အခန်း ၅၀၄
Vol. 51 Ch. 504
အခန်း (၅၀၄) ရောက်လာပြီဟေ့
ပို၍ နောက်ပြောင်တတ်သော လူငယ်များကလည်း လူအုပ်ကြီးကြားမှနေ၍ အကြံပြုချက်များ စတင်ပေးလာကြသည်။
"အဘိုးတို့... ဒါရိုက်တာကျန်းကို ခရီးစဉ်တွေ ပိုဖွင့်ပေးဖို့နဲ့ နေရာတွေ ပိုချပေးဖို့ ပြောပေးလို့ ရမလား။ တစ်ခေါက်ကို နေရာဆယ်ဂဏန်းလောက်ပဲ ပါတာဆိုတော့ ဘယ်သူကများ လုယူနိုင်မှာလဲ..."
"ဟုတ်တယ် ဟုတ်တယ်... အဘိုးတို့ရေ... ဒါရိုက်တာကျန်းကို သေချာစောင့်ကြည့်ပြီး သိပ်ပျင်းမနေဖို့ ပြောပေးကြပါဦး။ တစ်နေ့ကို ခရီးစဉ် သုံးလေးခုလောက် ပို့ပေးတာက သိပ်များတဲ့ တောင်းဆိုမှုမှ မဟုတ်တာ....နော်....."
"ဒါမှန်တယ် အဘိုး... ဒါရိုက်တာကျန်းက ငယ်ပါသေးတယ်။ သူ ကြိုးကြိုးစားစား အလုပ်လုပ်သင့်ပြီး ဒီလောက်စောစောကြီး အနားယူဖို့ မတွေးသင့်ဘူး...."
"ဒါရိုက်တာကျန်း... ကြားလား။ ပြည်သူတွေရဲ့ တောင်းဆိုမှုက ကြီးမားတယ်နော်... မြန်မြန်လေး ကြိုးစားလိုက်စမ်းပါ..."
စေတနာအပြည့်ပါသော်လည်း နောက်ပြောင်နေသည့် တောင်းဆိုသံများက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ သဘောကျ ရယ်မောသံများကို ထွက်ပေါ်လာစေခဲ့၏။
ကျန်းဒဲဖူ၊ ကျန်းယိုဖူ၊ ကျန်းလိုင်ဖူ နှင့် ကျန်းမန်ချန် ဟူသော အဘိုးလေးယောက်မှာ မျိုးဆက်သစ်များ၏ တက်ကြွလှုပ်ရှားသော အော်ဟစ်သံများကို နားထောင်ရင်း သူတို့၏ မျက်နှာပေါ်တွင် ကြင်နာမှုနှင့် သိချင်စိတ်တို့ ရောနှောနေသော အပြုံးများ ပွင့်လန်းနေခဲ့သည်။ သူတို့က လူအုပ်ကြီးကို ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ကြသည်။
အဘိုးကျန်းလိုင်ဖူမှာလည်း လေထုထဲတွင် မျောပါသွားကာ ရယ်မောလိုက်ပြီး အသံလာရာဘက်သို့ လှမ်း၍ "ကောင်းပါပြီ... ကောင်းပါပြီ... နောက်မှ ငါတို့ သူ့ကို သေချာပြောလိုက်ပါ့မယ်ကွာ" ဟု ပြန်လည်ဖြေကြားလိုက်လေသည်။
ကိုယ့်အဘိုးအရင်း၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသော ကျန်းယဲ့မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး စိတ်ထဲမှ ကြိမ်းဝါးနေတော့သည်။
'ဒီကောင်တွေ...'
'လူစိတ်ကို မရှိကြဘူး..'
'ငါ့ရဲ့ ခရီးသွားအေဂျင်စီကို အမွေရဖို့အတွက် ငါ့ကို အသေအလဲ အလုပ်လုပ်ခိုင်းနေကြတာလား...'
