အခန်း ၁၆၈
Vol. 17 Ch. 168
🍅 Chapter 168
‘ငါမျက်စိကျထားတဲ့ ယောကျ်ား ပီသပါပေတယ်၊ သူက အရမ်းသစ္စာရှိပြီး တရားမျှတတာပဲ၊ ဒီသစ္စာရှိမှုကို ငါ့ဆီကိုသာ ပြောင်းလဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ လောစရာ မလိုပါဘူး၊ အချိန်တွေ အများကြီးရှိပါသေးတယ်၊
တစ်နေ့နေ့မှာ သူက တတိယအဆင့်အရာရှိရဲ့ သမီးကို လက်ထပ်တာက မြေကြီးကို ကုတ်ခြစ်ပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ပဲ သိတဲ့ အိမ်က တောသူမကြီးနဲ့ ပေါင်းသင်းနေရတာထက် အဆတစ်ထောင် ပိုကောင်းတယ်ဆိုတာကို စုန့်ကျစ်ခန်း သဘောပေါက်လာမယ်လို့ ငါယုံကြည်တယ်'
…
မနက်ခင်း မြူခိုးများက အပိုင်းပိုင်း ပြတ်တောက်နေသော တိမ်များအလား တောင်ထွတ်များပေါ်တွင် လွင့်မျောနေသည်။
နံရံနောက်ကွယ်မှ ကြက်တွန်သံ ထွက်ပေါ်လာပြီး ခေါင်မိုးပေါ်တွင် နားနေသော စာကလေးများကို လန့်ဖျပ်ကာ ပျံသန်းသွားစေ၏။
ဒေါက်၊ ဒေါက်၊ ဒေါက်
ဝူယွီလန်မှာ အကြောဆန့်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသဖြင့် အနည်းငယ်အံ့ဩသွားသည်။
“ဒီလောက်စောစောကြီး ရောက်နေပြီလား”
ကျန်းချင်းဟန်ဟု ထင်မှတ်ခဲ့သော်လည်း တံခါးဖွင့်လိုက်သောအခါ သူမနှင့် စိမ်းသက်နေသော အဘိုးအိုနှင့် အဘွားအိုတို့ကို မြင်လိုက်ရ၏။
“ဘယ်သူတွေများလဲရှင်...”
အဘိုးအို၏ ပါးရိုးများက မာကျောသော ကျောက်ခဲနှစ်လုံးအလား ပြူးထွက်နေပြီး သူ့မျက်ခွံများက ချိုင့်ဝင်နေကာ မျက်လုံးများက ခြံဝင်းအတွင်းသို့ အဆက်မပြတ် လှမ်းကြည့်နေသည်။
အဘွားအိုတွင်မူ အဆီများ စုပုံနေသော မျက်နှာဝိုင်းဝိုင်းတစ်ခုရှိပြီး မျက်လုံးထောင့်များက အောက်သို့တွဲကျနေသည်။
ဝူယွီလန်ကို မြင်သောအခါ သူမက ဝါကြင်ကြင်သွားများကို ပေါ်အောင်ပြုံးပြကာ ကောက်ကျစ်စွာ ရယ်မောလိုက်၏။
“ငါတို့က ဆွေမျိုးလာရှာတာ”
“ဆွေမျိုးလာရှာတာ ဟုတ်လား”
ဝူယွီလန် မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏မိသားစုတွင် ဆွေမျိုးရှာရန်လိုအပ်သူ မည်သူမျှမရှိပေ။
‘ငါ့သားတွေထဲက တစ်ယောက်တစ်ယောက်ယောက်ရဲ့ မိဘအရင်းများကများ လာရှာတာလား'
“ဘယ်လို ဆွေမျိုးမျိုးကို လာရှာတာလဲ”
အဘွားအိုက ဝူယွီလန် ဝတ်ဆင်ထားသော ဝါဂွမ်းအင်္ကျီကို သတိပြုမိသွားကတည်းက မျက်စိမခွာနိုင်တော့ပေ။
“အရင်တုန်းက မိန်းကလေးတစ်ယောက် ကောက်ရခဲ့တယ် မဟုတ်လား၊ ငါတို့က အဲဒီမိန်းကလေးရဲ့ မိဘတွေလေ”
“အဲဒီမိန်းကလေး ဟုတ်လား”
“ရှင်တို့ လူမှားနေတာများလား”
ထိုနှစ်ဦးမှာ လီရှို့ယွင်အကြောင်း ပြောနေခြင်းဖြစ်ကြောင်း ဝူယွီလန် သိလိုက်သည်။
အကယ်၍ ယမန်နေ့က သခင်မကြီးကျန်းကသာ လီရှို့ယွင်ကို အသိအမှတ်မပြုခဲ့ပါက သူမအနေဖြင့် သူတို့ကို အနည်းငယ် ယုံကြည်မိကောင်း ယုံကြည်မိပေမည်။
