အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း (၁၇၁) ယောက်ျားတစ်ယောက်၏ တုန်လှုပ်မှု
လျူအာကျူးသည် အလွန်တရာ နှိမ့်ချကာ သူတစ်ပါးထံမှ ငှားလာခြင်းဖြစ်ကြောင်း ပြောခဲ့၏။
သူ့လက်ထဲရှိ ကင်မရာကို ကြည့်ပြီးနောက် မိသားစုတစ်စုလုံးမှာ အလွန်အမင်း အံ့ဩသွားကြကာ အားလုံး ဝိုင်းအုံလာကြသည်။
သို့သော် လျူဖူရှန့်သည် သူ၏သားကို ကောင်းစွာသိနေသောကြောင့် အော်ပြောလိုက်သည်။
"ဘယ်သူမှ မလှုပ်ကြနဲ့..."
ထို့နောက် သူသည် တုတ်ကောက်ကို အားပြုကာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်သွားရာ လမ်းတွင် ခလုတ်တိုက်မိမတတ်ပင် ဖြစ်သွားသည်။
လျူအာကျူးမှာ အလွန်လန့်သွားပြီး ဖခင်ဖြစ်သူကို လှမ်းဖမ်းရန် ကြိုးစားလိုက်ရာ ကင်မရာကိုပင် ပြုတ်ကျမတတ် ဖြစ်သွား၏။
လျူဖူရှန့်သည် ကိုယ်ကိုကိုင်းကာ ကျန်မိသားစုဝင်များကို စူးရဲစွာ ကြည့်လိုက်သည်။
"အားလုံး နောက်ဆုတ်နေကြ... ဒီအဖိုးတန်ပစ္စည်းက မင်းတို့ လက်နဲ့ ထိလို့ရတဲ့ အရာမှတ်နေလား... တော်ကြာ ပျက်သွားရင် ဘယ်လိုလုပ်မလဲ..."
နျူဟုန်ဟွာကလည်း ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်လေသည်။
"ဟုတ်တယ်... ဟုတ်တယ်... အားလုံး နောက်ဆုတ်နေကြ... အညစ်အကြေးတွေ ပေကျံသွားလို့ ပြန်ပေးလို့မရရင် ဒုက္ခပဲ..."
လျူအာကျူးက အမြန်ဝင်ပြောလိုက်လေသည်။
"အဲဒီလို မဖြစ်ပါဘူး... ကျွန်တော့်ကို ကင်မရာငှားပေးတဲ့သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းပါ... ဒါ့အပြင် ဒီပစ္စည်းက တော်တော်လေး ခိုင်ခံ့ပါတယ်..."
လျူဖူရှန့်က သူ့ကို စူးရဲစွာ ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"အပိုတွေ ပြောမနေနဲ့... မင်း သူတို့ကို လှည့်စားလို့ရပေမဲ့ ငါ့ကို လှည့်စားလို့ရမလား... မင်း ဒါကို ဘယ်လောက်နဲ့ ဝယ်လာတာလဲ..."
လျူအာကျူး၏ မျက်နှာမှာ တင်းမာသွားသည်။ သူ၏ဖခင်က ဤမျှ ထက်မြက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက တိုးတိုးလေး ပြန်ဖြေလိုက်လ၏။
"သိပ်မများပါဘူး..."
သူ အမှန်တိုင်း မပြောသည်ကို မြင်သောအခါ လျူဖူရှန့်သည် ဈေးနှုန်း ကြီးမြင့်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။
"မင်း တကယ်တော့ ဘာအလုပ်တွေ လုပ်နေတာလဲ... ငါ့ကို အမှန်တိုင်းပြောစမ်း..."
လျူအာကျူးက အာမခံကာ ပြောလိုက်သည်။
"ဒါက တရားမဝင်တဲ့ အလုပ်တော့ သေချာပေါက် မဟုတ်ပါဘူး..."
"သွားစမ်းပါ... ဘယ်တရားဝင်အလုပ်ကမှ ဒီလောက် ငွေရှာရ မြန်မှာမဟုတ်ဘူး... မင်းအဖိုးကြီးက လောကအတွေ့အကြုံ မရှိဘူးလို့ ထင်နေတာလား..."
"ငါ မှောင်ခိုလောကထဲမှာ ကျင်လည်နေတဲ့အချိန်တုန်းက မင်းက လူတောင် ဖြစ်မလာသေးဘူး..."
"ပြောစမ်း... အဲဒါက ဘာအလုပ်လဲ..."
လျူဖူရှန့်က တကယ်ပင် ဒေါသထွက်နေလေပြီ။
သူသည် လောကကြီးကို မြင်ဖူးသူဖြစ်ရာ မှောင်ခိုဈေးကွက်မှ လုပ်ငန်းများသာလျှင် ဤကဲ့သို့ ငွေရှာနိုင်မည်ကို သိရှိထားသည်။
သို့သော် မှောင်ခိုလုပ်ငန်းများသည် ငွေရလွယ်သကဲ့သို့ အသက်သေဆုံးရန်လည်း လွယ်ကူလှပေသည်။
လျူအာကျူးသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ နောက်ဆုံးတွင် ပြစ်မှုကျူးလွန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိကာ သေနတ်ဖြင့် ပစ်သတ်ခံရမည့် အရေးကို သူ စိုးရိမ်နေမိသည်။
လှည့်စား၍ မရနိုင်တော့သည်ကို မြင်သောအခါ လျူအာကျူးက ဤသို့သာ ပြောနိုင်တော့သည်။
"ကျွန်တော် စီးပွားရေးဗျူရိုက လူတွေကို အလုပ်ကိစ္စ ကူညီပေးနေတာပါ... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျွန်တော် အဲဒီဌာနမှူးရဲ့ အဖေကို ရောဂါကုပေးခဲ့လို့ သူက ကျွန်တော့်ကို ထောက်ပံ့ရေးနှင့်သမဝါယမအသင်း ဖွင့်ဖို့ ကူညီချင်နေတာပါ..."
