အခန်း ၁၆၁
Vol. 17 Ch. 161
🍅 Chapter 161
ထိုစကားကို ကြားလိုက်ရသည်နှင့် အနီးနားရှိ လူနှစ်ဦး၏ရင်ထဲတွင် လေးလံသွားတော့သည်။
“သခင်မကြီး၊ ဒီမိန်းကလေးက ကျွန်မတို့ရဲ့ သခင်မလေး မဟုတ်ဘူးလို့ ပြောချင်တာလား”
သခင်မကြီးကျန်းကမူ ပန်းချီကားကို ကြည့်ကာ ခေါင်းကို တရစပ်ခါယမ်းလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူက ရော့ယွင်ပဲ၊ သူက ငါ့ရဲ့ ရော့ယွင်ပဲ၊ အမှားအယွင်းမရှိနိုင်ဘူး”
ဝူယွီလန်မှာလည်း အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
သူမ၏ တတိယချွေးမသာ သခင်မကြီးကျန်း၏ သမီးမဟုတ်လျှင် ဤမျှလောက် ရုပ်ချင်းဆင်တူနေပြီး ပျောက်ဆုံးသွားသည့်အချိန်ကပါ လုံးဝနီးပါး တူညီနေမည်မဟုတ်ပေ။
သို့သော် သမီးအရင်းသာဆိုလျှင် မွေးရာပါအမှတ်ကို မမြင်ရခြင်းက အနည်းငယ် ထူးဆန်းနေသည်။
“သခင်မကြီး၊ မစိုးရိမ်ပါနဲ့၊ ရှို့ယွင်ရဲ့ လက်မောင်းမှာ မွေးရာပါအမှတ် ရှိ၊ မရှိ ကျွန်မ သေချာမသိလို့ပါ၊ ကျွန်မ ပြန်သွားပြီး မေးကြည့်လိုက်ပါ့မယ်”
သခင်မကြီးကျန်း ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သမားတော်ဝူ”
ဝူယွီလန် ခေါင်းခါပြလိုက်သည်။
“ဒီကလေးက လိမ္မာပြီး စကားနားထောင်ပါတယ်၊ သူသာ သူ့မိသားစုကို ပြန်ရှာတွေ့နိုင်မယ်ဆိုရင် ကျွန်မလည်း သဘာဝကျကျ ဝမ်းသာပေးရမှာပေါ့”
“သခင်မကြီး အားမယ်ဆိုရင် ဒီည ကျွန်မတို့အိမ်မှာ ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်လောက် စားသွားပါလား”
သခင်မကြီးကျန်းမှာ ဆက်နေရန်အကြောင်းပြချက် ရှာမတွေ့သဖြင့် စိုးရိမ်နေချိန်ဖြစ်ရာ ထိုစကားကို ကြားသောအခါ သဘာဝကျစွာပင် ဝမ်းသာအားရ သဘောတူလိုက်သည်။
“ဒါဆိုရင်လည်း မျက်နှာပြောင်တိုက်ပြီး နေခဲ့ပါ့မယ်”
ဝူယွီလန် သခင်မကြီးကျန်း ယခုအချိန်တွင် အလွန်အမင်း စိုးရိမ်နေမည်ကို သိရှိသဖြင့် ဆက်လက်အချိန်ဆွဲမနေတော့ဘဲ သူမ၏လူများကိုခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်သို့ ပြန်ရောက်ရောက်ချင်း ဘာမှပင်မမေးရသေးမီမှာပင် သူမ လီရှို့ယွင်၏အခန်းတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရ၏။
“အမေ၊ ဒီသခင်မကြီး ကျွန်မကိုကြည့်နေတဲ့ အကြည့်တွေက နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား”
“ပြီးတော့ သူက... ကျွန်မနဲ့ နည်းနည်းဆင်တူနေသလို ခံစားရတယ်”
“အမေ၊ ကျွန်မနဲ့ သူက...”
