← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇) ပြဇာတ်အဖွဲ့ ရောက်ရှိလာခြင်း

စတုတ္ထအဒေါ်ကြီး ထွက်သွားသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးသည် အလျင်အမြန် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“အစ်မကြီးလု... ကျွန်တော်... ကျွန်တော်လည်း သွားသင့်ပြီ..."

"မသွားပါနဲ့..."

လုကျီယွင်က ခေါင်းငုံ့ထားကာ သူမ၏အသံမှာ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေလျက် သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။

"ဟင့်အင်း... ဟင့်အင်း... အဲလိုလုပ်လို့ မရဘူး... ကျွန်တော် အရင်သွားတော့မယ်..."

လျူအာကျူးသည် သူမက အဝတ်အစားများ ထပ်မံချွတ်တော့မည်ဟု ထင်မှတ်သွားပြီး အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

လုကျီယွင်မှာ အလွန်ရှက်သွားသဖြင့် သွားကိုက်ကာ ပြောလိုက်သည်။

"မသွားပါနဲ့ဦး... ဟို... ဟိုအရာက မကျသေးဘူးလေ... တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ..."

လျူအာကျူးသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် အရှက်ရသွားလေတော့သည်။

ဤအသုံးမကျသည့်အရာ။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရေအေးများထည့်ထားသော ရေစည်ကြီးတစ်ခုကို တွေ့လိုက်ရသဖြင့် ပြေးသွားကာ ရေခပ်ခွက်ကို ယူ၍ ရေ ခုနစ်ငုံ ရှစ်ငုံခန့် သောက်ချလိုက်မှသာ သူ၏ရင်ထဲမှ မီးတောက်ကို နောက်ဆုံးတွင် ငြိမ်းသတ်နိုင်ခဲ့သည်။

ထိုအခါမှသာ လျူအာကျူးက အလျင်အမြန် ပြေးထွက်သွားလေတော့သည်။

သူ ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း လုကျီယွင်၏ လှပသောမျက်နှာလေးမှာ ရဲရဲနီသွားပြီး သူမ၏မျက်လုံးများထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

နေ့ခင်းကြောင်တောင်ကြီးတွင် ကျူးဇီကို ထိုကိစ္စဆီသို့ ဆွဲသွင်းရန် ရဲတင်းခဲ့သော သူမကိုယ်သူမ မုန်းတီးမိသည်။

လျူအာကျူးက သူမကို အရှက်မရှိသူဟု ထင်သွားကာ သူမဆီသို့ ဘယ်တော့မှ လာမတွေ့တော့မည်ကိုလည်း သူမ ကြောက်ရွံ့နေမိသည်။

ကံမကောင်းစွာဖြင့် လျူအာကျူးသည် သူ၏မိဘများနှင့်အတူ နေထိုင်ပေသည်။

ထိုသို့သာမဟုတ်လျှင် လုကျီယွင်သည် အရာအားလုံးကို လျစ်လျူရှုကာ ညသန်းခေါင်တွင် တိတ်တဆိတ် သွားရောက်ပြီး လျူအာကျူး၏ ကုတင်ပေါ်သို့ တက်ကာ သူမကိုယ်သူမ အပ်နှင်းရန် ဝံ့ရဲမည်ဖြစ်သည်။

လျူအာကျူးသည် လုကျီယွင်၏အိမ်မှ ထွက်လာစဉ် အဝေးတွင် စတုတ္ထအဒေါ်ကြီးနှင့် အဒေါ်ကြီးအချို့တို့က အတင်းပြောချင်နေသော အပြုံးများဖြင့် သူ့ကို လက်ညှိုးထိုးကာ တီးတိုးပြောနေကြသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လျူအာကျူး၏ ရင်ထဲတွင် တင်းကျပ်သွား၏။ ပြီးပြီဟု သူသိလိုက်သည်။

သူ့အကြောင်း အတင်းအဖျင်းများ မနက်ဖြန်တွင် ရွာတစ်ရွာလုံးသို့ ပြန့်နှံ့သွားတော့မည်ဟု သူ တွေးလိုက်မိသည်။

သို့သော် ပြဿနာမှာ သူသည် မည်သည့်အသားကိုမှ မစားရသလို လုကျီယွင်ကလည်း သူ၏အသားကို မစားရသေးပေ။ သို့တိုင်အောင် ကောလာဟလများက ပြန့်နှံ့နေပြီ ဖြစ်သည်။ သူ အမှန်တကယ် နစ်နာနေပြီဖြစ်သည်။

သို့သော် ဤကိစ္စကို ရှင်းပြစရာ နည်းလမ်းမရှိပေ။ သူ ရှင်းပြလေ ပိုရှုပ်လေ ဖြစ်သွားမည်သာတည်း။ လျူအာကျူးသည် အိမ်သို့သာ အရင်ပြန်သွားနိုင်တော့သည်။

နောက်ရက်များတွင် အတင်းအဖျင်းစကားများကို ရှောင်ရှားရန်နှင့် သူ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံရန် စီစဉ်ရမည်ဖြစ်သောကြောင့် လျူအာကျူးသည် အပြင်သို့ လုံးဝနီးပါး မထွက်ခဲ့ပေ။

လျူဟိုင်သာလျှင် သူ့ဆီသို့ အပြေးအလွှား လာရောက်တတ်ပြီး ရေတွင်းတူးအဖွဲ့ ရောက်လာသည့်အကြောင်းနှင့် ရေတွင်းတူးဖော်မှု တိုးတက်နေသည့် အခြေအနေများကို လာပြောပြတတ်သည်။

