အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) - ရွှေရောင်အလင်းတန်း
ဝုန်း...
လှေတစ်ပြင်လုံးသို့ ရေပန်းများ စင်သွားလေသည်။
ရေအောက်မှ သားရဲအချို့ခုန်ထွက်လာပြီး လှေပေါ်သို့ ကျရောက်လာလေသည်။
ထိုသားရဲများသည် ဖြူဖျော့သောအရေပြား၊ ရေယက်များပါသည့် ခြေလက်များနှင့် မျောက်တစ်ကောင်နှင့်တူသော ဦးခေါင်းကို ပိုင်ဆိုင်ထားကြလေသည်။
ရေမျောက်ဝံများသည် တံငါသည်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
တံငါသည်များ နောက်ဆုံးမြင်လိုက်ရသည်မှာ သူတို့ဆီသို့ ဟက်တက်ပွင့်လျက် ဦးတည်လာနေသော ရေမျောက်ဝံများ၏ သွေးညှီနံ့နံနေသည့် ပါးစပ်ကြီးများသာ ဖြစ်ချေသည်။
ရွှစ်...
လှေကုန်းပတ်တစ်ခုလုံးသို့ သွေးများ ပန်းထွက်သွားလေသည်။
မကြာမီအချိန်အတွင်းမှာပင် အရာအားလုံး ငြိမ်သက်သွားလေသည်။
ထိုနေရာတွင် ကြားနေရသည်မှာ ရေမျောက်ဝံများ၏ အသားဝါးစားသံများသာ ဖြစ်တော့သည်။
…
လှေကလေး နီးကပ်လာသောအခါ ရှောင်ထောင်က လှမ်းပြောလိုက်သည်။
“ကျွန်မတို့ ကျောက်ဆောင်လိုဏ်ဂူတွေဆီ ရောက်ပြီ...”
ကျောက်ဆောင်လိုဏ်ဂူများသည် ပင်လယ်အလယ်ရှိ ဧရာမကျောက်ဆောင်ကြီးတစ်ခု၏ အစိတ်အပိုင်းများ ဖြစ်ပေသည်။
သေးငယ်သောလိုဏ်ဂူအချို့နှင့် ဧရာမလိုဏ်ဂူကြီးတစ်ခုကို မြင်တွေ့နိုင်လေသည်။
လင်းဖန်က အကြံပြုလိုက်သည်။
“ဒီလိုဏ်ဂူကြီးထဲမှာ ဘာရှိလဲဆိုတာ သွားကြည့်ကြရအောင်...”
အကယ်၍ ရွှေရောင်နတ်ကွန်းအကြောင်း ကောလာဟလသာအမှန်ဆိုပါက ထိုကဲ့သို့သော ဆန်းကြယ်သည့်ဖြစ်စဉ်မျိုးမှာ ဤဧရာမလိုဏ်ဂူကြီးအတွင်း၌သာ ရှိနိုင်ပေသည်။
ရှောင်ထောင်သည် ညွှန်ကြားချက်အတိုင်း လှေကို ဧရာမလိုဏ်ဂူကြီးဆီသို့ ဦးတည်မောင်းနှင်လိုက်သည်။
ဧရာမလိုဏ်ဂူကြီးနှင့် နီးကပ်လာသည်နှင့်အမျှ လှေကလေးမှာ ပိုမိုပြင်းထန်စွာ လှုပ်ခါလာလေသည်။
လိုဏ်ဂူဝအနီးရှိ ရေစီးကြောင်းမှာ အလွန်ကြမ်းတမ်းလှသဖြင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်ရန် လှေနံဘေးကို မြဲမြံစွာ ကိုင်ထားကြရသည်။
“အား...”
လှေဦးပိုင်းသည် ရုတ်တရက် အပေါ်သို့ မြင့်တက်သွားသဖြင့် ရှောင်ထောင်သည် ပင်လယ်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် လင်းဖန်သည် လျင်မြန်လှသဖြင့် သူမကို အချိန်မီ လှမ်းဖမ်းဆွဲထားနိုင်လိုက်သည်။
ရှောင်ထောင်သည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းမတ်လိုက်ရင်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့မှာမူ လှေအရမ်းမူးနေသဖြင့် မျက်နှာများ ဖြူဖျော့နေကြပြီ ဖြစ်သည်။
သို့သော် လှေကလေးမှာ ဧရာမလိုဏ်ဂူကြီးအတွင်းသို့ ဝင်ရောက်သွားသည့်အခါ ရေစီးကြောင်းများမှာ ပြန်လည်တည်ငြိမ်သွားလေသည်။
အတွင်းပိုင်းမှာ မှောင်မည်းပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။
တိတ်ဆိတ်ခြင်း…
လင်းဖန်သည် ဘေးလူများ၏ အသက်ရှူသံကိုပင် အတိုင်းသား ကြားနေရသည်။
လှေကလေးသည် လိုဏ်ဂူအတွင်းပိုင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။
ဟွမ်ယွမ်ခွန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ပြောလိုက်သည်။
“လျှို့ဝှက်နယ်မြေရဲ့ အရိပ်အယောင်တော့ မတွေ့ရသေးဘူး... ဒါကတော့ သေချာတယ်...”
