အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) - ရေမျောက်ဝံ
ရှောင်ထောင်၏ဖခင် လောင်မုန့်သည် ဆိပ်ကမ်း၌ သူတို့ကို စောင့်ဆိုင်းနေသည်။
သူ့ညာဘက်လက်တွင် ပတ်တီးများစည်းနှောင်ထားပြီး ဒူးတွင်ရရှိထားသော ဒဏ်ရာများကြောင့် ခြေတရွတ်တိုက်ကာ လမ်းလျှောက်နေရသည်။
“အဖေ... သမီးတို့ မနက်စာကို ကောင်းကောင်းစားခဲ့တယ်... ပြီးတော့ အဖေ့အတွက်လည်း တချို့ယူလာခဲ့တယ်... ဒီမှာ...”
ရှောင်ထောင်သည် ပြေးသွားပြီး တည်းခိုခန်းမှယူလာသော မနက်စာများကို ဖခင်ဖြစ်သူထံ ကမ်းပေးလိုက်လေသည်။
လောင်မုန့်က သစ်သားဘူးတစ်လုံးကိုဖွင့်လိုက်ပြီး အထဲရှိအရာများကို ကြည့်လိုက်သည်။
ပေါက်စီများ၊ ဖက်ထုပ်များ၊ အသားများနှင့် ခေါက်ဆွဲများပင် ဖြစ်ပေသည်။
သူ အမြဲတမ်းစားနေကျ အစားအစာများနှင့်နှိုင်းယှဉ်လျှင် ထိုအရာက စားသောက်ပွဲကြီးတစ်ခုနှင့် တူပေသည်။
လောင်မုန့်သည် လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ထံသို့ အမြန်လျှောက်လာခဲ့သည်။
သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပေးလိုက်လေသည်။
“သခင်လေးတို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်...”
“ကျုပ်က လောင်မုန့်ပါ... သခင်လေးတို့ကို ကျုပ်ကိုယ်တိုင် လှေနဲ့ခေါ်သွားချင်ပေမယ့် ရှောင်ထောင်က ခွင့်မပြုဘူး...”
“သူက ကျုပ်ရဲ့ဒဏ်ရာတွေကို စိတ်ပူနေတုန်းမို့လို့ ကျုပ်ကိုယ်စား သူပဲ လိုက်သွားပေးပါလိမ့်မယ်...”
“ဒါပေမယ့် ဒီဒေသတစ်ဝိုက်က ပင်လယ်ပြင်အကြောင်းကို သူကောင်းကောင်းသိပါတယ်... သူက ငယ်ငယ်လေးကတည်းက ကျုပ်ကို ကူညီပေးခဲ့တာပါ...”
လောင်မုန့်က ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး စကားတစ်ခွန်း ပြောလိုက်သည်။
“ကျုပ်တို့ နားလည်ပါတယ်... ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီးတော့ပဲ ကျုပ်တို့ ပေးချေမယ်...”
“စိတ်မပူပါနဲ့... သမီး အကောင်းဆုံးကြိုးစားပါ့မယ်... လှေပေါ် တက်ကြပါ...”
ရှောင်ထောင်သည် အနီးနားရှိလှေပေါ်သို့ ခုန်တက်ရင်း ပြောလိုက်လေသည်။
၎င်းသည် ငါးမီတာခန့်ရှည်သော လှေငယ်လေးတစ်စင်းဖြစ်ပြီး သူတို့လေးယောက်သာ အံဝင်ခွင်ကျ စီးနင်းနိုင်ပေသည်။
ရှောင်ထောင်သည် ရွက်ကို အမြန်တင်လိုက်ပြီးနောက် သူတို့သည် ဆိပ်ကမ်းမှ စတင် ထွက်ခွာလာကြတော့သည်။
ခဏအကြာတွင်…
ဟွမ်ယွမ်ခွန်းသည် လက်ထဲတွင် ယပ်တောင်ကိုကိုင်ထားရင်း လှေ၏ရှေ့ပိုင်း၌ ရပ်နေသည်။
သူက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။
“ဒီရေတွေက ခေါ်ဆောင်နေတယ်... လေပြင်းတွေကလည်း တိုက်ခတ်နေတယ်...”
“လူတွေက ပင်လယ်နဲ့ ကောင်းကင် ထိစပ်နေတဲ့နေရာဆီ လှေတွေကို ခုတ်မောင်းသွားကြတယ်...”
