← Chapters

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း (၅၀၂) ဘိုးဘေးများအား ကန်တော့ခြင်း

​ကျန်းယဲ့သည် စစ်မှုထမ်းဟောင်း သူရဲကောင်းကြီး လေးဦးနှင့်အတူ ဇာတိမြေသို့ ပြန်လာမည်ဆိုသည့် သတင်းကို လူသိရှင်ကြား ကြေညာထားခြင်း မရှိသော်ငြားလည်း အပြည့်စုံဆုံး ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် မြို့နယ်အဆင့်ကိုမူ နှစ်နာရီကြိုတင်၍ အကြောင်းကြားထားခဲ့သည်။

​ရွာထဲတွင် ကျန်းဆွေမျိုးစု၏ ဘိုးဘေးကန်တော့ကျောင်းဆောင်ကြီးကို အပြစ်အနာအဆာမရှိ သန့်ရှင်းရေးလုပ်ထားပြီး နံ့သာတိုင်များနှင့် ဖယောင်းတိုင်များကို အသင့်ပြင်ဆင်ထားကာ ဆွေမျိုးစုမှ သက်ကြီးရွယ်အိုများမှာ သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာအမူအရာများက တည်ကြည်လေးနက်ကာ စိတ်လှုပ်ရှားနေကြ၏။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့ လိုက်ပါလာသော ယာဉ်က ရွာထိပ်သို့ ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာသောအခါ ရွာတစ်ရွာလုံးသာမက ပတ်ဝန်းကျင်ရှိ မြို့များနှင့် ရွာများပါ စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်သွားခဲ့ချေပြီ။

​သတင်းက တောမီးလောင်သည့်အလား ပြန့်နှံ့သွားခဲ့ပြီး အိမ်နီးချင်းရွာများမှ အသက်အရွယ်မရွေး ရွာသူရွာသားများသာမက သတင်းကြားသည့် မြို့ပေါ်မှ နေထိုင်သူများကိုပါ ဆွဲဆောင်နိုင်ခဲ့ကာ အားလုံးက ဤသမိုင်းဝင် အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုစိတ်ဖြင့် ပြည့်နှက်နေကြသည်။

​ရွာ၏ ခန်းမဆောင်ဆီသို့ ဦးတည်နေသော လမ်းမပေါ်တွင် လူများဖြင့် ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။

​ရွာခန်းမဆောင်ရှေ့ရှိ ကျယ်ဝန်းသော ရင်ပြင်တွင် ယာဉ်က တည်ငြိမ်စွာ ရပ်တန့်သွား၏။

​ကားတံခါး ပွင့်သွားပြီးနောက် ကျန်းယဲ့က ပထမဆုံး ဆင်းလာလေသည်။ ထို့နောက် ခေတ်ဟောင်း စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ရင်ဘတ်တစ်ပြင်လုံးတွင် တံဆိပ်များ ချိတ်ဆွဲထားသော ကျန်းဒဲဖူ၊ ကျန်းယိုဖူ၊ ကျန်းလိုင်ဖူ နှင့် ကျန်းမန်ချန်ဟူသော သူရဲကောင်းကြီး လေးဦးတို့က လူတိုင်း၏ မျက်စိရှေ့မှောက်တွင် တက်ကြွရွှင်လန်းသော အသွင်အပြင်ဖြင့် ထွက်ပေါ်လာကြသည်။

​"သူတို့ ရောက်လာကြပြီဟေ့.. သူတို့ လာကြပြီ"

​အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့သော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသည့် အဘိုးအိုဖြစ်သူ ကျန်းဆွေမျိုးစုခေါင်းဆောင်က မျက်ရည်များ ရစ်သိုင်းနေသော မျက်ဝန်းများဖြင့် ဆွေမျိုးများ ခြံရံလျက် ရှေ့သို့ အမြန်လှမ်းလာခဲ့၏။

​တစ်ချိန်တည်းမှာပင် နားကွဲမတတ် ကျယ်လောင်သော ဗျောက်အိုးသံများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အနီရောင်စက္ကူစများက အောင်ပွဲခံ ပန်းမိုးရွာကျသည့်အလား နေရာအနှံ့ လွင့်ဝဲသွားကာ ယမ်းငွေ့နံ့များက ကျေးလက်လေထုနှင့် ရောနှောသွားချေသည်။

၎င်းက ပျောက်ဆုံးနေသော သားများ အိမ်ပြန်ရောက်လာခြင်းနှင့် သူရဲကောင်းကြီးများ အိမ်ပြန်ရောက်လာခြင်း၏ အမြင့်မြတ်ဆုံးသော ဂုဏ်ကျက်သရေကို ကြေညာနေသည့်အလားပင်။

