အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀) - ပုန်ကန်မှု
“နန်ချန်မြို့က နှစ်ပေါင်း နှစ်ရာနီးပါးလောက် မြို့တော် ဖြစ်ခဲ့တာပဲ...”
“ရွှမ်မင်းဆက်ရဲ့ နောက်ဆုံးနေ့ရက်တွေတုန်းက နန်းတော်စောင့်တပ်ရဲ့စစ်သူကြီး ချွမ်လုံက ပုန်ကန်ခဲ့လို့ ဒီမြို့ကြီး ကျဆုံးခဲ့ရတယ်...”
“အဲဒီနောက်မှာ သူက ချွမ်မင်းဆက်ရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့တာပေါ့...”
“ရွှမ်းမင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ် လီယုံကတော့ ချွမ်လုံကို အရမ်းယုံကြည်ခဲ့လို့ ပုန်ကန်မှုကြားမှာ အငိုက်မိသွားခဲ့ရတယ်...”
ဟွမ်ယွမ်ခွန်းက ရွှမ်မင်းဆက်နှင့် နန်ချန်မြို့အကြောင်း မိမိသိသမျှကို လင်းဖန်အား ရှင်းပြလိုက်လေသည်။
သူက စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နန်းတော်စောင့်ကင်းလှည့်တပ်ဖွဲ့တစ်ခုသည် သူတို့ဘေးမှ ဖြတ်သန်းသွားသည်။
ထိုစစ်သည်များသည် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေပြီး အလွန်ပျာယာခတ်နေဟန် တူပေသည်။
လင်းဖန်သည် မျက်မှောင်ကြုတ်ကာ မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး ပြောလိုက်သည်။
“ဒီလျှို့ဝှက်နယ်မြေက နန်ချန်မြို့ရဲ့ နောက်ဆုံးနေ့ရက်တွေနဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျုပ် ထင်တယ်...”
“ဒါဆို... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ...”
ဟိုမင်က မေးလိုက်သည်ာ
လင်းဖန်သည် အဝေးဆီမှ အတွင်းမြို့တော်ကို လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“နန်းတော်ထဲမှာ ကံစမ်းကြည့်ရင် ကောင်းမလားပဲ...”
ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့က ခေါင်းညိတ်ထောက်ခံကြပြီးနောက် သူတို့သည် အတွင်းမြို့တော်ဆီသို့ဦးတည်ကာ လျှောက်လှမ်းသွားကြတော့သည်။
လမ်းတစ်လျှောက်တွင် လင်းဖန်သည် မြို့ထဲမှ အရေးပေါ်ထွက်ပြေးရမည့်အခြေအနေကို ကြိုတင်ပြင်ဆင်သောအားဖြင့် လမ်းကြောင်းများကို အလွတ်မှတ်သားထားလေသည်။
ထို့အပြင် သူတို့သည် ဘေးပတ်ဝန်းကျင်ရှိ လူများနှင့်လည်း ထိတွေ့ဆက်ဆံမှု မရှိစေရန် အထူးသတိပြုကြလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူများသည် လူသားအစစ်အမှန်များ၊ တစ္ဆေများ သို့မဟုတ် လျှို့ဝှက်နယ်မြေမှ ဖန်တီးထားသော သက်ရှိများဆိုသည်ကို သေချာမသိသောကြောင့် ဖြစ်ပေသည်။
သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူတို့သည် အတွင်းမြို့ရိုးနှင့် နီးကပ်လာသည်နှင့်အမျှ စစ်သည်အမြောက်အမြားသည် နန်းတော်ဆီသို့ အပြေးအလွှား သွားနေကြသည်ကို တွေ့ရလေသည်။
ရှောင်ထောင်သည် ပြေးလွှားနေသောစစ်သည်များနှင့် မတိုက်မိစေရန် ဟိုမင်က သူမကို ဘေးသို့ အကြိမ်ကြိမ် ဆွဲဖယ်ပေးလိုက်ရလေသည်။
ဘုန်း...
