← Chapters

အခန်း ၇၇၄

Vol. 52 Ch. 774

အခန်း ၇၇၄

Vol. 52 Ch. 774

အခန်း (၇၇၄) နောက်ကွယ်မှ ကြိုးကိုင်သူအား တွက်ဆခြင်း၊ လင်းဝေ သူတော်စင် ဧကရာဇ်အား လိုက်လံ သတ်ဖြတ်ခြင်း

မြူခိုးဂိုဏ်း၊ ဂိုဏ်းချုပ်၏ ခန်းမဆောင်ကြီး။

ယဲ့ဖုန်း တွက်ဆနေ၏။

ကံကြမ္မာ စွမ်းအား အမြောက်အမြားကို အသုံးပြုလိုက်ပြီးနောက် ကံကြမ္မာ ရတနာပုလဲ၏ မျက်နှာပြင်ထက်၌ ကြယ်တာရာ ကောင်းကင်ယံ မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။

မြင်ကွင်းထဲတွင်

လူရိပ်တစ်ခုက လက်ကို ဆန့်ထုတ်လိုက်၏။ လူငယ်တစ်ဦး၏ ဦးခေါင်းထက်သို့ ဖိချလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မှေးမှိန်သွား၏။ အလင်းတန်းတစ်ချက်အဖြစ် ပြောင်းလဲသွားကာ လူငယ်၏ ကိုယ်ထဲသို့ စီးဝင်သွားတော့သည်။ ထိုလူငယ်၏ ရုပ်ရည်က တဖြည်းဖြည်း အသက်ကြီးလာ၏။

သိပ်မကြာလိုက်။

မူလ လူငယ်လေးက ခံ့ညားထည်ဝါသော လူလတ်ပိုင်း တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

သူက လည်ပင်းကို အညောင်းဆန့်လိုက်ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်တော့သည်။

“အရမ်းကို ပြည့်စုံတဲ့ ခန္ဓာကိုယ်ပဲ... ဒါက ငါ့ရဲ့ စွမ်းအားတွေကို အထွတ်အထိပ် အခြေအနေရဲ့ (၈၀) ရာခိုင်နှုန်းအထိ ပြန်လည် ရောက်ရှိသွားစေတယ်... ငါ ဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံနေသရွေ့ ငါ့ရဲ့ စွမ်းအားတွေက အထွတ်အထိပ်ကို မကြာခင် ပြန်ရောက်လာမှာပဲ”

လူလတ်ပိုင်း အမျိုးသားက အားပါးတရ ရယ်မောရင်း ကြုံးဝါးလိုက်၏။

မြင်ကွင်းက ထိုနေရာတွင် ပြီးဆုံးသွား၏။ ယဲ့ဖုန်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားကာ ရေရွတ်လိုက်သည်။

“ဒါက လင်းဝေ သူတော်စင် ဧကရာဇ်ပဲ”

“ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက ဒီခွေးသားက ဝိညာဉ်နဲ့ ထွက်ပြေးလွတ်မြောက်သွားတာ... အခု သူက ကြယ်တာရာ ကောင်းကင်ယံထဲကို တကယ် ပြေးသွားပြီး သက်ရှိကြယ် တစ်လုံးပေါ်က ခန္ဓာကိုယ်ကို လုယူပြီး သူ့ရဲ့ သူတော်စင် ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နေတာကိုး”

“ဒါပေမဲ့ သူ့ရဲ့ သူတော်စင် ခန္ဓာကိုယ်က မပြည့်စုံသေးဘူး”

“သူ ပြောသွားတဲ့ စကားတွေအရ သူက သူ့ရဲ့ စွမ်းအား (၈၀) ရာခိုင်နှုန်းကိုပဲ ထုတ်သုံးနိုင်တယ်... သာမန် ကောင်းကင်တာအို အတုထက် ပိုသန်မာပေမယ့် အစစ်အမှန် သူတော်စင် အဆင့်လောက်တော့ မသန်မာဘူး”

“သူ့ကို နှိမ်နင်းနိုင်ရင် တာဝန် ပြီးမြောက်သွားလောက်တယ်”