​ရင်ပြင်ကို စိတ်လှုပ်ရှားနေသော ရွာသူရွာသားများက တစ်ထပ်ပြီးတစ်ထပ် ပြည့်ကျပ်စွာ ဝိုင်းရံထားလိုက်ကြသည်။

​ရေတွက်မရနိုင်သော လူများက သူတို့၏ ဖုန်းများကို အမြင့်သို့ မြှောက်ထားကြပြီး အချို့က ဗီဒီယိုများကို အာရုံစူးစိုက်စွာ မှတ်တမ်းတင်နေကြကာ အချို့ကမူ တိုက်ရိုက်ထုတ်လွှင့်မှုများကို စိတ်အားထက်သန်စွာ စတင်နေကြ၏။

​ဆွေမျိုးစုခေါင်းဆောင်ကျန်းက ရှေ့သို့ ဦးစွာ တိုးထွက်လာပြီး ကျန်းဒဲဖူ၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ကာ သူ၏ အသံများမှာ ခံစားချက်များကြောင့် ဆို့နင့်နေချေသည်။ "ဦးလေးဒဲဖူ... ကျွန်တော်က ကျန်းဝမ်ယွမ်လေ... ကျွန်တော့်အဖေက ကျန်းပေါက်ထျန်ဖြစ်ပြီး အမေက ရွာအရှေ့ပိုင်းက လီရှို့အော် ပါ..."

​ထိုအမည်ကို ကြားလိုက်ရပြီးနောက် ရင်းနှီးနေသော အခေါ်အဝေါ်ကြောင့် ကျန်းဒဲဖူ၏ မှေးမှိန်နေသော မျက်ဝန်းများက ချက်ချင်း တောက်ပသွားပြီး သူ၏ အရေတွန့်နေသော မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတစ်ခု ပွင့်လန်းလာခဲ့သည်။

သူက ထိုလက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး "အစ်ကိုပေါက်ထျန်ရဲ့ သားလား.. ငါ မှတ်မိပြီ... မင်းက သူတို့မိသားစုထဲမှာ အငယ်ဆုံးလေးလေ.... မင်း ငယ်ငယ်တုန်းက နှပ်ချေးတွဲလောင်းနဲ့ ငါတို့နောက်ကို လိုက်ပြေးနေကျလေ.."

​"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော် အငယ်ဆုံးလေးပါ" ဆွေမျိုးစုခေါင်းဆောင်ကျန်းက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ဘာလုပ်ရမှန်းပင် မသိဖြစ်နေခဲ့ချေသည်။

​ထို့နောက် ခေါင်းဆောင်ကျန်းက အခြားသက်ကြီးရွယ်အို ဆွေမျိုးများကို ရှေ့သို့ ခေါ်လာကာ တစ်ယောက်ကိုတစ်ယောက် မှတ်မိစေရန် မိတ်ဆက်ပေးလိုက်သည်။

​ဤဆွေမျိုးများထဲမှ အချို့မှာ ကျန်းဒဲဖူ၏ ဝမ်းကွဲများ၏ မျိုးဆက်များဖြစ်ကြပြီး အချို့မှာမူ အဝေးဆွေမျိုးများ၏ မျိုးဆက်များ ဖြစ်ကြ၏။

​မျိုးဆက်များ ကွာခြားနေပြီး သူတို့ထဲမှ အများစုနှင့် တစ်ကြိမ်တစ်ခါမျှ မဆုံဖူးခဲ့သော်ငြားလည်း ကျန်းညီအစ်ကို လေးယောက်က အမည်များကို ကြားလိုက်ရသည်နှင့် သူတို့၏ မိဘများကို ချက်ချင်း မှတ်မိနိုင်ကြသည်။

​"အိုး... မင်းက အာ့ကာရဲ့ မြေးလား..."

​"မင်းက အစ်မမန်ရှို့ မိသားစုက တတိယမြောက် ကလေးလား"

​...

