အခန်း ၃၈၀
Vol. 38 Ch. 380
အခန်း(၃၈၀)
"တော်တော်ကောင်းပါတယ်"
ကလေးမလေးက အရိုအသေပေးပြီး နောက်ကို ပြန်ဆုတ်သွားတယ်။ သူ့နာမည်က ကင်ဘစ်နာ တဲ့။ ဒီနေ့ သူတွေ့ခဲ့ရတဲ့ မိန်းကလေးတွေထဲမှာ သူက အကောင်းဆုံးပဲ။ ပထမအချက်အနေနဲ့ သူက မငိုဘဲ ပြုံးပြုံးရွှင်ရွှင်နေတယ်။ အရေးအကြီးဆုံးကတော့ သူ့အမေက ဘာမှဝင်မလုပ်ဘဲ အစကနေ အဆုံးအထိ အသာလေး ထိုင်ကြည့်နေတာပဲ။ ယုံကြည်လို့ပဲဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတာပဲဖြစ်ဖြစ် အဲဒီလိုမျိုး အေးအေးဆေးဆေး ထိုင်ကြည့်နေတဲ့ အချက်တစ်ခုတည်းနဲ့တင် သူက အဲဒီကလေးကို ရွေးချယ်ချင်နေပြီ။
"ဘစ်နာ ဆိုတဲ့ ကောင်မလေးက အတော်ဆုံးလို့ ထင်တယ်"
"ငါလည်း အဲဒီလိုပဲ ထင်တယ်"
"တကယ်လား။ ငါလည်း သရုပ်ဆောင်ရွေးတဲ့နေရာမှာ မျက်စိရှင်သားပဲ"
ဂျင်ဟျော့ က ကော်ဖီသောက်ရင်း ကျေနပ်စွာ ပြုံးလိုက်တယ်။
"မင်းက ကလေးသရုပ်ဆောင်တွေကိုပဲ ရွေးပြီး ကျန်တာအကုန်လုံးကို အပြင်လူတွေနဲ့ လုပ်ခိုင်းမှာမလား"
"အေးလေ။ သူတို့က ဆွေမျိုးတော်စပ်တာပဲဖြစ်ဖြစ်၊ ကျောင်းနေဖက်ပဲဖြစ်ဖြစ်၊ ဘယ်လိုအဆက်အသွယ်မျိုးကိုမဆို သုံးပြီး လူတွေခေါ်လာမှာပဲဆိုတော့ ငါဝင်ပါစရာ မလိုဘူးလေ။ လူတွေက အစုလိုက်အပြုံလိုက် ရောက်လာတတ်လို့ မရှိတဲ့ဇာတ်ကောင်နေရာတွေ ဖန်တီးပေးနေရတာနဲ့တင် ငါ ခေါင်းကိုက်နေပြီ"
"အစုလိုက်။ အော်... အဲဒီအစုလိုက်ကို ပြောတာလား။ ဘယ်ဟာလဲ။ Yellow လား။ NL လား။ ဒါမှမဟုတ် Jewel လား"
"သုံးခုလုံးပဲ"
"မင်း ဟိုဟိုဒီဒီသွားပြီး လူတွေကို လိုက်ရွေးနေကတည်းက ဒီလိုမျိုး ဖြစ်လာမယ်လို့ ငါထင်နေသားပဲ။ တကယ်ပဲ ဖြစ်လာတာကိုး။ ဇာတ်ညွှန်းရေးဆရာက နောက်ကွယ်မှာ ဘာမှမယူထားဘူးဆိုတာ သေချာရဲ့လား"
"ယူထားတော့ရော ဘာဖြစ်လဲ။ မင်းသာဆိုရင်ရော အလကားရတဲ့ ပိုက်ဆံကို ငြင်းမှာလား"
"ငါကတော့ အနည်းဆုံး တစ်ကြိမ်လောက်တော့ ငြင်းမှာပဲ"
"သူတို့က နောက်တစ်ခေါက် ထပ်လာရင်ရော"
"သေချာပေါက် ယူမှာပေါ့။ ငါတို့ကိုငါတို့ ယဉ်ကျေးတဲ့သူတွေလို့ အလကား ခေါ်နေတာမှ မဟုတ်တာ။ နှစ်ခါငြင်းတာက ရိုင်းရာကျလွန်းတယ်။ ဒါနဲ့ နာမည်ကြီးသရုပ်ဆောင်တွေနောက် ကပ်ပါလာပြီး ငါတို့ ဇာတ်လမ်းတွဲထဲ ဝင်ပါလာတဲ့သူတွေက ဘယ်သူတွေလဲ"
"ချွဲဂျယ်ဟွန်း ရယ်၊ ကင်ဂျင်ဆွတ် ရယ်၊ ပြီးတော့ ဂိုယောင်းဂျီ လို့ ထင်တာပဲ။ ငါ့မျက်စိနောက်မှာစိုးလို့ သူတို့ကို ထောင့်ဘက်တွေမှာပဲ နေရာချပေးထားတယ်"
"ငါတော့ သူတို့နာမည်တွေ တစ်ခါမှ မကြားဖူးဘူး"