လျူဖူရှန့်၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။
"မင်းမှာ အဲဒီလို အဆက်အသွယ်မျိုးရှိရင်တော့ နည်းနည်း တော်သေးတယ်... ဒါပေမဲ့ မှတ်ထား... တချို့ကိစ္စတွေမှာ အရမ်းနက်နက်ရှိုင်းရှိုင်း မပါဝင်သွားစေနဲ့... မှောင်ခိုဈေးကွက်ဆိုတာက အညစ်အကြေးတွင်းကြီးပဲ... တစ်ခါ ကျွံကျသွားတာနဲ့ တစ်သက်လုံး အဲဒီအနံ့ဆိုးတွေကို ဆေးကြောလို့ရမှာ မဟုတ်ဘူး…”
လျူအာကျူးက နာခံမှုရှိစွာဖြင့် သင်ခန်းစာကို လက်ခံလိုက်လေသည်။
"နားလည်ပါပြီ အဖေ..."
လျူဖူရှန့်က တိုးတိုးလေး ညွှန်ကြားလိုက်သည်။
"အင်း... နောက်ပိုင်း တစ်ခုခုကို သေချာမသိဘူးဆိုရင် ငါ့ကိုမေး... မင်းအဘိုးကြီးက မှောင်ခိုဈေးကွက် အကြောင်းကို နည်းနည်းပါးပါးတော့ သိသေးတယ်... ဟိုးအရင်တုန်းကဆို ငါက နိုင်ငံခြားသား မိစ္ဆာတွေ နဲ့တောင် ဉာဏ်ကစားခဲ့တာ..."
လျူအာကျူးက အပြည့်အဝ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ ကင်မရာဝယ်လာသည်ကို ဖခင်ဖြစ်သူက တစ်ချက်ကြည့်ရုံဖြင့် သိသွားသည်ကို ထောက်ရှုခြင်းအားဖြင့် ဖခင်အိုကြီးမှာ လှည့်စားရန် မလွယ်ကူကြောင်း သူ သိလိုက်သည်။
သားအဖနှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောပြီးနောက် နောက်ဆုံးတွင် လျူဖူရှန့်က အခြားသူများကို ပြောလိုက်သည်။
"ကဲ... မိသားစု ဓာတ်ပုံရိုက်ကြရအောင်..."
နျူဟုန်ဟွာနှင့် အခြားသူများသည် ကင်မရာကို မထိရသော်လည်း ဓာတ်ပုံရိုက်နိုင်မည်ဟု ကြားရသောကြောင့် အလွန်ဝမ်းသာနေကြသည်။ သူတို့သည် ကြည့်မကောင်းမည်ကို စိုးရိမ်သဖြင့် မိမိတို့၏ အဝတ်အစားများနှင့် ဆံပင်များကို ဆက်တိုက် သပ်ရပ်အောင် ပြင်နေကြသည်။
ထိုအရာကို မြင်သောအခါ လျူအာကျူးက ပြောလိုက်သည်။
"အားလုံး အဝတ်အစားလေး ဘာလေး သွားလဲကြပါလား..."
အစောပိုင်းက ဝယ်လာခဲ့သော အဝတ်အထည်များဖြင့် နျူဟုန်ဟွာက လူတိုင်းအတွက် သပ်ရပ်သော အဝတ်အစားများကို ချုပ်ပေးထားခဲ့သည်။ ပုံမှန်အားဖြင့် သူတို့သည် နှစ်သစ်ကူးအတွက် သိမ်းထားလိုသဖြင့် ဝတ်ဆင်ရန် နှမြောနေကြခြင်းဖြစ်သည်။
ယခု ဓာတ်ပုံရိုက်မည်ဟု ကြားသောအခါ နှစ်သစ်ကူးနီးပါး ခံစားလိုက်ရသဖြင့် အားလုံး ပြေး၍ အဝတ်အစား သွားလဲကြသည်။
အဝတ်အစား လဲပြီးနောက် သူတို့သည် မျက်နှာသစ်ကြပြီး မျက်နှာလိမ်းခရင်မ် အနည်းငယ်ကိုပင် လိမ်းထားကြသည်။ လူတိုင်းမှာ ပို၍ ကြည့်ကောင်းသွားလေသည်။
နျီဇီကမူ အဝတ်အစား မလဲခဲ့ပေ။ သူမသည် ထိုဝံပုလွေသားရေ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ခေါင်းပေါ်တွင် ကျွဲချိုပုံစံ ဆံထုံးနှစ်ဖက်ကို ထုံးထားလေသည်။ နျူဟုန်ဟွာသည် တစ်နေရာရာမှ အနီရောင်စက္ကူအချို့ကို ရှာတွေ့လာပြီး နျီဇီ၏ ပါးပြင်ပေါ်သို့ ပွတ်သပ်ပေးလိုက်ရာ ပါးပြင်လေးများမှာ နီရဲသွားလေသည်။ သူမသည် နှစ်သစ်ကူး ပန်းချီကားထဲမှ အရုပ်လေးတစ်ရုပ်နှင့် တူနေပြီး အလွန်တရာ ချစ်စရာကောင်းကာ လှပနေလေသည်။
ရှောင်ဟုမှာမူ ယာယီ ဆံပင်ညှပ်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့မိခင်၏ ကျွမ်းကျင်မှုမှာ အသင့်အတင့် ရှိသောကြောင့် တော်တော်လေး သပ်ရပ်နေသည်။
မိသားစုတစ်စုလုံး အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ လျူအာကျူးက ကင်မရာကို ချက်ချင်းတပ်ဆင်လိုက်ပြီး အမြန်ပြေးသွားလေသည်။
သူ၏ရည်ရွယ်ချက်မှာ လူတိုင်း၏ ပခုံးများကို ဖက်ထားရန် ဖြစ်သော်လည်း သူ အံ့သြသွားသည်မှာ လျူဖူရှန့်မှလွဲ၍ လူတိုင်းသည် တင်းမာသော မျက်နှာထားများဖြင့် တောင့်တင်းစွာ မတ်တတ်ရပ်နေကြပြီး တစ်လက်မမျှပင် မလှုပ်ရဲကြပေ။
လျူအာကျူးမှာ စကားပင် မပြောနိုင်တော့ပေ။ သူသည် ဤသို့သာ ပြောနိုင်တော့သည်။
"အားလုံးက ဒါမျိုးနဲ့ တကယ် မရင်းနှီးကြဘူးပဲ... တစ်ယောက်ချင်းစီ အရင်ရိုက်ကြရအောင်..."
