← Chapters

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း (၅၀၇) နောက်ထပ် လူဆယ်ယောက် ခေါ်ယူခြင်း

​ဖန်ဖန်၏ ဗီဒီယိုများဆီသို့ ကူးပြောင်းကြည့်လိုက်သောအခါ လုံးဝ ကွဲပြားခြားနားပြီး အိပ်မက်ဆန်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

​၎င်းက အလွန်လှပသော ရေအောက်ကမ္ဘာကြီးတစ်ခု ဖြစ်ပြီး တောက်ပနေသော ဧရာမသန္တာကျောက်တန်းများက မြို့တော်ကြီး၏ အခြေခံတည်ဆောက်ပုံကို ဖန်တီးထားကာ ဖန်သားလို ကြည်လင်နေသော ပင်လယ်ခူများက မီးအိမ်များအလား လွင့်မျောနေပြီး လမ်းမများကြားတွင် ထူးဆန်းသော ရေနက်ငါးမျိုးစုံက ကူးခတ်သွားလာနေကြ၏။

​ထိုနေရာရှိ နေထိုင်သူများက လူသားခန္ဓာကိုယ်အထက်ပိုင်း ရှိသော်လည်း တောက်ပနေသော ငါးအမြီးများ ပါရှိကြပြီး ဒဏ္ဍာရီလာ ရေသူမများပင်။

​အခြားသူများမှာမူ ပါးဟက်များ၊ အကြေးခွံများ သို့မဟုတ် ရေဘဝဲလက်တံများကဲ့သို့ ထင်ရှားသော ငါး၏ လက္ခဏာများကို ထိန်းသိမ်းထားကြပြီး လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း ယဉ်ကျေးမှု၏ ရေနေသတ္တဝါဗားရှင်းနှင့် တူညီနေကြသည်။

​ကမ္ဘာကြီးတစ်ခုလုံးက လှပကာ နက်နဲဆန်းကြယ်သော ပုံစံရှိပြီး တကယ်မရှိနိုင်သည့် အိပ်မက်ဆန်ဆန် အရည်အသွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

​"ကျစ်... ကျစ်... ဒီကမ္ဘာက... တကယ်ကို စိတ်ဝင်စားစရာပဲ...." ကျန်းယဲ့မှာ မနေနိုင်ဘဲ ချီးကျူးရေရွတ်လိုက်မိသည်။

​ဤသည်က စူးစမ်းလေ့လာရန်အတွက် အဆုံးအစမဲ့သော ဖြစ်နိုင်ခြေများ ပြည့်နှက်နေသည့် အခြားသော ကမ္ဘာတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ အလွန်ကို ဆန်းသစ်ကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဗီဒီယိုကို ကြည့်ရှုရင်း ဤကွဲပြားခြားနားသော ကမ္ဘာကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုလိုစိတ်များ ပေါ်ပေါက်လာခဲ့၏။

​ကျန်းယဲ့က ဗီဒီယိုကို ခေတ္တရပ်လိုက်ပြီး သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်လေသည်။ "ဒီတစ်ခေါက် ခရီးစဉ်ကို ဦးဆောင်ရတာ အကုန်လုံး ချောမွေ့ရဲ့လား။ ခက်ခဲတဲ့ ပြဿနာတွေများ ကြုံခဲ့ရသေးလား..."

​ချန်ချင်းက ပြုံးလိုက်ပြီး ပေါ့ပါးသော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်တော်တို့ ပြဿနာတချို့တော့ ကြုံခဲ့ရတယ်။ ဟန်မင်းဆက်ရဲ့ နယ်စပ်မှာ လှည့်လည်သွားလာနေတဲ့ ရှုံးနူမြင်းစီးတပ်ဖွဲ့ငယ်လေးတစ်ခုနဲ့ ဆုံမိပြီး ပဋိပက္ခ အသေးစားလေး ဖြစ်ခဲ့တယ်..."

