← Chapters

အခန်း ၇၇၆

Vol. 52 Ch. 776

အခန်း ၇၇၆

Vol. 52 Ch. 776

အခန်း (၇၇၆) ဇီလော့အင်ပါယာမြို့တော်၊ သူတော်စင်လမ်းစဉ်နှင့် ကြီးကျယ်ခမ်းနားသော စစ်တုရင်ပွဲကြီးတစ်ပွဲ

“ထကြစမ်း”

ယဲ့ဖုန်းက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။

“သူတော်စင်လမ်းစဉ်ရဲ့ အစနဲ့အဆုံး အပါအဝင် အရာအားလုံးကို ငါသိချင်တယ်”

အကြောင်းမူကား ပေဟယ်ဧကရာဇ် ဖန်တီးထားခဲ့သော သူတော်စင်လမ်းစဉ်နှင့် ပတ်သက်၍ သူ လွန်စွာ စိတ်ဝင်စားနေပြီး စူးစမ်းလေ့လာချင်စိတ်များ ပြင်းပြနေသောကြောင့် ပေတည်း။

ပေဟယ်ဧကရာဇ်သည် လွန်စွာ ပါရမီထူးချွန်သော ဧကရာဇ်တစ်ပါး ဖြစ်ချေ၏။ သူသည် ကြယ်တာရာ ဟင်းလင်းပြင်တစ်ခွင်တွင် တာအိုများ ဖြန့်ဝေခဲ့သည်။ လူသားမျိုးနွယ်စုများ၏ အင်အားကို ကြီးထွားစေခဲ့ပြီး ရှန်ကျိုးတိုက်ကြီး၏ ကျင့်ကြံခြင်းစနစ်ကိုလည်း မြှင့်တင်ပေးခဲ့၏။ ပေဟယ်ဧကရာဇ်သည် ရည်ရွယ်ချက်မ ရှိခဲ့သော်ငြားလည်း အောက်လောကများ ဖန်တီးတည်ဆောက်ခြင်းအတွက် အခြေခံအုတ်မြစ်ကို သွယ်ဝိုက်သောနည်းဖြင့် ချထားပေးခဲ့၏။ ရှန်ကျိုးတိုက်ကြီးအတွက်မူ ပေဟယ်ဧကရာဇ်သည် ကြီးမြတ်သော သူရဲကောင်းကြီး တစ်ဦး ဖြစ်ပေတော့သည်။

'ကြည့်ရတာ သူတော်စင်လမ်းစဉ်ဆိုတာ သာမန်ကိစ္စမျိုးတော့ မဟုတ်လောက်ဘူး'

ယဲ့ဖုန်းသည် ထိုလူငယ်များကို ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိ၏။ ပေဟယ်ဧကရာဇ် ဖန်တီးထားခဲ့သော သူတော်စင်လမ်းစဉ်ကိုသာ သူ အဆုံးတိုင် လျှောက်လှမ်းနိုင်ခဲ့လျှင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ဆုလာဘ်များကို ရရှိမည်မှာ သေချာလှသည်ဟု သူ ခံစားနေရသည်။ စိုက်ပျိုးသူသာလျှင် ရိတ်သိမ်းရမည်။ ဤသည်မှာ လောကနိယာမပင် မဟုတ်ပါလော။

ရှေ့ဆုံးမှ လူငယ်လေးမှာ အခြားသူများ၏ တွန်းပို့မှုကြောင့် ရှေ့သို့ ရောက်လာခဲ့သည်။ သူသည် ယဲ့ဖုန်းအား အကြောက်အလန့်ဖြင့် ကြည့်ရင်း တံတွေးကို အလျင်စလို မျိုချလိုက်ကာ ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။

“စီနီယာခင်ဗျာ... ကျွန်တော်က ယေဘုယျ သဘောတရားလောက်ကိုပဲ သိထားပါတယ်ခင်ဗျာ”

“ဒါဆိုရင် အရာအားလုံးကို ငါ ဘယ်နေရာမှာ လေ့လာလို့ရနိုင်မလဲ”

ယဲ့ဖုန်းက တည်ငြိမ်သော လေသံဖြင့် ထပ်မံ မေးမြန်းလိုက်၏။

“ဇီလော့အင်ပါယာမြို့တော်မှာပါ ခင်ဗျာ”

