← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 31 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 31 Ch. 421-422

အပိုင်း(၄၂၁)

မဟာမိုးကြိုး ကျောင်းတော် မှ ထွက်ခွာလာပြီးနောက် ကွမ်ယင် ဗောဓိသတ်သည် တောင်ပိုင်းပင်လယ်၊ လော့ကျားတောင် ရှိ သူမ၏ စံမြန်းရာ နန်းတော်သို့ ပြန်မသွားဘဲ ချန်အန်းမြို့တော် သို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။

ရှားဝူကျင်းသည် မိစ္ဆာနယ်မြေမှ လူများ၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရရာ ဤကိစ္စသည် အချိန်ဆွဲနေ၍ မရနိုင်ချေ။ ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်လေ ပိုကောင်းလေဖြစ်ပြီး အချိန်ပိုကြာလာသည်နှင့်အမျှ သူ့ကို ကယ်တင်ရန် ပို၍ ခက်ခဲလာမည် ဖြစ်သည်။

ထို့ကြောင့် ကွမ်ယင်ဗောဓိသတ်သည် အလွန် သေသပ်တိကျသော အစီအစဉ်တစ်ခုကို အလျင်အမြန် ရေးဆွဲပြီး ချန်အန်းမြို့တော်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ ဦးတည်ရာကတော့ မဟာဗုဒ္ဓကျောင်းတော်ပင် ဖြစ်လေသည်။

မဟာဗုဒ္ဓကျောင်းတော်သည် တာ့ထန် နယ်နိမိတ်အတွင်း အထင်ရှားဆုံး ကျောင်းတော်ကြီးဖြစ်ပြီး ရူလိုင်ဘုရား၏ ရုပ်ပွားတော် ကိန်းဝပ်စံပယ်ကာ ချန်အန်းမြို့တော်အတွင်း၌ တည်ရှိလေသည်။ ဤ မဟာဗုဒ္ဓကျောင်းတော် ၏ အောက်ခြေတွင် မိစ္ဆာဂူ တစ်ခုကို ဖိနှိပ် ချုပ်နှောင်ထားလေသည်။

ဂျွတ်... ဂျွတ်...

အားလုံးတိတ်ဆိတ်ငြိမ်သက်နေသော ညသန်းခေါင်ယံအချိန်၌ မိစ္ဆာဂူကို ဖိနှိပ်ချုပ်နှောင်ထားသော မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်သည် ရုတ်တရက် ကွဲအက်လာပြီးနောက် ခန်းမဆောင်တစ်ခုလုံး ပြိုကျလာလေတော့သည်။

ဒေါင်... ဒေါင်... ဒေါင်...

မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၌ ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ပေါ်လာသည်နှင့် ချက်ချင်း ဆိုသလိုပင် မဟာဗုဒ္ဓကျောင်းတော်မှ အလောတကြီး ထုရိုက်လိုက်သော လေးလံသည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာလေသည်။

ထိုခေါင်းလောင်းသံသည် တိတ်ဆိတ်နေသော ညယံတွင် အဝေးဆီသို့တိုင် ပြန့်လွင့်သွားလေသည်။

နန်းတော်အတွင်း၌မူ...

ဧကရာဇ် လီရှစ်မင်သည် ညနက်သန်းခေါင်ယံတွင် အရေးတကြီး မြည်ဟည်းလာသော ခေါင်းလောင်းသံကို ကြားလိုက်ရသဖြင့် အလျင်အမြန် အဝတ်အစားလဲလှယ်ကာ အပြင်သို့ ပြေးထွက်လာသည်။ မဟာဗုဒ္ဓကျောင်းတော်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သော သူ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ဖုံးလွှမ်းနေလေသည်။

ခဏအကြာတွင် ခေါင်းလောင်းသံများ ရပ်တန့်သွားရာ လီရှစ်မင်က သူ၏ဘေးရှိ အစေခံအား အရေးတကြီး မေးလိုက်လေသည်။

"ခေါင်းလောင်းက ဘယ်နှချက်တီးလိုက်တာလဲ... ခုနက ခေါင်းလောင်း ဘယ်နှချက် မြည်သွားတာလဲ..."

"အရှင်မင်းကြီး... ကိုးချက်ပါဘုရား... ခေါင်းလောင်းက ကိုးချက်မြည်သွားတာပါ..."

လီရှစ်မင်၏ စကားကို ကြားသောအခါ အစေခံက ပြန်လည်ဖြေကြားလိုက်လေသည်။

"ကိုးချက်လား... ဗုဒ္ဓဘာသာမှာ ကိုးဆိုတဲ့ ဂဏန်းက အမြင့်မြတ်ဆုံးနဲ့ အရေးအကြီးဆုံး သတိပေးချက်ကို ရည်ညွှန်းတာပဲ... မြန်မြန်... ကောင်းကင်သခင် ခန်းမဆောင်ကို အကြောင်းကြားလိုက်... အားလုံး မဟာဗုဒ္ဓကျောင်းတော်ကို သွားပြီး ကူညီကြဖို့ အမိန့်ပေးလိုက်..."

