အခန်း ၇၇၅
Vol. 52 Ch. 775
အခန်း (၇၇၅) - လက်အောက်ခံ တာဝန်များ ပြီးမြောက်ခြင်းနှင့် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှေးဟောင်းလမ်းစဉ်
တာဝန်ပြီးမြောက်မှု အညွှန်းကိန်း ထပ်မံတက်လာသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်း အလွန် ကျေနပ်သွားသည်။
“လင်းဝေသူတော်စင်ဧကရာဇ်... မင်း ဘယ်လိုသေချင်သလဲ”
လင်းဝေသူတော်စင်ဧကရာဇ်၏ အရှိန်အဝါသည် သိပ်မပြင်းထန်လှဘဲ မိမိထက်ပင် အားနည်းနေသေးကြောင်းကို ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးကြီး အာရုံခံသိရှိလိုက်၏။ ယင်းကြောင့် ချက်ချင်းပင် ယုံကြည်မှုများ ပြန်လည်ပြည့်ဝလာသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တော့၏။
လွှမ်းမိုးနိုင်စွမ်းရှိသော သူတော်စင်ဖိအားကြီးသည် လင်းဝေသူတော်စင်ဧကရာဇ်အား လျင်မြန်စွာ ရစ်ပတ်လွှမ်းခြုံသွား၏။ မြောက်များစွာသော နတ်ဘုရားတောင်ထွတ်များ ဖိချလိုက်သည့်အလား သူ၏ခန္ဓာကိုယ်မှာ တုတ်တုတ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။
“ယဲ့... ယဲ့ဖုန်း...”
“ပြီးတော့ မင်း... ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး”
“ဒီတော့ မင်းတို့တွေက ပူးပေါင်းနေကြတာကိုး”
လင်းဝေသူတော်စင်ဧကရာဇ်၏ ရင်တွင်း၌ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
ယဲ့ဖုန်းနှင့် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးတို့ ပူးပေါင်းကြံစည်နေကြောင်းကို သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့ပြင် ဇီလော့ကြယ်ပေါ်တွင် ဤရက်ပိုင်းအတွင်း သိုသိုသိပ်သိပ် ပုန်းအောင်းနေခဲ့ပါလျက်နှင့် ယဲ့ဖုန်းက သူ့ကို မည်သို့ရှာတွေ့သွားသနည်း။
သူ နားမလည်နိုင်အောင် ဖြစ်ရ၏။
“ဟုတ်တယ်... ငါတို့ ပူးပေါင်းထားကြတာကွ”
ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်းနဲ့ မြူခိုးသူတော်စင်ရဲ့ ကိုယ်ပွားတွေကို ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ဖောက်ခွဲပစ်ခဲ့တာကလည်း ဒီဂိုဏ်းချုပ်ရဲ့ အမိန့်ကြောင့်ပဲ”
သူက ဆက်လက်၍ ရှင်းပြလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ လင်းဝေသူတော်စင်ဧကရာဇ်၏ မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။
“မင်းတို့ ဘယ်တုန်းကတည်းက ပူးပေါင်းနေကြတာလဲ”
“သေမယ့်လူတစ်ယောက်က ဒီလောက်အများကြီး သိနေစရာ မလိုပါဘူးကွာ”
ယဲ့ဖုန်းက ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ လက်ကို ဆန့်ထုတ်လိုက်၏။ လင်းဝေသူတော်စင်ဧကရာဇ်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်တော့သည်။
“မင်း ငါ့ကို မသတ်နိုင်ဘူး”
“ငါ့ကို သတ်ရဲရင်တော့ မင်း... အား...”
