အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂) - စမ်းသပ်ခြင်း
လင်းဖန်နှင့် ဟိုမင်တို့ ဂိုဏ်းသို့ ပြန်ရောက်သောအခါ ရရှိခဲ့သည့်ညွှန်ကြားချက်များမှာ နောက်ထပ် တာဝန်များအတွက် ပြင်ဆင်ရန်နှင့် အနားယူရန်ပင် ဖြစ်သည်။
သူတို့၏ နောက်တစ်ဆင့်မှာ ထိုက်တောင်ပေါ်ရှိလီရုံအား ဖြေရှင်းရမည့်ကိစ္စဖြစ်နိုင်ကြောင်းကို လင်းဖန် တွက်ဆထားလေသည်။
ဟုန်ဖုန်းမြို့အား သူမ တိုက်ခိုက်ခဲ့ပြီးနောက် ချင်ဖုန်းဂိုဏ်းနှင့် ဧကရာဇ်တို့အနေဖြင့် ထိုနေရာတွင် သူမရှိနေခြင်းအပေါ် မျက်ကွယ်ပြုထားရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
သို့သော် လာမည့်အရာများအတွက် ကြိုတင်ပြင်ဆင်ရန် သူ အချိန်ရသေးသည်။
…
နောက်တစ်နေ့…
သစ်သားတဲ…
တစ်ရက်တာ အနားယူပြီးနောက် လင်းဖန် ပထမဆုံးလုပ်ချင်သည့်အရာမှာ သူ၏ သားရဲစွမ်းရည်ကို အဆင့်မြှင့်တင်ရန်ပင် ဖြစ်သည်။
သစ်သားတဲအပြင်ဘက်တွင်ရပ်ရင်း စိတ်ထဲမှနေ၍ စနစ်၏ အချက်အလက်ပြဇယားကို ခေါ်ထုတ်လိုက်လေသည်။
[လက်ရှိသားရဲစွမ်းရည် - ၃/၃]
[တောယုန်စွမ်းရည်အဆင့် - ၂/၃]
[ဝံပုလွေစွမ်းရည်အဆင့် - ၃/၃]
[မီးပုတ်သင်စွမ်းရည်အဆင့် - ၂/၃]
[လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် - ၇ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၆၄၀၀ လိုအပ်သည်)]
[လက်ရှိကလဲ့စားချေအမှတ် - ၅၀၀၀]
[သားရဲစွမ်းရည်အား အဆင့်မြှင့်တင်မည်လား - ဟုတ် / မဟုတ်]
သူတော်စင်မိန်းကလေး၏ တပည့်များကို သတ်ဖြတ်ပြီးနောက် ကလဲ့စားချေအမှတ် ၅၀၀၀ စုဆောင်းမိခဲ့လေပြီ။
ကျန်ရှိနေသေးသော စွမ်းရည်နှစ်ခုထဲမှ တစ်ခုကို အဆင့်မြှင့်တင်ရန် လုံလောက်နေပေသည်။
လင်းဖန်က မီးပုတ်သင်စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
မူလမြေကြီးခံတပ်၏ ကာကွယ်မှုအာနိသင်နှင့် ကနဦးပွင့်အာခြင်း၏ ပြန်လည်ကုစားခြင်းအာနိသင်တို့ကြောင့် လီရုံနှင့်တိုက်ပွဲတွင် သူ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
တောယုန်၏စွမ်းရည်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် ယခုအချိန်အထိ လုံလောက်နေဆဲ ဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် သူက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
‘မီးပုတ်သင်စွမ်းရည်ကို အဆင့်မြှင့်မယ်...’
