလိုက်ရတဲ့အခါ မာရူး ပြုံးလိုက်တယ်။ တစ်နည်းအားဖြင့်တော့ သူမ ပြောတာ မှန်ပါတယ်။ ဘဝမှာ နေထိုင်ရှင်သန်နည်းဆိုတဲ့ အပင်လေးက ကျင့်ဝတ်ဆိုတဲ့ မြေဆီလွှာကနေ အတိအကျ ပေါက်ဖွားလာတာမှ မဟုတ်တာ။
"နင် ဈေးပေါတာတစ်ခုခု စားမှာမလား"
"ငါ အဲဒီလောက်ထိ မျက်နှာပြောင်မတိုက်ပါဘူး"
ရှေ့တည့်တည့်မှာရှိတဲ့ ကင်မ်ဘတ် ဆိုင်ကို မာရူး လက်ညှိုးထိုးပြလိုက်တယ်။
* * * * * * * * *
"မဟုတ်ပါဘူး"
"ဟုတ်ပါတယ်"
"ငါ အတည်ပြောနေတာ။ ဒါ အစစ်အမှန်ပဲ"
"ရင်ဘတ်ပေါ် လက်တင်ပြီး သေချာပြန်ပြောကြည့်ပါလား။ တကယ်လား"
"အင်း၊ ဟုတ်တယ်"
"နင် တုံ့ဆိုင်းသွားတာက ဘာအဓိပ္ပာယ်လဲဆိုတာကို စဉ်းစားကြည့်ဦး"
"နင် တောက်..."
"ငါ့ကို ဆဲဖို့ မလုပ်နဲ့"
"ငါ ဒါကို မလုပ်တော့ဘူး"
ဂျောင်းလင် က နှာမှုတ်လိုက်ပြီး ခေါက်ဆွဲကို စစားတော့တယ်။ သူမရဲ့ ဝိတ်ကို စဉ်းစားပြီး ဟင်းသီးဟင်းရွက် ကင်မ်ဘတ် တစ်လိပ်လောက်ပဲ မှာလိမ့်မယ်လို့ မာရူး ထင်ခဲ့ပေမယ့် သူမက ဝက်သားကြော်၊ ဒိန်ခဲ ကင်မ်ဘတ် တစ်လိပ်၊ ဒိန်ခဲခေါက်ဆွဲပြုတ် တစ်ပန်းကန်နဲ့ ဂျယ်ယူခ်ဘိုကွမ်း တစ်ပန်းကန်ကိုပါ သူမတစ်ယောက်တည်းအတွက် မှာလိုက်တယ်။
(TR Note: ဂျယ်ယူခ်ဘိုကွမ်း ဝက်သားကို ငရုတ်သီးအနှစ်ဖြင့် ကြော်ချက်ထားသော ကိုရီးယားဟင်းတစ်မျိုး)
"ငါ နောက်နေတာ မဟုတ်ဘူး။ အန်ဆွန်းဂျဲ က နင့်ကို ကြည့်တဲ့အခါ တကယ်ပဲ အလေးအနက်ထားတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တာလား"
"ငါ ပြောပြီးပြီလေ။ ငါတို့ အတန်းတူတူ တက်ရတာဆိုတော့ အကြည့်ချင်းဆုံတာ အကြိမ်ကြိမ်ပဲ"
သူမပါးစပ်ထဲကနေ ခေါက်ဆွဲဖတ်တွေ လွင့်စဉ်ထွက်လာတယ်။ မာရူး လျင်လျင်မြန်မြန်ပဲ ရှောင်လိုက်တယ်။ စားပွဲပေါ်က အစားအသောက် အကြွင်းအကျန်တွေကို ဂျောင်းလင် ကြည့်လိုက်ပြီး တစ်သျှူးနဲ့ အမြန်သုတ်လိုက်တယ်။ ပြီးတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး အဲဒီတစ်သျှူးနဲ့ပဲ သူမပါးစပ်ကို သုတ်လိုက်တယ်။
"TTO က အန်ဆွန်းဂျဲ က မင်းကို သဘောကျနေတာလား"
"နင့်ကို ဘယ်နှကြိမ်လောက် ပြောပြရမလဲ"