မြင်ကွင်းတစ်ခုလုံးမှာ တက်ကြွရွှင်လန်းသော လေထုများဖြင့် ပြည့်နှက်နေချေသည်။
နောက်ခဏ၌ ကျန်းယဲ့နှင့် သူ၏အဖွဲ့က ကောစတာဘတ်စ်ကားပေါ်သို့ တက်ရောက်သွားကြပြီး လေဆိပ်မှ ချောမွေ့စွာ ထွက်ခွာလာခဲ့ကြသည်။
ခရီးသည်ခုံတွင် ထိုင်နေသော လင်ရှောင်က နောက်သို့ လှည့်ကာ "ဒါရိုက်တာကျန်း... ပြည်သူတွေရဲ့ အသံကို ကြားတယ်မလား။ သူတို့ရဲ့ မကျေနပ်ချက်တွေက တော်တော်လေး ကြီးမားနေတယ်နော်" ဟု နောက်ပြောင်လိုက်လေသည်။
ကျန်းယဲ့သည် ကားခေါင်မိုးကိုသာ တိတ်ဆိတ်စွာ မော့ကြည့်နေလိုက်ပြီး ယာယီ နားပင်းသွားဟန်ဆောင်ရန်သာ ရွေးချယ်လိုက်တော့သည်။
ကျန်းဒဲဖူနှင့် သူ၏ အဖော်သုံးဦးတို့က ယခုအခါ သူတို့၏ မြေးဖြစ်သူ ဘာလုပ်နေသည်ကို အတိအကျ သိရှိသွားကြပြီဖြစ်ပြီး တရုတ်နိုင်ငံသာမက ကမ္ဘာတစ်ဝှမ်းတွင်ပါ သူ ရယူထားသော ထူးခြားပြောင်မြောက်ကာ အရေးပါလှသည့် နေရာကိုလည်း နားလည်ထားကြလေသည်။
မျိုးဆက်သစ်များက ဤမျှ ကြီးမားသော အောင်မြင်မှုများကို ရရှိနေသည်ကို မြင်တွေ့လိုက်ရခြင်းက သဘာဝကျစွာပင် သူတို့၏ ရင်ထဲ၌ ဖော်ပြ၍မရနိုင်သော ဂုဏ်ယူမှု၊ ဝမ်းမြောက်မှုတို့ဖြင့် ပြည့်လျှံသွားစေ၏။
ခရီးစဉ်တွေ ပိုလုပ်ပေးဖို့ နှင့် မပျင်းဖို့ အပြင်ဘက်မှ နောက်ပြောင်နေမှုများနှင့် ပတ်သက်၍မူ ၎င်းက လူတိုင်း၏ စေတနာနှင့် မျှော်လင့်ချက်သာဖြစ်ပြီး ကျန်းယဲ့အပေါ် အမှန်တကယ် ဖိအားပေးမည်မဟုတ်ကြောင်း သူတို့အားလုံး နားလည်ထားကြသည်။
သို့သော်လည်း အဘိုးကျန်းလိုင်ဖူက ပြုံးကာ ကျန်းယဲ့အား ဆက်ပြောလိုက်သည်။ "ရှောင်ယဲ့... လူတိုင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ မင်း ပိုခေါ်သွားနိုင်ရင် ပိုခေါ်သွားပေးလိုက်ပါ။ အပြင်ကမ္ဘာကြီးက အရမ်းကျယ်ဝန်းပြီး ကောင်းတဲ့အရာတွေ အများကြီးရှိတယ်လို့ အဘိုး ကြားထားတယ်။ မင်းမှာ အခွင့်အရေးရှိရင် ငါတို့နိုင်ငံအတွက် ပိုပြီး သယ်လာခဲ့ပေးလိုက်ပေါ့...."
ပဉ္စမမြောက် အဘိုးဖြစ်သူက စကားပြောလာသောအခါ မြေးဖြစ်သူ ကျန်းယဲ့အနေဖြင့် သဘာဝကျစွာပင် ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ရ၏။ "ဟုတ်ကဲ့ပါ အဘိုးငါး... ကျွန်တော် နားလည်ပါပြီ..."
