အခန်း ၅၀၃
Vol. 51 Ch. 503
အခန်း (၅၀၃) ပင်လယ်မြို့တော်သို့ ဆိုက်ရောက်လာခြင်း
အုတ်ဂူများကို သွားရောက်ကန်တော့ပြီးနောက် သူတို့လေးဦး၏ စိတ်ခံစားချက်များမှာ အနည်းငယ် တည်ငြိမ်သွားခဲ့သော်လည်း မျက်ဝန်းများမှာ နီမြန်းကာ မို့အစ်နေဆဲပင်။ ထို့နောက် ကျန်းယဲ့က ရွာထဲရှိ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း သူတို့၏ အိမ်ဟု အမှန်တကယ် ခေါ်ဆိုနိုင်သော နှစ်ထပ်အိမ်လေးဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
ဤအိမ်လေးကို လွန်ခဲ့သော နှစ်သုံးဆယ်က ကျန်းယဲ့၏ မိဘများ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ပတ်ဝန်းကျင်ရှိ အသစ်စက်စက် လုံးချင်းအိမ်ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက ဤအိမ်လေးမှာ ရိုးရှင်းလွန်းလှပြီး အနည်းငယ်ပင် စုတ်ချာနေသည်ဟု ထင်ရပေသည်။
သို့သော်ငြားလည်း ကျန်းဒဲဖူနှင့် သူ၏ ညီအကိုသုံးဦး၏ မျက်စိထဲတွင်မူ ဤအိမ်လေးက လေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးနိုင်သော အုတ်ကြွပ်မိုးများ၊ တောက်ပသော ဖန်ပြတင်းပေါက်များနှင့်အတူ ခိုင်ခံ့ကာ သန့်ရှင်းသပ်ရပ်နေပြီး အကောင်းဆုံးသောအိမ်လေး တစ်လုံးအဖြစ် ရှိနေခဲ့ချေပြီ။
သူတို့သည် ခြံဝင်းထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်သွားကြပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုကာ အရာအားလုံးကို လိုက်လံစမ်းသပ် ကိုင်တွယ်ကြည့်နေကြ၏။
ကျန်းဒဲဖူက အိမ်ဘေးရှိ ပြောင်ချောနေသော ဘိလပ်မြေခင်းထားသည့် နေရာကို လက်ညှိုးထိုးပြလိုက်သည်။ "ရှောင်ယဲ့... အရင်တုန်းက ဒီနေရာမှာ ဝါးရုံတောကြီးတစ်ခု ရှိခဲ့တာ။ ငါတို့ ငယ်ငယ်တုန်းက ဒီထဲမှာ မျှစ်တွေတူးပြီး တူတူပုန်းတမ်း ကစားခဲ့ကြတာကွ..."
ကျန်းယိုဖူသည် နောက်ဖေးခြံဝင်းဆီသို့ လျှောက်သွားပြီး ယခုအခါ ပန်းမန်များ၊ အပင်များနှင့် သစ်သီးပင်များဖြင့် ပြည့်နှက်နေသော ပန်းခြံလေးကို ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ ပြောလိုက်၏။ "ဒီနေရာက အရင်တုန်းက ရွှံ့ဗွက်တွေပြည့်နေတဲ့ စပါးခင်းဟောင်းကြီးလေ။ မိုးရွာပြီးတာနဲ့ ရွှံ့ဗွက်တွေထပြီး သွားလို့မရတော့ဘူး။ မင်းရဲ့ ဘေးဘိုးကြီးက အမြဲတမ်း စိတ်ပူနေခဲ့ရပေမဲ့ ပြုပြင်ဖို့ နည်းလမ်းမရှိခဲ့ဘူး...."
ကျန်းလိုင်ဖူက ဟောင်းနွမ်းနေသော နံရံကို ပွတ်သပ်လိုက်သည်။ "ဒီနံရံက အရင်တုန်းက ဝက်ခြံလေ..."
ကျန်းမန်ချန်က တံခါးရှေ့ရှိ နေရာလွတ်ကို လက်ညှိုးထိုးပြလိုက်၏။ "ဒီမှာကြည့်... အရင်တုန်းက ဒီနေရာမှာ သစ်ခေါက်ပင်ကြီး တစ်ပင်ရှိခဲ့တယ်။ နွေရာသီဆို ငါတို့အားလုံး အဲဒီအပင်အောက်မှာ ထိုင်ပြီး အပန်းဖြေခဲ့ကြတာ...."
