← Chapters

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း (၇၇၂) အမျက်ဒေါသထွက်နေသော မျိုးနွယ်စုများ ပူးပေါင်း၍ မြူခိုးဂိုဏ်းကို ဝိုင်းလေပြီ

ယဲ့ဖုန်းသည် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး နှင့် ကြယ်မြစ် တပိုင်းသူတော်စင်တို့၏ လုပ်ဆောင်ချက်များကို ကြည့်၍ အတိုင်းမသိ ကျေနပ်နေသည်။

(၁) နာရီခန့် ကြာပြီးနောက်...

ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေ။

"မင်းတို့က ရှန်ကျိုးကို တိုက်ခိုက်ရဲရုံမကဘဲ ပြစ်မှုကြီးမားတဲ့ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေတာ။ ဒီနေ့တော့ မင်းတို့မျိုးနွယ်စုကို ငါ အမြစ်ပြတ် ရှင်းပစ်မယ်"

ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးသည် ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသည်။

သူသည် လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။ အသားတောင်ကြီး မိစ္ဆာများစွာမှာ အမှုန့် ဖြစ်သွားပြီး ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ ပင်လယ်ကမ်းစပ်တွင် မီးခိုးရောင် တောင်တန်းကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

သူတို့ စိတ်ထဲတွင်...

'ဒီကောင်တွေက ငါတို့အိမ်ကို ဖျက်ဆီးနေတာပဲ... ငါတို့မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာ... ဒီအပြင်ကောင်တွေကို ငါတို့ လုံးဝ ခွင့်မလွှတ်နိုင်ဘူး'

"အလွန်အကျွံ လုပ်လွန်းနေပြီ"

"ငါတို့ ရှေ့ဖြစ်ဟော မျိုးနွယ်စုကို တိုက်ခိုက်ရဲတဲ့ မင်းက ဘယ်သူလဲ။ အသေဆိုးနဲ့ သေချင်နေတာလား"

ရှေ့ဖြစ်ဟော မျိုးနွယ်စုမှ အစွမ်းထက်သူများမှာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"သေခါနီးမှ ဘာတွေ လာမောက်မာနေတာလဲ"

"သေလိုက်စမ်း"

ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးမှာ စကားရှည်မနေတော့ပေ။ သူ၏ နတ်ဘုရား အာရုံကို ဖြန့်ကျက်၍ ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် အားလုံးကို ရှာဖွေလိုက်သည်။ ထို့နောက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် သူတို့ကို အမှုန့်ခြေပစ်လိုက်၏။

အခြားနေရာ တစ်ခုတွင်...

ကြယ်မြစ် တပိုင်းသူတော်စင်မှာ ရတနာများကို လုယူနေသည်။

"ဟားဟား... တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ"

ကြယ်မြစ် တပိုင်းသူတော်စင်သည် "ရုတ်တရက် ချမ်းသာလာခြင်း" ဟူသော ခံစားချက်ကို နှစ်သက်နေမိသည်။ သူသည် ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ ဘဏ္ဍာတိုက်ကို အဆက်မပြတ် လုယူနေမိ၏။

မထွက်ခွာမီ...သူတို့နှစ်ဦးမှာ မိုးကြိုး အဆောင်စာရွက်များကိုလည်း နေရာအနှံ့ ပက်ကျဲချထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် ရှန်ကျိုးတိုက်ကြီး၏ အောက်လောကအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။

သူတို့သည် ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ကြသည်။

သူတို့သည် ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ၏ အခြေစိုက်စခန်းများကို ကျူးကျော်ပြီး မြောက်များစွာသော ပညာရှင်များကို နှိမ်နင်းကာ ကောင်းကင်နှင့် မြေကြီး၏ ရတနာ အမြောက်အမြားကို လုယူခဲ့ကြသည်။

...