ပြောနေရင်းဖြင့် ယဲ့ဖုန်းက စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။ ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ၏ အကြံအစည်များကို ဖျက်ဆီးရမည့် တာဝန် ပြီးမြောက်မှုက (၈၀) ရာခိုင်နှုန်းအထိ တက်လာကြောင်း တွေ့လိုက်ရသည်။

“ငါ ထင်ထားတဲ့အတိုင်းပဲ”

ယဲ့ဖုန်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်၏။ ကြယ်တာရာ ကောင်းကင်ယံဆီသို့ ထွက်ခွာသွားတော့သည်။

ရှေးဟောင်း သက်ရှိကြယ် တစ်လုံး။

လင်းဝေ သူတော်စင် ဧကရာဇ်သည် လူငယ်၏ ခန္ဓာကိုယ်ကို လုယူပြီးနောက် ထိုကြယ်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်သွားကာ သူ၏ အသစ်စက်စက် လူငယ် ခန္ဓာကိုယ်နှင့် အသားကျစေရန် ကြိုးပမ်းနေတော့သည်။

'ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေက နတ်ဘုရား မျိုးနွယ်စု ဝင်စားသူတွေနဲ့ ပူးပေါင်းပြီး အကြီးအကျယ် သတ်ဖြတ်နေလောက်ပြီ... ရှန်ကျိုးတိုက်က ဂိုဏ်းတော်တော်များများလည်း ပျက်စီးကုန်လောက်ပြီ'

လင်းဝေ စိတ်ထဲက တွေးလိုက်သည်။

'ယဲ့ဖုန်းရဲ့ မျက်နှာက တော်တော်လေး ကြည့်ရဆိုးနေလောက်ပြီမလား...'

“ဟားဟားဟား...”

လင်းဝေ သူတော်စင် ဧကရာဇ်သည် ခွက်ထိုးခွက်လန် ရယ်လိုက်တော့သည်။

သူ၏ အစီအစဉ်များကို ချမှတ်ပြီးနောက် ကြယ်တာရာ ကောင်းကင်ယံ တစ်ခွင်တွင် လိုက်လံ ရှာဖွေခဲ့၏။ နောက်ဆုံးတွင် ဇီလော့ ကြယ် ဟု အမည်ရသော ဤသက်ရှိကြယ်ပေါ်မှ အသင့်တော်ဆုံး ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့လေ၏။

အပြင်ဘက် အခြေအနေကိုတော့ သူ လုံးဝ မသိရှိခဲ့ချေ။

*

ကြယ်တာရာ ကောင်းကင်ယံထဲတွင်မူ

နောက်ကျောကို ဓားနှင့်ထိုးသော အတွဲသည် မြို့ကိုးမြို့ ကြယ်တိမ်တိုက်ဆီသို့ ပြန်လည် ရောက်ရှိလာကြ၏။

“ငါတို့တော့ ထီပေါက်ပြီဟေ့”

သူတို့သည် တောင်တန်းများပမာ များပြားလှသော ကောင်းကင်နှင့် မြေကြီး ရတနာများကို ကြယ်မြစ် တပိုင်းသူတော်စင်၏ ကြယ်တာရာ ခန်းမဆောင်ကြီးထဲတွင် ချထားလိုက်ကြ၏။ မြင့်မားသော တောင်ကြီး (၇) လုံးခန့် စုပုံသွားကာ အားလုံးက တန်ဖိုးကြီးမားသော ပစ္စည်းများနှင့် ရတနာများ ချည်းသာ ဖြစ်၏။

အကယ်၍ ရောင်းချလိုက်မည် ဆိုပါက မြင့်မြတ်သော နယ်မြေ တစ်ခုလုံးကိုပင် ဝယ်ယူနိုင်လောက်သည်။

“ဝှစ်…”

ယဲ့ဖုန်းက ဘယ်နေရာကမှန်း မသိ ရုတ်တရက် ထွက်ပေါ်လာခြင်းပါ။

ထိုအဖြစ်က ထိုသူ နှစ်ယောက်ကို သေမလောက် လန့်သွားစေတော့သည်။

“ဂိုဏ်းချုပ် ယဲ့ ကို ဂါရဝပြုပါတယ်”

သူတို့ နှစ်ယောက်က ရင်ဘတ်ကို အမြန် ဖိကာ စိတ်ကို ငြိမ်အောင် ထားလိုက်ကြ၏။

“ဘာကိစ္စများ ရှိလို့ ထပ်ရောက်လာတာလဲ...”