တစ်ယောက်ချင်း ဓာတ်ပုံရိုက်မည်ဟု ကြားသောအခါ နျီဇီက အပျော်ရွှင်ဆုံး ဖြစ်သွားသည်။ သူမသည် ပြေးသွားကာ သူမဖခင် ပြုလုပ်ပေးထားသော လက်လှည့်ကားလေးပေါ်သို့ ခုန်တက်လိုက်သည်။
"ဦးလေး... သမီး အရင်ဆုံး ရိုက်ချင်တယ်..."
"ကောင်းပြီ... နျီဇီအတွက် အရင်တစ်ပုံ ရိုက်ပေးမယ်... အားလုံး ကြည့်ပြီး သင်ယူထားကြ..."
နျီဇီသည် ငြိမ်းချမ်းရေးသင်္ကေတ ပြုလုပ်ရန် ကဲ့သို့သော အရာများကို မသိသော်လည်း သူမသည် ကားလေးပေါ်တွင် ထိုင်ကာ အလွန်ပျော်ရွှင်စွာ ပြုံးနေပြီး တော်တော်လေး သက်တောင့်သက်သာ ရှိနေပုံရလေသည်။
သူမ၏ လှပသော ပုံစံလေးကြောင့် လျူအာကျူးသည် ဓာတ်ပုံ ဆယ်ပုံကျော်ခန့် မရိုက်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
နျီဇီ ဓာတ်ပုံရိုက်ခံနေရသည်ကို မြင်သောအခါ မိသားစုဝင်များသည် အနည်းငယ် မနာလိုဖြစ်သွားကြပြီး ခဏနေလျှင် လျူအာကျူးနှင့် သေချာ ပူးပေါင်းဆောင်ရွက်ရမည်ဟု တိတ်တဆိတ် တွေးလိုက်ကြသည်။
နျီဇီ၏ ဓာတ်ပုံများကို ရိုက်ပြီးနောက် လျူအာကျူးသည် ရှောင်ဟုကို စတင်ရိုက်ပေးလိုက်သည်။
ရှောင်ဟုသည်လည်း အနည်းငယ် ဂနာမငြိမ် ဖြစ်နေမိသည်။ လျူအာကျူး၏ စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသမှုအောက်တွင်မှ သူသည် တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာကာ အတုအယောင် အပြုံးမဟုတ်ဘဲ စစ်မှန်သော ပျော်ရွှင်သည့် အပြုံးကို ပြသလာနိုင်သည်။
ဤနည်းဖြင့် လျူအာကျူးသည် လူတစ်ဦးချင်းစီကို ဓာတ်ပုံမည်သို့ ရိုက်ရမည်ကို တစ်ဆင့်ချင်း သင်ပေးခဲ့ပြီး နောက်ဆုံးတွင် နောက်ထပ် မိသားစု ဓာတ်ပုံတစ်ပုံကို ရိုက်ကူးနိုင်ခဲ့သည်။
နှစ်နာရီနီးပါး အချိန်ယူခဲ့ရပြီး ကင်မရာဖလင် နှစ်လိပ် ကုန်သွားခဲ့သည်။
ဓာတ်ပုံရိုက်ပြီးချိန်တွင် ထရပ်ကား ယာဉ်မောင်းမှာ စိတ်မရှည်တော့ပေ။ အကယ်၍ လျူအာကျူးသာ သူ့ကို ကြိုတင်၍ စီးကရက် နှစ်ဗူး ခိုးပေးမထားခဲ့လျှင် သူသည် အစောကြီးကတည်းက သူတို့ကို လောဆော်နေမည်မှာ သေချာသည်။
လျူတာ့လျန်တို့ မိသားစုလေးယောက်သည် ထရပ်ကား နောက်ခန်းသို့ မလိုလားစွာဖြင့် တက်သွားကြပြီး ပြတင်းပေါက်မှနေ၍ လျူဖူရှန့်နှင့် အခြားနှစ်ဦးကို အဆက်မပြတ် လက်ပြနှုတ်ဆက်နေကြသည်။
နျူဟုန်ဟွာကလည်း အလွန်တမ်းတစွာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။
သူတို့၏ သေကွဲကွဲနေရသည့်နှယ် ပြုမူနေပုံကို ကြည့်ရင်း လျူအာကျူးမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရသည်။
ဤနေရာမှ ခရိုင်မြို့အထိမှာ ဤမျှ တိုတောင်းသော အကွာအဝေးလေးသာ ဖြစ်သော်လည်း သူတို့ ဘာကြောင့် ဤမျှသံယောဇဉ် တွယ်နေကြသည်ကို သူ နားမလည်နိုင်ပေ။
ပြောင်းရွှေ့ခြင်းကိစ္စများ ပြီးစီးသွားသောအခါ လျူအာကျူးသည် ဖခင်ဖြစ်သူကို ခြံဝင်းထဲသို့ ပြန်လည် လိုက်ပို့ပေးလိုက်သည်။
လျူဖူရှန့်သည် ကန်း ပေါ်သို့ ပြန်တက်သွား၏။ သူ့အား အပ်စိုက်ကုသခြင်း ပြုလုပ်ပေးနေသော လျူအာကျူးကို ကြည့်ကာ သူက ပြောလိုက်သည်။
"ချွန်းအာ ဓာတ်ပုံ မရိုက်ရသေးဘူး မဟုတ်လား... ခဏနေရင် သူ့အတွက် သွားရိုက်ပေးလိုက်ဦး..."