​"ဒါပေမဲ့ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သီသီလေး လွတ်သွားတာမျိုးဆိုတော့ အဖွဲ့ဝင်တွေ အားလုံးက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ခံစားခဲ့ရတယ်။ သူတို့က အစစ်အမှန် ဟန်နဲ့ ရှုံးနူ ပဋိပက္ခကို ကိုယ်တွေ့ ခံစားခဲ့ရတာလေ..."

​ဖန်ဖန်က ဂုဏ်ယူဝံ့ကြွားနေသည့် အမူအရာဖြင့် သူမ၏ လက်ကို ဝှေ့ယမ်းကာ ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။ "ကျွန်မဘက်က အခြေအနေကတော့ မယုံနိုင်လောက်အောင်ကို ချောမွေ့နေခဲ့တာ... ကျွန်မတို့ ရောက်သွားတဲ့အချိန်က ကွက်တိဖြစ်နေလို့များလား မသိဘူး... အတ္တလန္တိတ်တွေရဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဇ်ပူဇော်ပွဲ အခမ်းအနားကြီးနဲ့ သွားတိုက်ဆိုင်နေခဲ့တယ်... "

​"ကျွန်မတို့ရဲ့ အချိန်ခရီးသွားဘတ်စ်ကားက သူတို့ရဲ့ အထွတ်အမြတ်ဆုံး ဗဟိုယဇ်ပလ္လင်ပေါ်ကို တိုက်ရိုက် ဆင်းသက်သွားခဲ့တာလေ"

​"ဘုရားရေ... အဲဒီ ခရုခွံချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားပြီး လူကိုယ်လုံးနဲ့ ငါးအမြီးပါတဲ့ အတ္တလန္တိတ်တွေက ကောင်းကင်ကနေ ကျလာတဲ့ ကျွန်မတို့ရဲ့ သံသေတ္တာကြီးနဲ့ ကျွန်မတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတာနဲ့ ချက်ချင်းကို ဒူးထောက်ချလိုက်ကြတာပဲ။ သူတို့က ကျွန်မတို့ကို ဒဏ္ဍာရီထဲက နတ်ဘုရားတွေ ဆင်းသက်လာတယ်လို့ ထင်သွားကြတာလေ.."

​ထိုသို့ပြောရင်း သူမက မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ "အထူးသဖြင့် ကျွန်မတို့လို ကုန်းနေလူသားတွေရဲ့ အသွင်အပြင်က သူတို့ရဲ့ နံရံဆေးရေးပန်းချီတွေမှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်း ကောင်းကင်နတ်ဘုရားတွေနဲ့ အရမ်းတူနေပုံရတယ်... အဲဒါကြောင့် ကျွန်မတို့ရဲ့ နတ်ဘုရားအဆင့်ဆိုတာကို ပိုပြီး အတည်ပြုပေးလိုက်သလို ဖြစ်သွားတာ"

​"ကျွန်မတို့ အဲဒီမှာ နေခဲ့တဲ့အချိန်တစ်လျှောက်လုံး အထူးဧည့်သည်တော် VIP တွေထက်ကို ပိုပြီး အဆက်အဆံခံခဲ့ရတယ်။ ကျွန်မတို့က သလင်းကျောက် နန်းတော်ကြီးထဲမှာ နေခဲ့ရပြီး ရှားပါးတဲ့ ပင်လယ်စာ ဟင်းလျာတွေကို စားသုံးခဲ့ရတဲ့အပြင် လှပတဲ့ ရေသူမလေးတွေက ကျွန်မတို့အတွက် သီချင်းဆို ကပြဖျော်ဖြေပေးခဲ့ကြသေးတာ..."

​"ယေဘုယျပြောရရင်တော့ အဖွဲ့ဝင်အားလုံးက အရမ်းကို ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဆင့်မြင့်ဆုံး VIP အတွေ့အကြုံကြီးတစ်ခုလိုပဲ..."

