← Chapters

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း(၃၇၇)

သူက ပူစီနံရောင် လည်ဝိုင်းတီရှပ်နဲ့ ဆင်စွယ်ရောင် စကတ်ကို ဝတ်ပြီး မှန်ရှေ့မှာ ရပ်လိုက်တယ်။ အဝတ်အစားတွေမှာ အရစ်တွေ ခေါက်ရာတွေ ရှိမရှိ စစ်ဆေးပြီးတဲ့နောက် အခန်းထဲကနေ ထွက်လာခဲ့တယ်။

"အမေ ရေးနေတုန်းပဲလား"

"အေး၊ ရေးနေတုန်းပဲ"

စားပွဲပေါ်မှာ ကော်ဖီပုလင်းတွေနဲ့ ဗီတာမင်ဆေးတွေ ရှိနေတယ်။ သူက သက်ပြင်းချလိုက်ပြီး အမေ့ဘေးမှာ ရပ်လိုက်တယ်။

"အမေ ကော်ဖီသောက်တာကို တကယ် ရပ်သင့်ပြီနော်"

"ငါ့ကို အသက်ရှူရပ်လိုက်ဖို့ ပြောတာက ပိုမကောင်းဘူးလား"

"မဖြတ်နိုင်ဘူးဆိုရင်လည်း ဘလက်ကော်ဖီပဲ သောက်ပါလား။ အဲဒါက ခန္ဓာကိုယ်အတွက် ပိုကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ကြားဖူးတယ်"

"နွားနို့နဲ့ သကြားမပါတဲ့ ကော်ဖီက ကော်ဖီမဟုတ်ဘူး ကောင်မလေးရဲ့။ ဒါနဲ့ နင် အပြင်သွားမလို့လား"

"အင်း။ ယိုဂျင် နဲ့ သွားဆုံမလို့"

"ပိုက်ဆံလိုသေးလား"

"မလိုဘူး၊ အရင်တစ်ခေါက်က ပိုက်ဆံတွေ ကျန်သေးတယ်"

သူက လက်ပ်တော့ မျက်နှာပြင်ကို ချောင်းကြည့်လိုက်တယ်။ မျက်နှာပြင်ကို နှစ်ပိုင်းခွဲထားပြီး စာနှစ်မျိုး ရေးထားတယ်။ တစ်ခုက မဂ္ဂဇင်းအတွက် အက်ဆေးဖြစ်ပြီး နောက်တစ်ခုက ဝတ္ထုတစ်ပုဒ်လေ။

"တစ်ပြိုင်နက်တည်း နှစ်ခုရေးနေတော့ မရှုပ်ဘူးလား"

ဒါကိုမြင်တိုင်း သူက စပ်စုချင်စိတ် ဖြစ်မိတယ်။ သူ့အမေက အမြဲတမ်း အလုပ်တော်တော်များများကို တစ်ပြိုင်နက်တည်း လုပ်လေ့ရှိတယ်။ စာတစ်ပုဒ်နဲ့ တစ်ပုဒ်ကြား အကူးအပြောင်းလုပ်ပြီး ကွဲပြားတဲ့ စာနှစ်မျိုးကို ရေးနေတာပဲ။ တစ်ခုမှာ စာရေးရတာ ရှေ့ဆက်မရဖြစ်သွားရင် နောက်တစ်ခုကို ပြောင်းရေးပြီး အဲဒီမှာ ထပ်ပြီး အကြံအိုက်သွားရင် အရင်တစ်ခုဆီ ပြန်ပြောင်းလေ့ရှိတယ်။ ငယ်ငယ်တုန်းကဆို အမေ အဲဒီလို လုပ်နေတာကို သူ အမြဲတမ်း ငေးကြည့်နေတတ်တယ်။ သူ့အမေကတော့ သူ လက်မစုပ်ပြီး အဲဒီလို ငေးကြည့်နေတဲ့ပုံစံလေးက တအားချစ်ဖို့ကောင်းတယ်လို့ ပြောလေ့ရှိတယ်။

"ဘယ်လိုစာမျိုး ရေးနေတာလဲ"

"ဈေးဝယ်ရတဲ့ ဝမ်းနည်းမှု အကြောင်းလေ"

"ဝတ္ထုကရော။ အရင်တစ်ခေါက်က ရေးနေတဲ့ တစ်ပုဒ်ပဲလား"

"မဟုတ်ဘူး၊ တခြားတစ်ပုဒ်"

"အရင်တစ်ပုဒ်ကရော"

"သိမ်းထားလိုက်ပြီ။ နောက်မှ ပြန်ဖတ်မလို့"

"အဲဒီလိုလုပ်နေရင် နောက်ထပ် ဖျက်ပစ်မိလိမ့်မယ်။ စာအုပ်တိုက်ဆီကို တန်းပို့လိုက်ပါလား"