ဟိုမင်သည် ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ရပ်ကာ ရှေ့ကို ကောင်းမွန်စွာမြင်တွေ့နိုင်ရန် ကြိုးစားလိုက်သည်။
သို့သော် လိုဏ်ဂူအတွင်းမှာ အလွန်မှောင်မည်းနေသဖြင့် ရှေ့ခပ်လှမ်းလှမ်းကိုပင် မမြင်နိုင်ကြချေ။
လင်းဖန်သည် အဆောင်ဆွဲပြားကိုအသုံးပြုရန် ဆုံးဖြတ်လိုက်ပြီး မီးတောက်သမင်အဖြစ်သို့ အသွင်ပြောင်းလိုက်လေသည်။
ဆတ်ချိုများပေါ်တွင် မီးတောက်များ တောက်လောင်လာပြီး မှောင်မည်းနေသော လိုဏ်ဂူအတွင်း၌ မှိန်ပျပျအလင်းရောင်ကို ပေးစွမ်းလိုက်သည်။
ထိုအခါ လိုဏ်ဂူနံဘေးတွင် တောင်ပုံရာပုံဖြစ်နေသော အရိုးစုများကို သူတို့ မြင်လိုက်ကြရသည်။
ထိုအရိုးစုများသည် လိုဏ်ဂူအတွင်းပိုင်းအထိ ရှည်လျားစွာ တန်းစီတည်ရှိနေကြသည်။
ရှောင်ထောင်သည် တစ်ခါမျှမမြင်ဖူးသည့် မြင်ကွင်းကြောင့် ကြောက်လန့်တုန်လှုပ်သွားသည်။
“ဒါတွေက ဘာတွေလဲ...”
ဟိုမင်သည် သူမအနီးသို့သွားကာ နှစ်သိမ့်ပေးသည့်အနေဖြင့် ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။
လင်းဖန်သည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး သတိပေးလိုက်သည်။
“သတိအပြည့်ထားတာ အကောင်းဆုံးပဲ...”
ထိုမှောင်မည်းမှုထဲတွင် ဤအရိုးစုများသည် သားရဲများ၏ အရိုးများလော သို့မဟုတ် လူသားများ၏ အရိုးများလောဆိုသည်ကို သူ သေချာမသိချေ။
သို့သော် သေချာသည်မှာ ဤလိုဏ်ဂူအတွင်း၌ အမဲလိုက်သတ္တဝါတစ်ကောင် ရှိနေပေသည်။
ဝုန်း...
ရေလှိုင်းပုတ်သံကျယ်ကျယ်ကို သူ ထပ်မံ ကြားလိုက်ရပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် မိမိ၏လှံကိုထုတ်ယူကာ လက်ထဲ၌ မြဲမြံစွာဆုပ်ကိုင်ထားပြီး စစ်ဆေးရန် လှေနံဘေးမှတစ်ဆင့် ရေပြင်သို့ ငုံ့ကြည့်လိုက်သည်။
ဟွမ်ယွမ်ခွန်းသည်လည်း သူ၏ယပ်တောင်ကို ခါထုတ်လိုက်ရာ ဓားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဟိုမင်က ရှောင်ထောင်ကို သူ့နောက်သို့ ဆွဲပို့လိုက်ပြီးနောက် ဓားကို ဆွဲထုတ်လိုက်လေသည်။
လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် (၂၀)ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် (၂၀၀၀) ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ရေမျောက်ဝံများကို သုတ်သင်ပါ]
နောက်တစ်ခဏ၌ လင်းဖန်သည် ပါးစပ်အကြီးကြီးနှင့် မျောက်မျက်နှာတစ်ခု သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
သူသည် နဂါးဟိန်းသံလှံအား ရေမျောက်ဝံထံသို့ ထိုးချလိုက်သည်။
လှံသွားသည် ရေမျောက်ဝံကို ထိမှန်သွားပြီး သူ့၏ပါးစပ်ကို ဖောက်ထွက်သွားချေသည်။
သူသည် လွတ်မြောက်ရန်ရုန်းကန်ရင်း ရေများဖြင့် ပက်ဖျန်းနေလေသည်။
လင်းဖန်သည် လှေနံရံကိုအမှီပြုကာ အရှိန်ယူပြီး ရေမျောက်ဝံကို လှေပေါ်သို့ ဆွဲတင်လိုက်လေသည်။
ဘုန်း...
ရေမျောက်ဝံသည် ပြန်ထရန်ကြိုးစားသော်လည်း လင်းဖန်က လှံကို ပိုမိုနက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။
မကြာမီပင် ထိုရေမျောက်ဝံသည် လှုပ်ရှားမှု ကင်းမဲ့သွားတော့သည်။
လင်းဖန်က ကျန်ရှိနေသူများကို သတိပေးလိုက်လေသည်။
“သူတို့တွေ အများကြီး ရှိသေးတယ်...”
ဝုန်း...
