အခန်း ၃၇၅
Vol. 38 Ch. 375
အခန်း(၃၇၅)
ကျောင်းမှာ သူသင်ပေးတဲ့ပုံစံနဲ့ ဒီကသင်ကြားနည်းက တော်တော်လေး ကွာခြားတယ်။ ကျောင်းမှာတုန်းကတော့ မီဆို က အမိန့်တွေပဲ ပေးခဲ့တာလေ။ အဲဒီအမိန့်တွေကို မလိုက်နာနိုင်တဲ့သူတွေအတွက် စောင့်ကြိုနေတာကတော့ ရက်စက်တဲ့ ခြေထောက်ဆွဲဆန့်ခံရတာပါပဲ။ သူက ကိုယ်ပိုင်တွေးခေါ်မှုထက် စုပေါင်းသရုပ်ဆောင်မှုကို ပိုအရေးထားပြီး ကျောင်းသားတွေအားလုံးကို စစ်တပ်လိုမျိုး တစ်ပုံစံတည်းဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါက အခြေခံအုတ်မြစ်ချပေးတဲ့ မီဆို ရဲ့ နည်းလမ်းပဲလေ။
ဒါပေမဲ့ ဒီမှာစုဝေးနေကြတဲ့သူတွေက ပညာရှင်တွေ ဒါမှမဟုတ် ပညာရှင်ဖြစ်လာမယ့်သူတွေချည်းပဲ။ အဲဒီတော့ အတင်းအကျပ်ခိုင်းစေပြီး တစ်ပုံစံတည်းသင်ပေးတဲ့ ပညာရေးစနစ်ကို လိုက်နာစရာ အကြောင်းမရှိဘူး။ မီဆို ရဲ့ သင်ကြားရေးပုံစံက အရင်ဆုံး သီအိုရီပိုင်းတွေကို ပြောပြပြီးမှ ဥပမာတွေနဲ့ ရှင်းပြတာမျိုးပါ။ အခြေခံအသိပညာတွေ ရသွားပြီဆိုတာနဲ့ ကျောင်းသားတွေကို ချက်ချင်း လက်တွေ့လုပ်ခိုင်းတော့တာပဲ။
သရုပ်ဆောင်ရတာ အများစုက လွတ်လွတ်လပ်လပ် သရုပ်ဆောင်ရတာတွေများတယ်။ ဇာတ်ကွက်ကို သူဖန်တီးပေးတဲ့ အချိန်တွေရှိပေမယ့် အချိန်တော်တော်များများမှာတော့ သရုပ်ဆောင်တွေကို သူတို့ဘာသာ အခြေအနေတစ်ခု ဖန်တီးလာအောင် သူက တွန်းအားပေးတတ်တယ်။ သရုပ်ဆောင်ပြီးသွားရင် အဲဒီသရုပ်ဆောင်က သီအိုရီပိုင်းကို ကိုယ်တိုင် ပြန်ရှင်းပြရတယ်။ အပေါ်ယံနဲ့ အတွင်းစိတ်ခံစားချက်တွေက ဘာတွေလဲ၊ အဲဒီနှစ်ခုက ကိုက်ညီမှု ရှိမရှိ၊ ကိုက်ညီတယ်ဆိုရင် ဘာကြောင့်လဲ၊ မကိုက်ညီဘူးဆိုရင် ဘာကြောင့်လဲ ဆိုတာတွေကိုပေါ့။
ဖြေတဲ့သူ ဘာမှဆက်မပြောနိုင်တော့တဲ့အထိ မီဆို က မေးခွန်းတွေ ဆက်တိုက်မေးတော့တာပဲ။ မာရူး က ဒီအတိုင်း ထိုင်ကြည့်နေတာတောင် အားအင်တွေ ကုန်ခမ်းသွားသလို ခံစားနေရတယ်။ သူမက ကြောက်စရာကောင်းတယ်လို့ ဂျောင်းလင် ပြောတုန်းက ကျောင်းသားတွေကို အော်ဟစ်ဆူပူတတ်တဲ့ ဆရာမျိုးလို့ သူထင်ခဲ့ပေမယ့် ဒါက လုံးဝကို တခြားအဆင့်တစ်ခုပဲ။ အော်ဟစ်တာလောက်ကတော့ လျစ်လျူရှုထားလို့ ရသေးတယ်။ ဆူပူခံရချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် အချိန်နည်းနည်းကြာရင် မေ့သွားနိုင်တယ်လေ။ ဒါ့အပြင် ကျောင်းသားတွေဘက်က ဘာမှတုံ့ပြန်စရာမလိုတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရလည်း ပိုပြီး သက်သာသေးတယ်။