“လက်ထဲမှာ လှော်တက်တွေကို ကိုင်ထားပြီး ရဲရင့်တဲ့ နှလုံးသားတွေနဲ့အတူ...”
“ငွေရောင်ငါးတွေနဲ့ မပြောပြရသေးတဲ့ ပုံပြင်တွေကို လိုက်လံရှာဖွေကြတယ်...”
ဝေါ့ကနဲ အသံထွက်ပေါ်လာသည်။
သူ ကဗျာရွတ်ဆိုပြီးသွားသောအခါ ဟိုမင်သည် လှေဘေးသို့သွားကာ အန်ချလိုက်တော့သည်။
ဟွမ်ယွမ်ခွန်းက ဟိုမင်ကိုကြည့်ကာ ပခုံးတွန့်ရင်း မေးလိုက်သည်။
“အဲဒီလောက်ကြီး ဆိုးဆိုးရွားရွားတော့ မဖြစ်နိုင်ဘူးမလား...”
လင်းဖန်က မျက်လုံးလှန်ကြည့်ရင်း ဆိုလိုက်သည်။
“သူက လှိုင်းမူးနေတာနေမှာပါ... ဒါပေမယ့် နှစ်ခုလုံးလည်းဖြစ်နိုင်တာပဲ...”
“ကျွန်မတို့ ကျောက်ဆောင်ဂူတွေနား ရောက်နေပြီ... အဲဒါတွေက အရှေ့တည့်တည့်မှာပဲ...”
ရှောင်ထောင်သည် သူတို့၏နောက်ပြောင်နေမှုကြားမှ ဝင်ပြောလိုက်ပြီး ရှေ့သို့ လက်ညှိုးထိုးပြလိုက်လေသည်။
လင်းဖန်သည် လှေ၏ရှေ့ပိုင်းသို့ လျှောက်သွားလိုက်ပြီးနောက် မျက်စိမှေးကာ ကျောက်ဆောင်ဂူများကိုကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် အလှမ်းဝေးနေဆဲဖြစ်ပြီး သူမြင်နိုင်သမျှမှာ ကျောက်တုံးအချို့သာ ဖြစ်ပေသည်။
သာမန်မျက်စိဖြင့်ဆိုလျှင် အနိုင်နိုင်သာ မြင်တွေ့နိုင်စွမ်း ရှိလေသည်။
သူတို့၏ပတ်ပတ်လည်တွင် ပိုက်ချနေသော အခြားငါးဖမ်းလှေအချို့လည်း ရှိနေသည်။
သူတို့နှင့် လားရာတူသည့်ဘက်သို့ သွားနေသူများမှာ အလွန်နည်းပါးပေသည်။
ဗွမ်း…
ရုတ်တရက် လင်းဖန်သည် သူ၏ညာဘက်မှ ကျယ်လောင်သော ရေပက်သံတစ်ခုကို ကြားလိုက်ရသဖြင့် စစ်ဆေးရန် လှည့်ကြည့်လိုက်သည်။
ငြိမ်သက်နေသော အပြာရောင်ပင်လယ်ပြင်မှလွဲ၍ သူ ဘာကိုမှ မမြင်တွေ့ခဲ့ရချေ။
ငါးအချို့ဖြစ်နိုင်ကြောင်း တွေးလိုက်မိကာ လှည့်လိုက်ပြီး ကျောက်ဆောင်ဂူများဆီသို့သာ အာရုံပြန်စိုက်လိုက်လေသည်။
ဒေါက်…
ယခုတစ်ကြိမ်တွင် သူသည် လှေကိုယ်ထည်အား တစ်စုံတစ်ရာမှ ခေါက်နေသည့်အသံကို ကြားလိုက်ရသည်။
“ဟိုမင်... တစ်ဖက်ကို သွားစစ်ကြည့်လိုက်ဦး...”
လင်းဖန်က ပြောလိုက်သည်။
သူသည် လှေဘေးသို့ သွားလိုက်ပြီးနောက် နက်မှောင်နေသော ရေပြင်အတွင်းသို့ စူးစိုက်ကြည့်လိုက်သည်။
ဘာမျှ မရှိပေ။
“လင်းဖန်... ကြည့်လိုက်ဦး...”
