အခန်း ၁၆၄
Vol. 17 Ch. 164
🍅 Chapter 164
မိန်းကလေးများ တကယ်ပဲ ကျောင်းတက်နေကြသလားဆိုသည်ကို သိချင်သဖြင့် ကျန်းချင်းဟန် တံခါးဖွင့်ကာ ထွက်ကြည့်လိုက်သည်။
ထိုအချိန်တွင် လွယ်အိတ်များကိုယ်စီ လွယ်ထားကြသော ယောကျ်ားလေးနှင့် မိန်းကလေးအချို့ ရယ်မောဆော့ကစားရင်း လျှောက်လာကြ၏။
သူတို့က ခြံဝင်းထဲရှိ မေပယ်ပင်ဆီသို့ တစ်ပြိုင်နက်တည်းပြေးသွားကာ လွယ်အိတ်ထဲမှစာအုပ်များကို ထုတ်ယူပြီး စာပွဲခုံများပေါ်တွင် စာလုပ်ရန် ပြင်ဆင်ကြလေ၏။
“ဒီဝူယွီလန်က မိန်းကလေးတွေကိုပါ တကယ်ကျောင်းထားပေးတာပဲ”
ဤကျေးလက်ဒေသတွင် မိန်းကလေးများအား ကျောင်းထားရန် ငွေကုန်ကြေးကျခံမည့်သူ တကယ်ရှိနေခြင်းက ဝူယွီလန်၏အမြော်အမြင် ကြီးမားလှကြောင်းကို ပြသနေပေသည်။
ကျန်းချင်းဟန် ဝူယွီလန်ကို ကြည့်ကာ ဤကျေးလက်တောရွာမှ အမျိုးသမီးအပေါ် သူမ၏ရင်ထဲတွင် လေးစားမှုတစ်ရပ် မဖြစ်ပေါ်ဘဲ မနေနိုင်တော့ပေ။
ကျန်းချင်းဟန် သူမအား ကြည့်နေသည်ကို သတိပြုမိသောအခါ ဝူယွီလန် အနည်းငယ် ပြုံးပြလိုက်သည်။
သူမ ချွန်းနီကို လက်ယပ်ခေါ်လိုက်သည်။
“ချွန်းနီ၊ ဒီကိုလာခဲ့”
ချွန်းနီ ဝူယွီလန်အား လုံးဝ မကြောက်တော့ပေ။ ဝူယွီလန် ခေါ်သည်ကို ကြားလိုက်ရသောအခါ သူမက ဝမ်းသာအားရ ပြေးလာခဲ့၏။
“အဖွား၊ သမီးကို ခေါ်တာလား”
“အင်း၊ သမီးရဲ့ အဖွားက သမီးကိုလာရှာတယ်၊ သွားပြီး နှုတ်ဆက်လိုက်ပါဦး”
“အဖွားလား”
ချွန်းနီ ခေါင်းလှည့်ကြည့်လိုက်ရာ စိမ်းသက်နေသော ကျန်းချင်းဟန်ကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
“အဖွားက... သမီးရဲ့ အဖွားလား၊”
လီရှို့ယွင် သမီးဖြစ်သူ၏ လက်ကိုဆွဲကာ လျှောက်လာခဲ့သည်။
“ချွန်းနီ၊ ဒါ သမီးရဲ့ အဖွားလေ”
ငယ်စဉ်က သမီးဖြစ်သူနှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေပြီး သူမကိုစူးစမ်းချင်စိတ်ဖြင့် အကဲခတ်နေသောချွန်းနီကို မြင်လိုက်ရသောအခါ ကျန်းချင်းဟန်မှာ အနည်းငယ် ပြာယာခတ်သွား၏။
ယနေ့ သမီးဖြစ်သူကို ရှာတွေ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သဖြင့် ကလေးအတွက် ဘာလက်ဆောင်မှ မပြင်ဆင်လာခဲ့မိပေ။
တစ်ခဏမျှ စဉ်းစားပြီးနောက် သူမ ခေါင်းပေါ်မှလိပ်ပြာဆံထိုးလေးကို ဖြုတ်ကာ ချွန်းနီအား ကမ်းပေးလိုက်သည်။
‘အနည်းဆုံးတော့ ဒီပေါ်မှာ လိပ်ပြာလေးပါတာပဲ၊ သူမရဲ့ သမီးက ငယ်ငယ်က လိပ်ပြာနဲ့ပတ်သက်တာတွေကို သဘောကျခဲ့တာဆိုတော့ သူမ (မြေးမလေး) လည်း သဘောကျလောက်မှာပါ’ ဟု သူမ တွေးလိုက်မိသည်။
သူမ တတ်နိုင်သမျှ အနူးညံ့ဆုံးအသံဖြင့် ပြောလိုက်သည်။
“ချွန်းနီ၊ အဖွားက သမီးရဲ့အဖွား၊ သမီးအမေရဲ့ အမေအရင်းပါ၊ ဒါ အဖွားတို့ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ အဖွားဆီမှာ လက်ဆောင်မပါလာဘူး၊ လောလောဆယ် ဒီဆံထိုးလေးကိုယူပြီး ကစားထားမလား”