​ရင်းနှီးနေသော အမည်နာမများကြားတွင် သွေးဆက်နွယ်မှု သံယောဇဉ်များက လျင်မြန်စွာ ချိတ်ဆက်သွားကြပြီး အချိန်ကာလနှင့် အကွာအဝေးတို့ကြောင့် ဖြစ်ပေါ်လာသည့် စိမ်းသက်မှုများမှာ ဘိုးဘေးများကို ပြန်လည်အမှတ်ရခြင်း၏ နွေးထွေးမှုအောက်တွင် တိတ်ဆိတ်စွာ အရည်ပျော်ကျသွားခဲ့ချေပြီ။

​ထိုစဉ် လူအုပ်ကြီး အနည်းငယ် ကွဲထွက်သွားပြီး ငွေရောင်ဆံပင်များနှင့် ခြေလှမ်းမခိုင်တော့သော အဘွားအို နှစ်ဦးက ငယ်ရွယ်သော မိသားစုဝင်များ၏ တွဲကူမှုဖြင့် လျှောက်လာကြသည်။

​သူတို့၏ မျက်ဝန်းများက ကျန်းဒဲဖူနှင့် သူ၏အဖွဲ့ဝင် လေးဦးထံသို့ စိုက်ကြည့်နေကြပြီး သူတို့၏ နှုတ်ခမ်းများမှာ တုန်ယင်နေ၏။

​အဘွားအိုတစ်ဦးက တုန်ယင်နေသော လက်ကို မြှောက်ကာ ဒေသသုံးလေသံ အပြည့်ပါပြီး အက်ကွဲလုမတတ် ဖြစ်နေသော အသံဖြင့် တွေဝေစွာ ခေါ်လိုက်လေသည်။ "ဒဲဖူ... ဒါ ဒဲဖူလား..."

​ကျန်းဒဲဖူနှင့် အခြားသုံးဦးက အသံလာရာသို့ လှမ်းကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များက ထိုအိုမင်းနေသော မျက်နှာနှစ်ခုပေါ်သို့ ကျရောက်သွားကာ သေချာစွာ အကဲခတ်ကြည့်လိုက်ကြ၏။

​အချိန်ကာလက သူတို့၏ မျက်နှာများပေါ်တွင် နက်ရှိုင်းသော အရေတွန့်မျဉ်းများကို ရေးဆွဲခဲ့ပြီး သူတို့၏ ကျောများကို ကုန်းသွားစေခဲ့သော်လည်း ကျန်းဒဲဖူ၏ အကြည့်က သူ့အား ခေါ်လိုက်သော အဘွားအိုထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားရသည်။

နောက်ခဏ၌ မှတ်ဉာဏ်၏ နက်ရှိုင်းသော နေရာမှ ငယ်ရွယ်ကာ နူးညံ့သည့် ပုံရိပ်တစ်ခုက သူ၏ မျက်စိရှေ့ရှိ အဘွားအိုနှင့် ဖြည်းညှင်းစွာ ထပ်တူကျသွားချေသည်။

​သူက မယုံကြည်နိုင်စွာဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်ပြီး သူ၏ အသံများမှာ ကြီးမားသော အံ့အားသင့်မှုနှင့်အတူ မသေချာမှု အနည်းငယ်တို့ကြောင့် တုန်ယင်နေ၏။ "ခင်ဗျား... ခင်ဗျားက... အဒေါ်လား။ လင်ရှို့ကျူ... အဒေါ်ရှို့ကျူလား"

​"ငါပါ... ဒဲဖူ... ငါပါကွယ်..." အဘွားလင်ရှို့ကျူ၏ မျက်ရည်များ ချက်ချင်း ပေါက်ကွဲထွက်ကျလာပြီး သူမက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။

​ကျန်းဒဲဖူက ရှေ့သို့ ပြေးသွားကာ အဘွားအို၏ ပိန်လှီပြီး အသက်အရွယ်ကြောင့် အစက်အပြောက်များ ထနေသော လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

​လင်ရှို့ကျူကလည်း အကယ်၍ သူမ လွှတ်လိုက်ပါက ရှေ့မှလူ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အလား သူ၏ လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်ထားခဲ့၏။

​သူမက မျက်ရည်များ စီးကျလျက် ကျန်းဒဲဖူကို မော့ကြည့်ကာ "ဒဲဖူရယ်... ငါ့အသက်အရွယ် အိုမင်းလာတဲ့အချိန်ထိ... ငါ မသေခင်မှာ မင်းတို့ကို နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး..."

​အခြား အဘွားအိုတစ်ဦးကလည်း မျက်ရည်များကို သုတ်ရင်း ရှိုက်ကြီးတငင် ဝင်ပြောလေသည်။ "မင်းတို့ရဲ့ မိဘတွေက... သူတို့ ဆုံးပါးသွားတဲ့အချိန်မှာတောင် သူတို့ရဲ့ မျက်လုံးတွေက ရွာထိပ်ကိုပဲ စိုက်ကြည့်နေခဲ့ပြီး မင်းတို့ ညီအစ်ကိုတွေရဲ့ နာမည်တွေကို အဆက်မပြတ် ခေါ်နေခဲ့ကြတာ... ဒီနေ့ မင်းတို့ သူတို့ကို ပြန်လာကြည့်နိုင်ပြီဆိုတာ သူတို့သာ သိခဲ့ရင်... အရမ်းကို ဝမ်းသာနေကြမှာပဲ..."

