အခန်း ၇၇၁
Vol. 52 Ch. 771
အခန်း (၇၇၁) တာဝန် ပြီးမြောက်မှု၊ အဓိက ရည်မှန်းချက်နှင့် တိတ်တဆိတ် ခရီးစဉ်
“တီ..တီ...”
“ကြယ်တာရာ မျိုးနွယ်စုတွေ ကျူးကျော်လာတာကို ထောက်လှမ်းသိရှိရပါတယ်... ဂိုဏ်းချုပ်ရဲ့ အဆင့် (၇) တာဝန် ပထမအချက် စတင်ပါပြီ... ရန်သူတွေကို ပျော်ရွှင်စွာ သတ်ဖြတ်နိုင်ပါစေ”
(မှတ်ချက် ။ လွန်ခဲ့သော (၅) ရက်က သတင်းစကား)
ယဲ့ဖုန်းသည် စနစ်၏ အသိပေးသံကို မမျှော်လင့်ဘဲ ကြားလိုက်ရသည်။
ယဲ့ဖုန်းသည် သူ၏ အမြင်အာရုံထဲတွင် ပေါ်လာသော မှတ်ချက်ကို မြင်လိုက်ရသောအခါ နားထင်ကို ပွတ်သပ်လိုက်သည်။
'စနစ်က တော်တော်လေး စာနာတတ်တာပဲ... အရေးကြီးတဲ့ သတင်းတွေ မလွတ်သွားအောင် စာတိုချန်ထားခဲ့တဲ့ လုပ်ဆောင်ချက်မျိုးတောင် ရှိနေတာကိုး...'
“ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှု စတင်နေပြီပဲ”
...
“ဒါဆို အပြင်ဘက်က အခြေအနေ ဘယ်လိုရှိနေပြီလဲ”
ယဲ့ဖုန်းသည် သိချင်စိတ်ဖြင့် ကံကြမ္မာ ရတနာပုလဲကို ထုတ်ယူလိုက်သည်။ ကံကြမ္မာ စွမ်းအား (၁၀) မျှင်ကို အသုံးပြုလိုက်၏။ လက်ရှိ အခြေအနေကို တွက်ဆကြည့်လိုက်တော့သည်။
...
မြူခိုးဂိုဏ်းအတွင်း၌ ကျင့်ကြံသူ သိပ်မများတော့ချေ။ တပည့်အများစုမှာ ရန်သူများကို သွားရောက် တိုက်ခိုက်နေကြ၏။
တပည့်အများစုမှာ ချီစုစည်းခြင်းအဆင့် သို့မဟုတ် ဝိညာဉ်ပင်လယ်အဆင့်တွင်သာ ရှိကြသော်ငြား မိုယင်နှင့် ဟိုယွင်ကျဲတို့ကဲ့သို့သော မူလနတ်ဘုရားအဆင့် ပညာရှင်များက ဦးဆောင်ကာ အဖွဲ့များခွဲ၍ သွားကြသည်။ လုံခြုံရေးအတွက်မူ စိုးရိမ်စရာ မရှိလှပေ။ အကြောင်းမူကား တပည့်များသည် ဂိုဏ်း၏ ဈေးကွက်အတွင်း၌ သူတို့၏ တပည့်အမှတ်များဖြင့် ကာကွယ်ရေးအတွက် အထူးစီမံထားသော ချပ်ဝတ်များနှင့် အဝတ်အစားများကို လဲလှယ်ထားကြသောကြောင့်ပင် ဖြစ်၏။ ရန်သူကို မနိုင်လျှင်တောင်မှ အသတ်မခံရနိုင်စေရန် အာမခံချက် ရှိနေချေ၏။
ရှန်ကျိုးတိုက်ကြီး၏ မြောက်ပိုင်း ဒေသသို့ မိုယင်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ရောက်ရှိနေသည်။
မလှမ်းမကမ်း၌ လူဦးရေ သန်းချီရှိသော မြို့ကြီးတစ်မြို့ကို သန်းနှင့်ချီသော လနီ မိစ္ဆာများက ဝိုင်းရံပိတ်ဆို့ထားကြ၏။ ထို့အပြင် ဝိညာဉ်ဝါးမြို မျိုးနွယ်စုနှင့် ရှေ့ဖြစ်ဟော မျိုးနွယ်စုမှ လူများစွာလည်း ပါဝင်နေပေသေးသည်။
ကြီးမားလှသော အသားတောင်ကြီး မိစ္ဆာများက အတားအဆီးမဲ့ သွားလာနေကြကာ မြို့ကို ကျူးကျော်လျက် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။
ထိုအခိုက်အတန့်၌ မြို့အတွင်း ပုန်းအောင်းနေသော နတ်ဘုရား မျိုးနွယ်စု ဝင်စားသူများသည် အရေးကြီးသော အချိန်တွင် နောက်ကျောကို ဓားနှင့် ထိုးကြသဖြင့် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော မြို့စားကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရသွားတော့သည်။
“မင်းတို့ မိစ္ဆာတွေ အားလုံး သေသင့်တယ်”
