အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉) မော်တော်ဆိုင်ကယ် ရရှိခြင်း
လျူအာကျူးမှာ ဆက်လက်ရှင်းပြရန် ခွန်အားမရှိတော့သဖြင့် သူ၏အိမ်သို့သာ ပြန်ပြေးလာခဲ့တော့သည်။
သူသည် အပြင်သို့ထွက်ကာ ခေတ္တမျှ ပုန်းရှောင်နေရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
လုကျီယွင်နှင့် ပတ်သက်သော ကောလာဟလများပင် မပြေသေးမီ ယခု ထပ်မံ၍ စေ့စပ်ပွဲပျက်သည့်ကိစ္စ ပေါ်လာပြန်သည်။
နောက်ဆိုလျှင် သူသည် ကျေးရွာသတင်းဌာန၏ မျက်နှာဖုံးသတင်းစကားများဖြစ်လာကာ လူအများ၏ မေးခွန်းထုတ်ခြင်းနှင့် ဆွေးနွေးခြင်းများကို ခံရမည်မှာ သေချာလှပေသည်။
မွေးမြူရေးအတွက် လိုအပ်သော အရိုးမှုန့်အစာများ ပြုလုပ်ရန် ကြိတ်စက်တစ်လုံး လိုအပ်နေသည်နှင့်လည်း အံကိုက်ဖြစ်သွားသည်။
အကြောင်းမူကား ထိုအရိုးများကို အရိုးမှုန့်ဖြစ်အောင် သေချာစွာကြိတ်ချေရာတွင် ကြိတ်ဆုံကို အသုံးပြုခြင်းမှာ လူအင်အားနှင့် အချိန်များစွာ ကုန်ဆုံးစေပြီး ထုတ်လုပ်မှုနှင့် မလောက်ငနိုင်သဖြင့် ကြိတ်စက်တစ်လုံး ရရှိရန် လိုအပ်လှပေသည်။
သို့သော် ဤကြိတ်စက်ကို ခရိုင်မြို့တွင် မရောင်းချသဖြင့် သူသည် မြို့ပေါ်သို့ သွားရမည် ဖြစ်သည်။
မြို့ကြီးပေါ်တွင်ပင် အသင့်ရှိချင်မှ ရှိနိုင်ပေမည်။
ထို့အပြင် လျူအာကျူးသည် ကောက်နှံအချို့ကို ရောင်းချကာ ငွေရှစ်ထောင် သို့မဟုတ် တစ်သောင်းခန့် ရရှိရန်လည်း ဆန္ဒရှိနေသည်။
ဒေသတွင်း၌ ရောင်းချခြင်းမှာ အန္တရာယ်များလွန်းလှပြီး အခြားနေရာတွင် ရောင်းချကာ ချက်ချင်းထွက်ခွာသွားပါက အဖမ်းခံရနိုင်ခြေ အလွန်နည်းပါးသွားမည်ဖြစ်သည်။
ထို့ကြောင့် သူက ပေကျင်းမြို့သို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ အကွာအဝေးမှာ ကီလိုမီတာ နှစ်ရာခန့်သာရှိသဖြင့် မဝေးလှပေ။ မနက်ဖြန်တွင် သူသည် ခရိုင်မြို့သို့သွားကာ ပို့ဆောင်ရေးဗျူရိုမှ ပေးထားသော ချန်ကျန်း ၇၅၀ မော်တော်ဆိုင်ကယ်ကို စီးသွားမည်ဆိုလျှင် အချိန်သုံးနာရီခန့်သာ ကြာမြင့်မည် ဖြစ်သည်။
အဆင်သင့်ပင် ပေကျင်းမြို့ကိုလည်း သူ ထပ်မံမြင်တွေ့နိုင်မည် ဖြစ်သည်။
အတိတ်ဘဝက သူသည် ပေကျင်းမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော်လည်း အစောပိုင်းနှစ်များတွင် ဆင်းရဲနွမ်းပါးခဲ့ပြီး နောက်ပိုင်းတွင် မိသားစု၏ ကျောထောက်နောက်ခံဖြစ်လာခဲ့သောကြောင့် ပေကျင်းမြို့ကို သေချာစွာပင် မလေ့လာခဲ့ရပေ။
ထို့အပြင် လျူအာကျူးသည် နာမည်ကြီး ရှေးဟောင်းအချဉ်ဖတ်ဆိုင်မှ အချဉ်ဖတ်များကိုလည်း လွမ်းဆွတ်နေမိသည်။
ဤခရီးစဉ်တွင် သူသည် အချဉ်ဖတ်အချို့ကို ဝယ်ယူ၍ မည်သို့ပြုလုပ်ထားကြောင်း ပြန်လည်လေ့လာရန် လိုအပ်သည်။
အနာဂတ်တွင် လျူကျေးရွာရှိ ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာသည် ဟင်းသီးဟင်းရွက်များကိုသာ အဓိကထား စိုက်ပျိုးမည်မှာ သေချာသော်လည်း ဟင်းသီးဟင်းရွက်များကိုသာ ရောင်းချပါက ဈေးကွက်မှာ ကျဉ်းမြောင်းလွန်းပြီး ငွေအများကြီး ရနိုင်မည် မဟုတ်ပေ။
အချဉ်ဖတ်များမှာမူ ကွဲပြားလေသည်။ လူတိုင်း လိုအပ်ကြပြီး ဟင်းသီးဟင်းရွက်ရောင်းချခြင်းထက် ဈေးပိုမိုရရှိနိုင်ကာ များစွာ အကျိုးအမြတ်ဖြစ်ထွန်းစေ၏။