​ဖန်ဖန်က စကားပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမ၏ စနစ်ကျောပိုးအိတ်ထဲမှ ခရုခွံပုံစံများ ပါရှိသည့် ရှေးဟောင်းသေတ္တာလေးနှစ်လုံးကို စိတ်အားထက်သန်စွာ ထုတ်ယူလိုက်ပြီး ကျန်းယဲ့နှင့် ချန်ချင်းတို့ထံသို့ အသီးသီး ကမ်းပေးလိုက်သည်။

​"ရော့... သူဌေး... အစ်ကိုချန်... ဒါက ရှင်တို့အတွက် လက်ဆောင်တွေ။ အဲဒီကမ္ဘာက ဒေသထွက်ကုန်လေးတွေမို့ ကျွန်မရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ သေးငယ်တဲ့ လက်ဆောင်လေးတစ်ခုပါပဲ..."

​ကျန်းယဲ့က သိချင်စိတ်ဖြင့် လှမ်းယူလိုက်ပြီး သေတ္တာကို ထိကိုင်လိုက်သည်နှင့် နွေးထွေးပြီး အေးမြသော ခံစားချက်လေးတစ်ခုကို ရရှိလိုက်သည်။

​သူက သေတ္တာကို ညင်သာစွာ ဖွင့်လိုက်သည်နှင့် ချက်ချင်းပင် နူးညံ့သော်လည်း မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်တစ်ခုက သူ၏ မျက်ဝန်းများဆီသို့ ဖြာကျလာ၏။

​သေတ္တာအတွင်းတွင် အပြာရင့်ရောင်ကတ္တီပါစကို ခင်းထားပြီး ၎င်းအပေါ်တွင် ကြက်ဥအရွယ်အစားခန့်ရှိသော ဝိုင်းစက်ကာ ဖောင်းမို့နေသည့် ပုလဲလုံးများကို သပ်ရပ်စွာ စီစဉ်ထားလေသည်။

​ပို၍ မှတ်သားဖွယ်ကောင်းသည်မှာ ဤပုလဲများက ရိုးရှင်းသော အဖြူရောင်မဟုတ်ဘဲ အိပ်မက်ဆန်သော သက်တံ့ရောင်များကို ထုတ်လွှတ်နေခြင်းပင်။

​ဖျော့တော့သော ရွှေရောင်၊ ပန်းရောင်နုနု၊ အပြာရင့်ရောင်၊ နက်နဲဆန်းကြယ်သော ခရမ်းရောင်... တောက်ပနေပြီး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေခဲ့ချေသည်။

​"ဝိုး... " ကျန်းယဲ့ပင် မနေနိုင်ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

​ဖန်ဖန်က ဂုဏ်ယူစွာဖြင့် မေးစေ့ကို မော့လိုက်၏။ "ဒါတွေက သဘာဝအတိုင်းဖြစ်တည်နေတဲ့ အရမ်းစစ်မှန်တဲ့ ရေနက်ပိုင်း သက်တံ့ရောင်ပုလဲတွေလေ... လူလုပ်ထားတာ ဒါမှမဟုတ် အတုတွေ မဟုတ်ဘူးနော်..."

​ချန်ချင်းကလည်း သူ၏ သေတ္တာကို ဖွင့်လိုက်ပြီး အတွင်းဘက်ရှိ တန်းတူအဖိုးတန်လှသော သက်တံ့ရောင်ပုလဲများကို မြင်လိုက်ရသောအခါ မှင်တက်သွားရသည်။ သူက "ဘုရားရေ.. ဖန်ဖန်... အပြင်မှာသာ ဒါတွေကို ရောင်းမယ်ဆိုရင် တစ်လုံးကို အနည်းဆုံး သိန်းရာချီ တန်လောက်တယ် မဟုတ်လား" ဟု အာမေဍိတ်သံ ပြုလိုက်သည်။

​ထိုစကားကို ကြားသောအခါ ဖန်ဖန်က ခေါင်းခါလိုက်ပြီး သူမ၏ လက်ညှိုးကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "အစ်ကိုချန်... အဲဒါက အတွေးသိမ်လွန်းပါတယ်။ သိန်းရာဂဏန်းလောက်ပဲ မဟုတ်ဘူး... သန်းချီပြီးတော့ကို တန်တာ... အဲဒီလောက် ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်း ဝယ်လို့ရမှာ မဟုတ်ဘူး..."