“ငါ အထင်မမှားဘူးဆိုရင် နင်က သူတို့ရဲ့ ပျောက်ဆုံးနေတဲ့သမီးဖြစ်နိုင်တယ်”
ဝူယွီလန်၏စကားကို ကြားလိုက်ရသောအခါ လီရှို့ယွင်မှာ နေရာတွင်ပင် မှင်တက်သွားပြီး တစ်ခဏမျှ မည်သို့တုံ့ပြန်ရမည်ကို မသိအောင် ဖြစ်သွားတော့သည်။
“အမေ၊ တကယ်ပြောနေတာလား”
“ဟုတ်တယ်၊ သူက နင့်ရဲ့ဇာတ်ကြောင်းကို လာမေးတာ၊ ပန်းချီကားတစ်ချပ်တောင် ပါသေးတယ်၊ ကြည့်ကြည့်ပါဦး”
ဝူယွီလန် ပြောရင်း သူမ ယူလာသော ပန်းချီကားလိပ်ကို ဖွင့်ပြလိုက်သည်။
ပန်းချီကားထဲရှိ လူကို မြင်လိုက်ရသောအခါ လီရှို့ယွင်၏မျက်လုံးများ ချက်ချင်းနီရဲသွားတော့သည်။
‘အဲ့တာ ငါပဲ၊ အမှားအယွင်း မရှိနိုင်ဘူး'
ပန်းချီကားထဲက လူမှာ တကယ်ကြီး သူမ ဖြစ်နေလေ၏။
“သူက တကယ်ပဲ ကျွန်မရဲ့အမေလား”
“ဘာမှမလွဲချော်ဘူးဆိုရင်တော့ သူက နင့်အမေ ဖြစ်သင့်တာပဲ”
“ဒါပေမဲ့ သခင်မကြီးကျန်းက သူ့သမီးရဲ့လက်မောင်းမှာ လခြမ်းပုံစံ မွေးရာပါအမှတ်ရှိတယ်လို့ ပြောတယ်၊ အမေ့ မှတ်ဉာဏ်ထဲမှာတော့ နင့်ဆီမှာ အဲဒါမျိုးမရှိပါဘူး”
ဤလောကကြီးတွင် ထိုမျှလောက်တိုက်ဆိုင်မှုမျိုး သိပ်မရှိနိုင်ပေ။ လီရှို့ယွင်က ပန်းချီကားနှင့် ရုပ်ချင်းဆင်တူရုံသက်သက်ဖြစ်မည်ဟု ဝူယွီလန် မထင်ပေ။
သူမ၏မွေးရာပါအမှတ်နှင့် ပတ်သက်၍ ဖုံးကွယ်ထားသောအကြောင်းရင်းတစ်ခုခု ရှိရပေမည်။
ထိုစကားကို ကြားသောအခါ လီရှို့ယွင် ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။ သူမက ဘယ်ဘက်လက်မောင်းမှ အင်္ကျီလက်အား ပင့်တင်လိုက်ရာ ချောမွတ်နေသောလက်မောင်းကို မြင်တွေ့လိုက်ရသည်။
“အမေ၊ တကယ်တော့ ကျွန်မမှာ မွေးရာပါအမှတ်အမြဲတမ်းရှိပါတယ်၊ ဒါပေမဲ့ ကျွန်မ ဖုံးကွယ်ထားခဲ့တာပါ”
လီရှို့ယွင် စကားပြောရင်း ပဝါတစ်ထည်ကိုထုတ်ကာ သူမ လက်မောင်းကို သုတ်လိုက်လေ၏။
မူလက ချောမွတ်နေသော အသားအရေပေါ်တွင် နီညိုရောင် မွေးရာပါအမှတ်တစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့ပြီး ၎င်းမှာ လခြမ်းပုံစံတိတိပင် ဖြစ်လေသည်။
ထိုအရာကို မြင်သောအခါ ဝူယွီလန် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
လီရှို့ယွင်၏နောက်ခံက ထူးခြားသဖြင့် သူမက ပိုသတိထားခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။
သူမ၏လက်မောင်းကို သန့်ရှင်းအောင် သုတ်ပြီးနောက် လီရှို့ယွင် ရှင်းပြလိုက်သည်။
“အမေ၊ တောင်းပန်ပါတယ်၊ ကျစ်ခန်းနဲ့ ကျွန်မက ဒီကိစ္စကို အမေ့ဆီကနေ ဖုံးကွယ်ထားခဲ့တာပါ၊ ကျစ်ခန်း ကျွန်မကို စတွေ့တုန်းက ကျွန်မ လူတွေရဲ့ လိုက်လံတိုက်ခိုက်တာကို ခံရပြီး ချောက်ထဲကို မတော်တဆ ပြုတ်ကျသွားတာပါ၊
အဲဒီလိုနဲ့ ကျစ်ခန်းက ကျွန်မအသက်ကို ကယ်ဖို့ အခွင့်အရေးရသွားခဲ့တာ”