ဒါပေမဲ့ ကိုယ့်သရုပ်ဆောင်မှုကို ကိုယ်တိုင်ဖန်တီးရတဲ့ ဒီလိုသင်ခန်းစာမျိုးတွေက ကျောင်းသားတွေကို သူတို့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အဆုံးအစမရှိ တွေးတောနေဖို့ လိုအပ်တယ်။ မီဆို က လူတွေကို မဆူပေမယ့် သူတို့ မဖြေနိုင်တော့တဲ့အထိ သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ဇွဲလုံးလကြီးကြီးနဲ့ ဆက်တိုက်မေးနေတတ်တယ်။ စကားတွေဆွံ့အပြီး ဘာပြောရမှန်းမသိဖြစ်သွားချိန်မှပဲ အဲဒါက ပြီးဆုံးသွားတာလေ။
"ဟား... တော်တော်ခက်တာပဲ"
ဂျောင်းလင် လည်း လုံးဝကို ပင်ပန်းနွမ်းနယ်သွားပြီး ကြမ်းပြင်ပေါ်ကို ခွေကျသွားတယ်။ သူမထိုင်ခုံပေါ်မှာထိုင်ဖို့တောင် အားမရှိတော့တဲ့ပုံပဲ။ ဘေးစောင်းကျသွားပြီး သက်ပြင်းတွေချနေတော့တယ်။ ဆွန်းဂျဲ က မာရူး အနားကို ချဉ်းကပ်လာတယ်။
"ဘယ်လိုထင်လဲ"
"ဆိုးရွားလွန်းပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သူ့ကို ရဲစခန်းမှာ မတိုင်သင့်ဘူးလား"
သူအဲဒီလိုပြောလိုက်ချိန်မှာပဲ ပရိုဂျက်တာစခရင်ရှေ့မှာ ရေသောက်နေတဲ့ မီဆို က အကုန်ကြားနေရတယ်လို့ လှမ်းပြောတယ်။
"ခက်ခဲပေမယ့် တန်ပါတယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်"
"ခင်ဗျားရဲ့ ငယ်ဘဝကိုလား"
ဆွန်းဂျဲ က ခေါင်းညိတ်ပြတယ်။
"TTO ထဲ မဝင်ခင်တုန်းက သရုပ်ဆောင်ကျောင်းကို ကျွန်တော်တက်ခဲ့သေးတယ်။ အဲဒါက အထက်တန်းကျောင်းတက်တုန်းကဆိုတော့ ဟူး... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့"
"ခင်ဗျား ငယ်ငယ်တုန်းက အိပ်မက်က သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ပေါ့"
"အခုထိလည်း ဟုတ်တုန်းပါပဲ။ အိုင်ဒေါ တစ်ယောက်ဖြစ်လာတာကတော့ နည်းဗျူဟာတစ်ခုလိုပေါ့လေ။ အခု ပြန်စဉ်းစားကြည့်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုမရှိခဲ့တာ သေချာတယ်။ ဒါကြောင့်လည်း ဥက္ကဋ္ဌပြောတဲ့အတိုင်း ကျွန်တော် လိုက်လုပ်ခဲ့တာပေါ့။ တကယ်လို့ ကျွန်တော်သာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုအပြည့်အဝရှိခဲ့ရင် အိုင်ဒေါ မလုပ်ဘဲ အဲဒီလမ်းကြောင်းအတိုင်းပဲ ဆက်လျှောက်ခဲ့မိမှာ သေချာတယ်"
"ခင်ဗျား နောင်တရနေလား"
အဲဒီမေးခွန်းကိုကြားတော့ ဆွန်းဂျဲ က ပြုံးရုံသာပြုံးပြီး ဘာမှမပြောဘူး။ မာရူး က ရေတစ်ငုံသောက်လိုက်ပြီးမှ စကားစလိုက်တယ်။
"အဲဒါက အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်တယ်"
"ဘာကိုလဲ၊ ကျွန်တော့်ဆုံးဖြတ်ချက်ကိုလား"
"ဟုတ်တယ်။ အခက်အခဲတွေ အပြည့်ရှိတဲ့ လမ်းကြောင်းကို လျှောက်လှမ်းပြီးမှ အောင်မြင်သွားတယ်ဆိုရင် ခင်ဗျားကိုကြည့်ရတာ မိုက်နေနိုင်ပေမယ့် အောင်မြင်မှုမှာတော့ ဘာမှကွာခြားသွားတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား။ ခင်ဗျား အဆင်ပြေပြေ လုပ်နိုင်နေသရွေ့ အဲဒါက လုံလောက်နေပါပြီ။ တကယ်လို့ တစ်ယောက်ယောက်ကများ ကျွန်တော့်ကို အဲဒီလို လာကမ်းလှမ်းရင် ဘာမှတွန့်ဆုတ်မနေဘဲ လက်ခံလိုက်မှာပဲ။ နေပါဦး... အိုင်ဒေါ ဖြစ်ဖို့ဆိုတာလည်း မလွယ်ဘူးမလား။ သေချာစဉ်းစားကြည့်ရင် အောင်မြင်မယ့်သူတွေက ဘာပဲဖြစ်ဖြစ် အောင်မြင်လာကြမှာပဲလေ။ သူတို့က လမ်းနည်းနည်း ကွေ့သွားရုံပါပဲ"