​ချန်ချင်း၏ ပြူးကျယ်နေသော မျက်လုံးများကို ကြည့်ကာ သူမက ပြုံးပြီး ရှင်းပြလိုက်သည်။ "ပုလဲတွေ အဓိကထွက်တဲ့ အတ္တလန္တိတ်ကမ္ဘာမှာတောင် ဒီလို အရည်အသွေးနဲ့ အရွယ်အစားရှိတဲ့ သက်တံ့ရောင်ပုလဲဆိုတာ အရမ်းကို ရှားပါးပြီး အဖိုးတန်လှတဲ့ ရတနာတစ်ခုပဲ..."

​"သူတို့က ကျွန်မအတွက် ဒီလက်ဆောင်တွေကို ပြင်ဆင်ပေးဖို့ နှစ်ထောင်ချီပြီး စုဆောင်းထားတဲ့ သူတို့ရဲ့ စုဆောင်းငွေတွေကို အကုန်နီးပါး သုံးလိုက်ကြတာလေ..."

​"အခြားသူတွေက ဒီလိုအဆက်အဆံမျိုး မရနိုင်ဘူး..."

​"ဒါကြောင့် ဒီအရာရဲ့ စစ်မှန်တဲ့တန်ဖိုးက သူ့ရဲ့ တုနှိုင်းမဲ့ ရှားပါးမှုမှာပဲ ရှိတယ်..."

​"ကျေးဇူးပဲ ဖန်ဖန်..." ကျန်းယဲ့က အဖုံးကို ပိတ်လိုက်ပြီး သူမကို ရိုးသားစွာ ကျေးဇူးတင်လိုက်လေသည်။

​"ကျေးဇူးတင်ပါတယ် အစ်မဖန်..." ချန်ချင်းကလည်း လျင်မြန်စွာ လိုက်ပြောလိုက်ပြီး သေတ္တာလေးကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။

​ဤမျှ ရက်ရောသော လက်ဆောင်ကို ရရှိပြီးနောက် ချန်ချင်းမှာ ဘာမှမပေးဘဲ နေရမည်ကို အားနာသွားရသည်။

​ထို့နောက် သူက ရယ်မောလိုက်ပြီး သူ၏ စနစ်ကျောပိုးအိတ်ထဲမှ ပိုးသားအနုစဖြင့် ထုပ်ပိုးထားသော သွယ်လျသည့် စာလိပ်နှစ်ခုကို ထုတ်ယူလိုက်သည်။

​"အပြန်အလှန် ပေးကမ်းတာကမှ ယဉ်ကျေးရာကျမှာပေါ့။ ခင်ဗျားတို့ နှစ်ယောက်လုံး ရထားလုံးနဲ့ မြင်းတပ် စစ်သူကြီး ဟော့ချွီပင်းကို သဘောကျမှန်း ကျွန်တော် သိပါတယ်.. ဒါကြောင့်..." သူက စာလိပ်များကို ကျန်းယဲ့နှင့် ဖန်ဖန်တို့ထံသို့ ဂုဏ်ယူဝံ့ကြွားမှု အနည်းငယ်ဖြင့် ကမ်းပေးလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်အတွက် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ မိတ္တူတစ်စောင်စီ ရဖို့အတွက် စစ်သူကြီးဟော့ကို ကျွန်တော် တကူးတကကို သွားပူဆာထားရတာ.."

​"ဘာ.. ရထားလုံးနဲ့ မြင်းတပ် စစ်သူကြီး ဟော့ချွီပင်းရဲ့ လက်မှတ်တဲ့လား.."