လီရှစ်မင်က အလျင်အမြန် အမိန့်ပေးလိုက်လေသည်။ မဟာဗုဒ္ဓကျောင်းတော်တွင် ခေါင်းလောင်း ကိုးချက်တီး၍ အကူအညီတောင်းခံရလောက်အောင် မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း။ လီရှစ်မင်၏ ရင်ထဲတွင် မည်သည့်အရာ ဖြစ်မည်ကို အကြမ်းဖျင်း ခန့်မှန်းမိနေလေသည်။

ကောင်းကင်နဂါး ဓမ္မတေးသံ...

ဝရား...

လုံဟိုင်ဆရာတော်၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော ကောင်းကင်နဂါး ဓမ္မတေးသံသည် စွမ်းအားပြည့်ဝစွာဖြင့် ပြန့်နှံ့သွားလေသည်။ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ကြီး ပြိုကျသွားပြီးနောက် မြေအောက် မိစ္ဆာဂူထဲမှ မိစ္ဆာသတ္တဝါများသည် ဒီရေလှိုင်းများအလား အဆက်မပြတ် အလုံးအရင်းဖြင့် ထွက်ပေါ်လာကြလေသည်။

သို့သော် ကောင်းကင်နဂါး ဓမ္မတေးသံ၏ ဖိနှိပ်မှုအောက်တွင် ထိုမိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲကာ ဆက်တိုက် သေဆုံးသွားကြလေသည်။

မကြာမီမှာပင် ကောင်းကင်သခင် ခန်းမဆောင်မှ လူများသည်လည်း အလျင်အမြန် ရောက်ရှိလာကြလေသည်။

သို့သော် မိစ္ဆာသတ္တဝါများမှာ သေရမည်ကို မကြောက်ရွံ့ဘဲ အလွန်တရာ ကြမ်းကြုတ်ရက်စက်ကြလေသည်။ သူတို့၏ ရူးသွပ်သော တိုက်ခိုက်မှုများကြောင့် မဟာဗုဒ္ဓကျောင်းတော်နှင့် ကောင်းကင်သခင် ခန်းမဆောင်တို့မှ အင်အားစုများ ပေါင်းစပ်ထားသော်လည်း ခေတ္တမျှ ဖိနှိပ်ထားနိုင်ရန်ပင် အခက်အခဲ တွေ့နေကြရလေသည်။

"ခဏလောက် တောင့်ခံထားကြပါဦး... ငါ အခု မိစ္ဆာတွေကို နှိမ်နင်းပြီး ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ဖို့ ဗုဒ္ဓဆီ အကူအညီ သွားတောင်းလိုက်ဦးမယ်..."

မိမိတို့ ဆက်လက် တောင့်ခံထားနိုင်တော့မည် မဟုတ်ကြောင်းကို မြင်သောအခါ လုံဟိုင်ဆရာတော်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ အကယ်၍ ဤမိစ္ဆာသတ္တဝါများသာ အပြင်သို့ ထွက်သွားပါက ချန်အန်းမြို့တော် တစ်ခုလုံး ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

စကားပြောရင်းပင် သူသည် ပင်မခန်းမဆောင်ထဲသို့ အလျင်အမြန် ပြေးဝင်သွားကာ ရူလိုင်ဘုရား၏ ရုပ်ပွားတော်ရှေ့တွင် ဒူးထောက်၍ မြတ်စွာဘုရားထံမှ အကူအညီကို ရရှိရန် ဆုတောင်းပတ္ထနာ ပြုလေတော့သည်။

ထို့နောက်... သူ၏ အသိစိတ် တစ်ဝက်တစ်ပျက် ဖြစ်နေချိန်တွင် ရူလိုင်ဘုရား၏ အသံတော် ထွက်ပေါ်လာလေသည်။

"အောမိတော်ဖော... မိစ္ဆာတွေကို နှိမ်နင်းပြီး ဆိုးယုတ်မှုတွေကို ဖယ်ရှားတယ်ဆိုတာ သတ်ဖြတ်တာ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး... ဒီမိစ္ဆာဂူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး… ပြဿနာရှာတတ်တဲ့ မိစ္ဆာသတ္တဝါတစ်စု ခိုအောင်းနေခဲ့ကြတာပဲ... သူတို့က မိစ္ဆာနယ်မြေနဲ့ ဝေးကွာနေပြီး ပြန်မသွားနိုင်ကြတော့ပေမဲ့… သူတို့လည်း သနားစရာကောင်းတဲ့ သတ္တဝါတွေပါပဲ... ကောင်းကင်ဘုံက သက်ရှိအားလုံးကို တန်ဖိုးထား မြတ်နိုးတယ်... မိစ္ဆာသတ္တဝါတွေကိုတောင် တရားပြပြီး အသွင်ပြောင်းပေးလို့ ရပါတယ်... ဒီကိစ္စအတွက် ရွှမ်ကျန်းရဲ့ အကူအညီကို တောင်းခံပြီး ဖြေရှင်းနိုင်ပါတယ်..."