မြို့စားကြီးသည် သူ၏ ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း သွေးများ ဆက်တိုက် အန်ထုတ်နေသည်။ သူ၏ နောက်ကျောတွင် ဓားမြှောင်တစ်လက် စိုက်ဝင်နေဆဲ ဖြစ်၏။
“အော်... ဟုတ်လား”
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးက လှောင်ပြုံး ပြုံးလိုက်သည်။ သူမသည် နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ တစ်ဦးဖြစ်၏။ မြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ မြို့စားကြီး၏ ကိုယ်လုပ်တော်အဖြစ် ဟန်ဆောင်နေခဲ့လေသည်။ ယနေ့မှသာ သူမက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ရှေ့ဖြစ်ဟော မျိုးနွယ်စုမှ အသားတောင်ကြီး မိစ္ဆာများ၊ ဝိညာဉ်ဝါးမြို မျိုးနွယ်စုမှ အခွံမာ မိစ္ဆာကြီးများနှင့် ပူးပေါင်းကာ မြို့စားကြီးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
အချိန်တိုအတွင်းမှာပင် သူတို့သည် မြို့တစ်မြို့လုံးကို ဝါးမြိုပစ်နိုင်တော့မည် ပင်။ ထိုအခါ မျိုးနွယ်စု အသီးသီးသည် မြို့၏ ဝိညာဉ်ကြောများ၊ ကောင်းကင်နှင့် မြေကြီး ရတနာများနှင့် ကျင့်ကြံသူများကို ခွဲဝေယူကြပြီး ကြီးမားသော အကျိုးအမြတ်များကို ရရှိကြမည် ဖြစ်၏။
“မူလ နတ်ဘုရားအဆင့် (၅) ရှိရုံနဲ့ ဒီလောက်တောင် မောက်မာရဲတယ်ပေါ့... မင်းက သေချင်နေတာပဲ”
ရေခဲတမျှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အားလုံး၏ မျက်နှာများ ရုတ်ခြည်း ပျက်ယွင်းသွားကြ၏။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ကောင်းကင်ယံ အထက်ဆီ၌ မိုယင်သည် အနက်ရောင် ရတနာ ဝတ်စုံကို ဝတ်ဆင်ကာ ဝိညာဉ်ရတနာ ဓားပျံတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူမ၏ အနောက်တွင် တပည့် ရာနီးပါးခန့် ရပ်နေကြလေ၏။ သူတို့ အများစုသည် ၀င်္ကပါ အလံများကို ကိုင်ဆောင်ထားကြ၏။ မူလ နတ်ဘုရားအဆင့် (၅) ပညာရှင်ကိုပင် သေသည်အထိ ပိတ်လှောင်ထားနိုင်သော ကြီးမားလှသည့် သတ်ဖြတ်ခြင်း ၀င်္ကပါကြီးကို ပူးပေါင်း ဖန်တီးနေကြသည်။
ကျန်လူများက ကြီးမားသော အလံတံခွန်ကြီး တစ်ခုကို အတူတကွ ကိုင်ဆောင်ထားကြသည်။ ထိုအလံပေါ်တွင် နဂါးနှင့် ဖီးနစ်ကဲ့သို့ လှပခမ်းနားသော လက်ရေးဖြင့် စာလုံး သုံးလုံးကို ရေးသားထား၏။ မြူခိုးဂိုဏ်း ။
“မြူခိုးဂိုဏ်းက တပည့်တွေပဲ”
“သူတို့က ငါတို့ကို ကယ်ဖို့ ရှန်ကျိုး တောင်ပိုင်း ဒေသကနေ တကယ် လာခဲ့ကြတာပဲ... ငါတို့ အရမ်းကို ဝမ်းသာပီတိ ဖြစ်ရပါတယ်”
“ငါတို့တော့ လွတ်ပြီဟေ့”
မြို့သူမြို့သားများမှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြတော့သည်။
“သူတို့ကို သတ်... တစ်ယောက်မှ အရှင်မထားနဲ့”
နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အမျိုးသမီးသည် မိုယင်ဆီသို့ လက်ဟန် ပြလိုက်ကာ ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုဝင်များကို ဝိုင်းဝန်း တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
“တောင်ဘက်ကို ၀င်္ကပါ ဖွဲ့တည်... ကြက်သွေးရောင် မီးလျှံတွေ လောင်ကျွမ်းစေ”