စိတ်ပျက်လက်ပျက်နဲ့ ဂျောင်းလင် က ကင်မ်ဘတ် တွေကို ပါးစပ်ထဲ ထပ်သိပ်ထည့်လိုက်တယ်။
ဇာတ်လမ်းစတာက ဒီလို။ သူတို့ အစားအသောက် မှာပြီးပြီးချင်း ဂျောင်းလင် က ဆွန်းဂျဲ အကြောင်း စပြောတော့တယ်။ သူတို့က အတန်းတူတူတက်နေကြတာဖြစ်ပြီး သူက သူမကို သဘောကျနေပုံရတယ်။
အဲဒီစကားတွေကို ကြားတော့ မာရူး ရုတ်တရက် ရယ်ချလိုက်မိပြီး အခုချိန်ထိ အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်လာခဲ့တာပဲ။
"တိုက်ဆိုင်မှုတွေ များလာရင် ကံကြမ္မာပဲလို့ ပြောကြတယ်လေ"
"ဟုတ်ပါတယ်။ အဲဒါကို အရင်က ငါ ကြားဖူးပါတယ်။ ပြီးတော့ အဲဒါက လုံးဝ အသုံးမဝင်ဘူးဆိုတာလည်း သိထားပြီးပြီ"
"သူက ငါ့ကို မကြည့်ဘဲနဲ့ ငါတို့ အကြည့်ချင်း ဆုံနိုင်ပါ့မလား"
"အတန်းထဲမှာ သုံးယောက်ပဲ ရှိတယ်လို့ ထင်တာ။ အစ်ကိုဂွမ်ဆော့ ရယ်၊ အန်ဆွန်းဂျဲ ရယ်၊ ပြီးတော့ နင် ရယ်လေ။ နင်က အစ်ကိုဂွမ်ဆော့ ကို သဘောမကျဘူး မဟုတ်လား"
"အေး။ အဲဒီကောင်ကို ငါ လုံးဝ မုန်းတာ"
သူမ လုံးဝ တုံ့ဆိုင်းမနေဘူး။ မာရူး ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်တယ်။
"ပြီးတော့ နည်းပြက တော်တော်ကြောက်စရာကောင်းတယ်လို့ နင်ပြောခဲ့တယ် မဟုတ်လား"
"အင်းလေ။ သူ ငြိမ်ငြိမ်လေးနေရင် တော်တော်လေး မာနကြီးပြီး စကားလုံးဝပြောမယ့်ပုံ မပေါ်ပေမယ့် ပါးစပ်ဟလိုက်တာနဲ့ အဆုံးမရှိတဲ့ မုန်တိုင်းတွေလိုပဲ။ ဒါ့အပြင် သူ့ရဲ့ လေ့ကျင့်ရေးတွေက ဘယ်လောက်ကြမ်းလဲဆိုတာ နင် မသိပါဘူး။ ငါ သရုပ်ဆောင်သင်နေတာလား၊ ကျွမ်းဘားသင်နေတာလားတောင် မသေချာတော့ဘူး"
"အဲဒီလိုလူမျိုးနဲ့ အကြည့်ချင်းဆုံရတာ သိပ်အဆင်မပြေဘူး မဟုတ်လား"
"သေချာတာပေါ့"
"ကဲ၊ အဖြေပေါ်သွားပြီ။ နင် တခြားဘယ်ကို ကြည့်လို့ရဦးမလဲ။ ကျန်တာက အန်ဆွန်းဂျဲ တစ်ယောက်ပဲ ရှိတော့တာလေ။ နောက်ဆုံးတော့ သူနဲ့ အကြည့်ချင်းဆုံရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အန်ဆွန်းဂျဲ က နင့်ကို ကြည့်နေလို့ မဟုတ်ဘဲ နင်ကိုယ်တိုင်က အန်ဆွန်းဂျဲ ကို အချိန်ပြည့် ငမ်းနေလို့ပဲ။ ဟုတ်ပြီလား"
"...."