အသိစိတ် ပြန်ဝင်လာပြီးနောက် ရူလိုင်ဘုရား၏ လမ်းညွှန်မှုကို လက်ခံရရှိသောအခါ လုံဟိုင်ဆရာတော်သည် မျက်မှောင် ကြုတ်သွားလေသည်။

"ဒီလိုအချိန်ကြီးမှာတောင် သူတို့ကို တရားပြရဦးမယ် ဟုတ်လား..."

ထိုထက် ပို၍ အရေးကြီးသည်မှာ မြတ်စွာဘုရားက သူ့အား ရွှမ်ကျန်းကို သွားရှာခိုင်းနေခြင်းပင် ဖြစ်သည်။ ရွှမ်ကျန်းသည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်ကို စတင်ခဲ့သည်မှာ တစ်နှစ်ခန့် ရှိနေပြီဖြစ်ပြီး သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူမျှ မသိကြချေ။ သူ့ကို ဘယ်နေရာမှာ သွားရှာရမည်နည်း။

ထို့ပြင် လွန်ခဲ့သော တစ်နှစ်က ရွှမ်ကျန်း ချန်အန်းမြို့တော်မှ ထွက်ခွာသွားချိန်တွင် သူ၏ ကျင့်စဉ်အဆင့်မှာ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၌သာ ရှိသေးသည်။ တစ်နှစ်ပတ်လုံး လမ်းခရီးတွင် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသဖြင့် သူသည် ကျင့်ကြံရန် အချိန်များများစားစား ရခဲ့မည်မဟုတ်ဘဲ သွေးကြောပွင့်အဆင့် သို့ပင် ရောက်ရှိနိုင်မည် မဟုတ်သေးချေ။

အကယ်၍ သူ့ကို ရှာတွေ့ခဲ့လျှင်တောင် သူက ဘာများ အကျိုးသက်ရောက်မှု ရှိနိုင်မည်နည်း။ ရင်ထဲတွင် ဇဝေဇဝါ ဖြစ်နေသော်ငြားလည်း မဟာဗုဒ္ဓကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် တစ်ပါးအနေဖြင့်ရော ရူလိုင်ဘုရား၏ သစ္စာရှိသော တပည့်တစ်ပါးအနေဖြင့်ပါ လုံဟိုင်ဆရာတော်သည် ဗုဒ္ဓ၏ စကားများကို အကြွင်းမဲ့ ယုံကြည်လေသည်။

ထို့ကြောင့် ရွှမ်ကျန်းအား မည်သို့ ရှာဖွေရမည်ကို သူ ဆက်လက် တွေးတောနေခဲ့လေသည်။ စဉ်းစားရင်းဖြင့် လုံဟိုင်ဆရာတော်၏ မျက်လုံးများ အရောင်လက်သွားလေသည်။ သူသည် မဟာဗုဒ္ဓကျောင်းတော်မှ အလျင်စလို ထွက်ခွာလာပြီး မြေပိုင်နတ် ကျောင်းဆောင်သို့ သွားရောက်ကာ မြေပိုင်နတ်ကို ပင့်ဖိတ်ပြီး ဤအရေးပေါ်ကိစ္စကို ရှင်းပြလိုက်လေသည်။

လုံဟိုင်ဆရာတော်၏ အကူအညီတောင်းခံမှုကို သိရှိပြီးနောက် မြေပိုင်နတ်က ခေါင်းညိတ်ပြကာ မြေကြီးထဲသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားလေတော့သည်။

...

မဟာနှင်းတောင်ကြီး ၏ အလယ်ဗဟို ထူးကဲလှပသော နတ်စံအိမ်တော် အတွင်း၌ ကျန်းလျိုသည် နတ်ဆေးပုလင်းကို သိမ်းဆည်းလိုက်၏။ သူ ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံရန် ပြင်ဆင်နေစဉ် ရုတ်တရက် တံခါးဝမှ အရေးတကြီး ခေါက်သံများ ထွက်ပေါ်လာလေသည်။

"ဟင်... ညသန်းခေါင်ကြီး ဘယ်သူကများ တံခါးလာခေါက်နေတာလဲ..."

ညဉ့်နက်သန်းခေါင်ကြီး တံခါးခေါက်သံကို ကြားရသည့် အပြင် အထူးသဖြင့် ဤကဲ့သို့သော မဟာနှင်းတောင်ကြီး ပေါ်တွင် ဖြစ်နေသဖြင့် ကျန်းလျိုသည် အံ့အားသင့်သွားရလေသည်။ သို့သော်လည်း သူသည် နေရာမှထကာ အပြင်ဘက်သို့ လျှောက်သွားလိုက်လေသည်။

"ဂါရဝပြုပါတယ် ဆရာတော်... ကျွန်တော်ကတော့ ဒီနယ်မြေရဲ့ မြေပိုင်နတ်ပါ..."