နန်းတော်တည်ရှိရာအရပ်ဆီမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာချေပြီ။
အတွင်းမြို့တော်အတွင်းမှ မီးခိုးလုံးကြီးများ လွင့်ပျံတက်လာတော့သည်။
‘စသွားပြီပေါ့...’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
လင်းဖန်က ပြောလိုက်သည်။
“ငါတို့ မြန်မြန်သွားကြရအောင်... ဧကရာဇ်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရမယ်...”
ထို့နောက် သူတို့သည် နန်းတော်ဆီသို့ စတင်ခုန်ပျံသွားကြပြီး ဟိုမင်က ရှောင်ထောင်ကို ကျောပိုးထားလေသည်။
သူတို့ အတွင်းမြို့တံခါးသို့ ရောက်ရှိသွားချိန်တွင် စစ်သည်အချင်းချင်း အပြင်းအထန် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။
တိုက်ခိုက်နေသူများထဲမှ အုပ်စုတစ်စုမှာ ဧကရာဇ်အပေါ် သစ္စာစောင့်သိသူများနှင့် ကွဲပြားခြားနားစေရန်အတွက် သူတို့၏လက်မောင်းများတွင် အဖြူရောင်အဝတ်စများကို ချည်နှောင်ထားကြသည်။
“ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ဧကရာဇ်ကိုသတ်ကြ...”
“ငါတို့ရဲ့ သားသမီးတွေအတွက်ပဲ...”
“အောင်မြင်သွားရင် မင်းတို့တွေ ဆုလာဘ်အများကြီး ရလိမ့်မယ်...”
ဧကရာဇ်အပေါ် သစ္စာစောင့်သိသောစစ်သည်များ ဆုတ်ခွာသွားချိန်တွင် ပုန်ကန်သူများသည် သူတို့၏စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် ထိုကဲ့သို့ကြွေးကြော်သံများကို အော်ဟစ်လိုက်ကြသည်။
လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် ပုန်ကန်သူများ၏နောက်ကွယ်မှ ကပ်လိုက်ကာ အတွင်းမြို့ထဲသို့ ဝင်ရောက်သွားကြသည်။
မြို့တံခါးကို ဖြတ်ကျော်ပြီးနောက်တွင် တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေချေပြီ။
ပုန်ကန်သူစစ်သည်များသည် နန်းတော်အတွင်းရှိ ပစ္စည်းများကို လုယက်ဖျက်ဆီးနေကြသည်။
နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများမှာလည်း စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သော ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်နေကြရလေသည်။
ဟိုမင်သည် ရှောင်ထောင်အား ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းများကို မမြင်စေရန်အတွက် သူမ၏မျက်လုံးများကို လျင်မြန်စွာ ဖုံးအုပ်ပေးလိုက်ရသည်။
လင်းဖန်သည် ပုန်ကန်သူများ စုပြုံပြေးဝင်နေသည့် အဆောက်အအုံတစ်ခုကိုညွှန်ပြကာ ပြောလိုက်သည်။
“ဟိုမှာ...”
သူတို့သည် ထိုအဆောက်အအုံဆီသို့ ဦးတည်ပြေးသွားကြသည်။
ထိုအဆောက်အအုံသည် ဧကရာဇ်ညီလာခံကျင်းပရာ နန်းဆောင်ဖြစ်လိမ့်မည်ဟု လင်းဖန် ခန့်မှန်းလိုက်သည်။
သူတို့သည် ညီလာခံနန်းဆောင်အနီးသို့ ချဉ်းကပ်လာချိန်တွင် ပုန်ကန်သူစစ်သားတစ်ဦးက လင်းဖန်တို့ကို မြင်သွားပြီး အော်ဟစ်လိုက်သည်။
“ရပ်လိုက်စမ်း... မင်းတို့က ဘယ်သူတွေလဲ...”
“သူတို့တွေက ဧကရာဇ်ရဲ့ခွေးတွေ ဖြစ်ရမယ်...”
“သတ်ပစ်ကြ...”