သို့သော် ယခု ထိုနှစ်ဦးကို မြင်သောအခါ သူမ ရယ်ပင်ရယ်ချင်လာတော့သည်။
‘တကယ်ပါပဲ၊ မိသားစု အခြေအနေ ကောင်းလာတော့မှ လူတိုင်းက အခွင့်အရေး လာယူချင်နေကြတာ'
အဘိုးအို လည်ပင်းကို မတ်ထားကာ ခေါင်းမာစွာဖြင့် ပြောလိုက်သည်။
“ငါတို့ရဲ့ သမီးအရင်းကို ဘယ်လိုလုပ်မှားနိုင်မှာလဲ၊ သေချာစဉ်းစားကြည့်စမ်း၊ နင့်ရဲ့ တတိယချွေးမက တောင်ပေါ်ကနေ ကောက်ရခဲ့တာမဟုတ်ဘူးလား”
“ဟုတ်တယ်၊ ပြီးတော့ သူက သိပ်လှတာ၊ ငါတို့နှစ်ယောက်နဲ့ တစ်ပုံစံတည်းပဲ”
အဘွားအို ဖြည့်စွက်ပြောလိုက်လေ၏။
သူမ၏စကားများတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ပေ။
ဝူယွီလန် တံခါးကို မှီလိုက်သည်။
“ဘာလို့... မှန်သွားမကြည့်ကြတာလဲ”
“နင်... နင် ဘာကိုဆိုလိုတာလဲ၊ ငါတို့က ရုပ်ဆိုးတယ်လို့ ပြောချင်တာလား”
အဘိုးအို၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး မျက်မှောင်များ ကြုံ့၀င်သွားတော့သည်။
“ငါ အမှန်အတိုင်းပြောတာပါ”
ဝူယွီလန် ဂရုမစိုက်ပေ။
‘သူတို့ အရှက်ကွဲပြီး ဒေါသထွက်နေတော့ရော ဘာဖြစ်လဲ'
‘ငါတောင် ဒေါသမထွက်ရသေးဘူး'
“နင်... နင်က ဘယ်လိုလုပ် ဒီလောက်တောင် ညစ်ပတ်ရတာလဲ၊ ကလေးကို ငါတို့နဲ့ ပေးမတွေ့ချင်လို့ တားထားတယ်ပေါ့”
အဘွားအိုမှာ ဒေါသထွက်လာပြီး စကားပြောရင်း တံတွေးများ ပန်းထွက်လာတော့သည်။
“ကောင်းပြီလေ၊ နင်တို့က ဆွေမျိုးစပ်ချင်တယ်ဆိုတော့လည်း၊ ငါ့ရဲ့ တတိယချွေးမ ဘယ်နှစ်ခုနှစ်က မွေးလဲ၊ ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ၊ သူ့ရဲ့ စရိုက်က ဘယ်လိုမျိုးလဲ၊ ပြီးတော့ သူ ဘာကိုဝါသနာပါလဲ ဆိုတာ ပြောပြစမ်း”
“တကယ်လို့ နင်တို့ ဖြေနိုင်ရင်တော့ ဆွေမျိုးစပ်ဖို့ အခွင့်အရေးပေးမယ်၊ မဖြေနိုင်ဘူးဆိုရင်တော့...”
ဝူယွီလန်က ဘေးနားရှိ တံမြက်စည်းကို ကောက်ကိုင်ကာ ရိုက်ရန် အသင့်ပြင်ထားလိုက်သည်။
သူတို့နှစ်ဦးက မည်သို့လုပ်၍ဖြေနိုင်မည်နည်း။
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်သာ ကြည့်နေမိကြတော့သည်။
အချိန်အတော်ကြာပြီးနောက် အဘိုးအိုက စိတ်ကိုတင်းကာ ပြောလိုက်သည်။
“နင့်ရဲ့ တတိယချွေးမက ငါ့သမီးဆိုတာ သေချာပါတယ်၊ သူက တုန်းချန် ၃၄၅ ခုနှစ် ဆောင်းရာသီမှာ မွေးတာ၊ ဒီနှစ် အသက် နှစ်ဆယ့်လေးနှစ် ရှိပြီ”
ဝူယွီလန် မျက်ခုံးပင့်လိုက်သည်။
ချွန်းနီ၏အသက်ကို အခြေခံပြီး ခန့်မှန်းထားခြင်းဖြစ်မည်ဟု သူမ စိတ်ထဲမှ တွေးလိုက်မိ၏။
“အို၊ သိပ်တော့မကွာပါဘူး၊ ဒါဆို ငါ့ရဲ့ တတိယချွေးမ ဘာဝါသနာပါလဲဆိုတာကော သိလား”
အဘွားအို ဝါကြင်ကြင် သွားများကို ပေါ်အောင် ပြုံးလိုက်သည်။