လင်းဝေသူတော်စင်ဧကရာဇ် စကားပင် ဆုံးအောင် မပြောလိုက်ရချေ။
ယဲ့ဖုန်းက လင်းဝေသူတော်စင်ဧကရာဇ်၏ လည်ပင်းကို လိမ်ချိုးပစ်လိုက်တော့၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ရပ်က ထိုးဖောက်ဝင်ရောက်သွားကာ သူ၏ မူလဝိညာဉ်ကို အမှုန့်ကြိတ်ပစ်လိုက်တော့သည်။ ယဲ့ဖုန်းက ထိုအရာများကို သတ်ဖြတ်ခြင်းစွမ်းအင်ဖြင့် စစ်ထုတ်လိုက်၏။
ထိုအခိုက်အတန့်မှာ မြောက်များစွာသော အချက်အလက်များ ပါဝင်သည့် သတင်းအချက်အလက် စီးကြောင်းတစ်ခုက ယဲ့ဖုန်း၏ စိတ်အာရုံထဲသို့ လှိမ့်ဝင်လာသည်။ ယဲ့ဖုန်းသည် မျောလွင့် တောင်တန်းသို့ ကိုယ်တိုင်ရောက်ရှိသွားသည့်အလား ခံစားလိုက်ရပြီး တောင်တန်းပေါ်ရှိ အဆောက်အအုံများစွာကို မြင်တွေ့လိုက်ရ၏။ လင်းဝေသူတော်စင်ဧကရာဇ် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများစွာနှင့် နတ်ဘုရား မျိုးနွယ်စုနှင့် ပတ်သက်သည့် အချက်အလက်များကိုပါ ရှင်းလင်းစွာ နားလည်သွားတော့သည်။
သို့ဖြစ်သော်ငြားလည်း... ယဲ့ဖုန်းက ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်လေ့လာရန် ပြင်ဆင်လိုက်ချိန်တွင် ထိုသတင်းအချက်အလက် စီးကြောင်းများအားလုံး ပြိုကျပျက်စီးသွားပြီး ဆက်လက် စုပ်ယူ၍ မရနိုင်တော့ကြောင်းကို တွေ့ရှိလိုက်ရ၏။
“ဒါက နတ်ဘုရား မျိုးနွယ်စုက သူတော်စင်ကြီးတွေ ချမှတ်ထားတဲ့ အစီအမံများလား”
ယဲ့ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက်တွင်မူ သူသည် လင်းဝေသူတော်စင်ဧကရာဇ်၏ ရုပ်အလောင်းကို စနစ် ဟင်းလင်းပြင်ထဲသို့ ပစ်သွင်းလိုက်၏။ အလုံးစုံ ပြိုကွဲသွားသော မူလဝိညာဉ်မှာ ထိုခန္ဓာကိုယ်ထဲတွင် ဆက်လက် ချိတ်ပိတ်ခံထားရဆဲပင်။ ယဲ့ဖုန်းအတွက်မူ ပြိုကွဲသွားသော မူလဝိညာဉ်သည်ပင် စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်၏။ လောလောဆယ်တော့ ၎င်းကို သိမ်းဆည်းထားလိုက်မည်။ နောင်တစ်ချိန် လိုအပ်လာပါက ဟူဖေးဖေးအား အဆင့်တက်နိုင်ရန်အတွက် ဝါးမြိုစေမည်ဟု တွေးလိုက်တော့သည်။
“တီ..တီ”
“ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ၏ အကြံအစည်ကို ဖျက်ဆီးခြင်း တာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်၊ ဂိုဏ်းချုပ်။ လက်အောက်ခံတာဝန် ဆုလာဘ်ကို ရရှိပါပြီ”