ဟိုမင်က အော်ဟစ်လိုက်သဖြင့် လင်းဖန်သည် သူ့ဘေးသို့ အမြန်ပြေးသွားလိုက်လေသည်။
သူတို့၏လှေနှင့်ဝေးရာသို့ ကူးခတ်သွားသော အဖြူရောင်အရိပ်တစ်ခုကို အချိန်မီလေး မြင်တွေ့လိုက်ရသည်။
“ရေမျောက်ဝံလား...”
ရှောင်ထောင်သည် မယုံကြည်နိုင်စွာဖြင့် သူမ၏ခေါင်းကို ယမ်းလိုက်လေသည်။
ယင်းမှာ အမှန်တကယ် မဖြစ်နိုင်ချေ။
သူမသည် ဖြူဖွေးသောအလင်းတန်းရေးရေးလေး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း ဆွံ့အသွားခဲ့သည်။
လင်းဖန်ကမူ လွယ်လွယ်နှင့် မယုံကြည်နိုင်သေးပေ။
သူသည် နဂါးဟိန်းသံလှံကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ရေပြင်ဆီသို့ လှံဖြင့် ထိုးနှက်လိုက်သည်။
ဘုန်း...
လှံချက်မှ ထွက်ပေါ်လာသော လှိုင်းလုံးသည် ရေပြင်ကို ထိမှန်သွားသည်နှင့် ရေပြင်တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ဧရာမရေပန်းကြီးတစ်ခုအလား အထက်သို့ ပန်းထွက်သွားလေသည်။
ခဏအကြာတွင် ရေပြင်သည် ယခင်ကဲ့သို့ပင် ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ထို့နောက် ရေပြင်ထက်တွင် တဖြည်းဖြည်းနှင့် နီရဲသော သွေးစွန်းရာတစ်ခု ပေါ်လာလေသည်။
လင်းဖန်၏တိုက်ကွက်သည် ရေမျောက်ဝံကို ထိမှန်သွားခဲ့ချေပြီ။
ဟိုမင်သည် ရေထဲသို့ခုန်ဆင်းကာ ဆက်လက်လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လင်းဖန်က သူ့ကို လှေပေါ်သို့ ပြန်ဆွဲတင်လိုက်သည်။
လင်းဖန်က တားဆီးရင်း ပြောလိုက်သည်။
“ဒီနေရာက ငါတို့ တိုက်ခိုက်ဖို့ သင့်တော်တဲ့နေရာမဟုတ်ဘူး...”
သူသည် ရေထဲသို့ဆင်းကာ အန္တရာယ်မစွန့်စားလိုပေ။
ဤကိစ္စ၏နောက်ကွယ်တွင် မည်သူရှိနေသည်ကို လင်းဖန် ရိပ်မိနေပြီးသားဖြစ်သည်။
ရေထဲတွင်ဆိုလျှင် သူတို့သည် တံငါသည်များလောက် ကျွမ်းကျင်မှုမရှိကြပေ။
ရွာသို့ ပြန်ရောက်သည့်အခါမှသာ ထိုသူများနှင့် စာရင်းရှင်းရပေမည်။
…
လူတစ်ယောက်သည် ရေထဲမှ ကူးခတ်တက်လာပြီး အသည်းအသန် အော်ဟစ်အကူအညီတောင်းလိုက်သည်။
“အား... ကယ်ကြပါဦး...”
နှုတ်ခမ်းမွေးရှည်နှင့်လူသည် လှေနားသို့ တိုးကပ်လာပြီး မေးလိုက်သည်။
“မင်း သူတို့ကို ခြောက်လှန့်ပြီး မောင်းထုတ်လိုက်နိုင်ပြီလား...”
ထိုလူသည် ရေပေါ်ပေါ်နေရန် အသည်းအသန်ကြိုးစားနေပြီး သူ၏မျက်နှာမှာ ဖြူလျော်နေတော့သည်။
“ဟုတ်တယ်... ငါ လုပ်နိုင်ခဲ့တယ်... ဒါပေမဲ့ ငါ သွေးထွက်လွန်ပြီး သေတော့မယ်... ငါ့ကို လှေပေါ် အမြန်ဆွဲတင်ပေးကြပါဦး...”
အခြားလူများကလည်း လျင်မြန်စွာပင် ရှေ့သို့ တိုးလာကြပြီး ထိုလူကို လှေပေါ်သို့ ဆွဲတင်လိုက်ကြသည်။
ထိုလူ၏ ကျောပြင်ကြီးတစ်ခုလုံး ဟက်တက်ကွဲပြဲနေသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။
သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နှုတ်ခမ်းမွေးရှည်နှင့်လူကို မေးလိုက်ကြသည်။
“ငါတို့ အခု ဘာဆက်လုပ်ကြမလဲ...”