"နင့်အမေ့ရဲ့ မာနက အဲဒီလိုလုပ်ဖို့ ခွင့်မပြုဘူးလေ။ နင်ရော နင့်ရဲ့သရုပ်ဆောင်တာကို အပြစ်ကင်းစင်အောင် မလုပ်ရသေးဘဲနဲ့ တခြားသူတွေကို ပြချင်လို့လား"

"ဟင့်အင်း၊ မပြနိုင်ဘူး"

"အမေလည်း အတူတူပဲပေါ့"

သူ့အမေက လက်ချောင်းတွေကို ဆန့်ထုတ်လိုက် ဆုပ်လိုက်နဲ့ အကြောလျှော့နေတယ်။ သူလည်း အဲဒီအတိုင်း လိုက်လုပ်ကြည့်တယ်။ သူ့အမေက အချိန်အများစုကို ထိုင်လျက်ပဲ ကုန်ဆုံးလေ့ရှိတာကြောင့် ဒီလိုလေ့ကျင့်ခန်းမျိုးကို အမြဲတမ်း လုပ်လေ့ရှိတယ်။

လက်ချောင်းတွေကို ကစားနေတုန်းမှာပဲ လက်ပ်တော့မျက်နှာပြင်ပေါ်မှာ messenger ပရိုဂရမ်တစ်ခု ပေါ်လာတယ်။ ဘယ်ဘက်မှာတော့ အန်ဖီဟျွန်း ဆိုတဲ့ နာမည်တစ်ခုရှိနေတယ်။ အဲဒီလူက အဆင်ပြေရဲ့လားလို့ မေးနေတာပါ။

သူ့အမေက 'နည်းနည်းပါပဲ' လို့ စာပြန်လိုက်တယ်။

"အမေ့ သူငယ်ချင်းလား"

"အလုပ်လုပ်ရင်း သိခဲ့ရတဲ့ ရဲဘော်ရဲဘက်ပါ"

"ရဲဘော်ရဲဘက်"

"စာအုပ်တိုက်ဆိုတဲ့ မိစ္ဆာကောင်ကို အတူတူ တိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်လေ"

"ပိုက်ဆံရတဲ့ နေရာကို မိစ္ဆာလို့ ခေါ်တယ်ပေါ့လေ..."

"နင်လည်း ငါ့အရွယ်ရောက်လာရင် သိလာမှာပါ။ ကိုယ့်ကို ပိုက်ဆံပေးတဲ့သူက ကိုယ့်ဘဝရဲ့ ရန်သူဆိုတာလေ။ ဒါနဲ့ နေပါဦး၊ နင် ဒီမှာ ဆက်နေလို့ အဆင်ပြေရဲ့လား"

"နောက်ထပ် ဆယ်မိနစ်လောက်တော့ နေလို့ရသေးတယ်။ သူ အခု လာနေပြီ"

"နောက်မကျစေနဲ့၊ စောစောသွား။ သူငယ်ချင်းကို စောင့်ခိုင်းတာ ရိုင်းတယ်။ ပြီးတော့ အိမ်ကိုလည်း စောစောပြန်လာခဲ့ဦး။ သတင်းတွေ ကြည့်တယ်မလား"

"သမီးက သန်မာတယ်ဆိုတာ သိတယ်မလား။ ယောက်ျားတစ်ယောက်နဲ့ ချရင်တောင် နိုင်လောက်တယ်"

"ဒီကောင်မလေးကတော့"

သူ့အမေက ထရပ်ပြီး မီးဖိုချောင်ဘက်ကို လျှောက်သွားတယ်။

"ညစာရော"

"ငါ့သမီးက အပြင်မှာပဲ စားလာမယ့်ပုံဆိုတော့ ငါ့ဘာသာပဲ စားရတော့မှာပေါ့။ ဒါကြောင့်လည်း လူတွေက သားသမီးမွေးရတာ အလကားပဲလို့ ပြောကြတာနေမှာ"

"ဒါဆို သမီး ဘေးကနေ ထိုင်ကြည့်ပေးရမလား"

"မလိုပါဘူး။ သွားစရာရှိတာသာ သွားပါ။ နင်မရှိတုန်း ငါလည်း ကောင်းကောင်းမွန်မွန် တစ်ခုခု မှာစားလိုက်ဦးမယ်"

"အင်းပါ အင်းပါ။ အရသာရှိတာတွေ အများကြီး စားလိုက်နော်"

သူက တံခါးပေါက်ဆီ သွားပြီး ဖိနပ်စီးလိုက်တယ်။ ဇာတ်ညွှန်းစာအုပ်ထည့်ထားတဲ့ အိတ်ကို ကောက်ကိုင်လိုက်ပြီး တံခါးကို ဖွင့်လိုက်တယ်။

"သွားပြီနော်"

အိမ်ကို စောစောပြန်လာခဲ့ဖို့ မှာနေတဲ့ အမေ့အသံကို ကြားရင်း ဓာတ်လှေကားထဲ ဝင်လာခဲ့တယ်။ ဆူဝမ် ဘူတာကိုသွားတဲ့ ဘတ်စ်ကားပေါ်ရောက်တော့ သူ့ဆီ ဖုန်းဝင်လာတယ်။