တံခါးလာခေါက်သူက သူ မည်သူမည်ဝါဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလာလေသည်။

"အောမိတော်ဖော... မြေပိုင်နတ်... ဘာများ အကူအညီပေးရမလဲ..."

ကျန်းလျိုက သူ့အား ယဉ်ကျေးပျူငှာစွာဖြင့် ဂါရဝပြု နှုတ်ဆက်ကာ မေးလိုက်လေသည်။

"ချန်အန်းမြို့တော်က မြေပိုင်နတ်က ဆရာတော် ဘယ်မှာရှိလဲဆိုတာကို ရှာဖွေဖို့ သတင်းစကား ပါးလိုက်လို့ပါ... မဟာဗုဒ္ဓကျောင်းတော်က မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ပြိုကျသွားပြီး… မိစ္ဆာတွေ သောင်းကျန်းနေတယ်လို့ ဆရာတော်ကို သတင်းပို့ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းလာတယ်... ဒါကြောင့် လုံဟိုင်ဆရာတော်က ဆရာတော်ကို ပြန်လာပြီး ကူညီပေးဖို့ တောင်းဆိုနေပါတယ်... မဟုတ်ရင် မိစ္ဆာမျိုးနွယ်တွေ သောင်းကျန်းပြီး ချန်အန်းမြို့တော် တစ်ခုလုံး ဒုက္ခရောက်ကုန်တော့မယ်တဲ့..."

"ချန်အန်းမြို့တော်ကို ပြန်ရမယ်..."

မြေပိုင်နတ်၏ စကားကို ကြားသောအခါ ကျန်းလျို၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာလေသည်။

မြေပိုင်နတ် ညဘက်ကြီး အရေးတကြီး တံခါးလာခေါက်ရခြင်းမှာ ဤကိစ္စအတွက် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သို့သော်... အစပိုင်းတွင် လန့်ဖြတ်သွားသည် ဆိုသော်ငြားလည်း ကျန်းလျိုသည် အလျင်အမြန်ပင် ဝမ်းသာသွားလေသည်။

သူ ထွက်လာခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ဤမိုင်တစ်သောင်းခရီးကိုသာ ဖြတ်သန်းရသေးသည်။ ယခု ပြန်သွားရမည်ဆိုလျှင် မူလ အစသို့ ပြန်သွားရမည် မဟုတ်ပါလော။

"ဒါက နည်းနည်းတော့ ခက်ခဲလိမ့်မယ်... မိုင်တစ်သောင်းလောက် ဝေးတဲ့နေရာကနေ အခု ပြန်သွားမယ်ဆိုရင်… ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး ခရီးနှင်ခဲ့ရတာတွေက အချည်းနှီး ဖြစ်မသွားဘူးလား..."

ရင်ထဲတွင် ဝမ်းသာလွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်နေသော်လည်း ကျန်းလျိုက ထိုအတွေးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည့်ဟန် ဆောင်လိုက်လေသည်။

ထို့နောက်တွင်တော့ ကျန်းလျိုက အချိန်မနှောင်းစေတော့ဘဲ ဖြောင့်မတ်မှန်ကန်သော ဟန်ဖြင့် ကြေညာလိုက်လေသည်။

"ချန်အန်းမြို့တော်က ပြည်သူတွေအတွက်… လောကကြီးတစ်ခုလုံးအတွက်ဆိုရင်... တစ်နှစ်ကျော် အချိန်တွေ အဟောသိကံ ဖြစ်သွားပါစေ… ငါ အစွမ်းကုန် ကြိုးစားပေးမယ်..."

"ဝူခုန်း… ပါကျဲ… နဂါးဖြူလေး... ထကြတော့… ငါတို့ အခုချက်ချင်း ထွက်ခွာရမယ်... ချန်အန်းမြို့တော်ကို ပြန်ကြမယ်..."

ကျန်းလျိုတွင် ငှက်မွေး မိစ္ဆာဓား ရှိသည်ဟု ဆိုသော်လည်း ထိုလက်နက်ကိရိယာ၏ ပျံသန်းမှု အမြန်နှုန်းသည် သူ၏ ကိုယ်ပိုင် ကျင့်စဉ်အဆင့်အပေါ်တွင်သာ မူတည်နေသည်။ သူ၏ အဆင့်မှာ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ၌သာ ရှိသေးသည်။ သူ၏ ပျံသန်းမှု အမြန်နှုန်းသည် ကောင်းကင်နတ်မင်းအဆင့် တွင်ရှိသော အောင်းလီနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

အောင်းလီကဲ့သို့ ထူးကဲလှသော စီးတော်ယာဉ် တစ်ခု၏ အထက်တွင် စီးနင်းနိုင်ပါလျက်နှင့် သူက အဘယ်ကြောင့် ကိုယ်တိုင် ပျံသန်းရမည်နည်း။

ဝရား...

