← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

🍅 Chapter 166

ကျန်းချင်းဟန်မှာ တွယ်တာမှုများစွာဖြင့် မြင်းလှည်းပေါ်သို့ တက်သွားလေသည်။

တံခါးဝတွင် ရပ်နေသော သမီးဖြစ်သူကို မမြင်ရတော့သည့် အချိန်ရောက်မှသာ သူမက မြင်းလှည်းလိုက်ကာအား ချလိုက်တော့၏။

အထိန်းတော်ကွေ့ တော်တော်လေး စိတ်ထိခိုက်သွားရသည်။

“သခင်မကြီး၊ သခင်မလေးက ဒီနှစ်တွေတစ်လျှောက်လုံး တကယ်ကို ဒုက္ခများခဲ့မှာပဲ”

“ငါ့အမှားပါပဲ၊ ငါ ဘယ်လိုပဲ တွက်ချက်ခဲ့ပါစေ၊ ရော့ယွင်က ဒီတောင်ပေါ်ရွာလေးမှာ တစ်ချိန်လုံး ရှိနေခဲ့မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး”

“ငါသာ ပိုပြီး သေချာရှာဖွေခဲ့ရင် ရော့ယွင် ဒီလောက်နှစ်တွေအများကြီး ဒုက္ခခံစားရမှာမဟုတ်ဘူး”

‘အရင်က အဖိုးတန် ရတနာလေးတစ်ပါးလို လက်ဝါးပေါ်တင်ပြီး အလိုလိုက်ခံခဲ့ရတဲ့ သူမရဲ့ သမီးလေးက နေ့တိုင်း လယ်ထွန်ရင်း ခါးသီးတဲ့ ဆင်းရဲဒုက္ခတွေ ကြားမှာ ဖြတ်သန်းနေရတယ်’

ထိုအကြောင်းတွေးမိရာ သူမ ရင်ဘက်များပင် နာကျဉ်လာရသည်။

‘အခု ငါ လုပ်နိုင်တာဆိုလို့ သမီးဖြစ်သူကို သေချာလျော်ကြေးပေးဖို့ပဲ ရှိတော့တယ်'

ဖျန်းကျန်းမြို့တွင် တည်းခိုရန် တည်းခိုခန်းတစ်ခု ရှာတွေ့ပြီးနောက် ကျန်းချင်းဟန်က မြို့တော်တွင် အဝေးရောက်နေသော သူမ၏ခင်ပွန်းနှင့် သားများထံသို့ သမီးဖြစ်သူအား ရှာတွေ့ပြီဟူသော သတင်းကောင်းကို ပြောပြရန် စာတစ်စောင် ချက်ချင်းရေးလိုက်သည်။

စာရေးပြီးနောက် သူမ၏ပိုင်ဆိုင်မှုအားလုံးကို သမီးဖြစ်သူ၏နာမည်အောက်သို့ ပြောင်းရွှေ့ရန်ရည်ရွယ်ချက်ဖြင့် စာရင်းပြုစုတော့သည်။

သူမ၏သခင်မမှာ အလွန်အမင်း အလောတကြီးလုပ်ဆောင်နေပြီး သူမပိုင်ဆိုင်သမျှ အရာအားလုံးကို သမီးဖြစ်သူထံ တစ်ခါတည်းပေးချင်နေသည်အား မြင်သောအခါ အထိန်းတော်ကွေ့ ပြုံးလိုက်မိ၏။

“သခင်မကြီး၊ အချိန်တွေ အများကြီးရှိပါသေးတယ်၊ အဲဒီလောက်အလောတကြီး လုပ်စရာမလိုပါဘူး”

“တကယ်လို့ သခင်မကြီးက သခင်မလေးကို တစ်ခါတည်း အများကြီးပေးလိုက်ရင် မလိုလားအပ်တဲ့အာရုံစိုက်မှုတွေကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်”

ကျန်းချင်းဟန်မှာ အံ့ဩသွားလေ၏။ သေချာစဉ်းစားကြည့်ပြီးနောက် အထိန်းတော်ကွေ့၏စကားများမှာ အဓိပ္ပာယ်ရှိကြောင်း သူမလည်း ခံစားလိုက်ရသည်။

“အခု သခင်မလေးက တော်တော်လေး အဆင်ပြေပြေနေထိုင်နေတာကို တွေ့ရတယ်၊ လောလောဆယ် သူ့ကို ပိုင်ဆိုင်မှု နည်းနည်းပါးပါး အရင်ပေးထား လိုက်ကြတာပေါ့၊ နောက်ပိုင်း သခင်မလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာပြီး ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲတတ်လာတဲ့အခါ ကျန်တာတွေကို တဖြည်းဖြည်းချင်း ပေးရင်လည်း နောက်မကျပါဘူး”

“အင်း၊ အဲဒါ အဓိပ္ပာယ်ရှိတယ်”