ကျန်းယဲ့သည် သူ၏ အဘိုးလေးယောက် နောက်မှလိုက်ပါရင်း သူတို့ လက်ညှိုးထိုးပြသည့် နေရာအသီးသီးကို ကြည့်ကာ သူသိထားခဲ့သည်နှင့် လုံးဝ ကွဲပြားနေသော အတိတ်အကြောင်းများကို နားထောင်နေခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် တစ်ခါတစ်ရံ အံ့သြသွားသည့် အမူအရာများ ပေါ်လာတတ်၏။
"အိုး... ဒါဆို အရင်က ဒီနေရာမှာ ဝါးရုံတော ရှိခဲ့တာပေါ့..."
"ရွှံ့ဗွက်ထနေတဲ့ စပါးခင်းဟောင်းကြီးတဲ့လား... အခုတော့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူးနော်..."
"သစ်ခေါက်ပင်ကြီး ရှိခဲ့တာလား... ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး..."
...
သူ မှတ်မိနိုင်သည့် အရွယ်ကတည်းက သူ၏အိမ်လေးမှာ ဤအတိုင်းသာ ဖြစ်နေခဲ့သည်။
သူ၏ အဘိုးများ ပြောပြသော ဇာတ်လမ်းများကို နားထောင်ပြီးနောက် သူ၏ ခြေဖဝါးအောက်ရှိ ရင်းနှီးကျွမ်းဝင်နေသော ဤမြေကြီးက သိပ်မကြာသေးမီ အတိတ်ကာလတစ်ခုတွင် လုံးဝ ကွဲပြားခြားနားသော အသွင်အပြင် ရှိနေခဲ့ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။
အဟောင်းနှင့် အသစ်၏ ကွာခြားချက်များကို တီးတိုးရေရွတ်နေမှုများကြားတွင် အချိန်ကာလက ဖြည်းညှင်းစွာ စီးဆင်းသွားပြီး ကွဲကွာနေခဲ့ရသည့် နှစ်ကာလများကို တစ်စတစ်စ ပြန်လည် ချုပ်လုပ်ဆက်စပ်ပေးနေခဲ့ချေပြီ။
ကျန်းယဲ့၏ ဇာတိမြေတွင် ဆွေမျိုးများ ပြန်လည်ဆုံဆည်းခြင်း၊ ဘိုးဘေးများအား ကန်တော့ခြင်းတို့ဖြင့် စည်ကားလှုပ်ရှားနေချိန်တွင် စစ်မှုထမ်းဟောင်း သူရဲကောင်းကြီးများ အိမ်ပြန်ရောက်လာကြသည့် နိုင်ငံတစ်ဝှမ်းရှိ နေရာအသီးသီးတွင်လည်း အလားတူ မြင်ကွင်းမျိုးများ ဖြစ်ပေါ်နေခဲ့သည်။
နေရာတိုင်းတွင် ဒေသခံများက သူတို့ကို အလိုအလျောက် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး နေရာတိုင်းကို ရေတွက်မရနိုင်သော မိုဘိုင်းဖုန်း ကင်မရာများဖြင့် မှတ်တမ်းတင်ထားကြကာ နေရာတိုင်းကို ဒေသတွင်း မီဒီယာများက စိတ်ရင်းစေတနာအပြည့်ပါသော သတင်းပေးပို့ချက်များဖြင့် ဖော်ပြခဲ့ကြ၏။
လွန်ခဲ့သော နှစ်ရက်အတွင်း အင်တာနက်စာမျက်နှာတစ်ခုလုံးကို သူရဲကောင်းကြီးများ အိမ်ပြန်ရောက်ခြင်းဟူသော သတင်းလှိုင်းကြီးက လွှမ်းမိုးထားချေပြီ။
အထူးတလည် ရှာဖွေနေစရာပင် မလိုပေ။ သင့်ထံ ရောက်လာသော သတင်းများ၊ ရေပန်းအစားဆုံး သတင်းများ နှင့် သင်၏ ဝီချက်မိုးမန့်တွင် ပြည့်နှံနေသော ပို့စ်များအားလုံးက မတူညီသော ဘိုးဘေးကြီးများနှင့် သူတို့၏ အိမ်အပြန်ခရီးစဉ် ဇာတ်လမ်းများကိုသာ ဖော်ပြနေကြသည်။
ဆိုက်ဘာစပေ့တစ်ခုလုံးတွင် သမိုင်းအပေါ် ရိုသေလေးစားမှုများ၊ ဘိုးဘေးများအပေါ် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေပြီး အပြုသဘောဆောင်ကာ စိတ်ဓာတ်ခွန်အားဖြစ်စေသော လေထုက အဓိက ရေစီးကြောင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။