တောင်ကိုရီးယား ရဲ့ အကောင်းဆုံး အိုင်ဒေါ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆွန်းဂျဲ က လောင်းကစားလုပ်ပြီး အနိုင်ရခဲ့တာမှ မဟုတ်တာ။ ဒါမှမဟုတ် လမ်းဘေးကနေ ကောက်ရခဲ့တာလား။ အိုင်ဒေါ တွေရဲ့ နာမည်ကျော်ကြားမှု မြင့်တက်လာတာနဲ့အမျှ အိုင်ဒေါ နဲ့ပတ်သက်တဲ့ တီဗီအစီအစဉ်တွေလည်း ပိုများလာပြီး အိုင်ဒေါ ဖြစ်ချင်တဲ့ သင်တန်းသားတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုကို မာရူး ကြည့်ခဲ့ရဖူးတယ်။ သူတို့က အိုင်ဒေါ ဖြစ်လာဖို့အတွက် အေဂျင်စီတွေမှာ အရာအားလုံးကို ပုံအောထားခဲ့ကြတာလေ။ သရုပ်ဆောင်လောကဆိုတာ ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ ပင်လယ်နီကြီးလို့ ဂျွန်မင်း က တစ်ခါပြောဖူးတယ်။ မာရူး အမြင်မှာတော့ အိုင်ဒေါ လောကက သွေးပင်လယ်ကြီးလိုပဲ။ သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူးလို့ ဆွန်းဂျဲ က ပြောပေမယ့် အခုလက်ရှိနေရာကို ရောက်လာစေခဲ့တဲ့ သူ့ရဲ့ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မှုတွေအရဆိုရင် သူက ဘာပဲလုပ်လုပ် ကောင်းကောင်းလုပ်နိုင်မှာ သေချာတယ်။
"မင်းက အဲဒီလိုပြောတော့ ငါကျေးဇူးလည်းတင်သလို နည်းနည်းလည်း ရှက်သွားပြီ"
"ခင်ဗျား ကျေးဇူးတင်တယ်ဆိုရင် ကျွန်တော့်ကို နောက်ထပ် အော်တိုဂရပ်ဖ် တစ်ခုလောက် ထပ်ပေးပါ။ ကျွန်တော့်ညီမက နည်းနည်းခေါင်းမာလာလို့ သူ့အတွက် မက်လုံးတစ်ခုလောက် လိုနေလို့ပါ"
"ဟားဟား... ရတာပေါ့။ ဒါပေမဲ့ မင်းက မင်းညီမနဲ့ တည့်ပုံရတယ်နော်။ ငါတို့အဖွဲ့ဝင်တွေထဲက တစ်ယောက်ဆို သူ့ညီမအကြောင်းပြောလိုက်တာနဲ့ကို ကြက်သီးတွေထသွားတာ"
"သူက ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပါပဲ။ အစ်ကိုဂွမ်ဆော့ လည်း ဒီအတန်းထဲမှာ ရှိတယ်လို့ ကြားတယ်"
"ဒီနေ့ချိန်းထားတာရှိလို့ ခွင့်ယူထားတယ်လို့ သူပြောတယ်။ မင်းက သူ့ကိုလည်း သိတာလား"
"ဂျောင်းလင် အပါအဝင် ကျွန်တော်တို့သုံးယောက် အရင်က ရိုက်ကွင်းတစ်ခုမှာ ဆုံဖူးတာ။ သုံးယောက်လုံး ဇာတ်ရံ တွေအနေနဲ့ပေါ့"
"ဪ... ရုပ်ရှင် ရိုက်ကွင်းလား"
"မဟုတ်ဘူး၊ ဇာတ်လမ်းတွဲ အတွက်ပါ"
"မင်း ဆည်းဆာအချိန် ရုန်းကန်မှုများ ပြီးကတည်းက ရုပ်ရှင် မရိုက်ရသေးဘူးလား"
"ကျွန်တော် မရိုက်ရသေးပါဘူး။ ဒါပေမဲ့ ရိုက်ဖို့အတွက် လေ့ကျင့်နေပါတယ်"