ထို့ပြင် ထိုအိမ်များကိုလည်း ပြုပြင်ပြီးစီးသွားပြီဖြစ်ကာ မီးဖိုများနှင့် အခြားအရာများကိုပါ တည်ဆောက်ပြီးဖြစ်သည်။

ပထမဆုံး ဝက်ကလေးများပင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ယခုအခါ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လျူအာကျူး၏ နောက်ဆုံးအဆင့် လုပ်ဆောင်ရမည့်အရာကိုသာ စောင့်ဆိုင်းနေကြသည်။

အခြားကိစ္စတစ်ခုကိုလည်း ဖြေရှင်းပြီးစီးသွားပြီ ဖြစ်၏။

ပြဇာတ်အဖွဲ့မှ ပြန်လည်ပြင်ဆင်ရေးသားထားသော 'ရန်သူကို ဖမ်းဆီးသည့် သူရဲကောင်း' ပြဇာတ်ကို လျူကျေးရွာသို့ လာရောက်၍ ပထမဆုံးအကြိမ် ကပြတင်ဆက်တော့မည် ဖြစ်သည်။

လျူဟိုင်သည် လျူအာကျူးကို အထူးတလည် လာရောက်ရှာဖွေခဲ့ပြီး သူ ဟင်းကြော်နေသည်ကို ကြည့်ရင်း ပြောလိုက်သည်။

"ဒီနေ့ ပြဇာတ်အဖွဲ့ လာမယ်... မင်း ပြဇာတ်ကို သွားကြည့်ရမယ်... တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ရေတွင်းတူးတာ ပြီးသွားတော့ ဒီပွဲက အောင်ပွဲခံတာနဲ့လည်း အတူတူပဲ..."

လျူအာကျူးက ခေါင်းမမော့ဘဲ ပြောလိုက်သည်။

"ကျွန်တော် အချိန်ရမှာ မဟုတ်ဘူး... စိုက်ပျိုးဖို့လိုအပ်တဲ့ မျိုးစေ့တွေ သွားယူဖို့ ဒီနေ့ ခရိုင်မြို့ကို သွားရမယ်..."

"ဟေ့... သူတို့က မင်းရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ကပြမှာလေ... မင်းက ဘယ်လိုလုပ် မသွားဘဲ နေလို့ရမှာလဲ..."

"ဪ... ရွာသားတွေက မင်းနဲ့ ပညာရှင်လုအကြောင်းကို လှောင်ကြမှာ ကြောက်နေလို့လား... ကောလာဟလတွေမဖြန့်ဖို့ သူတို့ကို ငါ ပြောထားပြီးသားပါ..."

လျူဟိုင်သည် လျူအာကျူးကို သဘောကောင်းစွာဖြင့် နှစ်သိမ့်ပေးလိုက်သော်လည်း ထိုစကားက သူ့ကို ပို၍ပင် ရှက်သွားစေသည်။

လျူအာကျူးက သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

"အစ်မကြီးလုနဲ့ ကျွန်တော် တကယ် ဘာမှမရှိပါဘူးဗျ..."

"ယုံပါတယ်... ငါ တကယ် ယုံပါတယ်..."

လျူဟိုင်က ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်သော်လည်း သူ၏ အောင့်ထားသော ရယ်သံမှာ သိသာထင်ရှားသည်။

သူ့ပုံစံကို မြင်လိုက်ရသောအခါ လျူအာကျူးမှာ ပို၍ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး အလုပ်ကိုသာ အာရုံစိုက်လိုက်လေသည်။

"ကျွန်တော် မသွားဘူး... ခင်ဗျားတို့ဘာသာ သွားကြည့်ကြ..."

"အဲ့လိုလုပ်ပါနဲ့ကွာ... မင်းမသွားရင် ပညာရှင်လုကို လာခေါ်ခိုင်းလိုက်ရမလား..."

လျူဟိုင်က ခြိမ်းခြောက်လိုက်သည်။

လျူအာကျူး၏ မျက်လုံးမှာ ပြူးကျယ်သွား၏။

“ဟေ့လူ... ခင်ဗျားမှာ ဦးလေးတစ်ယောက်ရဲ့ သိက္ခာတရားဆိုတာရော ရှိသေးရဲ့လား..."

လျူဟိုင် ပြန်လည်မချေပနိုင်မီပင်။

နျူဟုန်ဟွာသည် ချွန်းအာကို ခေါ်လာပြီး လျူအာကျူးအား အမိန့်ပေးလိုက်သည်။

"ခဏနေရင် ချွန်းအာကို ပြဇာတ်သွားကြည့်ဖို့ ခေါ်သွားလိုက်... ပြဇာတ်အဖွဲ့ ပြန်မသွားမချင်း မင်း ပြန်မလာခဲ့နဲ့..."

"..."