ရှန်ကျိုးတိုက်ကြီးဝယ်မူ။

"ငါ ဒေါသထွက်လွန်းလို့ ရူးတော့မယ်"

ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ ခေါင်းဆောင်သည် သူတို့၏ ဘိုးဘေးနယ်မြေတွင် ဖြစ်ပျက်နေသည်ကို ခံစားမိလိုက်ရသဖြင့် ဒေါသတကြီး တုန်ရီနေသည်။ သူသည် သစ်သားတုတ်ကို တင်းတင်းဆုပ်ကိုင်ထား၏။

"ဘာဖြစ်တာလဲ"

သူ၏ ဘေးတွင် ရှိနေသော ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးက ခပ်ဩဩ အသံဖြင့် မေးသည်။

သို့သော် မကြာမီ...သူကိုယ်တိုင်လည်း သူ၏ ဘိုးဘေးနယ်မြေတွင် ပြင်းထန်သော အပြောင်းအလဲများကို ခံစားလိုက်ရသည်။ သူ၏ သားစဉ်မြေးဆက်များစွာ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ရပြီ။ သူ၏ ဘဏ္ဍာတိုက်ပင် အလုခံလိုက်ရသည်။ ဤသည်မှာ သူတို့၏ အိမ်ကို တစ်စုံတစ်ယောက်က လာရောက် တိုက်ခိုက်ခြင်း ဖြစ်၏။

သူတို့ စိတ်ထဲတွင်...

'ငါ့ရဲ့ ဘဝတစ်လျှောက်လုံး စုဆောင်းလာတဲ့ ရတနာတွေ... ငါ့မျိုးနွယ်စုရဲ့ အသက်သွေးကြောတွေ... ဒီလူက ငါ့ကို ဒုက္ခပေးနေတာပဲ... ငါ့လက်ထဲကိုသာ မိရင် အရှင်လတ်လတ် အရေခွံခွာပစ်မယ်'

"ချီးပဲ... ဘယ်သူလုပ်တာလဲ"

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးမှာ ဒေါသအိုး ပေါက်ကွဲနေတော့သည်။

"ဘယ်သူက ငါတို့ ဧရာမ မိစ္ဆာမျိုးနွယ်စုကို အမြစ်ပြတ်အောင် လုပ်တာလဲ"

"သေလိုက်စမ်း ငါတို့ရဲ့ ဝံပုလွေ မျိုးနွယ်စုရဲ့ ဘိုးဘေးကြယ်မှာလည်း အိမ်ဖျက်ခံလိုက်ရတယ်... လူတွေ အကုန်သေကုန်ပြီကွာ"

"ငါတို့လည်း အတူတူပဲ"

မကြာမီပင် ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စု ခေါင်းဆောင်အားလုံးမှာ ဒေါသ ပေါက်ကွဲနေကြ၏။

သူတို့၏ အခြေစိုက်စခန်းများ အားလုံး သိမ်းပိုက်ခံလိုက်ရသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။ ရှန်ကျိုးတိုက်ကြီးကို တိုက်ခိုက်နေသူများမှလွဲ၍ ကျန်ရှိသူအားလုံးမှာ သေဆုံးကုန်ပြီပင်။

"ဘယ်သူက လုပ်တာလဲလို့"

"ကျွန်တော့် မျိုးနွယ်စုဝင်တွေ မသေခင်မှာ ပုံရိပ်ယောင်လေး တစ်ခု ပို့လိုက်တယ်။ သူတော်စင်အဆင့် စွမ်းအားရှိတဲ့ သူတစ်ယောက်လိုပဲ"

"သူတော်စင်အဆင့် စွမ်းအားလား"

"တောက်.. ယဲ့ဖုန်းပဲ ဖြစ်ရမယ်"

"သူ မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ"

"ဒီရက်ပိုင်း သူ ဘယ်ရောက်နေမှန်း မသိဘူး။ သူ ကြယ်တာရာ ကောင်းကင်ယံကို သွားပြီး ငါတို့ အခြေစိုက်စခန်းတွေကို တိုက်ခိုက်နေတာပဲ"

"ယဲ့ဖုန်း... တကယ့်ကို ရက်စက်တဲ့ကောင်"

ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စု ခေါင်းဆောင်များမှာ ဒေါသအထွတ်အထိပ်သို့ ရောက်သွားကြသည်။

"စုရုံးကြ.. မြူခိုးဂိုဏ်းကို တိုက်ခိုက်မယ်"

