အခန်း ၇၇၉
Vol. 52 Ch. 779
အခန်း (၇၇၉) - ဧရာမပုဂ္ဂိုလ်ကြီးများ၏ ပခုံးပေါ်မှ လှမ်းကြည့်ခြင်း
ထိုမှော်ဆန်လှသော နန်းဆောင်ကြီးမှာ အခြားမဟုတ်ဘဲ မိုးကြိုးရေကန်နန်းတော်ပင် ဖြစ်၏။
ကြယ်တာရာကောင်းကင်ယံအလယ်၌
ယဲ့ဖုန်းသည် တစ်ခဏမျှ မှင်သက်သွားသည်။ သူ မထွက်ခွာမီက ကံစပ်သူများ ပေါင်းစည်းနိုင်ရန်နှင့် မိုးကြိုးရေကန်နန်းတော်၏ ကပ်ဘေးကို ဖြတ်ကျော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မိုးကြိုးအဆောင်လက်ဖွဲ့များစွာကို ချန်ထားရစ်ခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ကောင်းကင်ဧကရာဇ်ကြယ်သည်လည်း ရှန်ကျိုးတိုက်ကြီး၏ အောက်ဘက်နယ်မြေတစ်ခု ဖြစ်လာပေတော့မည်။
သို့ဖြစ်သော်ငြားလည်း ဤအရေးကြီးသော အခိုက်အတန့်၌ တစ်စုံတစ်ယောက်က သူ၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ မိုးကြိုးရေကန်နန်းတော်၏ ပုံရိပ်ကို ခေါ်ဆောင်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် ကြိုတင်မတွေးဆထားခဲ့မိချေ။
“ကျွန်တော်... ကျွန်တော် ဘာမှမသိဘူးဗျာ”
ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်ခဲ့သော လူငယ်လေးသည် မြောက်များစွာသော လူများ၏ စူးစိုက်ကြည့်ရှုမှုများကို ရင်ဆိုင်လိုက်ရသည်။ သူသည်လည်း ထိတ်လန့်နေကြောင်း ပြသသည့်အနေဖြင့် လက်များကို အဆက်မပြတ် ဝှေ့ယမ်းပြနေရှာ၏။
“ဘုရားရေ”
“အဲ့ဒါက ကောင်းကင်နန်းတော်ကြီးလား”
“တကယ်ကြီးလား”
“ဒါက ပုံရိပ်ယောင်တစ်ခု ဖြစ်ရမယ်ဟေ့”
“ကောင်းကင်နန်းတော်ကြီးရဲ့ ပုံရိပ်နဲ့အတူ ကောင်းကင်ကပ်ဘေးကို ခေါ်ဆောင်နိုင်တဲ့ ဒီလူငယ်လေးက ဒီခေတ်ရဲ့ ရှားပါးပါရမီရှင်များ ဖြစ်နေမလား”
“နှမြောစရာကောင်းလိုက်တာကွာ”
“ဟုတ်တယ်... ကောင်းကင်ဧကရာဇ်ကြယ်ရဲ့ အန္တရာယ်ကြုံနေရတဲ့ အချိန်မျိုးမှာ ဒီလိုထူးခြားတဲ့ ပါရမီရှင်လေး ပေါ်ထွက်လာတာ... ဝမ်းသာရမလား ဝမ်းနည်းရမလားတောင် မသိတော့ဘူး”
သက်ကြီးရွယ်အို ပုဂ္ဂိုလ်များစွာမှာ အဆက်မပြတ် သက်ပြင်းချနေကြသည်။ ကြယ်တာရာဝါးမြိုသူ ဟူသော ကြောက်မက်ဖွယ် ရန်သူကြီးသာ မရှိခဲ့လျှင် ကောင်းကင်ဧကရာဇ်ကြယ်ပေါ်တွင် ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းသည် အလွန်တရာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စတစ်ခုပင် ဖြစ်၏။ ကောင်းကင်ဧကရာဇ်ကြယ်ကို ကြီးပွားတိုးတက်စေနိုင်မည့် အရာလည်း ဖြစ်၏။ သို့သော် ယခုမူ ကြယ်များပင် ပျက်သုဉ်းရတော့မည်။ ဤကဲ့သို့သော ပါရမီရှင်လေးမှာ ဖြတ်ခနဲ တောက်ပသွားသော အလင်းတန်းလေးတစ်ခုအဖြစ်သာ ကံကြမ္မာ အဆုံးသတ်ရပေတော့မည်။