“ခင်ဗျားတို့ကို လာတွေ့တာပါ”

ယဲ့ဖုန်းက အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

ကောင်းကင်နှင့် မြေကြီး ရတနာ တောင်ကြီး (၇) လုံးကို ကြည့်ကာ သူ၏ မျက်လုံးများက အရောင် လက်သွား၏။

“ဒီမှာ အရမ်းများနေတယ်... ခင်ဗျားတို့ အကုန် သုံးနိုင်မှာ မဟုတ်ဘူး... တစ်ဝက်လောက်ပဲ ယူထားပြီး ကျန်တာတွေကို ကျွန်တော့်ကို ပေးလိုက်ပါ”

“ဖူး…”

ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးက နေရာမှာတင် သောက်လက်စ ရေများ ပန်းထုတ်လိုက်မိ၏။

“ဂိုဏ်းချုပ် ယဲ့... ခင်ဗျား အရမ်း လောဘကြီးလွန်းနေတာ မဟုတ်ဘူးလား... ကျွန်တော်တို့ သုံးယောက်ဆိုတော့ အနည်းဆုံး တစ်ယောက်ကို သုံးပုံတစ်ပုံတော့ ယူသင့်တယ်လေ...”

“ပထမဆုံး ကျွန်တော် မေးပါရစေ... ခင်ဗျားတို့ထဲက တစ်ယောက်က သူတော်စင် အဆင့်... နောက်တစ်ယောက်က အဆင့်လေး တပိုင်းသူတော်စင်... ဒီ အဆင့်နိမ့် ကောင်းကင်နဲ့ မြေကြီး ရတနာတွေကို ခင်ဗျားတို့က ဘာလုပ်ဖို့လဲ”

ယဲ့ဖုန်းက လေးလေးနက်နက် မေးခွန်းထုတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ သူတို့ နှစ်ယောက် စဉ်းစားကြည့်လိုက်ပြီး အဓိပ္ပာယ် ရှိကြောင်း ခံစားလိုက်ရ၏။

သူတို့၏ ကျင့်ကြံခြင်း အဆင့်များအရ ဤကောင်းကင်နှင့် မြေကြီး ရတနာများက လုံးဝနီးပါး အသုံးမဝင်ချေ။ ရောင်းချလိုက်လျှင်တောင်မှ သူတို့၏ ကျင့်ကြံခြင်းကို တိုးတက်စေနိုင်မည့် သူတော်စင် အဆင့် အမြင့်ဆုံး ရတနာများကို ဝယ်ယူ၍ ရမည် မဟုတ်။

“ဒါပေမဲ့ ခင်ဗျားလည်း ဒါတွေကို မလိုအပ်ဘူးလေ...”

ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးက ချက်ချင်း ပြန်လည် ချေပလိုက်သည်။

“မြူခိုးဂိုဏ်းက တပည့်တွေ သုံးလို့ရတယ်လေ...”

ယဲ့ဖုန်းက မျက်နှာပြောင်တိုက်ကာ ဆက်ပြောလိုက်၏။

“ကောင်းကင်နဲ့ မြေကြီး ရတနာတွေရဲ့ တစ်ဝက်က ကျွန်တော့်အပိုင်ပဲ... အဲဒီအစား ကံကြမ္မာရဲ့ သားတော် တစ်ယောက် အနေနဲ့ ခင်ဗျားတို့အတွက် အဆင်ပြေစေမယ့် တံခါးပေါက်တွေကို ကျွန်တော် ဖွင့်ပေးမယ်”

ထိုစကားကို ကြားသောအခါ သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြတော့သည်။

“သဘောတူတယ်”

နောက်ဆုံးတွင် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးက ပထမဆုံး စကားစပြောလိုက်၏။

“သူတော်စင် တက်လှမ်းခြင်း ကပ်ဘေးကို ဖြတ်ကျော်ဖို့ အခွင့်အရေး ရနိုင်မယ်ဆိုရင် ကျွန်တော် ဒီရတနာတွေကို မလိုချင်တော့ပါဘူး...”