နဂါးဟိန်းဟောက်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားပြီးနောက် နဂါးမြင်းဖြူ သည် နဂါးဖြူတစ်ကောင်အဖြစ် ပြန်လည်ပြောင်းလဲသွားကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားလေသည်။ ကျန်းလျိုသည် နဂါး၏ ကျောပေါ်တွင် ထိုင်လိုက်၏။ ထို့နောက် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။

ကျန်းလျိုနှင့် အတူ စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည်လည်း ကောင်းကင်သို့ ပျံတက်သွားကြပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီမှ လိုက်ပါသွားကြလေတော့သည်။

***

အပိုင်း(၄၂၂)

လရောင်အောက်တွင် ကျန်းလျိုတို့ အဖွဲ့သည် ချန်အန်းမြို့တော်ဆီသို့ အလျင်အမြန် ပျံသန်းသွားကြလေသည်။ ,အနည်းဆုံး ကောင်းကင်နတ်မင်းအဆင့် တွင် ရှိနေကြသော သူများအတွက် မိုင်တစ်သောင်း အကွာအဝေးဆိုသည်မှာ ဝေးကွာလှသည်ဟု မသတ်မှတ်နိုင်ချေ။

နတ်အဆင့် သို့ ရောက်ရှိပြီးနောက် တိမ်တိုက်များကို စီးနင်းကာ မြူခိုးများကို ထိန်းချုပ်နိုင်ပြီး "တောင်သုံးလုံး" နှင့် "တောင်ထွတ်ငါးခု" ကို ဖြတ်သန်းသွားလာနိုင်ရုံသာမက တစ်နေ့တည်းနှင့် "ရေကန်ငါးခုနှင့် သမုဒ္ဒရာလေးရပ်" ကိုပင် လှည့်လည်သွားလာနိုင်ပေသည်။

ထို့ကြောင့်... နဂါးမြင်းဖြူ၏ အမြင့်ဆုံး အမြန်နှုန်းဖြင့်ဆိုပါက မိုင်တစ်သောင်း အကွာအဝေးသည် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့လေသည်။

အထက်ကောင်းကင်ယံမှနေ၍ ကျန်းလျိုသည် ချန်အန်းမြို့တော်၏ အခြေအနေကို မြင်တွေ့နေရပြီဖြစ်ပြီး မဟာဗုဒ္ဓကျောင်းတော် အနီးရှိ ဗြောင်းဆန်နေသော တိုက်ပွဲကိုလည်း ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ သူ မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။ သူ့အတွက်တော့ မဟာဗုဒ္ဓကျောင်းတော်၏ အောက်ခြေမှ မိစ္ဆာသတ္တဝါများ အားလုံး အုံလုံးကျွတ် ထွက်လာကြသည်ဆိုသည်မှာ သူ့ဆီသို့ အတွေ့အကြုံမှတ် များ လာပို့ပေးနေခြင်းသာ မဟုတ်ပါလော…။

မဟာဗုဒ္ဓကျောင်းတော်တွင် ကောင်းကင်သခင် ခန်းမဆောင် နှင့် ကျောင်းတော်မှ ရဟန်းများသည် အတူတကွ ပူးပေါင်းထားကြလေရာ ကြီးမားသော ခွန်အားကို ပိုင်ဆိုင်သွားကြသော်လည်း မြေအောက်မှ မိစ္ဆာသတ္တဝါများသည် အဆုံးအစမရှိအောင် ထွက်ပေါ်နေပုံရလေသည်။ ဤသို့ မနားတမ်း ဝင်ရောက်တိုက်ခိုက်မှုများအောက်တွင် ကောင်းကင်သခင် ခန်းမဆောင်နှင့် မဟာဗုဒ္ဓကျောင်းတော်မှ လူများသည် လုံးဝကို အရေးနိမ့်နေကြပြီ ဖြစ်သည်။

မြေအောက် မိစ္ဆာဂူ ထဲမှ မိစ္ဆာသတ္တဝါများ သည် ပို၍ပို၍ ထွက်ပေါ်လာနေကြသည်။ သူတို့၏ ကာကွယ်ရေးခံစစ်များ ပြိုကွဲသွားရန်မှာ အချိန်မရွေး ဖြစ်လာနိုင်ချေရှိနေလေသည်။

"တကယ့်ကို ပြဿနာပဲ..."

မြေပိုင်နတ်ထံမှ အကူအညီတောင်းခံပြီးနောက် လုံဟိုင်ဆရာတော်သည် တိုက်ပွဲအတွင်း စောစီးစွာ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် မိစ္ဆာဂူ၏ ခံစစ်မျဉ်းများ ပြိုကွဲလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ဆရာတော်၏ ရင်ထဲတွင် ဘာမှမတတ်နိုင်သည့် ခံစားချက်ကို နာကျင်စွာ ခံစားနေရလေသည်။

မြေပိုင်နတ်က သူ့အား ရွှမ်ကျန်းကို ကူညီရှာဖွေပေးနေသည် ဆိုဦးတော့...။ ရွှမ်ကျန်း ထွက်ခွာသွားခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ ထိုကိုရင်လေး ပြန်ရောက်လာရန် အချိန်မည်မျှ ကြာဦးမည်နည်း။

