← Chapters

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း (၇၇၈) - ကောင်းကင်ဧကရာဇ် လုံစုန့်၏ အဆင့်တက်လှမ်းမှု၊ ဧရာမ မြေတီကောင်ကြီး

ယဲ့ဖုန်း အလွန်တရာ ဝမ်းမြောက်နေသည်။

ခရီးစဉ်တစ်လျှောက်လုံး သူ၏ စိတ်ထဲဝယ် အစပိုင်း သိချင်စိတ်ပြင်းပြမှုမှတစ်ဆင့် လမ်းခုလတ် တွေးတောဆင်ခြင်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ယခုအခါတွင်မူ စိတ်အာရုံများ တဖြည်းဖြည်း ကြည်လင်အေးချမ်းလာတော့၏။

သူတော်စင် တက်လှမ်းခြင်း ကပ်ဘေးကို ဖန်တီးရန် သူ၏ ခေါင်းထဲတွင် အကြံဉာဏ်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက လက်တွေ့ အကောင်အထည်ဖော်ရန်သာ ကျန်တော့၏။

အနီးအနားရှိ ကြယ်တာရာ ကောင်းကင်ယံတွင် လတ်တလောမှ ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းထားသော ရှန်ဟယ် မှလွဲ၍ ကောင်းကင်ဧကရာဇ် လုံစုန့် အပါအဝင် ကျန်ရှိနေသော ဝါရင့် ကောင်းကင်ဧကရာဇ် ရှစ်ပါးစလုံးသည် တပိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းရန် ဝိညာဉ်စွမ်းအင် နှစ်မျိုးကို ပေါင်းစပ်ရန် ကြိုးပမ်းနေကြ၏။

“အသန်မာဆုံးလူပဲ အောင်မြင်နိုင်လိမ့်မယ်...”

ယဲ့ဖုန်းသည် ထိုကောင်းကင်ဧကရာဇ်များကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

သူသည် အရာအားလုံးကို ထိုးထွင်း သိမြင်ပြီး ဖြစ်၏။

ပေဟယ် ဧကရာဇ်သည် ကြယ်အလုံးပေါင်း ဒါဇင်ချီ ပါဝင်သော လျှို့ဝှက် ဝင်္ကပါ တစ်ခုကို အသက်သွင်းခဲ့သဖြင့် ကောင်းကင်ဧကရာဇ် ကြယ်၏ မိုးကြိုးဝင်္ကပါမှာ စွမ်းဆောင်ရည်ထက် ပိုမို အလုပ်လုပ်သွားစေခဲ့၏။

ဤကဲ့သို့သော အခြေအနေမျိုးကား အလွန်တရာ ရှားပါးလှ၏။

ထိုဝင်္ကပါမှ ထွက်ပေါ်လာသော စွမ်းအင်များသည် ကောင်းကင်ဧကရာဇ် တစ်ပါးအတွက် အဆင့် (၁) တပိုင်းသူတော်စင် သို့ တက်လှမ်းရန် အတိအကျ လုံလောက်လှ၏။ သို့ဖြစ်ရာ ဤကောင်းကင်ဧကရာဇ် ကိုးပါးထဲတွင် အသန်မာဆုံး တစ်ဦးတည်းသာလျှင် အဆင့်တက်ရန် အရည်အချင်း ပြည့်မီပေမည်။

အသန်မာဆုံးနှင့် အားအနည်းဆုံးကို မည်သို့ ခွဲခြားမည်နည်း။

အလွန် ရိုးရှင်းသည်။ ဝိညာဉ်စွမ်းအင် နှစ်မျိုးကို ပေါင်းစပ်လိုက်ချိန်တွင် အလွန် ပြင်းထန်သော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာမည် ဖြစ်ပြီး ထိုအရှိန်အဝါကို ကြည့်ရုံဖြင့် မည်သူက အားနည်းကာ မည်သူက အားကြီးကြောင်း သိနိုင်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

မိုးကြိုးသံများ ထွက်ပေါ်လာသည်။

ကောင်းကင်ဧကရာဇ် ကိုးပါးထဲမှ တစ်ဦးကို ကောင်းကင်ကပ်ဘေးက ရွေးချယ်လိုက်တော့၏။ ထိုသူကား ယဲ့ဖုန်းနှင့် တစ်ကြိမ် ဆုံတွေ့ဖူးသော ကောင်းကင်ဧကရာဇ် လုံစုန့် ပင် ဖြစ်တော့၏။