မိုယင်သည် သူမ၏ ဝိညာဉ်ဓားကို မြင့်မားစွာ မြှောက်လိုက်၏။ နောက်ရှိ မြူခိုးဂိုဏ်း တပည့် ရာနီးပါးကို အမိန့်ပေးလိုက်သည်။ သူတို့သည် မည်သည့် သနားညှာတာမှုကိုမျှ မပြသချေ။ သတ်ဖြတ်ခြင်း ၀င်္ကပါကို အစွမ်းကုန် လည်ပတ်စေလိုက်၏။ အထက်တွင် လောင်ကျွမ်းနေသော မီးပင်လယ်ကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
“ဖောင်း...”
မီးတောက်ကြီးက နဂါးတစ်ကောင်ပမာ ခုန်ထွက်လာသည်။ ဟောင်းလောင်းပွင့်နေသော ပါးစပ်ကြီးဖြင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စုနှင့် ရှေ့ဖြစ်ဟော မျိုးနွယ်စုတို့မှ ပညာရှင် ဒါဇင်ပေါင်းများစွာကို ဝါးမြိုသွား၏။ လောင်ကျွမ်းနေသော မီးတောက်များထဲတွင် ပြာကျသွားစေတော့သည်။
“သေစမ်း”
နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အမျိုးသမီးသည် ပြင်းထန်စွာ လက်ဝှေ့ယမ်းလိုက်ကာ မလှမ်းမကမ်းရှိ မိုယင်ဆီသို့ ပြေးဝင်သွားသည်။ သူမ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်မှုကြောင့် တွန့်လိမ်နေ၏။
“ဓားတစ်သောင်း ပေါင်းစည်းခြင်း”
ထိုအခါ မိုယင်သည် သူမ၏ ဘယ်လက်ဖြင့် လက်ဟန်တစ်ခုကို ဖန်တီးလိုက်၏။ ညာလက်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။ သူမက အလွန်လျင်မြန်သော ဓားစိတ်ဆန္ဒကို အသုံးပြုကာ ထောင်ပေါင်းများစွာသော ဓားချီများကို ခုတ်ပိုင်း၏။ ၎င်းတို့အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်တော့သည်။
“ရွှစ်...”
နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အမျိုးသမီး ဓားတစ်ချက်တည်းဖြင့် ထက်ပိုင်း ခွဲခံလိုက်ရ၏။ ချက်ချင်းပင် သူမ အမှုန့်ကြိတ်ခံလိုက်ရသည်။ ထို့နောက် မိုယင်သည် အနီရောင် ဘူးသီးခြောက် တစ်လုံးကို ထုတ်ယူလိုက်ကာ ဝင်စားသူ၏ အနီရောင် ဝိညာဉ်ကို ဖမ်းယူလိုက်တော့သည်။ အဖုံးကို ချက်ချင်း ပိတ်လိုက်တော့သည်။
ကျန်ရှိနေသော မိစ္ဆာ တပ်သားများမှာလည်း ကြက်သွေးရောင် မီးလျှံ သတ်ဖြတ်ခြင်း ၀င်္ကပါ၏ ဝါးမြိုခံလိုက်ရချေသည်။ အချိန်များစွာ မကြာလိုက်ချေ။ မြို့၏ အကျပ်အတည်းမှာ ဖြေရှင်းပြီးသား ဖြစ်သွားတော့၏။
“မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာသခင် ဝင်ရောက် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ... ကျွန်တော်က မင်ပန်း မြို့ရဲ့ မြို့စား ကျီထျန်းဟွာ ပါ..အင်မော်တယ် ဆရာသခင်ကို ကျွန်တော် ထာဝရ ကျေးဇူးတင်နေမှာပါ”
မြို့စားကြီးသည် သူ၏ နောက်ကျောမှ ဓားမြှောင်ကို ဆွဲနုတ်လိုက်၏။ ထို့နောက် မိုယင်ကို ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ရှန်ကျိုးတိုက်က လူတွေ ဖြစ်တာမို့လို့ ဘေးဒုက္ခ ကြုံလာတဲ့အခါ အရပ်မျက်နှာ အသီးသီးက အကူအညီတွေ ရောက်လာမှာပါပဲ”
မိုယင်သည် ထိုစကားတစ်ခွန်းကိုသာ ချန်ထားခဲ့၏။
သူမက မြူခိုးဂိုဏ်း တပည့်များကို အခြား ဒေသများဆီသို့ ဦးဆောင်သွားလေနေသည်။ သူမက ကြောက်မက်ဖွယ် ရန်သူများကို အမြန်ဆုံး နှုန်းဖြင့် သတ်ဖြတ်နေတော့သည်။
...