ရှေ့ဖြစ်ဟော မျိုးနွယ်စု ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"ယဲ့ဖုန်းမှာ သူတော်စင်အဆင့် စွမ်းအား ရှိတယ်။ ငါတို့ သူ့ကို မနိုင်ဘူး။ ဘာလုပ်ကြမလဲ"

"ကြောက်စရာ မလိုပါဘူး။ ယဲ့ဖုန်းက ကြယ်တာရာ ကောင်းကင်ယံမှာ ရှိနေတာ။ ငါတို့ မြူခိုးဂိုဏ်းကို အမြန်ဆုံး ဖြိုခွင်းလိုက်ရင် ယဲ့ဖုန်း ပြန်လာတဲ့အချိန်မှာ သူလုပ်ခဲ့သမျှအတွက် နောင်တရသွားလိမ့်မယ်"

"ကောင်းပြီ... လုပ်ကြမယ်"

"မြူခိုးဂိုဏ်းကို တိုက်မယ်... တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့"

"သတ်... သတ်... သတ်"

"မြူခိုးဂိုဏ်းက မြက်တစ်ပင်တောင် မကျန်စေနဲ့"

မျိုးနွယ်စု ခေါင်းဆောင်များမှာ ဒေါသလွန်ကဲနေကြသဖြင့် မူလအစီအစဉ်များကိုပင် မေ့လျော့သွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ မြူခိုးဂိုဏ်းဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

"မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ"

သူတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး နတ်ဘုရားမျိုးနွယ်စု ဝင်စားသူအချို့၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူတို့ တားဆီးရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်၏။

မြေပြင်ပေါ်တွင်...

ဝိညာဉ်ဝါးမြို မျိုးနွယ်စုမှ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်တစ်ဦးသည် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ဆင်းသက်လာပြီး ရှီလေ့နှင့် မြူခိုးဂိုဏ်း တပည့်များကို တွေ့လိုက်ရသည်။

"သေလိုက်စမ်း"

သူသည် လက်ဝါးကို ရိုက်ချလိုက်ရာ တပည့်များ ထိန်းသိမ်းထားသော သတ်ဖြတ်ခြင်း ၀င်္ကပါမှာ ပျက်စီးသွားပြီး ထိုတွန်းကန်မှုကြောင့် တပည့်များအားလုံး ပြင်းထန်စွာ ဒဏ်ရာ ရသွားကြသည်။

"အဟွတ်"

ရှီလေ့ပင်လျှင် သွေးများ အန်ထွက်လာသည်။

သို့သော် တပည့်များ အသတ်ခံရတော့မည့် အချိန်တွင် ရှီလေ့၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းနုလေးတစ်ခု လင်းလက်သွားပြီး တပည့်များအားလုံးကို ချက်ချင်း ဖုံးလွှမ်းကာ တစ်နေရာသို့ ပို့ဆောင်လိုက်သည်။

နောက်တစ်ခဏတွင်...

သူတို့အားလုံးမှာ မြူခိုးတောင်ထိပ်ပေါ်သို့ ရောက်ရှိသွား၏။

"ဒါက ပို့ဆောင်ရေး အဆောင်စာရွက်ပဲ"

"ကံကောင်းလို့ပဲ... ငါ့မှာ သံရည်ကျို မီးဖိုက ကိုယ်တိုင် ပြုလုပ်ထားတဲ့ ပို့ဆောင်ရေး အဆောင်စာရွက် အချို့ ပါလာလို့။ ပြင်းထန်စွာ ဒဏ်ရာရရင် အလိုအလျောက် ပြန်ရောက်လာအောင် စီစဉ်ထားတာ"

ရှီလေ့ သက်ပြင်းချလိုက်သည်။

သူတို့အားလုံး ပြန်ရောက်လာကြသော်လည်း တပည့်အများစုမှာ လက်ကျိုး၊ ခြေကျိုးများနှင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိနေကြသည်။

"မကြောက်ကြနဲ့... ငါ ရှိတယ်"