“ဒါကိုတော့ သေချာပေါက် သိတာပေါ့၊ သူက အပ်ချုပ်အလုပ်ကို ဝါသနာပါတယ်၊ အရင်တုန်းက အိမ်မှာ အဝတ်အစားတွေ အကုန်လုံး သူပဲ ချုပ်တာ”
‘ဟက်၊ သူတို့ ဒါကိုတောင် သိနေတာပဲ၊ ဒီနှစ်ယောက်က မိသားစုအကြောင်းကို တော်တော်လေး သိထားတာပဲ'
‘သူတို့က ငါတို့သိတဲ့ သူတစ်ယောက်ယောက် လွှတ်လိုက်တာပဲ ဖြစ်ရမယ်၊ ဘယ်သူဖြစ်နိုင်မလဲ'
“ဘာ လာလုပ်ကြတာလဲ”
သူတို့နှစ်ဦးကို မြင်သောအခါ ကျောက်လီကျွမ် လျှောက်လာပြီး သတိထားကာ စူးစိုက်ကြည့်လိုက်သည်။
ဒုတိယချွေးမက သူတို့နှစ်ဦးအား သိကြောင်းကြားလိုက်ရသောအခါ ဝူယွီလန် မေးလိုက်သည်။
“ဒုတိယချွေးမ၊ သူတို့နှစ်ယောက်က ဘယ်သူတွေလဲ”
ကျောက်လီကျွမ်က အနီးသို့ ကပ်လာပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
“အမေ၊ သူတို့က အဒေါ်ဖန်းရဲ့မိဘတွေလေ”
ကျောက်လီကျွမ်ကို မြင်သောအခါ သူတို့နှစ်ဦးမှာ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။
သို့သော် သမီးဖြစ်သူ ပြောခဲ့သောစကားများကို ပြန်လည်တွေးတောမိသောအခါ…..
‘စုန့်မိသားစုနဲ့ အဆက်အသွယ်ရသွားသရွေ့ အကျိုးခံစားခွင့်တွေ အများကြီးရနိုင်တယ်၊ အနည်းဆုံးတော့ မင်္ဂလာကြေး ငွေဆယ်ချောင်းရဖို့ဆိုတာ ပြဿနာမရှိဘူး' ဟု တွေးကာ သူတို့က ဆက်လက်၍ တဇွတ်ထိုး၀င်တိုးရန် ဆုံးဖြတ်လိုက်သည်။
“ငါတို့ ဘာလာလုပ်လုပ် နင်နဲ့ ဘာဆိုင်လို့လဲ၊ နင်… နင်ကသာ မိဘစကားနားမထောင်တဲ့ သစ္စာဖောက်မ၊ ငါသာ သိခဲ့ရင် အဲဒီတုန်းက လီနန်ကို နင့်ကိုသတ်ပစ်ဖို့ ခိုင်းခဲ့မှာပဲ”
အဘွားအို မျက်နှာကို ရှုံ့မဲ့ကာ ကျောက်လီကျွမ်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
စုန့်ကျစ်ချုံးမှာ အပြင်သို့ထွက်လာချိ သူ့ဇနီးအား တစ်ယောက်ယောက်က စော်ကားနေသည်ကို ကြားလိုက်ရသည်။
သူ့အမြင်တွင် ထိုနှစ်ဦးက သူ့ဇနီးကို ရိုက်နှက်ရန် ရည်ရွယ်ချက်ရှိနေပုံရသည်ဟုပင်။
သူ ထိုမြင်ကွင်းကို မည်သို့ သည်းခံနိုင်မည်နည်း။
သူ ရှေ့သို့ တစ်လှမ်းတည်း ပြေးထွက်သွားတော့သည်။
ထို့နောက် လက်ကိုမြှောက်ကာ ပါးချလိုက်သည်။
ဖြန်း
“ဒီအဘွားကြီး၊ ခင်ဗျားက ကျုပ် မိန်းမကိုများ စော်ကားရဲတယ်ပေါ့”
အဘိုးအိုမှာ တုန်ယင်နေပြီး လက်ကိုဆန့်ကာ စုန့်ကျစ်ချုံးအား လက်ညှိုးထိုးလိုက်သည်။
“မင်း... မင်းက ငါ့မိန်းမကို ရိုက်ရဲတယ်ပေါ့”
လူရိုက်ရမည့်ကိစ္စတွင် စုန့်ကျစ်ချုံးက မည်သူ့ကိုမှ ကြောက်ဖူးသူမဟုတ်ရာ သူ့ကိုပါ လက်ပြန်တစ်ချက် ရိုက်ချလိုက်တော့သည်။
ဖြန်း
“သူ့ကို ရိုက်ရုံတင်မကဘူး၊ ခင်ဗျားကိုပါ ရိုက်ဦးမှာ”
သူတို့နှစ်ဦးမှာ မျက်နှာကိုအုပ်ကာ အရပ်ရှည်ပြီး ထွားကြိုင်းသောစုန့်ကျစ်ချုံးကို ကြည့်ရင်း ဒေါသထွက်နေသော်လည်း အသံမထွက်ရဲကြပေ။