မိခင်ဖြစ်သူက အဘယ်ကြောင့် ဝင်ပါနေရသနည်းဟု လျူအာကျူး မေးမြန်းရန် ပြင်လိုက်သော်လည်း မော့ကြည့်လိုက်ချိန်တွင် ချွန်းအာက ဂရုတစိုက် ပြင်ဆင်ဝတ်စားထားသည်ကို သတိပြုမိသွားသည်။

သူမ၏ နက်မှောင်ရှည်လျားသော ဆံပင်များကို ယခုခေတ်စားနေသော ကျစ်ဆံမြီးပုံစံ ကျစ်ထားပြီး ခေါင်းတွင် ပန်းနီရောင်ပွင့်လေးတစ်ခု ပန်ထားသည်။ သူမဝတ်ဆင်ထားသော ပန်းပွင့်အဆင် ဝါဂွမ်းအင်္ကျီလေးမှာ လျူအာကျူးက အထည်အလိပ်စက်ရုံမှ ယူလာပေးထားခြင်း ဖြစ်လေသည်။ ဖြူဝင်းသော မျက်နှာပေါ်တွင် မိတ်ကပ်မလိမ်းထားဘဲ နှုတ်ခမ်းကိုသာ စက္ကူနီလေးဖြင့် ခပ်ရေးရေး ဆိုးထားသည်။ သူမသည် လတ်တလော လက်ထပ်ထားသော သတို့သမီးလေးတစ်ဦးပမာ အလွန်တရာ လှပနေလေသည်။

သူမ၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကြောင့် လျူဟိုင်မှာ မှင်သက်သွားပြီး အာမေဍိတ်သံ ပြုလိုက်လေသည်။

"ဝါး... ချွန်းအာ ဘယ်လောက်လှလဲဆိုတာ ဒီနေ့မှ ငါသိတော့တယ်..."

လျူအာကျူးမှာလည်း အံ့အားသင့်သွားပြီး မပြောဘဲ မနေနိုင်တော့ပေ။

"ချွန်းအာ... မင်း အမြဲတမ်း ခုလိုမျိုး ဝတ်ဆင်သင့်တယ်..."

သူတို့၏ စိုက်ကြည့်မှုကြောင့် ချွန်းအာမှာ အလွန်ရှက်သွေးဖြာသွားပြီး ခေါင်းပင် မမော့ရဲတော့ပေ။

သူမကို ဤသို့မြင်သောအခါ နျူဟုန်ဟွာက အနားသို့ ကပ်သွားကာ စိတ်ပျက်လက်ပျက်ဖြင့် တီးတိုးပြောလိုက်သည်။

“သမီးကို အဒေါ် ခုလေးတင် ဘာပြောထားလဲ... သမီး ဦးဆောင်မှုမယူရင် အဲ့ကျူးဇီငတုံးက ဟိုမုဆိုးမရဲ့ လှည့်စားတာကို ခံရတော့မှာ..."

ထိုစကားကို ကြားလိုက်ရသောအခါ ချွန်းအာက တုန်လှုပ်သွားပြီး သူမ၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

သူမသည် လျူအာကျူးကို အမှန်တကယ် နှစ်သက်ပြီး သူ့ကို လက်ထပ်ချင်ကာ သူ့ကို အလုခံရမည်ကို မလိုလားပေ။

အကယ်၍ အခြားငယ်ရွယ်လှပသော အမျိုးသမီးတစ်ဦးသာ လျူအာကျူးနှင့် နီးစပ်သွားမည်ဆိုလျှင် ချွန်းအာ စိတ်ပျက်မိမည်ဖြစ်သော်လည်း လျူအာကျူးက သူမကို မောင်းမထုတ်သရွေ့ သူမသည် အိမ်တွင်နေ၍ ကူညီပေးနိုင်မည်ဖြစ်သောကြောင့် ဘာမျှပြောဆိုလုပ်ဆောင်မည် မဟုတ်ပေ။

သို့သော် ချွန်းအာသည် လျူအာကျူးကို မုဆိုးမတစ်ဦးနှင့် အမှန်တကယ် လက်မထပ်စေချင်ပေ။

ထိုမုဆိုးမသည် လျူအာကျူးနှင့် မထိုက်တန်ဟု သူမ ခံစားရသည်။

ယခုအခါ ချွန်းအာသည် ရဲဝံ့စွာ သတ္တိမွေးကာ လျူအာကျူးအား တီးတိုးပြောလိုက်သည်။

"အစ်ကိုကျူးဇီ... ကျွန်မတို့... ကျွန်မတို့ ပြဇာတ်သွားကြည့်ကြမလား..."

နျူဟုန်ဟွာသည် လျူအာကျူး၏အနားသို့ မသိမသာ လျှောက်သွားကာ သူ၏ ခါးအောက်ပိုင်းကို ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်ပြီး သူမ၏ မျက်လုံးများမှာ "ငြင်းဖို့ ကြိုးစားကြည့်လိုက်စမ်း" ဟု ပြောနေသကဲ့သို့ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

လျူအာကျူးမှာ ရွေးချယ်စရာမရှိတော့ဘဲ မျက်နှာရှုံ့မဲ့လျက် သဘောတူလိုက်ရသည်။

“သွားမယ်... ကျွန်တော် သွားပါ့မယ် ဟုတ်ပြီလား..."

"ကောင်းပြီ... သွားတော့..."

နျူဟုန်ဟွာက ကျေနပ်အားရစွာဖြင့် တိုက်တွန်းလိုက်သည်။

"ဘာလို့ ဒီလောက်စောစော သွားရမှာလဲ... ပြဇာတ်အဖွဲ့တောင် ရောက်သေးတာ မဟုတ်ဘူး..."

"ပြဇာတ်ကြည့်ရင်း စားဖို့ သရေစာတချို့ ပြင်ဆင်လိုက်ပါဦးမယ်..."

လျူအာကျူးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

လျူအာကျူး သွားရန် သဘောတူလိုက်သည်ကို ကြားသောအခါ လျူဟိုင်က ချက်ချင်း ပြောလိုက်၏။

"ကောင်းပြီလေ... ငါလည်း အလုပ်သွားလုပ်လိုက်ဦးမယ်... မင်းတို့နှစ်ယောက်အတွက် ရှေ့ဆုံးတန်းမှာ နေရာကောင်းတစ်ခု ဖယ်ထားပေးမယ်..."

ထိုသို့ပြောပြီးနောက် လျူဟိုင်က လှည့်ထွက်သွားသည်။

နျူဟုန်ဟွာသည်လည်း ချွန်းအာကို အိမ်ထဲသို့ ခေါ်သွားကာ ထပ်မံမှာကြားပြန်ပြီး လိုအပ်ပါက ဆန်ကို ထမင်းဖြစ်အောင် ချက်ပစ်ရန်ပင် တိုက်တွန်းလိုက်သည်။

လျူအာကျူးသည် သူ၏ နေရာလွတ်ထဲမှ ပြောင်းဖူးအချို့ကို ယူထုတ်ကာ သကြားဖြင့်ရော၍ ပေါက်ပေါက်ဆုပ်အချို့ ပြုလုပ်လိုက်သည်။

သူသည် သူ၏ နေရာလွတ်ကို အသုံးပြု၍ ဖရဲသီးဖျော်ရည်အနည်းငယ် ညှစ်ကာ ပုလင်းတစ်လုံးထဲသို့ ထည့်လိုက်သည်။

သူ လုပ်ဆောင်ပြီးစီးချိန်တွင် ပြဇာတ်အဖွဲ့လည်း ရောက်ရှိလာ၏။

လျူအာကျူးသည် နျူဟုန်ဟွာ၏ အဖန်ဖန် မှာကြားခြင်းခံထားရသော ချွန်းအာကို ခေါ်ဆောင်ကာ ပြဇာတ်ကြည့်ရန် ထွက်လာခဲ့သည်။

လမ်းခရီးတွင် သူတို့သည် ရွာသားအများအပြားနှင့် ဆုံတွေ့ခဲ့ရာ အားလုံးမှာ လှပသော ချွန်းအာကို မြင်ပြီး မှင်သက်သွားကြကာ အဆက်မပြတ် ချီးမွမ်းနေကြသဖြင့် ချွန်းအာမှာ ပို၍ပင် ရှက်သွေးဖြာသွားပြီး လမ်းတစ်လျှောက်လုံး ခေါင်းပင် မမော့ရဲတော့ပေ။

စပ်စုတတ်သော အဒေါ်ကြီးတစ်ဦးက အနားသို့ရောက်လာကာ လျူအာကျူးကို စိုက်ကြည့်ရင်း အလကားနေရင်း လျှောက်မသွားရန် သတိပေးလိုက်ပြီး ချွန်းအာသည် မည်မျှကောင်းမွန်သော မိန်းကလေးဖြစ်ကြောင်း အလေးအနက် ပြောကြားသွားသည်။

လျူအာကျူးသည် သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို သိသောကြောင့် အနေခက်စွာဖြင့် ခေါင်းညိတ် သဘောတူလိုက်ရုံသာ တတ်နိုင်၏။

သူတို့ ပြဇာတ်ကပြမည့်နေရာသို့ ရောက်ရှိသောအခါ ပတ်ဝန်းကျင်ရှိ ရွာများအားလုံးမှ လူများသည် ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲရန် ရောက်ရှိနေကြပြီး လူအုပ်ကြီးမှာ စုရုံးနေပြီဖြစ်သည်ကို လျူအာကျူး တွေ့လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုခေတ်အခါက ဖျော်ဖြေရေးအစီအစဉ်များ အလွန်နည်းပါးပေသည်။ ရုပ်ရှင် သို့မဟုတ် ပြဇာတ်ရှိလျှင် လူတို့သည် ကြည့်ရှုရန်အတွက် မိုင်ဆယ်ဂဏန်းကျော်အထိ လမ်းလျှောက်လာတတ်ကြသည်။

လျူဟိုင်က သူတို့အတွက် ရှေ့ဆုံးတန်းတွင် နေရာဖယ်ထားပေးမည်ဟု ပြောထားသောကြောင့် လျူအာကျူးက ချွန်းအာကို ရှေ့ဆုံးသို့ ခေါ်ဆောင်သွားသည်။

သူတို့ ရှေ့ဆုံးတန်းသို့ ရောက်သွားချိန်တွင် လုကျီယွင်သည်လည်း ထိုနေရာ၌ ရှိနေသည်ကို တွေ့လိုက်ရသည်။

အခန်း (၁၇၈) စေ့စပ်ထားမှု ဖျက်သိမ်းခံရခြင်းကို အတည်ပြုခြင်း

လုကျီယွင်ကို မြင်လိုက်ရသောအခါ လျူအာကျူးမှာ အံ့အားသင့်သွားသည်။

သူသည် အဝေးတွင် ကိစ္စရပ်များကို ကြီးကြပ်နေသော လျူဟိုင်ဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်၏။

လျူဟိုင်သည် လျူအာကျူး၏ အကြည့်ကို တမင်ရှောင်လွှဲသွားပြီး သူ့ကို မကြည့်ရဲပေ။

လျူဟိုင်သည် ဤကဲ့သို့သော လှည့်ကွက်များကို သုံးရန် မလိုအပ်သောကြောင့် သူ စီစဉ်ထားခြင်း မဟုတ်လောက်ဟု လျူအာကျူး တွေးလိုက်မိသည်။