“နင် ဘယ်ရောက်နေပြီလဲ။ ငါက သုံးမှတ်တိုင်ပဲ လိုတော့တယ်”

"ငါလည်း ရောက်တော့မယ်"

“ဒါဆို ဘူတာရှေ့က ကင်မ်ဘတ်ဆိုင်ရှေ့မှာ ငါ့ကိုစောင့်နေ”

"အိုကေ"

သူက ဘတ်စ်ကားပေါ်ကနေဆင်းပြီး ကင်မ်ဘတ်ဆိုင်ရှေ့မှာ ရပ်နေလိုက်တယ်။ မှန်ပြတင်းပေါက်ကနေတစ်ဆင့် လူတွေအများကြီး စားသောက်နေကြတာကို မြင်နေရတယ်။ သူတို့ထဲက အများစုက တစ်ယောက်တည်း စားနေကြတာပါ။

"ဟေး"

ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတဲ့အတွက် ခေါင်းလှည့်ကြည့်လိုက်တော့ ယိုဂျင် ကို တွေ့လိုက်တယ်။ ယိုဂျင် က အနက်ရောင် သားရေဂျာကင်၊ အဖြူရောင် ဘလောက်စ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ကိုပါ စီးထားသေးတယ်။ အထက်တန်းကျောင်းသူတစ်ယောက်နဲ့ လုံးဝမတူဘူးလေ။

ယိုဂျင် က သူ့ဘေးမှာ လာရပ်ပြီး လက်ချိတ်လိုက်တယ်။

"နင် ညစာမစားရသေးဘူးမလား"

"မစားရသေးဘူး"

"ငါလည်း မစားရသေးဘူး"

"ဒါဆို ငါတို့ ညစာအရင်စားကြမလား"

"အင်း... အရင်ဆုံး သွားရည်စာ တစ်ခုခု စားလိုက်ရင် မကောင်းဘူးလား"

သူ ခေါင်းစောင်းပြီး စဉ်းစားနေတုန်း ယိုဂျင် က သူ့လက်ကို ဆွဲခေါ်သွားတယ်။ သူတို့ ဦးတည်သွားနေတဲ့နေရာက ဆူဝမ် ဘူတာရုံထဲမှာပါ။ ယိုဂျင် က ညာဘက်ကို ကွေ့လိုက်ပြီး ဘူတာရုံနဲ့ ဆက်စပ်နေတဲ့ ကုန်တိုက်ဘက်ကို ခေါ်သွားတယ်။

"ငါ ထွက်လာတုန်းက မကာရွန်ဆိုင် တစ်ဆိုင် တွေ့လိုက်တယ်။ အခုမှ အသစ်ဖွင့်တာထင်တယ်။ ပရိုမိုးရှင်းပွဲလည်း ရှိတယ်တဲ့"

"တကယ်လား"

"အဲဒီမှာ တစ်ခုခုစားရင်း စကားပြောကြရအောင်"

အလုပ်ဆင်းပြီး အိမ်ပြန်လာကြတဲ့ လူတွေရဲ့ သက်ဝင်လှုပ်ရှားမှုတွေနဲ့ ဘူတာရုံမှာ စည်ကားနေတယ်။ သူတို့ကို ကြည့်ပြီး သူလည်း အကြောင်းရင်းမရှိဘဲ ခွန်အားတွေ ပြည့်လာသလို ခံစားလိုက်ရတယ်။ ယိုဂျင် နောက်ကို လိုက်သွားရင်း ပြသထားတဲ့ အလှကုန်တွေနဲ့ အဝတ်အစားတွေကို လိုက်ကြည့်နေမိတယ်။ သဘောကျသွားတာနဲ့ လက်ကောက်နှစ်ကွင်း ဝယ်လိုက်တယ်။ ယိုဂျင် က လက်ကောက်တစ်ကွင်းကို ဝတ်လိုက်ပြီး တခစ်ခစ် ရယ်နေတယ်။

"ဟိုမှာလေ"

ပရိုမိုးရှင်းပွဲ လုပ်နေတယ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်နဲ့အတူ မကာရွန်ဆိုင် တစ်ဆိုင် ရှိနေတယ်။ ဆိုင်ထဲမှာ လူတွေ စားသောက်နိုင်မယ့် နေရာလေးလည်း ရှိတယ်။ သူတို့က ပါဆယ်ဝယ်ဖို့ တန်းစီနေတဲ့သူတွေကို ကျော်သွားပြီး ကောင်တာမှာ အော်ဒါမှာလိုက်တယ်။ ဗနီလာ၊ ချောကလက်နဲ့ စတော်ဘယ်ရီ အရသာတွေပါ။ သူတို့နှစ်ယောက်က ဗနီလာကို မျှစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သောက်စရာအတွက်တော့ ရေနွေးကြမ်းလတ်တေး နှစ်ခွက် မှာလိုက်တယ်။ အချိုက အခါးနဲ့ တွဲဖက်စားမှ ပိုကောင်းတယ်လို့ ယိုဂျင် က ပြောတဲ့အတွက် အဲဒီလိုပဲ ရွေးလိုက်တာပါ။