"သူတို့ အေဂျင်စီတွေဆီကနေ အပြည့်အဝ ထောက်ပံ့မှုတွေ ရနေတာနေမှာပေါ့။ နာမည်ကြီး သရုပ်ဆောင်တွေမှာလည်း သူတို့အခက်အခဲနဲ့သူတို့ ရှိကြတာပဲလေ။ သူတို့က တခြားသူတွေနဲ့ အတူတူမလုပ်ချင်ရင်တောင် ကျန်တဲ့လူတွေအကုန်လုံး လုပ်နေကြတော့ သူတို့လည်း ငြင်းလို့မရဘူးပေါ့"
"ဒီလိုလုပ်တာက အလုပ်ဖြစ်လို့ ဒီအစဉ်အလာကို ဆက်လုပ်နေကြတာနေမှာပါ။ ဘာပဲဖြစ်ဖြစ် ငါတို့အတွက်လည်း ကောင်းတာပဲ မဟုတ်ဘူးလား။ အေဂျင်စီတွေက သူတို့ကို ထောက်ပံ့ပေးနေတယ်ဆိုရင် သူတို့မှာ အနည်းဆုံးတော့ ယဉ်ကျေးမှုရှိရမှာဖြစ်သလို သင့်တော်တဲ့ လေ့ကျင့်မှုတွေလည်း ရထားပြီးသားဖြစ်ရမယ်။ သူတို့လည်း အများကြီး သိထားသင့်တာပဲဆိုတော့ အခြေအနေကိုတော့ အကဲခတ်တတ်မှာပါ"
"အဲဒါလည်း ဟုတ်တာပဲ"
ချန်ဆောင် က သူကိုင်ထားတဲ့ နာမည်စာရင်းကို ကြမ်းပြင်ပေါ် ချလိုက်တယ်။ အခု နားရတာလောက်ပြီဆိုတော့ သူ အလုပ်စလုပ်ရတော့မယ်။ သူက ထုတ်လုပ်ရေးအဖွဲ့က အဖွဲ့ဝင်အသစ်ကို အချက်ပြလိုက်တယ်။
"ဒါနဲ့ ဇာတ်ညွှန်းရေးဆရာဆီက သတင်းတစ်ခုခု ကြားသေးလား။ အပိုင်း ၅၀ ပါတဲ့ ဇာတ်လမ်းတွဲဖြစ်သွားလို့ သူ ခဏလောက် ဝမ်းသာသွားပေမယ့် အခုတလော အခြေအနေ သိပ်မကောင်းဘူးလို့ ကြားတယ်"
"အရေးကြီးတဲ့ အကြမ်းဖျင်းဇာတ်ကွက်တွေတော့ ပြီးသွားပြီဆိုတော့ ငါတို့အတွက် နည်းနည်းတော့ အသက်ရှူောင်ောင်ရှိပါတယ်။ ဒါပေမယ့် သူ မြန်မြန်လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲ ရိုက်ကူးနေချိန်မှာ နောက်ဆုံးမိနစ်ကျမှ ဇာတ်ညွှန်းရတာမျိုးကတော့ ရူးချင်စရာပဲ"
"သူ့ဆီ သွားတွေ့ပြီးပြီလား"
"မင်းမပြောရင်တောင် သွားမလို့ စဉ်းစားထားတာ။ စကားစပ်မိပြီဆိုတော့ မင်း ငါ့အတွက် ကားမောင်းပေးလို့ရမလား"
"ငါသာ တည်းဖြတ်ခန်းထဲကနေ ထွက်လို့ရမယ်ဆိုရင် မင်းအတွက် အချိန်မရွေး ကားမောင်းပေးမှာပေါ့"
"ဒါပေမယ့် ဂျင်ဟျော့၊ မင်း ဒါကိုတော့ သိထားဖို့လိုမယ်နော်။ မင်း တည်းဖြတ်ခန်းထဲက ထွက်လာတာနဲ့ တည်းဖြတ်ခန်းထဲမှာ ပုံနေတဲ့ အလုပ်တွေက လျော့သွားမှာမဟုတ်ဘူး။ အဲဒါတွေအကုန်လုံးက မင်းလုပ်ဖို့ ပေးထားတာဆိုတော့ မင်း အကုန်လုံး ဖတ်ရမှာပဲ။ ဪ... မင်း ဇာတ်လမ်းအကြမ်းဖျင်း ဖတ်ပြီးပြီလား"
"ငါ့ဘယ်ဘက်လက်ထဲကဟာကို ဘာလို့ထင်နေလဲ"
ချန်ဆောင် က ဂျင်ဟျော့ ကိုင်ထားတဲ့ စာရွက်ထပ်ကြီးကို အကဲခတ်ကြည့်လိုက်တယ်။ အစကတော့ နာမည်စာရင်းလို့ သူ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ အဲဒါတွေက အစည်းအဝေးတုန်းက ထွက်လာတဲ့ အကြောင်းအရာတွေရဲ့ အကြမ်းဖျင်းဇာတ်လမ်းတွေပါ။ ယဉ်ကျေးမှုဌာနကဟာတွေ ဖြစ်တယ်။