"ကောင်းတာပေါ့။ အနားယူတဲ့အချိန် အရမ်းကြာသွားရင် မကောင်းဘူးလို့ အဘိုး မွန်ဂျောင် က ပြောဖူးတယ်။ ကြည့်ရတာ မင်းက အဲဒီအတွက် စိတ်ပူစရာမလိုတော့ဘူးနဲ့တူတယ်"
"ကျွန်တော် ကံကောင်းသွားတာပါ"
လေ့ကျင့်မှုက အရေးကြီးပေမယ့် တကယ့်လက်တွေ့ခံစားချက်ကို မဆုံးရှုံးစေဖို့ကလည်း အဲဒီလောက်ပဲ အရေးကြီးတယ်။ မာရူး အနေနဲ့ အချိန်အကြာကြီး အနားယူစရာမလိုဘဲ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်နိုင်ခဲ့တာက တကယ့်ကို ကံကောင်းလွန်းလှတယ်။
"အဘိုးက မင်းကို ကောင်းတဲ့အရာတွေ အများကြီး ပြောပြခဲ့ပုံရတယ်"
"အဘိုးလား။ ဪ... အဘိုး မွန်ဂျောင် ကို ပြောတာလား။ အင်း... တကယ်တော့ ကျွန်တော် ဆူတာ အများကြီး ခံခဲ့ရတာ။ ခင်ဗျားနဲ့တွေ့တဲ့နေ့က ရိုက်ကွင်းကို ကျွန်တော် ပထမဆုံးရောက်တဲ့နေ့လေ။ အစကတည်းက အကြီးအကျယ် အဆူခံခဲ့ရတာ"
"အဘိုးဆီကလား"
"ဟုတ်တယ်။ ကျွန်တော့်မှာ သိမ်ငယ်စိတ်လိုမျိုး ရှိနေခဲ့ပုံရတယ်။ ဒါကြောင့်လည်း ရိုက်ကွင်းကို ပထမဆုံးရောက်တဲ့အချိန်မှာ ကျွန်တော့်ဘာသာ စိုးရိမ်နေခဲ့မိတာပေါ့။ တခြားသရုပ်ဆောင်တွေက ကျွန်တော့်ကို အမြင်ကြည်မှာ မဟုတ်ဘူးလို့ ယုံကြည်နေခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် အိုင်ဒေါ တွေက သရုပ်ဆောင်တွေရဲ့ နေရာကို လုယူဖို့ ကြိုးစားနေကြတယ်ဆိုတာကို ကျွန်တော် ခဏခဏ ကြားနေရတယ်လေ"
ဆွန်းဂျဲ က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်တယ်။
"ဒါပေမဲ့ ကျွန်တော် အကြီးအကျယ် နားလည်မှုလွဲနေခဲ့တယ်ဆိုတာ နောက်နေ့ကျမှ သဘောပေါက်သွားတယ်။ သူတို့နေရာတွေကို လုယူမယ်လို့လား။ အဲဒါက စိတ်ကူးယဉ်သက်သက်ပါပဲ။ သရုပ်ဆောင်တဲ့နေရာမှာ သူတို့ကို ကျွန်တော် ဘယ်တော့မှ အနိုင်မရနိုင်ပါဘူး"
"ဒါပေမဲ့ နာမည်ကြီးဖို့ဆိုတဲ့နေရာမှာတော့ ဘာဖြစ်လာမလဲဆိုတာ ခင်ဗျား သိနိုင်မှာမဟုတ်ဘူး"
မာရူး က သူ့ကို နည်းနည်းလေး ရန်စကြည့်လိုက်တယ်။ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေကို သူဘယ်လိုရှောင်ထွက်သွားမလဲ။ နောက်ပိုင်းမှာ သင်ခန်းစာတွေကို အတူတူ ယူရမှာဖြစ်တဲ့အတွက် သူ့ရဲ့စရိုက်က ဘယ်လိုလဲဆိုတာ သိထားဖို့ လိုအပ်တယ်လေ။ အပေါ်ယံကြည့်ရင်တော့ သူက ခင်မင်စရာကောင်းတဲ့ပုံပေါက်ပေမယ့် သေချာသိရဖို့အတွက် သူ့ကို အနက်ရှိုင်းဆုံး စကားပြောကြည့်ဖို့ လိုသေးတယ်။
"မင်းပြောတာမှန်ပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေမှာတော့ အဲဒါက အလုပ်ဖြစ်တယ်။ ဇာတ်လမ်းတွဲ တွေမှာလည်း ဒီအတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ကြည့်လို့ရတယ်လေ။ လျှပ်စစ်မီးနဲ့ တီဗီရှိနေသရွေ့ အိုင်ဒေါ တွေကို မြင်တွေ့နိုင်တဲ့အတွက် တီဗီရုပ်သံလိုင်းတွေရဲ့ အမြင်မှာတော့ ကြည့်ရှုနှုန်းတက်လာအောင် အိုင်ဒေါ တွေကို ထည့်သုံးတာက သူတို့အတွက် အဆင်ပြေတဲ့ နည်းလမ်းဖြစ်မှာ သေချာတယ်။ နာမည်ကျော်ကြားမှုကို အသုံးပြုပြီး တီဗီအစီအစဉ်တွေမှာ ပါဝင်ရတာ လွယ်ကူတယ်ဆိုတာကိုတော့ ငါဝန်ခံပါတယ်။ ပြီးတော့ အဲဒီဖော်မြူလာက ရုပ်ရှင် တွေမှာလည်း အလုပ်ဖြစ်မယ်လို့ ငါထင်ခဲ့မိတာ။ လွန်ခဲ့တဲ့ အချိန်ခဏလေးအထိပေါ့"