ဟူ၍ ကြယ်မြစ် တပိုင်းသူတော်စင်က ပို၍ ပွင့်ပွင့်လင်းလင်း တောင်းဆိုလိုက်သည်။

“ရအောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။

စကားအဆုံး၌ သူက လက်ကို ဆန့်ထုတ်လိုက်သည်။ လက်ဖဝါးထဲတွင် ကြီးမားသော ဝဲကတော့ကြီး တစ်ခု ပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီး ရတနာများ၏ တစ်ဝက်ကို စုပ်ယူသွားတော့သည်။ ထိုအရာက မြူခိုးဂိုဏ်း၏ အခြေခံ အုတ်မြစ်ကို ချက်ချင်းပင် အဆပေါင်း မည်မျှ တိုးတက်သွားစေမှန်း မသိနိုင်ချေ။

“ကဲ... တစ်ယောက်ယောက်ကို သွားသတ်ဖို့ ကျွန်တော့်နောက် လိုက်ခဲ့ကြ”

“ဘယ်သူ့ကိုလဲ...”

“လင်းဝေ သူတော်စင် ဧကရာဇ်...”

“ဟင့်အင်း... ငါ သူ့ကို မနိုင်ဘူးကွ...”

ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွား၏။ ပစ္စည်းများ သိမ်းဆည်းကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။

“နိုင်ပါတယ်ဗျာ...”

ယဲ့ဖုန်းက ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး၏ အင်္ကျီလည်ပင်းအား ဖမ်းဆွဲလိုက်၏။ သူ့ကို မတင်လိုက်သည်။ ကြယ်မြစ် တပိုင်းသူတော်စင်ကိုပါ တစ်ပါတည်း ခေါ်ဆောင်ကာ အဝေးရှိ ဇီလော့ ကြယ်ဆီသို့ ပျံသန်းသွားတော့၏။

ရှန်ကျိုး တိုက်ကြီး။

“ရွှစ်…”

မိုယင်၏ ဓားချက် ခုတ်ပိုင်းလာ၏။ နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အများအပြားကို သတ်ဖြတ်လိုက်ပြီး သူတို့၏ ဝိညာဉ်များကို အနီရောင် ဘူးသီးခြောက်ထဲတွင် ဖမ်းလှောင်လိုက်သည်။

“ဂျူနီယာ မောင်လေး... နင့်ဘက်က အခြေအနေ ဘယ်လိုလဲ...”

သူမက ဂိုဏ်းဝင် တံဆိပ်ကို ထုတ်ယူလိုက်ကာ အတွင်းပိုင်း ၀င်္ကပါမှတစ်ဆင့် မိုင်သန်းပေါင်းများစွာ ဝေးကွာသော နေရာဆီသို့ သူမ၏ နတ်ဘုရား အာရုံ အတက်အကျများကို ပေးပို့လိုက်သည်။

သိပ်မကြာမီ လုံထျန်းရှင်း၏ အသံက ပြန်ထွက်လာ၏။

“ကျွန်တော့်ဘက်ကတော့ အဆင်ပြေတယ်... နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ ဒါဇင်ပေါင်းများစွာကို ဆက်တိုက် သတ်နိုင်ခဲ့တယ်... ဒါနဲ့ ပြောရဦးမယ်... ဒီ နတ်ဘုရား မျိုးနွယ်စု ဝင်စားသူတွေက တော်တော်လေးကို နာကြည်းနေကြတာဗျ...”

လုံထျန်းရှင်းက ဖြည့်စွက် ပြောဆိုလိုက်သည်။

“ဘာဖြစ်လို့လဲ...”