လူငယ်လေး၏ မျက်နှာထက်တွင် အလွန်တောင့်တနေသည့် အရိပ်အယောင်များ ထင်းခနဲ ပေါ်လွင်နေသည်။

“အဲဒီမြို့က အလယ်ဗဟိုမှာ တည်ရှိတဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်စုတွေရဲ့ အင်ပါယာမြို့တော်ပါ ခင်ဗျာ... အဲဒီမှာရှိတဲ့ ဇီလော့သိုင်းကျမ်းတိုက်ကြီးမှာ စာအုပ်စာပေတွေ အစုံလင်ဆုံး ရှိပြီး အချက်အလက်တွေကို အသေးစိတ် မှတ်တမ်းတင်ထားပါတယ်”

“ကျေးဇူးပဲကွာ”

ယဲ့ဖုန်းသည် လူငယ်လေး၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ ထိုအခိုက်အတန့်၌ ထိုလူငယ်တစ်စု၏ ရှေ့မှောက်တွင်ပင် သူသည် လေဟာနယ်ကို ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ဆုတ်ဖြဲလိုက်ပြီး ထိုအထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်သွားပေတော့သည်။

“ရွှတ်”

သုံး စက္ကန့်ခန့် ကြာပြီးနောက် ထိုလေဟာနယ် အက်ကွဲကြောင်းကြီးသည် လုံးဝ ပိတ်သွားတော့၏။

ယခုအခါ ဟာလာဟင်းလင်း ဖြစ်သွားသော နေရာလွတ်ကြီးကို ငေးကြည့်ရင်း လူငယ်များအားလုံး တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြတော့သည်။

“ဘုရားရေ”

“လေဟာနယ်ကြီးကို လက်ဗလာနဲ့ ဆုတ်ဖြဲသွားတာ... သူ... သူက ဘယ်လို အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်ကြီးလဲဟ”

“ခန္ဓာကိုယ်ကျင့်ကြံတဲ့ ဧကရာဇ်တစ်ပါးများလား”

“အဲဒီထက် ပိုမြင့်မှာ သေချာတယ်”

လူငယ်များမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြပြီး ယနေ့ သူတို့ မြင်တွေ့ခဲ့ရသော မြင်ကွင်းကို တစ်သက်လုံး မေ့ဖျောက်နိုင်ကြတော့မည် မဟုတ်ပေ။

“ဟေ... ဒါက ဘာကြီးလဲ”

ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးသည် ကောင်းကင်ယံမှ ကျဆင်းလာသော တောက်ပနေသည့် မှော်စာလုံးအချို့ကို တွေ့ရှိသွားပြီး သူ၏လက်ဖြင့် ဖမ်းယူလိုက်သည်။ ထိုအရာသည် သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပေါင်းစပ်ဝင်ရောက်သွားရာ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

“မိုးကြိုးအဆောင်လက်ဖွဲ့လား”

“ဒါက ဘာပစ္စည်းလဲဟ”

လူငယ်လေး၏ စိတ်အာရုံထဲတွင် သတင်းအချက်အလက် စီးကြောင်းတစ်ခု ပေါ်ထွက်လာသည်။ သို့သော် သူသည် မည်သည့် နာကျင်မှုမျိုးကိုမျှ မခံစားရသဖြင့် ထိုအရာကို များစွာ ဂရုမစိုက်တော့ချေ။ အခြားသော လူငယ်များသည်လည်း မိုးကြိုးအဆောင်လက်ဖွဲ့များကို စုပ်ယူလိုက်ကြသည်။

ထိုနောက်တစ်ခဏ၌ သူတို့၏ ဝိညာဉ်စွမ်းအင်ပင်လယ်ထဲမှ ကြီးမားလှသော အရှိန်အဝါများ ရုန်းကြွလာပြီး ကျင့်ကြံခြင်း အဆင့်ငယ်ပေါင်းများစွာ တက်လှမ်းသွားစေခဲ့သည်။ ယဲ့ဖုန်း၏ ပခုံးပုတ်ခြင်းကို ခံလိုက်ရသော လူငယ်လေးမှာမူ ပို၍ပင် အဆင့်တက်သွားသေး၏။ သူသည် အခြေခံ စွမ်းအင်စုစည်းခြင်းအဆင့် (၇) မှ ဝိညာဉ်ပင်လယ်အဆင့် (၁) သို့ တိုက်ရိုက် ချိုးဖြတ်တက်လှမ်းသွားခဲ့ရာ သူ့အပေါင်းအဖော်များကို အလွန် အံ့အားသင့်သွားစေတော့သည်။