“ဒါက ဘာအရာကြီးလဲ”
“စားလို့ကောင်းလား”
ဤအသံများမှာ ကြယ်တာရာဝါးမြိုသူထံမှ ထွက်ပေါ်လာလေသည်။ ၎င်းက ခေါင်းကိုထုတ်ကာ ပိုမိုနီးကပ်စွာ သွားရန် ပြင်ဆင်နေ၏။
ထိုမြင်ကွင်းက ကပ်ဘေးဖြတ်ကျော်နေသော လူငယ်လေးအား ချက်ချင်းပင် အကြောက်လွန်သွားစေသည်။ ထိတ်လန့်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ်ဖြစ်သွားပြီး မြင့်မားသော တောင်ထွတ်ပေါ်မှ လိမ့်ကျသွားတော့သည်။
“သူ့ကို တားကြဟေ့”
“ဒီပါရမီရှင်လေးကို အဝေးပို့လိုက်ကြ... တစ်နေ့ကျရင် သူက တို့ကောင်းကင်ဧကရာဇ်ကြယ်ရဲ့ မျှော်လင့်ချက် ဖြစ်လာလိမ့်မယ်”
အသက်အရွယ်ကြီးရင့်သော ပုဂ္ဂိုလ်များစွာသည် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ကြသည်။ ကပ်ဘေးရင်ဆိုင်နေရသော လူငယ်လေးအနီးသို့ ရောက်ရှိလာကြသည်။ သူတို့၏ အသက်ကို စတေး၍ လူငယ်လေးအား အဝေးသို့ ပို့ဆောင်ရန် ပြင်ဆင်လိုက်ကြသည်။
“လွတ်မယ်လို့များ တွေးနေရင် အိပ်မက်သာ မက်နေလိုက်စမ်းပါ”
ကြယ်တာရာဝါးမြိုသူက လှောင်အန်အန် နှာခေါင်းရှုံ့လိုက်သည်။ မုန်တိုင်းကဲ့သို့ ပြင်းထန်လှသော လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ထိုလေပြင်းသည် လူငယ်လေးနှင့် အခြားကပ်ဘေးဖြတ်ကျော်နေသူများဆီသို့ ဦးတည်ရိုက်ခတ်သွားတော့သည်။
“ဒုက္ခပဲ”
လူအုပ်ကြီး၏ မျက်နှာများမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
ဤအရေးကြီးသော အခိုက်အတန့်၌
မိုးကြိုးများ ရစ်နွယ်နေသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် ပုံရိပ်ယောင် မိုးကြိုးရေကန်နန်းတော်ထဲမှ ထွက်ပေါ်လာသည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ညစ်ညမ်းသော လေပြင်းများကို ပြယ်လွင့်သွားစေတော့၏။
“အဲ့ဒါ ဘယ်သူကြီးလဲ”
လူအုပ်ကြီးသည် မိုးကြိုးရေကန်နန်းတော်၏ အဝင်ဝရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကြီးကို စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားပြီး မျက်နှာများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေကြသည်။
“အဲ့ဒီမှာ တစ္ဆေလိုလို သရဲလိုလိုနဲ့ ဘယ်ကောင် လာလုပ်နေတာလဲ”
ကြယ်တာရာဝါးမြိုသူသည် ယဲ့ဖုန်း၏ ကောင်းကင်သူတော်စင် ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်လိုက်သည်။ သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုသူအား ဖောက်ထွင်းမမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