စနစ်၏ အသိပေးသံက အချိန်ကိုက် ထွက်ပေါ်လာသည်။ ယဲ့ဖုန်းက သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင်ကံစမ်းမဲအိတ်ကလေးတစ်ခု လက်ဖဝါးထက်တွင် ပေါ်လာ၏။ အလွန်လေးလံမည့်ပုံပင်။
“တစ်ခုတည်းလား”
ယဲ့ဖုန်းက နှုတ်ခမ်းကို တွန့်လိုက်သည်။ ဆုလာဘ်များစွာ ရရှိမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း နောက်ဆုံးတွင် သနားစရာ ရွှေရောင်ကံစမ်းမဲအိတ်ကလေး တစ်ခုတည်းသာ ရှိလေသည်။
“ဒါက ဘာအရာလဲ”
သူ့ဘေးမှ လူနှစ်ယောက်စလုံးက ရွှေရောင်ကံစမ်းမဲအိတ်ကို မြင်သောအခါ သိချင်စိတ် ပြင်းပြသွားကြ၏။
“ဒါက လျှို့ဝှက်ချက်ပဲ”
ယဲ့ဖုန်းက မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
“အခု လင်းဝေသူတော်စင်ဧကရာဇ်လည်း သေသွားပြီဆိုတော့ ခင်ဗျားတို့ ပြန်လို့ရပြီ”
“ဂိုဏ်းချုပ်ယဲ့ကို ရိုသေစွာဖြင့် နှုတ်ဆက်ခွင့်ပြုပါ ခင်ဗျာ”
ထိုသူနှစ်ယောက်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အဝေးရှိ မြို့ကိုးမြို့ ကြယ်တိမ်တိုက်ဆီသို့ ပြန်သွားကြတော့သည်။
သူတို့ ဝေးကွာသွားသောအခါ ယဲ့ဖုန်းက ကံစမ်းမဲအိတ်ကို အားဖြင့် ညှစ်ခွဲပစ်လိုက်ရာ ရောင်စဉ်ခုနစ်ဖြာ တောက်ပနေသော အလင်းတန်းငါးခု ထွက်ပေါ်လာ၏။
“ကောင်းကင်နဲ့ မြေကြီး မူလအဆီအနှစ်တွေပဲ”
ယဲ့ဖုန်း၏ မျက်လုံးများက အရောင်လက်သွားတော့၏။
သူက ကောင်းကင်နှင့် မြေကြီး မူလအဆီအနှစ် ငါးခုကို ကံကြမ္မာ ရတနာပုလဲထဲသို့ အလျင်စလို ပေါင်းစပ်ထည့်သွင်းလိုက်သည်။ ရတနာပုလဲသည် ရောင်စဉ်ခုနစ်ဖြာ အလင်းဝန်းဖြင့် ဖုံးလွှမ်းသွားပြီးနောက် အသွင်ပြောင်းလဲခြင်း အသစ် စတင်တော့၏။
“ကြယ်လေးပွင့်အဆင့် အဆင့်လွန်ဝိညာဉ်ရတနာတစ်ခုက လက်တစ်ကမ်းမှာ ရှိနေပြီပဲ”
ယဲ့ဖုန်းက ပြုံးလိုက်သည်။
ထိုအခါကျမှသာ သူသည် မိမိအောက်ရှိ ဇီလော့ကြယ်ကို သေချာစွာ လေ့လာစူးစမ်းရန် အချိန်ရသွား၏။ ပေဟယ်ဧကရာဇ်နှင့် ပတ်သက်သည့် ရှေးဟောင်းအမွေအနှစ် များစွာကို ရှာဖွေတွေ့ရှိလိုက်ရပါသည်။
မြင့်မားသော တောင်ထွတ်တစ်ခု၏ နေရာ၌ ခံ့ညားထည်ဝါလှသော ကျောက်တိုင်ကြီးတစ်ခု ကြွားကြွားဝံ့ဝံ့ တည်ရှိနေသည်။
ကျောက်တိုင်ထက်တွင် သိုင်းလောက၏ ဧကရာဇ်ပေဟယ် ဤနေရာ၌ ရှိခဲ့သည် ဟု ကမ္ပည်းထိုးထားပြီး အက္ခရာတစ်ချက်စီတိုင်းမှ ခိုင်မာအားကောင်းသော အနှစ်သာရများ ယိုဖိတ်နေလေ၏။
“အဆင့်သုံး တပိုင်းသူတော်စင် အထွတ်အထိပ်ပဲ”