"ဟုတ်ကဲ့ပါ..."
လျူအာကျူးက မငြင်းဆန်ခဲ့ပေ။
ဤသည်မှာ ကိစ္စကြီး တစ်ခုတော့ မဟုတ်ပေ။ ဓာတ်ပုံတစ်ပုံ မဆိုထားနှင့်၊ ဆယ်ပုံ ရိုက်ပေးရမည်ဆိုလျှင်တောင် သူ ကန့်ကွက်မည် မဟုတ်ပေ။
သို့သော် လျူဖူရှန့်က ထပ်၍ တိုက်တွန်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"မင်းတို့ နှစ်ယောက် အတူတူ ဓာတ်ပုံတစ်ပုံ ရိုက်ကြလေ..."
လျူအာကျူးသည် သူ့ကို စကားမပြောနိုင်တော့ဘဲ မော့ကြည့်လိုက်သည်။
"အဖေ... အဖေ ဘယ်တုန်းက အိမ်ထောင်ပြုဖို့ ဖိအားပေးနေတာလဲ..."
"မင်း ဘာသိလို့လဲ... ငါကတော့ ကောင်မလေး ချွန်းအာကို အရမ်းသဘောကျတယ်... သူက ငါတို့ မိသားစုအတွက် မြင်းတစ်ကောင်လို ညည်းညူသံ တစ်ချက်မထွက်ဘဲ အလုပ်လုပ်ပေးနေတာ..."
"ဒါ့အပြင် မနေ့က လျူဟိုင် ရေဒီယို လာနားထောင်တုန်းက တစ်ယောက်ယောက်က ချွန်းအာအတွက် ကြင်ဖက်တွေ့ဆုံတဲ့ အစီအစဉ် လုပ်ပေးချင်နေတယ်လို့ ငါ့ကို တိတ်တဆိတ် ပြောသွားသေးတယ်..."
"အဲဒီလောက်ကောင်းတဲ့ ကောင်မလေးကို မင်း မထိန်းထားရင် သူ သူများနဲ့ လက်ထပ်သွားလိမ့်မယ်..."
လျူဖူရှန့်က စိတ်တိုစွာဖြင့် ပြောလိုက်လေသည်။
ချွန်းအာကို ကြင်ဖက် နေရာချထားပေးမည်ဟု ကြားသောအခါ လျူအာကျူးမှာ အံ့ဩမှင်တက်သွားရသည်။
"သူက ကျွန်တော့်ထက် နှစ်ဝက်လောက် ငယ်တယ် မဟုတ်လား... ဘာကြင်ဖက် တွေ့ဆုံတာလဲ... အခုက လွတ်မြောက်ရေးကာလ မတိုင်မီ အချိန်မှ မဟုတ်တော့တာ..."
"ဒါက ကျေးလက်ဒေသကွ... မင်းက မြို့ကြီးပြကြီး ထင်နေလား... ဘာလို့ အဲဒီလောက် ရှုပ်ထွေးနေရတာလဲ..."
"သူက ဆယ့်လေးနှစ်ရှိပြီ... လက်ထပ်ဖို့ စောနေသေးပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."
"ဒါနဲ့... အခုကစပြီး တရားဝင် အလုပ်ကိစ္စကလွဲရင် ပညာရှင်လုနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းတာကို လျှော့ပါ..."
လျူဖူရှန့်က ရုတ်တရက် အခြားကိစ္စတစ်ခုကို ဆွဲသွင်းလာသည်။
လျူအာကျူးမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ..."
"မင်းလို ငတုံးကောင်က နားလည်မှာ မဟုတ်ဘူး... မင်းအဘိုးကြီးက အကုန် မြင်ဖူးတယ်..."
"လွန်ခဲ့သော နှစ်ရက်အတွင်းမှာ ပညာရှင်လုက အားတာနဲ့ ဒီနေရာကို ပြေးလာတာပဲ... အိမ်က အလုပ်မှန်သမျှကို လုလုပ်ပြီး မင်းအမေနဲ့ ငါ့ကို သူ့ရဲ့ ကိုယ်ပိုင်သားသမီးလို ပြုစုပေးနေတာ..."
"သူ မင်းအကြောင်း ပြောတဲ့အခါ မျက်လုံးထဲက အရောင်လက်နေတာကို ဖုံးကွယ်ထားလို့ မရဘူး..."
"စူးရဲရဲ လာမကြည့်နဲ့... မင်း သူ့အပေါ် ခံစားချက်မရှိဘူးဆိုတာ ငါ သိတယ်..."
"ဒါပေမဲ့ အဲဒီအရွယ် အမျိုးသမီးတစ်ယောက်က လူငယ်တစ်ယောက်အတွက် ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ မင်း တကယ် နားမလည်ဘူး... ဟိုးအရင်တုန်းက ငါလည်း ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်မယ်လို့ ထင်ခဲ့တာပဲ... ဒါပေမဲ့ ငါ ဆေးလိပ်ငွေ့ခန်းကို သွားကစားတုန်းက ဆေးတံမီးညှိပေးတဲ့ အမျိုးသမီးက သူ့ရဲ့ တင်ပါးဆုံကြီးကို ကော့ပြလိုက်တာနဲ့ မင်းအဘိုးကြီးက ငွေဒင်္ဂါးပြား ငါးရာတောင် ပစ်ချပေးခဲ့တာ... ငါတို့ လမ်းခွဲပြီး နှစ်ဝက်လောက် အကြာမှာတောင် ငါ အဲဒီအမှတ်တရတွေကို ပြန်တွေးပြီး အရသာခံနေမိတာ..."