လုကျီယွင် စောစောရောက်လာခြင်းသာ ဖြစ်ရမည်။

လုကျီယွင်သည် ကလေးတစ်ယောက်ကို ချီထားပြီး ကစားနေသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးသည် ချွန်းအာနှင့်အတူ ထိုင်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ချွန်းအာသည်လည်း လုကျီယွင်ကို မြင်လိုက်ရပြီး လျူအာကျူးထက်ပင် ပို၍ အနေခက်ကာ စိုးရိမ်ပူပန်နေသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရွာသားများက ထိုနှစ်ယောက် အတူအိပ်ခဲ့ကြပြီဟု အတင်းအဖျင်းများ ပြောနေကြသောကြောင့်ဖြစ်သည်။

ယခု ထပ်မံ၍ အတူတူ ထိုင်လိုက်ရသောအခါ သူမကိုယ်သူမ လူပိုတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ ရွာသားများကလည်း လျူအာကျူးနှင့် လုကျီယွင်တို့ကြားတွင် အမှန်တကယ် ဘာတွေဖြစ်နေသနည်းဟု သိချင်ကြသဖြင့် လျူအာကျူးကို စောင့်ကြည့်နေကြသည်။

လျူအာကျူး ထိုင်လိုက်သည်ကို မြင်သောအခါ လုကျီယွင်မှာ အမှန်တကယ်တော့ အတော်လေး ရှက်ရွံ့နေသော်လည်း ပုံမှန်အတိုင်း ဟန်ဆောင်ကာ ပြောလိုက်သည်။

“ကျူးဇီ ချွန်းအာ... မင်းတို့ ရောက်လာပြီကိုး... စတော့မယ်... မြန်မြန် ဝင်ထိုင်ကြ..."

လျူအာကျူးက အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်ပြီး ချွန်းအာနှင့်အတူ ထိုင်လိုက်သည်။

သူသည် ချွန်းအာကို လုကျီယွင်၏ဘေးတွင် တမင်တကာ နေရာချပေးလိုက်ပြီး သူကမူ ခုံတစ်လုံး ခြား၍ ထိုင်လိုက်သည်။

လုကျီယွင်သည် သူတို့၏ ဆက်ဆံရေးကို သိထားသောကြောင့် ချွန်းအာနှင့် လျူအာကျူးတို့၏ ကောင်းမွန်သော ဆက်ဆံရေးကို အားကျကြောင်း ပြောဆိုရင်း ချွန်းအာကို တမင်တကာ စကားလှမ်းပြောနေပြီး သူမနှင့် လျူအာကျူးတို့ကြားတွင် မည်သည့် အထူးပတ်သက်မှုမျှ မရှိကြောင်း အလေးအနက် ပြောကြားနေသည်။

အစပိုင်းတွင် ချွန်းအာမှာ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ပြန်လည်တုံ့ပြန်ရန် တုံ့ဆိုင်းနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် လုကျီယွင်မှာ လူဆိုးတစ်ယောက် မဟုတ်ကြောင်းနှင့် သူမ၏ အစ်ကိုကျူးဇီကို မြူဆွယ်ရန် ကြိုးစားနေပုံမရကြောင်း နားလည်လာသောအခါ သူမသည် သတိထားနေမှုများကို ဖြည်းညင်းစွာ လျှော့ချလိုက်ပြီး စကားပြောဆိုရာတွင် ပါဝင်လာလေတော့သည်။

ချွန်းအာက သူမနှင့် စကားပြောရန် ဆန္ဒရှိနေသည်ကို မြင်သောအခါ လုကျီယွင်မှာ ပို၍ တက်ကြွလာကာ လျူအာကျူး၏ ကောင်းမွန်သော အရည်အချင်းများကို အဆက်မပြတ် ချီးမွမ်းရင်း ချွန်းအာက သူ့ကို သဘောကျခြင်း ရှိမရှိ မေးမြန်းကာ ယောက်ျားတစ်ယောက်၏ နှလုံးသားကို မည်သို့ ဖမ်းဆုပ်ထားရမည်ကိုပင် သင်ပေးနေသည်။

အနီးအနားရှိ ရွာသားများမှာမူ ထိုအမျိုးသမီးနှစ်ဦး အများပြည်သူရှေ့တွင် ရန်ဖြစ်ကြမည်လားဟု မျှော်လင့်ကာ ပြဇာတ်တစ်ခုခုကို စောင့်ကြည့်နေခဲ့ကြသည်။

မမျှော်လင့်ဘဲ ထိုအမျိုးသမီးနှစ်ဦးသည် တက်ကြွစွာ စကားပြောဆိုနေကြပြီး နောက်ဆုံးတွင် ချွန်းအာသည် လုကျီယွင်အား ညီအစ်မအရင်းများကဲ့သို့ "အစ်မကြီးလု" ဟု ခင်မင်ရင်းနှီးစွာ ခေါ်ဝေါ်လာလေတော့သည်။

ထိုနှစ်ဦး သဟဇာတဖြစ်စွာ အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးသည်လည်း သက်ပြင်းချလိုက်ပြီး သူ၏အိတ်ထဲမှ ပေါက်ပေါက်ဆုပ်များနှင့် ဖရဲသီးဖျော်ရည်များကို အမျိုးသမီးနှစ်ဦး စားသောက်ရန် အလျင်အမြန် ထုတ်ပေးလိုက်သည်။