သူ့မန်နေဂျာ ယူလာပေးတဲ့ အားကစားအိတ်ထဲကနေ တစ်ဝက်ခေါက်ထားတဲ့ ရုပ်ရှင်ပိုစတာတစ်ခုကို ဆွန်းဂျဲ ထုတ်လိုက်တယ်။ အဲဒါက နွေရာသီကျောင်းပိတ်ရက်မှာ ရုံတင်ခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားလေ။ အမျိုးသားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး တစ်ယောက်က အသက်လေးဆယ်ကျော်အရွယ်လောက်ရှိပေမယ့် အခြားတစ်ယောက်ကတော့ အသက်နှစ်ဆယ်စွန်းစွန်းလောက်ပဲ ရှိဦးမယ်။
"ဒါဘယ်သူလဲဆိုတာ မင်းသိတယ်မလား"
ဆွန်းဂျဲ က အသက်ပိုငယ်တဲ့ကောင်လေးကို လက်ညိုးထိုးပြတယ်။ မာရူး ကတော့ ခေါင်းခါပြလိုက်တယ်။
"အိုင်ဒေါ တွေအကြောင်း ကျွန်တော် သိပ်မသိလို့ပါ"
"တကယ်လား။ အင်း... မိန်းကလေး အိုင်ဒေါ တွေမဟုတ်ရင် မင်းသိပ်သိမှာမဟုတ်ဘူးလို့ ငါထင်သားပဲ"
တကယ်တော့ မိန်းကလေး အိုင်ဒေါ တွေအကြောင်းကိုလည်း မာရူး က သိပ်သိတာမဟုတ်ပါဘူး။ မာရူး က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်ပြီး သူဆက်ပြောမယ့်စကားကို စောင့်နေလိုက်တယ်။
"သူက Change လို့ခေါ်တဲ့ အဖွဲ့ကလေ။ သူက တော်တော်နာမည်ကြီးတဲ့ကောင်ပဲ။ မကြာသေးခင်ကမှ သူတို့အဖွဲ့က အဆင့်သတ်မှတ်ချက်မှာ ပထမရခဲ့သေးတယ်။ ဇာတ်လမ်းတွဲ တစ်ခုမှာ ဇာတ်ရံ အနေနဲ့ သူပါဝင်ခဲ့တုန်းက သရုပ်ဆောင်စွမ်းရည်နဲ့ပတ်သက်ပြီး အငြင်းပွားစရာလေးတွေ နည်းနည်းရှိခဲ့ပေမယ့် မကြာခင်မှာပဲ ပျောက်သွားခဲ့တယ်။ ငါ့အမြင်မှာလည်း သူ့သရုပ်ဆောင်တာက သိပ်ပြီးတော့ အဆင်မပြေတာမျိုး မရှိပါဘူး။ အဲဒီလိုနဲ့ပဲ ဒီရုပ်ရှင်က ထွက်လာခဲ့တာ။ အေဂျင်စီက ဒီကားအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားတယ်လို့ ကြားတယ်။ ရုံမတင်ခင်ကတည်းက အင်တာနက်ပေါ်မှာ တော်တော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့တာလေ။ ငါးခေါက်လောက်အထိ ကြည့်မယ်လို့ ပြောကြတဲ့ ပရိသတ်တွေလည်း အများကြီးပဲ"
"တစ်ပတ်လောက်နေတော့ ဒီကားက ပျောက်သွားတာ မဟုတ်ဘူးလား။ သရုပ်ဆောင်တာ စောက်ရမ်းဆိုးတယ်လို့ ကြားတယ်"
ဘေးကနေ ထိုင်ကြည့်နေတဲ့ ဂျောင်းလင် က ရုတ်တရက် ဝင်ပြောလိုက်တယ်။ သူမလည်း ချက်ချင်း လန့်သွားပြီး ဆွန်းဂျဲ ရဲ့ မျက်နှာကို လှမ်းကြည့်တယ်။ တစ်သက်လုံး သူမရဲ့ အကျင့်ကို ဖျောက်နိုင်တော့မယ့်ပုံ မပေါ်ဘူး။
"ငါ... ငါအဲဒီလို ဆိုလိုတာမဟုတ်ပါဘူး... ဒါပေမဲ့..."