သမီးဖြစ်သူတစ်ယောက်တည်း ကလေးနှစ်ယောက်အား ပြုစုစောင့်ရှောက်နေရသည်ကို တွေးမိသောအခါ ကျန်းချင်းဟန်မှာ ထပ်မံ၍ ရင်နာလာပြန်သည်။

“ရော့ယွင်တစ်ယောက်တည်း ကလေးတွေကို ပြုစုစောင့်ရှောက်နေရတာ တကယ်ကို ပင်ပန်းမှာပဲ၊ သူ့ကို ပြုစုစောင့်ရှောက်ဖို့ မနက်ဖြန် အစေခံမိန်းကလေး နှစ်ယောက်နဲ့ အထိန်းတော်တစ်ယောက် လွှတ်လိုက်ရင် ကောင်းမလား”

အထိန်းတော်ကွေ့ ခေါင်းခါပြလိုက်သည်။

“သခင်မကြီး၊ သခင်မလေးက တခြားသူတွေရဲ့ ပြုစုစောင့်ရှောက်မှုကို ချက်ချင်းအသားကျနိုင်မလားဆိုတာ အသာထားဦး၊ အဓိကက သမားတော်ဝူရဲ့ မိသားစုက အိမ်ခွဲမနေကြသေးဘူးလေ၊ တကယ်လို့ ကျွန်မတို့က သခင်မလေးကိုပြုစုဖို့ လူတွေ လွှတ်လိုက်ရင် သမားတော်ဝူက ဘယ်လိုခံစားရမလဲ”

“သခင်မလေးက ဒီတောင်ပေါ်ရွာလေးမှာ နေလာတာ ဒီလောက်ကြာနေပြီဆိုတော့ ဒီလို ရိုးရှင်းပြီး ခြိုးခြံချွေတာတဲ့ဘဝမျိုးကို အသားကျနေလောက်ပြီ၊ တကယ်လို့ သခင်မကြီးက သူ့အပေါ် ကောင်းကောင်းဆက်ဆံချင်ပြီး ပိုကောင်းတဲ့ဘဝကို ပေးချင်တယ်ဆိုရင် ဖြည်းဖြည်းချင်းလုပ်တာ ပိုကောင်းပါတယ်”

“နင်ပြောတာ မှန်ပါတယ်၊ ရော့ယွင် အသားကျဖို့ အချိန်ပေးသင့်တယ်”

သူမ ထိုသို့ပြောလိုက်သော်လည်း ကျန်းချင်းဟန်မှာ နှမြောတွန့်တိုမနေနိုင်ပေ။

တစ်ညလုံး ငွေစက္ကူများအား သေတ္တာများထဲသို့ ထည့်ကာ သမီးဖြစ်သူအတွက် အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ပြင်ဆင်နေလေသည်။

…

လီရှို့ယွင်မှာ ကုတင်ပေါ်တွင် လဲလျောင်းရင်း အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေဆဲပင်။

သူမ၏မိခင်က တစ်နေ့နေ့တွင် ဤသို့ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ပို၍အရေးကြီးသည်မှာ သူမဖခင်သည် လက်ရှိအမတ်ကြီးဖြစ်ပြီး မိခင်ဖြစ်သူက အမတ်ကြီး၏ဇနီးဖြစ်နေခြင်းပင်။

သူမသည် ဂုဏ်သရေရှိမိသားစုမှ သခင်မလေးစစ်စစ်တစ်ဦးဖြစ်သည်။

ဤခံစားချက်က အလွန်ကို ဆန်းသစ်လှလေ၏။

အရင်က အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်တုန်းက သူမရဲ့ မိခင်အရင်းက တစ်နေ့နေ့ လာရှာပြီး သူမလည်း ကြီးကျယ်တဲ့ မိသားစုတစ်ခုရဲ့ သခင်မလေးအဖြစ် ခုန်တက်သွားကာ ဆင်းရဲဒုက္ခတွေ ခံစားရတော့မှာ မဟုတ်ဘူးလို့ တွေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုတော့ ဘဝက သက်တောင့်သက်သာရှိနေပြီး တကယ့် ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက် ဖြစ်လာတဲ့အခါမှာတော့ အဲဒီအတွက် သိပ်ပြီး မခံစားရတော့ပါဘူး။

သူမ ရင်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ်ကိုပင် ခံစားနေရသည်။

ပျင်းစရာကောင်းလှသော စည်းမျဉ်းစည်းကမ်းများ၊ ထုံးတမ်းစဉ်လာများဖြင့် စံအိမ်ကြီးထဲတွင် ပိတ်လှောင်ခံထားရသည့် ဂုဏ်သရေရှိအမျိုးသမီးအဖြစ်သို့ ပြန်သွားရမည်ကို ကြောက်ရွံ့နေမိသည်။

မိခင်ဖြစ်သူ ထိုင်နေသည်ကိုမြင်သောအခါ ချွန်းနီက အနီးကပ်လာပြီး ပခုံးကို မှီလိုက်သည်။

“အမေ၊ ဘာဖြစ်လို့လဲ”