"စာတွေကို ဖတ်လိုက်တာနဲ့ ဇာတ်ကွက်တစ်ခုကို မြင်ယောင်လာနိုင်တဲ့ အဆင့်ရောက်တဲ့အထိ အဲဒါကို ထပ်ခါထပ်ခါ ဖတ်"
"စီနီယာက ဒါကို ဖတ်လိုက်ရင် ဇာတ်ကွက်ကို မြင်ယောင်လာနိုင်လို့လား"
"မရပါဘူး"
"ဟင်။ ဒါဆို ဘာလို့..."
"တပည့်က ဆရာ့ထက် ပိုသာရမယ်လို့ ပြောကြတယ်လေ။ မင်းကတော့ အနည်းဆုံး ငါ့ထက်ပိုပြီး ကောင်းကောင်းလုပ်နိုင်ရမှာပေါ့"
သူက ကြောင်အမ်းအမ်းဖြစ်နေတဲ့ ဂျင်ဟျော့ ရဲ့ နဖူးကို လှမ်းရိုက်လိုက်တော့မယ့်အချိန်မှာပဲ သူခေါ်ထားတဲ့ ကလေးသရုပ်ဆောင်တွေ စတူဒီယိုထဲ ဝင်လာကြတယ်။ သူတို့က အလယ်တန်းနဲ့ အထက်တန်းကျောင်းသားလေးတွေပါ။ ကလေးအမေတွေရဲ့ စူးစူးရဲရဲ အကြည့်တွေ မရှိတော့တဲ့အတွက် အခုတော့ အတော်လေး နေလို့ထိုင်လို့ ကောင်းသွားတယ်။
ချန်ဆောင် က ခြေချိတ်ထိုင်လိုက်ပြီး ထိုင်ခုံနောက်မှီကို မှီချလိုက်တယ်။
"မင်းတို့အားလုံး ရုပ်လုံးရုပ်ဖန် ကောင်းကြသားပဲ။ ငါသဘောကျတယ်။ ကဲ... မင်းတို့ရော ငါရော အချိန်ဆွဲမနေချင်ကြဘူးဆိုတော့ စလိုက်ကြရအောင်။ ဇာတ်ကောင်ခေါင်းဆောင်ရဲ့ ဘေးမှာ ရပ်ချင်တဲ့သူတွေ လက်ညှိုးထောင်"
စတူဒီယိုထဲ ဝင်လာတဲ့ လူကိုးယောက်စလုံး လက်ထောင်လိုက်ကြတယ်။
"ကောင်းတယ်။ ဒါဆို မင်းတို့အချင်းချင်း ခပ်ခွာခွာလေး ရပ်ကြ။ တစ်မီတာလောက်စီပေါ့"
ကောင်လေးတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး လူစုခွဲလိုက်ကြတယ်။
"ငါက မင်းတို့အားလုံးကို တစ်ပြိုင်တည်း ကြည့်မှာ။ တခြားသူတွေထက် ထင်းထွက်နေအောင် ကြိုးစားတဲ့သူကို မရွေးဘူး။ အဲဒီမှာ ရပ်နေတာက အချိုးမပြေဖြစ်နေရင်လည်း အရွေးမခံရဘူး။ ငါပြောတာကို မကြားရင်လည်း အရွေးခံရမှာ မဟုတ်ဘူး။ နားလည်လား"
"ဟုတ်ကဲ့"
"ကောင်းပြီ။ အခု မင်းတို့ ဝင်ပြိုင်နေတဲ့ လူရွေးပွဲက သမိုင်းနောက်ခံဇာတ်လမ်းတွဲအတွက်ဆိုတာ သိကြတယ်မလား။ မင်းတို့အနေနဲ့ အနည်းဆုံးတော့ လေ့လာမှုတချို့ လုပ်ထားသင့်တယ်လို့ ငါယုံကြည်တယ်။ ကဲပါ... မင်းတို့ကို အဆင့်မြင့်အရာရှိကြီးတွေလို သရုပ်ဆောင်ခိုင်းတာမျိုး၊ ခက်ခဲတဲ့ စကားလုံးတွေ သုံးခိုင်းတာမျိုး ငါလုပ်မှာမဟုတ်လို့ အဲဒီအတွက် စိတ်မပူနဲ့။ ငါ ညွှန်ကြားချက်တစ်ခုခုပေးလိုက်တဲ့အခါ စပြီး သရုပ်ဆောင်ဖို့ပဲ လိုမယ်"
ချန်ဆောင် က ကလေးတွေအားလုံးရဲ့ မျက်နှာကို ကင်မရာထဲကနေတစ်ဆင့် ကြည့်ပြီးမှ ဆက်ပြောလိုက်တယ်။