"သူ ပြောတာမှန်ပါတယ်။ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်သွားတာ။ ပြီးခဲ့တဲ့အပတ်ကပဲ ကျွန်တော် သွားကြည့်ခဲ့သေးတယ်။ ဆိုလိုတာက အိုင်ဒေါ တစ်ယောက် အဓိကဇာတ်ဆောင် အနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ကားလေ။ ဇာတ်ကားက ဘယ်လိုနေလဲဆိုတာရော၊ ရုပ်ရှင်ရုံထဲက လေထုက ဘယ်လိုရှိလဲဆိုတာပါ သိချင်လို့ပါ။ ပြီးတော့ ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကိုလည်း သိချင်လို့လေ။ ရုပ်ရှင်ကားကိုယ်တိုင်ကတော့ သိပ်မဆိုးပါဘူး။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းသလို အစိုးရရှေ့နေ ကာရိုက်တာမှာ သရုပ်ဆောင်တဲ့ ချွဲဂျယ်ချော ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီကောင်... ဒီကောင်ကပဲ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာ"
ဆွန်းဂျဲ က ပိုစတာကို ပြန်ခေါက်လိုက်တယ်။ သူက ပေါ့ပေါ့ပါးပါး ပြုံးနေပေမယ့် အနာဂတ်ကို အဝေးကြီးအထိ မျှော်ကြည့်နေတဲ့ပုံပေါက်တယ်။
"မိန်းကလေးတွေ အများကြီးရှိခဲ့တာတော့ သေချာတယ်။ အင်တာနက်ပေါ်မှာလည်း ဒီအကြောင်းက ရေပန်းစားနေတုန်းပဲလေ။ ဒါပေမဲ့ အဲဒါပါပဲ။ အဲဒါကလွဲရင် တခြားဘာမှမရှိတော့ဘူး။ ဒီနှစ်အစပိုင်းတုန်းက ရှီးလ်မီဒို ရုပ်ရှင်ကား ရုံတင်ခဲ့တယ်မလား။ ကြည့်ရှုသူ ဆယ်သန်းကျော်တောင် ရခဲ့တာလေ။ အဲဒီကားထဲမှာ သရုပ်ဆောင်စွမ်းရည် လိုအပ်နေတဲ့ သရုပ်ဆောင်ဆိုတာ တစ်ယောက်မှ မပါဘူး။ ကျွန်တော် နာမည်တောင်မသိတဲ့ သရုပ်ဆောင်တွေကအစ လေးနက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ဇာတ်ကားအတွက် ပါဝင်အားဖြည့်ပေးခဲ့ကြတာလေ။ အဲဒီတုန်းက သူတို့ထဲက တစ်ယောက်နေရာမှာ အိုင်ဒေါ တစ်ယောက်နဲ့ အစားထိုးလိုက်ရင်လည်း အဆင်ပြေမယ်လို့ ကျွန်တော် ထင်ခဲ့မိတာ။ ဇာတ်ရံ တစ်ယောက် လိုအပ်ချက်ရှိနေရင်တောင် နာမည်ကျော်ကြားမှုရဲ့ စွမ်းအားနဲ့ အစားထိုးနိုင်မယ်လို့ ယုံကြည်ခဲ့တာလေ။ ဒါပေမဲ့ ဒီရုပ်ရှင်ရိုက်ကူးရေးမှာတော့ ကျွန်တော့်အမြင်တွေ အရမ်းကျဉ်းမြောင်းနေခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။ တီဗီပေါ်မှာတော့ နာမည်ကျော်ကြားမှုက အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်တွေမှာတော့ အလုပ်မဖြစ်ဘူး။ ရုပ်ရှင်ကြည့်ဖို့အတွက် ပိုက်ဆံပေးပြီး လက်မှတ်ဝယ်ရတယ်ဆိုတဲ့ ထင်ရှားတဲ့အချက်ကို ကျွန်တော် မေ့နေခဲ့တာ။ ခဏတာ နာမည်ကျော်ကြားမှုအပေါ် နည်းနည်းလေး ယစ်မူးသွားလို့ ကျွန်တော် မှားယွင်းသွားခဲ့တာပဲ။ 'ပျော်ရွှင်မှု' နဲ့ပတ်သက်လာရင် ပရိသတ်တွေက ကြောက်စရာကောင်းလောက်အောင် အာရုံခံစားလွယ်တယ်ဆိုတာကို ကျွန်တော် မေ့နေခဲ့တာ။ အိုင်ဒေါ တွေ ပေးစွမ်းနိုင်တဲ့ 'ပျော်ရွှင်မှု' နဲ့ ရုပ်ရှင်တွေက ပေးစွမ်းနိုင်တဲ့ 'ပျော်ရွှင်မှု' ဆိုတာ မတူဘူးလေ"
ပိုစတာကို အိတ်ထဲပြန်မထည့်ခင် သူက ခေါင်းညိတ်ပြလိုက်တယ်။
"စည်းကျော်သွားမိရင် တောင်းပန်ပါတယ်"