"မျှော်လင့်ထားသလောက်တော့ မကောင်းဘူးပဲ"

ယိုဂျင် က တော်တော်လေး စိတ်ပျက်သွားတဲ့ပုံပါပဲ။

"ဒါပေမဲ့ အရသာရှိသားပဲ"

"အဲဒါဆိုလည်း ပြီးတာပါပဲ။ အော် ဒါနဲ့... တခြား သရုပ်ဆောင်တွေကိုရော တွေ့ပြီးပြီလား"

"ဟင့်အင်း၊ မတွေ့ရသေးဘူး"

"ပထမဆုံးရိုက်ကူးရေး မစခင် အကုန်စုပြီး ညစာစားတာမျိုးဖြစ်ဖြစ် တစ်ခုခု လုပ်ရမှာပေါ့"

"အာ... သန်ဘက်ခါက ပထမဆုံး ဇာတ်ညွှန်းဖတ်ပွဲ ရှိတယ်လို့ ကြားတယ်။ နင်ပြောတာ အဲဒါကို ပြောတာဖြစ်မယ်။ ကင်မရာတွေလည်း ပါမယ်လို့ ကြားတယ်"

"ရိုက်ကူးရေး မှတ်တမ်းဗီဒီယိုအတွက် ရိုက်တာနေမှာပေါ့။ နင်ကတော့ ကံကောင်းတာပဲ။ အဲဒီကားထဲမှာ ငါသဘောကျတဲ့ သရုပ်ဆောင်တွေ အများကြီးပါတယ်။ ဦးလေး ချွဲထယ်ယော ၊ အန်တီ ကန်မီအဲ ၊ ဦးလေး ဟန်ဝူဂျင် နဲ့ စီနီယာ ဂျူအင်ဟာ တို့လေ။ သူတို့က ရိုးရာဇာတ်လမ်းတွေမှာပဲ မြင်ရလေ့ရှိတဲ့သူတွေဖြစ်ပြီး ဒါက သူတို့ရဲ့ ပထမဆုံး ဆစ်ကွန်း ဇာတ်လမ်းတွဲဆိုတာ သိတယ်မလား။ အဲဒါကြောင့်လည်း လူတိုင်းက ဒီကားအကြောင်း ပြောနေကြတာ"

"တကယ်လား"

သူ သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။ စာရင်းထဲမှာ 'စီနီယာကြီး' တွေလို့ သတ်မှတ်လို့ရတဲ့ သရုပ်ဆောင်တွေ အများကြီးပါနေတယ်။ သူ မမွေးခင်ကတည်းက နာမည်ကြီးနေတဲ့ သရုပ်ဆောင်တွေနဲ့ အတူတူ သရုပ်ဆောင်ရမယ်လို့ တွေးလိုက်မိတော့ သူ စိတ်လှုပ်ရှားလာတယ်။ ဒါ့အပြင် အဓိကဇာတ်ကောင်ရဲ့ မိသားစုဝင်တစ်ယောက် နေရာမှာ နာမည်ကြီး ယောက်ျားလေး အိုင်ဒေါအဖွဲ့ ဖြစ်တဲ့ 'Change' အဖွဲ့ဝင် တစ်ယောက်က သရုပ်ဆောင်မှာလေ။ သူ ဒီ ဆစ်ကွန်း ဇာတ်လမ်းတွဲကို ရိုက်တော့မယ်လို့ ပြောလိုက်တုန်းက သူငယ်ချင်းတော်တော်များများက သူ့ဆီကနေ အဲဒီအိုင်ဒေါရဲ့ လက်မှတ်တောင်းပေးဖို့ ပြောခဲ့ကြသေးတယ်။

"နင်က ဘာလို့ စိတ်ဓာတ်ကျနေတဲ့ပုံ ပေါက်နေတာလဲ"

"ငါ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ"

"ဟူး။ နင့်ခံစားချက်ကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် နင် ဘာမှမလုပ်နိုင်ဘူးလေ။ ကိုယ်တိုင် ရင်မဆိုင်ရသရွေ့ အဲဒီလို စိတ်လှုပ်ရှားမှုမျိုးက ပျောက်သွားမှာ မဟုတ်ဘူး"

"တကယ်လား။ အော် ဒါနဲ့၊ ဇာတ်ညွှန်းဖတ်ပွဲဆိုတာ ပြဇာတ်အတွက် လုပ်သလိုမျိုးပဲလား"

"သီးသန့် ညွှန်ကြားချက်တွေ မရှိဘူးဆိုရင်တော့ အဲဒီလိုပဲပေါ့။ နင် ပထမပိုင်းမှာ ပါမှာလား"

"အင်း"