အပြင်ဘက်တွင် သြဇာညောင်းကာ နိုင်ငံအသီးသီးမှ အဆင့်မြင့် အရာရှိကြီးများကပင် အလွန်အမင်း ရိုသေလေးစားရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကျန်းယဲ့က သူ၏ အဘိုးရှေ့တွင် ဤမျှ လိမ္မာရေးခြားရှိနေသည်ကို ကြည့်ကာ လင်ရှောင်မှာ မနေနိုင်ဘဲ တိတ်တခိုး ရယ်မောလိုက်မိတော့သည်။
ထိုအချိန်တွင် အဘိုးကျန်းမန်ချန်က ပြတင်းပေါက်အပြင်ဘက်တွင် လျင်မြန်စွာ ဖြတ်သန်းသွားသော မြင်ကွင်းများကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ရှောင်ယဲ့... ငါတို့ ပင်လယ်မြို့တော်ကို လာတာက တိတိကျကျ ဘာလုပ်ဖို့လဲ"
ကျန်းယဲ့က လူတိုင်းကို စိတ်ဝင်စားမှု ဆွဲဆန့်ထားလိုက်သည်။ "အဘိုး... ခဏနေရင် သိရမှာပါ..."
ကောစတာဘတ်စ်ကားလေး ဆက်လက်ထွက်ခွာလာပြီး ခရီးဆုံးပန်းတိုင်သို့ ပို၍နီးကပ်လာသည်နှင့်အမျှ အတွေ့အကြုံရင့်ကျက်လှသော စစ်မှုထမ်းဟောင်းကြီး လေးဦးတို့က သူတို့၏ ထက်မြက်သော အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်မှ လေထုမှာ ပို၍ပို၍ ထူးခြားလာကြောင်းကို သတိပြုမိလိုက်ကြသည်။
အတူတကွ သွားလာနေသော ယာဉ်များကြားတွင် သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သာမန်မဟုတ်သော ယာဉ်များ ပို၍ပို၍ များပြားလာခဲ့သည်။ သူတို့က ပတ်ဝန်းကျင်ကို စောင့်ကြပ်ကာ မမြင်ရသော ရွေ့လျား ခံတပ်ကြီးတစ်ခုကို ဖန်တီးထားကြလေသည်။
ကောစတာကားလေးက ပင်လယ်မြို့တော်ရှိ လုံခြုံရေး တင်းကျပ်ထားသော ဆိပ်ကမ်းဧရိယာတစ်ခုသို့ နောက်ဆုံးတွင် ရောက်ရှိသွားသောအခါ သူတို့၏ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် နေရာအနှံ့ ရောက်ဖူးသည့် အဘိုးလေးယောက်မှာပင် အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြရသည်။
ဆိပ်ကမ်းတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ ကျယ်ဝန်းလှသော ဧရိယာတစ်ခုလုံးကို ယခုအခါ အပြည့်အဝ စစ်အုပ်ချုပ်ရေးပုံစံမျိုးဖြင့် လုံခြုံရေးတင်းကျပ်ထားချေပြီ။
မတူညီသော ယူနီဖောင်းများ ဝတ်ဆင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် အတန်းလိုက် ရပ်နေကြပြီး ခိုင်ခံ့လှသော လုံခြုံရေးကွင်းဆက်များကို ဖန်တီးထားကြသည်။
အဝေးမှ ရေပြင်ပေါ်တွင် ကင်းလှည့်သင်္ဘောများ ဖြတ်သန်းသွားလာနေသည်ကိုပင် မြင်တွေ့နေရ၏။
ကောင်းကင်ယံမှ ရဟတ်ယာဉ်များကို မမြင်ရသော်လည်း အနီးကပ် စောင့်ကြည့်ခံနေရသည်ဟူသော ခံစားချက်က အမြဲတစေ ရှိနေခဲ့သည်။
မြင်ကွင်းက အတော်လေး ခမ်းနားနေခဲ့ချေပြီ။
ဤသည်က နိုင်ငံတော်အဆင့် လုံခြုံရေးစံနှုန်းဖြစ်ပြီး သာမန် နိုင်ငံတော်အဆင့် လုံခြုံရေးစံနှုန်းထက်ပင် သာလွန်နေသေးသည်မဟုတ်ပါလော။
ဤမြင်ကွင်းမျိုးကို အဘိုးလေးယောက် တစ်ခါမှ မမြင်ဖူးခဲ့သည်ကို မဆိုထားနှင့် ခမ်းနားကြီးကျယ်သော အခမ်းအနားများစွာကို ကြုံတွေ့ခဲ့ဖူးသည့် ကျန်းယဲ့ပင် ပြတင်းပေါက်အပြင်ဘက်ရှိ သံမဏိတံတိုင်းကြီးအလား ဖွဲ့စည်းထားသော နေရာချထားမှုကို မြင်လိုက်ရသောအခါ လျှို့ဝှက်စွာ အံ့သြသွားခဲ့ရသည်။
ဦးဆောင်လာသော လုံခြုံရေးယာဉ်များ လုံးဝ ရပ်တန့်သွားပြီး တင်းကျပ်သော အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်နှင့် အထူးလိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသည့် တည်ကြည်ခန့်ညားလှသော အနက်ရောင် ဆီဒင်ကားအချို့က သတ်မှတ်ထားသော နေရာများသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာပြီး တိကျစွာ ရပ်နားလိုက်ကြသည်။
ကားတံခါးကို ခြံရံပါလာသော ဝန်ထမ်းများက လျင်မြန်ကျွမ်းကျင်စွာ ဖွင့်ပေးလိုက်၏။
နောက်ခဏ၌.....