မာရူး က ဆွန်းဂျဲ ကို တောင်းပန်လိုက်တယ်။ သူ့ကို စမ်းသပ်ကြည့်ဖို့ ကြိုးစားခဲ့မိတဲ့အတွက် စိတ်မကောင်းဖြစ်သွားတယ်။ ဒီစကားဝိုင်းကနေ သူသိလိုက်ရတာကတော့ အန်ဆွန်းဂျဲ ဆိုတဲ့လူဟာ လုံးဝကို ပေါ့ပေါ့တန်တန်လူစားမျိုး မဟုတ်ဘူးဆိုတာပဲ။ နက်နက်ရှိုင်းရှိုင်း တွေးတောတတ်သူတွေမှသာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်တာလေ။ ဆွန်းဂျဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်မှုတွေ ပြီးဆုံးသွားပြီဖြစ်လို့ ရှေ့ဆက်တိုးနေတဲ့ သူတစ်ယောက်ပဲ။ ကုမ္ပဏီတစ်ခုမှာ သူ့လို ဂျူနီယာမျိုးနဲ့ တွေ့ရတဲ့အခါ စီနီယာတွေအနေနဲ့ ဝမ်းသာသလို ကြောက်လည်းကြောက်ရမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဂျူနီယာက မကြာခင်မှာ ရာထူးတက်လာတော့မယ်ဆိုတာကို သူတို့ သိနေကြလို့ပါပဲ။
"ရပါတယ်။ မင်းက ငါမျှော်လင့်ထားတဲ့အတိုင်းပဲဆိုတော့ ငါတောင် ဝမ်းသာသေးတယ်"
"ခင်ဗျား မျှော်လင့်ထားတဲ့အတိုင်း"
"ဆည်းဆာအချိန် ရုန်းကန်မှုများ ကို ရိုက်ကူးတုန်းက ငါက အဲဒီမှာ ဆက်နေဖို့ တော်တော်လေး ဇွတ်လုပ်ခဲ့ရတာ။ အဲဒီမှာနေလို့ရအောင် ငါ့ရဲ့ အချိန်ဇယားတစ်ခုလုံးကို နောက်ဆုတ်ပြီး ဥက္ကဋ္ဌကို တောင်းဆိုခဲ့ရတယ်။ ရုပ်ရှင်ထဲက ငါ့အခန်းတွေက ရိုက်ပြီးသွားပြီဆိုတော့ အဲဒီမှာ ဆက်နေဖို့ အကြောင်းပြချက်တစ်ခုရအောင် ဝန်ထမ်းတွေအတွက် အသေးအဖွဲအလုပ်လေးတွေ လုပ်ပေးပြီး ညဘက်ဆို သူတို့နဲ့အတူ သောက်ဖြစ်ခဲ့ကြတယ်။ ငါက အရက်အများကြီး သောက်နိုင်တာက အဲဒီတုန်းက တော်တော်လေးကို အထောက်အကူဖြစ်ခဲ့တာ"
"အရက်သောက်တာလား။ ခင်ဗျား အဘိုးနဲ့အတူတူ သောက်ဖြစ်ခဲ့သေးတာလား"
"အေးပေါ့... တခြားသရုပ်ဆောင်တွေနဲ့လည်း သောက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အဘိုး မွန်ဂျောင် က မင်းအကြောင်း အများကြီး ပြောပြခဲ့တာ။ မင်းက တော်တော်ရဲတင်းပြီး မှန်းဆရခက်တဲ့အပြင် မင်းနဲ့အတူရှိနေရင် ငါဘယ်တော့မှ ပျင်းရမှာမဟုတ်ဘူးလို့ သူပြောခဲ့တယ်။ အခု မင်းနဲ့ လူချင်းတွေ့လိုက်ရတော့ သူဘာပြောချင်တာလဲဆိုတာကို ငါသဘောပေါက်သွားပြီ ထင်တယ်"
"ကျွန်တော်က အဲဒီလောက်လည်း မရဲတင်းပါဘူး။ ကျွန်တော်က အေးဆေးနေတတ်တဲ့သူပါ"
"ဒီကောင်က သူပြောချင်တာကို ပြောတတ်ပြီး တော်တော်လေးကို မောက်မာတာ"
ဂျောင်းလင် က ရုတ်တရက် ဝင်နှောင့်ယှက်ပြီး တစ်ခွန်းဝင်ပြောလိုက်တယ်။
ဆွန်းဂျဲ က ရယ်လိုက်တယ်။ မာရူး ကတော့ ဆွန်းဂျဲ တစ်ယောက် အားရပါးရ ရယ်မောနေတာကို ဒီအတိုင်း ကြည့်နေလိုက်တယ်။
'သူက သဘောကောင်းတဲ့သူပါပဲ'
သူက တကယ်ပဲ လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်။ မာရူး က အိုင်ဒေါ တွေနဲ့ပတ်သက်ရင် အမြဲတမ်း အမြင်မကြည်ခဲ့ပေမယ့် ဆွန်းဂျဲ ကတော့ သူ့ရဲ့စိတ်နေသဘောထားကို ပြောင်းလဲပေးနိုင်မယ်လို့ သူထင်မိတယ်။
"မင်းတို့ ရယ်မောပြီး စကားပြောနေကြပုံထောက်ရင် သင်ခန်းစာက မင်းတို့အတွက် အရမ်းလွယ်နေပုံပဲ။ ကဲ... ဒါဆိုလည်း ပြန်စကြမလား။ မင်းတို့မျက်နှာပေါ်က အပြုံးတွေကို ဖယ်ရှားပစ်ဖို့အတွက် ပေါ့ပေါ့ပါးပါး ကျွမ်းဘားကစားတာကနေ စလိုက်ကြရအောင်"
မီဆို က လက်ခုပ်တီးရင်း ရှေ့ကို လျှောက်လာတယ်။ မာရူး က နောက်ကိုဆုတ်ရင်း သူတို့အတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်တယ်။ ဒီနေ့တော့ သူက ဒီအတိုင်း ထိုင်ကြည့်နေရုံပဲလေ။
"မစ္စတာဟန်မာရူး"
"ဗျာ"
"မင်းဘယ်သွားမလို့လဲ"
"ကျွန်တော့်ခုံကို ပြန်သွားပြီး ထိုင်ကြည့်မလို့လေ"
"သွားစရာမလိုပါဘူး။ ဒီကိုလာပြီး နံရံကိုမှီရပ်နေလိုက်။ မင်းသာ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ထားတယ်ဆိုရင် မနှစ်ကလို ခြေထောက်တွေကို ဆန့်ထုတ်နိုင်မှာပါ"
"ကျွန်တော် ဒီနေ့တော့ ထိုင်ကြည့်ရုံပဲလို့ ထင်ထားတာ..."