အနီးအနားမှ လူတစ်ယောက်က မွှေးကြိုင်သောရနံ့ကို ရလိုက်သဖြင့် အနည်းငယ် မနာလို ဖြစ်သွား၏။

အထူးသဖြင့် ကလေးတစ်စုသည် အနားသို့ ဝိုင်းအုံလာကြပြီး ချွန်းအာနှင့် လုကျီယွင်တို့၏ လက်ထဲရှိ ပေါက်ပေါက်ဆုပ်များကို တပ်မက်စွာ စိုက်ကြည့်နေကြသည်။

အမျိုးသမီးနှစ်ဦးစလုံးမှာ စိတ်သဘောထား နူးညံ့ကြသူများဖြစ်၍ ကလေးများကို ဝေမျှပေးချင်သော်လည်း ထိုအရာများမှာ လျူအာကျူး၏ ပစ္စည်းများ ဖြစ်နေသောကြောင့် နှစ်ယောက်စလုံးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

လျူအာကျူးက ကန့်ကွက်ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဒါက မင်းတို့အတွက် ပေးထားတာပဲ... သင့်တော်သလိုသာ စီမံလိုက်ပါ..."

အမျိုးသမီးနှစ်ဦးသည် တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် ကလေးတစ်ယောက်ကို ပေါက်ပေါက်ဆုပ် တစ်ခုစီ ဝေပေးလိုက်ကြသည်။ ဖရဲသီးဖျော်ရည်ကိုမူ မြည်းစမ်းကြည့်ရုံသာ မြည်းစမ်းပြီးနောက် အော်ပရာပြဇာတ်အဖွဲ့ဝင်များ ရေငတ်ပြေစေရန် နောက်ကွယ်သို့ ယူသွားပေးဖို့ လျူဟိုင်ထံ ကမ်းပေးလိုက်ကြသည်။

အော်ပရာပြဇာတ်အဖွဲ့ဝင်များမှာ သဘာဝကျကျပင် အလွန်ဝမ်းသာသွားကြသည်။ ဆောင်းရာသီအလယ်တွင် ဖရဲသီးဖျော်ရည် သောက်ရခြင်းမှာ ချိုမြိန်ပြီး လန်းဆန်းစေရုံသာမက ခွန်အားများပါ ရရှိစေသဖြင့် သူတို့ကို ပို၍ပင် တက်ကြွစွာ ကပြတင်ဆက်နိုင်စေခဲ့သည်။

လျူအာကျူး မျှော်လင့်ထားသည့်အတိုင်းပင် ဤပြဇာတ်မှာ အတော်လေး လူကြိုက်များပေသည်။

စေ့စပ်ထားမှု ဖျက်သိမ်းသည့် ဇာတ်ဝင်ခန်းသို့ ရောက်သောအခါ ရွာသားများသည် ဟွမ်ရှီရန်က ဆံဖြူမိန်းကလေးကို အတင်းအဓမ္မ ခေါ်ဆောင်သွားသည်ကို မြင်နေရသကဲ့သို့ တုံ့ပြန်ကြပြီး ဒေါသတကြီးဖြင့် အဆက်မပြတ် ဆဲဆိုနေကြသည်။

သို့သော် စုန့်အန်ရင်း၏ မိခင်ဖြစ်သူ ကျောက်ချင်းသည် လျူအာကျူး၏ လေ့ကျင့်သင်ကြားပေးမှုနှင့်အညီ အလွန်တရာ ကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။

သူမသည် စေ့စပ်ထားမှုကို ဖျက်သိမ်းခဲ့သော အမျိုးသမီးအဖြစ် အလွန်ပြောင်မြောက်စွာ သရုပ်ဆောင်ပြနိုင်ခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းသော်လည်း ကူကယ်ရာမဲ့ကာ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော စရိုက်လက္ခဏာများကို ဖော်ကျူးနိုင်ခဲ့သည်။

ဤကဲ့သို့သော ဘက်စုံစရိုက်လက္ခဏာရှိသည့် ဇာတ်ကောင်သည် လူအများအပြားကို အမှန်တကယ်ပင် သဘောကျစေခဲ့သည်။

ရွာသားများသည် ဆက်လက်ကြည့်ရှုနေစဉ်တွင် သူမကို မုန်းတီးရုံသာမကဘဲ မိသားစု၏ အတင်းအကျပ် လက်ထပ်ပေးခြင်းကို ခံရသောကြောင့် သူမကို သနားလာကြ၏။

ပြဇာတ်ထဲတွင် သူရဲကောင်းလေး ကျူးဇီအဖြစ် သရုပ်ဆောင်သူသည်လည်း အလွန်ထူးချွန်ကာ ဓားများနှင့် လှံများ ပါဝင်သော သိုင်းကွက်များဖြင့် သရုပ်ဆောင်ပြပြီး သူလျှိုကို ဖမ်းဆီးချိန်တွင် လက်ခုပ်သြဘာများ ရရှိခဲ့သည်။

ရွာသားများက အဆက်မပြတ် အားပေးကြွေးကြော်နေကြသော်လည်း အားလုံးက ဆင်းရဲကြသဖြင့် မည်သူကမျှ အမှန်တကယ် ငွေမပေးနိုင်ကြပေ။

