← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

🍅 Chapter 170

သမီးဖြစ်သူကို နှစ်သိမ့်ဖို့ မည်သည့်စကားများ ပြောသင့်သလဲဆိုကာ အခက်တွေ့နေစဉ်မှာပင် လီရှို့ယွင် ခပ်သုတ်သုတ်လျှောက်လာခဲ့၏။

သူမ၏ မျက်လုံးများမှာ လေးစားအားကျမှုများဖြင့် တောက်ပနေလေသည်။

“အမေ၊ အမေ ခုနက အရမ်းကို ဩဇာတိက္ကမကြီးတာပဲ”

“ဒီအဘိုးကြီးတွေကို စကားနည်းနည်းလေးနဲ့တင် အမေ ရှင်းပစ်လိုက်နိုင်တယ်”

ကျန်းချင်းဟန်မှာ မှင်တက်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားတော့သည်။

‘ငါ့သမီးက ဒီကိစ္စကြောင့် ငါ့ကို မကြောက်သွားဘူးတဲ့လား'

“အဟမ်း၊ သမီးက အမေ့ကို အထင်သေးနေတာပဲ”

“သူတို့ကများ ငါ့သမီးကို အနိုင်ကျင့်ရဲတယ်ပေါ့၊ အမေ သူတို့ကို ဘယ်လို ရှင်းပစ်မလဲဆိုတာ စောင့်သာကြည့်လိုက်”

တစ်ခုခုကို တွေးမိသွားသဖြင့် ကျန်းချင်းဟန် အထိန်းတော်ကွေ့ထံမှ တံဆိပ်ပြားတစ်ခုကို ယူလိုက်သည်။

“ရော့ယွင်၊ နောက်နောင် တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်ရဲရင် ဒီတံဆိပ်ပြား မြို့နယ်ရုံးကို သွားပြလိုက်”

“ဒီတံဆိပ်ပြားကို မြင်ရင် မြို့နယ်ရုံးကတောင် သမီးကို အလေးအနက်ထားဆက်ဆံလိမ့်မယ်”

တကယ်တန်းတွင် သူမက သမီးဖြစ်သူအား မြို့နယ်ရုံးသို့ တိုက်ရိုက်ခေါ်သွားကာ အမတ်ကြီး၏ အငယ်ဆုံးသမီးဖြစ်ကြောင်းကို ဖွင့်ဟပြောဆိုချင်သော်ငြား အခြားမနာလိုသူများက သူ့သမီး၏နောက်ခံအား မယုံကြည်ဘဲ ဒုက္ခပေးလာမည်ကို စိုးရိမ်နေမိသည်။

ထို့ကြောင့် လောလောဆယ် တံဆိပ်ပြားပေးထားဖို့ပဲ ဆုံးဖြတ်လိုက်ရတော့၏။

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အမေ”

လီရှို့ယွင်က တံဆိပ်ပြားကို ယူပြီး တစ်ချက်ကြည့်လိုက်ရာ အပေါ်တွင် “အမတ်” ဟူသော စာလုံးနှစ်လုံးကိုသာ ထွင်းထုထားသည်ကို တွေ့လိုက်ရ၏။

တံဆိပ်ပြားကို မြင်လိုက်ရသောအခါ တံဆိပ်ပြားပိုင်ရှင်အနောက်သို့ လိုက်လံပြေးလွှားနေခဲ့သည့် အမှတ်တရတစ်ခုက သူမ၏စိတ်ထဲတွင် ရိပ်ခနဲ ဖြတ်သန်းသွားလေသည်။

“ဒါက... ဒါက အဖေ့ရဲ့တံဆိပ်ပြားလေ”

“ကျွန်မ ငယ်ငယ်တုန်းက အဖေ အမြဲတမ်းဆွဲထားတတ်ပြီး ကျွန်မက အရုပ်တစ်ရုပ်လို ကန်ကစားဖို့ အမြဲတမ်းဆွဲဖြုတ်တတ်တာ”

“ဟုတ်တယ်မလား အမေ”

သမီးဖြစ်သူက အမှတ်တရများ ပိုမိုမှတ်မိလာကြောင်းကြားလိုက်ရသောအခါ ကျန်းချင်းဟန်မှာ အလွန်ဝမ်းသာသွားတော့သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ မှန်တယ်၊ ဒါ သမီးအဖေရဲ့ တံဆိပ်ပြားပဲ၊ သမီး ငယ်ငယ်တုန်းက အမြဲတမ်း သူ့နောက်ကို လိုက်ပြီး ကစားဖို့ ဒီတံဆိပ်ပြားကို တောင်းတတ်တာလေ”

သမီးဖြစ်သူ ငယ်စဉ်က အဆော့မက်ခဲ့သည်များကို ပြောပြနေရင်း သူမ မျက်လုံးများ ပြန်လည်နီရဲလာပြန်သည်။

“အင်း၊ အခု တချို့အရာတွေကို ကျွန်မ မှတ်မိသွားပြီ”