ယဲ့ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ပေဟယ်ဧကရာဇ်သည် ဇီလော့ကြယ်သို့ ရောက်ရှိလာပြီး ဤကမ္ပည်းစာများကို ချန်ရစ်ခဲ့ချိန်တွင် သူထုတ်ဖော်ခဲ့သော အရှိန်အဝါသည် အဆင့်သုံး တပိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိနေတော့၏။ ပေဟယ်ကြယ်ပေါ်တွင် ရှိစဉ်ကထက် များစွာ ပို၍ အားကောင်းနေ၏။
“သူက နတ်ဘုရားသိုင်းပညာ တစ်ခုခုများ ချန်ရစ်ထားခဲ့သလား”
ယဲ့ဖုန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး စတင်ရှာဖွေတော့သည်။
ပြီးခဲ့သည့်အကြိမ် ပေဟယ်ကြယ်ပေါ်တွင် ရှိစဉ်က ပေဟယ်ဧကရာဇ် ချန်ရစ်ခဲ့သော သူတော်စင်အဆင့် နတ်ဘုရား စွမ်းရည် ‘ယင် ယန် သဟဇာတ’ ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတစ်ကြိမ် ဇီလော့ကြယ်ပေါ်တွင် စွမ်းအားကြီးမားသော နတ်ဘုရားသိုင်းပညာများ ထပ်မံရှာတွေ့နိုင်မည်လား ဆိုသည်ကို မသိသေးချေ။
ထိုအခိုက်အတန့်၌ တောင်အောက်မှ အသံများ ထွက်ပေါ်လာသည်။
“မင်းတို့ ကြားပြီးကြပြီလား”
“ဘာကို ကြားတာလဲ”
“သူတော်စင်လမ်းစဉ်က ထပ်ပြီး ပွင့်တော့မယ်တဲ့”
“ငါက ငယ်ပါသေးတယ်။ ငါ့ကို လာမလိမ်ပါနဲ့။ ဒီနာမည်ကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြားဖူးပါဘူးကွာ”
“အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ သူတော်စင်လမ်းစဉ် အကြောင်းကိုတောင် မင်း မသိဘူးဆိုရင်တော့ မင်းက ငယ်လွန်းနေသေးလို့ပဲ။ လာ... အဲဒီအကြောင်း ငါ ပြောပြမယ်”
ထိုစကားဝိုင်းက ယဲ့ဖုန်း၏ အာရုံကို ဖမ်းစားသွားတော့သည်။
'သူတော်စင်လမ်းစဉ် ဟုတ်လား...'
ယဲ့ဖုန်းက နောက်သို့ လှည့်လိုက်ပြီး တောင်တက်လာသော လူငယ်ကျင့်ကြံသူ တစ်စုကို သိချင်စိတ်ဖြင့် ကြည့်ရှုရင်း သူတို့၏ စကားပြောဆိုမှုများကို သေချာစွာ နားစွင့်နေလိုက်သည်။
သူတို့သည် အသက်ဆယ်ကျော်သက် အရွယ်သာ ရှိသေးပုံပေါ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ မနိမ့်ကျလှပေ။ သူတို့အထဲတွင် အားအနည်းဆုံးသူပင်လျှင် ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့် တွင် ရှိနေသည်။
ဇီလော့ကြယ်ပေါ်ရှိ ကျင့်ကြံခြင်းစနစ်သည် ပေဟယ်ကြယ်ပေါ်ရှိ စနစ်နှင့် ဆင်တူသည်။
ဤနေရာတွင် ကျင့်ကြံခြင်းဂိုဏ်းများစွာ ရှိသော်လည်း အစပိုင်းတွင် မည်သည့်ဂိုဏ်းမျှ အင်အားမကြီးမားခဲ့ချေ။ ဤအချက်ကို တောင်ထိပ်ရှိ ကျောက်တိုင်ပေါ်တွင် ဖော်ပြထား၏။
လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ကျယ်ဝန်းသော နယ်မြေနှင့် ပေါများလှသော ကျင့်ကြံခြင်း အရင်းအမြစ်များကြောင့် ဇီလော့ကြယ်ပေါ်တွင် ကျင့်ကြံသူများစွာ ရှိခဲ့လေ၏။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကျင့်ကြံသူများပင် အမြောက်အမြား ရှိခဲ့သော်လည်း သူတို့အားလုံးမှာ လူသားမျိုးနွယ်စုများ မဟုတ်ဘဲ အခြားသော မျိုးနွယ်စုများမှ ဖြစ်ကြသည်။
လူသားမျိုးနွယ်စုနှင့် ပတ်သက်၍မူ မူလနတ်ဘုရားအဆင့်သို့ ရောက်ရှိသူ တစ်ယောက်မျှပင် မရှိခဲ့ချေ။
သို့ဖြစ်သော်ငြားလည်း... မျိုးနွယ်စုပေါင်း တစ်သောင်းကို ဖိနှိပ်ခဲ့သော ပေဟယ်ဧကရာဇ် ရောက်ရှိလာခြင်းနှင့်အတူ လူသားမျိုးနွယ်စုများသည် ဇီလော့ကြယ်ပေါ်တွင် ဘုရင်အဖြစ်သို့ တက်လှမ်းနိုင်မည့် လမ်းစဉ်တစ်ခု ပွင့်လင်းလာခဲ့၏။
ထိုအချိန်မှစ၍။ ဇီလော့ကြယ်ပေါ်ရှိ လူသားမျိုးနွယ်စုများသည် ပေဟယ်ဧကရာဇ် ချထားခဲ့သော မိုးကြိုး၀င်္ကပါကို အားကိုးကာ ကောင်းကင်ကပ်ဘေးများကို ရယူခဲ့ပြီး အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ကြသည်။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရှိ ရှေးဟောင်းဘိုးဘေးများစွာ မွေးဖွားလာခဲ့ပြီး ဤနယ်ပယ်တွင် အသန်မာဆုံး မျိုးနွယ်စု ဖြစ်လာခဲ့တော့သည်။
မိုးကြိုး၀င်္ကပါ၏ အဆင့်သတ်မှတ်ချက်ကြောင့် ကန့်သတ်ခံထားရသဖြင့် ဇီလော့ကြယ်၏ လူသားမျိုးနွယ်စုများသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၆) အထွတ်အထိပ်ထက် ကျော်လွန်၍ ဆက်လက် မတက်လှမ်းနိုင်ကြတော့ပေ။
ဤသည်မှာပင် ဇီလော့ကြယ်၏ ကျင့်ကြံခြင်း ကန့်သတ်ချက် ဖြစ်လာသည်။ ဇီလော့ကြယ်ပေါ်ရှိ အခြားသော မျိုးနွယ်စုများနှင့် ပတ်သက်၍မူ သူတို့သည် လူသားမျိုးနွယ်စုများ၏ ဖိနှိပ်မှုကို အမြဲတမ်း ခံခဲ့ရပြီး ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၄) ထက် ကျော်လွန်သော အစွမ်းထက်ပုဂ္ဂိုလ်များကို မမွေးထုတ်နိုင်ခဲ့ကြချေ။
ထို့ကြောင့် ဤကမ္ဘာတွင် လူသားမျိုးနွယ်စုကသာ နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်သူများ ဖြစ်ကြ၏။ ကံကြမ္မာ ရတနာပုလဲကို အသုံးပြု၍ တွက်ချက်လိုက်ခြင်းဖြင့် ယဲ့ဖုန်းသည် ဤလျှို့ဝှက်ချက်များကို သိရှိသွားပြီး သိချင်စိတ်များ ပိုမို ပြင်းပြလာတော့သည်။