( NT- ဒီနေရာမှာ မူရင်းဆရာက ရေးသားလို့မရတာကြောင့် ချန်လှပ်ထားပါတယ်..တစ်ချို့ဟာတွေက ဆင်ဆာမလွတ်တာကြောင့်ပါ)
ကျန်းဒဲဖူ ညီအစ်ကို လေးယောက် အပါအဝင် စစ်မှုထမ်းဟောင်းကြီးများက ဤရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။
တိုတောင်းသော်လည်း ရိုသေလေးစားမှု အပြည့်ပါသော နှုတ်ဆက်စကားများ အပြန်အလှန် ပြောကြားပြီးနောက် ဧည့်ခံရေးဝန်ထမ်းများက ထိုအဖွဲ့ကို မြင်ကွင်းအကောင်းဆုံးဖြစ်သည့် ကြည့်ရှုရေးစင်မြင့်ပေါ်ရှိ နေရာများဆီသို့ ရိုသေစွာ လမ်းညွှန်ခေါ်ဆောင်သွားလိုက်သည်။
သူတို့ ထိုင်ပြီးမကြာမီမှာပင် ဆိပ်ကမ်းဧရိယာတစ်ခုလုံး၌ နက်ရှိုင်းကာ စည်းချက်ကျလှသော စစ်ချီတေးသံကြီးတစ်ခု ပဲ့တင်ထပ်သွားချေသည်။
ထို့နောက် ကျယ်လောင်သော အမိန့်ပေးသံတစ်ခုနှင့်အတူ အခမ်းအနားကို တရားဝင် စတင်လိုက်သည်။
အတန်းလိုက် စီတန်းထားသော တပ်ဖွဲ့များက ရွေ့လျားနေသော သံမဏိတံတိုင်းကြီးတစ်ခုအလား အစွမ်းထက်ကာ အပြစ်အနာအဆာကင်းစွာ ညီညာနေသည့် ခြေလှမ်းများဖြင့် အဝေးမှ ချီတက်လာကြ၏။
သူတို့က မတူညီသော တပ်မတော်အကိုင်းအခက်များမှ ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး သူတို့၏ စစ်ရေးအသွင်အပြင်မှာ အပြစ်ကင်းစင်ကာ စိတ်ဓာတ်ခွန်အားများ မြင့်မားနေခဲ့သည်။ လှုပ်ရှားမှုတိုင်းက မီလီမီတာအထိ တိကျနေပြီး အနိုင်ယူမရနိုင်သော ခမ်းနားထည်ဝါသည့် အငွေ့အသက်များနှင့် ကြောက်မက်ဖွယ်ကောင်းကာ လွှမ်းမိုးမရနိုင်သော အာဏာစက်ကြီးကို ထုတ်လွှတ်နေချေသည်။
ဤခမ်းနားလှသော မြင်ကွင်းက ကျန်းဒဲဖူတို့ကဲ့သို့သော စစ်မှုထမ်းဟောင်းကြီးများ၏ နှလုံးသားများကို လှုပ်ခတ်သွားစေပြီး သွေးဆူဖွယ်ကောင်းလှသည့် ထိုနှစ်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရစေရုံသာမက သတင်းအချက်အလက်များကို ကောင်းစွာသိရှိထားသည့် ကျန်းယဲ့ကိုပင် နိုင်ငံတော်၏ အပြင်းထန်ဆုံးသော စွမ်းအားကို တိုက်ရိုက်ပြသလိုက်မှုကြောင့် နက်ရှိုင်းစွာ တုန်လှုပ်သွားစေလေသည်။
တပ်ဖွဲ့တစ်ခုချင်းစီက စစ်ဆေးရေးစင်မြင့် အရှေ့သို့ ချီတက်လာသည်နှင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော "အလေးပြု..." ဟူသော အမိန့်ပေးသံကြီး ထွက်ပေါ်လာခဲ့သည်။