ဝူယွီလန် အချိန်ကိုက် ဝင်ပြောလိုက်သည်။

“ရော့ယွင် ငယ်ငယ်တုန်းက ထိတွေ့ခဲ့ရတဲ့ အရာတွေကို ပိုပြီးပြပေးတာက သူ့ရဲ့ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ပြန်ရဖို့ အကူအညီဖြစ်နိုင်တယ်”

ထိုစကားကို ကြားသောအခါ ကျန်းချင်းဟန် အထိန်းတော်ကွေ့အား စွန်တစ်ခုထုတ်ယူရန် ချက်ချင်းခိုင်းလိုက်လေသည်။

“ရော့ယွင်၊ ဒီစွန်ကို သမီး မှတ်မိသေးလား”

လီရှို့ယွင် စွန်ကိုယူကာ သေချာကြည့်ရှုလိုက်ရာ သူမ၏စိတ်ထဲတွင် အပိုင်းပိုင်း ပြတ်တောက်နေသော မြင်ကွင်းများ ရိပ်ခနဲ ဖြတ်သန်းသွားတော့သည်။

“ဒီစွန်က... ကျွန်မ ငယ်ငယ်တုန်းက အမေရယ်၊ အဖေရယ်၊ ပြီးတော့ အစ်ကို သုံးယောက်ရယ် ကျွန်မကို မြစ်ကမ်းဘေးကိုခေါ်သွားပြီး လွှတ်ခဲ့တာနဲ့တူတယ်”

“ဟုတ်တယ်မလား အမေ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ အမေတို့ မိသားစုတစ်ခုလုံး မြစ်ကမ်းဘေးကို သွားလွှတ်ခဲ့ကြတာ”

“ပြီးတော့ ဒါကိုလည်း ကြည့်ပါဦး”

ကျန်းချင်းဟန်က ဘောလုံးတစ်လုံးကို ထုတ်ယူလိုက်၏။

“ဒီ ဘောလုံးက... ဒုတိယအစ်ကို ကစားဆုံးအရာနဲ့တူတယ်၊ ဒါပေမဲ့ သူက တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ခဏခဏ မှန်အောင်ကန်မိလို့ အမေက အမြဲတမ်း သူ့နောက်ကလိုက်ပြီး သေချာရိုက်တတ်တာ”

“နောက်ပိုင်း ဒုတိယအစ်ကိုက အဆူခံရမှာကြောက်လို့ ကျွန်မကို အမြဲတမ်း ဆွဲခေါ်ပြီး အတူတူကစားခိုင်းတာ...”

“ဟုတ်တယ်၊ ဟုတ်တယ်၊ သမီးရဲ့ ဒုတိယအစ်ကိုက သမီးနဲ့ ဘောလုံး ကစားရတာကို အကြိုက်ဆုံးပဲ၊ အဲဒီကောင်လေးက ပြဿနာရှာတာ၊ အမေက သမီးကို မရိုက်ရက်ဘူးဆိုတာ သိလို့ သူက အမြဲတမ်း သမီးကို အပြစ်တင်ခံခိုင်းတာလေ”

ကျန်းချင်းဟန်က လီရှို့ယွင်၏ကလေးဘဝအမှတ်တရများကို ပြန်လည်ပြောပြနေပြီး လီရှို့ယွင် စိတ်ထဲရှိ အမှတ်တရ အပိုင်းအစများမှာ တစ်စတစ်စ ပြန်လည်ဆက်စပ်လာတော့သည်။

“အို၊ ဒါနဲ့ အမေက ဒီနေ့ သမီးအကြိုက်ဆုံး သစ်ကြားသီးမုန့်ကြွပ်တွေနဲ့ တခြားသရေစာတွေ ယူလာခဲ့တယ်၊ နောက်မှ မြည်းကြည့်ပြီး အရသာဘယ်လိုနေလဲ ဆိုတာ ပြောပြဦးနော်”

စကားပြောရင်းမှ ကျန်းချင်းဟန် အစေခံမိန်းကလေးများနှင့် အဘွားအိုကို မြင်းလှည်းပေါ်မှ ပစ္စည်းများ သယ်ယူရန် ခိုင်းလိုက်လေသည်။

“ဒီပိတ်စတွေက သမီး အရင်က ဝတ်ရတာကြိုက်တဲ့ ပိတ်စတွေလေ၊ ပြီးတော့ ဒီအဝတ်အစားတွေက အခု မြို့တော်မှာ ခေတ်စားဆုံးတွေ၊ ပြီးတော့ ဒီလက်ဝတ်ရတနာတွေ...”