ဆုံးဖြတ်ချက်ချပြီးနောက် လျူအာကျူးသည် ခွန်အားများ သိမ်းဆည်းထားရန်အတွက် ကန်းပေါ်တွင် တိုက်ရိုက်အိပ်စက်လိုက်တော့သည်။
မနက်ဖြန်မနက်တွင် ခရီးထွက်မည်။
စောစီးသော နံနက်ခင်းအချိန်။
လျူအာကျူးက ပေကျင်းမြို့သို့ သွားမည့်အကြောင်းနှင့် ညဘက် နောက်ကျမှ ပြန်ရောက်ပါက မစောင့်ရန် သူ၏ မိဘများကို ပြောပြလိုက်သည်။
ထို့နောက် သူသည် တပ်မဟာရုံးချုပ်သို့ တန်းတန်းမတ်မတ် သွားကာ ဦးလေးဟိုင်ကို ထောက်ခံစာတစ်စောင် ရေးပေးရန် တောင်းဆိုလိုက်သည်။
ထိုအရာမပါဘဲ သူသည် ကြိတ်စက်ဝယ်ရန်မပြောနှင့် ခရီးပင် ထွက်ခွာ၍ရမည် မဟုတ်ပေ။
ထိုကိစ္စပြီးစီးသွားပြီးနောက် လျူအာကျူးသည် စက်ဘီးကို စီးကာ ဝယ်ယူခွင့်လက်မှတ် ရယူရန် ပြည်သူ့ကွန်မြူနစ်အဖွဲ့သို့ သွားရောက်ခဲ့သည်။
ဤကဲ့သို့သော စက်ပစ္စည်းမျိုးမှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝယ်ယူလိုရုံဖြင့် ဝယ်ယူနိုင်သောအရာမျိုး မဟုတ်ပေ။ လျူကျေးရွာတွင် ဝယ်ယူရန် အရည်အချင်းပြည့်မီကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပေးသော ထောက်ခံချက် လက်မှတ်ရှိမှသာ တရားဝင်ဖြစ်မည် ဖြစ်သည်။
ပြည်သူ့ကွန်မြူနစ်အဖွဲ့အနေဖြင့် သဘာဝကျစွာပင် လျူအာကျူးအား အခက်အခဲ မပေးခဲ့ပေ။ အကြောင်းမူကား စိုက်ပျိုးရေးနှင့် မွေးမြူရေး လျှောက်လွှာများကို ခွင့်ပြုချက်ရရှိပြီးဖြစ်ရာ ယခုအခါ သူ့အား တားဆီးရန် အကြောင်းမရှိတော့ပေ။
ခွင့်ပြုချက်အားလုံး ရရှိပြီးနောက် လျူအာကျူးသည် ခရိုင်မြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပို့ဆောင်ရေးဗျူရိုသို့ နံနက်စောစော ရောက်ရှိကာ စောင့်ဆိုင်းနေခဲ့သည်။
ဝူး.. ဝူး.. တူး.. ဒုတိယညွှန်ကြားရေးမှူးမာသည် သူ၏ မော်တော်ဆိုင်ကယ်ကို စီးကာ အလုပ်သို့ လာစဉ် ပို့ဆောင်ရေးဗျူရို၏ အဝင်ဝတွင် စောင့်ဆိုင်းနေသော လျူအာကျူးကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ ပြေးလာခဲ့သည်။
"ကျူးဇီ... ငါ့တူလေး..."
လျူအာကျူးမှာ အံ့သြသွားသော်လည်း အလျင်အမြန်ပင် နှုတ်ဆက်လိုက်သည်။
"ဦးလေးမာ... ဘာတွေများ အဲဒီလောက် စိတ်လှုပ်ရှားစရာရှိလို့လဲ..."
"ငါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ... မင်း ကုသပေးလိုက်တာ..."
စကားတစ်ဝက်တွင် ဒုတိယညွှန်ကြားရေးမှူးမာသည် ဖြတ်သွားဖြတ်လာလူများကို မြင်လိုက်ရသဖြင့် လျူအာကျူးကို ထောင့်တစ်နေရာသို့ ချက်ချင်းဆွဲခေါ်သွားကာ တိုးတိုးလေးပြောသည်။
"မင်းက တကယ့်ကို အံ့သြစရာပဲ... မနေ့က မင်းပေးတဲ့ဆေးကို ငါသောက်လိုက်တာ ချက်ချင်းပဲ သက်သာသွားတယ်... အထူးသဖြင့် မင်းပေးခဲ့တဲ့ အရွတ်သန်မာ အရိုးခိုင်မာဆေးကြောင့် ဒီမနက် မင်းအဒေါ် ငါ့ကို လာနှိုးတဲ့အခါ သူ့အသံက အရမ်းကို နူးညံ့နေတာပဲ... ဖိနပ်နဲ့ အိတ်ကိုလည်း ယူလာပေးပြီး ငါ့ကိုတောင် သူမကိုယ်တိုင် ခွံ့ကျွေးမလို့ လုပ်နေသေးတယ်..."
လျူအာကျူးက ယောက်ျားအချင်းချင်း နားလည်နိုင်သော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
"ဒါကောင်းတာပေါ့... ဒါပေမဲ့ အဲဒီဆေးကို အများကြီးတော့ မသောက်သင့်ဘူး..."
"စိတ်မပူပါနဲ့... ငါက အသက်ဆယ်စုနှစ်ချီနေပြီပဲ... အဲဒါကို လောဘတက်ပါ့မလား..."