သို့သော် လက်ခုပ်သံများနှင့် တက်ကြွသော အားပေးသံများက အော်ပရာပြဇာတ်အဖွဲ့ဝင်များကို အလွန်အမင်း ပျော်ရွှင်သွားစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤအရာက သူတို့၏ ပြဇာတ်တင်ဆက်မှုမှာ ကောင်းမွန်ပြီး ဤနေရာတွင် ကောင်းစွာ လက်ခံအားပေးခံရကြောင်း အဓိပ္ပာယ်သက်ရောက်ပြီး မြို့ပေါ်နှင့် ပြည်နယ်အဆင့် အာဏာပိုင်တို့ထံမှ ဖိတ်ကြားချက်များနှင့် တင်ဆက်မှုများ ပိုမိုရရှိလာနိုင်စေမည် ဖြစ်သည်။

ပြဇာတ်တင်ဆက်မှု ပြီးဆုံးသွားသောအခါ လူတို့သည် လက်မှတ်ထိုးခိုင်းခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်းများ မလုပ်ကြသော်လည်း အော်ပရာပြဇာတ်အဖွဲ့ဝင်များအား စကားအနည်းငယ် ပြောကြားပေးရန် လူအများအပြားက အော်ဟစ်တောင်းဆိုကြသည်။

အထူးသဖြင့် ကျောက်ချင်းကို လျူကျေးရွာ၏ အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးက အရှေ့သို့ထွက်၍ စကားပြောရန် ပြင်းပြင်းထန်ထန် ဖိတ်ခေါ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ပြဇာတ်ထဲရှိ သူမ၏ သရုပ်ဆောင်မှုသည် ခေတ်ကာလ၏ လက္ခဏာများနှင့် ကိုက်ညီပြီး နိုင်ငံတော်၏ တောင်းဆိုချက်ကို တုံ့ပြန်ကာ ပဒေသရာဇ်စနစ်အရ လက်ထပ်ခြင်းမှ ရုန်းထွက်ရန် ကြွေးကြော်သံကို ဟစ်ကြွေးနိုင်ခဲ့ပြီး အမျိုးသမီးများအတွက် ဂုဏ်ယူဖွယ် ဖြစ်စေခဲ့သောကြောင့်ပင်။

ထို့ကြောင့် အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးသည် မိမိကိုယ်တိုင်ရော အခြားသူများကိုပါ ထိခိုက်နစ်နာစေသော စီစဉ်ပေးသည့် လက်ထပ်ပွဲများ မပြုလုပ်ကြရန် သူမက ထွက်လာ၍ ရွာသားများအား အကြံပေးသင့်သည်ဟု ခံစားခဲ့ရသည်။

ကျောက်ချင်းက တွေဝေခြင်းမရှိပေ။ မိတ်ကပ်များ ဖျက်ပြီးနောက် သူမသည် စင်မြင့်ပေါ်သို့ ယုံကြည်မှုရှိရှိ လျှောက်သွားကာ လူအုပ်ကြီးကို ဦးညွှတ်လိုက်ပြီး အလေးအနက် ပြောကြားလိုက်သည်။

“အားလုံးပဲ... ကျွန်မ ခုလိုကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အော်ပရာပြဇာတ်အဖွဲ့ ခေါင်းဆောင်ပိုင်းရဲ့ ပံ့ပိုးမှု ဇာတ်ညွှန်းရေးဆရာရဲ့ လမ်းညွှန်မှုနဲ့ ရဲဘော် လျူအာကျူးရဲ့ အကူအညီတွေကြောင့်ပဲ ဖြစ်ပါတယ်..."

သူမ ဤသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများအားလုံးက လျူအာကျူးဆီသို့ ရောက်ရှိသွားကြသည်။

လျူအာကျူးက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားရမည် မဟုတ်လောဟု စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်မိသည်။

"ဒီပြဇာတ်က ရဲဘော် လျူအာကျူး သူလျှိုတွေကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့ပုံကို သရုပ်ဖော်ထားတာ လူတိုင်း သိကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်... သိမ်မွေ့တဲ့ပုံစံရှိတဲ့ လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်သတ္တိရှိရတာလဲဆိုတာကို ကျွန်မ အထူးသိချင်ခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ပိုသိချင်လာတဲ့အတွက် သူ့ကို လမ်းညွှန်မှုတောင်းခံခဲ့ပါတယ်..."

"မမျှော်လင့်ဘဲ သူက ကျွန်မကို ပဒေသရာဇ်စနစ်အရ လက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခဲ့ပါတယ်... အဲ့အရာက ကျွန်မကို ပြဇာတ်ထဲက မိန်းကလေးအပေါ် နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာမိစေခဲ့ပြီး လူတိုင်းကို ကျေနပ်စေတဲ့ သရုပ်ဆောင်မှုတစ်ခုဆီကို ဦးတည်သွားစေခဲ့တာပါ..."

"လူကြီးမင်းတို့အနေနဲ့ တစ်စုံတစ်ယောက်ကို ချီးမွမ်းချင်တယ်ဆိုရင် ရဲဘော် လျူအာကျူးကိုသာ ချီးမွမ်းကြပါရှင်..."

အားလုံးက လျူအာကျူးကို ကြည့်ကာ လှိုက်လှဲစွာ လက်ခုပ်တီးကြသည်။

အထူးသဖြင့် လျူကျေးရွာမှ ရွာသားများသည် သူတို့၏ဘေးရှိ လူများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှင်းပြနေကြသည်။

"သူက ကျွန်တော်တို့ရွာက ကလေးကောင်းလေးတစ်ယောက်ပါဗျ..."