မိုယင်က သိချင်စိတ်ဖြင့် မေးလိုက်၏။

“ကျွန်တော် ခုလေးတင် နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အနည်းငယ်ကို စစ်ကြောခဲ့တယ်... သူတို့ရဲ့ စကားတွေက အံ့ဩစရာကောင်းလောက်အောင်ကို တူညီနေကြတာ... ပြီးတော့ အရမ်းလည်း ဒေါသထွက်နေကြတယ်”

“အဓိက အချက်ကတော့ သူတို့ရဲ့ အရည်အချင်းမရှိတဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေရဲ့ အကြီးအကျယ် လှည့်စားမှု ခံလိုက်ရတာပဲ”

“အစတုန်းက နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အများစုက သေသေချာချာ ပုန်းကွယ်နေခဲ့ကြတာ... ဒါပေမဲ့ ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေ ဝင်ပါလာတော့ သူတို့ရဲ့ အနည်းဆုံး (၆၀) ရာခိုင်နှုန်းက ကိုယ့်ကိုယ်ကိုယ် သွေးဆူပြီး ဖော်ထုတ်လိုက်ကြတယ်... ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီး ရှန်ကျိုးတိုက် အနှံ့ကို တိုက်ခိုက်ဖို့ပေါ့...”

“ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ... ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေက အမုန်းတရားတွေကြောင့် မျက်ကန်းဖြစ်ပြီး နတ်ဘုရား မျိုးနွယ်စု ဝင်စားသူတွေကို စွန့်ပစ်ကာ ကျွန်တော်တို့ မြူခိုးဂိုဏ်းဆီကိုပဲ အကုန်လုံး ဦးတည်သွားကြတာကို...”

“ဒါကြောင့် ဒီတိုက်ပွဲမှာ ပေါ်လာတဲ့ နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ အများစုက အခု ကျွန်တော်တို့ ဒါမှမဟုတ် တခြား အင်အားစုကြီးတွေရဲ့ လိုက်သတ်ခံနေရပြီ... သေဆုံး ဒဏ်ရာရတဲ့ လူတွေဆိုလည်း ရေလို့ကို မရဘူး”

“အဲဒါကြောင့် သူတို့က အရမ်း နာကြည်းနေကြတာ...”

လုံထျန်းရှင်းက အကျိုးအကြောင်းကို ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသောအခါ မိုယင်သည် ရုတ်တရက် သဘောပေါက်သွားတော့သည်။

*

မိုင်သောင်းပေါင်းများစွာ အကွာတွင်

နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ တစ်ဦးသည် မြေအောက်ထဲတွင် တုန်ရီနေ၏။

“ဒီ သောက်ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေ... တကယ်ကို ယုံကြည်အားထားလို့ မရဘူး... ငါတို့ကိုပါ ဖော်ကောင်လုပ်သွားပြီ... အခု ငါတို့ ဘာလုပ်ရမလဲ...”

“ရွှစ်…”

ထိုလူ နောက်တစ်ဆင့် ဆက်မလုပ်နိုင်မီမှာပင် မိုယင်က အနီးသို့ ရောက်ရှိလာတော့သည်။ သူမ၏ ဓားဖြင့် သူ့ကို တိခနဲ ခုတ်ပိုင်းလိုက်တော့သည်။

ရှန်ကျိုး တိုက်ကြီး တစ်ခွင်လုံးတွင်

ဤကဲ့သို့သော မြင်ကွင်းမျိုးက မကြာခဏ ဖြစ်ပွားနေ၏။

မူလက ဤတိုက်ပွဲသည် ရှန်ကျိုးတိုက်ကြီး၏ အင်အားစုကြီးများကို အကြီးအကျယ် အားနည်းသွားစေမည် ဖြစ်၏။ သို့သော် အရူးမဟာမိတ်များ ဖြစ်ကြသော ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများသည် သူတို့၏ အစီအစဉ်ကို စွန့်ပစ်ကာ မြူခိုးဂိုဏ်းဆီသို့ စုပြုံ သွားရောက် အသေခံခဲ့ကြသည်။ ထို့ကြောင့် ပေါ်လာသော နတ်ဘုရား မျိုးနွယ်စု ဝင်စားသူများသည် အကူအညီမဲ့စွာဖြင့် အထီးကျန် ကျန်ရစ်ခဲ့ကြသည်။ ရှန်ကျိုးတိုက်၏ အင်အားစုကြီးများ၏ ဝိုင်းဝန်း နှိမ်နင်းခံလိုက်ကြရတော့၏။