ပုန်ကန်သူစစ်သည်တစ်စုသည် လှည့်ကြည့်လိုက်ပြီးနောက် သူတို့ဆီသို့ ပြေးဝင်တိုက်ခိုက်လာကြတော့သည်။
လင်းဖန်သည် လှံကို ထုတ်ယူလိုက်ပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ရင်းနှီးကျွမ်းဝင်နေသော အသံတစ်ခု ထွက်ပေါ်လာချေပြီ။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် (၂၀)ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် (၂၀၀) ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ပုန်ကန်သူစစ်သည်များကို သုတ်သင်ပါ]
စနစ်၏အသိပေးချက်ကြောင့် လင်းဖန် ဝမ်းသာသွားသည်။
ထိုအရာက ဤရန်သူများကို အနိုင်ယူနိုင်ကြောင်း သက်သေပြနေပေသည်။
လင်းဖန်သည် နဂါးဟိန်းသံလှံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စစ်သည်များဆီသို့ နဂါးဟိန်းသံပမာ လှံသွားဖြာနည်းစနစ်ဖြင့် ထိုးနှက်လိုက်သည်။
ဇွပ်...
သူတို့သည် လင်းဖန်၏ ပြိုင်ဘက် မဟုတ်ကြချေ။ လင်းဖန်၏ လှံသွားမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက ပုန်ကန်သူစစ်သည်များအား အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်သွားတော့သည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၂၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၂၀၀]
ကျန်ရှိနေသော ပုန်ကန်သူစစ်သည်များသည် လင်းဖန်၏ ကြောက်မက်ဖွယ်စွမ်းရည်ကို မြင်တွေ့သွားကြပြီး တုံ့ဆိုင်းသွားကာ ခြေလှမ်းများ ရပ်တန့်သွားကြလေသည်။
ထို့နောက် လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် နန်းဆောင်ဆီသို့ ခရီးဆက်ခဲ့ကြသည်။
သူတို့ နန်းဆောင်ရှေ့သို့ ရောက်ရှိသွားချိန်တွင် လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦးစိုက်ကြည့်ကာ အခြေအနေတင်းမာနေကြသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်က စစ်သူကြီးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်ကမူ ဧကရာဇ်ဝတ်ရုံတော်ကို ဝတ်ဆင်ထားပေသည်။
သူတို့သည် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲနေကြသည့် ချွမ်လုံနှင့် လီယုံတို့ ဖြစ်ပေလိမ့်မည်။
တစ်ဦးကိုတစ်ဦး ခဏမျှ စိုက်ကြည့်ပြီးနောက် ချွမ်လုံသည် လီယုံဆီသို့ ပြေးဝင်သွားတော့သည်။
ဝှစ်...
ချွမ်လုံ၏ဓားချက်သည် လျင်မြန်လွန်းလှပြီး လေထုကို ဖြတ်သန်းသွားချိန်တွင် ပြင်းထန်သော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
အံ့ဩစရာကောင်းလှသည်မှာ လီယုံသည် ကိုယ်ကိုရှောင်တိမ်းလိုက်ပြီး သူ့ထံသို့ဦးတည်လာသော ဓားချက်ကို လွယ်ကူစွာဖြင့် ရှောင်တိမ်းလိုက်နိုင်ခြင်းပင်။
ထို့နောက် သူသည် ချွမ်လုံ၏ရင်ဘတ်ဆီသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ရွှစ်...
ချွမ်လုံသည် သွေးတစ်လုတ်အန်ထွက်သွားပြီး မြေပြင်ပေါ်သို့ လိမ့်ထွက်သွားတော့သည်။
ပုန်ကန်သူစစ်သည်များသည် ချွမ်လုံကို အမြန်ပင်ပြေး၍ တွဲထူပေးကြသည်။
အချို့သော ပုန်ကန်သူစစ်သည်များသည် လီယုံဆီသို့ ပြေးဝင်တိုက်ခိုက်ကြသော်လည်း လီယုံ၏ဓားချက်အောက်တွင် ဦးခေါင်းများပြတ်ထွက်ကာ သေဆုံးသွားကြရချေပြီ။
“သမိုင်းထဲမှာ ချွမ်လုံက လီယုံကို ဘယ်လို သတ်ခဲ့တာလဲ...”