[ဒင်]
[မီးပုတ်သင်စွမ်းရည် အဆင့်မြှင့်တင်ခြင်း အောင်မြင်ပါသည်]
[မူလမြေကြီးခံတပ်မှ ရှေးဦးမူလတိုက်တန်အကာအကွယ်အဖြစ်သို့ ပြောင်းလဲသွားပါသည် - ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်အောက်ရှိ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိလာမည်။ တိုက်ခိုက်မှုစွမ်းအားအချို့ကို တိုက်ခိုက်သူထံသို့ ပြန်လည်ရိုက်ဟပ်စေသည်]
[မြေခွဲခြေဆောင့်မှ မြေငလျင်ပြတ်ရွေ့အဖြစ်သို့ ပြောင်းလဲသွားပါသည် - ခြေဆောင့်ချက်သည် အသုံးပြုသူ ရွေးချယ်သည့်ပုံစံအတိုင်း မြေပြင်ကို အက်ကွဲစေမည်ဖြစ်ပြီး တည့်မတ်စွာအက်ကွဲခြင်း သို့မဟုတ် အသုံးပြုသူကိုဗဟိုပြုကာ စက်ဝိုင်းပုံစံ မြေငလျင်လှိုင်းတစ်ခုကို ဖန်တီးနိုင်မည်]
[ကနဦးပွင့်အာခြင်းမှ စိမ်းလန်းသောပြန်လည်မွေးဖွားခြင်းအဖြစ်သို့ ပြောင်းလဲသွားပါသည် - ဒဏ်ရာပျောက်ကင်းခြင်းနှင့် ပြန်လည်ကုစားခြင်းတို့သည် အနီးအနားရှိ မြေကြီးနှင့်အပင်များထံမှ စွမ်းအင်ကို အသုံးပြုပါသည်]
သူ လုပ်နိုင်သည့်အရာများကို မြင်တွေ့ရသောအခါ လင်းဖန်သည် ထိုအဆင့်မြှင့်တင်မှုအပေါ် အားရကျေနပ်သွားလေသည်။
သူက တူတစ်လက်ကို ထုတ်ယူလိုက်ပြီး ရှေးဦးမူလတိုက်တန်အကာအကွယ်ကို အသက်သွင်းကာ သူ၏ လက်မောင်းပေါ်သို့ ရိုက်ချလိုက်တော့သည်။
ဒေါင်...
ရှေးဦးမူလတိုက်တန်အကာအကွယ်မှ သူ၏ရိုက်ချက်စွမ်းအားအချို့ကို ပြန်လည်ရိုက်ဟပ်လာသောကြောင့် တူမှာ အနောက်သို့ ပြန်ကန်ထွက်သွားလေသည်။
စွမ်းရည်အသစ်အား စမ်းသပ်မှုအပေါ် ကျေနပ်သွားပြီးနောက် လင်းဖန်သည် လှည့်ကာ တောအုပ်ထဲသို့ ဝင်ရောက်သွားလေသည်။
မိစ္ဆာသားရဲအမြုတေများနှင့် ကလဲ့စားချေအမှတ်များကို ပိုမိုစုဆောင်းရမည့် အချိန်ပင်ဖြစ်သည်။
…
ထိုက်တောင်…
လီရုံသည် သူမ၏ းရှေ့တွင်ရှိနေသော အရာအပေါ်သို့ အပြည့်အဝ အာရုံစိုက်ထားလေသည်။
၎င်းမှာ အကျယ်နှစ်မီတာရှိသော အစီအရင်တစ်ခုဖြစ်ပြီး အလယ်တွင် အသားစတစ်စ ရှိနေပေသည်။
လီရုံက လက်များကို မြှောက်လိုက်ရာ သူမလက်ထဲမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုအလင်းတန်းသည် အစီအရင်၏အလယ်ဗဟိုသို့ ဝင်ရောက်သွားပြီး မြေပြင်ပေါ်တွင် ရေးဆွဲထားသော မန္တန်စာသားများကို တောက်ပလာစေသည်။
ကျန်းရီနျန်ထံမှရရှိထားသော ထိုအသားစသည် ရေပြတ်နေသော ငါးတစ်ကောင်ကဲ့သို့ တဖျပ်ဖျပ် လူးလွန့်လာချေပြီ။
ပြန်လည်ကုစားနိုင်သောစွမ်းရည်၏ အဆီအနှစ်ကိုထုတ်ယူရန် ကြိုးစားနေစဉ် လီရုံ၏နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ ကျလာလေတော့သည်။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူများ၏ ပြန်လည်ကုစားနိုင်စွမ်းက အမှောင်အရှင်ကို လက်ရှိ အသားတစ်စအခြေအနေမှ လူသားပုံစံအဖြစ်သို့ ပြန်လည်အသက်ဝင်လာစေရန် ကူညီပေးနိုင်ပေလိမ့်မည်။
နီရဲတောက်ပနေသော အရည်စက်များက အသားတုံးဆီမှ ဖြည်းဖြည်းချင်း ယိုဖိတ်ကျလာလေသည်။
တပည့်တစ်ယောက်က ဆေးပုလင်းတစ်လုံးဖြင့် ထိုအရည်စက်များကို အမြန်ဆုံး ခံယူလိုက်သည်။
နောက်ဆုံးတွင် လီရုံ၏ချီစွမ်းအင်များ ကုန်ဆုံးသွားသဖြင့် သူမဆီမှထွက်ပေါ်နေသော အနီရောင်အလင်းတန်းများ ရပ်တန့်သွားတော့သည်။
“သူတော်စင်မိန်းကလေး...”