နှုတ်ခမ်းမွေးရှည်နှင့်လူသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“အရင်ဆုံး သူ့ဒဏ်ရာကိုစည်းပေးပြီး သွေးတိတ်အောင် လုပ်လိုက်ကြ...”
သူသည် လူတစ်ယောက်အား ရေမျောက်ဝံအဖြစ် ဟန်ဆောင်ခိုင်းကာ လင်းဖန်နှင့် အခြားသူများကို ခြောက်လှန့်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုနူးညံ့သိမ်မွေ့ဟန်ရှိသော ကျင့်ကြံသူများသည် ဤမျှအထိသန်မာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
သို့သော် ယခုအချိန်တွင်မူ သူ့အတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။
ဗွမ်း...
နှုတ်ခမ်းမွေးရှည်နှင့်လူသည် လှေနားမှ ပြင်းထန်သော ရေပန်းထွက်သံကို ကြားလိုက်ရသည်။
အခြားလူများလည်း ထိုအသံကို ကြားလိုက်ရသဖြင့် လက်ရှိလုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ကြသည်။
သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။
“မင်းတို့ အဲဒီအသံကို ကြားလိုက်ကြလား...”
အားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။
ဒေါက်...
ဒေါက်...
ဒေါက်...
နောက်တစ်ခဏ၌ လှေနံရံကို ခေါက်သည့်အသံများ ထွက်ပေါ်လာလေသည်။
နှုတ်ခမ်းမွေးရှည်နှင့်လူသည် တံတွေးတစ်ချက်ကို ခက်ခဲစွာမျိုချလိုက်ပြီးနောက် အခြေအနေကိုစစ်ဆေးရန် လှေနံဘေးသို့ တိုးကပ်သွားခဲ့သည်။
သူသည် ကိုယ်ကိုညွှတ်ကာ နက်မှောင်နေသော ရေပြင်ထဲသို့ ငုံ့ကြည့်လိုက်သည်။
နှုတ်ခမ်းမွေးရှည်နှင့်လူသည် ထိုအတိုင်း ရေပြင်ကိုငုံ့ကြည့်ရင်း အကြာကြီး ငြိမ်သက်နေသဖြင့် အခြားလူတစ်ယောက်က မေးလိုက်သည်။
“မင်း တစ်ခုခု တွေ့လို့လား... ငါတို့ကို လာပြီး နောက်မနေနဲ့နော်... မဟုတ်ရင်တော့ ငါ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုရလိမ့်မယ်...”
သူသည် တဖြည်းဖြည်း လျှောက်သွားပြီး နှုတ်ခမ်းမွေးရှည်နှင့်လူ ဘာလုပ်နေသည်ကိုသိရှိရန် ငုံ့ကြည့်လိုက်သည်။
တောက်...
သူ မြင်လိုက်ရသည်မှာ နှုတ်ခမ်းမွေးရှည်နှင့်လူ၏ ဦးခေါင်းမှာ မရှိတော့ဘဲ လည်ပင်းပြတ်မှသွေးများ ရေထဲသို့စီးကျနေသည့် ပုံရိပ်ပင်ဖြစ်သည်။
သူ အော်ဟစ်ရန် ပြင်လိုက်သော်လည်း မအော်နိုင်ခင်မှာပင် ရေထဲမှ တစ်စုံတစ်ခုသည် ရုတ်တရက် ပန်းထွက်လာပြီး သူ့ထံသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။
ဖျန်း...
သူ၏ ဦးခေါင်းသည်လည်း နှုတ်ခမ်းမွေးရှည်နှင့်လူကဲ့သို့ပင် ပြတ်ထွက်သွားပြီးနောက် သူ၏ အသိစိတ်များ ချုပ်ငြိမ်းသွားခဲ့တော့သည်။
လှေနံဘေးတွင်ရပ်နေသော ထိုနှစ်ယောက်မှာ မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ ငြိမ်သက်နေသည်ကိုမြင်ရသဖြင့် ကျန်ရှိနေသောလူများမှာ စိုးရိမ်ပူပန်လာကြတော့သည်။
ထို့ကြောင့် သူတို့သည် အခြေအနေကို စစ်ဆေးရန်အတွက် အတူတကွ တိုးကပ်သွားကြသည်။