"အိုကေ... မင်းတို့က ချမ်းသာတဲ့ မိသားစုတွေက ကလေးတွေပေါ့။ အခုအခြေအနေက မင်းတို့ အစေခံတစ်ယောက်နဲ့အတူ စည်ကားနေတဲ့ လမ်းမပေါ်မှာ ရောက်နေတာ။ လမ်းလျှောက်ကြည့်ကြ"
အဲဒီလိုပြောပြီးနောက် ချန်ဆောင် က ဘယ်ဘက်အစွန်ဆုံးမှာ ရပ်နေတဲ့ ကောင်လေးကို ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားတဲ့အခါ ကောင်လေးက အနေခက်စွာနဲ့ ချောင်းဟန့်လိုက်ပြီး လမ်းစလျှောက်တယ်။ ကျန်တဲ့ရှစ်ယောက်လည်း လမ်းစလျှောက်ကြတယ်။ ကောင်လေးတစ်ယောက်က သူ့လက်ကို နောက်ပစ်ပြီး မေးစေ့ကို မော့ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ ကျန်တဲ့သူတွေကလည်း သူ့အတိုင်း လိုက်လုပ်ကြတယ်။ ချန်ဆောင် က အဲဒီလို အရင်ဆုံးလုပ်ခဲ့တဲ့ ကောင်လေးကို သေသေချာချာ အကဲခတ်ပြီးမှ ကျန်တဲ့သူတွေကို ကြည့်လိုက်တယ်။ သူတို့အကုန်လုံးက အဆင့်တူလောက်ပဲရှိတာမို့လို့ ပထမဆုံးလုပ်ခဲ့တဲ့သူကို သူက အမှတ်အများဆုံးပေးလိုက်တယ်။
သူက ဘာမှထပ်မျှော်လင့်စရာမရှိတော့လို့ သူတို့ကို ရပ်ခိုင်းတော့မယ့်အချိန်မှာ ညာဘက်မှာ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ကောင်လေးက ဖြည်းဖြည်းချင်း လမ်းလျှောက်နေရင်းကနေ ရုတ်တရက် ဘေးဘက်ကို ရှောင်ထွက်သွားတယ်။ သူ့ရှေ့ကနေ မမြင်ရတဲ့ အရာတစ်ခုခု ဖြတ်သွားသလိုမျိုး ခံစားရတယ်။ အဲဒီနောက်မှာတော့ ကောင်လေးက သူ့ခေါင်းကိုပဲ နောက်လှည့်ကြည့်ပြီး တစ်ခုခုပြောလိုက်ကာ လမ်းဆက်လျှောက်နေပြန်တယ်။
"စီနီယာ"
"အေး၊ ငါ အခု သူ့ကို ကြည့်နေတယ်"
ဂျင်ဟျော့ လည်း သူ့ကို သတိထားမိပုံရတယ်။ ဉာဏ်မြန်တဲ့သူတွေက ပရိုဂျူဆာရဲ့ အကြည့်နောက်ကိုလိုက်ပြီး ကောင်လေးကို ကြည့်လိုက်ကြကာ သူ့လိုပဲ အခြေအနေနဲ့ လိုက်ဖက်အောင် စတင်သရုပ်ဆောင်ကြတယ်။ ဒါပေမယ့် သူတို့မှာ အသေးစိတ်ကျတဲ့အချက်တွေ လိုအပ်နေတယ်။ ဒါက သဘာဝပါပဲ။ အရင်ဆုံးလုပ်ခဲ့တဲ့သူက အခြေအနေကို တွေးတောပြီးမှ လုပ်ခဲ့တာဖြစ်ပေမယ့် နောက်ကနေ လိုက်လုပ်တဲ့သူတွေမှာတော့ ဘာအကြံအစည်မှ ရှိမှာမဟုတ်ဘူးလေ။
ဒါက ဇာတ်လမ်းတွဲဌာနမှာ သူ့ရဲ့ ရှစ်နှစ်မြောက်နှစ်ပဲ ဖြစ်တယ်။ အစကတော့ သူက ရုပ်သံထုတ်လွှင့်ရေးဌာနကို လျှောက်ချင်ခဲ့တာ။ အဲဒါက မကောင်းမှုတွေကို တရားဥပဒေရှေ့မှောက် ခေါ်လာဖို့ ဒါမှမဟုတ် တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးဖို့ဆိုတဲ့ ကြီးမားတဲ့ အိပ်မက်မျိုး ရှိလို့မဟုတ်ဘဲ သတင်းဖန်တီးရတာ အလွယ်ကူဆုံးလို့ သူ ခံစားရလို့ပဲ။ ဒါပေမယ့် သူက ဒီမှာ လက်ထောက်ဒါရိုက်တာတစ်ယောက်အနေနဲ့ အချိန်ဖြုန်းပြီးနောက်မှာတော့ ဇာတ်လမ်းတွဲဌာနကို သံယောဇဉ်တွယ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ဇာတ်လမ်းတွဲဌာနကိုပဲ လျှောက်ဖြစ်သွားတယ်။