နောက်တစ်စက္ကန့်တွင် လှေသည် ပြင်းထန်စွာဖြင့် တုန်ခါယိမ်းထိုးလာတော့သည်။
လင်းဖန်က လွတ်မြောက်နိုင်မည့်နည်းလမ်းကို စဉ်းစားရင်း အော်ဟစ်လိုက်လေသည်။
“မြဲမြဲကိုင်ထားကြ...”
ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် လေပွေဓားသိုင်းကိုအသုံးပြုကာ ရေထဲသို့ ဓားဖြင့် ထိုးနှက်လိုက်ကြသည်။
သို့သော် ရေထု၏ခုခံမှုကြောင့် လေပွေဓားလှိုင်းမှာ ဝေးဝေးသို့ မရောက်နိုင်ချေ။
လှေသည် အချိန်မရွေး မှောက်သွားနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
လင်းဖန်လည်း အခြားရွေးချယ်စရာမရှိသဖြင့် မီးတောက်သမင်၏ မိစ္ဆာသားရဲအမြုတေအား လျှပ်စီးဦးချိုမိကျောင်းအမြုတေနှင့် လျင်မြန်စွာ လဲလှယ်လိုက်ရလေသည်။
အားလုံးပြီးစီးသွားသောအခါ သူသည် ရေထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်တော့သည်။
ဝုန်း...
လင်းဖန် ပထမဆုံး ခံစားလိုက်ရသည်မှာ အေးစက်လှသော အထိအတွေ့ ဖြစ်ပေသည်။
ရေမျောက်ဝံများသည် လှေကိုမှောက်ရန် ကြိုးစားနေကြသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့သည် လင်းဖန်ကို မြင်လိုက်ရသောအခါ လှုပ်ရှားမှုများကိုရပ်တန့်လိုက်ပြီး သူ့ထံသို့ ဦးတည်၍ ကူးခတ်လာကြသည်။
ရေမျောက်ဝံတစ်ကောင်သည် အနီးသို့ ရောက်ရှိလာပြီး ဟက်ဟက်ပက်ပက် ပွင့်နေသော ပါးစပ်ကြီးဖြင့် လင်းဖန်၏ လည်ပင်းကိုကိုက်ရန် ကြိုးစားလေသည်။
လင်းဖန်သည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ရေအောက်တွင် သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးနေလေသည်။
ထို့ကြောင့် သူသည် အဆောင်ဆွဲပြားကိုအသုံးပြုကာ လျှပ်စီးဦးချိုမိကျောင်းအဖြစ်သို့ အသွင်ပြောင်းလိုက်သည်။
ဒုန်း...
ပြာလဲ့သော အလင်းတန်းတစ်ခုက ရေမျောက်ဝံကိုထိမှန်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားစေတော့သည်။
လင်းဖန်သည် လျှပ်စီးဦးချိုမိကျောင်း၏ သန်မာလှသော အမြီးကို အသုံးပြုကာ အခြားရေမျောက်ဝံများထံသို့ ကူးခတ်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အနီးသို့ရောက်ရှိသွားပြီး အခြားရေဝံမျောက်တစ်ကောင်၏ ဦးခေါင်းကို ကိုက်ဖြတ်ပစ်လိုက်လေသည်။
လျှပ်စီးဦးချိုမိကျောင်း၏ အစွမ်းထက်ပုံကိုမြင်သောအခါ ရေမျောက်ဝံများသည် လန့်ဖျန့်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
လင်းဖန်က လိုက်လံတိုက်ခိုက်သော်လည်း နောက်ထပ် ရေမျောက်ဝံ နှစ်ကောင်ကိုသာ သုတ်သင်နိုင်ခဲ့သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ရင်းနှီးသောအသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၅၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၀၀၀]
ရေမျောက်များ ကင်းစင်သွားပြီးနောက် သူသည် လူသားပုံစံသို့ ပြန်လည်ပြောင်းလဲကာ ရေထဲမှ တက်လာခဲ့သည်။
ဟိုမင်သည် လင်းဖန်တစ်ယောက် လှေပေါ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။
လင်းဖန်က ဝတ်ရုံမှ ရေအေးများကို ညှစ်ထုတ်ရင်း ပြောလိုက်လေသည်။
“လောလောဆယ်တော့ ငါတို့ ဘေးကင်းသွားပြီ...”
လင်းဖန်က စိတ်ထဲမှ ကြံစည်တွေးတောနေသည်။
‘စီမာလျန်ဆီမှာ အဝတ်အစားတွေ ခြောက်သွေ့အောင်နဲ့ နွေးထွေးအောင်လုပ်ပေးနိုင်တဲ့ မှော်ရတနာမျိုး ရှိနိုင်မလား...’
နောက်တစ်ကြိမ် သွားတွေ့သည့်အခါ သူ မေးမြန်းကြည့်ရပေမည်။
ရှောင်ထောင်က ဂူရှေ့ဘက်သို့ လက်ညှိုးထိုးပြရင်း အော်ပြောလိုက်သဖြင့် လင်းဖန်၏အတွေးစများ ပြတ်တောက်သွားရသည်။
“ဟိုမှာ ကြည့်လိုက်ပါဦး...”
လင်းဖန် မော့ကြည့်လိုက်ရာ အဝေးတစ်နေရာမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။