“ရှန်ကျိုး အောက်ဘက်နယ်မြေက လူတွေ ကပ်ဘေးဖြတ်ကျော်တာကို နှောင့်ယှက်တဲ့အတွက် မင်းရဲ့ အပြစ်က သေဒဏ်ပဲ”
ကောင်းကင်သူတော်စင် ခန္ဓာကိုယ်ကြီး၏ အသံမှာ မိုးကြိုးပမာ ဟိန်းထွက်လာသည်။ သူက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ကြယ်တာရာဝါးမြိုသူထံသို့ လှုပ်ရှားလိုက်၏။
ဖြန်း
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုးတစ်ချက်သည် ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်သန်းရိုက်ချလိုက်သည်။ သေစေနိုင်သော ပန်းပွင့်ကြီးတစ်ပွင့်အလား။ ကြည့်ရှုနေသူများ၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင်ပင် ကြယ်တာရာဝါးမြိုသူ၏ ခေါင်းကို အားစိုက်စရာမလိုဘဲ ဖောက်ထွင်းသွားတော့သည်။
အဆင့် (၁) တပိုင်းသူတော်စင် ဧရာမသားရဲကြီးတစ်ကောင် ကျဆုံးသွားချေပြီ။
ထိုအခါမှသာ ကောင်းကင်သူတော်စင်၏ ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ဧကရာဇ်ကြယ်။
မြောက်များစွာသော လူများသည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီး နေရာတွင်ပင် ကျောက်ရုပ်ပမာ ဖြစ်သွားကြသည်။
ဝုန်း... ဝုန်း... ဝုန်း...
ဤအချိန်၌ ကောင်းကင်ဧကရာဇ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများစွာသည် မိုးကြိုးအဆောင်လက်ဖွဲ့များနှင့် ပေါင်းစပ်မိသွားသောကြောင့် သူတို့၏ အဆင့်များကို ချိုးဖျက်နိုင်ခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ကပ်ဘေးများကို စတင်ခေါ်ဆောင်လာကြသည်။
ထို့နောက်တွင်တော့ ပုံရိပ်ယောင် မိုးကြိုးရေကန်နန်းတော် ရာပေါင်းများစွာ ထွက်ပေါ်လာတော့သည်။
ကောင်းကင်ဧကရာဇ် လုံစုန့်၊ ရှန်ဟယ် ကောင်းကင်ဧကရာဇ် နှင့် အခြားသော သက်ကြီးရွယ်အို ပုဂ္ဂိုလ်ကြီးများမှာ ဤမြင်ကွင်းကိုကြည့်ကာ ဆွံ့အသွားကြသည်။
“ဒါ... ဒီလောက်များပြားလှတဲ့ ရှားပါးပါရမီရှင်တွေလား”
“ဟား ဟား ဒါ တကယ့်ကို အံ့မခန်းပဲဟေ့”
သူတို့သည် အလွန်တရာ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်စွာ ကခုန်နေကြတော့သည်။
သို့သော် မကြာမီအချိန်အတွင်းမှာပင် ကျင့်ကြံသူများသည် သူတို့၏ ကပ်ဘေးများကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်သွားကြသည်။ ၎င်းတို့ နှလုံးသားထဲမှ ခေါ်သံကို လိုက်၍ မိုးကြိုးရေကန်နန်းတော် အတွင်းရှိ မိုးကြိုးရေကန်ထဲသို့ ဝင်ရောက်သွားကြသည်။