“ငါ သဘောပေါက်ပြီ”

“ဒီမိုးကြိုးအဆောင်လက်ဖွဲ့က အဲဒီ စီနီယာကြီး ငါတို့ကို ပေးသွားတဲ့ အခွင့်အရေးပဲ”

လူငယ်များမှာ တစ်ယောက်ပြီးတစ်ယောက် အာမေဋိတ်သံများ ပြုလိုက်ကြတော့သည်။

ဇီလော့အင်ပါယာမြို့တော်။

မြို့တော်၏ အလယ်ဗဟိုသည် ဧကရာဇ်ကြီးတစ်ပါး၏ စံအိမ်တော် မဟုတ်သကဲ့သို့ မူးမတ်မျိုးနွယ်များနှင့် ဆွေတော်မျိုးတော်များ ကျင့်ကြံရာ နေရာလည်း မဟုတ်ပေ။ အမှန်တကယ်တွင် ဧက (၁၀၀) ကျော် ကျယ်ဝန်းသော ဧရာမ သိုင်းကျမ်းတိုက်ကြီး တစ်ခုသာ ဖြစ်ပြီး ပင်မသိုင်းကျမ်းတိုက်ကြီးတစ်ခုနှင့် လက်အောက်ခံ သိုင်းကျမ်းတိုက်ငယ် ခုနစ်ခုတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ အဝေးမှ ကြည့်လိုက်လျှင်။ ဇီလော့သိုင်းကျမ်းတိုက်ကြီးသည် မြေပြင်ပေါ်တွင် ဝပ်တွားနေသော ရှေးဟောင်း သားရဲကြီးတစ်ကောင်နှင့် တူနေပြီး ယဉ်ကျေးမှုနှင့် အရိုင်းဆန်မှုတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ထုတ်လွှတ်နေ၏။

သိုင်းကျမ်းတိုက်ကြီး၏ အထွတ်အထိပ်တွင်

ယဲ့ဖုန်းသည် ပြတင်းပေါက်နားရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျက် ရှေးဟောင်းမှတ်တမ်းကျမ်းစာအုပ်တစ်အုပ်ကို လှန်လှောကာ အချက်အလက်များကို ဖတ်ရှုနေသည်။

“ဪ... ဒီလိုကိုး”

အချိန်အတန်ကြာပြီးနောက် ယဲ့ဖုန်းသည် ရှေးဟောင်းမှတ်တမ်းကျမ်းစာအုပ်ကို အောက်သို့ ချထားလိုက်သည်။ အရာအားလုံးကို သူ သဘောပေါက် နားလည်သွားတော့၏။ သူတော်စင်လမ်းစဉ်ဆိုသည်မှာ ကြယ်တာရာကမ္ဘာများကို ဖြတ်သန်းသွားသော လမ်းစဉ်တစ်ခု ဖြစ်၏။ စတင်ရာ အမှတ်မှာ ပေဟယ်ကြယ်ပင် ဖြစ်တော့၏။

ထိုလမ်းစဉ်သည် ဇီလော့ကြယ်ဆီသို့ မရောက်မီ ရှေးဟောင်းကြယ်ပေါင်း ဆယ်လုံးကျော်ကို ဖြတ်သန်းသွားရပြီး လမ်းခရီးတစ်လျှောက်တွင် အခြားသော ရှေးဟောင်းကြယ်များစွာ ရှိနေသေးသည်။ နောက်ဆုံး သူတော်စင်လမ်းစဉ်၏ အဆုံးသတ်ဖြစ်သော ကောင်းကင်ဧကရာဇ်ကြယ်ဆီသို့ ရောက်ရှိသွားပေမည်။ အကယ်၍ ထိုကြယ်များအားလုံးကို အစဉ်လိုက် ဆက်သွယ်လိုက်မည်ဆိုလျှင် ရှေးဟောင်း ကြယ်တာရာလမ်းစဉ်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုအရာသည်ပင်လျှင် သူတော်စင်လမ်းစဉ် ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ”

ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် နောက်သို့ မှီထိုင်လိုက်ပြီး သူ၏ခေါင်းကို လက်ပေါ်တွင် တင်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ခမ်းနားထည်ဝါလှသော မြင်ကွင်းကို ငေးကြည့်နေလေ၏။ သူတော်စင်လမ်းစဉ်၏ သဘောတရားမှာ တကယ်တမ်းတွင် အလွန် ရိုးရှင်းလှ၏။ ပေဟယ်ကြယ်မှ စတင်၍ သူတော်စင်လမ်းစဉ် တစ်လျှောက်ရှိ ကြယ်တိုင်းကြယ်တိုင်းတွင် ပေဟယ်ဧကရာဇ် ချထားခဲ့သော မိုးကြိုး၀င်္ကပါတစ်ခုစီ ရှိနေသည်။

လမ်းစဉ်တစ်လျှောက် ရှေ့သို့ ခရီးဆက်လေလေ၊ မိုးကြိုး၀င်္ကပါ၏ အဆင့်က ပိုမို မြင့်မားလာလေလေ ဖြစ်၏။ ပေဟယ်ကြယ်သည် စတင်ရာနေရာဖြစ်ပြီး အားအနည်းဆုံး မိုးကြိုး၀င်္ကပါသာ ရှိကာ ကျင့်ကြံသူတစ်ယောက်ကို မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့သာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည်။

ဇီလော့ကြယ်သည် သူတော်စင်လမ်းစဉ်၏ အလယ်ဗဟို တည့်တည့်တွင် တည်ရှိ၏။ ထိုနေရာရှိ မိုးကြိုး၀င်္ကပါသည် လူတစ်ယောက်ကို ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၆) အထိ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည်။ နောက်ဆုံးဖြစ်သော ကောင်းကင်ဧကရာဇ်ကြယ်တွင်မူ နာမည်အကြီးဆုံး အစွမ်းထက် မိုးကြိုး၀င်္ကပါ ရှိနေပြီး လူတစ်ယောက်ကို ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၉) အထွတ်အထိပ်၊ တစ်နည်းအားဖြင့် ကောင်းကင်ဧကရာဇ်အဆင့်ထိ တက်လှမ်းသွားနိုင်စေ၏။

ထိုအရာထက် ပိုမိုစွမ်းအားကြီးမားသော မိုးကြိုး၀င်္ကပါများ ရှိသေးသလား ဆိုသည်နှင့် ပတ်သက်၍မူ ရှေးဟောင်းမှတ်တမ်းကျမ်းများတွင် မှတ်တမ်းမတင်ထားပါ။ ပုံမှန်အားဖြင့် သူတော်စင်လမ်းစဉ်သည် ပွင့်လင်းနေလေ့ မရှိပေ။

ကြယ်တစ်လုံးနှင့်တစ်လုံး အပြန်အလှန် ဆက်သွယ်ရန် ခက်ခဲလှပြီး ၎င်းတို့အားလုံးမှာ ရွေ့လျားနေကြသဖြင့် တိကျသော နေရာအမှတ်အသားများကို ရယူရန် မဖြစ်နိုင်။ သို့ဖြစ်သော်ငြားလည်း နှစ်ပေါင်း (၁၀၀) လျှင် တစ်ကြိမ် သူတော်စင်လမ်းစဉ်သည် တစ်ခါ ပွင့်လင်းလာလေ့ရှိသည်။ ထိုအချိန်တွင် ကြယ်များအားလုံးသည် အထူးအလင်းရောင်တစ်ခုကို ထုတ်လွှတ်ကြကာ ရှေးဟောင်းလမ်းစဉ်ပေါ်ရှိ အခြားကြယ်များမှ ၎င်းကို အာရုံခံ သိရှိနိုင်၏။

ထိုအချိန်သို့ ရောက်လာသောအခါ

ဤသက်ရှိကြယ်များပေါ်ရှိ ကျင့်ကြံသူများသည် သူတော်စင်လမ်းစဉ်အတိုင်း လိုက်ပါကြပြီး အဆုံးသတ်ဆီသို့ ဆက်တိုက် ချီတက်ကြသည်။ ရှေ့သို့ ရောက်လေလေ၊ မိုးကြိုး၀င်္ကပါက ပိုမို အားကောင်းလာလေလေ ဖြစ်၏။