"အဲဒါဆိုရင်တော့ နင်က အခန်းထောင့်တစ်နေရာမှာ လိမ္မာရေးခြားရှိရှိ ထိုင်နေပြီး နင့်အလှည့်ရောက်ရင် စာသားကို ပြောလိုက်ရုံပဲ။ အဓိက ဇာတ်ဆောင်တွေနဲ့ ဇာတ်ပို့တွေက အလယ်စားပွဲမှာ ထိုင်ကြမှာဖြစ်ပြီး ဇာတ်ရံတွေကတော့ နံရံဘက်က ကုလားထိုင်တွေမှာ ထိုင်ရလောက်တယ်"

"ဇာတ်ညွှန်းဖတ်ပွဲမှာ အမှားလုပ်မိရင် တစ်မျိုးကြီးဖြစ်နေမှာနော်"

"အဆင်ပြေပါတယ်။ အကုန်လုံးက ရယ်ပြီး ကျော်သွားကြမှာပါ"

"ယိုဂျင် ။ နင်ရော ဇာတ်လမ်းတွဲ ရိုက်တုန်းက အမှားတွေ လုပ်မိဖူးလား"

"လုပ်မိဖူးတာပေါ့"

ယိုဂျင် က လက်နဲ့ မေးထောက်ပြီး ပြောလိုက်တယ်။

"ငါ အထက်တန်းပထမနှစ်တုန်းကပေါ့။ အရမ်းကို သေးမွှားတဲ့ စကားလေးပါ။ ဒါပေမဲ့ ငါက ခဏခဏ မှားနေတော့ လေးခါတောင် ပြန်ရိုက်ခဲ့ရတယ်။ အဲဒီတုန်းက ငါ တကယ်ကို ထွက်ပြေးချင်ခဲ့တာ"

"အဲဒီတုန်းက နင် ဘာလုပ်ခဲ့လဲ"

"ဘာလုပ်နိုင်မှာလဲ။ ငါ ဆက်လုပ်ခဲ့တာပေါ့။ ကံကောင်းတာက ငါနဲ့အတူတူ ရိုက်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးက နောက်တစ်ခါဆို ပိုကောင်းလာမှာပါလို့ ပြောပြီး နှစ်သိမ့်ပေးခဲ့ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့လေ။ ဒါပေမဲ့ ငါသိသလောက်တော့ ပထမဆုံးရိုက်ကူးရေးမှာ တခြားသရုပ်ဆောင်တွေကို ဆူပူကြိမ်းမောင်းတဲ့ သရုပ်ဆောင်ဆိုတာ မရှိသလောက်ပါပဲ"

ယိုဂျင် က သူ့ကို စိတ်မပူဖို့ ပြောနေရင်းနဲ့ ရုတ်တရက် ရပ်သွားပြီး အမှားတစ်ခုခု လုပ်မိသွားသလို မျက်နှာထားမျိုး ဖြစ်သွားတယ်။ သူက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ"

"အဲဒီ ဆစ်ကွန်း မှာ လီမီယွန်း ပါတယ်မလား"

"အင်း"

"ဒါဆိုရင်တော့ နင် သတိထားရမယ်။ သူက အဆိပ်ပြင်းတယ်လို့ နာမည်ကြီးတယ်။ ဇာတ်ပို့တွေရော ဇာတ်ရံတွေပါ သရုပ်ဆောင်တာ မကောင်းရင် ဆူပူတတ်တယ်လို့ လူသိများတယ်။ သူက ဝိညာဉ်လွင့်ထွက်သွားမတတ် ဆူတတ်ပြီး တချို့ဆို လမ်းတစ်ဝက်မှာတင် ထွက်ပြေးသွားကြတယ်လို့ ကြားဖူးတယ်"

"တ-တကယ်လား"

"အေး။ ဒါကြောင့် သူ့ရှေ့မှာတော့ အမှားမလုပ်မိစေနဲ့"

သူက ဇာတ်ညွှန်းစာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်လိုက်တယ်။ အဓိက သရုပ်ဆောင်တွေရဲ့ နာမည်တွေက ပရိုဂျူဆာနဲ့ ဇာတ်ညွှန်းရေးဆရာတွေရဲ့ နာမည်ဘေးမှာ ကပ်လျက်ရှိနေပြီး ဒုတိယစာကြောင်းမှာတော့ 'လီမီယွန်း' ဆိုတဲ့ နာမည် ပါနေတယ်။ သူက ဘယ်လောက်တောင် တင်းကျပ်တဲ့သူများလဲ။

"ဇာတ်ညွှန်းစာအုပ်ကို ပေး။ စိတ်ပူနေမယ့်အစား ကြိုးစားကြည့်တာက ပိုကောင်းတယ်။ လေ့ကျင့်ကြည့်ရအောင်။ နင့်အပြောက ဘယ်နားမှာလဲ"

"စာမျက်နှာ ၁၅ မှာ"

"နင့်ကာရိုက်တာက လီဒန်ဂျူ လား"

"အင်း"

"နင့်အပြောက တော်တော်ရှည်တာပဲ"