လျင်မြန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ တပ်ဖွဲ့ဝင်အားလုံးက စင်မြင့်ပေါ်ရှိ စစ်မှုထမ်းဟောင်း သူရဲကောင်းကြီးများအား အမြင့်ဆုံးသော စစ်ရေးအလေးပြုမှုဖြင့် တစ်ပြိုင်နက်တည်း အလေးပြုလိုက်ကြသည်။
ကြီးမားလှသော စွမ်းအားများ ပြည့်နှက်နေသည့် ထိုလက်မြှောက်အလေးပြုမှုတွင် မျိုးဆက်သစ် စစ်သည်တော်များက သူတို့၏ ရှေ့ဆောင်လမ်းပြကြီးများအပေါ် ထားရှိသည့် အကန့်အသတ်မရှိသော လေးစားမှုများဖြင့် ပြည့်လျှံနေ၏။
မည်သူကမျှ သတိပေးစရာမလိုဘဲ ကြည့်ရှုရေးစင်မြင့်ပေါ်ရှိ ကျန်းဒဲဖူအပါအဝင် စစ်မှုထမ်းဟောင်းကြီးများသည်လည်ူ အလိုအလျောက်ပင် မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏ ကိုယ်ဟန်အနေအထားများမှာ ထင်းရှူးပင်ကြီးများအလား မတ်မတ်မတ်မတ် ရှိနေခဲ့သည်။
သူတို့ဟာ အနည်းငယ် တုန်ယင်နေသော သူတို့၏ လက်မောင်းများကို မြှောက်ကာ အရင်းနှီးဆုံးနှင့် အလေးနက်ဆုံးသော စစ်ရေးအလေးပြုမှုဖြင့် တည်ကြည်လေးနက်စွာ ပြန်လည်အလေးပြုလိုက်ကြသည်။
ဤအခိုက်အတန့်၌ အချိန်နှင့် ဟင်းလင်းပြင်သည် အေးခဲသွားသကဲ့သို့ပင်။
ခေတ်ဟောင်းနှင့် ခေတ်သစ်မျိုးဆက်နှစ်ခုမှ စစ်သည်တော်များ၏ စစ်ရေးအလေးပြုမှုများက လေထုထဲတွင် ပေါင်းစပ်သွားကြပြီး သူတို့၏ စိတ်ဝိညာဉ် အမွေအနှစ်နှင့် သူတို့၏ တာဝန်များ ဆက်လက်ရှင်သန်နေမှုကို တိတ်ဆိတ်စွာ ကြေညာနေခဲ့ချေသည်။
ပါဝင်သည့် တပ်ဖွဲ့များအားလုံး အလှည့်ကျ ဖြတ်သန်းသွားပြီးနောက် လမ်းညွှန်များက ရှေ့သို့ ထပ်မံထွက်လာကြပြီး လူတိုင်းကို ဆိပ်ကမ်းအနီးရှိ သီးသန့် ရဟတ်ယာဉ်ကွင်းတစ်ခုဆီသို့ ရိုသေစွာ ဦးဆောင်ခေါ်သွားလိုက်ကြသည်။
ကျယ်ဝန်းသော ရဟတ်ယာဉ်ကွင်းပေါ်တွင် အစိမ်းပုပ်ရောင် စစ်ဘက်သုံး ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာက ပန်ကာရွက်များကို လည်ပတ်နေကြပြီဖြစ်ပြီး အင်ဂျင်များမှ နက်ရှိုင်းသော ဟိန်းဟောက်သံကြီးများ ထွက်ပေါ်ကာ ပျံတက်ရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထို့နောက် ကြိုတင်စီစဉ်ထားသော အစီအစဉ်အရ လူဒါဇင်ပေါင်းများစွာက မတူညီသော ရဟတ်ယာဉ်များပေါ်သို့ စည်းကမ်းတကျ တက်ရောက်သွားလိုက်ကြသည်။
အခန်း ၅၀၄ပြီး၏။