"တိတ်နေတာကို ကြည့်ရရင် ငါပြောတာ မှန်တယ်လို့ နင် ထင်နေပုံရတယ်"
မုန်လာဥချဉ် စားနေရင်း ဂျောင်းလင် ရဲ့ မျက်လုံးတွေကို မာရူး ကြည့်လိုက်တယ်။ သူမမျက်လုံးတွေကို ကြည့်လိုက်တဲ့အခါ သူမခေါင်းပေါ်မှာ စကားပြောပူဖောင်းလေးတစ်ခု ပေါ်လာတယ်။
[[ကောင်းပြီလေ၊ နင်က စမတ်ကျပါတယ်။ နင်ပြောတာ မှန်တယ်။ အင်း၊ ဟုတ်တယ်။ နင်ပြောတာ မှန်တယ်လို့ပဲ ထားလိုက်တော့]]
"ကောင်းပြီလေ၊ နင်က စမတ်ကျပါတယ်။ နင်ပြောတာ မှန်တယ်။ အင်း၊ ဟုတ်တယ်။ နင်ပြောတာ မှန်တယ်လို့ပဲ ထားလိုက်တော့"
သူမစိတ်ထဲမှာ ရှိနေတဲ့အတိုင်း အတိအကျ ပြောချလိုက်ပြန်တယ်။ မာရူး ထပ်ရယ်မိပြန်တယ်။ ဒီအချိန်မှာတော့ သူမဟာ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိတဲ့ တကယ့် လူသားရတနာပါပဲ။
"နင် က အဲဒီလိုတွေ ပြောတတ်ပါရက်နဲ့ အရင်တုန်းက ဘာလို့ ငြိမ်နေခဲ့တာလဲ။ တခြားကိစ္စတွေမှာ ငြိမ်နေတတ်ပေမယ့် သူများရဲ့ လိပ်ပြာကို လာထိတဲ့ကိစ္စတွေကျရင်တော့ စိတ်ထဲရှိတာ ပြောချတတ်လို့ လူတွေက နင့်ကို သဘောမကျကြတာပဲ"
"...အဲဒါက ငါ သူများရှေ့မှာ စကားပြောရတာ အသားမကျလို့ပါ။ မဟုတ်ဘူး၊ ငါ အဲဒီလိုလုပ်ရတာကို မုန်းတာ"
"အဲဒါတောင် သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတာလား"
"သရုပ်ဆောင်တာက မတူဘူးလေ။ အဲဒါက အလုပ်လေ။ ဒါပေမဲ့ လူအုပ်ကြီးကို စကားပြောရတာက သိပ်ခက်တယ်"
"သဘောပေါက်ပြီ။ တကယ်တော့ နင် စကားအရမ်းများလို့ ပြဿနာတွေ အများကြီး တက်ခဲ့ဖူးတယ် မဟုတ်လား။ အဲဒါကြောင့် ငြိမ်နေတာပေါ့"
"နင် ကောင်းကောင်းသိသားပဲ"
ဂျောင်းလင် က ဇွန်းကို ပါးစပ်ထဲထည့်ပြီး အထက်အောက် လှုပ်ရုံပဲ လှုပ်နေတယ်။
"နင် တကယ်ကို လိမ်ပြောတတ်ဖို့နဲ့ လူတွေကို ဖားတတ်ဖို့ သင်ယူသင့်တယ်။ လူကြီးတစ်ယောက်အနေနဲ့ အဲဒီလို လုပ်နိုင်ဖို့တော့ လိုတာပေါ့။ အသက်နှစ်ဆယ့်တစ်နှစ်ဆိုတာ လုံလောက်တဲ့ အရွယ်ရောက်နေပြီလို့ ထင်တယ်"
"ဟေး၊ ငါလည်း အဲဒါကို သိတယ်နော်"
"သိတယ်ဆိုရင် လက်တွေ့လုပ်သင့်တာပေါ့။ ပြီးတော့ ယောက်ျားတိုင်းက နင့်ကို သဘောကျတယ်လို့ မထင်နဲ့။ နင့်ကို ကြည့်ရတာ ဘဝတစ်သက်တာ စုဆောင်းထားသမျှကို တစ်ယောက်ယောက်က လိမ်သွားမှာကိုတောင် ခံရမယ့်ပုံပေါ်တယ်"
"ငါကလား"