အကယ်၍ သူ့ကို ယခုချက်ချင်း ပြန်ခေါ်လာနိုင်မည်ဆိုလျှင်တောင်မှ... ရွှမ်ကျန်း၏ ကျင့်စဉ်အဆင့်ဖြင့် သူက ဘာတွေများ လုပ်နိုင်မည်နည်း။

အကယ်၍ ရွှမ်ကျန်း အစွမ်းထက်လာမည့်အချိန်ကို စောင့်ရမည်ဆိုလျှင် သူ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် သို့ရောက်ရှိပြီး အကူအညီတစ်ခု ဖြစ်လာစေရန်အတွက် အနည်းဆုံး ဆယ်စုနှစ်တစ်ခု (သို့မဟုတ်) ဆယ်စုနှစ်ပေါင်းများစွာတိုင် ကျင့်ကြံရန် လိုအပ်ပေလိမ့်မည်။

ရွှမ်ကျန်းကို ရှာဖွေပြီး အကူအညီတောင်းခိုင်းရခြင်း၏ နောက်ကွယ်တွင် ရူလိုင်ဘုရား၌ မည်သို့သော နက်ရှိုင်းသည့် ရည်ရွယ်ချက်များ ရှိနေမည်ကို သူ အမှန်တကယ်ပင် သိချင်မိလေတော့သည်။

ဝရား...

ခံစစ်မျဉ်းများ ပြိုကွဲလုနီးပါးဖြစ်ကာ ဆက်လက်၍ မတောင့်ခံနိုင်တော့မည့်အချိန်တွင် ရုတ်တရက် ကောင်းကင်ယံမှ ကျယ်လောင်သော နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားသွားလေသည်။

အနောက်ဘက်ဆီမှ အလင်းဖြူတစ်တန်း ထွက်ပေါ်လာပြီး လူအများ၏ အကြည့်များအောက်တွင် နဂါးဖြူကြီးသည် မဟာဗုဒ္ဓကျောင်းတော်ဆီသို့ လျင်မြန်စွာ ထိုးဆင်းလာလေသည်။

"နဂါးကြီးပါလား..."

ကောင်းကင်မှ ဆင်းသက်လာသော နဂါးကြီးကို ကြည့်ရင်း မဟာဗုဒ္ဓကျောင်းတော်ရှိ လူအားလုံး တိတ်တဆိတ် လန့်ဖြတ်သွားကြလေသည်။

သာမန်လူများအတွက်တော့ နဂါးများဆိုသည်မှာ ဖီးနစ်ငှက်များ၊ ချီလင်ကဲ့သို့သော ဒဏ္ဍာရီထဲတွင်သာ ရှိသည့် နတ်သတ္တဝါများ ဖြစ်ကြပေသည်။

တာ့ထန် နန်းတော်တွင် ဧကရာဇ် လီရှစ်မင် သည်လည်း မဟာဗုဒ္ဓကျောင်းတော်၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ ဆင်းသက်လာသော နဂါးဖြူကို မြင်သောအခါ သူက စိုးရိမ်တကြီး ပြောလိုက်လေသည်။

"နဂါးတစ်ကောင်... တကယ်ပဲ နဂါးတစ်ကောင် ပေါ်လာတာလား... သူက မိတ်ဆွေလား ရန်သူလားဆိုတာတော့ မသိနိုင်သေးဘူး..."

"အရှင်မင်းကြီး..."

ယွမ်ထျန်းကန်းသည် လီရှစ်မင်၏ အနီးတွင် အစောင့်အရှောက်အဖြစ် ရှိနေလေသည်။ သူက ထိုအရပ်ဆီသို့ ခေတ္တမျှ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်ရုပ်သိမ်းကာ ပြောလိုက်လေသည်။

"အရှင်မင်းကြီး စိုးရိမ်တော်မမူပါနဲ့... ဒီနဂါးဖြူက ရန်သူမဟုတ်ဘဲ မိတ်ဆွေဆိုတာ ထင်ရှားပါတယ်... ဘာလို့လဲဆိုတော့ နဂါးဖြူရဲ့ ကျောပေါ်မှာ ထိုင်နေတဲ့ ရဟန်းပျိုလေးက တခြားသူမဟုတ်ဘဲ ရွှမ်ကျန်းဆရာတော် ဖြစ်နေလို့ပါပဲ..."

"ရွှမ်ကျန်း ဟုတ်လား..."

ယွမ်ထျန်းကန်း၏ စကားကို ကြားသောအခါ လီရှစ်မင်မှာ အနည်းငယ် အံ့အားသင့်သွားလေသည်။

"ညီတော် ပြန်ရောက်လာတာလား..."

"မှန်ပါတယ်... ဒီတာအိုဘုန်းကြီး အမြင်မမှားနိုင်ပါဘူး... ပြန်ရောက်လာတာက ရွှမ်ကျန်းဆရာတော် ပါ... ချန်အန်းမြို့တော်ကို အန္တရာယ်ကနေ ကယ်တင်ဖို့ ရောက်လာတာ ထင်ရှားပါတယ်..."