​ကွယ်လွန်သွားကြပြီဖြစ်သော သူတို့၏ မိဘများကို အမှတ်ရသွားသောအခါ ကျန်းဒဲဖူ၊ ကျန်းယိုဖူ၊ ကျန်းလိုင်ဖူ နှင့် ကျန်းမန်ချန် ဟူသော ညီအစ်ကို လေးယောက်မှာ... ဤခိုင်မာမာကျောလှသော ယောက်ျားကြီးများပင် သူတို့၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သူတို့၏ မျက်ဝန်းများ ချက်ချင်း နီမြန်းသွားကြတော့သည်။

​သူတို့က လူကြီးနှစ်ဦး၏ လက်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားနိုင်ကြပြီး ခေါင်းကို ထပ်တလဲလဲ ညိတ်ပြကာ ရင်ဘတ်ထဲတွင် စကားလုံးပေါင်း ထောင်သောင်းချီ၍ တစ်ဆို့နေခဲ့သော်လည်း တိတ်ဆိတ်သော မျက်ရည်များ၊ လေးလံသော သက်ပြင်းများအဖြစ်သာ ပြောင်းလဲသွားခဲ့လေသည်။

​တစ်ယောက်ကိုတစ်ယောက် မှတ်မိပြီးနောက် ဆွေမျိုးစုခေါင်းဆောင်ကျန်းက ကျန်းဒဲဖူနှင့် အခြားသုံးဦးကို ကျန်းဆွေမျိုးစု၏ ဘိုးဘေးကန်တော့ကျောင်းဆောင်ကြီးဆီသို့ တည်ကြည်လေးနက်စွာ ဦးဆောင်ခေါ်သွားလိုက်သည်။

​ကျောင်းဆောင်အတွင်းတွင် မတူညီသော မျိုးဆက်များမှ ကျန်းဆွေမျိုးစုဝင်များက တည်ကြည်လေးနက်စွာ ရပ်နေကြပြီး တံခါးအပြင်ဘက်တွင်မူ သတင်းကြား၍ လာရောက်စုရုံးနေကြသော ပတ်ဝန်းကျင်မှ ရွာသူရွာသားများကြောင့် ခြေလှမ်းရွှေ့ရန်ပင် မဖြစ်နိုင်တော့ချေ။

​လူတိုင်းက တိတ်ဆိတ်နေကြပြီး ဤအရေးကြီးလှသော အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေကြ၏။

​ဆွေမျိုးစုမှ သက်ကြီးရွယ်အိုများ၏ လမ်းညွှန်မှုအောက်တွင် ရိုးရှင်းသော်လည်း တည်ကြည်လေးနက်လှသော ဘိုးဘေးကန်တော့ပွဲ အခမ်းအနားကို စတင်လိုက်လေသည်။

​နံ့သာငွေ့များ လွင့်ပျံနေပြီး ဖယောင်းတိုင်မီးများ တဝင်းဝင်း တောက်လောင်နေစဉ် ကျန်းဒဲဖူနှင့် သူ၏ အဖော်သုံးဦးတို့က နံ့သာတိုင်များကို ကိုင်ဆောင်လျက် ဘိုးဘေးကမ္ဗည်းပြားများရှေ့တွင် နက်ရှိုင်းစွာ ဦးညွှတ်ကန်တော့လိုက်ကြသည်။

​ထိုအခိုက်အတန့်၌ လွင့်မျောနေသော ရေတွက်မရနိုင်သည့် ဝိညာဉ်များစွာက ဤဦးညွှတ်ကန်တော့မှုအတွင်းတွင် ငြိမ်းချမ်းမှု ရရှိသွားသည့်အလားပင်။

​ဘိုးဘေးကန်တော့ပွဲ အခမ်းအနား ပြီးဆုံးပြီးနောက် သူတို့လေးဦးက စီစဉ်ထားသော ယာဉ်ပေါ်သို့ တက်ရောက်ကာ ကျန်းမိသားစု၏ ဘိုးဘေးသင်္ချိုင်းဆီသို့ ဦးတည်ထွက်ခွာသွားလိုက်ကြသည်။

​ချောမွေ့သော ဘိလပ်မြေလမ်းနှင့် ကျောက်လှေကားထစ်များအတိုင်း အထက်သို့ တက်သွားသောအခါ မကြာမီမှာပင် သပ်ရပ်စွာ ထိန်းသိမ်းထားပြီး ယှဉ်တွဲလျက် တည်ရှိနေသည့် အုတ်ဂူမှတ်တိုင် လေးခုက မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုအုတ်ဂူများပေါ်တွင် သူတို့၏ မိဘများ၏ အမည်များကို ရှင်းလင်းစွာ ထွင်းထုထားချေသည်။

​"အဖေ... အမေ... ဖခင်နဲ့ မိခင်အပေါ် ဝတ္တရားမကျေပွန်ခဲ့တဲ့ သား... ဒဲဖူ / ယိုဖူ / လိုင်ဖူ / မန်ချန်... လာကြည့်တာပါ..."