"ဟုတ်တယ်။ ရိုးရိုးသားသား ပြောစမ်းပါ။ တစ်ယောက်ယောက်နဲ့ ဒိတ်လုပ်ဖူးလား"
"ဟင့်အင်း-မလုပ်ဖူးဘူး။ နင် ဘယ်လိုသိတာလဲ"
"ကြည့်လိုက်တာနဲ့ သိသာနေတာပဲ။ လူတိုင်းက သူမကို သဘောကျတယ်လို့ ထင်ပြီး မာနကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်သူက သဘောကျမှာလဲ။ တကယ်လို့ သဘောကျရင်တောင်မှ နင် ပြုမူနေတဲ့ပုံစံကို ကြည့်ပြီး စိတ်ပျက်သွားကာ ထွက်သွားကြမှာပဲ"
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲဆိုတော့ ခြွင်းချက်မရှိ အချစ်မဟုတ်ရင် အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် သွားတာလေ။ တစ်ဖက်သတ် ပေးဆပ်တာမျိုးကိုတော့ ဝတ္ထုတွေထဲမှာပဲ ရှာကြည့်သင့်တယ်။ စဉ်းစားကြည့်လေ။ နင့်ကို စိတ်ဝင်စားတဲ့ ယောက်ျားတစ်ယောက် ရှိတယ်ဆိုပါစို့။ သူက သူ့ခံစားချက်တွေကို အချစ်အဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်နဲ့ ချဉ်းကပ်လာပေမယ့် နင်က ရုတ်တရက်ကြီး 'ငါ အကုန်သိပြီးသားပါ။ နင် ငါ့ကို သဘောကျနေတာ မဟုတ်လား' လို့ ပြောလိုက်ရင် သူ့အနေနဲ့ ဘယ်လိုခံစားရမလဲ"
"...ကောင်းမှာပေါ့"
"သြော်..."
"ဒါ-ဒါမဟုတ်ဘူးလား။ ဘာလို့လဲ။ သူက ငါ့ကို သဘောကျသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပြောပြသင့်တာပေါ့။ ငါ့ကို သဘောကျလို့ စိတ်ဝင်စားတာ မဟုတ်ဘူးလား"
"အဆင့်ဆင့်ဆိုတာ ရှိသေးတယ်လေ။ ပြီးတော့ ရိုးသားတိုင်း အမြဲတမ်း အဖြေမဟုတ်ဘူး။ အထူးသဖြင့် လူမှုဆက်ဆံရေးတွေမှာပေါ့"
"ငါ နားမလည်ဘူး"
"နားမလည်တာက ကျွန်တော်ပါ။ နင်က ကိုရီးယားလူမျိုးရော ဟုတ်ရဲ့လား"
"ဟုတ်ပါတယ်"
ဂျောင်းလင် က နှုတ်ခမ်းစူရင်း သူမရဲ့ စမတ်ဖုန်းကို ကလိနေတယ်။
"ဘာလုပ်နေတာလဲ"
"သူငယ်ချင်းတွေနဲ့ စကားပြောနေတာ"
"နင့်မှာ မရှိဘူးလို့ ထင်နေတာ"
"ရှိပါတယ်"
စဉ်းစားကြည့်လိုက်တော့ ပြီးခဲ့တဲ့ရိုက်ကူးရေးတုန်းကလည်း ဂျောင်းလင် က ဖုန်းကို တော်တော်လေး ကြည့်နေခဲ့တာပဲ။ ပြီးခဲ့တဲ့အကြိမ် အသားကင်ဆိုင်မှာ ညစာစားတုန်းကလည်း သူမက အချိန်ပြည့် ဖုန်းပွတ်နေခဲ့တာပဲ။
"ငါ့သူငယ်ချင်းတွေကို ပြရမလား"