ဆိုလိုသည်မှာ ကောင်းကင်ကပ်ဘေး မရှိခြင်းကြောင့် အဆင့်တက်ရန် အခက်အခဲ ဖြစ်နေခဲ့သော ကျင့်ကြံသူများသည် ဆက်လက်၍ အဆင့်တက်လှမ်းနိုင်မည်ပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် အဆုံးသတ်ဖြစ်သော ကောင်းကင်ဧကရာဇ်ကြယ်ဆီသို့ ရောက်ရှိသွားခဲ့လျှင် သူတို့သည် ထိုကြယ်၏ မိုးကြိုး၀င်္ကပါမှတစ်ဆင့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကိုးဆင့် အထွတ်အထိပ်သို့ လှမ်းတက်နိုင်ပြီး ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်။

“ပေဟယ်ဧကရာဇ်က တကယ့်ကို ပါရမီရှင်ပဲ”

ထိုအကြောင်းကို သိရှိသွားသောအခါ ယဲ့ဖုန်းသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။

“ဒါပေမယ့်...”

“ဒီလမ်းစဉ်ကို 'ဧကရာဇ်လမ်းစဉ်' လို့ ခေါ်ရင် ပိုပြီး သင့်တော်လိမ့်မယ်”

“ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖြတ်တက်လှမ်းဖို့လောက်ပဲ ကူညီပေးနိုင်တာ။ တပိုင်းသူတော်စင်အဆင့်ကို ရောက်ဖို့တော့ မလုံလောက်သေးဘူး”

“အကယ်လို့ ကောင်းကင်ဧကရာဇ်ကြယ်ရဲ့ အလွန်မှာ ပိုအားကောင်းတဲ့ မိုးကြိုး၀င်္ကပါ ရှိနေသေးတယ် ဆိုရင်တော့ ငါ အခု ပြောခဲ့တဲ့ စကားကို မေ့လိုက်ပါတော့”

ယဲ့ဖုန်းက သူ့ဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ရှပ်... ရှပ်... ရှပ်…”

ထိုအခိုက်အတန့်၌ အနီးနားသို့ လူတစ်ယောက် ချဉ်းကပ်လာသည်။ ယဲ့ဖုန်း၏ ခန္ဓာကိုယ်သည် တဖျပ်ဖျပ် လက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

စားပွဲပေါ်တွင် ရှေးဟောင်းမှတ်တမ်းကျမ်းစာအုပ်သည် ပြတင်းပေါက်အပြင်ဘက်မှ ဝင်ရောက်လာသော လေကြောင့် ဆက်တိုက် လှန်လှောခံနေရပြီး တဖျပ်ဖျပ် မြည်သံများ ထွက်ပေါ်နေသဖြင့် အနီးနားသို့ ရောက်လာသော ထိုလူ၏ အာရုံကို ဖမ်းစားသွားသည်။

“ဟေ”

“ဒီနေရာမှာ ဘာဖြစ်လို့ ရှေးဟောင်းမှတ်တမ်းကျမ်းစာအုပ်တစ်အုပ် ရှိနေရတာလဲ”

ရောက်လာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားပြီး ခန္ဓာကိုယ်မှာ သွယ်လျကျော့ရှင်းလှသည်။ သူမသည် လွန်စွာ လှပချောမောသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းကိုမူ ခပ်ရေးရေး ခန့်မှန်းသိရှိနိုင်၏။ သူမသည် စားပွဲနားသို့ ချဉ်းကပ်သွားပြီး ရှေးဟောင်းမှတ်တမ်းကျမ်းစာအုပ်ကို ကောက်ယူလိုက်ရာ ၎င်း၏ အောက်တွင် မိုးကြိုးအဆောင်လက်ဖွဲ့ တစ်ခုကို တွေ့ရှိသွားသည်။

“ဒါက... ဟင်”

အမျိုးသမီးသည် မိုးကြိုးအဆောင်လက်ဖွဲ့ကို မြင်လိုက်ရသောအခါ အလွန် အံ့အားသင့်သွားသည်။ ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့သည် ခုန်တက်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားလေရာ သူမ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

“ဝုန်း..”