ဒုတိယညွှန်ကြားရေးမှူးမာက ပြုံးလျက် ပြောလေသည်။
"အဓိကကတော့ အဲဒီအဘွားကြီးကို ငါစွမ်းဆောင်ရည် မပြတာပဲရှိတယ်... မလုပ်နိုင်တာ မဟုတ်ဘူးဆိုတာကို သိသွားစေချင်လို့ပါ..."
"ဟီးဟီး... ဦးလေးမာက တကယ်စွမ်းတာပဲ..."
လျူအာကျူးက လက်မထောင်ပြလိုက်သည်။
ဒုတိယညွှန်ကြားရေးမှူးမာ၏ မျက်နှာမှာ ပို၍ပင် ဝင်းပသွားသော်လည်း အလုပ်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းလိုက်၏။
"ငါ မမေးရသေးဘူး... မင်းက ဘာကိစ္စနဲ့ ဒီကို ရောက်နေတာလဲ..."
"ကျွန်တော် ပေကျင်းမြို့ကို သွားမလို့... အဲဒီမော်တော်ဆိုင်ကယ်ကိစ္စ..."
လျူအာကျူးက စကားတစ်ဝက်တွင် ရပ်လိုက်လေးးသည်။ ဒုတိယညွှန်ကြားရေးမှူးမာက ချက်ချင်း ဝင်ပြောလိုက်၏။
"အသင့်ဖြစ်နေပြီ... အကုန်စီစဉ်ပြီးပြီ... ဒါပေမဲ့ အသစ်စက်စက်တော့ မဟုတ်ဘူး... ငါ အဟောင်းတစ်စီးကို ယူထားတာ... အသစ်ပေးလိုက်ရင် မင်းကို ဒုက္ခပေးသလို ဖြစ်နေမှာစိုးလို့..."
"ရပါတယ် ရပါတယ်... သွားလို့ရရင် ပြီးတာပါပဲ..."
လျူအာကျူးမှာ အလွန်ဝမ်းသာသွားသည်။ မူလက သူသည် ဆိုင်ကယ်အသစ်တစ်စီးကို စီးသွားပါက အလွန်ပေါ်လွင်လွန်းနေမည်ဟု တွေးမိကာ မည်သို့ အဟောင်းဖြစ်အောင် လုပ်ရမည်ကို စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ဒုတိယညွှန်ကြားရေးမှူးမာသည် သူ့အတွက် အလုံးစုံ စဉ်းစားပေးထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သောကြောင့် လေးစားစွာဖြင့် လက်မအကြိမ်ကြိမ် ထောင်မပြဘဲ မနေနိုင်တော့ပေ။
ဒုတိယညွှန်ကြားရေးမှူးမာသည် လျူအာကျူး၏ ပခုံးကို ချက်ချင်း ဖက်ကာ ဗျူရိုထဲသို့ ခေါ်ဆောင်သွားပြီး တွေ့သမျှလူတိုင်းအား လျူအာကျူးမှာ သူ၏ တူဖြစ်ကြောင်း နွေးထွေးစွာ မိတ်ဆက်ပေးနေသည်။
ပို့ဆောင်ရေးဗျူရိုမှ လူများသည်လည်း လျူအာကျူး၏ ရုပ်သွင်ကို မှတ်သားထားကြပြီး အခွင့်အရေးရပါက သူ့ထံသို့ ချဉ်းကပ်ရန် စီစဉ်နေကြသည်။
များမကြာမီ သူတို့သည် ကားဂိုဒေါင်သို့ ရောက်ရှိသွားကြပြီး စစ်စိမ်းရောင် ဘေးတွဲဆိုင်ကယ်တစ်စီးကို မြင်လိုက်ရသည်။
တစ်ပတ်ရစ်ဖြစ်သော်လည်း အလွန်သန့်ရှင်းနေအောင် သုတ်သင်ထားသည်။ နေရာအချို့တွင် ဆေးများ ကွာကျနေသော်လည်း ၎င်း၏ ခံ့ညားသော အသွင်အပြင်ကို မထိခိုက်စေဘဲ အသွင်ယူထားသော ခံစားချက်မျိုးကိုပင် ပေးစွမ်းနေသည်။
ထိုနေရာတွင် ရပ်ထားသော မော်တော်ဆိုင်ကယ်ကြီးကို ကြည့်ရသည်မှာ ဝပ်နေသော ကျားတစ်ကောင်နှင့် တူလှပေသည်။
လျူအာကျူးမှာ ဝမ်းသာမှုကို မထိန်းနိုင်တော့ဘဲ ချက်ချင်း ပြေးသွားကာ ခွစီးလိုက်တော့သည်။
ဒုတိယညွှန်ကြားရေးမှူးမာက လျှောက်လာကာ လျူအာကျူးအား မည်သို့စက်နှိုးရမည်နှင့် မည်သို့စီးရမည်ကို သင်ပေးလေသည်။
အတိတ်ဘဝက ဘေးတွဲဆိုင်ကယ်ကို မစီးခဲ့ဖူးသော်လည်း လျူအာကျူးတွင် ယာဉ်မောင်းအတွေ့အကြုံရှိပြီး မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များကို စီးနိုင်သဖြင့် ဆင်တူသလိုပင် ခံစားရသည်။
သူသည် ကားဂိုဒေါင်ရှေ့တွင် အကြိမ်အနည်းငယ် လှည့်ပတ်စီးကြည့်ပြီးနောက် အလျင်အမြန်ပင် ကျွမ်းကျင်သွားတော့သည်။ သူ အတော်လေး ချောမွေ့စွာ စီးနင်းနိုင်သည်ကို မြင်သောအခါ ဒုတိယညွှန်ကြားရေးမှူးမာက လက်မထောင်ပြလိုက်သည်။
"မင်းက တကယ်ဉာဏ်ကောင်းတာပဲ... ဒီလောက် အချိန်တိုလေးအတွင်းမှာ စီးတတ်သွားတာ ငါလည်း စိတ်ပူစရာ မလိုတော့ဘူး... ဒါလေးဖမ်းထား..."
