← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း (၂၃၉) - နန်ချန်

“ဒါက ဘာကြီးလဲ...”

လှေတဖြည်းဖြည်း နီးကပ်လာစဉ် ရှောင်ထောင်က မေးလိုက်သည်။

တည်ငြိမ်နေသော ရေပြင်အောက်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် နတ်ကွန်းတစ်ခု တဖြည်းဖြည်း တက်လာသည်နှင့်အမျှ ထိုရွှေရောင်အလင်းတန်းမှာ ပိုမိုတောက်ပလာပြီး သူ၏ ပုံသဏ္ဌာန်မှာလည်း ပို၍ ထင်ရှားလာလေသည်။

လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် သေချာစွာ ကြည့်ရှုရန်အတွက် လှေဦးဆီသို့ လျှောက်သွားလိုက်ကြသည်။

“ရွှေရောင်နတ်ကွန်းနားမှာ လှေကို ရပ်ကြည့်ပါ...”

လင်းဖန်က ရှောင်ထောင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

ရှောင်ထောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မကြာမီမှာပင် လှေငယ်သည် ရွှေရောင်နတ်ကွန်းဆီသို့ တဖြည်းဖြည်း မျောပါသွားလေသည်။

သူတို့ အနီးကပ် ရောက်ရှိသွားသောအခါ စူးရှလှသော ရွှေရောင်အလင်းတန်းကြောင့် မျက်လုံးများကို လက်ဖြင့် ကာကွယ်လိုက်ကြရသည်။

ထိုနတ်ကွန်းသည် အလွန်ကြီးမားလှပြီး အနည်းဆုံး အမြင့် ၁၀မီတာခန့်ရှိကာ ဂူခေါင်မိုးအထိ မြင့်တက်နေပေသည်။

သို့သော်လည်း ထိုနေရာ၌ မည်သည့် သက်ရှိသတ္တဝါမျှ မရှိဘဲ ခြောက်ကပ်ငြိမ်သက်နေသည်။

နတ်ဘုရားများလည်းမရှိ၊ ကိုးကွယ်ယုံကြည်သူများလည်းမရှိသည့် ဝတ်ပြုရာနေရာတစ်ခု ဖြစ်ပေသည်။

“သိုင်းဦးလေးက အထဲမှာ ရှိနေတာလား...”

ဟိုမင်က မေးလိုက်သည်။

“ရှာဖွေနိုင်တဲ့ နည်းလမ်းတစ်ခုပဲရှိတယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

သူသည် လှေပေါ်မှခုန်ချလိုက်ပြီး ရွှေရောင်နတ်ကွန်းဆီသို့ ဦးတည်ပျံသန်းသွားလေသည်။

သူတို့အား အံ့အားသင့်စေသည်မှာ သူသည် နတ်ကွန်း၏နံရံပေါ်သို့ ဆင်းသက်တော့မည့်အချိန်တွင် ပုံရိပ်ယောင်တစ်ခုအား ဖြတ်သန်းသွားသကဲ့သို့ နံရံကို တိုက်ရိုက် ဖြတ်သန်းသွားခြင်းပင် ဖြစ်သည်။

ဗွမ်း...

ဟွမ်ယွမ်ခွန်းသည် ရေထဲသို့ ပြုတ်ကျသွားလေတော့သည်။

“ဂိုဏ်းတူအစ်ကို...”

ဟိုမင်က ဟွမ်ယွမ်ခွန်း၏ အခြေအနေကိုကြည့်ရန် အော်ဟစ်မေးမြန်းလိုက်သည်။

“ငါ အဆင်ပြေတယ်...”

ဟွမ်ယွမ်ခွန်းသည် ရေကူးခတ်ရင်း ကိုယ်ဖော့ကာ အော်ပြောလိုက်သည်။

“လှေကို ဟိုဘက် ရွှေ့လိုက်ဦး...”