နို့ထိန်း (ကုသသူ) ယန်ရူယွီ သည် အမြန် ရောက်ရှိလာပြီး လူတိုင်း၏ ဒဏ်ရာများကို ကုသပေးကာ ပြတ်တောက်နေသော ခြေလက်များကို ပြန်ဆက်ပေးနေသည်။

“ဝှစ်... ဝှစ်... ဝှစ်…”

တပည့်များမှာ တစ်ဦးပြီး တစ်ဦး ပြန်ရောက်လာကြသည်။

မိုယင်၊ ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ ကျားယွီလန်၊ ဟန်ယုံဟွေး၊ ရှန်ယွီ…စသည်ဖြင့်။

ခြွင်းချက်မရှိပေ ၊ အားလုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိနေကြသည်။

"တကယ်ပဲ ဘာဖြစ်တာလဲ" ရှီလေ့က မေးလိုက်၏။

"မသိဘူး..."

"ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေ ရူးနေကြတာ ဖြစ်မယ်။ မြူခိုးဂိုဏ်းက လူတွေကို မြင်တာနဲ့ ဘာမှမပြောဘဲ တိုက်ခိုက်နေတာ"

"သူတို့က အရူးတွေလိုပဲ"

"ကြောက်စရာကောင်းလိုက်တာ"

"ငါတို့က သူတို့ရဲ့ မိသားစုဝင်တွေကို သတ်လိုက်တဲ့အတိုင်းပဲ တိုက်ခိုက်နေကြတာဟ"

မြူခိုးဂိုဏ်း တပည့်များမှာ မြူခိုးတောင်ထိပ်တွင် ထိုင်လျက် ဆွေးနွေးနေကြသည်။

"ယဲ့ဖုန်းရဲ့ မြူခိုးဂိုဏ်း... မင်းတို့ သေဖို့ အချိန်တန်ပြီ"

အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင်...

ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများမှ ပညာရှင် ဒါဇင်ပေါင်းများစွာ ရောက်ရှိလာ၏။ လူပေါင်း ရာဂဏန်းစီ ပါဝင်ကြပြီး အအားနည်းဆုံးသူပင် မူလနတ်ဘုရားအဆင့် ဖြစ်ကြသည်။

သူတို့ကို ဦးဆောင်သူများမှာ တပိုင်းသူတော်စင်များ ဖြစ်ကြ၏။

အထူးသဖြင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေး နှင့် ရှေ့ဖြစ်ဟော မျိုးနွယ်စု ခေါင်းဆောင်မှာ အဆင့် (၄) တပိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိနေသည်။

"ရှေ့တစ်လှမ်း တိုးလာတဲ့သူ မှန်သမျှ အသတ်ခံရမယ်"

ယဲ့ဖုန်း၏ အစောင့်အရှောက် လျိုဖုန်းသည် သံဓားကို ကိုင်လျက် မြူခိုးဂိုဏ်းနှင့် ရေပေါ်ဖြူ မြို့တော်ကို ကာကွယ်ပေးလိုက်သည်။ တပိုင်းသူတော်စင်များစွာကို မြင်လိုက်ရသော် သူ၏ မျက်လုံးများမှာ လေးနက်သွား၏။

သို့သော် သူသည် နောက်မဆုတ်ခဲ့ပေ။

"မြူခိုးဂိုဏ်းထဲမှာ ဘယ်သူက လာပြီး မောက်မာနေတာလဲ" ဟူဖေးဖေး ပြန်ရောက်လာပြီး သူမ၏ မျက်လုံးများမှာ အေးစက်နေသည်။

“ဝုန်း…”

အစောင့်အရှောက် ဝိညာဉ် (၉) ပါးမှာ ကောင်းကင်သို့ ပျံတက်သွား၏။ သူတို့ကြားမှ ထူးဆန်းသော အလင်းတန်းများ ပေါ်ထွက်လာကာ အဆင့် (၁) တပိုင်းသူတော်စင် ၀င်္ကပါတစ်ခုကို ဖန်တီးလိုက်သည်။

"ဒီ ကျောက်ရုပ်တွေက တကယ်ပဲ အစောင့်အရှောက် နတ်ဘုရား လက်နက်တွေ ဖြစ်နေတာလား"

"ဘာဖြစ်ဦးမှာလဲ"