အစေခံမိန်းကလေးများနှင့် အဘွားအိုက သူမ၏အခန်းထဲသို့ ပစ္စည်းများကို အခေါက်ခေါက်အခါခါ သယ်ယူနေသည်ကိုကြည့်ရင်း လီရှို့ယွင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေတော့၏။

“အမေ... နောက်ထပ်မယူလာပါနဲ့တော့၊ ထပ်ယူလာရင် အိမ်မှာ ထားစရာနေရာမရှိတော့ဘူး”

ကျန်းချင်းဟန်မှာ ထိုပြဿနာအား အတိအကျစဉ်းစားထားပြီးဖြစ်၍သာ သူမက ကိုယ့်ကိုယ်ကိုထိန်းချုပ်ကာ ပစ္စည်းများ နည်းနည်းသာ ယူလာခဲ့ခြင်းဖြစ်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ အမေ နောက်ထပ်မယူလာတော့ပါဘူး၊ ကျန်တဲ့ပိတ်စတွေက သမီးရဲ့ ယောင်းမအကြီး၊ ဒုတိယယောင်းမနဲ့ ကလေးတွေ အဝတ်အစား ချုပ်ဝတ်ဖို့ပါ”

ရုတ်တရက် ကျန်းချင်းဟန်က သူမ၏အင်္ကျီလက်စအား တစ်စုံတစ်ယောက် ဆွဲနေသည်ကို ခံစားလိုက်ရသည်။

သူမ ငုံ့ကြည့်လိုက်ရာ ချွန်းနီက သူမ၏အင်္ကျီလက်စအား ဆွဲကာ နှုတ်ခမ်းဆူနေသည်ကို မြင်တွေ့လိုက်ရသည်။

“အဖွား၊ ဒီနေ့ သမီးကို လက်ဆောင်ယူလာခဲ့မယ်လို့ ပြောထားတယ်မဟုတ်လား”

ကလေးမလေး၏ မကျေမနပ်ဖြစ်နေသော အမူအရာက ကျန်းချင်းဟန်၏နှလုံးသားကို အရည်ပျော်သွားစေသည်။

“အဖွားရဲ့ အသည်းလေး၊ အဖွားက သမီးကို ဘယ်လိုလုပ်မေ့မှာလဲ”

“အဖွား သမီးအတွက် ဘာယူလာခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး”

ကျန်းချင်းဟန် လက်ဝှေ့ယမ်းလိုက်ရာ အစောင့်နှစ်ဦးက သေတ္တာတစ်လုံးကို သယ်ဆောင်လာကြသည်။

ကျန်းချင်းဟန် ကိုယ်တိုင်ဆောင့်ကြောင့်ထိုင်ကာ ဖွင့်ပြလိုက်လေသည်။

သေတ္တာထဲရှိ အရာများကို မြင်လိုက်ရသောအခါ ချွန်းနီမှာ အံ့အားသင့်သွားပြီး “ဝိုး” ဟု ရေရွတ်လိုက်မိ၏။

သေတ္တာထဲတွင် ကလေးကစားစရာများဖြစ်သော ဂျောက်ဂျက်လေးများ၊ ဝါးမြင်းလေးများ၊ စွန်များ၊ ဘောလုံးများ စသည့် စိတ်ကူးနိုင်သမျှအရာအားလုံး အပြည့်အမောက် ပါရှိလေသည်။

“ဒါတွေ အကုန်လုံးက သမီးအတွက်လား”

ချွန်းနီ သေတ္တာအစွန်းကို မှီကာ မျက်ရည်ဝဲနေသော မျက်လုံးဝိုင်းကြီးများအား မှိတ်တုတ်မှိတ်တုတ် လုပ်နေလေသည်။

“ဟုတ်တယ်၊ အကုန်လုံးက ချွန်းနီအတွက်ချည်းပဲ”

“ပြီးတော့ မနေ့က ချွန်းနီက အဖွားကို ဆီးသီးကျွေးထားတော့ ဒီနေ့ အဖွားက ချွန်းနီကိုပြန်ကျွေးမယ်”

ကျန်းချင်းဟန် လက်ခုပ်တီးလိုက်ရာ အဘွားအိုတစ်ဦးက ဆီးသီးသကြားချောင်းအများကြီးကို ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။

“ဝိုး”

“အဖွား၊ ဆီးသီးသကြားချောင်း ရောင်းတဲ့သူဆီက အကုန်လုံးကို ဝယ်လာတာလား”

ချွန်းနီ မျက်လုံးများ တောက်ပသွားပြီး ကျန်းချင်းဟန်ကို လေးစားအားကျစွာ ကြည့်နေလေသည်။

မြေးမလေး အလွန်ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျန်းချင်းဟန်မှာ ဆီးသီးသကြားချောင်း ရောင်းသူကို ညတွင်းချင်းဖမ်းခေါ်လာပြီး တစ်နာရီကြာအောင် လုပ်ခိုင်းခဲ့ရသည်မှာ တန်သည်ဟု ခံစားလိုက်ရ၏။

“သမီး ကြိုက်ရင် ယူ၊ ပြီးတော့ သမီးရဲ့ အစ်ကိုတွေ၊ အစ်မတွေနဲ့ မျှစားကြလေ”

ထိုစကားကို ကြားသောအခါ ချွန်းနီ ချက်ချင်းပင် ဆီးသီးသကြားချောင်း တစ်ချောင်းကို ဆွဲယူကာ ကျန်းချင်းဟန်၏နှုတ်ခမ်းနားသို့ တေ့ပေးလိုက်၏။

All Chapters