“ဟား... ဟား... ဟား... ငါက သူတော်စင် တစ်ပါး ဖြစ်လာတော့မယ်ကွ”

“ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့တဲ့ ငါက နောက်ဆုံးတော့ သူတော်စင် ဘုံကို ခြေချနိုင်ခဲ့ပြီပဲ... ပေဟယ် ဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ သူတော်စင် လမ်းစဉ်က တကယ် အစစ်အမှန်ပဲဟေ့”

ကောင်းကင်ဧကရာဇ် လုံစုန့်သည် အသံကျယ်ကြီးဖြင့် အော်ဟစ် ရယ်မောလိုက်တော့၏။ သူ့ကိုယ်သူ ကောင်းကင်ကပ်ဘေး၏ ပစ်မှတ်ထားခြင်း ခံလိုက်ရကြောင်း သိလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် ကြည်နူး ဝမ်းမြောက်မှုများ ပြည့်လျှံသွားသည်။

“ဟူး...”

ကျန်ရှိနေသော ကောင်းကင်ဧကရာဇ် ရှစ်ပါးလုံး သက်ပြင်းချလိုက်ကြသည်။

သူတို့၏ ဝိညာဉ်စွမ်းအင် ပေါင်းစပ်မှုများကို ရပ်တန့်လိုက်ကြ၏။ ဤသူတော်စင် လမ်းစဉ် ပွင့်လာပြီးနောက် လူတစ်ဦးတည်းသာ သူတော်စင် ဖြစ်ရန် အရည်အချင်း ပြည့်မီကြောင်း သူတို့ ကောင်းကောင်း ခံစားသိရှိလိုက်ကြ၏။

ကျန်သော သူများမှာ နောက်ထပ် အခွင့်အရေးကို စောင့်ဆိုင်းရတော့မည် ဖြစ်၏။

ကြယ်တာရာ ကောင်းကင်ယံ အတွင်းဝယ် ကောင်းကင်ဧကရာဇ် လုံစုန့်၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင် နှစ်မျိုးမှာ နောက်ဆုံးတွင် အပြီးတိုင် ပေါင်းစပ်သွားခဲ့တော့၏။ ၎င်းမှာ ဖျော့တော့တော့ ရွှေရောင် အငွေ့အသက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားချေ၏။ ထိုအရာသည် သစ်သား မူလစွမ်းအင် နှင့် နဂါးမျိုးနွယ်စု သွေးကြောတို့ ပေါင်းစပ်ထားခြင်း ပင်တည်း။

“ဝုန်း... ဝုန်း... ဝုန်း...”

ကောင်းကင်ကပ်ဘေးမှာ လျင်မြန်စွာ စုစည်းသွား၏။

ကောင်းကင်ဧကရာဇ် လုံစုန့်ကို ပစ်မှတ်ထားလိုက်သည်။

ရက်ရက်စက်စက် ရိုက်ချလိုက်၏။

သူ၏ ခန္ဓာကိုယ် လွင့်ထွက်သွား၏။

တစ်ကိုယ်လုံး မည်းတူးသွားသည်။

သို့သော်လည်း တစ်ခဏအကြာတွင် အစိမ်းရောင် နဂါးတစ်ကောင် သူ၏ အနောက်တွင် ပေါ်ထွက်လာသည်။ စူးရှသော အလင်းတန်းများ ဖြာထွက်လာ၏။ သူ၏ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် သက်သာလာတော့သည်။

“ဒါက ဘယ်လို ဝိညာဉ်စွမ်းအင် မျိုးလဲဟ”

“မသိဘူးလေ”

“စဉ်းစားလို့တောင် မရဘူး”

ကျင့်ကြံသူ များစွာသည် သူတို့၏ ကျင့်ကြံခြင်းများကို ရပ်တန့်လိုက်ကြသည်။ ကောင်းကင်ဧကရာဇ် လုံစုန့်၏ ကပ်ဘေး ဖြတ်ကျော်နေမှုကို ကြည့်ရှုရင်း ဤနက်နဲလှသော ပေါင်းစပ် စွမ်းအင်၏ အမည်ကို ခန့်မှန်းနေကြတော့၏။