​ထိုစကားကို ကြားသောအခါ ဖန်ဖန်မှာ အော်ဟစ်လုမတတ် ဖြစ်သွားပြီး ထိုင်ခုံမှ ခုန်ထလိုက်ကာ ထိခိုက်လွယ်သည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို ကိုင်တွယ်သည့်အလား နူးညံ့သိမ်မွေ့မှုဖြင့် စာလိပ်ကို ဆွဲယူလိုက်သည်။

​သူမက စာရွက်ကို သတိတကြီး အနည်းငယ် ဖွင့်ကြည့်လိုက်ရာ လူငယ်တစ်ယောက်ရဲ့ ပြင်းထန်လှသော စိတ်ဓာတ်ခွန်အားများ၊ စွမ်းအားများ ပြည့်နှက်နေသည့် မင်သားကို မြင်လိုက်ရပြီး အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် ခြေဆောင့်ကာ ကျယ်လောင်စွာ အော်ဟစ်အောင်ပွဲခံလိုက်တော့သည်။

​"အားးး.. ရထားလုံးနဲ့ မြင်းတပ်စစ်သူကြီး ဟော့ချွီပင်း ကိုယ်တိုင် လက်မှတ်ထိုးထားတာပဲ... အစ်ကိုချန်... ရှင် အရမ်းသဘောကောင်းတာပဲ။ ဒီလက်ဆောင်ကို အရမ်းသဘောကျသွားပြီ... အားး"

​သူမ၏ ဝမ်းသာလုံးဆို့နေသော အမူအရာကို ကြည့်ကာ ကျန်းယဲ့နှင့် ချန်ချင်းတို့မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိကြ၏။

​အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ဖန်ဖန် အပြင်သို့ ထွက်သွားရပြီးနောက် စည်ကားနေသော ခရီးသွားအေဂျင်စီ၏ မြေညီထပ်မှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ကျန်းယဲ့နှင့် ချန်ချင်းတို့ နှစ်ဦးသာ ကျန်ရစ်ခဲ့လေသည်။

​ချန်ချင်း၏ အပြုံးများက အနည်းငယ် မှေးမှိန်သွားပြီး ကျန်းယဲ့ကို တည်ကြည်လေးနက်မှု အနည်းငယ်ဖြင့် ပြောလိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားပေးထားတဲ့ အမည်မဲ့ကျင့်စဉ်ကို ကျွန်တော် အတော်ကြာကြာ ကြိုးစားကြည့်ပြီးပါပြီ.... ဒါပေမဲ့ ဝိညာဉ်ချီလို့ ခေါ်တဲ့အရာကို ခုထိ မခံစားနိုင်သေးဘူး။ ကျွန်တော်က ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ရေစက် မရှိဘူးထင်ပါတယ်..."

​ကျန်းယဲ့မှာ အံ့အားသင့်သွားခြင်း မရှိချေ။ သူက ချန်ချင်း၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ "အတင်းအကျပ် မလုပ်နဲ့။ ကျင့်ကြံခြင်းဆိုတာ ရေစက်ပါရမီနဲ့ စိတ်နေသဘောထားအပေါ်မှာ မူတည်တာပါ..."

​"အနာဂတ်မှာ အခွင့်အရေးရရင် ခင်ဗျားကို ရွှမ်ဝူတိုက်ကြီးဆိုတဲ့ ကမ္ဘာတစ်ခုဆီ ခေါ်သွားပြီး အဲဒီက ဝိညာဉ်စမ်းသပ်ကျောက်တုံးနဲ့ ဝိညာဉ်အမြစ်ရဲ့ ဂုဏ်သတ္တိကို စမ်းသပ်ကြည့်ကြတာပေါ့..."