ဒါက ရှန်ကျိုးတိုက်ကြီး၏ အစိတ်အပိုင်း သေးသေးလေးတစ်ခုသာ ဖြစ်၏။ ယဲ့ဖုန်းသည် ဤမြင်ကွင်းကို ကျေနပ်စွာ ကြည့်ရှုနေလေ၏။ ဂိုဏ်းချုပ်၏ အဆင့် (၇) တာဝန် ပြီးမြောက်မှု အခြေအနေကို ပေါ့ပေါ့ပါးပါး စစ်ဆေးလိုက်သည်။
(ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ၏ အကြံအစည်များကို ဖျက်ဆီးခြင်း - ပြီးမြောက်မှု (၃) ရာခိုင်နှုန်း)
လက်ရှိ တိုးတက်မှုမှာ များစွာ မသိသာလှပေ။ ယဲ့ဖုန်းသည် ဆက်လက်၍ တွက်ဆကြည့်လိုက်၏။ မြူခိုးဂိုဏ်း၏ တပည့်များသည် အဖွဲ့ပေါင်း ဒါဇင်ချီ ခွဲကာ ရှန်ကျိုးတိုက်ကြီး တစ်ခွင်လုံးသို့ ပျံ့နှံ့သွားကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများက အလွန် များပြားနေ၏။ သူတို့ အစွမ်းကုန် ကြိုးစားနေသည့်တိုင် ရက်အနည်းငယ် ကြာပြီးနောက်တွင် တာဝန်၏ (၃) ရာခိုင်နှုန်းကိုသာ ပြီးစီးခဲ့သည်။
'အကြံအစည်တစ်ခုကို ဖျက်ဆီးဖို့ အဆင့်နိမ့် ကျင့်ကြံသူတွေကို သတ်ဖြတ်ရုံနဲ့ လုံးဝ မလုံလောက်သေးဘူး...'
'ဟုတ်တယ်... နောက်ကွယ်က ကြိုးကိုင်သူပဲ...'
'နောက်ကွယ်က ကြိုးကိုင်သူကို သတ်ဖြတ်လိုက်မှသာ တာဝန်က ပြီးမြောက်နိုင်မှာ...'
ယဲ့ဖုန်း၏ စိတ်ထဲတွင် အလင်းတစ်ချက် လင်းလက်သွား၏။
ဟုတ်သည်။ သူ၏ တပည့်များသည် ရှန်ကျိုးတိုက်ကြီးအတွင်း ကျူးကျော်သူများကို ရင်ဆိုင်နေစဉ် သူက နောက်ကွယ်မှ ကြိုးကိုင်သူများကို ကိုင်တွယ်နိုင်သည်ပဲ။
'မျောလွင့် တောင်တန်း... နတ်ဘုရား မျိုးနွယ်စုပဲ...'