ချွန်းနီ ရွှေလိပ်ပြာဆံထိုးလေးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ တောက်ပသွားတော့သည်။
သူမ ကလေးသံလေးဖြင့် မေးလိုက်လေ၏။
“အဖွား၊ ဒါ ရွှေနဲ့ လုပ်ထားတာလား”
ချွန်းနီ သဘောကျသည်ကို မြင်သောအခါမှာသာ ကျန်းချင်းဟန်မှာ သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။
“ဟုတ်တယ်၊ ရွှေနဲ့လုပ်ထားတာ၊ သမီး သဘောကျတယ်ဆိုရင် နောက်တစ်ခါကျရင် အဖွားက သေတ္တာတစ်လုံးစာအပြည့် ယူလာပေးမယ်နော်”
ချွန်းနီ ခေါင်းခါပြလိုက်ပြီး သူမ လက်ထဲရှိ ဆံထိုးလေးကိုသာ စိုက်ကြည့်နေသည်။
“ဒါဆိုရင်၊ ဒါကိုရောင်းရင် ငွေတွေအများကြီးရနိုင်လား”
“ရတာပေါ့၊ ငွေတွေအများကြီး ရနိုင်တယ်”
ငွေများစွာ ရနိုင်ကြောင်း ကြားလိုက်ရသောအခါ ချွန်းနီ၏ပါးပြင်ပေါ်တွင် ပါးချိုင့်လေးနှစ်ခု ပေါ်လာပြီး သူမက ရွှေဆံထိုးလေးအား မိခင်ဖြစ်သူထံသို့ ကမ်းပေးလိုက်သည်။
“ဟူးရေးးး၊ အမေ၊ ဒါကို အမေ့ကိုပေးမယ်၊ ဒီဟာကို ရောင်းလိုက်ကြရအောင်၊ အဲဒီအခါကျရင် အမေ တစ်နေ့လုံး ပန်းထိုးနေစရာ မလိုတော့ဘူးလေ”
ကျန်းချင်းဟန်အရှေ့တွင် လက်ဆောင်ကိုရောင်းချင်သည်ဟု ပြောခြင်းမှာ ယဉ်ကျေးမှုမရှိကြောင်းကို သတိပြုမိသွား၍လား မသိပေ။
ချွန်းနီက သူမ လွယ်အိတ်ထဲမှ သကြားလုံးကပ်ထားသော ဆီးသီးသကြားလုံးတစ်ချောင်းကိုထုတ်ယူလိုက်သည်။
“ဒီမှာ၊ ဒီဆီးသီးသကြားချောင်းကို အဖွားကိုပေးမယ်၊ သူက အရမ်းချိုပြီး အရသာရှိတယ်၊ အဖွား (ဝူယွီလန်) ပေးထားတဲ့ မုန့်ဖိုးနဲ့ ဝယ်ထားတာ၊ သမီးတောင် မစားရက်သေးဘူး”
ကလေးတစ်ယောက်အတွက် သရေစာများက မည်မျှတန်ဖိုးရှိကြောင်း ကျန်းချင်းဟန် သိရှိထားသည်။ ချွန်းနီ၏စကားကို ကြားသောအခါ သူမက လက်လှမ်း၍ ထိုဆီးသီးသကြားချောင်းကို ယူလိုက်သည်။
“တကယ်ပဲ အဲဒီလောက် အရသာရှိတာလား၊ ဒါဆိုရင် အဖွား သေချာမြည်းကြည့်ရမှာပေါ့”
သူမက ပြောပြောဆိုဆိုဖြင့် သကြားစက္ကူကို ခွာကာ ဆီးသီးသကြားချောင်းလေးကို တစ်ကိုက်ကိုက်စားလိုက်သည်။
“အင်း၊ တကယ်ကို ချိုပြီး အရသာရှိတာပဲ၊ အဖွား သမီးရဲ့မုန့်ကို အရမ်းသဘောကျတယ်”
ကျန်းချင်းဟန် သဘောကျကြောင်း ပြောသည်ကို ကြားသောအခါ ချွန်းနီမှာ ပိုပျော်ရွှင်စွာ ပြုံးလိုက်ပြီး ကျန်းချင်းဟန်နှင့် နီးကပ်စွာနေရန် သူမကိုယ်တိုင် အစပြုလာတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း သူမငယ်စဉ်က မိခင်ဖြစ်သူ၏ချီပိုးချော့မော့ခြင်းခံခဲ့ရသည့် အမှတ်ရစရာ အပိုင်းအစလေးများက လီရှို့ယွင်၏စိတ်ထဲတွင် ရိပ်ခနဲ ဖြတ်သန်းသွားပြီး ကျန်းချင်းဟန်နှင့် ပိုမိုရင်းနှီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