"လျူအာကျူး ကြီးပြင်းလာတာကို ငါ စောင့်ကြည့်ခဲ့တာ... သူက ငယ်ငယ်လေးကတည်းက လိမ္မာပါးနပ်တာဗျ..."

"အာကျူးဇီက ငါ့ရဲ့ တူအရင်းလေ... မယုံဘူးလား... ခဏနေရင် သူ့ကို ငါ့ကို ဦးလေးလို့ ခေါ်ခိုင်းလိုက်မယ်..."

"ဟုတ်တယ်... ငါက သူ့ရဲ့ တတိယအဘိုးလေးလေ..."

"ငါက သူ့ရဲ့ သတ္တမမြောက်အဘိုးပဲ..."

လူတစ်စုသည် တစ်ခုခုကို အောင်မြင်ထားသူများကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရွှင်နေကြရင်း လျူအာကျူးနှင့် ဆွေမျိုးတော်စပ်ကြောင်း အဆက်မပြတ် ကြွေးကြော်နေကြသည်။

သို့သော် ချွန်းအာကမူ ကိစ္စတစ်ခုကိုသာ ဂရုစိုက်သည်။ သူမက လျူအာကျူးကို မျက်ရည်ဝဲသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုကျူးဇီ... အစ်ကိုနဲ့ စေ့စပ်ထားတာကို ဘယ်သူက ဖျက်လိုက်တာလဲ... သူက တကယ်ဆိုးတာပဲ..."

ကျောက်ချင်း၏ သရုပ်ဆောင်မှုက မည်မျှပင် အောင်မြင်နေပါစေ ချွန်းအာ၏ မျက်လုံးထဲတွင်မူ စေ့စပ်ထားမှုကို ဖျက်သိမ်းခြင်းက မှားယွင်းမှုတစ်ခုသာ ဖြစ်သည်။

လုကျီယွင်ပင်လျှင် လျူအာကျူးအပေါ်သို့ သနားစာနာသော အကြည့်တစ်ချက် ပေးလိုက်သည်။

လျူအာကျူးမှာ ဆွံ့အသွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“ဒါက အတုတွေပါ... အကုန်လုံး အတုတွေချည်းပဲ... ဒါက အနုပညာဖန်တီးမှုတစ်ခုလေ... နားလည်လား... အနုပညာဆိုတာ ဘဝထဲကနေ လာပေမဲ့ ဘဝထက် ပိုမြင့်မားတယ်လေ..."

ကျောက်ချင်းက ဆက်လက်ပြောဆိုလေသည်။

"စကားမစပ်... လူတိုင်းက စေ့စပ်ထားတာကို ဖျက်သိမ်းခဲ့တဲ့ မိန်းကလေးကို အပြစ်မတင်ကြဖို့ ကျွန်မ မျှော်လင့်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ သူမကလည်း ခေတ်ကာလရဲ့ သားကောင်တစ်ယောက် ဖြစ်နေလို့ပါပဲ... သူမကလည်း ကျူးဇီလို သူရဲကောင်းလူငယ်လေးကို ချစ်ခဲ့မယ်လို့ ကျွန်မ ယုံကြည်ပါတယ်... ဒါပေမဲ့ ပဒေသရာဇ်စနစ်အရ လက်ထပ်ခြင်းကို ဆန့်ကျင်ဖို့နဲ့ ကျွန်မတို့ အမျိုးသမီးရဲဘော်တွေ အကျိုးကျေးဇူးရရှိစေဖို့အတွက် သူမက စွန့်လွှတ်အနစ်နာခံခဲ့ရတာပါ..."

လျူအာကျူး - "..."

ဤအရာက လောကကြီးတွင် ဘာတွေဖြစ်နေသနည်းဟု သူ တွေးလိုက်မိသည်။

သို့သော် ကျောက်ချင်း၏ စကားများကြောင့် လျူအာကျူး၏ စေ့စပ်ထားမှု ဖျက်သိမ်းခံရခြင်းမှာ အတည်ဖြစ်သွားခဲ့၏။

ထို့ကြောင့် ရွာသားများသည်လည်း လျူအာကျူးကို သနားစာနာစွာဖြင့် ကြည့်လာကြလေတော့သည်။

လျူအာကျူးသည် ဆက်၍ငြိမ်မထိုင်နိုင်တော့ဘဲ အဓိပ္ပာယ်မရှိသည်များကို မပြောရန် အချက်ပြသည့်အနေဖြင့် ကျောက်ချင်းကို အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။

သို့သော် စကားများက ထွက်သွားခဲ့ပြီဖြစ်ရာ ပြန်ရုပ်သိမ်း၍ မရနိုင်တော့ပေ။

ထို့အပြင် အခြားသူများကလည်း တက်လာ၍ စကားပြောချင်နေကြသောကြောင့် ဆက်လက်ရှင်းပြရန် မဖြစ်နိုင်တော့ပေ။

နောက်ဆုံးတွင် အော်ပရာပြဇာတ်အဖွဲ့ဝင်များကို အစာစားရန်နှင့် အနားယူရန် စီစဉ်ပေးလိုက်သည်။

လျူဟိုင်က လျူအာကျူးကို ရှာရန် တိတ်တဆိတ် ရောက်လာပြီး မေးလိုက်သည်။

“ကျူးဇီ... စေ့စပ်ထားတာကို ဖျက်သွားတဲ့သူက ဘယ်သူလဲ... ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."

All Chapters