ယဲ့ဖုန်းသည် ကြယ်တာရာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သို့သော် သူ မှားယွင်းနေကြောင်း မကြာမီ သိလိုက်ရ၏။ ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများသည် ရှန်ကျိုးတိုက်ကြီးကို တိုက်ခိုက်နေကြသည်။ သူတို့၏ ဇာစ်မြစ်မှာ မျောလွင့် တောင်တန်းပေါ်ရှိ နတ်ဘုရား မျိုးနွယ်စု ဖြစ်သည်မှာ မှန်၏။
သို့သော် သူ့အနေဖြင့် မျောလွင့် တောင်တန်းသို့ သွားရောက်ကာ နတ်ဘုရား မျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ရန်မှာ ရှင်းလင်းစွာပင် မဖြစ်နိုင်ချေ။ ရုပ်ခန္ဓာ သူတော်စင် တစ်ပါး ဖြစ်လာပြီးနောက် သူ၏ ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းနေပေပြီ။ သူတော်စင် အဝင် အဆင့်တွင် သူသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေချေ၏။
သို့သော် ကံကြမ္မာ သမီးတော်မှာ သူတော်စင် ထင်ရှား အဆင့်တွင် ရှိနေ၏။ သူ၏ လက်ရှိ စွမ်းအားဖြင့် သူ၏ ကာကွယ်မှုမှာ ပြိုင်ဘက်ကင်းနေလျှင်တောင် သူမကို မသတ်နိုင်ချေ။ တိုက်ခိုက်ရေး စွမ်းအား မလုံလောက်ပါလေ။
“အင်း.. ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေရဲ့ ဌာနချုပ်တွေကို တန်ပြန် တိုက်ခိုက်တာက အောင်ပွဲအတွက် သော့ချက် ဖြစ်လာနိုင်တယ်”
ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်သည်။
“ရွှစ်...”
ထိုသို့ အကြံထုတ်ပြီးနောက် ယဲ့ဖုန်း ဟင်းလင်းပြင်တွင် အက်ကြောင်းတစ်ခုကို ဆွဲဖြဲလိုက်၏။ မြန်ဆန်သော အမြန်နှုန်းဖြင့် ကြယ်တာရာ ကောင်းကင်ယံထဲသို့ ဝင်ရောက်သွားတော့သည်။
ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စု အားလုံး ပူးပေါင်း၍ တိုက်ခိုက်နေချိန်တွင် ရှန်ကျိုးတိုက်ကြီးမှာ ပရမ်းပတာ ဖြစ်နေ၏။ သို့သော် အနီးနားရှိ ကြယ်တာရာ ဟင်းလင်းပြင်မှာမူ အေးချမ်းနေပုံ ရသည်။
“ရွှီး...”
လူရိပ် နှစ်ခု ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းလာသည်။ သူတို့သည် ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ ဘိုးဘေးကြယ်ဆီသို့ ရောက်ရှိလာကြ၏။
“အောက်မှာ ဝိညာဉ်ဝါးမြို မျိုးနွယ်စုပဲ”
“ဒီ ဘိုးဘေးကြယ်က အထွတ်အထိပ် အဆင့် သေးငယ်တဲ့ ကမ္ဘာ တစ်ခုလို့ ပြောကြတယ်... ကြယ်ရဲ့ (၁၀) ပုံ (၁) ပုံ ပြတ်ထွက်သွားတာ ဂိုဏ်းချုပ် ယဲ့ ရဲ့ လက်ချက်ပဲ”
“ကဲ... နောက်ထပ် ငါတို့ ဘာလုပ်ကြမလဲ”
“ဝိညာဉ်ဝါးမြို မျိုးနွယ်စုရဲ့ ဘိုးဘေးကြယ်ကို ဖောက်ခွဲပစ်ကြမယ်”
“မဖြစ်နိုင်ဘူး”
“ဘာလို့လဲ”
“ဝိညာဉ်ဝါးမြို မျိုးနွယ်စုရဲ့ ဘိုးဘေးကြယ် အထက်မှာ ဝိညာဉ်ဝါးမြို မျိုးနွယ်စုက အစိတ်အပိုင်း သေးသေးလေးပဲ ယူထားတာ... ကျန်တာတွေက တခြား မျိုးနွယ်စုတွေက သက်ရှိတွေပဲ... ဂိုဏ်းချုပ် ယဲ့ က သူတို့ကို ရှန်ကျိုးတိုက်ရဲ့ အောက်လောကတွေကို တည်ဆောက်ဖို့ အရှင်ထားရမယ်လို့ မှာထားတယ်”
“ကောင်းပြီလေ”
“ဝိညာဉ်ဝါးမြို မျိုးနွယ်စု အကုန်လုံးကို သတ်... သူတို့ရဲ့ ရတနာတွေ အကုန်လုံးကို ယူလိုက်ရင် ရပါပြီ”
“ပြဿနာ မရှိဘူး”