ဒုတိယညွှန်ကြားရေးမှူးမာ လှမ်းပစ်ပေးလိုက်သော စာအုပ်ငယ်လေးကို မြင်သဖြင့် လျူအာကျူး ဖမ်းယူလိုက်ရာ သူ၏ အမည်ပါသော ယာဉ်မောင်းလိုင်စင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက အံ့သြစွာဖြင့် ပြောလိုက်သည်။
"ဒါက ဘယ်တုန်းက လုပ်ထားတာလဲ..."
"ဒါက မင်းဦးလေးမာအတွက် အလုပ်တစ်ခု ဟုတ်လို့လား..."
ဒုတိယညွှန်ကြားရေးမှူးမာက ရယ်မောလိုက်သည်။
ပို့ဆောင်ရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်အတွက် လိုင်စင်လုပ်ရန်မှာ တကယ်ကို ပြဿနာမရှိနိုင်ကြောင်း လျူအာကျူးက တွေးလိုက်မိသည်။
"ဒါဆိုလည်း ဦးလေးမာကို ကျေးဇူးတင်ပါတယ်..."
လျူအာကျူးက ပြုံးလိုက်လေသည်။
"မင်းက ဘာလို့ ကျေးဇူးတင်နေတာလဲ... ပေကျင်းမြို့ကနေ ပြန်ရောက်ရင် ငါ့အိမ်လာပြီး ထမင်းစားလှည့်... မင်းကို သေချာဧည့်ခံမယ်..."
ဒုတိယညွှန်ကြားရေးမှူးမာက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ရပါတယ်... ပေကျင်းမြို့က ဦးလေး အကြိုက်ဆုံး ဒေသထွက်ကုန်တွေ ရှိလား... ကျွန်တော် ဦးလေးအတွက် ဝယ်လာခဲ့ပေးမယ်..."
လျူအာကျူးက မေးလိုက်သည်။
"ပေကျင်းမြို့က ဒေသထွက်ကုန်ဆိုရင်တော့... အဆင်ပြေမယ်ဆိုရင် ကျင်းပါကျန်း နဲ့ ဘဲကင် နည်းနည်း ဝယ်လာခဲ့ပေး..."
ဒုတိယညွှန်ကြားရေးမှူးမာက စကားပြောရင်း သူ၏ ငွေနှင့် လက်မှတ်များကို နှိုက်ယူလိုက်သည်။
"ဟုတ်ကဲ့... သဘောပေါက်ပြီ..."
လျူအာကျူးသည် လီဗာကို လိမ်ဆွဲကာ ဝူး.. ဝူး... ဝူး.. အသံဖြင့် ထွက်ခွာသွားတော့သည်။
"ဟေး... မင်း ငွေယူသွားဦးလေ..."
ဒုတိယညွှန်ကြားရေးမှူးမာသည် အလျင်အမြန်ပင် ခြေလှမ်းအနည်းငယ် ပြေးလိုက်သွားသော်လည်း လျူအာကျူးမှာ ရပ်တန့်မည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ ကောင်လေးက သူ့ငွေကို မယူလိုကြောင်း သိလိုက်ရလေသည်။ သူက ရယ်မောကာ ကျိန်ဆဲလိုက်လေသည်။
"ဒီကောင်စုတ်လေး... ငါ့ကို ကျေးဇူးတင်စရာတစ်ခု ထပ်ဖြစ်အောင် လုပ်သွားပြန်ပြီ..."
လျူအာကျူးမှာ ထိုအရာကို ဂရုမစိုက်ပေ။ သူသည် ဝါဂွမ်းအင်္ကျီနှင့် ဦးထုပ်ကို ဆောင်းထားပြီး အထည်အလိပ်စက်ရုံမှ သူ့အတွက် အထူးပြုလုပ်ပေးထားသော ဝါဂွမ်းလက်အိတ်များကိုလည်း ဝတ်ဆင်ထားသဖြင့် အနည်းငယ်မျှပင် မချမ်းအေးပေ။ သူသည် မော်တော်ဆိုင်ကယ်ကို အရှိန်တင်မောင်းနှင်သွားရာ လေထဲတွင် အတော်လေး ခံ့ညားနေလေတော့သည်။
သူ သွားလေရာတိုင်းတွင်လည်း လမ်းပေါ်ရှိ ခရီးသွားများက အံ့သြအားကျသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။
ဤအချိန်ကာလရှိ စက်ဘီးတစ်စီးသည် နောင်မျိုးဆက်များရှိ ဘီအမ်ဒဗလျူ သို့မဟုတ် မာစီးဒီး တို့နှင့် ညီမျှသည်ဆိုပါက မော်တော်ဆိုင်ကယ်တစ်စီးသည် ရိုးစ်ရွိုက်စ်ကား အဆင့်တွင် ရှိနေသည်မှာ သေချာလှပေသည်။
အခန်း (၁၈၀) ကြိတ်စက်ဝယ်ယူခြင်းနှင့် ဘဲကင်စားခြင်း
လျူအာကျူးသည် သူ၏မော်တော်ဆိုင်ကယ်ကို စီးကာ ပေကျင်းမြို့ဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားသည်။
သို့သော် ထိုအချိန်က ချောမွေ့သော အမြန်လမ်းများ မရှိသေးဘဲ နိုင်ငံတော်အဆင့် လမ်းမကြီးများပင် မရှိသေးပေ။