ကြယ်တာရာ ကောင်းကင်ယံ၌ ယဲ့ဖုန်းက တီးတိုး ပြောလိုက်သည်။

“ဒါက သစ်သား မူလစွမ်းအင် နဲ့ နဂါးမျိုးနွယ် သွေးကြောတို့ ပေါင်းစပ်ထားတဲ့ သက်စောင့်နဂါး စွမ်းအင်ပဲ... နဂါးမျိုးနွယ်ရဲ့ ကြောက်မခန်းလိလိ တိုက်ခိုက်နိုင်စွမ်း ပါသလို သစ်သား မူလစွမ်းအင်ရဲ့ ကုသနိုင်စွမ်းလည်း ပါဝင်တယ်”

ဤပေါင်းစပ် ဝိညာဉ်စွမ်းအင်၏ သဘောသဘာဝ အစစ်အမှန်ကို သူ တစ်ဦးတည်းသာ မြင်နိုင်၏။ အခြားသူများမှာမူ လုံးဝ ဇဝေဇဝါ ဖြစ်နေကြဆဲပင်။

သက်စောင့်နဂါး စွမ်းအင်၏ အထောက်အပံ့ဖြင့် ကောင်းကင်ဧကရာဇ် လုံစုန့်သည် ကမ္ဘာပျက် ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အဆင့် (၁) တပိုင်းသူတော်စင် ဘုံသို့ တရားဝင် ခြေချနိုင်ခဲ့တော့၏။

သူသည် ကြယ်တာရာ ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်နေ၏။ သူ၏ ကြီးမားလှသော အရှိန်အဝါက ကောင်းကင်ဧကရာဇ် ကြယ် တစ်လုံးလုံးကို လွှမ်းခြုံသွားပြီး အခြားသူများအား ကျယ်ပြောလှသော စကြာဝဠာကြီးကို ရင်ဆိုင်နေရသကဲ့သို့ ခမ်းနားသော ခံစားချက်ကို ပေးစွမ်းနေတော့သည်။

“သူ သူတော်စင် ဖြစ်သွားပြီဟေ့”

“ဒါက ဒဏ္ဍာရီလာ အဆင့် (၁) သူတော်စင် ဖြစ်ရမယ်”

“အဲ့ဒီအထက်မှာ အဆင့် (၂)... အဆင့် (၃)... အဆင့် (၄) တွေ ရှိသေးတယ်... ပေဟယ် သူတော်စင်က အဆင့် (၃) သူတော်စင် ဖြစ်ပြီး မဟာသူတော်စင် လို့လည်း ခေါ်တယ်လို့ ကြားဖူးတယ်... သူ့အစွမ်းက ငါတို့ထက် အဆတစ်ထောင်လောက် ပိုအားကြီးတာတဲ့ဗျာ”

ရှန်ဟယ် ကောင်းကင်ဧကရာဇ်နှင့် အခြားသူများက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

ထိုစကားများကို ကြားသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့၏။

တောက်... မဟာသူတော်စင် တဲ့လား။

ပေဟယ် ဧကရာဇ်သည် ကျင့်စဉ်များ လက်ဆင့်ကမ်းစဉ်က ရှင်းရှင်းလင်းလင်း မပြောခဲ့လေသလား မသိ။ သူတော်စင် လမ်းစဉ်ပေါ်ရှိ ကျင့်ကြံသူများကြားတွင် တပိုင်းသူတော်စင် နှင့် ပတ်သက်၍ နားလည်မှု လွဲမှားနေကြချေပြီ။

“မိုးကြိုး အဆောင်လက်ဖွဲ့ တစ်ခု ချန်ထားခဲ့ပြီး ပြန်ဖို့ အချိန်တန်ပြီပဲ...”

ယဲ့ဖုန်းသည် သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။

ကြယ်တာရာ ကောင်းကင်ယံရှိ သူတော်စင် လမ်းစဉ်ကို ဖြတ်သန်းပြီးနောက် ဤနေရာရှိ လျှို့ဝှက် ဝင်္ကပါ ပုံစံများကို ကူးယူခဲ့ပြီး ဖြစ်ရာ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သေချာစွာ လေ့လာပြီး အဆင့်မြှင့်တင်ရပေမည်။ ဤသို့ဆိုလျှင် မိုးကြိုးရေကန် နန်းတော်သည်လည်း စွမ်းဆောင်ရည်ထက် ပိုမို အလုပ်လုပ်နိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် ရှန်ကျိုး တွင် သူတော်စင် အသစ်များ မွေးဖွားလာသည်ကို မြင်တွေ့ရမည် ဖြစ်၏။ သူသည် အကြီးမားဆုံးသော ကျေးဇူးရှင် ဖြစ်လာပေတော့မည်။

'ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေက ကံကြမ္မာ ရတနာပုလဲကို အဆင့်မြှင့်တင်ဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ မူလစွမ်းအင်တွေ ဆုချမလား မသိဘူး...'