ယွမ်ထျန်းကန်းက ခေါင်းညိတ်လိုက်၏။ သူ၏ ရင်ထဲတွင် တိတ်တဆိတ် အံ့ဩနေမိလေသည်။ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်ကို စတင်ခဲ့သည်မှာ တစ်နှစ်ကျော်လေးသာ ရှိသေးသော်လည်း ယခုည ချန်အန်းမြို့တော် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင် သူက နဂါးဖြူတစ်ကောင်ကို စီးနင်းပြီး တကယ်ကြီး ပြန်ရောက်လာခဲ့သည်တဲ့လား…။

‘ဖြစ်နိုင်ပါ့မလား… တစ်နှစ်ကျော် အချိန်လေးအတွင်းမှာပဲ သူက အနောက်ကောင်းကင်ဘုံကို ရောက်သွားပြီး မြတ်စွာဘုရားနဲ့ ဗောဓိသတ်တွေဆီကနေ နတ်အဆင့်အတန်း ချီးမြှင့်ခံလိုက်ရပြီလား…’

လီရှစ်မင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ညီတော် ပြန်ရောက်လာပြီဆိုမှတော့ ငါကိုယ်တော်တိုင် သွားကြည့်ရမယ်..."

သို့သော်လည်း... ယွမ်ထျန်းကန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

"အရှင်မင်းကြီး... ရွှမ်ကျန်းဆရာတော် က ရိုသေလေးစားရတဲ့ အဆင့်အတန်းမှာ ရှိတယ်ဆိုပေမဲ့ သူရဲ့ ကျင့်စဉ်အဆင့်က မမြင့်မားသေးသလို အရမ်းလည်း ငယ်ရွယ်သေးတယ်... အရှင်မင်းကြီးရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး... ပညာရှိဆိုတာ ပြိုကျမယ့် နံရံအောက်မှာ မရပ်ပါဘူး... အခုအချိန်မှာ မဟာဗုဒ္ဓကျောင်းတော်က အန္တရာယ်အများဆုံး နေရာပါပဲ... အဲဒီကို မသွားဖို့ ဒီတာအိုဘုန်းကြီး တားပါရစေ..."

သို့သော်လည်း... လီရှစ်မင်က လက်ကာပြလိုက်ပြီး ကြောက်ရွံ့ခြင်းကင်းမဲ့သော အမူအရာဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ပြသလိုက်လေသည်။

"ရပါတယ်... ညီတော်က နဂါးဖြူကိုတောင် စီးပြီး ပြန်လာနိုင်တယ်ဆိုမှတော့ သာမန်လူတော့ မဖြစ်နိုင်တော့ဘူးလေ... ပြီးတော့ ငါ့ကို ကာကွယ်ပေးဖို့ မင်းလည်း ရှိနေတာပဲ မဟုတ်ဘူးလား..."

လီရှစ်မင် ဆုံးဖြတ်ချက် ချပြီးသွားသည်ကို မြင်သောအခါ ယွမ်ထျန်းကန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဘာမှမတတ်နိုင်သည့်ဟန်ဖြင့် ရင်ထဲမှ သက်ပြင်းချလိုက်ကာ လီရှစ်မင်အား ပြောလိုက်လေသည်။

"ဒီလိုဆိုမှတော့ ဒီတာအိုဘုန်းကြီးလည်း လိုက်ပါစောင့်ရှောက်ရမှာပေါ့..."

ဘာမှ မတတ်နိုင်ချေ…။ သွားသင့် မသွားသင့်ဆိုသည်ကို အကြံပေးရန်သာ သူ၏တာဝန်ဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်မှာ တာ့ထန် ဧကရာဇ်၏ လက်ထဲတွင်သာ ရှိပေသည်။

သူက သွားမည်ဟု ဆုံးဖြတ်ပြီးမှတော့ ယွမ်ထျန်းကန်း အနေဖြင့် လီရှစ်မင်၏ လုံခြုံရေးအား မည်သို့ သေချာစေရမည်ကိုသာ အာရုံစိုက် စဉ်းစားရတော့မည် ဖြစ်သည်။

ယွမ်ထျန်းကန်းက ဆက်လက်၍ မတားဆီးတော့သည်ကို မြင်သောအခါ လီရှစ်မင်က ခေါင်းညိတ်လိုက်လေသည်။ သူသည် အစောင့်အရှောက်များကို အများအပြား ခေါ်ဆောင်မသွားဘဲ ကျင့်စဉ်စွမ်းရည်ရှိသော ကျွမ်းကျင်သူ အနည်းငယ်ကိုသာ ရွေးချယ်ခေါ်ဆောင်၍ မဟာဗုဒ္ဓကျောင်းတော်ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

...

"လုံဟိုင်ဆရာတော်... ကျွန်တော် ရောက်လာတာ နောက်ကျသွားပြီလား..."

နဂါးဖြူ အောက်သို့ ထိုးဆင်းလာသည်နှင့်အတူ ကျန်းလျိုက ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး လုံဟိုင်ဆရာတော်အား လှမ်းမေးလိုက်လေသည်။

"မင်း... မင်းက ရွှမ်ကျန်းလား... မင်း... မင်းက နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကိုတောင် ရောက်နေပြီလား..."