လင်းဖန်က ပြောလိုက်သည်။

ဟွမ်ယွမ်ခွန်းသည် လှေနှင့် အလွန်ဝေးကွာနေသောကြောင့် သူတို့အနေဖြင့် ဆွဲတင်ရန် မလွယ်ကူပေ။

ရှောင်ထောင်သည် လှေတက်ကို ဆွဲထုတ်လိုက်ပြီး ဟွမ်ယွမ်ခွန်းရှိရာဆီသို့ လှေလှော်သွားလိုက်သည်။

“ငါပဲ လုပ်လိုက်မယ်...”

လင်းဖန်က ပို၍ ခွန်အားကြီးမားသောကြောင့် လှေတက်ကို လွှဲပြောင်းရယူကာ လှေလှော်လိုက်သည်။

လှေငယ်သည် မျက်တောင်တစ်ခတ်အတွင်း ဟွမ်ယွမ်ခွန်း၏ဘေးနားသို့ ရောက်ရှိသွားလေသည်။

ထို့နောက် ဟိုမင်က ဟွမ်ယွမ်ခွန်းကို လှေပေါ်သို့ ဆွဲတင်လိုက်တော့သည်။

“ဒီရွှေရောင်နတ်ကွန်းက... တစ်ခုခုအတွက်... ဒီမှာ ရှိနေသလိုပဲ...”

ဟွမ်ယွမ်ခွန်းက အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။

သူသည် အဝတ်အစားများမှ ရေအေးများကိုညှစ်ရန် လက်နှစ်ဖက်ကိုအသုံးပြုကာ ဝတ်ရုံကို ညှစ်ထုတ်လိုက်သည်။

“တစ်ခုခုအတွက် ဟုတ်လား...”

လင်းဖန်က ဟွမ်ယွမ်ခွန်း၏စကားကို ထပ်ဆင့်ရေရွတ်ရင်း တွေးတောလိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်သည်။

မှောင်မိုက်ကာ ဟာလာဟင်းလင်း ဖြစ်နေသည်။

ထိုသို့သော နေရာအလယ်၌ တောက်ပသော ရွှေရောင်နတ်ကွန်းတစ်ခု ရှိနေခြင်း၏ ရည်ရွယ်ချက်က မည်သည်ဖြစ်နိုင်မည်နည်း။

ထိုအရာသည် သူ့အား ထောင်ချောက်တစ်ခုမှလွဲ၍ အခြား ဘာမျှ မတွေးတောနိုင်ချေ။

လှေငယ်သည် တစ်ဖန် ပြင်းထန်စွာ လှုပ်ခါလာပြန်သည်။

ယခုတစ်ကြိမ်တွင် သူတို့ပတ်ဝန်းကျင်ရှိ ရေပြင်သည် ပွက်ပွက်ဆူလာပြီး မြင့်တက်လာတော့သည်။

“မြဲမြဲကိုင်ထားကြ... ဒါ ထောင်ချောက်ပဲ...”

လင်းဖန်က လှေနံဘေးကိုကိုင်ထားရင်း အော်ဟစ်လိုက်သည်။

ဝုန်း...

ငြိမ်သက်နေသော ရေပြင်ထက်မှ ရေတိုင်လုံးကြီးများ ရုတ်တရက် ပန်းထွက်လာလေသည်။

မကြာမီမှာပင် ရေအောက်မှ လူကြီးတစ်ယောက်ခန့် ကြီးမားပြီး ထွန်သွားကဲ့သို့သောစူးရှသည့် သွားတန်းကြီးများကို သူ မြင်တွေ့လိုက်ရသည်။

သူတို့သည် တဖြည်းဖြည်းမြင့်တက်လာပြီး လှေအပေါ်ရှိနေရာကို လွှမ်းခြုံလာတော့သည်။

‘ငါတို့တွေ ဧရာမငါးကြီးတစ်ကောင်ရဲ့ ဝါးမြိုတာကို ခံနေရတာပဲ...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်မိသည်။

ဘုန်း...