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးနှင့် ကြယ်မြစ် တပိုင်းသူတော်စင် တို့သည် နောက်ဆုံးတွင် သူတို့၏ ဆွေးနွေးမှုကို အဆုံးသတ်လိုက်၏။ ချောမွေ့စွာ သဘောတူညီမှု ရရှိသွားကြသည်။
“ဝိညာဉ်ဝါးမြို မျိုးနွယ်စုတွေ... သေကြစမ်း”
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးသည် ရှေ့မှ ဦးဆောင်ကာ သူတော်စင် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ ဘိုးဘေးကြယ် တစ်ခုလုံးကို ချက်ချင်း ဝါးမြိုသွားတော့၏။ အထက်ရှိ ဝိညာဉ်ဝါးမြို မျိုးနွယ်စုဝင်များ အားလုံးမှာ စွမ်းအင် လှိုင်းလုံးကြီးဖြင့် ရစ်ပတ်ခံလိုက်ရ၏။ ချက်ချင်းပင် ပြိုလဲသွားကာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားကြတော့သည်။
ကြယ်မြစ် တပိုင်းသူတော်စင် မှာလည်း အအားနေခြင်း မရှိချေ။ သူသည် စွမ်းအားကြီးမားသော ကိုယ်ပွားများစွာကို ဖန်တီးလိုက်၏။ ၎င်းတို့က ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ ရတနာတိုက် အားလုံးထဲသို့ ဝင်ရောက်ကာ ရှိသမျှ အရာအားလုံးကို လုယူကြတော့သည်။ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေး ကိုယ်တိုင် ဖန်တီးထားသော အခေါင်းကိုပင် ကြယ်မြစ် တပိုင်းသူတော်စင် က ယူဆောင်သွားခဲ့သည်။
“သေစမ်း... ငွေ အတွင်းခံဘောင်းဘီပဲ”
“ပုံမှန်ဆိုရင် ပေးရင်တောင် ငါ လက်ခံမှာ မဟုတ်ဘူး... ဒါပေမယ့် အလကား ရတာဆိုတော့ ငါ ယူရမှာပေါ့”
ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ ကြယ်အူတိုင် အနက်ရှိုင်းဆုံး နေရာတွင် ကြယ်မြစ် တပိုင်းသူတော်စင် သည် ရတနာ တောင်ကြီး တစ်တောင်ကို လုယူနေသည်။ သူသည် ထူးဆန်းပြီး စပ်စုချင်စရာကောင်းသော အရာများစွာကို တွေ့ရှိခဲ့၏။ ၎င်းတို့ အားလုံးကို ၏သည်မရွေး သူ၏ အိတ်ထဲသို့ သွတ်သွင်းနေတော့သည်။
(၁၀) မိနစ် ကြာပြီးနောက် ကြယ်မြစ် တပိုင်းသူတော်စင် သည် မျက်နှာပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာ၏။ မိုးကြိုးနန်းတော် မိုးကြိုး အဆောင်လက်ဖွဲ့များကို ဖြန့်ဝေနေသော ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးကို တွေ့လိုက်ရသည်။
“ပြီးပြီလား”
“ပြီးပြီ”
“ကောင်းပြီ... နောက်ထပ် ငါတို့ ရှေ့ဖြစ်ဟော မျိုးနွယ်စုဆီကို သွားကြမယ်”
ထိုနှစ်ဦးသည် မိုးကြိုး အဆောင်လက်ဖွဲ့များစွာကို ချန်ထားခဲ့၏။ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အခြား ဒေသတစ်ခုဆီသို့ ပျံသန်းသွားကြတော့သည်။ သူတို့ ထွက်ခွာသွားပြီးနောက် ။ ယဲ့ဖုန်း၏ ပုံရိပ်သည် လေထဲမှ ထွက်ပေါ်လာသည်။
“နောက်ကျောကို ဓားနဲ့ထိုးမယ့် အတွဲက ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... သူတို့ရဲ့ လုပ်ရပ်တွေက သေချာပေါက် ရန်ငြိုးများစွာကို ဆွဲဆောင်နိုင်လိမ့်မယ်... ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စု အသီးသီးရဲ့ ဝိုင်းဝန်းမှုကို ရရှိလိမ့်မယ်... အဲဒါက ငါ ရိတ်သိမ်းရမယ့် အချိန်ပဲ”
ယဲ့ဖုန်း၏ အပြုံးသည် ပိုမို၍ ကောက်ကျစ်လာတော့သည်။
--