သူက 'ဒါကို ဆက်မလုပ်နိုင်တော့ဘူး' လို့ အမြဲတမ်း ပြောလေ့ရှိပေမယ့် ဇာတ်လမ်းတွဲတွေမှာ အလုပ်လုပ်လာတာ ရှစ်နှစ်တောင် ရှိသွားပြီ။ နောက်ထပ် နှစ်နှစ်လောက်ဆိုရင် ဆယ်စုနှစ်တစ်ခု ပြည့်တော့မယ်။ သူက ဒီအချိန်တွေအားလုံးကို ဒီအတိုင်း အလဟဿ အချိန်ဖြုန်းနေခဲ့တာ မဟုတ်တဲ့အတွက် လူကဲခတ်တဲ့နေရာမှာ မျက်စိရှင်လာခဲ့တယ်။ သူက အသုံးဝင်မဝင် သိနိုင်ဖို့အတွက် တစ်ခုခုကို စမ်းသပ်ကြည့်ရမယ့် အဆင့်ကို ကျော်လွန်နေခဲ့ပြီလေ။
ချန်ဆောင် က ညာဘက်က ကောင်လေးကို စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ကောင်လေးရဲ့ နာမည်ကိုတော့ သူ မသိဘူး။ သူ့ပုံစံနဲ့ ဝတ်ထားတဲ့ အဝတ်အစားကိုပဲ သူ ကြည့်လိုက်တယ်။ အညိုရောင်ရှပ်အင်္ကျီကို ဝတ်ထားတဲ့အတွက် စိတ်ထဲမှာ သူ့ကို 'ဘရောင်းနီ' လို့ပဲ ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ကောင်းပြီ။ ရပ်လို့ရပြီ။ အားလုံးပဲ တော်တော်ကောင်းပါတယ်။ မင်းတို့က သိပ်တော်လွန်းလို့ အပြစ်ရှာစရာတောင် မရှိဘူး။ ဒီအတိုင်းသာ ဆက်သွားနိုင်ရင် မင်းတို့လည်း သရုပ်ဆောင်ကောင်းတွေ ဖြစ်လာနိုင်မှာပါ"
ဘယ်အလုပ်ပဲဖြစ်ဖြစ် အတူတူပါပဲ၊ မြှောက်ပင့်ပြောဆိုတာက ပိုက်ဆံမှ မကုန်တာ။ နောက်ဆက်တွဲရလဒ်တွေအတွက် ကြိုတင်ပြင်ဆင်စရာမလိုဘဲ မြှောက်ပင့်စကားတွေကို အလွန်အကျွံ သုံးလို့ရတယ်။ ကလေးတွေကို ဆူပူတာက သူတို့ရဲ့ သရုပ်ဆောင်မှုအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်။ ချန်ဆောင် က သရုပ်ဆောင်ညံ့တဲ့သူတွေကို ချီးကျူးစကား အမြဲပြောလေ့ရှိတယ်။ သူတို့က သူ့စကားတွေကို တကယ်ယုံပြီး အဲဒီလို ဆက်သရုပ်ဆောင်နေမယ်ဆိုရင် အမှိုက်စစ်စစ်တွေ ဖြစ်သွားမှာဖြစ်ပြီး တစ်ခုခုတော့ မှားနေပြီလို့ တွေးနိုင်လောက်အောင် ဉာဏ်ကောင်းမယ်ဆိုရင်တော့ သူတို့ရဲ့ အမှားတွေကို နောက်ဆုံးမှာ ပြင်ဆင်နိုင်ကြမှာပဲလေ။
သူ့ရဲ့ ချီးကျူးစကားတွေကို ကြားပြီးနောက် ကလေးတွေက ပြုံးသွားကြတယ်။ သူတို့ ပျော်သွားကြတယ်။ စောစောက သရုပ်ဆောင်သွားတာက ချီးကျူးစရာအချက်လည်း မရှိသလို ထောက်ပြစရာအချက်လည်း မရှိဘူး။ သူတို့ တစ်ခုခုကို သိမှသာ သူတို့ကိုယ်သူတို့ ဆုံးဖြတ်နိုင်မှာလေ။ သူတို့ ဆက်ပြီး စိတ်လှုပ်ရှားမနေစေဖို့အတွက် သူက ဒီစကားတွေကို နှုတ်ခမ်းဖျားကနေ ဟန်လုပ်ပြောလိုက်ရုံပါပဲ။