"ဒါကြောင့် ငါ မင်းတို့ နှစ်ယောက်ကို အချိန်အတူတူ ဖြုန်းတာ လျှော့ဖို့ပြောနေတာ... အဲဒီလိုမှ မဟုတ်ရင် အထီးကျန်နေတဲ့ ယောက်ျားတစ်ယောက်နဲ့ အထီးကျန်နေတဲ့ မိန်းမတစ်ယောက်က ခြောက်သွေ့နေတဲ့ ထင်းနဲ့ တောက်လောင်နေတဲ့ မီးလိုပဲ... တစ်ချိန်ချိန်မှာ မထိန်းနိုင်မသိမ်းနိုင် ဖြစ်သွားတဲ့ အခိုက်အတန့်ဆိုတာ ရှိလာမှာ သေချာတယ်..."
"အဲဒီကိစ္စက တကယ်တော့ သာယာစရာ ကောင်းပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ တုန်လှုပ်မှုက သူ့အတွက် ဘယ်လောက်တောင် ပြဿနာတွေ ဖြစ်စေနိုင်လဲဆိုတာ မင်း ဘယ်တော့မှ တွေးမိမှာမဟုတ်ဘူး..."
လျူဖူရှန့်၏ စကားများကြောင့် လျူအာကျူးမှာ တိတ်ဆိတ်သွား၏။
အခန်း (၁၇၂) တောင်ပေါ်မှ မူတန်ပန်း
သားအဖနှစ်ယောက် တိတ်ဆိတ်နေစဉ် ချွန်းအာက တံခါးဝမှ ဝင်လာသည်။
သူမသည် လျူအာကျူး သူ၏ ငွေအပ်များကို ဆေးကြောရန်အတွက် ရေနွေးဇလုံတစ်လုံးကို ကိုင်ဆောင်လာခဲ့သည်။
ဤငွေအပ်များကို အသုံးပြုပြီးတိုင်း သေချာစွာ ဆေးကြောရန် လိုအပ်သည်။
သို့သော် လက်တွေ့တွင်မူ လျူအာကျူးသည် သူ၏ နေရာလွတ်ထဲရှိ မြစ်ငယ်လေးထဲတွင် ငွေအပ်များကို စိမ်၍ ဆေးကြောခြင်းဖြစ်ရာ ယခုလုပ်ရပ်မှာ ဟန်ပြသက်သက်သာဖြစ်၏။
ထိုမြစ်ငယ်လေးသည် မည်သည့်ရေထက်မဆို ပိုမိုသန့်ရှင်းပြီး ရောဂါပိုးမွှားအားလုံးကို ဆေးကြောပေးနိုင်သည်။
လျူအာကျူးသည် ငွေအပ်များကို ရေထဲတွင် စိမ်လိုက်ပြီးနောက် ချွန်းအာကို ကြည့်ကာ မေးလိုက်သည်။
"မင်း အိမ်ထောင်ပြုတော့မလို့လား..."
ချွန်းအာသည် အနီးနားတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာပျက်သွားကာ အလျင်စလို ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်မ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး... စတုတ္ထအဒေါ်က ကြင်ဖက်တွေ့ဆုံဖို့ ပြောပေမဲ့ ကျွန်မ သဘောမတူခဲ့ပါဘူး..."
လျူအာကျူးက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"အခုချက်ချင်း အိမ်ထောင်မပြုတာလည်း ကောင်းပါတယ်... စောစောစီးစီး အိမ်ထောင်ပြုတာက မင်းအတွက် မကောင်းဘူး... နောက်ထပ် နှစ်နှစ်လောက် စောင့်တာ ပိုကောင်းတယ်..."
လျူအာကျူး စိတ်မဆိုးသည်ကို မြင်လိုက်ရသဖြင့် ချွန်းအာက ချက်ချင်းပင် သက်ပြင်းချလိုက်ပြီး လိမ္မာကျိုးနွံစွာဖြင့် ပြန်ဖြေလေသည်။
"ကျွန်မ နားလည်ပါပြီ..."
ငွေအပ်များကို စိမ်၍ပြီးသွားသောအခါ ချွန်းအာသည် ရေဇလုံကို အပြင်သို့ ယူဆောင်သွားပြီး လျူအာကျူးသည်လည်း သူမနောက်မှ တံခါးအပြင်သို့ လိုက်ထွက်လာခဲ့သည်။
သူသည် ရေတွင်းတူးခြင်းလုပ်ငန်း မည်သို့တိုးတက်နေသည်ကို မေးမြန်းရန် တပ်မဟာရုံးချုပ်သို့ သွားနေခြင်းဖြစ်သည်။
ထိုနေရာသို့ မရောက်မီ လျူဟိုင်သည် အမောတကော ပြေးလာခဲ့သော်လည်း သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"ကျူးဇီ... ငါတို့ ရေတွင်းတူးတဲ့အဖွဲ့နဲ့ အဆက်အသွယ်ရပြီ... သူတို့က အိမ်နီးချင်းခရိုင်မှာရှိနေပြီး မနက်ဖြန် လာနိုင်တယ်..."
"ကောင်းတယ်... ကောင်းတာပေါ့..."
လျူအာကျူးသည်လည်း အလွန်ဝမ်းသာသွားသည်။
"ရေတွင်းတူးမယ့်ကိစ္စ အဆင်ပြေသွားပြီဆိုတော့ စိုက်ပျိုးဖို့ သင့်တော်တဲ့ ဖန်လုံအိမ်တွေကို စပြီး ရွေးချယ်ကြရအောင်..."