သူသည် ကောင်းကင်ထက်သို့ ခုန်တက်လိုက်ပြီး ပိတ်လုနီးပါးဖြစ်နေသော ပါးစပ်ကြီးဆီသို့ လှံကို ထိုးစိုက်လိုက်သည်။

သို့သော်လည်း ထိရောက်မှု သိပ်မရှိလှချေ။ သူ၏ စွမ်းအင်လှိုင်းသည် ထက်မြက်လှသောသွားများကို ရိုက်ခတ်မိချိန်တွင် အက်ကွဲသံတိုးတိုးတစ်ခုကိုသာ ကြားလိုက်ရလေသည်။

သူ လှေပေါ်သို့ ပြန်လည်သက်ဆင်းလိုက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျရောက်သွားတော့သည်။

လင်းဖန်သည် အဆောင်ဆွဲပြားကို အသုံးပြု၍ မီးတောက်သမင်ကြီးအဖြစ် တစ်ဖန်ပြန်လည်အသွင်ပြောင်းလိုက်သည်။

ဦးချိုများဆီမှ မီးတောက်များ တောက်လောင်လာပြီး ထိုမီးတောက်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ထွန်းလင်းသွားစေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ နေ့ခင်းဘက်ကဲ့သို့ ရုတ်တရက်လင်းထိန်သွားပြီး သူတို့သည် ရဲတိုက်ဟောင်းကြီးတစ်ခုရှေ့၌ ရပ်လျက်သား ဖြစ်နေကြချေပြီ။

” ဘာလဲ... ငါတို့ ဘယ်ကို ရောက်နေတာလဲ...”

ဟိုမင်က ဓားကို ဆွဲထုတ်ကာ ရှောင်ထောင်ကို သူ့နောက်ကွယ်တွင် ရပ်ခိုင်းရင်း မေးလိုက်သည်။

”ငါတို့တွေ လျှို့ဝှက်နယ်မြေတစ်ခုထဲကို ရောက်သွားတာ ဖြစ်နိုင်တယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

လင်းဖန်သည် ခေါင်းညိတ်လိုက်ပြီး ရဲတိုက်၏ ဧရာမသစ်သားတံခါးကြီးဆီသို့ လျှောက်သွားလိုက်သည်။

သစ်သားတံခါးကြီး၏အထက်တွင် ရဲတိုက်၏အမည်ဖြစ်သော ‘နန်ချန်’ ဟူသည့် ဆိုင်းဘုတ်အကြီးကြီးတစ်ခု ရှိနေသည်။

”နန်ချန်... ဒါက အခုလက်ရှိ ချွမ်မင်းဆက်မတိုင်ခင်က တည်ရှိခဲ့တဲ့ ရွှမ်မင်းဆက်ရဲ့ မြို့တော်အမည်ပဲ...”

ဟွမ်ယွမ်ခွန်းက ဆိုင်းဘုတ်ကိုကြည့်ရင်း ပြောလိုက်သည်။

”ဒါက မင်းဆက်ဟောင်းရဲ့ ဧကရာဇ်တွေချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေ ဖြစ်နိုင်မလား...”

ဟိုမင်က မေးလိုက်သည်။

”ဖြစ်နိုင်တယ်...”

ဟွမ်ယွမ်ခွန်းက ပြန်ဖြေလိုက်သည်။

”ဒါတွေကိုစဉ်းစားနေဖို့ အချိန်မရှိဘူး... အခု ငါတို့အတွက် အရေးအကြီးဆုံးက သိုင်းဦးလေးကိုရှာဖို့နဲ့ ဒီလျှို့ဝှက်နယ်မြေထဲကနေ ထွက်မယ့်လမ်းကို ရှာဖို့ပဲ...”

လင်းဖန်က ကြားဖြတ်ပြောလိုက်သည်။

”ကျွန်မ...”

ရှောင်ထောင်သည် ဤကဲ့သို့သောကိစ္စမျိုးကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သောကြောင့် ကြောင်တောင်တောင်ဖြစ်နေချေသည်။

လင်းဖန်က သူမကို ကြည့်ကာ ပြောလိုက်သည်။

”ဟိုမင်ရဲ့နောက်ကနေ ကပ်ပြီး လိုက်ခဲ့...”