သေချာပေါက်ပင် တစ်ခါတစ်ရံတွင် "ဒါတွေကို သတင်းတင်နေလို့ ဘာအကျိုးရှိမှာလဲ" သို့မဟုတ် "ဒါတွေက အတိတ်က ကိစ္စတွေပါ" ဟူသော သေးသိမ်သည့် မှတ်ချက်များပေးကာ သဟဇာတမဖြစ်သော အသံအနည်းငယ် ထွက်ပေါ်လာတတ်သေး၏။
သို့သော်ငြားလည်း ထိုအသံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယုတ္တိကျသော ချေပမှုများ၊ အပြုသဘောဆောင်သော ဝေဖန်မှု ဆူနာမီလှိုင်းလုံးကြီးများအောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားရသည်။
သူတို့က လျင်မြန်စွာ နှုတ်ဆိတ်သွားကြရသည် သို့မဟုတ် အင်တာနက်အသုံးပြုသူများ၏ အကြောင်းပြချက်၊ သက်သေအထောက်အထားများဖြင့် ပညာပေးခြင်း ခံလိုက်ရပြီး သူတို့၏ မှတ်ချက်များကို ဖျက်ပစ်ကာ နောက်တစ်ကြိမ် မပြောရဲတော့သည်အထိ ဖြစ်သွားကြလေသည်။
စစ်မှုထမ်းဟောင်း သူရဲကောင်းကြီး တစ်ဦးချင်းစီတွင် လူသားဆန်မှုများ ပြည့်နှက်နေသော မတူညီသည့် ခရီးစဉ်များ ရှိကြသည်။
ကျန်းယဲ့သည် သူ၏ အဘိုးလေးယောက်၏ ဆန္ဒများကိုသာ အပြည့်အဝ လိုက်နာခဲ့သည်။
သူတို့က မြို့ကြီးပြကြီးများသို့ သွားရောက်လည်ပတ်ရန် မလောကြချေ။ ယင်းအစား သူတို့ မွေးဖွားကြီးပြင်းခဲ့သော ရွာလေးများတွင် နေထိုင်ရသည်ကို ပို၍ သဘောကျကြ၏။
လွန်ခဲ့သော နှစ်ရက်အတွင်း သူတို့က ရွာထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက်ခဲ့ကြပြီး ရွာထိပ်ရှိ သစ်ပင်ကြီးများအောက်နှင့် အိမ်အမိုးစွန်းများအောက်တွင် ဘုံမှတ်ဉာဏ်များ ရှိကြသော သက်ကြီးရွယ်အိုများနှင့် အတူထိုင်ကာ ဒေသသုံးလေသံဖြင့် နေ့စဉ်ဘဝ အကြောင်းများကို စကားစမြည် ပြောဆိုနေခဲ့ကြသည်။
ဆယ်စုနှစ်များစွာက လူဟောင်းများ၊ အဖြစ်အပျက်ဟောင်းများအကြောင်း ရဲဘော်ဟောင်းကြီးများ ပြောပြသည်ကို နားထောင်ရင်း တစ်စုံတစ်ယောက်က စစ်မြေပြင်အကြောင်း မေးမြန်းလာသည့်အခါ အပိုင်းအစအနည်းငယ်ကိုသာ ပေါ့ပေါ့ပါးပါး ထည့်သွင်းပြောကြားလေ့ရှိကြ၏။
ထိုထိတ်လန့်ဖွယ်ရာ အတိတ်က အဖြစ်အပျက်များက သူတို့၏ နှုတ်ဖျားတွင် ပေါ့ပျက်ပျက် ဖြစ်သွားခဲ့သော်လည်း ပို၍ လေးလံသွားသကဲ့သို့ ခံစားရလေသည်။
နွေးထွေးကာ အမှတ်ရဖွယ်ကောင်းသော အိမ်ရှိ ညနှစ်ညကို ဖြတ်သန်းပြီးနောက် ကျန်းယဲ့က ပိုမိုကျယ်ပြန့်သော ပြောင်းလဲမှုများကို မြင်တွေ့နိုင်ရန် အဘိုးများကို အပြင်သို့ ခေါ်သွားရန် အကြံပြုလိုက်သည်။
အဘိုးလေးယောက်ကလည်း အလွယ်တကူ သဘောတူလိုက်ကြ၏။
ထို့နောက် ကျန်းယဲ့က သူတို့ကို အနီးနားရှိ မြို့တစ်မြို့ဆီသို့ ကားဖြင့် ခေါ်သွားလိုက်သည်။
သန့်ရှင်းကာ စည်ကားနေသော မြို့များ၊ ကျယ်ပြန့်လှသော သယ်ယူပို့ဆောင်ရေးကွန်ရက်နှင့် လမ်းတစ်လျှောက်ရှိ သက်ဝင်လှုပ်ရှားနေသော စက်မှုဇုန်များကို ကြည့်ရှုရင်း အဘိုးလေးယောက်မှာ အံ့အားသင့်သွားကြရသည်။
ကျန်းဒဲဖူမှာ မနေနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။ "မယုံနိုင်စရာပဲ... ငါတို့ရဲ့ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးက အရင်တုန်းက ဆင်းရဲလွန်းလို့ နာမည်ကြီးခဲ့တာ... အခုတော့ အများကြီးကို ပိုကောင်းလာခဲ့ပြီပဲ.."