“ချွန်းနီ၊ တကယ်လို့ သမီးသာ အဖွားနဲ့အတူ ကောင်းမွန်တဲ့ဘဝတစ်ခုကို သွားနေရပြီး ချမ်းသာတဲ့မိသားစုက သခင်မလေးတစ်ယောက် ဖြစ်လာမယ်၊ နေ့တိုင်း အဝတ်အစားလှလှလေးတွေ ဝတ်ပြီး လှပတဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်ရမယ်ဆိုရင် သမီး သဘောကျမလား”

ချွန်းနီ လက်ချောင်းကို ကိုက်ကာ သေချာစွာ စဉ်းစားလိုက်သည်။

“အမေ၊ အဖွား၊ အဒေါ်၊ အစ်ကိုနဲ့ ညီမလေးရော သမီးနဲ့ လိုက်မှာလား”

“အမေ၊ ညီမလေးနဲ့ သမီးပဲ သွားရမှာ၊ အဖွား၊ အဒေါ်၊ ပြီးတော့ သမီးရဲ့ အစ်ကိုနဲ့ ညီမလေးကတော့ မလိုက်ဘူး”

ချွန်းနီ ခေါင်းခါပြလိုက်သည်။

“ဒါဆို ဘာပျော်စရာရှိမှာလဲ၊ သမီး မသွားဘူး၊ အိမ်မှာပဲ နေ့တိုင်း စာဖတ်ပြီး အားလုံးနဲ့ ကစားရတာ အရမ်းပျော်ဖို့ကောင်းတာ”

လီရှို့ယွင် သမီးဖြစ်သူ၏ နဖူးကို နမ်းလိုက်သည်။

“ကောင်းပြီ၊ အမေတို့ မသွားတော့ဘူး”

‘ငါ အမေနဲ့ ပြန်လိုက်သွားရင်တောင် ဘာထူးမှာလဲ၊ ငါက အိမ်ထောင်ကျပြီးသားလေ၊ ဒီနေရာကမှ ငါ့အိမ်ဖြစ်ပြီး ငါ့ရဲ့တကယ့် ရည်မှန်းချက်ပန်းတိုင်ပဲ'

သေချာစဉ်းစားပြီးနောက် လီရှို့ယွင်မှာ ဆက်လက်၍ တွန့်ဆုတ်မနေတော့ပေ။

စိတ်ကို တည်ငြိမ်အောင်ထားကာ သမီးဖြစ်သူကိုဖက်၍ အိပ်စက်လိုက်တော့သည်။

…

အခြားတစ်ဖက်တွင် ဝူယွီလန်လည်း လီရှို့ယွင်၏အနာဂတ်အကြောင်း တွေးတောနေ၏။

အကယ်၍ လီရှို့ယွင်က ကျန်းချင်းဟန်နှင့်အတူ မြို့တော်သို့ ပြန်သွားလိုပါက သူမ သဘာဝကျစွာပင် ထောက်ခံပေးမည်ဖြစ်သည်။

ထိုမျှလိမ္မာရေးခြားရှိပြီး မိဘကျေးဇူးသိတတ်သော ကလေးအတွက် သူမ အိမ်မှာနေရန် ရွေးချယ်မည်ဆိုပါကလည်း ဆက်လက်၍ ချစ်ခင်မြတ်နိုးသွား မည်ဖြစ်သည်။

သူမ၏တတိယချွေးမမှာ ဉာဏ်ကောင်းပြီး ထက်မြက်ကြောင်း သူမ အစောကတည်းက ခံစားခဲ့ရပြီး သူမ တတိယသား စုန့်ကျစ်ခန်းနှင့် လက်ထပ်ခဲ့ရခြင်းက တကယ်ကိုနစ်နာလွန်းလှ၏။

အကယ်၍ တစ်နေ့နေ့ လီရှို့ယွင် စုန့်ကျစ်ခန်းနှင့်ကွာရှင်းလိုပါကလည်း သူမ ထောက်ခံပေးမည်ဖြစ်သည်။

အဆုံးတွင် သူမသည် ဂုဏ်သရေရှိမိသားစုမှ သခင်မလေးစစ်စစ်တစ်ဦးဖြစ်ပြီး သူမနှင့် လိုက်ဖက်သော ခင်ပွန်းကောင်းများစွာ ရှိပေသည်။

လူမိုက်ပမာ မိဘစကားကို နားထောင်ပြီး ဇနီးနှင့် သမီးကို မကာကွယ်နိုင်သော ယောကျ်ားတစ်ယောက်က သူမနှင့် မထိုက်တန်ပေ။

ဤအချိန်တွင် အဝေးတစ်နေရာမှ နယ်စပ်တွင် ရောက်ရှိနေသော စုန့်ကျစ်ခန်းမှာ ရုတ်တရက် နှာချေလိုက်မိသည်။

“ဟက်ချူး”

“စစ်သူကြီး၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရှိနေသေးတယ်၊ နွေးနွေးထွေးထွေးနေဖို့ ဂရုစိုက်ပါဦး”

All Chapters