နေ့ဝက်ခန့် အချိန်အတွင်းမှာပင် နတ်ဘုရား မျိုးနွယ်စု ဝင်စားသူ (၃၀) ရာခိုင်နှုန်းကျော် အသတ်ခံလိုက်ရ၏။ နောက်ထပ် (၃၀) ရာခိုင်နှုန်းကလည်း လူလုံးထွက်လာပြီး အသက်လုကာ ထွက်ပြေးနေကြရသည်။

သို့သော် သူတို့ သိပ်ကြာကြာ အသက်ရှင်နိုင်တော့မည် မဟုတ်။

ဤတိုက်ပွဲအပြီးတွင် နတ်ဘုရား မျိုးနွယ်စု ဝင်စားသူများ၏ စုစုပေါင်း ဆုံးရှုံးမှုက (၆၀) ရာခိုင်နှုန်းအထိ ရောက်ရှိသွား၏။ ကြီးမားပြင်းထန်လှသော ဆုံးရှုံးမှုကြီးပင်။

၎င်းက ရှန်ကျိုးတိုက်ကြီးအတွက် ကြီးကျယ်ခမ်းနားလှသော အောင်ပွဲကြီး တစ်ခုပင် ဖြစ်တော့သည်။

ဤတိုက်ပွဲ၏ အဓိက သူရဲကောင်းမှာ အခြားသူ မဟုတ်။ ယဲ့ဖုန်း ပင် ဖြစ်၏။

*

ကြယ်တာရာ ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာ၊ ဇီလော့ ကြယ်ဝယ်၊

ယဲ့ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့မှ လျှောက်လှမ်းနေ၏။ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးမှာလည်း ကြယ်မြစ် တပိုင်းသူတော်စင်ကဲ့သို့ပင် လိမ်လိမ်မာမာဖြင့် နောက်မှ လိုက်ပါလာသည်။

“ဂိုဏ်းချုပ် ယဲ့... ခင်ဗျားက တကယ်ကို မိုက်တာပဲဗျာ...”

ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးက ဖော်လံဖားသော မျက်နှာဖြင့် အမွှမ်းတင်လိုက်သည်။

ဇီလော့ ကြယ်ဆီသို့ လာရာလမ်းတွင် ယဲ့ဖုန်းသည် သူ၏ ရုပ်ခန္ဓာ သူတော်စင် လမ်းစဉ်၏ လျှို့ဝှက်ချက်ကို မတော်တဆဟန်ဖြင့် ထုတ်ဖော်ပြသခဲ့၏။ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးကို လုံးဝ လက်မြှောက် အရှုံးပေးသွားသည်အထိ အကြောက်တရား သွင်းပေးလိုက်ခြင်းပင် ဖြစ်၏။

“ဘုန်း…”

ယဲ့ဖုန်းသည် ဇီလော့ ကြယ်ပေါ်ရှိ တောင်ထိပ်တစ်ခုပေါ်သို့ ခြေချလိုက်၏။ အချင်း မိုင်တစ်သန်းကျော် ကျယ်ဝန်းသော ဤကြယ်ကြီးကို ငုံ့ကြည့်လိုက်သည်။

“အရမ်း ရင်းနှီးနေတဲ့ အရှိန်အဝါပဲ...”

ယဲ့ဖုန်းက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မူလက သူသည် လင်းဝေ သူတော်စင် ဧကရာဇ်ကို လိုက်လံ ဖမ်းဆီးဖို့ပါပင်။ သို့သော် အံ့အားသင့်စရာ ကောင်းလှစွာဖြင့် ဇီလော့ ကြယ်ပေါ်တွင် ပေဟယ် ဧကရာဇ်၏ ခြေရာလက်ရာများကို တွေ့ရှိလိုက်ရ၏။

သို့သော် လင်းဝေ သူတော်စင် ဧကရာဇ်ကို ဖမ်းဆီးရန်က ပို၍ အရေးကြီးနေသည်။

အခြား ကိစ္စများကို နောက်မှ ဆက်လက် ဖြေရှင်းရမည်။

“ဂိုဏ်းချုပ် ယဲ့... လင်းဝေ သူတော်စင် ဧကရာဇ်က မူလ ဝိညာဉ်ပဲ ကျန်တော့တဲ့အထိ အရိုက်ခံလိုက်ရတယ် ဆိုတာ တကယ်လား...”