ကုသိုလ်မှတ်တမ်းစာရင်းကို မြင်တွေ့ပြီးနောက်တွင် လူများ စတင်သဘောပေါက်လာကြသည်။
“ဟူး”
“ငါက ရှားပါးပါရမီရှင် မဟုတ်ဘူးပဲ”
“ငါတို့က ရှန်ကျိုး အထက်လောကက မိုးကြိုးအဆောင်လက်ဖွဲ့တွေနဲ့ ပေါင်းစပ်မိသွားတဲ့ ကျင့်ကြံသူတွေသာ ဖြစ်နေတာကိုး... အဲ့ဒါကြောင့် ကပ်ဘေးဖြတ်ကျော်နိုင်တာပဲ”
ကပ်ဘေးဖြတ်ကျော်နေသော ကျင့်ကြံသူများမှာ စိတ်ပျက်အားငယ်သွားကြသည်။
မကြာမီမှာပင် ရှန်ကျိုး အထက်လောက၊ မိုးကြိုးရေကန်နန်းတော် နှင့် ကောင်းကင်သူတော်စင် ယဲ့ဖုန်း ဟူသော အသုံးအနှုန်းများသည် ကောင်းကင်ဧကရာဇ်ကြယ်ပေါ်တွင် လျင်မြန်စွာ ရေပန်းစားသွားခဲ့သည်။ သူတော်စင်လမ်းစဉ် တစ်လျှောက်လုံးသို့ပါ တဖြည်းဖြည်း ကျော်ကြားသွားတော့၏။
လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်လှသော ရှန်ကျိုး အထက်လောကကို အလွန်အမင်း စိတ်ဝင်စားနေကြတော့သည်။
ကြယ်တာရာများအကြား၌
ယဲ့ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
“နောက်ဆုံးတော့ ကိစ္စပြတ်သွားပြီပဲ”
သူသည် အလွန် သက်တောင့်သက်သာ ရှိနေပုံရ၏။
လွန်ခဲ့သော အခိုက်အတန့်က ကောင်းကင်သူတော်စင် ခန္ဓာကိုယ်ကြီးကို ထိန်းချုပ်နေခဲ့သူမှာ သူပင်ဖြစ်၏။ အဝေးမှနေ၍ ကြယ်တာရာဝါးမြိုသူအား ချက်ချင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်၏။
သူတော်စင်လမ်းစဉ်ပေါ်ရှိ အဓိက ကြယ်ကြီးများအားလုံးတွင် မိုးကြိုးအဆောင်လက်ဖွဲ့များ ရေပန်းစားလာသည်နှင့်အမျှ ဤကြယ်များအားလုံး ရှန်ကျိုး၏ အောက်လောကများ ဖြစ်လာရန် အချိန်ကြာမည်မဟုတ်ချေ။
ထိုသို့ဖြင့် ကောင်းကင်တာအို၏ အကြွင်းအကျန်များသည်လည်း ပိုမို အင်အားကြီးမားလာပေတော့မည်။
မြူခိုးဂိုဏ်း၌
ယဲ့ဖုန်းသည် ဤနေရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
သူ စတင် တွက်ချက်လိုက်၏။
ပေဟယ်ဧကရာဇ် သည် သူတော်စင်လမ်းစဉ်ကို ဖန်တီးခဲ့စဉ်က အဆင့် (၃) တပိုင်းသူတော်စင် သာ ရှိသေးသည်။ သူသည် ပါရမီရှင်တစ်ဦး ဖြစ်သော်ငြားလည်း ဤဝင်္ကပါများတွင် ဟာကွက်များစွာ ရှိနေဆဲပင်။
ဉာဏ်အလင်းပွင့် နှလုံးသားကို အသုံးပြု၍ ယဲ့ဖုန်းသည် ဟာကွက်များကို လျင်မြန်စွာ ဖာထေးလိုက်သည်။
“ဧရာမ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ပခုံးပေါ်မှာ ရပ်နေရတာက တကယ်ပဲ ပိုဝေးဝေး၊ ပိုရှင်းရှင်းလင်းလင်းနဲ့ ပိုပြီး ပြည့်ပြည့်စုံစုံ မြင်ရတာပဲ”
အချိန်အတော်ကြာပြီးနောက် ယဲ့ဖုန်းက တွေးတောဆင်ခြင်လိုက်သည်။