"ငါက သူတို့ကို အလှဆင်ထားတဲ့ ကျောက်ရုပ်တွေလို့ပဲ ထင်နေတာ"

"ငါတောင် အဲဒီ ကျောက်ရုပ်တွေနဲ့ စောင်လှန်းဖို့ ကြံထားသေးတာ... သူတို့က ဒီလောက်တောင် အစွမ်းထက်မှန်း ဘယ်သူ သိမှာလဲ"

မြူခိုးဂိုဏ်း တပည့်များမှာ အစောင့်အရှောက် ဝိညာဉ် (၉) ပါးကို ကြည့်၍ အံ့ဩစွာ ဆွေးနွေးနေကြသည်။

"မြူခိုးဂိုဏ်းထဲမှာ ဘယ်သူက လာပြီး မောက်မာနေတာလဲ"

အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး နှင့် ရှေးဟောင်း ဂိုဏ်းချုပ် (၁၈) ပါးတို့မှာ ပြန်ရောက်လာကြပြီး "ရှေးဟောင်း ဂိုဏ်းချုပ် (၁၈) ပါး ကြယ်တာရာ ၀င်္ကပါ" ကို ဖော်ဆောင်လိုက်ရာ အဆင့် (၁) တပိုင်းသူတော်စင် စွမ်းအားများ ထွက်ပေါ်လာသည်။

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးမှာ ဤရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်သွားကြ၏။

မျိုးနွယ်စု ခေါင်းဆောင်များ မြူခိုးဂိုဏ်းကို ဝိုင်းရံထားသည်ကို မည်သူမျှ မသိကြပေ။

အချို့မှာ အံ့ဩနေကြသည်။

အချို့မှာ သူများ ဒုက္ခကို ကြည့်၍ ပျော်ရွှင်နေကြ၏။

အချို့မှာ ကူညီရန် အမြန် သွားနေကြသည်။

မြူခိုးဂိုဏ်း အထက်တွင်...

ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စု ခေါင်းဆောင်များ၏ မျက်နှာများမှာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး လက်သီးများကို တင်းတင်းဆုပ်ကာ မြူခိုးဂိုဏ်းကို စိုက်ကြည့်နေကြသည်။

"တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့၊ အကုန် သတ်ပစ်"

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးက စတင် တိုက်ခိုက်လိုက်သည်။

သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ဟူဖေးဖေး၏ တုတ်ချက်ကြောင့် လွင့်စင်သွားရပြီး သူ၏ ခန္ဓာကိုယ်မှာ လက်မပေါင်းများစွာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကာ သေလုနီးပါး ဖြစ်သွား၏။

ရှေ့ဖြစ်ဟော မျိုးနွယ်စု ခေါင်းဆောင်သည် အဆင့် (၄) တပိုင်းသူတော်စင် အဆင့်ရှိ အသားတောင်ကြီး မိစ္ဆာကို စီး၍ လျိုဖုန်းဆီသို့ အပြေးသွား၏။

"ကြယ်တာရာ အမှိုက်စ... ဒီလူငယ်ရှေ့မှာ သေစမ်း"

ဤအရေးကြီးသော အချိန်တွင် ရှောင်ချန်းထျန်းသည် ပိုင်ကျီ နှင့် တပိုင်းသူတော်စင် အစောင့်အရှောက်တို့နှင့်အတူ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ မြူခိုးဂိုဏ်းကို ကူညီရန် အရင်ဆုံး ရောက်ရှိလာသည်။

သို့သော် ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများတွင် အစွမ်းထက်သူများ အလွန် များပြားလွန်းသည်။

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေး နှင့် ရှေ့ဖြစ်ဟော မျိုးနွယ်စု ခေါင်းဆောင်တို့မှလွဲ၍ တပိုင်းသူတော်စင် ဒါဇင်ပေါင်းများစွာ ကျန်ရှိနေသေး၏။