ယိုဂျင် က ဇာတ်ညွှန်းကို စဖတ်နေတုန်း ရုတ်တရက် ဖုန်းထုတ်လိုက်တယ်။ သူက မတ်တတ်ရပ်လိုက်ပြီး တိတ်ဆိတ်တဲ့နေရာ လိုအပ်နေသလိုမျိုး ဆိုင်ထဲကနေ ထွက်သွားတယ်။

သူက ဇာတ်ညွှန်းကိုကြည့်ရင်း သက်ပြင်းသဲ့သဲ့ချလိုက်တယ်။ အခုနေတောင် အတော်လေး စိတ်ပူနေပြီဖြစ်ပြီး တင်းကျပ်တဲ့ စီနီယာတစ်ယောက် ရှိတယ်ဆိုတာကို ကြားလိုက်ရတော့ သူ ပိုပြီး စိတ်လေးသွားတယ်။ ဒါက သူ့အရွယ် လူတွေနဲ့ လုပ်ရမယ့် ပြဇာတ်မဟုတ်ဘဲ စီနီယာတွေနဲ့အတူ ရိုက်ကူးရမယ့် တီဗီအစီအစဉ် တစ်ခုလေ။ လုံးဝ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်ဖြစ်နေတဲ့အတွက် သူ သေချာ အသားကျနိုင်ပါ့မလားဆိုတာကို စိုးရိမ်နေမိတယ်။ ပြဇာတ်လိုမျိုးသာဆိုရင်တော့ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှု သူ့မှာ ရှိပါတယ်။

ဖုန်းပြောပြီးသွားတဲ့အခါ ယိုဂျင် ဆိုင်ထဲ ပြန်ဝင်လာတယ်။

"သူ ရောက်နေပြီ"

"ဘယ်သူ ရောက်နေတာလဲ"

ယိုဂျင် ဘယ်သူ့ကို ပြောနေတာလဲလို့ သူ တွေးနေမိတယ်။ သူက ယိုဂျင် ကို မေးလိုက်ပေမယ့် ယိုဂျင် က ပြန်မဖြေဘဲ ထူးဆန်းတဲ့ အပြုံးတစ်ခုကိုသာ ပြုံးပြတယ်။ အဲဒီအချိန်မှာပဲ ဆိုင်အပြင်ဘက်မှာ ဟိုဟိုဒီဒီ လိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တယ်။ သူ တစ်ယောက်ယောက်ကို ရှာနေတာလား။

"နေပါဦး"

သူ အံ့ဩတကြီးနဲ့ ရေရွတ်လိုက်တယ်။ ကောင်လေးက သူတို့ဆီ ချဉ်းကပ်လာတယ်။ ဆိုင်တံခါးကို ဖွင့်ပြီး သူတို့ဘေးမှာ ဝင်ထိုင်လိုက်တယ်။

"နင် ဒီကို ဘယ်လိုရောက်လာတာလဲ"

"ဘယ်လိုရောက်ရမလဲ။ ရထားစီးလာတာပေါ့။ ငါ နောက်ကျသွားလား"

ယိုဂျင် က 'မကျပါဘူး' လို့ ပြန်ဖြေတယ်။ သူက ယိုဂျင် ကို ကြည့်လိုက်တယ်။ သူ့အပြုံးနောက်ကွယ်က အဓိပ္ပာယ်ကို သူ နောက်ဆုံးတော့ နားလည်သွားပြီ။

"ကဲ ဒါဆိုရင်တော့။ ငါ သွားသင့်ပြီထင်တယ်"

ယိုဂျင် က အိတ်ကိုယူပြီး မတ်တတ်ရပ်လိုက်တယ်။ သူက ယိုဂျင် ရဲ့ လက်ကို ချက်ချင်း လှမ်းဖမ်းဆွဲလိုက်ပြီး ပြောလိုက်တယ်။

"နင် ဘယ်သွားမလို့လဲ"

"ဘယ်သွားရမလဲ။ ငါ့ရဲ့ နောက်ထပ် ချိန်းထားတဲ့နေရာကို သွားရမှာပေါ့"

"နင့်မှာ ချိန်းထားတာ ရှိလို့လား"

"ငါက အလုပ်များတဲ့လူလေ၊ သိတယ်မလား"

ယိုဂျင် က သူ့လက်ကို ခါချလိုက်ပြီး သူ့နားနား ကပ်ကာ တီးတိုးပြောလိုက်တယ်။

"နင်ရော သူရော အလုပ်များနေကြတာဆိုတော့ နောက်ပိုင်း ခဏခဏ တွေ့ရဖို့ အခွင့်အရေး သိပ်ရမှာ မဟုတ်ဘူး။ ဒီနေ့တော့ ပျော်ပျော်ပါးပါး နေလိုက်ကြ။ သူ နင့်ကို အလိုလိုက်လာအောင် လုပ်ရမှာပေါ့"

"ယိုဂျင် "