​တစ်ပြိုင်နက်တည်းမှာပင် သူတို့လေးဦးစလုံးက အုတ်ဂူရှေ့တွင် ဒုန်းခနဲ ဒူးထောက်ချလိုက်ကြပြီး လမ်းတစ်လျှောက်လုံး ဖိနှိပ်ထားခဲ့ရသော သူတို့၏ ခံစားချက်များက ရေတံခွန်ကြီးတစ်ခုအလား ရုတ်တရက် ပေါက်ကွဲထွက်လာကာ ထိန်းချုပ်မရနိုင်လောက်အောင် အော်ဟစ်ငိုကြွေးလိုက်ကြတော့သည်။

​ကျန်းဒဲဖူက ခေါင်းကို မြေကြီးနှင့် အကြိမ်ကြိမ် ဆောင့်ကာ ကန်တော့လိုက်ပြီး သူ၏ နဖူးကို အေးစက်နေသော အုတ်ဂူမှတ်တိုင်တွင် ဖိကပ်ထားကာ မျက်ရည်များက မြေကြီးကို စိုရွှဲသွားစေခဲ့သည်။ "အဖေ... အမေ.... ဝတ္တရားမကျေပွန်ခဲ့တဲ့ သားက အဲဒီတုန်းက ထွက်သွားခဲ့ပြီး... အဖေနဲ့ အမေ အိုမင်းလာတဲ့အချိန်မှာ ပြုစုစောင့်ရှောက်ဖို့ တစ်ခါမှ ပြန်မလာနိုင်ခဲ့ဘူး... သားကြောင့် အဖေနဲ့ အမေတို့ တစ်သက်လုံး စိတ်ပူခဲ့ရတာ..."

​ကျန်းယိုဖူ၏ အသံမှာ အက်ကွဲကာ ကြမ်းတမ်းနေ၏။ "အမေ... ယိုဖူ ပြန်လာပြီလေ။ အမေ မြင်ရလားဟင်..."

​ကျန်းလိုင်ဖူ၏ ပခုံးများမှာလည်း ပြင်းထန်စွာ တုန်ယင်လှုပ်ရှားနေပြီး အုတ်ဂူကို ကြည့်ကာ အော်ဟစ်ငိုကြွေးလိုက်သည်။ "အဖေ... ယောက်ျားတစ်ယောက်ရဲ့ ရည်မှန်းချက်က ကမ္ဘာအရပ်ရပ်မှာ ရှိတယ်လို့ အဖေ အမြဲပြောခဲ့တယ်မလား... သားက အဖေ့ကို အရှက်မကွဲစေခဲ့ပါဘူး... ဒါပေမဲ့ သားက... သားဝတ္တရား မကျေပွန်ခဲ့ဘူး အဖေရယ်.."

​ကျန်းမန်ချန်ကလည်း ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။ "အဖေ... အမေ... သား ပြန်လာပြီ.... သား ပြန်ရောက်လာပြီ... အရမ်းနောက်ကျသွားခဲ့ပြီ... သိပ်ကို နောက်ကျသွားခဲ့ပြီ..."

​ဝမ်းနည်းကြေကွဲဖွယ် ငိုကြွေးသံများက တောင်တန်းများကြားတွင် ပဲ့တင်ထပ်နေပြီး ကြားရသူတိုင်း၏ ရင်ကို ဆို့နင့်သွားစေခဲ့သည်။

​ရာစုနှစ်ဝက်ကျော် ကြာမြင့်မှ ပြုလုပ်နိုင်ခဲ့သော ဤကန်တော့ပွဲ အခမ်းအနားလေးက... အလွန်အမင်း များပြားလှသော အပြစ်ရှိသလို ခံစားရမှုများ၊ တောင့်တမှုများနှင့် ပြုပြင်၍မရနိုင်တော့သော နောင်တတရားများကို သယ်ဆောင်ထားလေတော့သတည်း။

အခန်း ၅၀၂ပြီး၏။

All Chapters