“ဇီလော့ကြယ်ပေါ်က မိုးကြိုး၀င်္ကပါဟာ ပေဟယ်ကြယ်ပေါ်က ၀င်္ကပါထက် အများကြီး ပိုအားကောင်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာတယ်၊ ပိုပြီး ပြည့်စုံတယ်”
သူက မှတ်ချက်ချလိုက်သည်။
“ဒါက ပေဟယ်ဧကရာဇ်ဟာ မြန်မြန်ဆန်ဆန် တန်ခိုးထွားလာခဲ့တယ် ဆိုတာကို ပြသနေတာပဲ”
“ရှေ့ဆက်ကြည့်မယ်ဆိုရင်... ကျင့်ကြံသူတစ်ယောက် ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖြတ်တက်လှမ်းဖို့အတွက် လုံလောက်တဲ့ မိုးကြိုး၀င်္ကပါမျိုးတောင် ရှိနေနိုင်တယ်”
ယဲ့ဖုန်းက ခပ်တိုးတိုး ရေရွတ်ရင်း တိတ်တဆိတ် ခန့်မှန်းတွက်ဆနေမိသည်။
တောင်တက်လမ်းပေါ်ရှိ လူငယ်ကျင့်ကြံသူများသည် ဆက်လက်လျှောက်လှမ်းရင်း စကားပြောဆိုနေကြပြီး တောင်ထိပ်ပေါ်ရှိ ယဲ့ဖုန်းကို လတ်တလောတွင် သတိမထားမိကြသေးပေ။
“ဇီလော့ကြယ်ပေါ်မှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၆) အထွတ်အထိပ်ဟာ ကန့်သတ်ချက်ဆိုတာကို ငါတို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ အဲဒီအထက်မှာ (၇)၊ (၈) နဲ့ (၉) ဆိုတဲ့ သေးငယ်တဲ့ ဘုံအဆင့် သုံးခု ရှိသေးတယ်”
“ပြီးတော့ အဲဒီအထက်မှာက ဒဏ္ဍာရီလာ သူတော်စင်ဘုံ ရှိတယ်လေ”
ခေါင်းဆောင်ဖြစ်သူ လူငယ်က စိတ်အားထက်သန်စွာဖြင့် ရှင်းပြလိုက်သည်။
“အဲဒီ သူတော်စင်လမ်းစဉ်ကို သူတော်စင်ပေဟယ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အားလုံးနဲ့ ဖန်တီးခဲ့တာ။ အကယ်လို့ တစ်ယောက်ယောက်က အဲဒီလမ်းစဉ်ရဲ့ အဆုံးကို ရောက်သွားခဲ့ရင် သူတော်စင်ဘုံထဲကို ဝင်ရောက်နိုင်လိမ့်မယ်”
“မင်း ဆိုလိုချင်တာက သူတော်စင်လမ်းစဉ်ထဲ ဝင်လိုက်တာနဲ့ ငါတို့က သူတော်စင်ပေဟယ်လို သူတော်စင်တွေ ဖြစ်လာနိုင်တယ်ပေါ့ ဟုတ်လား”
“ဟုတ်တယ်... အတိအကျပဲ”
“ဒါပေမဲ့ ဇီလော့ကြယ်ပေါ်မှာ ရှေးဟောင်းဘိုးဘေးတွေ အများကြီး ရှိတာပဲ။ ဆက်ပြီး အဆင့်တက်ဖို့အတွက် သူတို့အားလုံး သူတော်စင်လမ်းစဉ်ထဲကို ဝင်ချင်ကြမှာ အသေအချာပဲ။ ငါတို့က ဘယ်လိုလုပ်ပြီး သူတော်စင်လမ်းစဉ်ထဲ ဝင်ဖို့ အခွင့်အရေး ရနိုင်မှာလဲ”
“တကယ်ပဲကွာ”