သူမက သူငယ်ချင်းတွေအကြောင်း ကြွားပြောရတာကို သဘောကျတဲ့သူနဲ့ တူတယ်။ မာရူး ခေါင်းညိတ်ပြလိုက်တယ်။ သူတို့တွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ သူ သိချင်နေခဲ့တာပါ။ ဂျောင်းလင် က သူမရဲ့ ဖုန်းစခရင်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြလိုက်တယ်။ မက်ဆေ့ချ်တွေ အများကြီး ရှိနေတယ်။ ဒါပေမဲ့ ပေးပို့တဲ့သူတွေရဲ့ နာမည်တွေက တော်တော်လေး ထူးဆန်းနေတယ်။
"သူတို့က နိုင်ငံခြားသားတွေလား"
"မဟုတ်ပါဘူး၊ ကိုရီးယားတွေပါ"
"ဒါဆို သူတို့နာမည်တွေက ဘာလို့ အင်္ဂလိပ်လို ဖြစ်နေတာလဲ"
"အော် ဒါလား။ သူတို့ရဲ့ ID တွေလေ"
"ID တွေ"
"အင်း"
"ဘာ ID တွေလဲ"
"ဘလော့ဂ် ID တွေလေ"
"...သြော်"
"ဘာဖြစ်လို့လဲ"
"အခု စာပို့နေတဲ့လူတွေနဲ့ အပြင်မှာ ဆုံဖူးလား"
"ဟင့်အင်း-မဆုံဖူးဘူး"
"...အင်တာနက်ပေါ်က သူငယ်ချင်းတွေလည်း သူငယ်ချင်းစာရင်းထဲ ပါတာပဲပေါ့လေ"
ဂျောင်းလင် က ဖုန်းအင်တာနက် ဖွင့်လိုက်တယ်။ သူမ သုံးနေတဲ့ ဘလော့ဂ်ကို ဖုန်းစခရင် သေးသေးလေးကနေ သူ့ကို ပြလိုက်တယ်။ စိတ်ဝင်စားစရာကောင်းတာက အဲဒါက လက်ရေးလှနဲ့ ပတ်သက်တဲ့ ဘလော့ဂ်တစ်ခု ဖြစ်နေတယ်။ သူမရဲ့ ဖုန်းဘေလ်အတွက် မာရူး စိုးရိမ်သွားတယ်။ အဲဒီလို စာမျက်နှာတွေကို ဆက်တိုက် ဆွဲကြည့်နေရင် တော်တော်လေး ကုန်ကျစရိတ် များနိုင်တယ်။
"အဲဒီလောက်ထိ သုံးနေရင် ဖုန်းဘေလ်တွေ တက်လာလိမ့်မယ်"
"ရပါတယ်"
အဲဒီကိစ္စကို သူမ သိပ်စိုးရိမ်ပုံမရဘူး။ ဘလော့ဂ်ထဲမှာ လျှောက်ပြပြီးနောက် ဂျောင်းလင် က ဆက်ပြောတယ်။
"ကြည့်လေ၊ သူတို့အားလုံးက လူကောင်းတွေချည်းပဲ။ ဘယ်တော့မှ ဒေါသမထွက်ကြဘူး။ အားလုံးက ရိုးသားကြတယ်"
"ဟုတ်ပါပြီ"
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ"
မာရူး ပြုံးလိုက်ပြီး အကြည့်လွှဲလိုက်တယ်။ သူမက မိန်းကလေးကောင်း ဟုတ်မဟုတ် သူ မသိပေမယ့် သေချာတာကတော့ သူမက ကြင်နာတတ်တဲ့သူ တစ်ယောက်ပါ။ ဒီခေတ်ကြီးမှာ သူမလို လူမျိုးက တော်တော်လေး ရှားပါတယ်။ ဆရာတွေက ကလေးတွေကို ရိုးသားဖို့ သင်ပေးပေမယ့် ရိုးသားမှုက ဘယ်တော့မှ ကောင်းတဲ့ဘက်ကို မရောက်လာတဲ့ ခေတ်ကြီးမှာ သူမကတော့ သူမရဲ့ ရိုးသားမှုကို ထိန်းသိမ်းထားတုန်းပဲ။
"အမ်း၊ ဟေး"
"ဗျာ"
"တကယ်တော့ ငါ နင့်ကို ထမင်းအတူစားဖို့ ခေါ်ရတဲ့ အကြောင်းရင်း နောက်တစ်ခု ရှိသေးတယ်"