'အို... ဟိုကောင်လေးကို ကြည့်စမ်း'
ညာဘက်က ကောင်လေး 'ဘရောင်းနီ' က သူ့အာရုံကို ဖမ်းစားသွားတယ်။ ဒီလို ကောင်းမွန်တဲ့ အငွေ့အသက်တွေကြားထဲမှာ သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မှမရှိဘဲ ရှေ့ကိုပဲ ကြည့်နေတယ်။ စိတ်လှုပ်ရှားပြီး တောင့်တင်းနေတဲ့ပုံလည်း မပေါက်ဘူး။ သူက ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် သာတယ်လို့ ထင်နေတဲ့ မာနကြီးတဲ့သူတွေထဲက တစ်ယောက်လား။ ဒါမှမဟုတ် ဒီလောက်လေးနဲ့ တုန်လှုပ်မသွားတတ်တဲ့သူလား။
"ဒါဆို ဆက်ကြရအောင်။ ချမ်းသာတဲ့ ကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ပြီးပြီဆိုတော့ ဒီတစ်ခါ သူတောင်းစားပုံစံ သွားကြည့်ရအောင်။ ငါက တိုင်းပြည်ရဲ့ စစ်ဝန်ကြီးလို့ သဘောထားလိုက်"
ချန်ဆောင် က မတ်တတ်ရပ်ပြီး သူ့လက်တွေကို ဆန့်ထုတ်လိုက်တယ်။
"ငါက မင်းတို့ကို ဖက်ထုပ်တွေ ပေးမယ်။ အချိန်အကြာကြီးနေမှ ဖက်ထုပ်တို့ရလာတဲ့ သူတောင်းစားတွေလို သရုပ်ဆောင်ကြည့်"
သူက ဖက်ထုပ်တွေကို ပစ်ပေးလိုက်ဟန် ဆောင်လိုက်တယ်။ သူ အဲဒီလိုလုပ်လိုက်တဲ့အခါ ကောင်လေးတွေအားလုံးက ဖက်ထုပ်တွေကို ဖမ်းဖို့ လေထဲကို လက်လှမ်းလိုက်ကြတယ်။ ကလေးတစ်ယောက်က ဖက်ထုပ် ပြုတ်ကျသွားသလိုမျိုး မြေကြီးပေါ် မှောက်ချလိုက်တယ်။ အဲဒီလိုနဲ့ ကောင်လေးတွေက ဖက်ထုပ်တွေကို ကမန်းကတန်း စစားကြတော့တယ်။ သူတို့ရဲ့ မျက်နှာအမူအရာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့က ပြုံးနေပြီး တချို့ကတော့ ငိုနေကြတယ်။ တချို့ကတော့ တကယ်မရှိတဲ့ ဖက်ထုပ်တွေကို စားရင်း မျက်ရည်ကျလောက်အောင် ခံစားနေရသလိုမျိုး သရုပ်ဆောင်ကြတယ်။
'သူတို့ သရုပ်ဆောင်တာတွေက အလွန်အကျွံတွေ ဖြစ်နေတယ်'
အကယ်၍ သူတို့သာ မျက်နှာပြင်ပေါ်မှာ အဲဒီလို ပေါ်လာမယ်ဆိုရင် ချက်ချင်း အဖြတ်ခံရမှာပဲ။ ဇာတ်ရံတွေက မျက်နှာပြင်ပေါ်မှာ အာရုံစိုက်ခံရလွန်းတာက မကောင်းဘူးလေ။ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည် သက်သက်နဲ့ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားနိုင်မယ်ဆိုရင်တော့ ပရိုဂျူဆာက ကြိုဆိုမှာဖြစ်ပေမယ့် အခုလို အလွန်အကျွံ သရုပ်ဆောင်တာမျိုးကတော့ ပရိုဂျူဆာကို 'ဒါက ဘာကြီးလဲ' လို့တောင် တွေးသွားစေနိုင်တယ်။