ထိုနောက်တစ်ခဏ၌ အမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ငယ်ပေါင်းများစွာ တဟုန်ထိုး တက်လှမ်းသွားပြီး ဝိညာဉ်ပင်လယ်အဆင့် (၆) မှ ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ပိုမိုမြင့်မားသော မူလနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။

“ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ”

မျက်နှာဖုံးစွပ် အမျိုးသမီးမှာ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားသည်။ သို့သော် ယဲ့ဖုန်းသည် ထွက်ခွာသွားခဲ့လေကာ ထိုနေရာတွင် အခြား မည်သူမျှ မရှိတော့သဖြင့် သူမအား ရှင်းပြမည့် သူ မရှိတော့ချေ။

ယဲ့ဖုန်းသည် ဇီလော့သိုင်းကျမ်းတိုက်မှ ထွက်ခွာလာခဲ့ပြီး ပေ့ရှန်တောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာကာ ပေဟယ်ဧကရာဇ် ကမ္ပည်းထိုးထားခဲ့သော ကျောက်တိုင်အောက်တွင် ရပ်နေလိုက်သည်။

“နတ်ဘုရားသိုင်းပညာ (ဝါ) နတ်ဘုရားသ

စွမ်းရည်တွေ မရှိတာကတော့ နှမြောစရာပဲ”

ယဲ့ဖုန်းက သက်ပြင်းချလိုက်သည်။ အကယ်၍ သူ့ထံတွင်သာ ပေဟယ်ဧကရာဇ်၏ နတ်ဘုရားသိုင်းပညာများ ရှိနေခဲ့မည်ဆိုလျှင် ယဲ့ဖုန်းအနေဖြင့် ၎င်းတို့ကို အခြေခံ၍ ပိုမိုပြည့်စုံပြီး အစွမ်းထက်သော သိုင်းပညာများကို တွက်ချက်ဖန်တီးနိုင်မည်ဖြစ်ရာ အချိန်အမြောက်အမြား သက်သာစေမည်လေ။

“မရှိလည်း ကိစ္စမရှိပါဘူးလေ”

ယဲ့ဖုန်းသည် နောင်တရသလိုမျိုး မခံစားရပေ။ ပိုမိုတန်ဖိုးကြီးမားသော သူတော်စင်လမ်းစဉ်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ရာ ၎င်းပွင့်လင်းလာမည့် အချိန်ကို စောင့်ဆိုင်းပြီး သူကိုယ်တိုင် ကိုယ်တိုင် လျှောက်လှမ်းရန် စီစဉ်ထာပါ၏။

*

နေ့ဝက်ခန့် ကြာပြီးနောက် ဇီလော့ကြယ် အနည်းငယ် တုန်ခါသွားပြီး ၎င်း၏ အတွင်းပိုင်းမှ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာရာ ကြယ်ပေါ်ရှိ မြောက်များစွာသော ကျင့်ကြံသူများထံမှ အောင်ပွဲခံ အော်ဟစ်သံများကို ဆွဲဆောင်လိုက်တော့သည်။

“ဟေး…သူတော်စင်လမ်းစဉ် ထပ်ပွင့်လာပြီဟေ့”

“မြန်မြန်... ကောင်းကင်ဧကရာဇ်ကြယ်ရဲ့ နေရာအမှတ်အသားတွေကို ရှာကြ”

ဇီလော့ကြယ်ပေါ်ရှိ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အကြီးအကဲများသည် အတူတကွ စုဝေးလာကြပြီး သံလိုက်အိမ်မြှောင်ပုံစံ

အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာဖြင့် ကောင်းကင်ဧကရာဇ်ကြယ်၏ တည်နေရာကို တွက်ချက်ရှာဖွေလိုက်ကြပြီး ချက်ချင်းပင် အပြေးအလွှား သွားရောက်ကြတော့သည်။

အကယ်၍ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၇) သို့ တက်လှမ်းနိုင်ခဲ့လျှင် သူတို့သည် ပြန်လာကြတော့မည် မဟုတ်ပေ။ အကယ်၍ အဆင့်မတက်လှမ်းနိုင်ခဲ့လျှင်မူ ဤဟင်းလင်းပြင် ဖြိုခွဲ အဆင့် အကြီးအကဲများသည် ဇီလော့ကြယ်ဆီသို့ ပြန်လာကြဦးမည်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် သူတို့၏ ဇာတိမြေပင် မဟုတ်ပါလော။