သူတို့ လျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေနေစဉ်အတွင်း သူမကို သူတို့နှင့်အတူ အနီးကပ်ခေါ်ထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သူမအား အပြင်တွင် တစ်ယောက်တည်းထားခဲ့ပါက ဘေးအန္တရာယ် ကြုံတွေ့ရနိုင်ပေသည်။

ရှောင်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် သူသည် တံခါးကြီးဆီသို့ လျှောက်သွားကာ တွန်းဖွင့်လိုက်သည်။

ကျွီ...

သစ်သားတံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟသွားလေသည်။

သစ်သားတံခါးကြီး၏နောက်ကွယ်တွင် မြင်တွေ့လိုက်ရသောမြင်ကွင်းက သူတို့ကို အံ့အားသင့်သွားစေတော့သည်။

၎င်းမှာ စည်ကားသိုက်မြိုက်သော မြို့တစ်မြို့ကဲ့သို့ လူဦးရေအပြည့်ဖြင့် လှုပ်ရှားသက်ဝင်နေ၏။

မုန့်ပဲသရေစာများ ရောင်းချနေကြသော ဈေးသည်များ၊ ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားသည့် ကုန်သည်များနှင့် လမ်းလျှောက်သွားလာနေကြသော လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေချေသည်။

”ငါ အချက်ပြတာကို စောင့်ပါ...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

သူသည် မြို့ထဲသို့ ဝင်ရောက်သွားပြီး စည်ကားလှသော လမ်းမထက်တွင် ရပ်လိုက်သည်။

လင်းဖန်နှင့် ဟိုမင်တို့က စောင့်ကြည့်နေကြသည်။

လင်းဖန်သည် လှံကို လက်ထဲတွင်ဆုပ်ကိုင်ထားရင်း အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဟိုမင်ကလည်း ဓားများကို ဆွဲထုတ်ထားလေသည်။

”လမ်းဖယ်စမ်း...”

ရထားလုံးမောင်းသူတစ်ဦးက ဟွမ်ယွမ်ခွန်းအား မြင်းရထားဖြတ်သန်းရန် လမ်းဖယ်ပေးဖို့ အော်ဟစ်လိုက်ခြင်းမှလွဲ၍ ထူးခြားသောကိစ္စများ ဖြစ်မလာခဲ့ချေ။

ဟွမ်ယွမ်ခွန်းက လမ်းဘေးသို့ ဖယ်ပေးလိုက်ပြီး သူတို့အား လာရန် လက်ဝှေ့ယမ်းပြလိုက်သည်။

လင်းဖန်နှင့် ဟိုမင်တို့သည် လက်နက်များကို သိမ်းဆည်းလိုက်ကာ မြို့ထဲသို့ ဝင်လာပြီး သူနှင့် ပူးပေါင်းလိုက်ကြသည်။

”ဒီလူတွေက တကယ့်လူတွေလား...”

ဟိုမင်က လင်းဖန်အနားသို့ တိုးကပ်ကာ တီးတိုးမေးလိုက်သည်။

လင်းဖန်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။

”မဖြစ်နိုင်ဘူး... ဒါပေမဲ့ ရွှမ်မင်းဆက်နဲ့ တစ်ခုခု ပတ်သက်နေတာတော့ သေချာတယ်...”

ထိုသို့တွေးတောရင်း လင်းဖန်က ဟွမ်ယွမ်ခွန်း၏ဘေးသို့ ရောက်သွားသည့်အချိန်တွင် မေးလိုက်လေသည်။

”ဂိုဏ်းတူအစ်ကိုကြီး... နန်ချန်ရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး တစ်ခုခုသိထားတာရှိလား... ဒါက သိုင်းဦးလေးကို ရှာဖို့နဲ့ ဒီလျှို့ဝှက်နယ်မြေထဲကနေ ထွက်ဖို့အတွက် ကျွန်တော်တို့ရဲ့ သဲလွန်စ ဖြစ်နိုင်မယ် ထင်တယ်...”

All Chapters