ဆယ်စုနှစ်နဲ့ချီပြီး အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်တွေရဲ့ ကြောက်စရာကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေက သူတို့ရဲ့ 'နေ့စဉ်' လှုပ်ရှားမှုတွေဆီကနေ လာတာဖြစ်တယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုက သဘာဝကျသလို တိကျမှုလည်း ရှိတယ်။ အကယ်၍ ပရိသတ်က ခုံတန်းလျားပေါ်မှာ ထိုင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကို အဝေးကနေ လှမ်းကြည့်ရုံနဲ့တင် ခံစားချက်ပေါင်းစုံကို ခံစားနိုင်မယ်ဆိုရင် အဲဒီသရုပ်ဆောင်ဟာ ကျွမ်းကျင်သူတွေရဲ့ အဆင့်ကို ရောက်နေပြီလို့ သတ်မှတ်လို့ရတယ်။
ပထမဆုံး သူ့လက်ကို နောက်ပစ်ပြီး မေးစေ့ကို မော့ထားခဲ့တဲ့ ကလေးကတော့ အေးအေးဆေးဆေး စားသောက်နေတယ်။ အဲဒါက ကျန်တဲ့သူတွေထက် အများကြီး ပိုကောင်းတယ်။ သူ့ကို လူအုပ်ထဲမှာ ထည့်ထားရင်တောင် သိသာထင်ရှားနေမှာ မဟုတ်ဘူး။ သူက ရုပ်သံမီဒီယာဆိုတာ ဘာလဲဆိုတာကို သိတဲ့သူပဲ။ မှတ်ထားလိုက်တယ်။ သူ အောင်မြင်သွားပြီ။
ချန်ဆောင် က သူ အရင်က မှတ်ထားခဲ့တဲ့ အခြားကလေးကို လိုက်ရှာလိုက်တယ်။
'သူ အခု ဘယ်ရောက်နေလဲ'
ညာဘက်မှာ ရပ်နေတဲ့ အညိုရောင်ရှပ်အင်္ကျီနဲ့ ကောင်လေးကို ဘယ်နေရာမှာမှ မတွေ့ရဘူး။ ကျန်တဲ့သူတွေဆီကနေ အကြည့်လွှဲလိုက်တဲ့အခါ ကလေးတွေရဲ့အနောက်မှာ ခွေခွေလေးထိုင်နေတဲ့ ကောင်လေးကို သူ တွေ့လိုက်ရတယ်။ သူက ထိုင်နေပြီး သူ့မျက်နှာကို လက်တွေနဲ့ကွယ်ကာ တော်တော်လေး သတိထားပြီး စားသောက်နေတယ်။ သူက တစ်ခါတလေ ခေါင်းမော့ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်၊ ပြီးမှ မြန်မြန်ဆန်ဆန် ဆက်ဝါးလိုက်နဲ့ လုပ်နေတယ်။ အရသာရှိတယ်ဆိုပြီး အလွန်အကျွံ သရုပ်မဆောင်ပေမယ့် တစ်ခုခုက နောက်ကနေ လိုက်ဖမ်းနေသလိုမျိုး ကပျာကယာနဲ့ အကုန်လုံးကို မျိုချနေတဲ့ပုံ ပေါက်နေတယ်။
ချန်ဆောင် က ညည်းတွားလိုက်တယ်။ တကယ်ကို ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက် လူရွေးပွဲထဲကို ဝင်လာပုံရတယ်။
"အိုကေ။ အကုန်လုံးက တော်တော်လေးကို ငတ်မွတ်နေသလိုမျိုး စားနေကြတာပဲ။ ကောင်းတယ်၊ တော်တော်လေး ကောင်းတယ်။ ငါတို့ဆီမှာ နေရာအလုံအလောက်သာ ရှိရင် မင်းတို့အကုန်လုံးကို ရွေးလိုက်မိမှာပဲ" လို့ သူက ထိုင်ချလိုက်ရင်း ပြောလိုက်တယ်။