ကျန်းယဲ့က ရယ်မောကာ ပြန်ဖြေလိုက်၏။ "အဘိုးလေး... အဘိုးတို့ မသိလို့ပါ... ကျွန်တော်တို့ ဒေသက အခုဆိုရင် တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံး ဒေသတွေထဲက တစ်ခုဖြစ်နေပြီလေ.."
"ဘာ... ချမ်းသာတဲ့ ဒေသတဲ့လား.." ကျန်းယိုဖူ၏ မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားရသည်။
ကျန်းယဲ့က နောက်ပြောင်လိုက်သည်။ "ဟုတ်တယ်လေ... အခုဆို အပြင်ကလူတွေက တစ်ယောက်ယောက်ဟာ ဒီဒေသကလို့ ကြားလိုက်တာနဲ့ သူတို့ရဲ့ ပထမဆုံး တုန့်ပြန်မှုက ချမ်းသာတယ်ဆိုတာပဲ။ တကယ် ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ... သူတို့ကတော့ ချမ်းသာရမယ်လို့ပဲ မှတ်ယူထားကြတာ..."
"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ.." ကျန်းမန်ချန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
ကျန်းယဲ့က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးက ကောင်းနေလို့လေ။ နှစ်တိုင်း နိုင်ငံအဆင့် အကောင်းဆုံး ခရိုင်နဲ့ မြို့နယ် ၁၀၀ စာရင်းမှာ ကျွန်တော်တို့ နေရာအများကြီး ရထားတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးရှိပြီး ပုဂ္ဂလိကလုပ်ငန်းတွေက အထူးဖွံ့ဖြိုးတိုးတက်နေတာမို့ ကျွန်တော်တို့ကို နာမည်ကောင်း ရစေခဲ့တာပါ..."
"နိုင်ငံခြားမှာတောင် ကျဲ့ကျန်းက လူတွေအများကြီးက စီးပွားရေးတွေလုပ်ပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာနေကြတော့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတယ်..."
ကျန်းယဲ့ ပြောပြသည်ကို နားထောင်ရင်း အဘိုးလေးယောက်မှာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စကားများကို အံ့သြချီးကျူးနေကြသည်။
သူတို့၏ မှတ်ဉာဏ်ထဲတွင် သူတို့၏ ဇာတိမြေက အတော်အသင့် ကြီးပွားတိုးတက်သော ဟန်ကျိုး - ကျားရှင်း - ဟူကျိုး ဒေသမှလွဲ၍ အများစုမှာ တောင်တန်းခုနစ်ပုံ၊ ရေနှစ်ပုံနှင့် လယ်ယာမြေတစ်ပုံသာ ရှိခဲ့၏။ တောင်တန်းများပြီး မြေကွက်လပ်နည်းပါးကာ သယ်ယူပို့ဆောင်ရေး ခက်ခဲသောကြောင့် လူများက နွမ်းပါးစွာ နေထိုင်ခဲ့ရပြီး အိမ်နီးချင်း ကျန်းရှီး နှင့် အန်းဟွေးတို့ထက်ပင် များစွာ ဆင်းရဲခဲ့လေသည်။
ဆယ်စုနှစ် အနည်းငယ်အတွင်း ဤတစ်ချိန်က မြုံနေခဲ့သော မြေကြီးက နိုင်ငံတော်၏ အာရုံစိုက်မှုကို ရရှိထားသော ကြီးပွားတိုးတက်သည့် ဒေသတစ်ခုဖြစ်လာသည်အထိ ဤမျှ ကြီးမားသော အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနိုင်လိမ့်မည်ဟု မည်သူ တွေးထင်ထားခဲ့မည်နည်း။
ဤသိသိသာသာ ကွဲပြားခြားနားမှုကြီးက သူတို့၏ မျိုးဆက်သစ်များ၏ အောင်မြင်မှုများအပေါ် ပိုမိုခိုင်မာကာ နက်ရှိုင်းသော နားလည်မှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပြီး သူတို့၏ ရင်ထဲတွင် ဂုဏ်ယူမှုများ ပြည့်လျှံတက်လာစေခဲ့သည်။