သူသည် မြေပုံအရ မညီညာသော လမ်းများတစ်လျှောက်သာ အမြန်မောင်းနှင်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သည်မော်တော်ဆိုင်ကယ်ကို ထုတ်လုပ်စဉ်က ဤကဲ့သို့ ကြမ်းတမ်းသော လမ်းများကို ထည့်သွင်းစဉ်းစားထားသောကြောင့် စီးနင်းရသည်မှာ သိပ်မဆိုးရွားလှပေ။
ထို့အပြင် လျူအာကျူး၏ ထူထဲသော ဝါဂွမ်းအင်္ကျီနှင့် သိုးမွေးကုတ်အင်္ကျီတို့၏ အကာအကွယ်ကြောင့်လည်း သိပ်မအေးလှပေ။
လေးနာရီကြာပြီးနောက်။
လျူအာကျူးသည် နောက်ဆုံးတွင် ပေကျင်းမြို့ရှိ အရှေ့တည့်တည့်ဂိတ်သို့ ရောက်ရှိသွားလေသည်။
ရှေးဟောင်းမြို့တံခါးမျှော်စင်ကြီးကို ကြည့်ရင်း လျူအာကျူး၏ မျက်လုံးများတွင် ခံစားချက်များ ပြည့်နှက်နေသည်။
နောက်နှစ်အနည်းငယ်ကြာလျှင် ဤတံခါးမျှော်စင်ကြီးကို ဖြိုချတော့မည်ဖြစ်ပြီး ထိုစဉ်က သူပင်လျှင် ဖြိုချသည့်လုပ်ငန်းကို လာရောက်ကြည့်ရှုခဲ့ဖူးသည်။
သို့သော် သူမြင်တွေ့ခဲ့ရချိန်တွင် မျှော်စင်၏ ထက်ဝက်ကျော်ခန့်မှာ ဖြိုချခံထားရပြီး ဖြစ်သည်။
ယခုမူ နေရာတစ်ခုလုံး၏ မြင်ကွင်းအပြည့်အစုံကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသောအခါ သမိုင်းကြောင်း၏ ခံစားမှုတစ်ခုက သူ့အပေါ် လွှမ်းခြုံလာလေသည်။
သူသည် စိတ်ထဲတွင် လှိုက်လှဲစွာ သက်ပြင်းချနေမိသော်လည်း ဘာမှတော့ ထုတ်မပြောခဲ့ပေ။
အဟောင်းဖျက်သိမ်းရေးလှုပ်ရှားမှုကြီးမှာ အရှိန်အဟုန် အပြည့်မရသေးသော်လည်း သမိုင်းကြောင်းကို လွမ်းဆွတ်သက်ပြင်းချခြင်းသည် ပဒေသရာဇ်စနစ်ကို လွမ်းဆွတ်ခြင်းနှင့် ဆင်တူနေသောကြောင့် ပြဿနာကို ရှောင်ရှားရန် ပါးစပ်ပိတ်ထားခြင်းက ပိုကောင်းသည်။
အရှေ့တည့်တည့်ဂိတ်၏ ပတ်ဝန်းကျင်တွင် သာမန်အရပ်သားများစွာ ဖြတ်သန်းသွားလာနေကြသည်။
ထိုလူများထဲမှ အချို့မှာ သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး အချို့မှာမူ ဖာရာထေးရာများနှင့် ပြည့်နှက်နေသည်။
သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသူများက ဖာရာထေးရာများနှင့် လူများကို အထင်သေးစွာ ကြည့်ကြသည်။
စက်ဘီးတွန်းလာသူများက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသူများကို အထင်သေးကြပြန်သည်။
သို့သော် လျူအာကျူးက သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မော်တော်ဆိုင်ကယ်စီးလာသည်ကို သူတို့မြင်သောအခါ အားလုံးက မနာလိုသော အကြည့်များဖြင့် ကြည့်ကြသည်။
ပေကျင်းမြို့မှ လူများသည် နောင်လာမည့်ခေတ်များကဲ့သို့ နေ့စဉ်ရက်ဆက် မာနမကြီးကြသော်လည်း ပြင်ပလူများအပေါ်တွင်မူ သဘောထားမကောင်းကြပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် အရင်ဘဝက ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသောကြောင့် သူ၏ ပေကျင်းဒေသန္တရစကားမှာ အတော်လေး စစ်မှန်သည်။
လျူအာကျူးသည် တံခါးမျှော်စင်အောက်တွင် နေပူဆာလှုံနေသော အဘိုးကြီးတစ်ဦးထံသို့ ချဉ်းကပ်သွားပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။
"ထမင်းစားပြီးပြီလား..."
လျူအာကျူးကို မော်တော်ဆိုင်ကယ်ပေါ်တွင် မြင်လိုက်ရသောအခါ အဘိုးကြီးမှာလည်း စိတ်ဝင်စားသွားသည်။
"လူငယ်လေးက နယ်ကလာတာလား..."
"မဟုတ်ပါဘူးဗျာ ကျွန်တော်က အရင်ကနယ်ကို ပြောင်းရွှေ့ခံရတာ အခုမှ ပြန်ပြောင်းလာတာပါ..."