သူတို့ထဲမှ (၁၀) ပါးမှာ အဆင့် (၃) နှင့် အဆင့် (၄) တပိုင်းသူတော်စင်များ ဖြစ်ကြသည်။

သူတို့ ပူးပေါင်း တိုက်ခိုက်လိုက်ရာ သူတို့၏ အရှိန်အဝါများမှာ တဟုန်ထိုး မြင့်တက်လာပြီး သတ်ဖြတ်ခြင်း ၀င်္ကပါကို အသုံးပြု၍ ဒုတိယ တိုက်ခိုက်ရေးပုံစံသို့ ရောက်ရှိနေသော ဟူဖေးဖေးကိုပင် တားဆီးနိုင်ခဲ့သည်။

လျိုဖုန်းလည်း ခက်ခဲသော တိုက်ပွဲကို ရင်ဆိုင်နေရသည်။

"မြူခိုးဂိုဏ်းက တပည့်တွေကို များများ သတ်"

"ငါတို့ မျိုးနွယ်စုဝင်တွေအတွက် လက်စားချေ"

"သတ်"

ကျန်ရှိနေသော အစွမ်းထက် ပညာရှင်များမှာ ရှေ့သို့ အလုအယက် တိုးဝင်လာကြပြီး အပြန်အလှန် တိုက်ခိုက်မှုများအပြီးတွင် ရှေးဟောင်း ဂိုဏ်းချုပ် (၁၈) ပါး၏ ၀င်္ကပါကို ဖျက်ဆီးပစ်ကာ အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး နှင့် ရှေးဟောင်း ဂိုဏ်းချုပ်များကို ပြင်းထန်စွာ ဒဏ်ရာ ရရှိစေသည်။

အစောင့်အရှောက် ဝိညာဉ် (၉) ပါးပင်လျှင် ဝိုင်းဝန်း တိုက်ခိုက်ခံရပြီး နောက်ဆုတ်သွားရသည်။

"ဟီးဟီးဟီး... သေလိုက်တော့"

ကောင်းကင်ဧကရာဇ် အဆင့်ရှိ ပညာရှင် တစ်ဦးသည် ကာကွယ်ရေးကို ဖောက်ထွင်း၍ မြူခိုးတောင်ထိပ်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါများမှာ ဖိနှိပ် ဆင်းသက်လာရာ မိုယင် နှင့် အခြား တပည့်များမှာ ထိတ်လန့်သွားပြီး သူတို့၏ နှလုံးသားများ ခုန်တက်သွားတော့၏။

ဤအချိန်တွင်...

လူတိုင်းမှာ သေခြင်းတရားနှင့် ရင်ဆိုင်နေရသကဲ့သို့ စိတ်ဓာတ်ကျသွားကြသည်။

"ဘယ်လောက်တောင် စည်ကားလိုက်တဲ့ မြင်ကွင်းလဲ"

လူတိုင်းမှာ အမျှော်အလင့်မဲ့ ဖြစ်နေချိန်တွင် နူးညံ့သောအသံ တစ်ခု ထွက်ပေါ်လာပြီး မြူခိုးဂိုဏ်း တပည့်များ၏ နားထဲသို့ ကောင်းကင်ဘုံမှ အသံကဲ့သို့ နွေးထွေးမှုတို့ကို ဆောင်ကြဉ်းလာသည်။

သို့သော် ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ၏ နားထဲတွင်မူ ဤပေါ့ပေါ့ပါးပါး မှတ်ချက်မှာ ကြောက်မက်ဖွယ် ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ တုန်လှုပ်သွားစေ၏။

အရပ်ရှည်ရှည် ပုံရိပ်တစ်ခုမှာ တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။

သူသည် လက်ကို နောက်ပစ်လျက် မြူခိုးတောင်ထိပ်တွင် ရပ်နေသည်။

ထို ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်ကို မော့ကြည့်လိုက်ရာ ယဲ့ဖုန်း၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်၏။

“ဝှီး”

ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ပါးမှာ ထိုနေရာမှာပင် ပြာမှုန့်အဖြစ်သို့ ပျက်စီးသွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော် လူတိုင်း၏ မျက်နှာများမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွား၏။

သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်ရုံနှင့် ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ပါး သေဆုံးသွားရတာလား။

ယဲ့ဖုန်း၏ ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လှ၏။

--

All Chapters