“ကျွန်မ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပေမဲ့ ကျွန်မရဲ့နောက်ခံက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာကိုတော့ သိနေခဲ့တယ်၊ ရန်သူတွေက လက်စားချေပြီး လာသတ်မှာကို စိုးရိမ်လို့ ကျစ်ခန်းက ကျွန်မလက်မောင်းက မွေးရာပါအမှတ်ကို ဖုံးကွယ်ဖို့ ဒီဆေးကိုရှာပေးခဲ့တာပါ”
ဝူယွီလန် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့ သခင်မကြီးကျန်းက တကယ်ပဲ နင့်အမေဖြစ်မှာပါ”
လီရှို့ယွင် သခင်မကြီးကျန်းအကြောင်း ပြောလိုက်သောအခါ သူမ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာတော့သည်။
အရင်က သူမသည်လည်း သူမ၏ မိသားစုနှင့် ဇာစ်မြစ်ကို ရှာတွေ့ရန် တမ်းတခဲ့ဖူးသော်လည်း မိသားစုက တကယ်တမ်း ပေါ်လာသောအခါ သူမက တစ်ခဏမျှ မည်သို့ ရင်ဆိုင်ရမည်ကိုမသိအောင် ဖြစ်နေတော့သည်။
ဝူယွီလန် သူမ၏အနေခက်မှုကို မြင်သောအခါ နူးညံ့စွာပြောလိုက်သည်။
“ဆွေမျိုးစပ်ဖို့ အလောတကြီးမလုပ်ပါနဲ့၊ အမေ သူ့ကို ညစာစားဖို့ဖိတ်ထားတယ်၊ နင်တို့ နှစ်ယောက် အရင်ဆုံး တစ်ယောက်အကြောင်းတစ်ယောက် နည်းနည်းပါးပါး လေ့လာကြည့်ကြတာပေါ့”
“နောက်မှ အမေလည်း ဒီသခင်မကြီးကျန်းကို ဒီနှစ်တွေတစ်လျှောက်လုံး နင့်ကို အသည်းအသန်ရှာဖွေခဲ့သလား၊ နင့်လိုသမီးကို ရင်ထဲမှာ ထားခဲ့သလားဆိုတာကို မေးကြည့်လိုက်ဦးမယ်”
“သူက နင့်ကို မစဉ်းစားခဲ့ဘူးဆိုရင်တော့ ဒီပတ်သက်မှုကို အသိအမှတ်မပြုတာ ပိုကောင်းပါတယ်”
လီရှို့ယွင် ဝူယွီလန်၏လက်မောင်းကို ဖက်တွယ်ကာ ချစ်ခင်စွာ မှီခိုလိုက်သည်။
“အမေ၊ ကျေးဇူးတင်ပါတယ်”
ဝူယွီလန် သူမ၏လက်ကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
“မကြောက်နဲ့ မထိတ်လန့်နဲ့ ဒီနေရာက အမြဲတမ်း နင့်အိမ်ပါပဲ”
ယောက္ခမနှင့် ချွေးမတို့မှာ အတန်ကြာစကားပြောပြီးနောက်မှ တံခါးဖွင့်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။
သခင်မကြီးကျန်းက သူတို့နှစ်ဦး ထွက်လာသည်ကို မြင်သောအခါ ဘေးဘက်တွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီး ရှေ့သို့မတိုးရဲပေ။
“သမားတော်ဝူ”
“သခင်မကြီး၊ အထဲဝင်ပြီး ခဏလောက်စကားပြောကြမလား”
သခင်မကြီးက ဝူယွီလန်၏အနောက်တွင် ရပ်နေသော လီရှို့ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ”
ဝူယွီလန် သူတို့ကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး တဲ့တိုးပင် မေးမြန်းလိုက်သည်။
“သခင်မကြီး၊ ကျွန်မ အထင်မမှားဘူးဆိုရင် သခင်မကြီးက လက်ရှိ အမတ်ကြီးရဲ့ဇနီး ကျန်းချင်းဟန်များလား”
သခင်မကြီးက လီရှို့ယွင်ကို အလိုအလျောက်ကြည့်လိုက်မိရာ သူမ မျက်နှာပေါ်တွင် အနည်းငယ်အံ့ဩမှုသာရှိပြီး မည်သည့် ငြင်းဆန်မှုမျှ မရှိသည်ကို မြင်သောအခါ ခေါင်းညိတ်ပြလိုက်သည်။
“သမားတော်ဝူက ဒါကို ခန့်မှန်းနိုင်လောက်တဲ့အထိကို တကယ် ဉာဏ်ကောင်းတာပဲ”
သူမ၏နောက်ခံကို သိရှိသွားသော်လည်း ကျန်းချင်းဟန်မှာ အဆင့်မြင့်အရာရှိကတော်တစ်ဦးတွင် ရှိသင့်သော မောက်မာမှုမျိုးလုံးဝမရှိပေ။