လျူအာကျူးက ပြုံးလျက် ပြောလိုက်သည်။
လျူအာကျူး၏ ပေကျင်းလေသံမှာ အမှန်တကယ် ချောမွေ့နေသည်ကို ကြားလိုက်ရသောအခါ အဘိုးကြီးက အမှန်ဟု ယူဆသွားပြီး သူ၏အပြုံးမှာ ပို၍တောက်ပလာသည်။
"ဒါဆိုရင်လည်း ဂုဏ်ယူပါတယ်ကွာ အပြင်က ဘယ်နေရာမှ ငါတို့ပေကျင်းလောက် မကောင်းပါဘူး..."
"ကျေးဇူးပါပဲ ဆေးလိပ်သောက်မလား အဘိုး..."
လျူအာကျူးက ကျုံးဟွာ စီးကရက်တစ်လိပ်ကို ကမ်းပေးလိုက်သည်။
အဘိုးကြီးမှာ ပို၍ပင် ပျော်ရွှင်သွားလေသည်။ စီးကရက်ကို ယူလိုက်ရင်း သူက ချီးကျူးလိုက်သည်။
"ဟဲဟဲ မင်းက တကယ် သဘောကောင်းတာပဲကွ..."
လျူအာကျူးသည် သူ့အတွက် စီးကရက်ကို မီးညှိပေးလိုက်ပြီးနောက် မေးလိုက်သည်။
"ဒီနားဝန်းကျင်မှာ သတင်းစာတိုက်ဘယ်မှာရှိလဲဆိုတာ အဘိုးသိလား..."
"ရှေ့ကို လမ်းနှစ်လမ်းသွား ထောင့်ချိုးရောက်ရင် ဘယ်ဘက်ကို ကွေ့လိုက် အဲဒီမှာ တွေ့လိမ့်မယ်..."
အဘိုးကြီးက ပြန်ဖြေလေသည်။
လျူအာကျူးက သူ့ကို ကျေးဇူးတင်စကားဆိုကာ မော်တော်ဆိုင်ကယ်ကို စီး၍ ထွက်သွားသည်။
သို့သော် လမ်းတစ်လမ်းကို ဖြတ်ကျော်ပြီးနောက် သူသည် ပတ်ဝန်းကျင်ကို ထပ်မံမေးမြန်းရန် ရပ်လိုက်ပြန်သည်။
သူသည် မဖြစ်မနေ မေးရမည်ဖြစ်၏။ အဓိကအကြောင်းရင်းမှာ သူသည် ယခင်က ဤနေရာတွင် နေထိုင်ခဲ့ဖူးသောကြောင့် ဤသက်ကြီးရွယ်အိုများ၏ အပြုအမူကို ကောင်းစွာ နားလည်သောကြောင့်ပင် ဖြစ်လေသည်။
လမ်းမှားများကို တမင်သက်သက် ပြောပြခြင်းက သူတို့အတွက် အကျိုးမရှိသော်လည်း သူတို့သည် အခြားသူများကို အခက်တွေ့အောင် လုပ်ရသည်ကို သဘောကျကြသည်။
သူသည် ဒေသခံလေသံကို အတတ်နိုင်ဆုံး ကြိုးစားအသုံးပြုခဲ့သော်လည်း အရူးလုပ်ခံရခြင်းမှ ရှောင်လွှဲရန် ခက်ခဲသည်။
တကယ်ပင် ယခုတစ်ကြိမ်တွင် လျူအာကျူးသည် ဆယ်ကျော်သက်တစ်ဦးကို မေးမြန်းခဲ့သည်။ ပန်းသီးတစ်လုံးနှင့် လဲလှယ်၍ လမ်းသုံးလမ်းကို ဖြတ်ကျော်ပြီး ညာဘက်သို့ကွေ့ရမည့် လမ်းကြောင်းကို သူရရှိခဲ့သည်။
“တောက် အဘိုးကြီးစုတ်…”
ဒေါသထွက်သွားသော လျူအာကျူးသည် ဦးစွာ ဆယ်ကျော်သက်၏ လမ်းညွှန်ချက်အတိုင်း သတင်းစာတိုက်ကို ရှာဖွေခဲ့ပြီး ပေကျင်းမြို့မြေပုံတစ်ခုကို ဝယ်ယူကာ အရှေ့တည့်တည့်ဂိတ် တံခါးမျှော်စင်အနီးသို့ ပြန်လည်မောင်းနှင်သွားသည်။
အဘိုးကြီးစုတ်မှာ အဝေးမှနေ၍ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ လျူအာကျူးသည် ဖြတ်သွားသော ကလေးတစ်ဦးကို ဖမ်းဆွဲလိုက်ပြီး အဘိုးကြီးကို လက်ညိုးထိုးပြကာ မေးလိုက်ရသည်။
"သူ့ကို မင်းသိလား..."
"သိတာပေါ့ သူက ကျွန်တော်တို့ လမ်းကြားက လူမိုက်ဟောင်း ဒုတိယအဘိုးလေ..."
ကလေးငယ်က ရိုးသားစွာ ပြောလိုက်သည်။
ဘာ လူမိုက်ဟောင်းလဲ။ သူသည် ငယ်စဉ်က သေးမွှားသော လူမိုက်တစ်ဦးမျှသာဖြစ်ပြီး ယခု အသက်ကြီးလာသောအခါ သူ၏ အသက်အရွယ်ကြီးရင့်မှုကို အားကိုးကာ နေရာတိုင်းတွင် ကြွားလုံးထုတ်ပြီး ပြဿနာရှာနေခြင်းသာ ဖြစ်သည်။
လျူအာကျူးသည် ကလေးငယ်၏ လက်ထဲသို့ သစ်သီးသကြားလုံးတစ်လုံးကို ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"အဲဒီအဘိုးကြီးကို သူ့အိမ် မီးလောင်နေပြီ အမြန်ပြန်သွားလို့ သွားပြောလိုက်ချေ..."