ယဲ့ဖုန်း စိတ်ထဲမှ တွေးလိုက်သည်။

“ဂါး...”

ထိုစဉ် ကြယ်တာရာ မြူခိုးများ၏ အနက်ရှိုင်းဆုံး နေရာမှ နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

အသံကြားရာသို့ လိုက်ကြည့်မိသူတိုင်း ရင်ထဲ တုန်လှုပ်သွားကြ၏။

“ဝေါ…”

ကြယ်တာရာ မြူခိုးများ ပြတ်တောက် ကွဲအက်သွား၏။

ဧရာမ မိစ္ဆာကောင်ကြီး တစ်ကောင် အနီးအနားသို့ ရောက်ရှိလာတော့၏။

“ဟီး... ဟီး... ဟီး...”

“ဒီလောက် ဆွဲဆောင်မှုရှိတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေတာ သက်ရှိကြယ် တစ်လုံးကိုး”

ထိုသတ္တဝါကြီးက သူ၏ ပုံစံအစစ်ကို ဖော်ထုတ်လိုက်ပြီး အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။

၎င်းမှာ တီကောင် နှင့်တူသော ဧရာမ မိစ္ဆာကောင်ကြီး တစ်ကောင် ဖြစ်၏။ အချင်း ကျန်း တစ်ထောင်ကျော် ရှိပြီး အရှည်မှာ ကျန်း တစ်သောင်း ရှိလေ၏။ ၎င်းက ပါးစပ်ကို ဟလိုက်ရာ ထက်မြက်လှသော သွားတန်း ဒါဇင်ချီ ပေါ်ထွက်လာသည်။ သွားတစ်ချောင်းစီသည် ကောင်းကင်ဓား တစ်လက်နှင့် တူပြီး မြင်ရက်စရာ မရှိအောင် ကြောက်မခန်းလိလိ ဖြစ်နေတော့သည်။

၎င်း၏ အရှိန်အဝါက အဆင့် (၁) တပိုင်းသူတော်စင် အထွတ်အထိပ် သို့ပင် ရောက်ရှိနေချေပြီ။

ထိုသတ္တဝါကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် ကောင်းကင်ဧကရာဇ် ကြယ် တစ်လုံးလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားတော့၏။ ကောင်းကင်ဧကရာဇ် လုံစုန့် ပင်လျှင် ကြောက်လန့်တကြား မျက်နှာ ဖြူလျော့သွားသည်။

“ဒါ သူတော်စင် အဆင့် မိစ္ဆာကောင်ကြီးပဲ”

ရှန်ဟယ် ကောင်းကင်ဧကရာဇ် က အော်ဟစ်လိုက်သည်။ သူ၏ နှလုံးသားမှာ ချောက်ကမ်းပါးထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

“တီကောင် တစ်ကောင် ရောက်လာတာပဲ...”

ယဲ့ဖုန်းသည် ထိုတီကောင်ကြီးကို ကြည့်ကာ သူ၏ ထိုးထွင်းသိမြင်ခြင်း မျက်လုံးကို အသက်သွင်းလိုက်သည်။

[အမည် - ကြယ်တာရာဝါးမြိုသူ]

[အဆင့် - အဆင့် (၁) တပိုင်းသူတော်စင် အထွတ်အထိပ်]

[မှတ်ချက် - မူလက ကြယ်တာရာ မြူခိုးများ အတွင်း အိပ်မောကျနေပြီး အဆင့် (၂) တပိုင်းသူတော်စင် သို့ တက်လှမ်းရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ကောင်းကင်ဧကရာဇ် ကြယ်၏ ကမ္ဘာပျက် ကောင်းကင်ကပ်ဘေးကြောင့် နိုးထလာခဲ့ပြီး ဆာလောင်မှုကို ခံစားနေရသည်။]