သူမ မတ်တတ်ရပ်နိုင်ရန် ရုန်းကန်နေရစဉ် အနောက်ဘက်တွင်ရပ်နေသော တပည့်များက အမြန်ရှေ့တိုးလာပြီး တွဲကူပေးလိုက်ကြသည်။
လီရုံက ဆေးပုလင်းကိုင်ထားသော တပည့်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ဒီကို ယူလာခဲ့...”
တပည့်ဖြစ်သူက ခါးကိုကိုင်းကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အမြန် လျှောက်လာလေသည်။
“ဒီမှာပါ သူတော်စင်မိန်းကလေး...”
လီရုံက တပည့်ဖြစ်သူထံမှ ဆေးပုလင်းကို ယူလိုက်ပြီး အတွင်းသို့ ကြည့်လိုက်သည်။
နီရဲတောက်ပနေသောအရည်များက ဆေးပုလင်း၏ လေးပုံတစ်ပုံပင် မပြည့်သေးပေ။
ဤပမာဏက အမှောင်အရှင်ကို ပြန်လည်အသက်သွင်းရန် လုံလောက်မည် မဟုတ်ချေ။
သူမအနေဖြင့် စွန့်စားရပေတော့မည်။
တပည့်ဖြစ်သူက ရိုသေစွာ မေးလိုက်သည်။
“သူတော်စင်မိန်းကလေး... ကျွန်တော်တို့ မြောက်ဘက်ကိုသွားပြီး အမှောင်အရှင်နဲ့ သွားရောက် ပူးပေါင်းသင့်သလား...”
သူမက တပည့်ဖြစ်သူကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
“မလိုဘူး... ဟော်ရန်ယိ ရောက်လာတဲ့အခါ သူ့ကို ဒီပုလင်းပေးလိုက်... ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေရောက်လာရင် သူတို့ဆီကနေ ပိုပြီးစုဆောင်းနိုင်ဖို့ ငါတို့ ဒီမှာပဲ ဆက်နေမယ်...”
သူမသည် အမှောင်အရှင်အတွက် မည်သည့်အရာကိုမဆိုစွန့်လွှတ်ရန် ဆန္ဒရှိနေပေသည်။
သူမ၏ ကိုယ်ပိုင်အသက်အား စွန့်လွှတ်ရမည်ဆိုလျှင်ပင် တွန့်ဆုတ်လိမ့်မည်မဟုတ်ပေ။
“ဟုတ်ကဲ့ပါ သူတော်စင်မိန်းကလေး...”
တပည့်ဖြစ်သူက အရိုအသေပေးကာ ထွက်သွားလေတော့သည်။
“မင်းတို့အားလုံး တိုက်ပွဲဝင်ဖို့ပြင်ဆင်ထားကြ... ဟန်ဆောင်ကောင်းတဲ့ တရားမျှတသူဆိုတဲ့ကောင်တွေ မကြာခင် ငါတို့ဆီ ရောက်လာတော့မယ်... ငါတို့ရဲ့စွမ်းအားတွေကို သူတို့မြင်တွေ့အောင် ပြသပေးလိုက်ကြ...”
“ဟုတ်ကဲ့ပါ သူတော်စင်မိန်းကလေး...”