သကြားလုံးကို မြင်လိုက်ရသောအခါ ကလေးငယ်မှာ အလွန်ဝမ်းသာသွားပြီး အဘိုးကြီးထံသို့ ချက်ချင်း ပြေးသွားကာ အော်ပြောလေသည်။
"ဒုတိယအဘိုး ဒုတိယအဘိုး အဘိုးအိမ်မီးလောင်နေပြီ မြန်မြန်သွားကြည့်ပါဦး..."
"ဘာ..."
အဘိုးကြီးမှာ ဆေးလိပ်ကို ဇိမ်ခံသောက်နေစဉ် ဤစကားကို ကြားလိုက်ရသည်။ သူသည် သုံးပေခန့် ခုန်ပေါက်သွားပြီး ယုန်တစ်ကောင်ကဲ့သို့ အမြန်ပြေးထွက်သွားရာ အသက်ရှူမဝအောင် အိမ်သို့ပြေးသွားခဲ့သည်။ ပြုတ်ကျသွားသော ဖိနပ်တစ်ဖက်ကိုပင် ကောက်ယူရန် ရပ်မနေခဲ့ပေ။
ခဏအကြာတွင် အဘိုးကြီး၏ ကျိန်ဆဲသံများက လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ဖိနပ်ကို ကောက်ယူရန် ညည်းညူလျက် ထွက်လာသည်။
သူထွက်လာသည်နှင့်တစ်ပြိုင်နက် လျူအာကျူးက တုတ်တစ်ချောင်းကို အသုံးပြု၍ သူ၏ဖိနပ်ကို ကောက်ယူကာ တံခါးမျှော်စင်ပေါ်သို့ ပစ်တင်လိုက်သည်ကို မြင်လိုက်ရသည်။
"အဘိုးကြီးစုတ် ခင်ဗျား လျှောက်ပြောတဲ့အတွက် ဒါက ခင်ဗျားရသင့်တဲ့အရာပဲ..."
လျူအာကျူးက ကျိန်ဆဲလိုက်ပြီး မော်တော်ဆိုင်ကယ်ကို စီး၍ ထွက်သွားလေရာ ဒေါသတကြီး ခုန်ပေါက်နေသော လူမိုက်ဟောင်းကြီးကို အနောက်တွင် ချန်ရစ်ခဲ့သည်။
လျူအာကျူးသည် လေကွယ်သော တိတ်ဆိတ်သည့် နေရာတစ်ခုကို ရှာတွေ့သွားပြီး မော်တော်ဆိုင်ကယ်ပေါ်တွင် မှီကာ မြေပုံကို စစ်ဆေးလိုက်သည်။
သူသည် ကြိတ်စက်တစ်လုံး ဝယ်ယူနိုင်မည့် နေရာကို ရှာဖွေနေခြင်းဖြစ်သည်။
သူသည် ပေကျင်းမြို့ကို လည်ပတ်ချင်သော်လည်း ကိစ္စရပ်များကို ဦးစွာဖြေရှင်းရမည်ဖြစ်၏။
မကြာမီတွင် မြေပုံပေါ်ရှိ ထုံကျိုးတွင် ဖုန်းလိန်ကြိတ်စက်ရုံဟု ခေါ်သော နေရာတစ်ခုကို သူရှာတွေ့သွားပြီး မော်တော်ဆိုင်ကယ်ကို ချက်ချင်း မောင်းနှင်သွားလိုက်သည်။
သိပ်မဝေးလှဘဲ ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးလေသည်။
သူရောက်ရှိသွားသောအခါ စက်ရုံမှာ အလုပ်ရှုပ်နေချိန် ဖြစ်သည်။
သူ၏ ထောက်ခံစာ၊ ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ အသိအမှတ်ပြုလက်မှတ်နှင့် စီးကရက်တစ်ဝက်ကို ပေးကမ်းပြီးနောက် လျူအာကျူးသည် နောက်ဆုံးတွင် ကြိတ်စက်ရုံ၏ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံခွင့်ရသွားသည်။
သူသည် ထိုသူနှင့် တွေ့ဆုံပြီး သူ၏ရည်ရွယ်ချက်ကို ရှင်းပြပြီးနောက် ညွှန်ကြားရေးမှူးမှာ အတော်လေး ယဉ်ကျေးလေသည်။ မည်သို့ပင်ဖြစ်စေ ငွေရှာရမည်ကို မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။
ထို့အပြင် အရာအားလုံး အဆင်ပြေချောမွေ့စေရန် လျူအာကျူးသည် ဖရဲသီးကြီး နှစ်လုံးကို အထူးတလည် ယူဆောင်လာခဲ့သည်။
ဖရဲသီးများကို မြင်လိုက်ရသောအခါ ညွှန်ကြားရေးမှူး၏ မျက်နှာတွင် အပြုံးများ ပွင့်လန်းသွား၏။ သူက လက်မထောင်ပြကာ ပြောလိုက်သည်။
"လူငယ်လေး မင်းက တကယ် အလုပ်လုပ်တတ်တာပဲ ဒါပေမဲ့ မကောင်းတာလေးတွေ အရင်ပြောကြရအောင် မင်းရဲ့နေရာက အရမ်းဝေးတယ် ငါတို့က ရောင်းတာကိုပဲ တာဝန်ယူတယ် ပို့ဆောင်တာကိုတော့ တာဝန်မယူဘူး..."