သူက လက်ကို ဆန့်တန်းလိုက်သည်။ မှော်စာလုံး အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော အလွန်ရှုပ်ထွေးသည့် ဝင်္ကပါတစ်ခုသည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာလေ၏။
“ဒီဝင်္ကပါနဲ့ဆိုရင် မိုးကြိုးရေကန်နန်းတော်က အချိန်အတိုင်းအတာ တစ်ခုအထိ စွမ်းဆောင်ရည်ထက် ပိုပြီး အလုပ်လုပ်နိုင်ပြီ”
“သူတော်စင် ဖြစ်ဖို့ဆိုတာက အလှမ်းဝေးတဲ့ အိပ်မက်တစ်ခု မဟုတ်တော့ဘူး”
ထိုအရာသည်ကား ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ရန် မလိုဘဲ ရုပ်ခန္ဓာ သူတော်စင် လမ်းစဉ်သို့ တက်လှမ်းခြင်းပင် ဖြစ်၏။ သို့မဟုတ်ပါက သူသည် အဆင့် (၄) တပိုင်းသူတော်စင် အထွတ်အထိပ်တွင်သာ တစ်ဆို့နေဦးမည် ဖြစ်၏။
ယဲ့ဖုန်းသည် မိုးကြိုးရေကန်နန်းတော် အတွင်းသို့ ဝင်ရောက်သွားသည်။
သူသည် ကံကြမ္မာရတနာပုလဲ ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အသွင်ပြောင်းခြင်း အောင်မြင်စွာ မပြီးဆုံးသေးကြောင်း တွေ့လိုက်ရ၏။ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင် လိုအပ်နေပုံရသဖြင့် သူ့ကို အနည်းငယ် ကူကယ်ရာမဲ့ ခံစားသွားရစေသည်။
သို့သော် နောက်တစ်ခဏတွင်မူ။
ယဲ့ဖုန်း၏ အသိစိတ်သည် ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးတစ်ခုဆီသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
ဤသည်မှာ ကောင်းကင်တာအို အကြွင်းအကျန်များ၏ အသိဉာဏ်နယ်ပယ်ပင် ဖြစ်၏။
“အောက်လောကနယ်မြေတွေ များပြားလာတာနဲ့အမျှ ငါ အများကြီး ပိုအားကောင်းလာခဲ့ပြီ... ဒီ ကောင်းကင်နဲ့မြေကြီးရဲ့ မူလစွမ်းအင် သုံးမျှင်ကို မင်းကို ငါပေးမယ်”
သက်ံရောင် ဝတ်ရုံကို ဆင်မြန်းထားသော ကောင်းကင်တာအို အကြွင်းအကျန်များက လက်ကို ဆန့်တန်းလိုက်သည်။ ၎င်းတို့၏ လက်ဖဝါးထက်တွင် ရောင်စုံ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင် သုံးမျှင် ပေါ်ထွက်လာလေ၏။
“ကျေးဇူးတင်ပါတယ်ဗျာ”
ယဲ့ဖုန်း စကားမဆုံးမီမှာပင် ပတ်ဝန်းကျင်မှာ လျင်မြန်စွာ ဝေဝါးမထင်မရှား ဖြစ်သွားတော့သည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ မိုးကြိုးရေကန်နန်းတော် အတွင်းသို့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။
သူ၏ ဘယ်ဘက်လက်ထဲတွင် ကံကြမ္မာရတနာပုလဲ ကို ကိုင်ထားသည်။
သူ၏ ညာဘက်လက်ထဲတွင်မူ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင် သုံးမျှင်ကို ကိုင်ထားလေ၏။