စားသောက်ဆိုင်ကို ရောက်ကတည်းက ဂျောင်းလင် ပထမဆုံးအကြိမ် တုံ့ဆိုင်းသွားတယ်။ မာရူး က ဝက်သားကြော် နောက်ဆုံးတစ်ဖတ်ကို စားလိုက်ပြီး ပြောလိုက်တယ်။
"ဘာများလဲ"
"ငါ့ကို သရုပ်ဆောင်တာ သင်ပေးလို့ရမလား"
"ဗျာ၊ ငါကလား"
"အင်း။ ငါ မြင်ခဲ့တယ်။ ဘယ်လိုပြောရမလဲ... အင်း ငါ့ကို ကြက်သီးထစေခဲ့တယ်။ ငါလည်း အဲဒီလိုမျိုး သရုပ်ဆောင်ချင်တယ်"
"နင်က နည်းပြဆီမှာ သင်နေပြီလို့ ထင်တာ"
"သင်နေတာပေါ့၊ ဒါပေမဲ့ ငါ ပိုလွယ်တဲ့နည်းနဲ့ သင်ချင်လို့။ နင်က စကားပြောကောင်းတယ် မဟုတ်လား။ ငါ့ကို သင်ပေးပါနော်"
"မဖြစ်နိုင်ပါဘူး။ ငါ့ကိုယ့်အလုပ်နဲ့ကိုယ်တောင် ရှုပ်နေတာ။ ဘယ်သူ့ကိုမှ မသင်ပေးနိုင်ဘူး"
"ပိုက်ဆံကြောင့်ဆိုရင် ငါ ပေးပါ့မယ်။ ဘယ်လောက် လိုချင်လဲ"
"ကောင်းပြီလေ။ ဝမ် ၅ သန်း။ အဲဒီထက်တော့ မလျှော့ဘူး"
"ကောင်းပြီ။ အဆင်ပြေပါတယ်"
"ဗျာ"
မာရူး က ဂျောင်းလင် ကို ခဏလောက် စိုက်ကြည့်နေပြီးနောက် တဟားဟား ရယ်လိုက်တယ်။ သူမလည်း နောက်ပြောင်တတ်တာပဲ။
"ထားလိုက်ပါတော့။ အဲဒီနည်းပြဆီမှာပဲ သွားသင်ပါ။ ဒါထက် စားလို့လည်း ပြီးပြီဆိုတော့ သွားကြရအောင်"
"ဟေး"
မာရူး က သွားကြားထိုးတံ တစ်ချောင်းကို ကောက်ယူလိုက်ပြီး အမြန်ထွက်လာခဲ့တယ်။ ဂျောင်းလင် က သူ့နောက်ကို ကမန်းကတန်း လိုက်လာရင်း မောဟိုက်နေတယ်။
"ကျွေးတာ ကျေးဇူးပဲနော်"
"ဘာလို့ ထွက်ပြေးတာလဲ"
"နင် ကျွေးမယ် ထင်လို့လေ"
"ဟုတ်ပေမယ့်လည်း"
"ဒါဆို ပြဿနာ မရှိပါဘူး"
"တောက်။ အဲဒါကို ခဏထားလိုက်စမ်းပါ၊ သဘောတူတယ်လို့ ပြောလေ။ ငါ့ကို သင်ပေးမယ်လို့ ပြောပါ"
"အဲဒီနည်းပြဆီမှာပဲ သင်ပါလို့ ပြောပြီးပြီလေ"
"ငါ အဲဒီနည်းပြကို မုန်းတယ်။ သူက ကြောက်စရာကောင်းတယ်။ သူ ဘယ်လိုလူမျိုးလဲဆိုတာ နင် မသိပါဘူး။ ငါ အမှားတစ်ခုလေး လုပ်မိတာကို သူက နားပူနားဆာလုပ်တော့တာပဲ။ ဒီလိုရာသီဥတုမျိုးမှာ သေမတတ် ပြေးရတဲ့ အတွေ့အကြုံမျိုး နင့်မှာ ရှိလား။ အင်း၊ ငါ့မှာတော့ ရှိတယ်။ အဲဒီနည်းပြ၊ ငါဆိုလိုတာက အဲဒီမိန်းမက ဘာကိုမှ ဂရုမစိုက်ဘူး"
"ဝိုး၊ သူက တော်တော်တော်ပုံရတယ်"
"သူ ကျွမ်းကျင်တယ်ဆိုတာကိုတော့ ငါ သိပါတယ်။ ဟုတ်တယ်၊ အဲဒီမိန်းမက တော်တယ်။ ဒါပေမဲ့ ငါနဲ့ မကိုက်ညီဘူး"
"ဒါဆိုလည်း ထွက်လိုက်ပေါ့"