လီရုံက ညွှန်ကြားချက်များ ပေးလိုက်ပြီးနောက် တပည့်များက တစ်သံတည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
…
ဓားတစ်သန်းခန်းမ…
တောင်ထွတ်သခင်များသည် ချင်ဖုန်းဂိုဏ်း၏ နောက်ထပ်လှုပ်ရှားမည့် အစီအစဉ်များကို ဆွေးနွေးရန် စုဝေးနေကြသည်။
ဟွမ်ယွမ်ခွန်းက သတင်းကောင်းတစ်ခုဖြင့် စတင်ပြောဆိုလိုက်သည်။
“အရှေ့ဟွမ်ပြည်နယ်ထဲက နန်အန်းရွာမှာ သိုင်းဦးလေးကို နောက်ဆုံးတွေ့ခဲ့ရတယ်ဆိုပြီး ကျွန်တော်တို့ သတင်းရထားတယ်...”
ကျန်းရီနျန်က ပြောလိုက်သည်။
“ဒါဆိုရင် သူ့ကို တတ်နိုင်သမျှ မြန်မြန်သွားရှာဖို့ လူတစ်ယောက်ယောက်ကိုစေလွှတ်တာ အကောင်းဆုံးပဲ...”
အခြားသော တောင်ထွတ်သခင်များကလည်း ထိုအကြံပြုချက်ကို ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ဟွမ်ယွမ်ခွန်းက ထိုအခွင့်အရေးကိုအရယူကာ သူ့ကိုယ်သူ အကြံပြုလိုက်လေသည်။
“လင်းဖန်၊ ဟိုမင်တို့နဲ့အတူ ကျွန်တော့်ကိုသွားခွင့်ပြုပါ... သိုင်းဦးလေးက သူတို့အပေါ် အမြင်ကောင်းရှိတယ်... သူတို့ကသာ သွားရောက်ဖြောင်းဖျမယ်ဆိုရင် သိုင်းဦးလေးလည်း ဝမ်းသာအားရနဲ့ ပြန်လာမှာပါ...”
တောင်ထွတ်သခင်များကလည်း ထိုကိစ္စကို ကန့်ကွက်ခြင်း မရှိကြပေ။
ကျောက်ချင်းယင်သာ ပြန်လည်ရောက်ရှိလာမည်ဆိုပါက သူတို့၏ အောင်မြင်နိုင်စွမ်းမှာ ပိုမိုမြင့်မားလာမည် ဖြစ်ပေသည်။
ထိုကိစ္စကိုဖြေရှင်းပြီးနောက် သူတို့အားလုံး၏ အာရုံက ကျောက်မင်ယဲ့ဆီသို့ ရောက်သွားလေသည်။
ကျန်းရီနျန်က မေးလိုက်သည်။
“အကြီးအကဲရဲ့ အလောင်းဆီကနေ အသုံးဝင်မယ့် အချက်အလက် တစ်ခုခုများ ရလိုက်သေးလား...”
ကျောက်မင်ယဲ့က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးနောက် စတင်ရှင်းပြလေတော့သည်။
“သူတို့က စမ်းသပ်မှုတွေလုပ်ဖို့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေကို ဖမ်းဆီးပြန်ပေးဆွဲဖို့ ကြိုးစားနေကြတာ...”
“အမှောင်အရှင်က အခုအချိန်မှာ သေမထူးနေမထူးအခြေအနေကို ရောက်နေတယ်...”
“အသက်ရှင်နေတာ မဟုတ်သလို သေဆုံးနေတာလည်း မဟုတ်ဘူး...”
“သူက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ဝိညာဉ်ကို ပြန်လည်ကုစားဖို့ လိုအပ်နေတယ်...”
“ဒါကြောင့်ပဲ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေအပေါ် အခုလို စမ်းသပ်မှုတွေ လုပ်ဆောင်နေတာပဲ...”
ထိုစကားများကို ကြားလိုက်ရသောအခါ ကျန်းရီနျန် မျက်မှောင်ကြုတ်သွားလေသည်။
သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်အား လူသိများလာစေရန် ဆန္ဒရှိခဲ့သော်လည်း ဤကဲ့သို့သောအခြေအနေမျိုးဖြင့် ကျော်ကြားလာမည်ကို လုံးဝ မျှော်လင့်မထားခဲ့ချေ။
“အမှောင်အရှင်ကို ပြန်လည်အသက်သွင်းနိုင်မယ့်နည်းလမ်းကို သူတို့ ရှာမတွေ့ခင်မှာ ဒီစမ်းသပ်မှုတွေကို ငါတို့ အမြန်ဆုံး တားဆီးရမယ်...”