“မင်းတို့ကောင်တွေ နားမလည်ကြပါဘူး။ ငါတို့ ဒီနေရာကို လာတာက မဟာသူတော်စင်ကြီးရဲ့ ကျောက်တိုင်ကို အရိုအသေပေးဖို့၊ တစ်နည်းအားဖြင့် ငါတို့ရဲ့ ဘိုးဘေးတွေအတွက် ကောင်းချီးမင်္ဂလာတွေ ဆုတောင်းပေးဖို့ပဲ။ ငါတို့ကံကောင်းရင် ငါတို့ရဲ့ ဘိုးဘေးတွေက သူတော်စင်လမ်းစဉ်ပေါ်မှာ အောင်မြင်ချင် အောင်မြင်သွားလိမ့်မယ်။ ငါတို့ကိုယ်တိုင် အဲဒီလမ်းစဉ်ကို မလျှောက်ရရင်တောင်မှ ငါတို့ဘက်က အထောက်အကူပြုနိုင်ခဲ့ပြီလေ”
“ဒါပေမဲ့ ငါတို့ရဲ့ ဆုတောင်းတွေက တကယ်ပဲ ပြည့်ဝလာနိုင်ပါ့မလား”
လူငယ်များမှာ သံသယများဖြင့် ပြည့်နှက်နေကြသည်။
တောင်ထိပ်ပေါ်တွင် သူတို့၏ ဆွေးနွေးပြောဆိုမှုများကို နားထောင်နေသော ယဲ့ဖုန်း၏ မျက်နှာပေါ်ရှိ မျှော်လင့်တကြီး ဖြစ်နေသော အမူအရာများမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ပေဟယ်ဧကရာဇ်သည် သူ၏ တာအိုကို ဖြန့်ဝေရန် ဇီလော့ကြယ်သို့ ရောက်ရှိလာချိန်တွင် အဆင့်သုံး တပိုင်းသူတော်စင် ကျင့်ကြံခြင်းအဆင့်၌သာ ရှိနေသေးပြီး အစစ်အမှန် သူတော်စင် တစ်ပါး မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူသည် ကျင့်ကြံသူများ သူတော်စင်အဖြစ်သို့ ရောက်ရှိစေရန် ကူညီပေးနိုင်မည့် ရှေးဟောင်းလမ်းစဉ်တစ်ခုကို ဖန်တီးခဲ့ရန် မဖြစ်နိုင်ချေ။
“ဒီလမ်းစဉ်က တစ်ယောက်ယောက်ကို တပိုင်းသူတော်စင် အဆင့်ကို ချိုးဖြတ်တက်လှမ်းဖို့လောက်ပဲ ကူညီပေးနိုင်မယ် ထင်တယ်”
သူက ခန့်မှန်းတွက်ဆလိုက်သည်။
“သူတော်စင် ဖြစ်လာဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်သလောက်ပဲ”
ယဲ့ဖုန်းက ဤသို့ ခပ်တိုးတိုး ရေရွတ်လိုက်၏။
ထိုအခိုက်အတန့်၌ လူငယ်တစ်စုသည် တောင်ထိပ်သို့ နောက်ဆုံးတွင် ရောက်ရှိလာကြတော့သည်။
“ဝိုး... ဒီနေရာမှာ ဘာလို့ လူတစ်ယောက် ရှိနေတာလဲ”
“သူက အရမ်းချောတာပဲ။ ငါ့အစ်ကိုထက်တောင် ပိုချောသေးတယ်”
“မင်းတို့ သတိထားမိကြလား။ သူ့ဆီက ကျင့်ကြံခြင်း အရှိန်အဝါ ဘာတစ်ခုမှ ထွက်မနေဘူး။ သူက သာမန်သေမျိုး တစ်ယောက်များလား”
“ဟာကွာ... ပေ့ရှန်တောင်ထွတ်က ပေသုံးထောင်လောက် မြင့်တာ။ ချောက်ကမ်းပါးတွေလို မတ်စောက်တဲ့ တောင်ကမ်းပါးတွေနဲ့ ဝန်းရံထားတာ။ သာမန်သေမျိုး တစ်ယောက်သာဆိုရင် ဒီကိုတက်လာဖို့ သေချာပေါက် ပင်ပန်းနွမ်းနယ်နေမှာပေါ့။ သူ့လိုမျိုး ချွေးတစ်ပေါက်မှ မထွက်ဘဲ ဘယ်လိုလုပ် အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ ရှိနေနိုင်မှာလဲ”
“ဒါကြောင့် သူက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်”