…
ယောင်းမနှစ်ယောက်က အတူတကွ ပူးပေါင်း၍ ဟင်းချက်ကြရာ မကြာမီမှာပင် အရောင်အဆင်း၊ အနံ့အရသာနှင့် ပြည့်စုံလှသော ဟင်းပွဲတစ်ပွဲကို ပြင်ဆင်ပြီးစီးသွားလေသည်။
မိသားစုထဲရှိ ယောကျ်ားလေးအချို့အား သခင်မကြီးကျန်းအတွက် အပြင်လူများအဖြစ် သတ်မှတ်ခံရမည်ကို တွေးမိသဖြင့် ဝူယွီလန်က စားပွဲငယ်လေး ထပ်ထုတ်လာပြီး သူတို့အတွက် အစားအစာအချို့ကို ဖယ်ထားပေးလိုက်သည်။
ထိုစားပွဲငယ်လေးမှာ နောက်ဆုံးတွင် သူတို့အသုံးပြုရမည်ဟု ယောကျ်ားလေးများ မထင်မှတ်ထားခဲ့ကြပေ။
သို့သော် အိမ်တွင် ဂုဏ်သရေရှိဧည့်သည်တစ်ဦးရှိနေကြောင်း သိထားသဖြင့် သူတို့က နားလည်ပေးခဲ့ကြသည်။
“ကဲ၊ ထမင်းဟင်းတွေ အဆင်သင့်ဖြစ်ပြီ၊ သွား လက်ဆေးပြီး လာစားကြတော့”
ကလေးများကို ခေါ်ပြီးနောက် ဝူယွီလန် ကျန်းချင်းဟန်ကို ဧည့်ခံရန် လျှောက်သွားလေသည်။
“သခင်မကြီး၊ ဒါက ရိုးရိုးရှင်းရှင်း တောဓလေ့ဟင်းလျာလေးတွေပါ၊ အားမနာဘဲ သုံးဆောင်ပါရှင်”
တောဓလေ့ဟင်းလျာများ၏အရသာမှာ သာမန်သာဖြစ်မည်ဖြစ်ပြီး သူမ၏သမီး နေ့စဉ်စားသောက်နေသည့် အရာများကို မြည်းစမ်းကြည့်ရန်နှင့် ယဉ်ကျေးမှုအရ အနည်းငယ်သာစားမည်ဟု ကျန်းချင်းဟန် မူလက တွေးထားခဲ့သည်။
သို့သော် ဟင်းပွဲများကို ယူဆောင်လာသောအခါ မွှေးကြိုင်လှသော အနံ့များကြောင့် သူမ၏တည်ငြိမ်မှုများ ချက်ချင်းပျောက်ဆုံးသွားရတော့၏။
ထမင်းစားပွဲသို့ ရောက်သောအခါ ကြက်၊ ဘဲ၊ ငါး၊ အသား စသည့်ဟင်းလျာများ အပြည့်ရှိနေသော စားပွဲတစ်လုံးကို သူမ မြင်တွေ့လိုက်ရသည်။
အရောင်အသွေးများက တောက်ပနေပြီး ချက်ပြုတ်ပုံများကလည်း ပုံမှန်ပြုတ်ထားသည့် ဟင်းလျာများနှင့် ကွဲပြားနေပုံရသဖြင့် သူမ၏ခံတွင်းကို အလွန်အမင်း မြိန်စေတော့၏။
“အရမ်းမွှေးတာပဲ၊ သမားတော်ဝူရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာပဲ”
ဝူယွီလန် ပြုံးလိုက်သည်။
“ကျွန်မရဲ့ချွေးမအကြီး ချက်ထားတာပါ၊ သူ့လက်ရာက တော်တော်လေးကောင်းတယ်၊ မြည်းကြည့်ပါဦး”
စကားပြောရင်း ဝူယွီလန် သစ်သီးဝိုင်ထုတ်ယူကာ အားလုံးကို တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။
အထိန်းတော်ကွေ့ကမူ ဟင်းများကို ကူညီခူးခပ်ပေးချင်သော်လည်း ကျန်းချင်းဟန်က ချက်ချင်းတားဆီးလိုက်၏။
“ရပါပြီ၊ ငါတို့ အပြင်ရောက်နေတုန်းတော့ ဒီလိုအချည်းနှီးဖြစ်တဲ့ အလေ့အထတွေကို ကျော်လိုက်ကြတာပေါ့၊ သမားတော်ဝူက နင့်ကိုတောင် ဝိုင်ငှဲ့ပေးထား သေးတာပဲ၊ ဝင်ထိုင်ပြီး စားလိုက်ပါ”
ထိုစကားကို ကြားသောအခါ အထိန်းတော်ကွေ့ ပြုံးလျက် ဝူယွီလန်အား ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်မကြီး၊ ကျေးဇူးတင်ပါတယ် သမားတော်ဝူ”