"ဒီနေ့ သင့်တင့်ရုံလောက်ပဲ လုပ်မလား။ ဒါမှမဟုတ် မနက်ဖြန်ကျမှ နှစ်ဆလုပ်မလား"
ဒီကမ္ဘာပေါ်မှာ သူဘယ်တော့မှ အနိုင်မယူနိုင်တဲ့ ရန်သူတွေ ရှိနေသေးတယ်လို့ တွေးရင်း မီဆို ရဲ့ ပြုံးစစမျက်နှာကိုကြည့်ကာ မာရူး တစ်ယောက် နံရံဆီကို လျှောက်သွားလိုက်တယ်။
* * * * * * * * *
"ဒါဆို မနက်ဖြန်မှ တွေ့ကြမယ်နော် အားလုံးပဲ"
လန်းဆန်းနေတဲ့ မျက်နှာနဲ့ မီဆို က စာသင်ခန်းထဲကနေ ထွက်သွားတယ်။ မာရူး လည်း သွားကြိတ်ရင်း ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ ဒီအတန်းက သူ့ရဲ့အက်ရှင်အတန်းတွေထက်တောင် ပိုခက်ခဲနေသေးတယ်။
"မင်း အသက်ရှင်နေသေးလား"
ဆွန်းဂျဲ က ဘေးကနေ လှမ်းပြောတယ်။ မာရူး ကလည်း အင်း လို့ တိုးတိုးလေး ပြန်ဖြေလိုက်တယ်။
"ဂျောင်းလင် တော့ သေသွားပြီထင်တယ်"
"အဲဒီလိုပဲ ထင်တယ်"
"သူ့အတွက် နာရေးလုပ်ပေးရမလား"
"အဲဒီလိုလုပ်ဖို့တောင် ကျွန်တော် အရမ်းပင်ပန်းနေပြီ"
"မတတ်နိုင်ဘူးလေ။ ငါတို့ဘာသာပဲ သွားကြတာပေါ့"
"ကောင်းပြီလေ။ ဪ... မာရူး... အတူတူ သွားစားကြမလား။ အနီးအနားမှာ ကောင်းတဲ့ ဘိုဆမ် ဆိုင်တစ်ဆိုင်ရှိတယ်"
(TR Note: ဘိုဆမ် ပြုတ်ထားသော ဝက်သားကို ကင်မ်ချီနှင့် ဟင်းသီးဟင်းရွက်များဖြင့် ထုပ်စားသည့် ကိုရီးယားရိုးရာဟင်းတစ်မျိုး)
"ခင်ဗျားဝယ်ကျွေးမှာလား"
"ငါ့ထက်ငယ်တဲ့သူကိုတော့ ငါဝယ်မကျွေးခိုင်းပါဘူးကွာ"
"ခင်ဗျားကို တစ်သက်လုံး အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံပါ့မယ်။ ဂျောင်းလင် ရော လိုက်မှာလား"
ဂျောင်းလင် က ဇွန်ဘီတစ်ကောင်လို ထရပ်လိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြတယ်။
"အာ... ဟုတ်သားပဲ။ အစ်ကိုဆွန်းဂျဲ"
"ဘာလဲ"
"ခင်ဗျား သိလား"
"ဘာကိုလဲ"
"ကြည့်ရတာ ခင်ဗျား တစ်ယောက်ယောက်ကို သဘောကျနေပုံပဲ"
"အဲဒါက ဘာအဓိပ္ပာယ်လဲ"
ဆွန်းဂျဲ က ခေါင်းငဲ့ကြည့်လိုက်ပြီး ဂျောင်းလင် ကတော့ မတ်တတ်ရပ်ရင်း အော်ဟစ်လိုက်တယ်။
သူမကိုကြည့်ပြီး မာရူး က ခဏလောက် ရယ်နေမိတယ်။ သူ ဒီအတန်းကို တကယ် သဘောကျသွားပြီလေ။
* * * * * * * * *