ကြယ်မြစ် တပိုင်းသူတော်စင်က မေးမြန်းလိုက်သည်။

လမ်းတစ်လျှောက်တွင် ယဲ့ဖုန်းက သတင်းအချက်အလက် များစွာကို ဝေမျှပေးခဲ့၏။

မြူခိုး သူတော်စင်အား သတ်ဖြတ်ခဲ့ခြင်း၊ လင်းဝေ သူတော်စင် ဧကရာဇ်၏ ရုပ်ခန္ဓာကို ချေမှုန်းခဲ့ခြင်း၊ ကံကြမ္မာ သမီးတော် အလောတကြီး ဆုတ်ခွာသွားရခြင်း နှင့် အခြား အရေးကြီးသော ဖြစ်ရပ်များကို ယဲ့ဖုန်းက အကုန်အစင် ပြောပြခဲ့သည်။ ထိုအရာက သူတို့ နှစ်ယောက်ကို ပို၍ပင် တုန်လှုပ်သွားစေတော့သည်။

ယဲ့ဖုန်းအပေါ် သူတို့၏ အကြောက်တရားနှင့် လေးစား အားကျမှုများက တဟုန်ထိုး မြင့်တက်လာတော့၏။

“ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သူက ခန္ဓာကိုယ်တစ်ခုကို ရှာတွေ့သွားပြီး ခန္ဓာ ပိုင်ဆိုင်ခြင်း ကိစ္စကို အပြီးသတ်သွားလောက်ပြီ...”

ယဲ့ဖုန်းက တုံ့ပြန်လိုက်သည်။

“ဒါဆို... ကျွန်တော်တို့ သူ့ကို နိုင်ပါ့မလား...”

ကြယ်မြစ် တပိုင်းသူတော်စင်၏ မျက်ခုံးများ တွန့်ချိုးသွားကာ လေးနက်သော အမူအရာ ဖြစ်သွား၏။

“အခုအချိန်မှာ လင်းဝေ သူတော်စင် ဧကရာဇ်ရဲ့ စွမ်းအားက အထွတ်အထိပ် အချိန်ရဲ့ (၈၀) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်... ဒါကြောင့် ကျွန်တော် ကိုယ်တိုင် ပါဝင် တိုက်ခိုက်စရာ မလိုပါဘူး... ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး တောင်မှ သူ့ကို နိုင်တယ်...”

ယဲ့ဖုန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးက တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရတော့သည်။

“လင်းဝေ သူတော်စင် ဧကရာဇ်... ထွက်ခဲ့စမ်း...”

ရုတ်တရက် ယဲ့ဖုန်းက မြေပြင်ကို ဆောင့်နင်းလိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက မြေကြီး အနက်ရှိုင်းဆုံးအထိ ထိုးဖောက် ဝင်ရောက်သွားကာ မြေအောက် နန်းတော်တစ်ခုကို တစ်စစီ ရိုက်ချိုးပစ်လိုက်တော့သည်။

“အုန်း…”

ကြီးမားလှသော စွမ်းအားကြီးကြောင့် လူရိပ်တစ်ခု မြေပြင်ပေါ်သို့ ပွင့်ထွက်လာကာ သူတို့ သုံးယောက်ရှေ့သို့ ကျလာ၏။ ထိုသူက ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ အခြေအနေ အလွန် ဆိုးရွားနေသည်။ ထိုသူမှာ လင်းဝေ သူတော်စင် ဧကရာဇ်ပင် ဖြစ်တော့သည်။

(တီ…ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ၏ အကြံအစည်ကို ဖျက်ဆီးခြင်း - ပြီးမြောက်မှု (၈၅) ရာခိုင်နှုန်း)

စနစ်၏ အသိပေးချက် ပေါ်ထွက်လာလေ၏။

--

All Chapters