ကြယ်တာရာ ကောင်းကင်ယံတွင်

ယဲ့ဖုန်းသည် ထိုကြယ်များမှ ထုတ်လွှတ်လိုက်သော အရှိန်အဝါများကို ခြေရာခံလျက် ပေဟယ်ကြယ်၊ ဇီလော့ကြယ်၊ ကောင်းကင်ဧကရာဇ်ကြယ်နှင့် အခြားသော ကြယ်ပေါင်း ဆယ်ဂဏန်းခန့်၏ တည်နေရာများကို ရှာဖွေတွေ့ရှိသွား၏။ သူက ၎င်းတို့ကို အလျင်စလို မှတ်သားထားလိုက်သည်။ ဒါက သူတော်စင်လမ်းစဉ်ပင် ဖြစ်၏။

“ဝူး…”

ယဲ့ဖုန်းသည် လေဟာနယ်ကို ဖြတ်သန်းသွားလာကာ ပေဟယ်ကြယ်သို့ ရောက်ရှိသွားတော့သည်။

သူသည် ကောင်းကင်ဧကရာဇ်ကြယ်ပေါ်သို့ တိုက်ရိုက် ဆင်းသက်ခြင်း မပြုခဲ့ပေ။ ထိုအစား ပေဟယ်ဧကရာဇ် ချန်ရစ်ခဲ့သော သူတော်စင်လမ်းစဉ် တစ်ခုလုံးကို အစမှအဆုံးတိုင် လျှောက်လှမ်းပြီး တန်ဖိုးရှိသော အရာများ ရှိမရှိ ရှာဖွေကြည့်ရန် စီစဉ်ထားပါ၏။

လတ်တလောတွင် ပေဟယ်ကြယ်သည်လည်း ထူးဆန်းသော အလင်းရောင်တစ်ခု ထုတ်လွှတ်နေသည်။ သို့သော် ဤကမ္ဘာလောကမှ သက်ရှိများသည် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိကြဘဲ ပုံမှန်အတိုင်းသာ မိမိတို့ကိစ္စများအား ဆက်လက် လှုပ်ရှား လုပ်ဆောင်နေကြ၏။

“ဟေ”

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် စိတ်ဝင်စားစရာ တစ်ခုအား နောက်ထပ် ရှာတွေ့ သွားသည်။ လက် တစ်ချက် လှုပ်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် သုံးဖက်မြင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာလေ၏။ လမ်းကြောင်းတစ်ခုအဖြစ် ဆက်သွယ်ထားသော အမှတ်အသားပေါင်း ဆယ်ဂဏန်းခန့် ပါဝင်နေသည်။ ထိုလမ်းကြောင်းသည် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် ရှိနေ၏။

ပေဟယ်ကြယ်သည် အမြီးပိုင်းတွင် ရှိနေသည်။ ကောင်းကင်ဧကရာဇ်ကြယ်သည် ခေါင်းပိုင်းတွင် ရှိနေသည်။ ဇီလော့ကြယ်မှာမူ နဂါး၏ ဝမ်းဗိုက်တည့်တည့်တွင် တည်ရှိနေသည်။

ယဲ့ဖုန်းက သေချာစွာ လေ့လာစောင့်ကြည့်လိုက်ပြီး ကြယ်များ၏ တည်နေရာများနှင့် ဆက်စပ်မှုများကို တွက်ချက်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း အံ့အားသင့်သည့် အသွင်သို့ ပြောင်းလဲသွားတော့သည်။

“မယုံနိုင်စရာပဲ”

“ကြယ်ဆယ်ဂဏန်းလောက်က ဧရာမ ၀င်္ကပါကြီး တစ်ခုကို ဖွဲ့စည်းထားပြီး အတိုင်းအဆမသိနိုင်တဲ့ စွမ်းအင်တွေ ပါဝင်နေတယ်။ ပေဟယ်ဧကရာဇ်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အကြံအစည်ကြီးကို လုပ်သွားခဲ့တာပဲ”

ယဲ့ဖုန်းသည် မအံ့သြဘဲ မနေနိုင်တော့ချေ။ ကြည့်ရသည်မှာ ပေဟယ်ဧကရာဇ်သည် အလွန် ကြီးကျယ်ခမ်းနားသော စစ်တုရင်ပွဲကြီးတစ်ပွဲကို ကစားနေခဲ့ပုံ ရ၏။

--

All Chapters