မိမိ၏ ရှေ့တွင် ကျဆင်းလာသော ကျန်းလျိုကို စိုက်ကြည့်ရင်း လုံဟိုင်ဆရာတော်၏ မျက်နှာပေါ်တွင် သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား မယုံကြည်နိုင်သော အမူအရာများ ဖုံးလွှမ်းသွားလေသည်။

နောက်နေတာများလား…

တစ်နှစ်ကျော် အချိန်လေးအတွင်းမှာပဲ သွေးကြောပွင့်အဆင့် နဲ့ ဥပဒေသထိန်းချုပ်ခြင်းအဆင့် တွေကို တိုက်ရိုက် ကျော်ဖြတ်ပြီး နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကို ရောက်သွားပြီတဲ့လား…

ဝုန်း...

သို့သော် လုံဟိုင်ဆရာတော်နှင့် ကျန်းလျိုတို့ စကားမဆုံးမီမှာပင် ရုတ်တရက် အမည်းရောင် မီးတောက်မီးလျှံများ ဟုန်းကနဲ ထွက်ပေါ်လာလေသည်။

လွှမ်းမိုးနိုင်လွန်းလှသော စွမ်းအားပါသည့် ထိုမီးတောက်များသည် ယိုယွင်းနေပြီဖြစ်သော ခံစစ်မျဉ်းများကို အလွယ်တကူပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်အောင် များပြားလှသော မိစ္ဆာသတ္တဝါများသည် ဒီရေလှိုင်းကြီးတစ်ခုအလား အုံလုံးကျွတ် ထွက်ပေါ်လာကြလေတော့သည်။

"နောက်မှပဲ စကားဆက်ပြောကြတာပေါ့..."

ဤမြင်ကွင်းကို မြင်သောအခါ ကျန်းလျိုက ခေါင်းခါပြလိုက်ပြီး လုံဟိုင်ဆရာတော်အား ပြောလိုက်လေသည်။ စကားပြောရင်း သူ၏ နောက်ကျောဘက်ရှိ ငှက်မွေး မိစ္ဆာဓား ကို ဖြန့်ကျက်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသော ငှက်မွေးပုံသဏ္ဌာန် ပျံသန်းနိုင်သည့် ဓားမြှောင်များသည် ကျန်းလျို၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါကာ ထိုမိစ္ဆာသတ္တဝါများထံသို့ မိုးသည်းထန်စွာ ရွာသွန်းသည့်အလား လျင်မြန်စွာ ပစ်ခတ်သွားကြလေသည်။

အဆက်မပြတ် ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံများနှင့်အတူ မိစ္ဆာသတ္တဝါများ အမြောက်အမြား သေကျေ ဒဏ်ရာရသွားကြလေသည်။

ဝရား...

တစ်ချိန်တည်းတွင်ပင် ကျန်းလျိုက ပါးစပ်ကို ဟကာ ကျယ်လောင်သော နဂါးအသံကြီးတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ၎င်းမှာ ကောင်းကင်နဂါး ဓမ္မတေးသံ ၏ ကျွမ်းကျင်မှုစွမ်းရည် အကျိုးသက်ရောက်မှုပင် ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်များသည် မိစ္ဆာသတ္တဝါ အမြောက်အမြားကို ချက်ချင်း လွင့်စဉ်ထွက်သွားစေပြီး ကျန်းလျို၏ရှေ့တွင် အလွန် ကြီးကျယ်ခမ်းနားလှသော ဖျက်ဆီးခြင်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

ဗုဒ္ဓဓာတ်တော် ဥပဒေသ လက်စွပ်သည် မိမိအောက် အဆင့်နိမ့်သော သက်ရှိများ၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များကို ၂၀ ရာခိုင်နှုန်းအထိ အားနည်းသွားစေနိုင်သော လက်နက်ကိရိယာတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ကောင်းကင်နဂါး ဓမ္မတေးသံ၏ လွှမ်းမိုးမှုအောက်တွင် မိစ္ဆာစစ်သူကြီး အဆင့်အောက်ရှိ မိစ္ဆာသတ္တဝါများ အားလုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြလေတော့သည်။

ရွှီး...

လျှပ်စီးလက်သကဲ့သို့ အမြန်နှုနးနှင့် အတူ ဝံပုလွေခေါင်းနှင့် လူခန္ဓာ ရှိသော ဝံပုလွေမိစ္ဆာတစ်ကောင် ထွက်ပေါ်လာပြီး ကျန်းလျိုထံသို့ အလျင်အမြန် ပြေးဝင်လာလေသည်။ သူ၏ ထက်မြက်သော လက်သည်းများက အေးစက်သော အလင်းတန်းငါးခုအလား ကျန်းလျိုထံသို့ ကုတ်ဖဲ့ဝင်ရောက်လာလေသည်။

***

All Chapters