"ကောင်းပြီ... မင်း အဆောက်အအုံတွေ လိုချင်တယ်လို့ ပြောခဲ့တာကို ငါ မှတ်မိတယ်... ငါတို့ရွာမှာ လွတ်နေတဲ့ အိမ်တချို့ ရှိသေးတယ်..."
လျူဟိုင်သည် သွားရောက်ကြည့်ရှုရန် လျူအာကျူးလက်ကို ချက်ချင်း ဆွဲခေါ်သွားလေသည်။
လျူကျေးရွာသည် မသေးငယ်ဘဲ အနည်းဆုံး အိမ်ထောင်စု ရာဂဏန်းခန့်ရှိသည်။
အချို့သောသူများသည် ကြီးမားသောအငတ်ဘေးကြီးကာလအတွင်း ဆွေမျိုးများထံတွင် ခိုလှုံရန် ထွက်ခွာသွားခဲ့ကြပြီး ယခုတိုင် ပြန်မလာကြသေးပေ။
သေဆုံးသည်အထိ အိမ်ထောင်မပြုခဲ့ကြသော လူပျိုကြီးများလည်း ရှိခဲ့ရာ သူတို့၏အိမ်များမှာ ပိုင်ရှင်မဲ့ ဖြစ်ကျန်ရစ်ခဲ့သည်။
ထို့နောက် အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်သွားကြသော မိသားစုများလည်း ရှိသေးသည်။
ရွာထဲတွင် လှည့်လည်ကြည့်ရှုပြီးနောက် လျူအာကျူးနှင့် လျူဟိုင်တို့သည် လွတ်နေသော အိမ်ဆယ့်ရှစ်လုံးကို တွေ့ရှိခဲ့ကြသည်။
ဤလွတ်နေသော အိမ်အချို့တွင် ခေါင်မိုးများ ယိုစိမ့်နေခြင်း သို့မဟုတ် နံရံများတွင် အပေါက်များရှိနေခြင်းတို့ ရှိသော်လည်း ပြုပြင်လိုက်မည်ဆိုပါက အသုံးပြုနိုင်သေးသည်။
"ဦးလေးဟိုင်... ဒီအိမ်တွေကို လေမဝင် မိုးမယိုအောင် ပြုပြင်ဖို့ လူတချို့ကို ရှာလိုက်ပါ... ပြီးတော့ အခန်းတွင်း အပူချိန်ကို ထိန်းသိမ်းဖို့ မီးဖိုတချို့ တည်ဆောက်ရမယ်..."
"ဒါ့အပြင် ဖန်လုံအိမ်တွေကို တည်ဆောက်ပြီးတာနဲ့ ထင်းနဲ့ ကျောက်မီးသွေးတွေ သေချာပေါက် မီးရှို့ဖို့ လိုလိမ့်မယ်..."
"ဖန်လုံအိမ်တွေမှာ သုံးဖို့အတွက် ထင်းတွေကို အမြဲမပြတ် ထောက်ပံ့ပေးနိုင်မယ့် လူတချို့ကိုရှာဖို့ ကျွန်တော် အကြံပြုချင်တယ်..."
လျူအာကျူးက အကြံပြုချက်များကို ဆက်တိုက် ပြောဆိုနေပြီး လျူဟိုင်ကမူ ဘောပင်နှင့် စက္ကူဖြင့် မှတ်သားနေသည်။
နောက်ဆုံးတွင် သူတို့သည် လုပ်အားအတော်များများ လိုအပ်မည်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ဖန်လုံအိမ်တစ်ခုကို စောင့်ကြပ်ရန် မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် နေ့ရောညပါ အလှည့်ကျစနစ်ဖြင့် လုပ်ကိုင်မည့် လူသုံးယောက် လိုအပ်မည်ဖြစ်သည်။
ထို့နောက် ထင်းခုတ်သမားများလည်း ရှိသေးရာ ဖန်လုံအိမ်တစ်ခုစီအတွက် အလှည့်ကျ ထင်းပို့ပေးရန် အနည်းဆုံး လူနှစ်ယောက်စီ လိုအပ်မည်ဖြစ်သည်။
စုစုပေါင်း တွက်ကြည့်လိုက်မည်ဆိုလျှင် လူကိုးဆယ်ကျော်မျှ လိုအပ်မည်ဖြစ်၏။
ရေတွင်းတူးမည့်အဖွဲ့သည်လည်း လုပ်အား လိုအပ်မည်ဖြစ်ပြန်သည်။
မည်သို့ပင်ဆိုစေ သူတို့က တူးဖော်ခြင်းကိုသာ တာဝန်ယူမည်ဖြစ်ပြီး မြေကြီးဖယ်ရှားခြင်းနှင့် ရေတွင်းနံရံများ ခိုင်ခံ့စေရန် လိုအပ်သော ပစ္စည်းအမျိုးမျိုးကို ရွာသားများကသာ ကိုင်တွယ်ရမည်ဖြစ်သည်။ ဤအတွက်လည်း လူဆယ်ဂဏန်းခန့် ထပ်မံ လိုအပ်မည်ဖြစ်ပြန်သည်။
ဟိုဘက်ခြမ်းရှိ ဝက်များကို အစာကျွေးရန်နှင့် စောင့်ရှောက်ရန်အတွက်လည်း လူအများအပြား လိုအပ်သေးသည်။
သူတို့နှစ်ယောက် တွက်ချက်ကြည့်လိုက်သောအခါ ရွာထဲရှိ ကျန်းမာသန်စွမ်းသော အလုပ်သမားအားလုံးနီးပါး အလုပ်ရကြမည်ဖြစ်ရာ လျူဟိုင်က ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရွှင်သွားသည်။
ဆောင်းရာသီတွင် အလုပ်ရမှတ်များရရှိရန် ရှားပါးသောကြောင့် ပုံမှန်အားဖြင့် ခက်ခဲလေ့ရှိရာ ယခုကဲ့သို့ လုပ်စရာအလုပ်များစွာ ရှိလာသဖြင့် လူအများလည်း အလွန်ပျော်ရွှင်နေကြမည်ဖြစ်သည်။
"ဦးလေးဟိုင်... ဒီကိစ္စတွေနဲ့ပတ်သက်၍ ကျွန်တော်က ယေဘုယျ အကြံပြုချက်တွေပဲ ပေးနိုင်တယ်... ကျန်တဲ့အသေးစိတ်ကိစ္စတွေကိုတော့ ဦးလေးကပဲ ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်..."
"နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်က အရိုးမှုန့်တွေ၊ မျိုးစေ့တွေနဲ့ အဲဒီလိုပစ္စည်းတွေကို သွားယူမယ်..."
လျူအာကျူးသည် အရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်ရန် မကြိုးစားဘဲ လျူဟိုင်နှင့် အလုပ်ခွဲလုပ်ရန် ရွေးချယ်ခဲ့သည်။
လျူဟိုင်သည် လူများကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းအပေါ် အတော်လေး ယုံကြည်မှုရှိနေပြီး ချက်ချင်းပင် ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး... မင်းအတွက် အရာအားလုံးကို သေသေချာချာ ပြီးမြောက်အောင် ငါ သေချာပေါက် လုပ်ပေးပါ့မယ်..."
ထိုသို့ပြောနေစဉ်တွင် လျူဟိုင်သည် လျူအာကျူး၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလာခဲ့ပြီး လျူအာကျူးအား အထက်လူကြီးတစ်ဦးကဲ့သို့ သဘောထားကာ လေးနက်သော ကတိကဝတ်တစ်ခုကိုပင် ပေးမိနေပြီဖြစ်ကြောင်း သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။
လျူအာကျူးသည်လည်း ထိုအကြောင်းကို သိပ်မတွေးတော့ပေ။ အချိန်မစောတော့သဖြင့် သူသည် အိပ်ရန် အိမ်သို့ ပြန်လာခဲ့သည်။
သို့သော်လည်း ခရိုင်မြို့ရှိ သူ၏ အစ်ကိုကြီးနှင့် မရီးတို့မှာမူ အိပ်ပျော်ရန် အနည်းငယ် အခက်တွေ့နေကြသည်ကို သူ မသိခဲ့ပေ။
သူတို့သည် အိမ်သစ်သို့ ပြောင်းရွှေ့လာခါစဖြစ်ပြီး ထိုနေရာတွင် ထားခဲ့သော ရေဒီယို၊ စက်ဘီးနှင့် နှိုးစက်နာရီငယ်တစ်လုံးတို့ကို တွေ့လိုက်ရသည်။
လျူအာကျူးက ထားခဲ့ခြင်းဖြစ်ရမည်ကို ထိုဇနီးမောင်နှံနှစ်ဦး သိထားကြသည်။ သို့မဟုတ်လျှင် မည်သူက ဤရတနာသုံးပါးကို ဤအတိုင်း ထားရစ်ခဲ့မည်နည်း။
သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးသွားကြပြီး အလွန်ဆန်းသစ်သည်ဟုလည်း ခံစားခဲ့ရကာ ညသန်းခေါင်တိုင်အောင် ကလိကြည့်ရင်းမှ မည်သို့အသုံးပြုရမည်ကို သဘောပေါက်သွားကြသည်။
မည်သို့အလုပ်လုပ်သည်ကို နားလည်သွားသောအခါ ဤပစ္စည်းများ အခိုးခံရမည်ကို စိုးရိမ်သဖြင့် သူတို့မှာ မအိပ်ရဲကြတော့ပေ။
နောက်တစ်နေ့ အလုပ်သွားသောအခါတွင်ပင် သူတို့သည် ဤပစ္စည်းများကို ဗီရိုတစ်ခုထဲတွင် အရင်ဝှက်ထားပြီး သော့ခတ်ကာ စိုးရိမ်တကြီးဖြင့် ထွက်သွားခဲ့ကြသည်။
အကယ်၍ ဤအဓိကပစ္စည်းသုံးခု ပျောက်ဆုံးသွားပါက သူတို့မှာ သေချင်စိတ်ပေါက်သွားကြမည် ဖြစ်သည်။
နံနက်စောစောတွင် လျူအာကျူးသည် ခြံဝင်းထဲသို့ ဝင်လာခဲ့ရာ ချွန်းအာက ဆေးဖက်ဝင်အပင်များကို နေလှန်းရန် ထုတ်ထားပြီးဖြစ်သည်။
တာ့ရွှယ်ထို မြို့သို့ ထွက်သွားပြီးနောက်ပိုင်း ဆေးပင်များ နေလှန်းသည့်နေရာမှာ လျူအာကျူး၏ အိမ်သို့ ပြောင်းလဲသွားခဲ့သည်။
ချွန်းအာ၏ မိဘများသည် ဆေးပင်များခူးရန် တာဝန်ယူရပြီး သူမက နေလှန်းရာတွင် ကူညီပေးရသည်။
လျူအာကျူးသည် အလုပ်ရှုပ်နေသော ချွန်းအာကို ကြည့်ရင်း အနီးသို့ လျှောက်သွားကာ သူမ၏ပါးစပ်ထဲသို့ သကြားလုံးတစ်လုံး ခွံ့ပေးလိုက်သည်။
"မင်းရဲ့ မျက်နှာလေးက တော်တော်လေး နီရဲလာတယ်... အရင်ကထက် ပိုလှလာတာပဲ... ဒါပေမဲ့ သိပ်ပြီး အလုပ်မလုပ်နဲ့နော်... အလွန်အကျွံ အပင်ပန်းမခံမိအောင် သတိထားဦး..."