​"ခင်ဗျားမှာ ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ ဝိညာဉ်အမြစ်မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ... စိတ်ပျက်စရာ မလိုပါဘူး"

​ချန်ချင်းသည် ဤအချက်ကို သံသယရှိထားပြီး ဖြစ်သော်လည်း အတော်လေး ဂရုမစိုက်သည့်ဟန်ဖြင့် ရယ်မောကာ ပြောလိုက်၏။ "ကျွန်တော် နားလည်ပါတယ် ဒါရိုက်တာကျန်း။ ခင်ဗျားနဲ့အတူ ဒီလောက်များပြားတဲ့ မတူညီတဲ့ ကမ္ဘာတွေကို မြင်တွေ့ခွင့်ရတာကတင် ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ဖြစ်နေပါပြီ။ ကျင့်ကြံလို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကံတရားကိုပဲ လွှဲထားလိုက်တော့မယ်..."

​ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "ဒီအဖွဲ့ကို ဦးဆောင်ရတာ ခင်ဗျား ပင်ပန်းသွားပြီ။ ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူလိုက်ပါ။ အလုပ်အသစ်တွေ ရှိလာရင် ခင်ဗျားကို အကြောင်းကြားလိုက်ပါ့မယ်..."

​"ကောင်းပါပြီ ဒါရိုက်တာကျန်း... ကျွန်တော် သွားလိုက်ပါဦးမယ်" ချန်ချင်းက ပြန်ဖြေလိုက်ပြီး ခရီးသွားအေဂျင်စီမှ ထွက်ခွာရန် လှည့်ထွက်သွားလိုက်သည်။

​ချန်ချင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်တစ်ခုကို ကြားလိုက်ရလေသည်။

​【ဒင်.. လက်ခံသူနှင့် ရီယဲ့ ခရီးသွားအေဂျင်စီအဖွဲ့သည် မကြာသေးမီက အလုံးစုံ ခရီးစဉ် အဆင့်သတ်မှတ်ချက်ကို S+ အထိ ရရှိခဲ့ပြီး တည်ငြိမ်သော အဖွဲ့အစည်း ဖွဲ့စည်းပုံနှင့် ထူးချွန်သော လုပ်ငန်းစွမ်းရည်များကို ပြသနိုင်ခဲ့သဖြင့် စနစ်၏ ကမ္ဘာလုံးဆိုင်ရာခရီးသွားအေဂျင်စီ ဌာနခွဲဖွဲ့စည်းပုံ တိုးချဲ့ရေး စံနှုန်းများနှင့် ကိုက်ညီမှု ရှိသွားပါပြီ။】

​【အဖွဲ့ တိုးချဲ့ရေး တာဝန်ကို ယခု ထုတ်ပြန်လိုက်ပါပြီ - ပါရမီရှင်များ ခေါ်ယူခြင်း】

​【တာဝန် - ၁၅ ရက်အတွင်း ခရီးသွားလမ်းညွှန်အဖွဲ့ကို အင်အားဖြည့်တင်းရန်အတွက် စနစ်၏ စံနှုန်းများနှင့် ကိုက်ညီသော ဝန်ထမ်းသစ် ၁၀ဦးကို အောင်မြင်စွာ ခေါ်ယူပြီး စာချုပ်ချုပ်ဆိုပါ။】

​【တာဝန် ဆုကြေး - မသိရသေးပါ (ခေါ်ယူထားသော ဝန်ထမ်းများ၏ အရည်အသွေးနှင့် နောက်ဆက်တွဲ အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ အကဲဖြတ်ပါမည်)】

​【ကျရှုံးခြင်း ပြစ်ဒဏ် - အဖွဲ့၏ အဆင့်သည် A သို့ ကျဆင်းသွားမည်ဖြစ်ပြီး အချို့သော အဆင့်မြင့် ကမ္ဘာများသို့ ခရီးသွားလာခွင့်များကို သုံးလကြာ ဆိုင်းငံ့ထားမည် ဖြစ်သည်။】

​【လက်ခံသူအနေဖြင့် တိုးပွားလာသော မျက်နှာစာပေါင်းစုံ ခရီးသွားလာမှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် တက်ကြွစွာ ပြင်ဆင်ပြီး အဖွဲ့တိုးချဲ့မှုကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါသည်။】

အခန်း ၅၀၇ပြီး၏။

All Chapters