"ငါ သွားပြီနော်။ နောက်တစ်ခါကျရင်တော့ ငါနဲ့ သေချာ အချိန်ပေးပြီး လည်ရမယ်"

မာရူး ရဲ့ နဖူးကို ခပ်ဖွဖွ ရိုက်ပြီးတဲ့နောက် ယိုဂျင် က လှည့်ထွက်သွားပြီး လက်ပြနှုတ်ဆက်လိုက်တယ်။ သူတို့ အတူတူဝယ်ခဲ့ကြတဲ့ ပယင်းရောင် လက်ကောက်လေးက တလက်လက် တောက်ပနေတယ်။

"နင် သွားတော့မလို့လား" လို့ မာရူး က ယိုဂျင် ကို မေးလိုက်တယ်။

"အေး သွားတော့မယ်။ နင်တို့နှစ်ယောက် ပျော်ပျော်ပါးပါး နေကြ။ ရိုမန်တစ်ဆန်ဆန်လေးတွေ မျှော်လင့်နေမယ်နော်"

"ယဉ်ကျေးမှုအရ နင့်ကို နေပါဦးလို့ ပြောလိုက်မယ်"

"ထားလိုက်ပါတော့။ ဒီတစ်ခါတော့ နင်တို့နှစ်ယောက်လုံး ငါ့ကို အကြွေးတင်သွားပြီနော်"

"အေးပါ၊ ငါတို့ အကြွေးတင်သွားပါပြီ"

မထွက်သွားခင်မှာ ယိုဂျင် က ပါဆယ်အနေနဲ့ မကာရွန် တစ်ဗူး ဝယ်သွားသေးတယ်။ မှန်ပြတင်းပေါက်ကနေတစ်ဆင့် လက်ပြန်ပြနေတဲ့ ယိုဂျင် ကို သူ လက်ပြနှုတ်ဆက်လိုက်တယ်။ ဆိုးလ် ကနေ ဒီကိုလာဖို့ တစ်နာရီကျော်လောက် အချိန်ယူရမှာဖြစ်လို့ သူ ကျေးဇူးလည်း တင်သလို အားနာစိတ်လည်း ဖြစ်မိတယ်။

"အချိန်ရရင် ဆိုးလ် ကို အတူတူသွားကြမယ်" လို့ မာရူး က ပြောလိုက်တယ်။

"အင်း၊ သွားကြတာပေါ့"

ယိုဂျင် က သူတို့ဘက်ကို နောက်တစ်ခေါက် လက်ပြနှုတ်ဆက်သွားတယ်။

* * * * * * * * *

"ဒါကို ဘယ်လိုလုပ်မှာလဲ။ ဒီ ယူနီဖောင်းကို မနေ့ကမှ ရထားတာလေ။ ဒီမှာကြည့်၊ ခရမ်းချဉ်သီးဆော့စ် ပေနေတာ မြင်လား။ ဒါ ပြောင်မှာ မဟုတ်တော့ဘူး"

"ငါ လျှော်ပြီး ပြန်ပေးပါ့မယ်"

"ဘာ။ လျှော်မယ်။ လျှော်လိုက်ရုံနဲ့ အဆင်ပြေသွားမယ် ထင်နေလား။ ကြည့်ရတာ နင် ဘာမှမသိဘူးပဲ။ ကျွမ်းကျင်တဲ့ ဒိုဘီသည်ကို လျှော်ခိုင်းရင်တောင် အစွန်းအထင်း ကျန်နေခဲ့မှာပဲ။ အဖြူရောင် အင်္ကျီပေါ်က ဒီအနီရောင်ကြီးကို ကြည့်စမ်းပါ။ ငါ့အမေ့ကို ဘယ်လိုပြောရမလဲ"

"ဒါ-ဒါဆို ငါ ဘာလုပ်ပေးရမလဲ"

"အင်း၊ လုံးဝ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး"

"ဘာနည်းလမ်းလဲ"

"ပိုက်ဆံ"

အဲဒီလိုပြောပြီးတဲ့နောက် သူက ခေါင်းစောင်းလိုက်တယ်။ အတူတူ သရုပ်ဆောင်ပေးနေတဲ့ မာရူး ကလည်း သက်ပြင်းချလိုက်တယ်။

"'ပိုက်ဆံ' ဆိုတဲ့စကားလုံးကို မပြောခင် ခဏလောက် ရပ်လိုက်ရင် မကောင်းဘူးလား။ ဆစ်ကွန်း တွေဆိုတာ ကာရိုက်တာ တည်ဆောက်ရတာဖြစ်လို့ နည်းနည်းလေး ချဲ့ကားပြီး ပြောတာက ပိုကောင်းမယ်ထင်တယ်"

"တကယ်လား။ ငါ ဇာတ်ညွှန်းအတိုင်းပဲ လိုက်ပြောနေရင် နည်းနည်း ပေါ့ပျက်ပျက်ဖြစ်သွားမလားလို့"