'ဒီတစ်ခါတော့ ကံကြမ္မာရတနာပုလဲက အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်လောက်ပြီမလား'
ယဲ့ဖုန်းသည် သူ့ဘာသာ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။ ပြောပြောဆိုဆိုပင် ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင် သုံးမျှင်ကို ကံကြမ္မာရတနာပုလဲ အတွင်းသို့ ပေါင်းစပ်လိုက်တော့သည်။
“ဝုန်း”
၎င်းသည် မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်ဖြင့် လျင်မြန်စွာ ပွင့်အန်လာပြီး ကြယ် (၄) ပွင့် အဆင့်လွန်ဝိညာဉ်ရတနာ အဖြစ်သို့ တရားဝင် အသွင်ပြောင်းသွားတော့၏။
ထိုအဆင့်ထက် ကျော်လွန်သွားပါက မြင့်မြတ်သော လက်နက်များ ဖြစ်လာပေတော့မည်။
မိုးကြိုးရေကန်နန်းတော် အနီး၌
လိပ်တက်နေသော ကပ်ဘေးတိမ်တိုက်များသည် လျင်မြန်စွာ စုရုံးလာကြသည်။ ဤသည်မှာ ကံကြမ္မာရတနာပုလဲ အတွက် ကောင်းကင်ကပ်ဘေးပင် ဖြစ်သည်။ ယဲ့ဖုန်းသည် ၎င်းကို ကပ်ဘေးတိမ်တိုက်ထဲသို့ ပစ်သွင်းလိုက်ပြီး ကပ်ဘေးကို ဖြတ်ကျော်စေလိုက်၏။
'မကြာခင် ငါ အဆင့် (၃) တပိုင်းသူတော်စင် ကို တက်လှမ်းဖို့ ကြိုးစားရတော့မယ်'
ယဲ့ဖုန်းသည် မိုးကြိုးရေကန်နန်းတော် အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းကာ တွေးတောနေသည်။
မိုးကြိုးရေကန်နန်းတော်သည် မိုးကြိုးမူလစွမ်းအင်များကို စုဆောင်းနေဆဲ ဖြစ်၏။
သူ၏ ကပ်ဘေးကို ဖြတ်ကျော်ရန် လုံလောက်သော စွမ်းအင်များ စုဆောင်းမိရန် နောက်ထပ် (၇) ရက် အချိန်ယူရမည်ဟု သူ တွက်ချက်လိုက်လေ၏။
မိုးကြိုးရေကန်နန်းတော်၏ အဓိက အနှစ်သာရကို ပြုပြင်ပြောင်းလဲရန် ကံကြမ္မာရတနာပုလဲသည် ကြယ် (၄) ပွင့် အဆင့်လွန်ဝိညာဉ်ရတနာ သို့ အဆင့်တက်သွားသည်အထိ စောင့်ဆိုင်းရပေမည်။ ထို့နောက် ထိုအသွင်ပြောင်းခြင်းကို အောင်မြင်ရန်အတွက် ၎င်းပေးစွမ်းနိုင်မည့် တိုးမြှင့်ထားသော ကံကြမ္မာစွမ်းအားကို အသုံးပြုရမည်။
လောလောဆယ်တွင် သူလုပ်နိုင်သည်မှာ စောင့်ဆိုင်းရန်သာ။
ရှန်ကျိုးတိုက်ကြီး ပတ်လည်၌ အင်အားစုကြီးများ အားလုံးမှ လူများသည် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ခံလိုက်ရသော နတ်ဘုရားမျိုးနွယ်စု ဝင်စားသူများကို လိုက်လံချေမှုန်းနေကြပြီး ကြီးမားလှသော အောင်ပွဲများ ရရှိနေကြတော့၏။
*
ရေပေါ်ဖြူ မြို့တော်။
လေလံပွဲတစ်ခု ကျင်းပနေသည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အတုံး (၁၀၀၀) ဗျာ”
“ကျွန်တော် (၁၁၀၀) ပေးတယ်”