ယင်းကို မြင်လိုက်ရသည်နှင့် ယဲ့ဖုန်း ချက်ချင်း နားလည်သွားတော့၏။

ဤအရာ၏ နောက်ကွယ်တွင် ရှုပ်ထွေးသော ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေသည်ဟု သူ ထင်ခဲ့သော်ငြား တကယ်တမ်းတွင် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။ ကောင်းကင်ဧကရာဇ် လုံစုန့်သာ အဆင့်မတက်ခဲ့ပါက ကြယ်တာရာဝါးမြိုသူ သည်လည်း နိုးထလာမည် မဟုတ်ချေ။

“လူသားမျိုးနွယ်... အရသာရှိတာပဲဟ”

ကြယ်တာရာဝါးမြိုသူ သည် အသန်မာဆုံး အရှိန်အဝါရှိသော ကောင်းကင်ဧကရာဇ် လုံစုန့် ကို မျက်စိကျသွား၏။

သူ၏ ရှည်လျားသော အမြီးကြီးကို ရမ်းခါလိုက်သည်။

ကြယ်တာရာ ဟင်းလင်းပြင်ကြီး ကွဲအက်သွား၏။

လုံစုန့်ထံသို့ ရိုက်ချလိုက်တော့၏။

ဒိုင်း...

တပိုင်းသူတော်စင် အသစ်စက်စက် ဖြစ်သော ကောင်းကင်ဧကရာဇ် လုံစုန့် တစ်ချက်တည်းဖြင့် အရိုက်ခံလိုက်ရသည်။

လွင့်ထွက်သွား၏။

သူ၏ ရင်ဘတ် ပွင့်ထွက်သွား၏။

အသက်ပါလုနီးပါး ဖြစ်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ သက်စောင့်နဂါး စွမ်းအင်များ ပျံ့နှံ့သွားပြီး ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် သက်သာလာတော့သည်။

ဒုန်း...

သို့သော်လည်း ကြယ်တာရာဝါးမြိုသူ က သူ့ကို အသက်ရှင်ခွင့် မပေးချေ။ တိုက်ကြီးတစ်ခု၏ အလေးချိန်ပါသော အမြီးကြီးဖြင့် ဆက်တိုက် ရိုက်ချလိုက်သည်။ ကောင်းကင်ဧကရာဇ် လုံစုန့်မှာ သွေးစိမ်းရှင်ရှင် ထွက်လုနီးပါး ဖြစ်သွားရတော့၏။

“ရိုင်းစိုင်းလှတဲ့ မိစ္ဆာကောင်... သေစမ်းကွာ”

အခြားသော ကောင်းကင်ဧကရာဇ် များလည်း လှုပ်ရှားလိုက်ကြသည်။ ကောင်းကင်ဧကရာဇ် ကြယ် အထက်ရှိ ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲ ထောင်ပေါင်းများစွာ သည်လည်း အကြောက်တရား ကင်းမဲ့နေကြ၏။ မြောက်များစွာသော နတ်ဘုရား စွမ်းရည်များကို ထုတ်လွှတ်လိုက်ကြသည်။ ထိုစွမ်းအင်များက လှိုင်းလုံးကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ကြယ်တာရာဝါးမြိုသူ ကို လွှင့်စင်သွားစေတော့သည်။

သို့သော်လည်း ထိုမိစ္ဆာကောင်ကြီးက လုံးဝ မကြောက်ရွံ့ချေ။

ပါးစပ်ကြီးကို ဟလိုက်သည်။

စွမ်းအင် လှိုင်းလုံးကြီးကို တစ်ကျိုက်တည်း မျိုချလိုက်၏။

လူတိုင်း၏ ရှေ့တွင် အားရပါးရ လေချဉ်တက်လိုက်သေးသည်။

“အားနည်းလိုက်တာကွာ”

ကြယ်တာရာဝါးမြိုသူ က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထိုနောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှ ရူးသွပ်နေသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာ၏။ အစွမ်းထက် ကျင့်ကြံသူ များစွာကို လွှင့်စင်သွားစေသည်။ ကောင်းကင်ဧကရာဇ် လုံစုန့် နှင့် အခြားသူများပင် နောက်တစ်ကြိမ် ပြင်းထန်စွာ ဒဏ်ရာရသွားကြတော့သည်။

“ဖူး...”