ချွန်းအာ၏ ပါးစပ်ထဲရှိ သကြားလုံးသည် ချိုမြိန်နေပြီး လျူအာကျူး၏ စကားများကြောင့် သူမ၏ နှလုံးသားမှာလည်း ထိုနည်းတူ ချိုမြိန်သွားရသည်။ သူမသည် မျက်နှာနီမြန်းစွာဖြင့် ခေါင်းငုံ့ကာ တီးတိုးပြောလိုက်၏။
"အစ်ကိုကျူးဇီ... ကျွန်မက အစ်ကို့အတွက် အလုပ်လုပ်ပေးချင်တာပါ... ပင်ပန်းမှာကို မကြောက်ပါဘူး..."
"ဒါဆိုရင်တောင် မင်းကိုယ်မင်း အပင်ပန်းခံစရာ မလိုပါဘူး... နောက်ပြီး ဆေးပင်တွေခူးဖို့ တောင်ပေါ်ကို ထပ်မသွားဖို့ မင်းရဲ့မိဘတွေကို ပြောလိုက်ပါဦး..."
လျူအာကျူးက ပြုံးကာ ပြောလိုက်သည်။
"အာ..."
ချွန်းအာက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏မျက်နှာမှာ ဖြူရော်သွားကာ စိုးရိမ်တကြီးဖြင့် မေးလေသည်။
"ကျွန်မရဲ့ မိဘတွေ တစ်ခုခု အမှားလုပ်မိလို့လား... ဒါမှမဟုတ် ဆေးပင်တွေမှာ ပြဿနာတစ်ခုခုရှိနေလို့လား... ကျွန်မ... ကျွန်မရဲ့ မိဘတွေကို ပိုပြီး ဂရုစိုက်ဖို့ ပြန်ပြောလိုက်ပါ့မယ်..."
ယခုက ဆောင်းရာသီဖြစ်နေပြီး အလုပ်ရမှတ်များ ရနိုင်မည့် အခြားနေရာလည်း မရှိတော့ပေ။ လျူအာကျူးအတွက် ဆေးပင်များ ခူးပေးခြင်းကလည်း တစ်နေ့လျှင် ထမင်းနှစ်နပ် ရရှိစေသည်။
အကယ်၍ သူတို့ ဤအလုပ်ကို ဆုံးရှုံးသွားပါက မိသားစုမှာ ထပ်မံငတ်မွတ်ရမည်ဖြစ်ရာ ချွန်းအာမှာ အလွန်ကြောက်ရွံ့နေခြင်း ဖြစ်သည်။
သူမ ကြောက်လန့်တကြား ငိုတော့မည်ကို မြင်လိုက်ရသဖြင့် လျူအာကျူးက ချက်ချင်း ရှင်းပြသည်။
"မဟုတ်ပါဘူး... ငါ ဆိုလိုတာက အဲဒါမဟုတ်ပါဘူး... ဆောင်းရာသီမှာ တောင်ပေါ်မှာ ဆေးပင်တွေ သိပ်မကျန်တော့သလို အဲဒီတိရစ္ဆာန်တွေကလည်း ဆာလောင်နေကြတယ်လေ... မင်းရဲ့မိဘတွေ တောင်ပေါ်တက်တာက အန္တရာယ်များလို့ပါ..."
"ဒါပေမဲ့ စိတ်မပူပါနဲ့... ငါ သူတို့အတွက်လည်း အလုပ်စီစဉ်ပေးပါ့မယ်... မကြာခင် ရွာမှာ အလုပ်တွေ အများကြီး လုပ်စရာရှိလာတော့ သူတို့အားလုံး သွားလုပ်လို့ရပါတယ်..."
"နောက်ပြီး မင်းတို့မိသားစု စားစရာပြတ်သွားရင် ငါ ချေးပေးလို့ရတာပဲလေ... ဘာကြောက်စရာရှိလို့လဲ..."
သူမ၏ မိဘများ အလုပ်ကောင်းကောင်း မလုပ်နိုင်၍ မဟုတ်ကြောင်းကို ကြားလိုက်ရသဖြင့် ချွန်းအာသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသော်လည်း သူမ၏ မျက်လုံးထောင့်များတွင် မျက်ရည်များ တွဲခိုနေဆဲဖြစ်သည်။ သူမ၏ သနားစရာကောင်းသော အသွင်အပြင်မှာ မည်သူ့ကိုမဆို စိတ်နှလုံး နူးညံ့သွားစေရန် လုံလောက်နေသည်။
လျူအာကျူးက ထပ်မံကြည့်ရှုလိုက်ပြီးနောက် ကောင်မလေးမှာ တကယ်ပင် လှပလာပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။
ယခင်က သူမသည် အမြဲတမ်း ဆာလောင်နေခဲ့သဖြင့် အသားအရေညိုမည်းကာ ပိန်ချုံးနေခဲ့ပြီး မျက်နှာသွေးဆင်းမှုနှင့် အသားအရေလည်း ညံ့ဖျင်းနေခဲ့သည်။
ယခု သူက သူမကို အစားအနည်းငယ် ပိုကျွေးလိုက်သောအခါ သူမ၏မျက်နှာမှာ ပန်းရောင်သန်းကာ ဖြူဖွေးလာခဲ့လေပြီ။ သူမသည် အမှန်တကယ်ပင် ဘဲဥပုံမျက်နှာပေါက်ရှိသော ဂန္ထဝင်အလှရှင်လေးတစ်ဦးဖြစ်ပြီး သွယ်လျသင့်သည့်နေရာတွင် သွယ်လျကာ ကောက်ကြောင်းပေါ်သင့်သည့်နေရာတွင် ကောက်ကြောင်းပေါ်နေသဖြင့် တရုတ်ရိုးရာ အလှတရားစံနှုန်းများနှင့် ကိုက်ညီနေသည်။
ဤတောတောင်များထဲတွင် ထိုမျှလှပတင့်တယ်သော မူတန်ပန်းတစ်ပွင့်ကို တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။