ရှန်ကျိုးတိုက်ကြီး တစ်ခွင်မှ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကျင့်ကြံသူများသည် နေရာယူထားကြပြီး ယနေ့၏ လနီ သံလိုက်အိမ်မြှောင် အခု (၃၀၀) အတွက် လေလံဆွဲနေကြခြင်း ဖြစ်၏။
စင်မြင့်ထက်၌
လေလံပွဲ တင်ဆက်သူ လီဝမ်ချင်း သည် ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲများအကြား လေလံဆွဲပွဲကို ဝမ်းမြောက်ဝမ်းသာ မျက်လုံးများဖြင့် နားထောင်နေသည်။
လေလံရုံ၏ တင်ဆက်သူ တစ်ဦးအနေဖြင့် သူမသည် နောက်ဆုံး ရောင်းရငွေ၏ တစ်ထောင် ပုံတစ်ပုံကို အကျိုးအမြတ်အဖြစ် ရရှိနိုင်ပါ၏။
ပစ္စည်းတစ်ခုစီမှ အနည်းငယ်စီ စုပေါင်းလိုက်ပါက ကြီးမားသော ပမာဏတစ်ခု ဖြစ်လာပေတော့မည်။
'ဒီလေလံပွဲပြီးရင် ဝိညာဉ်စုစည်းမျှော်စင် ထဲမှာ (၃) လလောက် ကျင့်ကြံဖို့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းမိလောက်ပြီ... အရမ်းကောင်းတာပဲ'
လီဝမ်ချင်းသည် အလွန်တရာ ဝမ်းသာနေသည်။
၎င်း၏ စီးပွားရေးတန်ဖိုးကို ပိုမိုချဲ့ထွင်ရန်အတွက် မြူခိုးဂိုဏ်း သည် ဝိညာဉ်စုစည်းမျှော်စင် ၏ အထပ်တစ်ခုကို ပြင်ပလူများအား ငှားရမ်းပေးထားသည်။
ထိုနေရာတွင် ကျင့်ကြံပါက (၁၀) ဆမျှ ပိုမိုမြန်ဆန်သော အချိန်စီးဆင်းမှုကို ခံစားနိုင်ပေမည်။
ဤသည်မှာ ကျင့်ကြံသူများစွာအတွက် ကြီးမားလှသော သွေးဆောင်ဖြားယောင်းမှုတစ်ခု ဖြစ်ပြီး ထိုနေရာတွင် ကျင့်ကြံခွင့်ရရန် လစဉ် လူများက အပြိုင်အဆိုင် လေလံဆွဲနေကြရသည်။
လေလံပွဲမှာ လျင်မြန်စွာ ပြီးဆုံးသွားသည်။
မြူခိုးတောင်ထွတ် သို့ သွားရာလမ်းတွင် လီဝမ်ချင်းသည် ကုန်းချင်းချိုး နှင့် ယှဉ်တွဲ လျှောက်လှမ်းလာလေ၏။
“လနီ သံလိုက်အိမ်မြှောင် က တကယ်ပဲ လူကြိုက်များတာပဲနော်... အစ်မကုန်း ကျွန်မ စုဆောင်းထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး ဝိညာဉ်စုစည်းမျှော်စင် ထဲမှာ အခု (၃) လလောက် သွားကျင့်လို့ ရပြီလားဟင်”
“ရတာပေါ့ကွယ်”
“အရမ်းကောင်းတာပဲ”
လီဝမ်ချင်း အလွန် ဝမ်းသာသွားသည်။
ရေပေါ်ဖြူ မြို့တော်သို့ ဝင်ရောက်ပြီးနောက် လီဝမ်ချင်းသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးရှိသော အကြံပြုချက်များစွာကို ပေးခဲ့ပြီး ပြဿနာများစွာကိုလည်း ဖြေရှင်းပေးခဲ့သည်။
ထို့ကြောင့် ကုန်းချင်းချိုး သည် သူမအား သူတို့၏ ဂိုဏ်းသို့ ဝင်ရောက်လာစေရန် မျှော်လင့်နေပြီး မေးလိုက်သည်။
“ဝမ်ချင်း... မင်း တို့ မြူခိုးဂိုဏ်း ကို ဝင်ချင်လားဟင်”
ထိုစကားများကို ကြားလိုက်ရသောအခါ လီဝမ်ချင်း မှာ ဆွံ့အသွားတော့သည်။
--