လင်းဖန်ကလှည့်၍ ဟွမ်ယွမ်ခွန်းကို မေးလိုက်သည်။
“လီယုံက တိုင်းပြည်ရေးထက် မိန်းမတွေနဲ့ပဲအချိန်ကုန်နေတဲ့ ပျော့ညံ့တဲ့ဧကရာဇ်တစ်ပါး ဖြစ်ခဲ့တာလေ... အဲဒါကြောင့် ချွမ်လုံက သူ့ကို အလွယ်တကူဖမ်းမိပြီး ကြိုးပေးသတ်ခဲ့တာ...”
ဟွမ်ယွမ်ခွန်းက ပြန်ပြောလိုက်သည်။
ဟွမ်ယွမ်ခွန်း၏စကားကို ကြားပြီးနောက် လင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။
သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော အရာများက သမိုင်းနှင့် လွဲချော်နေပေသည်။
ဤလီယုံသည် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် အစွမ်းထက်နေပြီး ချွမ်လုံသည် လီယုံ၏လက်ချက်ဖြင့် အသက်ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ဤအချိန်တွင် လီယုံသည် သူ့ကိုသတ်ရန် ကြိုးပမ်းနေသော ပုန်ကန်သူစစ်သည်များကို ရှင်းလင်းပြီးသွားချေပြီ။
သူသည် ဓားပေါ်မှသွေးများကို ခါထုတ်လိုက်ပြီး ချွမ်လုံဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်လှမ်းသွားသည်။
လင်းဖန်သည် တစ်ခုခု လုပ်ရတော့မည်ကို သိလိုက်သည်။
အကယ်၍ သမိုင်းကြောင်းသာပြောင်းလဲသွားပါက သူတို့သည် ဤလျှို့ဝှက်နယ်မြေမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း စိတ်ထဲမှ ခံစားလိုက်ရပေသည်။
“ငါ မင်းကိုကူညီမယ်...”
လင်းဖန်က အော်ဟစ်လိုက်ပြီး လီယုံဆီသို့ ပြေးဝင်သွားတော့သည်။
သူသည် နဂါးဟိန်းသံပမာ လှံသွားဖြာဖြင့် လီယုံကို အားကုန် ထိုးနှက်လိုက်သည်။
လီယုံက လှည့်ကြည့်လိုက်ပြီး မည်သူ ဝင်ရောက်နှောင့်ယှက်သည်ကို ကြည့်လိုက်သည်။
ဒေါင်...
လီယုံသည် မိမိ၏ဓားကို အသုံးပြု၍ သူ့ထံသို့ ပြေးဝင်လာသော လှံချက်စွမ်းအင်လှိုင်းကို ခုခံကာကွယ်လိုက်သည်။
လှံချက်စွမ်းအင်လှိုင်းမှာ ပျောက်ကွယ်သွားပြီး လီယုံ၏ဓားမှာလည်း ပြင်းထန်သောရိုက်ခတ်မှုကြောင့် တုန်ခါသွားပေသည်။
“ကြည့်စမ်း... ဘာတွေ ရောက်လာတာလဲ... နောက်ထပ် သေတွင်းရှာတဲ့ကောင်ပဲ...”
လီယုံက မဲ့ပြုံးပြုံးလိုက်ပြီး လင်းဖန်ဆီသို့ အာရုံပြောင်းလိုက်သည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၆၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
လင်းဖန်သည် လေပေါ်သို့ ခုန်တက်လိုက်ပြီး လီယုံဆီသို့ နဂါးဟိန်းသံပမာ လှံသွားဖြာနည်းစနစ်ဖြင့် ဆက်တိုက် ထိုးနှက်လိုက်သည်။
ဝုန်း...
လှံချက်စွမ်းအင်လှိုင်းများ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
လီယုံသည် အဝေးသို့ အချိန်မီ ခုန်ရှောင်လိုက်သဖြင့် လှံချက်လေလှိုင်းများကို ရှောင်တိမ်းနိုင်ခဲ့သည်။
ဝှစ်...
နောက်တစ်စက္ကန့်တွင် လင်းဖန် မြင်တွေ့လိုက်ရသည်မှာ လီယုံသည် သူ့ထံသို့ ဓားဖြင့်ထိုးနှက်လိုက်ပြီး ပြင်းထန်သော လေပွေမုန်တိုင်းတစ်ခုက သူ့ထံသို့ တိုးဝင်လာခြင်းပင်။