"အခုလောလောဆယ်တော့ အဲဒီအတိုင်းပဲ စဉ်းစားထားလိုက်ပါ။ ရိုက်ကွင်းရောက်ရင် အခြေအနေကိုကြည့်ပြီး အဆင်ပြေရင် စမ်းလုပ်ကြည့်ပေါ့"

"အာ... ငါ လုပ်နိုင်ပါ့မလား မသိဘူး"

သူက ဒန်းပေါ်မှာ ထိုင်ရင်း ပြောလိုက်တယ်။ မာရူး က သူ့ဘေးနားက ဒန်းပေါ်မှာ ဝင်ထိုင်တယ်။

"စိတ်ပူနေတာလား"

"ဒါပေါ့။ ဒါက တီဗီအစီအစဉ်မှာ ငါ ပထမဆုံး ပါဝင်ရတာလေ။ ရိုးရိုးသားသားပြောရရင် စီနီယာက ငါ့ကို လူရွေးပွဲဝင်ဖို့ ကမ်းလှမ်းတုန်းက အတွေ့အကြုံရအောင်ဆိုပြီး ဝင်ပြိုင်ကြည့်ခဲ့တာ။ ကျနိုင်တယ်ဆိုပြီး ပြင်ဆင်ထားခဲ့တာ။ အခု တကယ် အရွေးခံလိုက်ရတော့ မယုံနိုင်စရာဖြစ်နေသလို စိုးရိမ်စရာလည်း ကောင်းနေတယ်"

သူက ဒန်းကို စပြီး လွှဲလိုက်တယ်။ မာရူး က မတ်တတ်ရပ်ပြီး သူ့အနောက်ကနေ ဒန်းလာတွန်းပေးတယ်။ မျက်နှာကို လာရိုက်ခတ်နေတဲ့ လေပြေကို ခံယူရင်း သက်ပြင်းပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်တယ်။ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေတဲ့ စိတ်လှုပ်ရှားမှုတွေက နည်းနည်းလေး လျော့ပါးသွားသလို ခံစားလိုက်ရတယ်။

ဂျီကျကျ အသံမြည်နေတဲ့ ဒန်းလေး လုံးဝ ရပ်တန့်သွားတဲ့အထိ သူ စောင့်နေလိုက်တယ်။ သူ ဒန်းမစီးရတာ တော်တော်လေး ကြာခဲ့ပြီ။ မူလတန်းကျောင်း ပြီးကတည်းက ဒီလိုမျိုး ဒန်းပေါ်မှာ ထိုင်ခဲ့ရတဲ့ အတွေ့အကြုံမျိုး သူ့မှာ မရှိခဲ့ဘူး။

"မာရူး "

"အင်း"

"ငါ ဒါကို လုပ်နိုင်ပါ့မလား"

"နင် ကောင်းကောင်း လုပ်ချင်တာလား"

"ဒါပေါ့"

"ဒါဆိုရင်လည်း အရမ်းကြီး စိတ်ဖိစီးမနေနဲ့။ ပထမဆုံးအကြိမ်မှာတင် အကောင်းဆုံး လုပ်နိုင်ဖို့ဆိုတာ ထူးဆန်းနေမှာပေါ့။ အနည်းဆုံး သုံးခါလောက်တော့ အသေအလဲ အဆူခံရမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားလိုက်ရင် တကယ်တော့ ပိုပြီး လွယ်ကူသွားလိမ့်မယ်"

"သုံးခါတောင်"

"အင်း၊ သုံးခါ။ အဲဒါပြီးရင်တော့ နင် ကောင်းကောင်း လုပ်နိုင်သွားမှာပါ"

"သုံးခါနဲ့ ပြီးသွားရင်ပဲ တော်တော်လေး ကံကောင်းနေပြီလို့ ပြောရမယ်"

သူ ဒန်းပေါ်ကနေ ခုန်ဆင်းလိုက်တယ်။

"ငါနဲ့ နောက်တစ်ခေါက်လောက် လေ့ကျင့်ပေးနိုင်မလား"

"ရတာပေါ့"

သူ ပြုံးလိုက်ပြီး ဇာတ်ညွှန်းစာအုပ်ကို ဖွင့်လိုက်တယ်။ သူ သက်တောင့်သက်သာရှိတဲ့သူ တစ်ယောက်က သူ့စကားတွေကို ဒီလိုမျိုး နားထောင်ပေးနေရုံနဲ့တင် သူ့စိတ်ထဲမှာ သက်သာရာရသွားသလို ခံစားလိုက်ရတယ်။ ဒီခွန်အားတွေကိုသာ သူ့ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားနိုင်မယ်ဆိုရင် ရိုက်ကူးရေးလုပ်မယ့်နေ့မှာလည်း သူ စိတ်လှုပ်ရှားနေတော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။

"ဒါဆို ငါ အချက်ပြလိုက်မယ်နော်"

"ဟုတ်ကဲ့ပါ၊ ဒါရိုက်တာဟန်"

သူ ပြုံးလိုက်တယ်။

* * * * * * * * *

All Chapters