"ပါဝင်ပေးတဲ့အတွက် ကျေးဇူးပဲ။ ပြီးတော့ အဆုံးမသတ်ခင်မှာ မင်းတို့ ဘယ်လိုမျိုး သရုပ်ဆောင်သွားလဲဆိုတာကို အကျဉ်းချုပ်ပြီး ငါ့ကို ပြောပြနိုင်မလား။ အချိန် စက္ကန့်သုံးဆယ်ပေးမယ်။ ဘယ်ဘက်ကနေ စမယ်"
ဘယ်ဘက်မှာ ရပ်နေတဲ့ ကလေးက ဂဏာမငြိမ်ဖြစ်နေပြီး တတွတ်တွတ် စပြောတယ်။ သူက စိတ်ထဲရှိတာတွေကို အကျဉ်းချုပ်နေပုံရတယ်။
"၃၊ ၂၊ ၁။ သိပ်အများကြီး တွေးမနေဘဲ မင်း ဖော်ပြချင်တဲ့အရာကိုပဲ ပြောပြ။ ဘယ်ဘက်ကနေ စမယ်"
"အင်း... ကျွန်တော်က အချိန်အကြာကြီး ငတ်မွတ်နေတဲ့ သူတောင်းစားတစ်ယောက်ကို တွေးလိုက်တာပါ။ အဲဒါကြောင့် ရရချင်းပဲ အရသာရှိရှိ စစားလိုက်တယ်။ အလယ်လောက်မှာ လည်ချောင်းထဲ နင်သွားလို့ ကျွန်တော့်ရင်ဘတ်ကို ကျွန်တော် အကြိမ်ကြိမ် ထုလိုက်သေးတယ်"
"ကောင်းတယ်။ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ကောင်းပါတယ်။ ဒါက ငါလိုချင်တဲ့အရာပဲ။ ပထမဆုံးလူ ဖြစ်နေပေမယ့် မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"
ပထမဆုံးကလေးက တောက်ပစွာ ပြုံးလိုက်တယ်။ အဲဒီနောက် ချန်ဆောင် က နောက်ထပ်ကလေးတစ်ယောက်ကို ကြည့်လိုက်တယ်။ အကုန်လုံးက အဖြေဆင်တူလေးတွေပဲ ဖြေကြတယ်။ တတိယမြောက်ကလေးအထိတော့ ချောချောမွေ့မွေ့ပဲ၊ ဒါပေမယ့် စတုတ္ထမြောက်ကလေးကျတော့ စကားတွေ ထစ်လာတယ်။ သူ့ရှေ့က သုံးယောက်နဲ့ သရုပ်ဆောင်တာချင်း အတူတူပဲဆိုတော့ သူ့မှာ ပြောစရာဘာမှ မရှိတော့ဘူးလေ။ အဲဒီအတိုင်းပဲ အဋ္ဌမမြောက်ကလေးအထိ ဆက်သွားတယ်။ ဒီလိုရလဒ်မျိုး ထွက်လာမယ်ဆိုတာကို မျှော်လင့်ထားပြီးသားဖြစ်လို့ ချန်ဆောင် က အံ့ဩတာမျိုးတောင် မဖြစ်ခဲ့ဘူး။ သူတို့သာ အဓိကဇာတ်ဆောင် ဒါမှမဟုတ် ဇာတ်ပို့တွေဖြစ်ခဲ့ရင် သူတို့ကို ရွေးဖို့ ပြန်စဉ်းစားမှာဖြစ်ပေမယ့် ဇာတ်လမ်းထဲမှာ သိပ်အရေးမပါတဲ့ ဇာတ်ရံတွေကို ရွေးချယ်ဖို့အတွက်တော့ အဲဒီလောက်အထိ အသေးစိတ် မတွေးချင်တော့ဘူး။
နောက်ဆုံးတော့ နဝမမြောက်ကလေး 'ဘရောင်းနီ' က စကားစပြောတယ်။
"အဆင့်မြင့်အရာရှိကြီးတစ်ယောက်က ဖက်ထုပ်တွေ ဝေပေးနေတယ်ဆိုရင် အဲဒီမြင်ကွင်းက လူတွေရဲ့ အာရုံစိုက်မှုကို ရမှာဆိုတော့ တခြားသူတောင်းစားတွေ လာပြီး ကျွန်တော့်ဟာကို လုသွားမှာ ကြောက်လို့ပါ။ အဲဒါကြောင့် ကျွန်တော် ပုန်းပြီး တစ်ယောက်တည်း စားနေခဲ့တာပါ"
သူက အဲဒီလို ချက်ချင်းဖြေလိုက်ပြီး အဲဒီတိုတောင်းတဲ့အချိန်လေးအတွင်းမှာ အရိုအသေပါ ပေးလိုက်သေးတယ်။
ချန်ဆောင် က မသိမသာ လက်ဖျစ်တီးလိုက်မိတယ်။
ဒီကောင်လေး တော်တော်ကောင်းတယ်။
* * * * * * * * *