ပဉ္စမမြောက်နေ့တွင် အစီအစဉ်အတိုင်း နိုင်ငံတစ်ဝှမ်း၌ ဆွေမျိုးများထံ လည်ပတ်ရန် ပြန့်ကျဲနေကြသော စစ်မှုထမ်းဟောင်းကြီးများက အရပ်ရပ်မှ ပြန်လည်စုရုံးလာကြပြီး ပင်လယ်မြို့တော်ဆီသို့ ဦးတည်ထွက်ခွာလာလိုက်ကြသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ပင်လယ်မြို့တော်၏ လေထုမှာ သိသိသာသာ ကွဲပြားနေချေသည်။ ပင်မလမ်းမကြီးများတွင် လုံခြုံရေးများ တင်းကျပ်ထားပြီး အချို့နေရာများတွင် ယာယီယာဉ်ကြောထိန်းချုပ်မှုများ ပြုလုပ်ထား၏။ ထိခိုက်လွယ်သော မြို့သူမြို့သားများက လေထုထဲမှ ပုံမှန်မဟုတ်သော အရာတစ်ခုကို အာရုံခံမိနေကြပြီ ဖြစ်သည်။
စစ်မှုထမ်းဟောင်း သူရဲကောင်းကြီးများ ပင်လယ်မြို့တော်သို့ လာမည်လားဆိုသည့် ခန့်မှန်းချက်များက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီး မျှော်လင့်ချက်များက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ချေပြီ။
ပဉ္စမမြောက်နေ့ နံနက်ခင်းတွင်တော့ အဖြေကို တရားဝင် ထုတ်ဖော်ပြသလိုက်သည်။
နိုင်ငံတစ်ဝှမ်းမှ လေယာဉ်များက ပင်လယ်မြို့တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမွေ့စွာ ဆင်းသက်လာသောအခါ လေယာဉ်တံခါးများ ပွင့်သွားပြီး ဝန်ထမ်းများ ခြံရံလျက် ခေတ်ဟောင်း စစ်ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်မှုထမ်းဟောင်းကြီးများ ထွက်ပေါ်လာသည်နှင့် လေဆိပ်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ချက်ချင်းပင် ဆူပွက်သွားကြသည်။
ဆိုက်ရောက်ခန်းမတွင် စောင့်ဆိုင်းနေကြသော မြို့သူမြို့သားများနှင့် ခရီးသည်များ ထို့အပြင် လေဆိပ်၏ ဖန်သားပြင် နံရံမှတစ်ဆင့် လေယာဉ်ပြေးလမ်းကို မြင်တွေ့နိုင်သူများပင်လျှင် နားကွဲမတတ် အောင်ပွဲခံ သြဘာပေးသံများဖြင့် အော်ဟစ်လိုက်ကြသည်။
ကျန်းယဲ့သည် သူ၏ အဘိုးလေးယောက်နှင့်အတူ ဆိုက်ရောက်ခန်းမမှ ထွက်လာသောအခါ ပတ်ဝန်းကျင်ရှိ ခရီးသည်များက စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်ကြ၏။
"ဒါရိုက်တာကျန်း... ဒါရိုက်တာကျန်းကွ..."
"သူရဲကောင်းကြီးတို့... ပင်လယ်မြို့တော်ကနေ ကြိုဆိုပါတယ်..."
"အဘိုးတို့... ခရီးပန်းလာလောက်ပြီ"
စိတ်အားထက်သန်သော အောင်ပွဲခံ သြဘာပေးသံ လှိုင်းလုံးကြီးတစ်ခုက သူတို့ကို လွှမ်းမိုးသွားခဲ့သည်။
တစ်စုံတစ်ယောက်က စိုးရိမ်တကြီးဖြင့် လှမ်းအော်လိုက်လေသည်။ "အဘိုးတို့... ဒီက အစားအသောက်တွေနဲ့ အဆင်ပြေရဲ့လား။ ပင်လယ်မြို့တော်ရဲ့ အစားအသောက်တွေက အရသာပေါ့တော့ အဘိုးတို့ မကြိုက်ရင် ဒါရိုက်တာကျန်းကိုသာ ပြောလိုက်နော်..."
အခန်း ၅၀၃ပြီး၏။