"ဟင့်အင်း၊ အဲဒီလို လုပ်လို့မရဘူး။ စလုပ်ပြီးမှတော့ အဆုံးထိ လုပ်ရမှာပဲ"
"ဒါဆိုရင်တော့ နင့်အတွက် တစ်ခုတည်းသော ရွေးချယ်စရာက သည်းခံဖို့ပဲ ထင်တယ်"
ခုလေးတင် စားထားတာဆိုတော့ မာရူး နည်းနည်းလေး ပင်ပန်းသလို ခံစားနေရတယ်။ ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားရင်း သူ သမ်းလိုက်တယ်။ ဂျောင်းလင် က နှာမှုတ်လိုက်ပြီး သူ့နောက်ကို လိုက်လာတယ်။
"နင့် လမ်းနင့် မသွားဘူးလား"
"ငါလည်း ဒီလမ်းကို သွားမှာပဲ။ နောက်တစ်နာရီဆိုရင် သင်တန်းရှိတယ်"
"ဟို ကြောက်စရာကောင်းတဲ့ နည်းပြနဲ့လား"
"အင်း"
"ကောင်းပါတယ်"
အဲဒီလိုပြောလိုက်ချိန်မှာပဲ သူ့ဖုန်းမြည်လာတယ်။
"ဟယ်လို"
“ဟန်မာရူး။ ငါပါ”
"စီနီယာမီဆို။ ဘာကိစ္စရှိလို့လဲ"
“စီနီယာဂျွန်မင်း ဆီက ကြားပြီးပြီ မဟုတ်လား။ နင် သင်တန်းတက်ဖို့ လိုတယ်ဆိုတာလေ”
"ဟုတ်ကဲ့။ အို၊ ကျွန်တော့်ကို သင်ပေးမှာက စီနီယာလား"
“မှန်တာပေါ့”
"ဖူး၊ ဒီတစ်ခါရော ကိုယ်လက်လေ့ကျင့်ခန်းတွေ ပါသေးလား"
“သရုပ်ဆောင်တာက ခံနိုင်ရည်လည်း လိုတယ်လေ။ အဲဒါထက် အခု နင် ဘာလုပ်နေလဲ။ ဘာမှလုပ်စရာမရှိရင် လာခဲ့လေ”
"ဘယ်ကိုလဲ"
“ဂန်နမ် က ရုပ်ရှင် သင်တန်းကျောင်းကိုလေ”
"အို။ ကျွန်တော် အခု ယော့ဆမ်ဒုန် မှာ ရောက်နေတယ်။ အနီးအနားမှာဆိုတော့ သိပ်မကြာခင် ရောက်လာနိုင်လောက်တယ်"
“တကယ်လား။ ကောင်းတာပေါ့။ ဒီနေရာက ဂန်နမ်ဘူတာ နားမှာလေ”
"ဘူတာ ကို ရောက်တာနဲ့ ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ်"
သူ့အနောက်ကို မကြည့်ခင် ဖုန်းချလိုက်တယ်။
"ချိန်းထားတာလေး ရှိလို့ ကျွန်တော် သွားရတော့မယ်"
"ကောင်းပြီလေ၊ သွားတော့။ သောက်ကောင်"
"နောက်မှ တွေ့ကြတာပေါ့"
သူမကို လက်ပြနှုတ်ဆက်ပြီးနောက် ဂန်နမ်ဘူတာ ဘက်ကို သူ လမ်းလျှောက်သွားတယ်။ ခဏလောက် လမ်းလျှောက်ပြီးနောက် အနောက်ကို လှည့်ကြည့်လိုက်တော့ ဂျောင်းလင် က သူ့နောက်ကို လိုက်လာတုန်းပဲဆိုတာ သူ တွေ့လိုက်ရတယ်။
"ကျွန်တော့်နောက်ကို လိုက်နေတုန်းပဲလား"
"ငါလည်း ဒီလမ်းကို သွားမှာပါလို့ ပြောထားတယ်လေ"
ဂျောင်းလင် က ဒေါသတကြီးနဲ့ သူ့ရှေ့ကနေ လျှောက်သွားတယ်။ မာရူး လမ်းလျှောက်ရင်း ပခုံးတွန့်လိုက်တယ်။
* * * * * * * * *