ကောင်းကင်ဧကရာဇ် လုံစုန့်၏ မျက်နှာမှာ သွေးဆုတ်သွားသည်။

“ငါ့ရဲ့ သက်စောင့်နဂါး စွမ်းအင် ကုန်ခါနီးပြီ... ဒီတိုင်း ဆက်သွားရင် ငါ သေရလိမ့်မယ်”

သူ ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။

“ဟား... ဟား... ဟား... မင်းတို့ အားလုံးက အရမ်း အားနည်းလွန်းတယ်ကွ”

ကြယ်တာရာဝါးမြိုသူ က ရူးသွပ်စွာ ရယ်မောလိုက်သည်။ ၎င်းက သားကောင်များ အဖြစ် ရှုမြင်ထားသော လူသားမျိုးနွယ် ကျင့်ကြံသူများကို အထက်စီးမှ ငုံ့ကြည့်နေတော့၏။

ကောင်းကင်ဧကရာဇ် ကြယ် အထက်ဝယ် လူတိုင်း တိတ်ဆိတ်နေကြသည်။ သူတို့၏ မျက်နှာများတွင် ဝမ်းနည်းမှုနှင့် နာကြည်းမှုများ ပြည့်နှက်နေ၏။

ကောင်းကင်ဧကရာဇ် ကြယ်သည် သူတော်စင် တစ်ပါး မွေးဖွားလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရကာမှ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် မိစ္ဆာကောင်ကြီးနှင့် ရင်ဆိုင်လိုက်ရသည်။ ဤသည်မှာ ကောင်းကင်ဧကရာဇ် ကြယ်၏ ကံကြမ္မာလော။ သူတို့ အားလုံး ဤအရာကို လက်မခံချင်ကြပေ။

ဒိုင်း... ဝုန်း...

ထိုစဉ် ကောင်းကင် မိုးကြိုးများ စုစည်းလာသော အသံကို တစ်စုံတစ်ယောက် ကြားလိုက်ရသည်။ တိတ်ဆိတ်နေသော အခိုက်အတန့်တွင် ထိုအသံမှာ အထူးသဖြင့် ကျယ်လောင် စူးရှနေတော့၏။

“သတ္တိကောင်းလှချည်လား”

“ဘယ်ကောင် ကပ်ဘေး ဖြတ်နေတာလဲကွ”

ကြယ်တာရာဝါးမြိုသူ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ကောင်းကင်ဧကရာဇ် ကြယ်ပေါ်ရှိ တောင်ထွတ် တစ်ခုဆီသို့ အကြည့်ကို လှည့်လိုက်၏။

ထိုနေရာတွင် လူငယ်တစ်ဦး တောင်ထိပ်၌ မတ်တတ်ရပ်ကာ တုန်ယင်နေသည်။ ကောင်းကင်ကပ်ဘေးကို သူ ဆွဲဆောင်လိုက်ခြင်းပင်။

“ဘာ... ဘာတွေ ဖြစ်နေတာလဲဗျာ”

ထိုလူငယ်မှာ မှင်သက်သွားသည်။ သူသည် မတော်တဆ မိုးကြိုး အဆောင်လက်ဖွဲ့ တစ်ခုနှင့် ပေါင်းစပ်သွားခဲ့ပြီး ရုတ်တရက် မူလ နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်သွားနိုင်ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်လိုက်ခြင်း ဖြစ်၏။

“ဟိုမှာ ကြည့်စမ်း... အဲ့ဒါ ဘာကြီးလဲ”

တစ်စုံတစ်ဦးက လူငယ်၏ ခေါင်းပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

စုစည်းနေသော ကပ်ဘေး တိမ်တိုက်များ၏ အထက်တွင် အဆုံးမဲ့ အင်မော်တယ် ဘုံနှင့် ချိတ်ဆက်နေပုံရသော ခမ်းနားထည်ဝါသည့် နန်းတော်ကြီး တစ်ခု ပေါ်ထွက်လာသည်။

ဘာတွေ ဖြစ်ပျက်နေမှန်း မည်သူမျှ မသိကြချေ။

ကြယ်တာရာဝါးမြိုသူ နှင့် ကောင်းကင်ဧကရာဇ် လုံစုန့် တို့ပင် မျက်လုံးများ ပြူးကျယ်သွားကြပြီး ထိုနက်နဲလှသော နန်းတော်ကြီးကို အံ့အားသင့်စွာ ကြည့်နေကြ၏။ ဤအခိုက်အတန့်၌ တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

--

All Chapters