"ရပါတယ် ကျွန်တော် ခင်ဗျားကို ငါးယွမ်ပေးပါ့မယ် လမ်းဘေးကို ပို့ပေးဖို့ လူနှစ်ယောက်လောက် ရှာပေးပါ ကျွန်တော့်ရွာသားတွေ လာယူကြလိမ့်မယ်..."
လျူအာကျူးက ပြုံးလျက် ပြောလေသည်။
"ဒါက ပြဿနာမရှိပါဘူး..."
ညွှန်ကြားရေးမှူးက သူ့လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်ပြီး ငါးယွမ်ကို ယူကာ ပစ္စည်းသယ်ယူရန် အလုပ်သမားအချို့ကို သွားခေါ်လေသည်။
ထိုအချိန်က ထုံကျိုးမှာ အတော်လေး လူသူကင်းမဲ့နေဆဲ ဖြစ်သည်။ အလုပ်သမားများက ကြိတ်စက်ကို လမ်းဘေးသို့ ရွှေ့ပြောင်းချိန်တွင် ပတ်ဝန်းကျင်၌ ကျေးရွာများပင် မရှိဘဲ စွန့်ပစ်မြေရိုင်းများသာ ရှိသည်။
လျူအာကျူးထံမှ စီးကရက်တစ်ဗူးစီ ရရှိထားသော အလုပ်သမားနှစ်ဦးမှာ အတော်လေး သဘောကောင်းကြပြီး သူတစ်ယောက်တည်း ဖြစ်နေသောကြောင့် ကြောက်နေသလားဟု စိုးရိမ်တကြီး မေးမြန်းကြသည်။
မည်သို့ပင်ဖြစ်စေ ဤကြိတ်စက်မှာ အလတ်စားအရွယ်အစားဖြစ်ပြီး ယွမ်ရှစ်ရာ တန်ဖိုးရှိသည်။
၎င်းသည် လေးလံပြီး အခိုးခံရရန် မဖြစ်နိုင်သော်လည်း မည်သူက သေချာပေါက် ပြောနိုင်မည်နည်း။
လျူအာကျူးက ပြုံးကာ လက်ဝှေ့ယမ်းလိုက်သည်။
"ကျေးဇူးပါပဲ အစ်ကိုတို့ ဒါပေမဲ့ ရပါတယ် ခင်ဗျားတို့ ပြန်ကြပါ ကျွန်တော့်ဘာသာ အဆင်ပြေအောင် လုပ်နိုင်ပါတယ်..."
လျူအာကျူး၏ ယုံကြည်မှုကို မြင်ပြီး သူ၏ရ့ာသားများ မကြာမီ ရောက်လာလိမ့်မည်ဟု ယူဆကာ သူတို့နှစ်ဦးမှာ ထပ်မံကြန့်ကြာမနေတော့ပေ။
အကယ်၍ နောက်ကျမှ ပြန်ရောက်ပါက အဖွဲ့ခေါင်းဆောင်က သူတို့ကို ဆူပူမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
လျူအာကျူးသည် မော်တော်ဆိုင်ကယ်ပေါ်တွင် ထိုင်ကာ စီးကရက်တစ်လိပ်ကို တိတ်ဆိတ်စွာ သောက်နေသည်။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိတော့သည်ကို သေချာသွားသောအခါ သူသည် ကြိတ်စက်ကို နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး မော်တော်ဆိုင်ကယ်ကို စီး၍ ထွက်သွားသည်။
ထို့နောက် သူ၏ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်ရမည့်အချိန် ရောက်လာလေပြီ။
လျူအာကျူးသည် ဦးစွာ နာမည်ကြီး ရှေးဟောင်းအချဉ်ဖတ်ဆိုင်သို့ သွားလိုက်သည်။
ထိုအချိန်က နာမည်ကြီး ရှေးဟောင်းအချဉ်ဖတ်ဆိုင်မှာ အမည်မပြောင်းရသေးပေ။ နောက်နှစ်အနည်းငယ်ကြာလျှင် ၎င်းသည် အချဉ်ဖတ်စက်ရုံ အရောင်းဌာန ဖြစ်လာမည်ဖြစ်သည်။
သို့သော် သူတို့၏အချဉ်ဖတ်များမှာ အတော်လေး နာမည်ကြီးနေပြီ ဖြစ်သည်။
လူများစွာသည် ကောက်နှံနှင့် အသားများကို မဝယ်နိုင်ကြသည့်အချိန်၌ပင် လူအတော်များများက သူတို့၏အချဉ်ဖတ်များကို ဝယ်ယူနေကြဆဲ ဖြစ်သည်။
လျူအာကျူးသည် အချဉ်ဖတ် သုံးစည်အပြည့် ဝယ်ယူခဲ့ပြီး စည်တစ်ဝက်မှာ သကြားရည်စိမ်ကြက်သွန်ဖြူ သက်သက်ဖြစ်လေသည်။
ထိုအရာအတွက် ငွေအများကြီး ကုန်ကျခဲ့သော်လည်း သူ ဘာတတ်နိုင်မည်နည်း။ သူက ချမ်းသာနေသည်ကိုး။
လျူအာကျူးသည် အချဉ်ဖတ် သုံးစည်ကို ပုံမှန်အတိုင်း လူသူကင်းမဲ့သော နေရာတစ်ခုသို့ ပို့ဆောင်ပေးရန် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးကို ရှာဖွေခဲ့လေသည်။
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသောအခါ လျူအာကျူးသည် အချဉ်ဖတ်များကို သိမ်းဆည်းလိုက်သည်။ သူ၏ဗိုက်မှာလည်း အသံမြည်နေလေပြီ။
ဘဲကင် သွားစားရမည့်အချိန် ရောက်ပြီလေ…