“မြန်မြန်... အခွင့်အရေး တစ်ခုခုများ ရနိုင်မလား သွားကြည့်ကြရအောင်”
ထိုလူငယ်များသည် အဝေးရှိ ထင်းရှူးပင်များနောက်တွင် ပုန်းကွယ်ကာ ယဲ့ဖုန်းကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူတို့သည် အသံလုံအကာအကွယ်တစ်ခုကို တည်ဆောက်လိုက်ပြီး အတန်ကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ ယဲ့ဖုန်းထံသို့ ချဉ်းကပ်လာကြတော့၏။
ကျောက်တိုင်အောက်တွင် ယဲ့ဖုန်း၏ မျက်နှာပေါ်၌ သဘောကျနေသော အမူအရာတစ်ခု ပေါ်လွင်နေသည်။
ဤလူငယ်များသည် ရဲဝံ့သော်လည်း သတိထားတတ်ကြသည်။ သို့သော် သူတို့က အသံလုံအကာအကွယ်များ တည်ဆောက်ထားလျှင် ယဲ့ဖုန်းက သူတို့ပြောတာကို မကြားနိုင်တော့ဘူးဟု ထင်နေကြသည်။ အမှန်တကယ်တွင်မူ ယဲ့ဖုန်းသည် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားနေရ၏။
“စီနီယာ... ဂါရဝပြုပါတယ် ခင်ဗျာ”
လူငယ်များက ချဉ်းကပ်လာပြီး အလျင်အမြန်ပင် အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။
“သူတော်စင်လမ်းစဉ်က အတိအကျ ဘယ်နေရာမှာ ရှိတာလဲ”
အချိန်ဖြုန်းနေရန် မရှိသဖြင့် ယဲ့ဖုန်းက တည့်တိုးပင် မေးလိုက်သည်။ သူ၏ မေးခွန်းကြောင့် လူငယ်များ၏ မျက်နှာအမူအရာများမှာ ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
“ဒုက္ခပါပဲ”
“သူ ငါတို့ပြောတာကို ကြားသွားတယ်”
“သူက သာမန်မဟုတ်တဲ့ ပုဂ္ဂိုလ်ကြီးပါလို့ ငါ ပြောသားပဲ။ အသံလုံအကာအကွယ်တွေတောင် သူ့အတွက်က အသုံးမဝင်ဘူး။ အခုတော့ ငါတို့ သွားပါပြီ”
လူငယ်များအားလုံး ပြဿနာတက်သွားသည့်ပုံ ပေါက်သွားကြသည်။
“ဒုန်း..”
သူတို့သည် ပြတ်ပြတ်သားသားပင် ဒူးထောက်ချလိုက်ကြပြီး အဆက်မပြတ် သနားခံ တောင်းပန်ကြတော့သည်။
“စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့က စီနီယာ့အပေါ် လုံးဝ မလေးမစားလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အမှန်တရားကို မြင်ပေးပါလို့ ကျွန်တော်တို့ တောင်းပန်ပါတယ် ခင်ဗျာ”
လူငယ်များ၏ စကားများကြောင့် ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
'ငါက ဒီလောက်ချောမောပြီး ကြမ်းကြုတ်တဲ့ပုံလည်း မပေါက်ပါဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ အကြောက်တရားက ငါ့ကို အနေခက်စေတယ်ကွ'
ယဲ့ဖုန်းသည် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိတော့သည်။
--